ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 1 March 2013

အခုမှ မသေ နောင်လည်း မသေစေရပါ

ထိုလူသား မည်သည့်အာရုံ ခံစား၊ ခံစား -

တစ်ဘက်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သာမန်ဖြစ်စေ၊ ထိုထိုအာရုံ ခံစားရာအကြား၊ မမေ့ခြင်းသတိ သွင်းပေးထားပြီး ဖြစ်ရကား -

(က) မိမိက အကောင်းထင်အကြိုက်တွေ့မျိုးလည်း မရှိ၊


(ခ) မိမိက အဆိုးထင် အကြိုက်မတွေ့ပုံမျိုးလည်း မဟုတ်၊

(ဂ) မိမိက တစ်မျိုးထင် ၀င်နေကျအတိုင်း လက်ခံသည်လည်းမဟုတ်၊ သို့ကြောင့် အထဲ အစွဲမခိုသာပြီ၊ ငါစွဲသူစွဲဟူသည် ဘက်ခွဲလည်း မ၀င်သာပြီ၊ ထိုအခါ …
လူဖြစ်လို့သာ လူသုံးအာရုံ ခံစားရပါသည်။

၁။ အမြင်ထိသော် မြင်သိပျောက်ဖြင့်သာ ခရီးတို့ သူ့တံခါးတွင်းဝယ် စင်းစင်းသေသွားတော့ပါပြီ။

၂။ အကြားထိသော် ကြားသိပျောက်ဖြင့်သာ ခရီးတိုအချိန်ပိုင်းအတွင်း စင်းစင်းသေသွားရပါပြီ။

သည့်အတူ နံလျှင်ကား နံသိပျောက်၊ စားရာ၌ ချိုသိပျောက်၊ ချဉ်သိပျောက် စသည်စသည် တွေ့မိ၊ ထိမိရာတိုင်းတို့၌ အနုထိ၊ အနုသိပျောက်၊ အကြမ်းထိ၊ အကြမ်းသိပျောက်မှသည် နွေးသိပျောက်၊ အေးသိပျောက်၊ လူပ်သိပျောက်မျှဖြင့် ဆုံးပါးသွားရပြီး အစွဲဟူ၍ မကျန်ခဲ့ပြီ။

တစ်ဖန် အာရုံတို့နှင့်ကား ပက်ပင်းမတိုးမိ။

တိုးမိထားပြီး အတိတ်လက်ကျန်အစွဲအတေးများကြောင့် အာရုံဟောင်းကို ပုံဖော်၍ ပေါင်းသောအားဖြင့် အတွေကအကြံ ရန်တစ်ပွဲဖြစ်ပေါ်လာလျှင်လည်း ကြံသိပျောက်ဖြင့်သာ ပွဲသိမ်းသွားရချေပြီ။

ထိုအခါ -

နေ့အတွေးများ ညတွေးရန် မရှိပြီ။

ညအတွေးများကလည်း နက်ဖြန်အရေး ဖော်ပေးရန် မရှိပြီ။

ထိုလူသား -

မည်သို့ပင် မဟာအ၀ီစိငရဲကြီးထဲ ဇောက်ထိုးကျရပါလို၏ဆိုစေ -

မည်သို့ပင် ဘုရားစူး မိုးကြိုးပစ်ရပါစေရဲ့ တောင့်တစေ -

ထိုအဆို၊ ထိုတောင့်တချက်များသည် ပါးစပ်တွင်းကလေးမျှသာ၊ ပါးစပ်ပြင်ပရောက် ပျောက်နူန်းအတိုင်း၊ ဆို-ဆိုသခိုက်ဖြင့်လမ်းစဆုံးစေတော့၏။ သည့်အတူ မည်သည့်အာရုံ ခံစား ခံစား၊ သုံးကား သုံး၏။ အစွဲသို့ မဆိုက်စေတော့ပြီ။

ထိုလူသား၊ သည်ဘ၀မှ သေလွန်သွားရသော် -

(၁) အကြိုက်မပေါ်တော့သော အာရုံမှန်ကြောင့် ပြိတ္တာစံဘ၀သို့ မရောက်တော့ပြီ။

(၂) အမုန်းမ၀င်တော့သော အာရုံမှန်အသွင်ကြောင့် ငရဲသို့လည်း မဆင်းရတော့ပါပြီ။

(၃) ကြက်သိ၊ ၀က်သိ အမှားသိ လုံးဝ မရှိတော့သောကြောင့် ကြက်ငှက်ဘ၀များသို့လည်း မသွားရတော့ပါပြီ။

ထိုလူသား သွားရန်လမ်းမှာ -

(က) ကိုယ်ပြီး၊ ကိုယ်ပိုင်ဒါနထုပ်၊ သီလထုပ်ကိုင်ပြီး နေနိုင်သည်ကတစ်ကြောင်း၊

(ခ) ပါရမီလမ်းစ အတိုးချ၍ ပြုလုပ်ခွင့်ရစေသည်ကတစ်ကြောင်း၊

(ဂ) အကောင်းအဆိုး၊ အကြောင်းအကျိုး ကိုယ်ပိုင်ဉာဏ်ဖြင့် သိပိုင်နိုင်သည်ကတစ်ကြောင်း၊

ထိုသုံးချက်တို့ကြောင့် မသေသောဘ၀များ သို့မဟုတ် ဘ၀ရှင်ဆိုရ၏။ သို့ကြောင့် -

မမေ့ခြင်းအကြောင်းသည် -

လက်ငင်း၌ လူမသေ၊ နောင်၌လည်း မသိဉာဏ် မသေခြင်းအကျိုးနှစ်မျိုးစလုံး ခံစားခွင့်ရစေရာ အထက်မှ အထက် အထက်သို့သာ တက်ခွင့်ရစေတော့၏။

လူမသေသော်မှ အသိဉာဏ် သေနေလျှင် လူသေသွားပြီ။

လူသေသော်မှလည်း အသိဉာဏ် မသေလျှင်ကား လူမသေပြီ။

ဤကား နောင်သံသရာ မသေပုံတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment