ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 5 March 2013

သင့်ရှေ့က ဘောလုံးပွဲလေးတစ်ပွဲ

အားကစားသမားတို့ ဘောလုံကစားကြရာ၌ -

တစ်ဖက်လျှင် အကန်ပြိုင် ဆယ်ယောက်ကျ၊ အဖမ်းပြိုင် တစ်ယောက်ကျစီ အညီအမျှ ပါဝင်ယှဉ်ပြိုင်ကြရမြဲ ဖြစ်၏။

ထိုပွဲ၌ အနိုင်အရူံး ဆုံးဖြတ်ပေးရန် -


စည်းကမ်း ဖောက်မဖောက် ဆုံးဖြတ်ပေးရန် -

ဒိုင်လူကြီးဟူသော အကဲဖြတ်သမားတစ်ဦးလည်း ထားပေးရ၏။

တစ်ဖန် ကွင်း၏ အစပ်ထောင့်လေးထောင့်တို့မှလည်း စည်းကျော်နှင့် အနိုင်အရူံး ကြေညာပေးရန် အစောင့်လေးဦးသည် ရှိစေရ၏။

ပွဲအစ ဘောလုံးကလေး ကွင်းလယ်ကျလာပြီ။

ဤဘက်အသင်း၏ အနီးအပါးကျ ဤဘက်အသင်းသားများ သူ့ခြေ၊ ကိုယ့်ခြေလေးများဖြင့် ကန်ကာ၊ တော့ကာ ကစားကွက် ဖန်ပေးကြလျက်က -

သူ့ခြေမှ ကိုယ့်ခြေသို့၊ ကိုယ့်ခြေမှ သူ့ခြေသို့ ထိုးပို့ကန်ယူစနစ်ဖြင့် အချိတ်အဆက် အပေးအယူထား ကစားကြလေကုန်၏။

ထိုအခါ ကျန်တစ်ဖက်အသင်းကား အလျည့်ရနိုး မျှော်ကိုးပြီး ဘေးမှ ပိုး၍၊ ပမ်း၍ ဘောလုံးလေးသွားရာလမ်းအတိုင်း တန်းစီလိုက်နေကြရပါကုန်၏။

ထိုစဉ် အပေးအယူ အချိန်အဆက်လုပ် ကစားနေသော ထိုအသင်းက အကွက်မိမိဖြင့် ထိုးဖောက်ကစားနေရာမှ တစ်ဖက်ဂိုးပေါက်တွင်း ကန်သွင်းပေးလိုက်ပြီ၊ ထိုဘောလုံးလေးသည် အနောက်ဘက် ဂိုးပေါက်တွင်း အပြင်းဝင်သွားရချေပြီ။

ရသွားပြီကော အနောက်ဘက်ပေါက်က ဂိုးတစ်ဂိုး၊

တစ်ဖန် တစ်ဖက်သင်းကလည်း အားကျမခံ မာနဖြင့် တက်အားကို ကျားကန်ပေးထားပြီး ကိုယ်ကျွမ်းရာ နည်းစနစ်သုံး၊ တစ်ဦးနှင့်တစ်ဦး အပေးယူလုပ်၊ တစ်ကွက်နှင့်တစ်ကွက် အချိန်ဆက် ဖော်လျက်က တစ်ဖက်နယ်သို့ တက်၍တက်၍ အားတက်သရော ကြိုးစားနေကြလေကုန်၏။

ထိုအခါမျိုးတို့၌ တစ်ဖက်သင်းကား ၀င်လုမိလျှင် အပြစ်ဒဏ်ဘော အပေးခံရမည်ကို ကြောက်ရွံ့ရကား ၎င်းတို့ ခြေကွက်ပျက်စောင့်ရင်းကလည်းကောင်း၊ ၎င်းတို့ ခြေကွက်အသန့်ဟန့်ရင်းကလည်းကောင်း၊ စောင့်ဆိုင်းလျက်ကသာ ပိုးပမ်းလိုက်နေကြရပါကုန်၏။

ထိုစဉ် အပေးအယူ အချိတ်အဆက်လုပ်ခွင့်ရ ထိုတစ်ဖက်သင်းကလည်း အရှေ့ဘက်ဂိုးပေါက်တွင်းသို့ အပြင်းဆောင့်ကန်သွင်းပို့ပေးလိုက်ရာ ဘောလုံးလေးခမျာ မှာလည်း အနောက်ပေါက်ဝင်ခဲ့ရာမှ အရှေ့ပေါက်ကိုလည်း တစ်လှည့် ၀င်ပေးရပြန်ပါပြီ။

ရသွားပြီကော၊ အရှေ့ပေါက်ဘက် တစ်ဂိုး။

ဤသို့ဖြင့် ဘောလုံးလေးသည် အရှေ့ နောက် တစ်ကြိမ်ကျစီ၊ ထို့နောက် အနောက်နှစ်ကြိမ်၊ ရှေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သုံးကြိမ် တစ်ပြန်စီတစ်လှည့်စီသော်လည်းကောင်း၊ အားသာရာ အပါလိုက်၊ လိုက်မိရာဝင် အားဖြင့်လည်းကောင်း၊ အချိန်ပြည့် မနားတမ်းလျှင် နှစ်ဖက်သင်းတို့၏ ခြေခွင်ကြား ပြေးရင်းလွှားရင်းက လူပ်ရှားပေးနေရပါ၏။

အချိန်စေ့ပြီ အချိန်စေ့ကြောင်း ဒိုင်ကလည်း ခရာမူတ်၍ အသံပေးလိုက်ပြီ၊ အစောင့်အားလုံးတို့ကလည်း အလံထောင်ကာ ရပ်တော့ဟူ၍ အချက်ပြနေကြပြီ။ နှစ်ဖက်သင်းတို့လည်း လက်လျှော့၍ အထဲဝင်သွားကြပြီ။ ထိုဘောလုံးကလေးကား ကွင်းဘေး အသက်နှင့်ဝေးဝေး တုံးလုံးလေးတည်း။

ထိုပွဲ အနိုင်အရူံးတို့ကို ဘောလုံးဂိုးဝင်ဖြင့်သာ ဆုံးဖြတ်ကြရ၏။

ထိုဘောလုံးသည်ပင် ဂိုးရသူအစစ် ဖြစ်ရ၏။

ထိုဂိုးများသည် ထိုဘောလုံး ဂိုးပေါက်ဝင်ရာ ထွက်ရာမှ ရေတွက်ရ၏။

သို့ဆိုသော် နှစ်ဖက်အသင်း ဘယ်အသင်းက နိုင်သနည်း။

ဆိုပါစို့၊ ဘောလုံး၏ ၀င်ရာထွက်ရာသည် အနောက်ဘက် သုံးကြိမ်၊ အရှေ့ဘက်နှစ်ကြိမ်ဖြစ်နေ၍ သုံးဂိုးနှစ်ဂိုး ပေါင်း ထိုငါးဂိုး၊ ထိုငါးဂိုးစလုံးပင် ဘောလုံးလေးတစ်လုံးတည်း၏ ၀င်မူထွက်မူချည်းသာ ဖြစ်ရကား။

မည်သည့်အသင်း သင် အနိုင်ပေးလိုသနည်း။

ဆုကား ခြေရှင်တို့ ယူကြပေလိမ့်မည်။ ထိုဘောလုံးက မယူတတ်၍ ယူပေးရပေလိမ့်မည်။ ထိုဆုသည်ကား ဘောလုံးကလေးအသွားများမူ ဆုသာတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment