ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 11 March 2013

သေချိန်မသိတဲ့ဘ၀ ပျော်နေလို့ဖြစ်ပါ့မလား

အချိန်အားဖြင့် မြတ်စွာဘုရား ရာဇဂြိုဟ်မြို့၊ တပေါဒါရုံ ကျောင်းတိုက်မှာ သီတင်းသုံးတော်မူနေတဲ့အချိန်။

တပေါဒါရုံကျောင်းတိုက်ဆိုတာက တပေါဒါမြစ်ရဲ့ အနီးအနားမှာ တည်ထားတဲ့ ကျောင်းတိုက်ပါ။ အဲဒီ တပေါဒါမြစ်ရဲ့ ထူးခြားချက်တစ်ခုက တပေါဒါမြစ်ရေတွေဟာ ပူပြီးတော့နေတယ်။


ဘာ့ကြောင့် တပေါဒါမြစ်ရေတွေ ပူနေရသလဲဆိုရင် ရာဇဂြိုဟ်မြို့ကို ၀န်းရံထားတဲ့ တောင်ကြီးငါးလုံးထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ဝေဘာရတောင်ရဲ့ အောက်မှာ နဂါးပြည်ရှိတယ်။ အဲဒီ နဂါးပြည်က နဂါးတွေ မြူးထူးပျော်ပါးကစားကြတဲ့ ရေအိုင်ကြီးကနေ အဲဒီ တပေါဒါမြစ် စတင်ပြီးတော့ စီးဆင်းလာတယ်။ လမ်းခရီးမှာ လောဟကုမ္ဘီငရဲကြီးနှစ်ခုရဲ့ ကြားကနေ ဖြတ်သန်းပြီးတော့ စီးဆင်းလာတယ်။

လောဟကုမ္ဘီငရဲဆိုတာက အလျှံတပြောင်ပြောင် တောက်လောင်နေတဲ့ သံပူအိုးကြီးတွေထဲက ကျိုက်ကျိုက်ဆူနေတဲ့ သံရေပူတွေထဲမှာ ငရဲသူ၊ ငရဲသားများ မြုပ်လိုက်ပေါ်လိုက်၊ မြုပ်လိုက်ပေါ်လိုက်နဲ့ ဆင်းရဲဒုက္ခ ခံစားကြရတဲ့ ငရဲကြီးပါ။

အိုးရဲ့အ၀ကနေ အောက်ကို မြုပ်သွားလိုက်တာ အိုးရဲ့ အောက်ခြေကြမ်းပြင်ကို ရောက်ဖို့အတွက် နှစ်ပေါင်းသုံးသောင်းကြာတယ်။ အိုးရဲ့ အောက်ခြေကြမ်းပြင်ကနေ အိုးရဲ့အ၀ကို ပြန်ရောက်ဖို့ အပေါ်ပြန်တက်လာတာ နှစ်ပေါင်းသုံးသောင်းကြာတယ်။

အဲဒီလိုအားဖြင့် နဂါးပြည်ရေအိုင်ကနေ မြစ်ဖျားခံပြီး လောဟကုမ္ဘီငရဲကြီးနှစ်ခုရဲ့ ကြားကနေ ဖြတ်သန်းစီးဆင်းလာတဲ့အတွက်ကြောင့် တပေါဒါမြစ်ရေတွေဟာ ပူနေရခြင်းဖြစ်တယ်။

အဲဒီတပေါဒါမြစ်ရဲ့ အနီးမှာတည်ထားတဲ့ တပေါဒါရုံကျောင်းတိုက်မှာ မြတ်စွာဘုရား သီတင်းသုံးနေတော်မူတဲ့အချိန်။

တပေါဒါရုံကျောင်းတိုက်က “အရှင်သမိဒ္ဓိ”လို့ခေါ်တဲ့ ရဟန်းတော်လေးတစ်ပါးဟာ တစ်ခုသောမနက်မှာ အိပ်ရာက စောစောထပြီးတော့ စင်္ကြံကမ္မဋ္ဌာန်း ရူမှတ်ပွာများပြီးတော့နေတယ်။

အတောင်ခြောက်ဆယ်လောက်ရှိတဲ့ စင်္ကြံလမ်းမှာ ခေါက်တုံ့ခေါက်ပြန် စင်္ကြံလျှောက်ပြီးတော့ နံနက်အာရုဏ်တက်တဲ့ အချိန်လောက်မှာ တပေါဒါမြစ်ထဲ ဆင်းပြီးတော့ ရေချိုးတယ်။

ရေချိုးပြီးတော့ ကုန်းပေါ်ပြန်တက်လာတဲ့အခါမှာ သင်းပိုင်ကိုပဲ ၀တ်ပြီးတော့ ဧကသီကိုတော့ မ၀တ်သေးဘဲ လက်တစ်ဖက်နဲ့ ကိုင်ထားတယ်။ အပေါ်ပိုင်းခန္ဓာကိုယ်မှာ စိုနေတဲ့ ရေတွေ ခြောက်သွားအောင်ဆိုတဲ့သဘောမျိုးနဲ့ မတ်တပ်ရပ် အခြောက်ခံနေတာပါ။

ခန္ဓာကိုယ်အစိုကြီးနဲ့ သင်္ကန်းဝတ်လိုက်မယ်၊ အ၀တ်ဝတ်လိုက်မယ်ဆိုရင် အဲဒီသင်္ကန်း၊ အဲဒီအ၀တ်တွေဟာ အနံ့အသက်လည်း မကောင်းဘူး။ ညစ်လည်း ညစ်နွမ်းလွယ်တယ်။ ရဟန်းတစ်ပါးအနေနဲ့ ၀ိနည်းအပြစ်လည်း သင့်တယ်။

ဒါကြောင့် ခန္ဓာကိုယ်အထက်ပိုင်းမှာ စိုနေတဲ့ရေတွေ ခြောက်သွားအောင် အခြောက်ခံတဲ့အနေနဲ့ ဧကသီကို မ၀တ်သေးဘဲ လက်တစ်ဖက်က ကိုင်ပြီး မတ်တပ်ရပ်နေတယ်။ အဲဒီလို ရပ်နေတာကို နတ်သမီးတစ်ယောက်က မြင်တော့ အရှင်သမိဒ္ဓိရဲ့ အပေါ်မှာ ချစ်ခင်နှစ်သက် တပ်မက်တဲ့စိတ်တွေ ဖြစ်တယ်။

အရှင်သမိဒ္ဓိဆိုတာက ခန္ဓာကိုယ်အချိုးအစား ကျနပြီးတော့ ရုပ်ဆင်းဥပဓိ အင်မတန်ချောမောတင့်တယ်တဲ့ ရဟန်းတော် ဖြစ်တယ်။ ပင်ကိုက ချောမောတင့်တယ်ရတဲ့ အထဲမှာ တရားရူမှတ်ပွားများပြီးကာစလည်းဖြစ်တော့ တရားရဲ့ အရှိန်အ၀ါနဲ့ ရုပ်အဆင်းက အထူးတောက်ပနေတယ်။ ရေချိုးပြီးစလည်းဖြစ်တော့ ခန္ဓာကိုယ်သန့်စင်ပြီး အထူးကြည်လင်နေတယ်။

ခန္ဓာကိုယ်အထက်ပိုင်းကလည်း ဧကသီမကပ်ဘဲ ဗလာကျင်းထားတဲ့အတွက်ကြောင့် ယောက်ျားတစ်ယောက်ရဲ့ ပင်ကိုအလှတွေဟာ ထင်ထင်ရှားရှား ပေါ်လွင်နေတယ်။

အဲဒီလို လှချင်တိုင်းလှ တောက်ပချင်တိုင်းတောက်ပနေတဲ့ ကျက်သရေပိုင်ရှင် အရှင်သမိဒ္ဓိကို မြင်တော့ ချစ်ခင်နှစ်သက် တပ်မက်တဲ့စိတ်တွေ ဖြစ်တယ်။

ရဟန်းတစ်ပါးကို မြင်မြင်ချင်း ချစ်မိတဲ့ နတ်သမီးဟာ ရင်ထဲက အချစ်စိတ်ကို မျိုသိပ်မထားနိုင်တဲ့အတွက်ကြောင့် ကောင်းကင်ကနေ မတ်တပ်ရပ်ပြီး အရှင်သမိဒ္ဓိကို စကားတစ်ခွန်း လှမ်းပြောလိုက်တယ်။

“အို… ချစ်သောရဟန်း…

“အသင်ဟာ အသက်အားဖြင့်လည်း အင်မတန် ငယ်ပါသေးတယ်။ အရွယ်အားဖြင့်လည်း အင်မတန် နုပျိုပါသေးတယ်။ ရုပ်ဆင်း ဥပဓိအားဖြင့်လည်း အင်မတန် ချောမောတင့်တယ် လှပါတယ်။ ခန္ဓာကိုယ်သွေးသား အင်အားတွေပြည့်ဝပြီး ကျန်းမာသန်စွမ်းနေပါတယ်”။

“ဒီလိုအချိန်မျိုးမှာ လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေကို မခံစားဘဲနဲ့ ဘာဖြစ်လို့ ရဟန်းတရား ပွားများအားထုတ်နေရတာလဲ။ အခုလို ငယ်တုန်းရွယ်တုန်း၊ သန်တုန်းမြန်တုန်းမှာ လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေကို မခံစားဘဲ ရဟန်းတရား ပွားများအားဖုတ်မူ မပြုသင့်ပါဘူး”။

“လောကီအာရုံ ကာမဂုဏ်ချမ်းသာဆိုတာ ငယ်တုန်းရွယ်တုန်း ခံစားမှ ကောင်းတာ။ သင်ကမခံစားဘဲ ရဟန်းတရား ပွားများအားထုတ်နေတော့ ကာမဂုဏ်ချမ်းသာ ခံစားရမယ့် အချိန်ကောင်း၊ အခွင့်ကောင်းကြီးကို သင်လက်လွတ်ဆုံးရူံးသွားမှာပေါ့”။

“အခွင့်ကောင်းကိုတော့ လက်မလွှတ်လိုက်စမ်းပါနဲ့။ ငယ်တုန်းရွယ်တုန်းမှာ လောကီအာရုံကာမဂုဏ်ချမ်းသာတွေကို အားရပါးရ၊ ပြည့်ပြည့်၀၀ ခံစားပြီးတော့ အသက်ကြီးတဲ့အချိန်ကျမှပဲ ရဟန်းတရား ပွားများအားထုတ်စမ်းပါ။

တမလွန်ဘ၀ ကောင်းရာကောင်းကြောင်းအတွက် ရဟန်းတရား ပွားများအားထုတ်တယ်ဆိုတာ အသက်ကြီးမှ အားထုတ်တာပဲ ကောင်းပါတယ်။”

အဲဒီလို နတ်သမီးကပြောတော့ အရှင်သမိဒ္ဓိက ခုလို ပြန်ပြီး မိန့်ကြားတော်မူပါတယ်။

ကာလံ ဝေါဟံ န ဇာနာမိ၊
ဆန္နော ကာလော န ဒိဿတိ။
တသ္မာ အဘုတွာ ဘိက္ခာမိ၊
မာ မံ ကာလော ဥပစ္စဂါ။

“နတ်သမီး သင်က ငါ့ကို အသက်အားဖြင့် ငယ်သေးလို့၊ အရွယ်အားဖြင့် နုပျိုသေးလို့ ရဟန်းတရားပွားများအားထုတ်မူ မပြုပါနဲ့ဦး၊ လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေကို ခံစားပါဦးလို့ ပြောတယ်။ အသက်ကြီးမှပဲ ရဟန်းတရားကို ပွားများအားထုတ်ပါလို့ ပြောတယ်။”

“ဒါပေမဲ့ ငါကတော့ သေရမယ့်အချိန်ကို ကြိုတင်ပြီးတော့ မသိပါဘူး။ အသက်ကြီးမှပဲ သေရမယ်။ အသက်ငယ်တုန်းတော့ မသေသေးဘူးလို့ ငါသေရမယ့်အချိန်ကို အဲ့ဒီလိုခန့်မှန်းလို့ မရပါဘူး”။

“အသက်ကြီးမှပဲ တရားအားထုတ်တော့မယ်၊ အသက်ငယ်တုန်းတော့ ကာမဂုဏ်အာရုံ ခံစားဦးမယ်လို့ ရည်မှန်းထားပေမယ့် အသက်ကြီးတဲ့အထိ ငါက အသက်မရှင်ရဘဲ အသက်ငယ်တုန်းများ သေသဓွားခဲ့ရင် ရဟန်းတရားပွားများအားထုတ်ရမယ့် အချိန်ကောင်း၊ အခွင့်ကောင်းကြီးကို ငါ လက်လွှတ်ဆုံးရူံးသွားမှာပေါ့”။

“အချိန်ကောင်း၊ အခွင့်ကောင်းကြဓီးတော့ ငါ လက်လွတ်ဆုံးရူံး မခံနိုင်ဘူး၊ အချိန်ကောင်း၊ အခွင့်ကောင်းကို ငါလုံးဝ လက်မလွှတ်ဘူးဆိုတဲ့စိတ်နဲ့ ငါ ရဟန်းတရား ပွားများအားထုတ်မူ ပြုနေရခြင်းဖြစ်ပါတယ်။ လောကီအာရုံကာမဂုဏ် ချမ်းသာတွေကို မခံစားတော့ဘဲ ရဟန်းတရား ပွားများအားထုတ်နေခြင်း ဖြစ်ပါတယ်”။

အရှင်သမိဒ္ဓိရဲ့ ဖြေကြားချက်ကို ကောက်ချက်ချကြည့်လိုက်မယ်ဆိုရင် -

(၁) အရှင်သမိဒ္ဓိဟာ သေခြင်းတရားကို အမြဲမပြတ် ဆင်ခြင်နေတယ်။ သေခြင်းတရားကို အမြဲမပြတ် သတိရနေတယ်။ အချိန်မရွေး သေသွားနိုင်တယ်ဆိုတဲ့အသိ အရှင်သမိဒ္ဓိရဲ့ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲ ရှိနေတယ်ဆိုတာကို ကောက်ချက်ချလို့ရတယ်။

(၂) သေခြင်းတရားကို ဆင်ခြင်ပွားများမူဟာ ရဟန်းတရား ပွားများအားထုတ်မူကို အင်အားကြီးမားစွာနဲ့ အထောက်အကူပြုတယ်ဆိုတာကို ကောက်ချက်ချလို့ရတယ်။

ရဟန်းတရား ပွားများအားထုတ်တယ်ဆိုတာကတော့ အဓိကအားဖြင့် ၀ိပဿနာအလုပ် အားထုတ်ခြင်းပါပဲ။

သီလ၊ သမာဓိကို အခြေခံပြီးတော့ ၀ိပဿနာအလုပ် အားထုတ်တာကိုပဲ ရဟန်းတရား ပွားများအားထုတ်တယ်လို့ ခေါ်ပါတယ်။

ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment