ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 8 March 2013

ထိုသုံးချက် အချိတ်အအဆက် မိနေလျှင်

အထက်၌ဆိုခဲ့ပြီး -

ကိုယ့်ဘက်ကိုကြည့်၊ ကိုယ့်အရှိ စိတ်ဝင်စား၊ အမည်ကျော်လွှားဆိုသော ထိုသုံးချက်၊ အကွက်မိစေသော် -

(၁) သင့်စိတ်သည် သူဟူသော တစ်ဖက်အာရုံပေါ်မှာလည်း မနားတော့ပြီ။

(၂) သင့်စိတ်သည် ကိုယ်ဟူသော မိမိမျက်စိစသည့်အပါးလည်း မနားတော့ပြီ။


(၃) သင့်စိတ်သည် ထိုနှစ်ဖက်ကြားမှ ပေးထွက်လာသော ၀ိညာဉ်များ၌လည်း မနားတော့ပြီ။

ထိုသုံးချက် မည်သည့်အကြားမှ မနားတော့သော သင့်စိတ်၊ ဘာကိုမျှ မစွဲတော့ရကား မငြိပြီ။ မငြိတော့လျှင်ကား လွတ်မြောက်သွားပြီတည်း။

(က) ထို သင့်စိတ်သည် ယခင်က အတွေ့ကိုမေ့လျက်က ခံစားရာ၌ -

၁။ အာရုံပေါ် အမည်တင် ထိုအမည် ခင်နေခြင်းကြောင့်လည်း အစွဲပေါ်ခဲ့ရ၏။

၂။ အာရုံလိုင်း၏ဖြစ်စဉ် အမျှင်ကိုလျှင် လူထင်၊ ကြက်ထင် နေခြင်းကြောင့်လည်း အစွဲပေါ်ခဲ့၏။

၃။ အာရုံလိုင်း၏ အရိပ်မျှကို အပေါင်းအစု၊ အထုအထည်၊ ထင်မိရာမှလည်း အစွဲပေါ်ခဲ့၏။

၎။ အာရုံလိုင်း၏ ပုံးသဏ္ဌာန်ကိုပင် မိန်းမဟန်၊ ယောက်ျားဟန် ထင်မိရာမှလည်း အစွဲပေါ်ခဲ့၏။

ယနေ့ သင့်စိတ် ထိုအတွေ့ကို မမေ့သတိဖြင့် ခံစားကြည့်ရာ၌ကား လူဆိုသည်မှာ -

(က) နောက်ခံ ကံစိတ်အကြောင်းခံ တရားများကို လက်ကိုင်သုံး တောင်ဝှေးအရာထား စွဲလမ်းမူကိုကား တံတားအဖြစ် ထိုး၍

(ခ) လက်ရှိ ကံစိတ်ဥတုအာဟာရအကြောင်းတရားများကိုကား လက်တန်းပမာထား၍ ငံ့လင့်ကြိုဆိုထားရာ အကြားမှ ဖြစ်စဉ်အလိုက် ပြောင်းလဲဝင်လာသော ရုပ်ဖြစ်စဉ်၊ နာမ်ဖြစ်စဉ်မျှသာပါကလား။

အာရုံဆိုသည်မှာ -

ထိုဖြစ်စဉ်အတွင်းရှိ မတည့်သော ဓာတ်လေးမျိုးတို့ အချင်းချင်း တိုက်ခိုက်ကြရာမှ လွင့်စင်ထွက်ကျလာသော အရိပ်မျှသာပါကလား။

ဤသို့လျှင် အရှိကိုလျှင် အရှိအတိုင်း သင်ကိုယ်တိုင် သင့်ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်ပိုင်နိုင်နိုင် ကိုင်ကြည့်ကြည့်၍ ကိုင်သိ သိလာရပါမည်။

ထိုမှ ပင့်တက် ရှေ့သို့ဆက်သော် -

(က) အရိပ်ဆိုသည်မှာ အငွေ့မျှသာ ဖြစ်၏။ ထိုအငွေ့အသက်ဝင်လာရာမှ သက်ဝင်လူပ်ရှားလာသော ထိုအရိပ်လိုင်း အငွေ့သက်လေးများကိုပင် လူအမည် တပ်ထားရခြင်း ဖြစ်၏။ သို့ကြောင့် -

လူမရှိ၊ နွားမရှိ၊ ကျွဲမရှိ ဓာတ်ချင်းခတ်ကြရာမှ ပေါ်လာသော အရိပ်အငွေ့သာ ရှိ၏။ သည့်အတူ အင်ကြင်းပင် ကိုင်ကြည့်ရာ၌ အင်ကြင်းပင် မကိုင်မိ သူ့ရှိ ဓာတ်သဘာဝတို့၌ အနုအကြမ်းမျှကိုသာ ကိုင်မိ၊ ထိမိ တွေ့သိခွင့် ရ၏။

(ခ) ထိုအရိပ်အငွေ့များကလည်း -

လူကမထွက်၊ တိရစ္ဆာန် သက်ရှိသက်မဲ့များကလည်း မထွက်၊ ရှေးကံနှင့် နောက်ကံတို့ ပြုပြင်မူကြားမှ ပေါ်ထွက်လာသော ကံရုပ်၏ ကံရိပ်ကံလိုင်းများနှင့်တကွ စိတ်၏ အရိပ်လိုင်း၊ ဥတုရုပ်၏ အရိပ်လိုင်း၊ အာဟာရရုပ်၏ အရိပ်လိုင်းများသာ ထွက်ပြူနေကြ၏။ နေကြရကား -

၁။ ကံအရှိန် မသေသေးသမျှ ကံရုပ်ရှိ အရိပ်အငွေ့များလည်း မသေကြသေး။

၂။ စိတ်အရှိန် မသေသေးသမျှ စိတ်ရုပ်ရှိ အရိပ်အငွေ့များလည်း မသေကြသေး။

၃။ ဥတုအရှိန် မသေသေးသမျှ ဥတုရုပ်ရှိ အရိပ်အငွေ့များလည်း မသေကြသေး။

၎။ အာဟာရအရှိန် မသေသေးသမျှ အာဟာရရုပ်ရှိ အရိပ်အငွေ့များလည်း မသေကြသေး။

ထိုအရှိန်အခိုး လေးမျိုးတို့ ရှေ့နောက်ဆက်၍ အကွက်ဖော်ပေးနေသမျှ လူ့သဏ္ဌာန်၊ လူ့ဟန်ကွက်လည်း အကွက်ပေါ်နေဦးမည်။ ထိုဟန်ကိုကြည့်၍ စိတ်ကလိတိုင်း ရုပ်၊ ရုပ်ချင်း ထိနေခြင်းသည် တန်းပလက် မြင်းထင်ပြီးစီးသော ကလေးနှင့် ဘာမျှ မခြားပြီ။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment