ကလေးငယ်တစ်ဦး သူ့နောက်ကြောင်းကံအတိုင်း ဖွားမြင်လာ၏။
၎င်းကို မွေးဖွားပေးရသူ မိခင်က သူ့သားပါ ဆို၏။ ဖခင်ကလည်း ငါ့သားပဲဆို၏။ သုံးပွင့်ဆိုင်သားလုပွဲ မည်သူသည် အမှန်ပဲနည်း။
တစ်ဖန် ထိုမိဘနှစ်ပါးတို့၏ နှစ်ဘက်မိဘများကလည်း -
အမိဘက် မိဘတို့ကလည်း ဒါ တို့မြေးကလေး ဆိုကြ၏။
အဖေဘက် မိဘတို့ကလည်း ဒါ တို့မြေးမှ တို့မြေးလေးအစစ် ဆိုကြ၏။
ပြိုင်လိုက်ကြသည့် သုံးပွင့်ဆိုင်ဗိုလ်လုပွဲ မည်သူသည် ဗိုလ်စွဲမည်နည်း။
သည့်အတူ အမိဘက်၊ အဖဘက်ရှိ ညီအစ်ကိုမောင်နှမများကလည်း တို့တူလေး၊ တို့တူကလေး၊ ဘေးမှနေ အရေးဆိုနေကြပြန်ပါ၏။
သို့နှင့် ထိုကလေး ကြီးပြင်း၊ စီးချင်းထိုးနိုင်သည်အထိ အရွယ်ရလာသောအခါ
မိမိဘက်က တဏှာ၊ မာန၊ ဒိဋ္ဌိ သုံးဦးစုံ လက်ကုန်ပေါင်းစည်းပေးလျက်က
သူ့ဘက်ကလည်း သူ့ရှိတဏှာ၊ မာန၊ ဒိဋ္ဌိစုံ အကုန်တပ်လှန်ပေးလျက်က
သူ့ငါပိုင်၊ ငါ့သူပိုင်ရေး ကြိုးစားကြရာ လင့်အဖြစ်၊ မယားအဖြစ် ပိုင်ခွင့်၊ ကိုင်ခွင့် ရသွားကြတော့၏။ ထိုအခါ -
ယောက်ျားသားသည်လည်း သူတစ်ပါး သမီး၊ သူတစ်ပါး မြေး၊ သူတစ်ပါး တူမလေးကို ငါ့မယားဟူ၍ ကြွေးကြော်လိုက်ပြန်ပြီ။ ထိုစကား အမှန်ပေပဲလား။
မိန်းမသားကလည်း ထိုနည်းမခြားပင်၊ ငါ့လင်ဟူ၍ ပြောဆိုနေပါပြီ။ ထိုစကား သုံးပွင့်ဆိုင်စကား ထားနှင့်၊ နိယာမတို့အကြား အမှန်ပေပဲလား။
မင်္ဂလာအကျွေးအမွေးတို့ဖြင့် အသိမှတ်ပြုပေးထားကြသော ပရိသတ်များကလည်း ထိုနေ့မှစ၍ မဘယ်သူ့ယောက်ျားလေး ကိုအ၀ှာရဲက မိန်းမလေ ထင်ကြေးပေးကြပြန်ပါ၏။ ထိုထင်ကြေးစကားများလည်း အမှန်ပဲလား။
ထိုအကြားမှပင် ၎င်းတို့ နှစ်ဦးနှစ်ဖက်ရှိ မိဘဘိုးဘွား၊ ညီအစ်ကို မောင်နှမများကလည်း -
သားရေ-လူလေး၊ ဟဲ့သမီး၊ လုံမ ခေါ်နေကြတုန်း။
ငါ့မြေး၊ လူလေး၊ ဟဲ့မြေးမ အချီအချ စကားစမပြတ်ကြ။
သည့်အတူ ငါ့တူ၊ ငါ့တူမ၊ ငါ့အစ်ကို၊ ငါ့မောင်ကတစ်ဖက်၊ ငါ့အစ်မ၊ ငါ့ညီမက တစ်ဖက် ဆက်၍ဆက်၍ ခေါ်နေကြမြဲ။
ထိုသား၊ သမီး၊ မြေး၊ တူ၊ အစ်ကို၊ မောင်ဟူသော လုပွဲမှသည် ငါ့လင်၊ ငါ့မယားအထိသော သုံးပွင့်ဆိုင် အနိုင်လုပွဲ မည်သူသည် ဗိုလ်စွဲမည်နည်း၊ အကဲဖြတ်ကြပါလေကုန်။ မည်သူ့စကား အမှန်ထားရမည်နည်း။ နားစိုက်ထောင်ကြပါလေကုန်။
တစ်ဖန် သည်လည် သည်မယား၊ သည်လောက်များဖြင့် မပြီးသေး၊
၎င်းတို့နှစ်ဦးအကြားမှပင် ဟောသားလေး၊ ဟောသမီးလေး မွေးဖွားပေးကြရဦးမည်၊ တစ်ယောက်နှစ်ယောက် နောက် ဒါဇင်လောက်အထိပင်။
ထိုကလေးများ စကားပြောတတ်လာသောအခါ -
(က) ထိုကလေးများက ၎င်းတို့ကို ဖေဖေ၊ မေမေ ခေါ်ကြလေကုန်၏။ တစ်ဖန် မိဘများကလည်း ၎င်းတို့ကို သားရေ၊ သမီးရေ ခေါ်ကြလေကုန်၏။ ထိုနှစ်တွဲ ဘယ်အတွဲ ဗိုလ်စွဲမည်နည်း။
(ခ) တစ်ဖန် ထိုကလေးများ၏ သားသမီးများက ၎င်းတို့ကို ဘိုးဘိုးဘွားဘွား ခေါ်ကြလေကုန်၏။ အထက်မိဘများကလည်း ၎င်းတို့ကိုပင် ငါ့မြေး၊ ငါ့မြေး ခေါ်နေကြလေကုန်၏။
ထိုနှစ်တွဲလည်း ဘယ်အတွဲ ဗိုလ်စွဲမည်နည်း။
ဤသို့လျှင် အထက်နှင့် အောက်အားဖြင့်လည်းကောင်း၊ ဘေးပတ်ပတ်လည်ဝိုင်း အားဖြင့်လည်းကောင်း၊ သုံးပွင့်ဆိုင် အချင်းချင်း အနိုင်လုရင်း အချင်းများနေကြလေရာ -
၎င်းတို့မျက်စိအောက်မှာပင် -
ကာယကံရှင်နှစ်ဦးကား သူ့ကံ သူစု၊ သူ့အမူ သူဆောင်၊ သူ့အကောင် သူထိန်းလျက်က တစ်ဇာတ်သိမ်းသွားရှာကြရသည်ချည်းသာ။
ထိုအခါကျလေမှသာ -
မည်သူ နိုင်သနည်း၊ မည်သူ့စကား အမှန်နည်းဆိုသော မေးခွန်းနှစ်ခုတို့၏ အဖြေမှန် ဧကန်ထွက်ပေါ်လာပါလိမ့်မည်။ ထိုသုံးပွင့်ဆိုင် အပြိုင်အဆိုင်ပွဲကြီးလည်း ပြီးစီးသွားပါလိမ့်မည်။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment