ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 28 February 2011

၁၀။ နရဒသုတ်


အရှင်နာရဒမထေရ် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ နေတော်မူစဉ် မုဏ္ဍမင်း ချစ်ခင်မြတ်နိုးရသည့် ဘဒ္ဒါမိဖုရားသည် သေဆုံးသွားသည်၊ ချစ်ခင်မြတ်နိုးလှသော မိဖုရားဘဒ္ဒါ သေဆုံးသောကြောင့် မုဏ္ဍမင်းသည် ရေလည်း မချိုး၊ နံ့သာလည်း မလိမ်းကျံ၊ အစာလည်း မစားနိုင်၊ တိုင်းရေးပြည်မူကိစ္စများကိုလည်း မစီရင် မလုပ်ဆောင်၊ နေ့ရောညဉ့်ပါ မိဖုရားဘဒ္ဒါ၏ ခန္ဓာကိုယ်၌ လွန်စွာ တပ်မက်ခြင်းဖြင့် မိန်းမော တွေဝေနေသည်။

ထိုအခါ မုဏ္ဍမင်းသည် ရွှေတိုက်စိုး ပိယကကို ခေါ်၍ အမိန့်ပေးသည် -

“အဆွေ ပိယက ! ဘဒ္ဒါမိဖုရား၏ အလောင်းကို ဆီပြည့်သော သံခေါင်၌ ထည့်စိမ်၍ သံခေါင်းတစ်ခုဖြင့် ဖုံးအုပ်ထည့်ထားလျှင် မိဖုရား ဘဒ္ဒါ၏ အလောင်းကို ငါတို့ ကြာမြင့်စွာ ရူမြင်ရကုန်အံ့။”

ရွှေတိုက်စိုး ပိယကသည် ဤသို့ ကြံမိသည် -

“ဤမုဏ္ဍမင်းသည် မိဖုရားဘဒ္ဒါသေဆုံးသောကြောင့် ရေလည်းမချိုး၊ နံ့သာလည်း မလိမ်းကျံ၊ အစာလည်း မစားနိုင်၊ တိုင်းရေးပြည်မူ ကိစ္စများကိုလည်း မစီရင် မလုပ်ဆောင်၊ အမြဲတမ်း မိန်းမော တွေဝေနေသည်၊ မုဏ္ဍမင်း၏ သောကဆူးကို ပယ်ဖျာက်နိုင်လောက်အောင် တရားဟောနိုင်သည့် အဘယ် သမဏ, ဗြဟ္မဏသို့ ချဉ်းကပ်သင့်ပါသနည်း။”

ထို့နောက် ရွှေတိုက်စိုး ပိယက ဤသို့ စဉ်းစားမိပြန်သည် -

“ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ သီတင်းသုံးနေတော်မူသည့် အရှင်နာရဒမထေရ်သည် “ပညာရှိသည်၊ ကျွမ်းကျင်လိမ္မာသည် ထက်မြက်သော ဉာဏ်ရှိသည်၊ အကြားအမြင် များသည်၊ ဆန်းကြယ်စွာ ပြောဆိုတတ်သည်၊ ကောင်းသော ပဋိဘာန်ရှိသည်၊ အသက်သိက္ခာလည်း ကြီးသည်၊ ရဟန္တာလည်း ဖြစ်သည်” ဟု ကျော်စောသတင်း ထွက်သည်။

ထိုအရှင်နာရဒ မထေရ်ထံ ချဉ်းကပ်ပြီး တရားကို နာကြားရလျှင် မုဏ္ဍမင်း သောကဆူးကို ပယ်နူတ်နိုင်ကောင်း ပယ်နူတ်နိုင်ရာသည်။

ထိုအကြံကို မုဏ္ဍမင်းအား သွားရောက်သံတော်ဦးတင်သည်။ ထိုအခါ မုဏ္ဍမင်းက ဤသို့ မိန့်ဆိုလေသည်။

“အဆွေ ပိယက ! သို့ဖြစ်လျှင် အရှင်ရဒမထေရ်ကို ကြိုတင်လျှောက်ကြား သိစေပါလော့၊ တို့က ဘုရင်ဖြစ်တယ်ဆိုပြီး ကြိုတင် အသိမပေးဘဲ ကိုယ့်နိုင်ငံနေ, ဗြဟ္မဏတို့ထံ ချဉ်းကပ်ခြင်းငှါ မသင့်တော်ပေဘူး။”

“မင်းမြတ် ! ကောင်းပါပြီ” ဟု ရွှေတိုက်စိုး ပိယကသည် မုဏ္ဍမင်း၏ စကားကို လက်ခံ၍ အရှင်နာရဒမထေရ်ထံ ချဉ်းကပ်ကာ ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် ဤသို့ လျှောက်ထားသည် -

“အရှင်ဘုရား ! ဤမုဏ္ဍမင်းသည် ချစ်ခင်မြတ်နိုးအပ်သော မိဖုရားဘဒ္ဒါ သေဆုံး သောကြောင့် ရေလည် မချိုး၊ နံ့သာလည်း မလိမ်းကျံ၊ အစာလည်း မစားနိုင်၊ တိုင်းရေးပြည်မူ ကိစ္စများကိုလည်း မစီရင် မလုပ်ဆောင်၊ နေ့ရောညဉ့်ပါ မိဖုရားဘဒ္ဒါ၏ ခန္ဓာကိုယ်၌ လွန်စွာ တပ်မက်ခြင်းဖြင့် မိန်းမော တွေဝေနေပါသည်။

အရှင်ဘုရား ! တောင်းပန်ပါသည်။ မုဏ္ဍမင်းအတွက် သောကဆူး ပယ်နူတ်ကြောင်း တရားတော်ကို ဟောတော်မူပေးပါဘုရား။”

“ပိယက ! တရားနာရန်မှာ မုဏ္ဍမင်း၏ အလိုအတိုင်းပင်ဖြစ်သည်”။

ရွှေတိုက်စိုး ပိယကသည် နေရာမှထ၍ အရှင်နာရဒကို ရှိခိုး အရိုအသေပြုကာ ပြန်လာခဲ့သည်။

ထို့နေက် မုဏ္ဍမင်းထံ ချဉ်းကပ်ပြီး ဤသို့ သံတော်ဦးတင်သည် -

“မင်းမြတ် ! အရှင်နာရဒမထေရ် ခွင့်ပြုအပ်ပါပြီ၊ တရားနာရဟန်းမှာ အရှင်မင်းမြတ်၏ အလိုအတိုင်းပင် ဖြစ်ပါသည်။”

“အဆွေ ပိယက! သို့ဖြစ်လျှင် အလွန်ကောင်းသော ယာဉ်ရထားတို့ကို ပြင်ဆင်လော့။”

ရွှေတိုက်စိုး ပိယကသည် မုဏ္ဍမင်း၏ စကားကို ၀န်ခံကာ အလွန်ကောင်းသော ယာဉ်ရထားတို့ကို ပြင်ဆင်၍ မုဏ္ဍမင်းအား ပြန်လျှောက်သည် -

“မင်းမြတ် ! အလွန်ကောင်းသော ယာဉ်ရထားတို့ကို ပြင်ဆင်ပြီးပါပြီ၊ သွားရန်မှာ အရှင်မင်းမြတ်၏ အလိုအတိုင်း ဖြစ်ပါသည်။”

မုဏ္ဍမင်းသည် ယာဉ်ကို တက်စီး၍ အရှင်နာရဒမထေရ်ကို ဖူးမြော်ရန် ကြီးကျယ်ခမ်းနားသော ဘုရင့်ကျက်သရေဖြင့် ကုက္ကုဋာရုံကျောင်းတိုက်သို့ ကြွသွားတော်မူသည်။

ယာဉ်သွားနိုင်သည့် အရပ်တိုင်အောင် ယာဉ်ဖြင့် သွားပြီး ယာဉ်မှ ဆင်းသက်ပြီးသော် ကျောင်းတိုက်သို့ ၀င်လေသည်။

အရှင်နာရဒမထေရ်သည် မုဏ္ဍမင်းအား ဤသို့ မိန့်ကြားတော်မူသည် -

မင်းကြီး ! လောက၌ သမဏ, ဗြဟ္မဏ, နတ်, မာရ်, ဗြဟ္မာ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာ ၅-မျိုးမှာ -
(စသည်ဖြင့် အလဗ္ဘနီယ ဋ္ဌာနသုတ်အတိုင်း မှတ်လေ)

ယင်းသို့ ဟောကြားသောအခါ မုဏ္ဍမင်းက ဤသို့ လျှောက်ထားလေသည် -

“အရှင်ဘုရား ! ဤတရားဒေသနာသည် အဘယ်အမည်ရှိပါသနည်း?။”

“ဤတရားဒေသနာသည် သောကဆူးကို ပယ်နူတ်ကြောင်းဖြစ်၍ သောကသလ္လ ပဟရဏ မည်သည်။”

“အရှင်ဘုရား ! သောကဆူးကို ပယ်နူတ်တတ်သည်မှာ တကယ်မှန်ပါပေသည်၊ အကျွန်ုပ်သည် ဤတရားတော်ကို ကြားနာရ၍ သောကဆူးကို ပယ်နူတ်ပြီးပါပြီ။”

ထို့နောက် မုဏ္ဍမင်းသည် ရွှေတိုက်စိုး ပိယကကို ခေါ်၍ ဤသို့ မိန့်ဆိုလေသည် -

“အဆွေ ပိယက ! ငါ့မှာ သောကကင်းပြီဖြစ်သောကြောင့် မိဖုရားဘဒ္ဒါ၏ အလောင်းကို မီးသင်္ဂြိုလ်လော့၊ ထိုမိဖုရား၏ အရိုးပြာကို ဂူဗိမာန် တည်ထားလေလော့၊ ယနေ့မှစ၍ ငါတို့သည် ရေလည်း ချိုးကြမည်၊ နံ့သာလည်း လိမ်းကျံကြမည်၊ အစာလည်း စားကြမည်၊ တိုင်းရေးပြည်မူတို့ကိုလည်း စီရင်လုပ်ဆောင်ကြမည်။”

ဒသမသုတ် ပြီး၏။

၅-ခုမြောက် မုဏ္ဍရာဇ၀ဂ် ပြီးပြီ။

ပထမ သုတ် ၅၀- ပြီးပြီ။

၉။ ကောသလသုတ်


မြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတ၀န်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားထံ သွားရောက်ဖူးမြော်ကာ သင့်တင့်သော နေရာ၌ ထိုင်နေသည်။

ထိုအခါ မလ္လိကာမိဖုရား သေဆုံးသွားသဖြင် မင်းချင်းယောက်ျားသည် ပသေနဒီ ကောသလမင်းကြီးထံ ချဉ်းကပ်ကာ မင်းကြီး၏ နားရင်းသို့ကပ်လျက် -

“မင်းမြတ် ! မလ္လိကာမိဖုရားကြီး နတ်ရွာစံသွားပါပြီ” ဟု သံတော်ဦးတင်သည်။

ဤသို့ သံတော်ဦးတင်လသော် ပသေနဒီ ကောသလမင်းသည် ကိုယ်စိတ်ဆင်းရဲပြီး ပခုံးချ မျက်နှာငုံ့လျက် ကြံမိုင်ကာ စကားမပြောဘဲ ထိုင်နေသည်။

ထိုသို့ဖြစ်နေသော ကောသလမင်းကြီးကို မြတ်စွာဘုရားက ဤသို့ မိန့်ကြားသည် -

“မင်းကြီး ! လောက၌ သမဏ, ဗြဟ္မာဏ, နတ်, မာရ်, ဗြဟ္မာ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာ ၅-မျိုးမှာ -

(စသည်ဖြင့် အလဗ္ဘနယဌာနသုတ် အတိုင်း မှတ်လေ)

န၀မသုတ် ပြီး၏။

၈။ အလဗ္ဘနီယ ဌာနသုတ်


ရဟန်းတို့ ! လောက၌ သမဏ, ဗြာဟ္မဏ, နတ်, မာရ်, ဗြဟ္မာ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာ ၅-မျိုးမှာ -

၁။ အိုတတ်သော သဘောတရားကို “မအိုပါစေလင့်” ဟု မည်သူမှ တောင့်တ၍ မရ။

၂။ နာတတ်သော သဘောတရားကို “ မနာပါစေလင့်” ဟု မည်သူမှ တောင့်တ၍ မရ။

၃။ သေတတ်သော သဘောတရားကို “ မသေပါစေလင့်” ဟု မည်သူမှ တောင့်တ၍ မရ။

၎။ ကုန်ခန်းတတ်သော သဘောတရားကို “ မကုန်ခန်းပါစေလင့်” ဟု မည်သူမှ တောင့်တ၍ မရ။

၅။ ပျက်စီးတတ်သော သဘောတရားကို “ မပျက်စိးပါစေလင့်” ဟု မည်သူမှ တောင့်တ၍ မရ။

အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် အိုခြင်းသဘောတရားနှင့် တွေ့ကြုံသောအခါ -

“အိုခြင်းသဘောတရားသည် ငါတစ်ယောက်တည်းမှာသာ ဖြစ်သည် မဟုတ်၊ စင်စစ်မူကာ ဤဘ၀သို့ ရောက်လာခြင်း, ဤဘ၀မှ ပြောင်းသွားခြင်း, သေခြင်း, ပဋိသန္ဓေနေခြင်းရှိသည့် သတ္တ၀ါမှန်သမျှမှာ အိုခြင်း သဘောတရားဆိုတာ ဖြစ်မည်သာ။

အိုတိုင်းသာ ငါ ပူဆွေး, ပင်ပန်း, ငိုကြွေး, ရင်ဘတ်စည်တီးမြည်တမ်း, မိန်းမောနေမည် ဆိုလျှင် ထမင်းလည်း စားနိုင်မည်မဟုတ်၊ ရုပ်အဆင်းလည်း ပျက်ယွင်းမည်၊ အလုပ်လည်း မလုပ်နိုင်ရာ၊ ရန်သူများ ကျေနပ်ပြီး မိတ်ဆွေများ စိတ်ဆင်းရဲရုံရှိမည်” ဟု ဆင်ခြင်သင့်လျက် ဤသို့ မဆင်ခြင်နိုင်။

ယင်းသို့ မဆင်ခြင်နိုင်ဘဲ ပူဆွေးနေသည်၊ ပင်ပန်းနေသည်၊ ငိုကြွေးနေသည်၊ ရင်ပတ်စည်တီး ငိုမြည်တမ်း နေသည်၊ တွေဝေမိန်းမောနေသည်။

အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို “သောက အဆိပ်ဆူး စူးဝင်သည်ဖြစ်၍ မိမိကိုယ်ကိုပင် ပူပန်စေတတ်သူ” ဟု ဆိုရမည်။

အကြားအမြင်ရှိသော အရိယာတပည့်သည် အိုခြင်းသဘောတရားနှင့် တွေ့ကြုံသောအခါ -

“အိုခြင်းသဘောတရားသည် ငါတစ်ယောက်တည်းမှာသာ ဖြစ်သည် မဟုတ်၊ စင်စစ်မူကာ ဤဘ၀သို့ ရောက်လာခြင်း, ဤဘ၀မှ ပြောင်းသွာခြင်း, သေခြင်း, ပဋိသန္ဓေနေခြင်းရှိသည့် သတ္တ၀ါမှန်သမျှမှာ အိုခြင်း သဘောတရားဆိုတာ ဖြစ်မည်သာ။

အိုတိုင်းသာ ငါ ပူဆွေး, ပင်ပန်း, ငိုကြွေး, ရင်ဘတ်စည်တီး မြည်တမ်း, မိန်မောနေမည် ဆိုလျှင် ထမင်းလည်း စားနိုင်မည်မဟုတ်၊ ရုပ်အဆင်းလည်း ပျက်ယွင်းမည်၊ အလုပ်လည်း မလုပ်နိုင်ရာ၊ ရန်သူများ ကျေနပ်ပြီး မိတ်ဆွေများ စိတ်ဆင်းရဲရုံ ရှိမည်” ဟု ဤသို့ ဆင်ခြင်နိုင်သည်။

ယင်းသို့ ဆင်ခြင်နိုင်သော အရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ပတ်စည်တီး မမြည်တမ်း၊ မတွေဝေ မမိန်းမောတော့ချေ။

အကြားအမြင်ရှိသော ဤ အရိယာတပည့်ကို “ သောကအဆိပ်ဆူး ပယ်နူတ်သူ” ဟု ဆိုရမည်။

ထို့အတူ နာခြင်း, သေခြင်း, ကုန်ခန်းခြင်း, ပျက်စီးခြင်းတို့နှင့် တွေ့ကြုံရာ၌လည်း အကြားအမြင်ရှိသော အရိယာတပည့်သည် ဆိုခဲ့ပြီးအတိုင်း ဆင်ခြင်သင့်သည်ကို ဆင်ခြင်ပြီး မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ပတ်စည်တီး မမြည်တမ်း၊ မတွေဝေ မမိန်းမောတော့ချေ။

အကြားအမြင်ရှိသော ဤအရိယာတပည့်ကို “သောကအဆိပ်ဆူး ပယ်နူတ်သူ” ဟု ဆိုရမည်။

အကြားအမြင်နည်းပါးသည့် ပုထုဇဉ်သည် သောကအဆိပ်ဆူး စူးဝင်နေသောကြောင့် မိမိကိုယ်ကိုပင် ပူလောင်စေသည်။

ဤသို့ မိန့်တော်ူမပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“ဤလောက၌ ပူဆွေးခြင်း, ငိုကြွေးခြင်းဖြင့် အကျိုးအနည်းငယ်မျှလည်း စင်စစ် မရနိုင်၊ ပူဆွေးဆင်းရဲသူကို ရန်သူတို့ သိ၍ ၀မ်းမြောက်ကြသည်။

အကြောင်းကို ဆုံးဖြတ်နိုင်သူက ပညာရှိက ဘေးရန်တို့ကြောင့် မတုန်မလူပ်သောအခါ ရန်သူတို့သည် ပညာရှိ၏ ရှေးမူအတိုင်း မဖောက်ပြန်သော မျက်နှာကို တွေ့မြင်ရ၍ ဆင်းရဲကြသည်။

အို, နာ, သေ, ကုန်ခန်း, ပျက်စီးခြင်းတို့နှင့် တွေ့ကြုံသောအခါ -

ယင်းတို့၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းသဖြင့် ဖြစ်စေ (မြှောက်ပင့်ခြင်း, ကပ်ဖားခြင်းမျိုးကို ဆိုလိုသည်)

တန်ခိုးကြီးသော မန္တာန်ကို ရွတ်အံသရဇ္ဈာယ်သဖြင့်ဖြစ်စေ (အားကိုး တစ်ခုခု ရှာခြင်းကို ဆိုလိုသည်)

ကောင်းမွန်သော စကားကို ပြောဆို၍ ဖြစ်စေ (တောင်းပန်ခြင်း, ကျေနပ်အောင် ပြောခြင်း စသည်ကို ဆိုလိုသည်)

တံစိုးလက်ဆောင် ပေးသဖြင့် ဖြစ်စေ (လာဘ်ထိုးခြင်ကို ဆိုလိုသည်)

မျိုးရိုးစဉ်ဆက်ကို ပြသဖြင့် ဖြစ်စေ (မျိုးရိုး, အကျင့်သိက္ခာ ဟူသော အခြေအနေ အဆင့်အတန်းကို ပြခြင်း - စသည်ကို ဆိုလိုသည်)

မအိုခြင်းစသော အကျိုးရနိုင်မည်ဆိုလျှင် ရနိုင်သမျှ ကြိုးစား အားထုတ်လေရာသည်။

သို့သော် မည်သို့ပင် ကြိုးစားစေကာမူ အိုမည် နာမည် သေမည် ကုန်ခန်းမည် ပျက်စီးမည်သာ ဖြစ်သည်။

ငါဖြစ်စေ, အခြားသူ ဖြစ်စေ မအို မနာ မသေ မကုန်ခန်း မပျက်စီးဖို့ မည်သို့ပင် အားထုတ်၍ မရနိုင်ဟု သိပါမူ -

“ငါသည် ၀ဋ်ဆင်းရဲ၌ ဖြစ်စေတတ်သော ကံကို နူတ်လို့မရအောင် အားထုတ်မိခဲ့ပြီ၊ ခုတော့ ဘာတတ်နိုင်တော့မှာလဲ” ဟု ဆင်ခြင်၍ ပူဆွေးခြင်းမရှိဘဲ အောင့်အည်း သည်းခံရမည်။”

ဆောင် - အိုခြင်း တစ်ဖြာ၊ နာခြင်း တစ်ထွေ၊ သေခြင်း တစ်ဖုံ၊ ကုန်ခန်း တစ်ချက်၊ ပျက်စီး ဟူငြား၊ ဤငါးပါးကို၊ မဖြစ်လို၊ တောင်းဆို မရမှတ်။

အဋ္ဌမသုတ် ပြီး၏။

၇။ ဓနသုတ်


ရဟန်းတို့ ! ဥစ္စာ ၅-မျိုးဟူသည်မှာလည်း -

၁။ သဒ္ဓါ၊

၂။ သီလ၊

၃။ သုတ၊

၎။ စာဂ၊

၅။ ပညာတို့ပင်တည်း။

၁။ သဒ္ဓါဥစ္စာ ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် - မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညူတဉာဏ်တော်ကို ဤသို့ ယုံကြည်သည် - (အကျယ် သေခဗလ၀ဂ်၊ ၀ိတ္တတသုတ် ရူ)

၂။ သီလဥစ္စာ ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် သူ့အသက်သတ်ခြင်း, မပေးသည်ကို ယူခြင်း, ကိုယ်ပိုင်မဟုတ်သည့် သူတပါး သားမယားတို့၌ ကာမ ဆက်ဆံခြင်း, မဟုတ်မမှန် ပြောဆိုခြင်း, မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်သောက်ခြင်းတို့မှ ရှောင်ကြဉ်သည်။

၃။ သုတဥစ္စာ ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာ တပည့်သည် ဗဟုသုတ ရှိသည်၊ ဗဟုသုတများကို မမေ့ပျောက်အောင် ထိန်းသိမ်းထားသည်၊ ထပ်၍လည်း ဗဟုသုတ ဆည်းပူးသည်။

ယင်း ဆည်းပူးရမည့် ဗဟုသုတများ ဟူသည်မှာ -

(က) အနက်သဒ္ဒါ စနစ်လည်း ကျနသော မြတ်သောအကျင့်, လိုအပ်ချက်မရှိ ပြည့်လည်း ပြည့်စုံသော မြတ်သောအကျင့်, ဖယ်ရှားဖွယ်မရှိ စင်လည်း စင်ကြယ်သည့် မြတ်သောအကျင့်ကို ဖော်ပြတတ်သော တရားများနှင့်

(ခ) စ, လယ်, အဆုံး ကောင်းခြင်းသုံးပါးရှိသော တရားများကို ဆိုလိုသည်။

ထိုတရားများကို များစွာ ကြားနာဖူးသည်၊ ဆောင်ထားသည်၊ နူတ်ဖြင့်လည်း လေ့ကျက်ထားသည်၊ စိတ်ဖြင့်လည်း ဆင်ခြင် မှတ်သားထားသည်၊ ပညာဖြင့်လည်း ကောင်းစွာ ထိုးထွင်း၍ သိသည်။

၎။ စာဂဥစ္စာ ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် မစ္ဆရိယ အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေသည်၊ လွတ်လွတ် စွန့်ကြဲသည်၊ စင်ကြယ်သန့်ရှင်းသော လက်ရှိသည်၊ ပေးကမ်းစွန့်ကြဲမူကို နှစ်ခြိုက်သည်၊ တောင်းခံလာသောအခါ လှူဒါန်းဖို့ အဆင်သင့်ဖြစ်နေသည်၊ ပေးကမ်းမူ၊ ခွဲဝေမူတို့ကို နှစ်ခြိုက်သည်။ (မစ္ဆရိယ - နှမြောတွန့်တိုမူ)

၅။ ပညာဥစ္စာ ဟူသည်မှာ -
ဤသာသနာတော်၌ အရိယာတပည့်သည် - ပညာရှိသည်၊ ဖြစ်မူ ပျက်မူကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်ပညနှင့် ပြည့်စုံသည်။

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မန့်တော်မူပြန်သည်မှာ -

“ဘုရား, တရား, သံဃာအပေါ်၌ မတုန်မလူပ် ယုံကြည်သော သဒ္ဓါ၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်ချီးမွမ်းအပ်သော သီလ၊ ဖြောင့်မတ်သော ဉာဏ်အမြင်များရှိသူကို မဆင်းရဲသူဟူ၍ ပညာရှိတို့ ဆိုကြသည်၊ ထိုသူ၏ အသက်ရှင်ခြင်းကား အချည်းနှီး မဟုတ်ချေ။

ထို့ကြောင့် ဘုရားရှင်တို့၏ အဆုံးအမတော်ကို အောက်မေ့သော ပညာရှိသည် - သဒ္ဓါ, သီလ, သုတ, စာဂ၊ ပညာတို့ကို အဖန်ဖန် အားထုတ်ရာသည်။”

ဆောင်သဒ္ဓါ, သီလ, သုတ, စာဂါ၊ ပညာပါ၊ ငါးဖြာ မြတ်ဥစ္စာ။

သတ္တမသုတ် ပြီး၏။

၆။ သမ္ပဒါသုတ်


ရဟန်းတို့ ! ပြည့်စုံခြင်း သမ္ပဒါ ၅-မျိုးဟူသည်မှာ -

၁။ သဒ္ဓါ၏ ပြည့်စုံခြင်း၊

၂။ သီလ၏ ပြည့်စုံခြင်း၊

၃။ သုတ၏ ပြည့်စုံခြင်း၊

၎။ စာဂ၏ ပြည့်စုံခြင်း၊

၅။ ပညာ၏ ပြည့်စုံခြင်း တို့တည်း။

ဆောင် - သဒ္ဓါ, သီလ၊ သုတ, စာဂါ၊ ပညာပါ၊ ငါးဖြာ သမ္ပဒါ။

ဆဋ္ဌသုတ် ပြီး၏။

၅။ ပုညာဘိသန္ဒသုတ်


ရဟန်းတို့ ! ဤ ၅-မျိုးသော ကောင်းမူအထု ကုသိုလ်အလျဉ်းတို့သည် ချမ်းသာကို ဆောင်တတ်ကြသည်၊ ကောင်းမြတ်သော အာရုံကို ပေးတတ်ကြသည်၊ ချမ်းသာကျိုး ရှိကြသည်၊ နတ်ပြည်၌ ဖြစ်စေတတ်ကြသည်၊ လိုလား, နှစ်သက်, မြတ်နိုးဖွယ်နှင့် စီးပွါးချမ်းသာအလို့ငှါ ဖြစ်ကြသည်။

ယင်း ၅-မျိုးမှာ -

ရဟန်းသည် အတိုင်းအဆမရှိသည့် အရဟတ္တဖလသမာပတ်ကို ၀င်စားလျက် ဒါယကာလှူဒါန်းသော -

၁။ သင်္ကန်း၊

၂။ ဆွမ်း၊

၃။ ကျောင်း၊

၎။ ညောင်စောင်း အင်းပျဉ်၊

၅။ ဆေးပစ္စည်းတို့ကို သုံးဆောင်သည်။

ယင်းသို့သော ရဟန္တာကို လှူဒါန်းသော ကောင်းမူအထု ကုသိုလ်အလျဉ်သည် ချမ်းသာကို ဆောင်တတ်သည်၊ ကောင်းမြတ်သော အာရုံကို ဖြစ်စေတတ်သည်၊ ချမ်သာကျိုးရှိသည်၊ နတ်ပြည်၌ ဖြစ်စေတတ်သည်၊ လိုလား, နှစ်သက်, မြတ်နိုးဖွယ်နှင့် စီးပွါးချမ်းသာ အလို့ငှါ ဖြစ်သည်။

ဤ ၅-မျိုးသော ကောင်းမူအထု ကုသိုလ်အလျဉ်းနှင့် ပြည့်စုံသော အရိယာတပည့်၏ ကောင်းမူအတိုင်း အရှည်ပမာဏကို ဤ၍ဤမျှဟု ရေတွက်ခြင်းငှါ မလွယ်ကူချေ၊ စင်စစ်သော်ကား ရေတွက်နိုင်းယှဉ်မရနိုင်လောက်အောင် ကြီးမားသော ကောင်းမူကုသိုလ် အစု ဟုသာ ဆိုရမည်။

ဥပမာ- မဟာသမုဒ္ဒရာ၏ ပမာဏကို ပြည်တောင်း, တင်းတောင်းတို့ဖြင့် ချင့်တွက်ခြင်းငှါ မတတ်နိုင်သကဲ့သို့တည်း။

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“ရေများစွာကိုလည်း ဆောင်တတ်, ပြည်တောင်း အစရှိသည်တို့ဖြင့်လည်း မနိုင်းယှဉ်အပ်, ပြင်းထန်သော အသံလည်းရှိ, များစွာကြောက်မက်ဖွယ် အာရုံလည်းရှိ, ရတနာအပေါင်းတို့၏ တည်ရာလည်းဖြစ်သော သမုဒ္ဒရာသို့ လူပေါင်းများစွာတို့ မှီခိုရာဖြစ်သည့် တသွင်သွင် စီးနေသော မြစ်များစွာတို့ စီးဝင် ကပ်ရောက်ကြသကဲ့သို့ -

ဤအတူ ထမင်း, အဖျော်, အ၀တ်ပုဆိုး, အိပ်ရာနေရာ, အိပ်ရာလွှမ်းတို့ကို ပေးလှူတတ်သော ပညာရှိသို့ ကောင်းမူအလျဉ်းတို့သည် စီးဝင်ကပ်ရောက်ကြလေသည်။”

ဆောင် - သင်္ကန်း, ဆွမ်း, ကျောင်း၊ ညောင်စောင်း, ဆေးပစ္စည်း၊ လှူခံပြီးလစ်၊ ရဟန္တာဖြစ်သူ၊ ထိုအလှူ၊ မှတ်ယူ အတိုင်းမသိ အကျိုးရှိ။ (ပုညာဘိသန္ဒ - ကုသိုလ်မြစ်ရေလျဉ်)

ပဉ္စမသုတ် ပြီး၏။

၎။ မနာပဒါယီသုတ်


ဝေသာလီပြည် မဟာဝုန်တော အထွတ်တပ်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်, သင်္ကန်းကို ယူဆောင်ပြီး ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်အိမ်သို့ ကြွကာ ခင်းထားအပ်သည့် နေရာ၌ ထိုင်နေတော်မူသည်။

ထိုအခါ ဥဂ္ဂသူကြွယ်သည် မြတ်စွာဘုရားထံ ချဉ်းကပ်ကာ ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားကို ဤသို့ လျှောက်သည် -

“အရှင်ဘုရား ! “နှစ်သက်ဖွယ် ၀တ္ထုကို ပေးလှူသူသည် နှစ်သက်ဖွယ် အကျိုးကို ရသည်” ဟူသော ဤစကားကို မြတ်စွာဘုရားမျက်မှောက်တော်မှ တပည့်တော် ကြားနာရဖူး, ခံယူရဖူပါသည်။

တပည့်တော်၏ -

ခဲဖွယ်သည် အင်ကြင်းပွင့် အဆင်းရှိပြီး နှစ်ခြိုက်ဖွယ် ကောင်းလှပါသည်၊ တပည့်တော်ကို သနားစောင့်ရှောက်သောအားဖြင့် ထိုခဲဖွယ်ကို အလှူခံတော်မူပါ” ဟု လျှောက်သည်။

မြတ်စွာဘုရားသည် သနားစောင့်ရှောက်သောအားဖြင့် အလှူခံတော်မူသည်။

တဖန် -

“တပည့်ကောင်း၏ -

ဆီးသီးဖြင့် စီမံထားသော ၀က်သားဟင်း၊

ကန်စွန်းရွက် ဆီပြန်ကြော်၊

အရည်သောက် ဟင်းနှင့် အသားဟင်းလျာလည်း များစွာ ပါရှိပြီး အပြစ်လည်းကင်းသည့် သလေးဆွမ်း၊

ကာသိကတိုင်းဖြစ် အ၀တ်တို့သည်လည်း နှစ်သက်ဖွယ် ကောင်းလှပါသည်၊ တပည့်တော်အား သနားစောင့်ရှောက်သောအားဖြင့် ထို ပစ္စည်းများကို အလှူခံတော်မူပါ” ဟု လျှောက်ပြန်သည်။

မြတ်စွာဘုရားလည်း သနားစောင့်ရှောက်တော်မူသောအားဖြင့် အလှူခံတော်မူပါသည်။

၎င်းပြင် -

“တပည့်တော်၏ -

ပလ္လင်, မွေးရှည် ကော်ဇော်ကြီး, ပန်းပြောက်ခြောက် သားမွေးအခင်း, ၀ံပိုင့်ရေအခင်း, နီသောမျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာများသည် နှစ်သက်ဖွယ် ကောင်းလှပါသည်၊ “ဤပစ္စည်းများကား မြတ်စွာဘုရားနှင့် လုံးဝ မအပ်စပ်” ဟု တပည့်တော်များလည်း သိကြပါသည်။

သို့သော် တပည့်တော်တို့၏ ဤစန္ဒကူးနှစ် ထိုင်ခုံသည် တသိန်းကျော် တန်ပါသည်၊ တပည့်တော်အား သနားစောင့်ရှောက်သောအားဖြင့် ထိုအသုံးအဆောင်ဝတ္တုတို့ကို အလှူခံတော်မူပါ” ဟု လျှောက်သည်။

မြတ်စွာဘုရားလည်း သနားစောင့်ရှောက်သေားအားဖြင့် အပ်စပ်သည်များကို အလှူခံတော်မူသည်။

ထို့နောက် မြတ်စွာဘုရားသည် ဥဂ္ဂသူကြွယ်ကို -

“နှစ်သက်ဖွယ် ၀တ္ထုကို ပေးလှူသူသည် နှစ်သက်ဖွယ် အကျိုးကို ရရှိနိုင်သည်၊ စိတ်နှလုံးဖြောင့်မတ်သည့် လယ်ယာမြေကောင်းသဖွယ် ဖြစ်သော ရဟန္တာပုဂ္ဂိုလ်တို့၌ အ၀တ်, အိပ်ရာနေရာ, ဆွမ်းဘောဇဉ် အဖျော်စသော အထူးထူးသော ပစ္စည်းတို့ကို စိတ်ပါလက်ပါ ပေးလှူသည်၊ စွန့်လွှတ်သည်၊ ချီးမြှောက်သည်။

နှစ်သက်ဖွယ် ပေးလှူသူ သူတော်ကောင်းသည် စွန့်နိုင်ခဲ့သည်ကို စွန့်၍ နှစ်သက်ဖွယ်အကျိုးကို ရသည်” ဟု အနုမောဓနာတရား ဟောကြားတော်မူပြီး နေရာမှထကာ ပြန်ကြွတော်မူသည်။ (အနုမောဒနာ - ၀မ်းသာစရာ)

အခါတပါး၌ ဥဂ္ဂသူကြွယ်သည် ကွယ်လွန်သွားလေသည်၊ ကွယ်လွန်သွားသောအခါ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံ၌ ဖြစ်လေသည်။
မြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ ဇေတ၀န်ကျောင်း အာရာမ်၌ သီတင်းသုံးနေတော်မူစဉ် ထိုဥဂ္ဂဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော သန်ခေါင်ယာမ်အခါ၌ အလွန်နှစ်သက်ဖွယ် အဆင်းဖြင့် ဇေတ၀န်တစ်ကျောင်းလုံးကို ထိန်လင်းစေလျက် မြတ်စွာဘုရားထံ လာရောက်ဖူးမြင်သည် -

“ဥဂ္ဂ ! သင်အလိုရှိတိုင်း ပြည့်စုံပါသလော?။”

“အရှင်ဘုရား ! တပည့်တော် အလိုရှိတိုင်း ဧကန်ပြည့်စုံပါသည်။”

ထိုအခါ ဘုရားရှင်က ဤသို့ ပါဠိကဗျာဖြင့် မိန့်တော်မူပါသည် -

“နှစ်သက်ဖွယ်ကို ပေးလှူသူသည် နှစ်သက်ဖွယ်ကို ရသည်၊ မွန်မြတ်သည်ကို ပေးလှူသူသည် တဖန် မွန်မြတ်သည်ကို ရသည်၊ တောင့်တအပ်သည်ကို ပေးလှူသူသည် တောင့်တအပ်သည်ကို ရသည်၊ ချီးမွမ်းအပ်သည်ကို ပေးလှူသူသည် ချီးမွမ်းအပ်သည့် ဌာနသို့ ရောက်ရလေသည်။

အထွတ်အမြတ်ထားအပ်, တောင့်တအပ်, ချီးမွမ်းအပ်သော ၀တ္ထုကို ပေးလှူလေ့ရှိသူသည် ဖြစ်လေရာရာ ဘုံဘ၀၌ အသက်ရှည်ခြင်း၊ အခြွေအရံများခြင်း ဖြစ်ရသည်။”

ဆောင် - နှစ်ခြိုက်ဖွယ်ဟူ၊ ပေးလှူသူ၊ ရမူ နှစ်ခြိုက်ဖွယ်။

မှတ်ချက် - ဤ၌ အပ်စပ်သော ပစ္စည်း - ဆိုသော်လည်း အကုန်လုံး မအပ်စပ်သည်မဟုတ်၊ မအပ်စပ်သောပစ္စည်းများ ရောပါနေ၍သာ မအပ်စပ်ဟု ဆိုသည်၊ တကယ် လှူဒါန်းသောအခါ မအပ်စပ်သော ပစ္စည်းများကို ရောင်းချပြီး အပ်စပ်သော ပစ္စည်းများကို ၀ယ်ယူ၍ လှူဒါန်းခြင်းဖြစ်သည်။

စတုတ္ထသုတ် ပြီး၏။

၃။ ဣဋ္ဌသုတ်



ဘုရားရှင်ထံ သွားရောက်ဖူးမြော်လျက် သင့်တင့်သော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးကို ဘုရားရှင်က ဤသို့ မိန့်တော်မူသည်-



“ဒါယကာ ! လိုလား, နှစ်သက်, မြတ်နိုးအပ်သည်ဖြစ်၍ လောက၌ ရခဲသော အရာ ၅-မျိုးဟူသည်မှာ -



၁။ အသက်ရှည်ခြင်း၊



၂။ အဆင်းလှခြင်း၊



၃။ ချမ်းသာခြင်း၊



၎။ အခြွေအရံများခြင်း၊



၅။ နတ်စည်းစိမ်တို့ ဖြစ်သည်။



ဤ ၅-မျိုးကို ပါးစပ်ဖြင့် ဆုတောင်းရုံ, စိတ်ဖြင့် တောင့်တရုံဖြင့် ရနိုင်သည် ဟု ငါမဆို၊ ယင်းသို့ ရနိုင်ပါမူ ဤလောက၌ မည်သူမှာမဆို ယုတ်လျော့သောအရာ ရှိနိုင်တော့မည် မဟုတ်။



အသက်ရှည်ခြင်းသည် ပါးစပ်ဖြင့် ဆုတောင်းရုံ, စိတ်ဖြင့် နှစ်သက် ကျေနပ်နေရုံဖြင် ရထိုက်သောအရာ မဟုတ်၊ အသက်ရှည်လိုလျှင် အသက်ရှည်ကြောင်း ဒါန, သီလ စသော ကောင်းမူအကျင့်ကို ကျင့်ရမည်၊ အသက်ရှည်ကြောင်း အကျင့်ကို ကျင့်မှ ဖြစ်လေရာ ဘ၀မှာ အသက်ရှည်မည်။



ထို့အတူ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ အခြွေအရံများခြင်း၊ နတ်စည်းစိမ်ရခြင်းများ သည်လည်း ပါးစပ်ဖြင့် ဆုတောင်းရုံ, စိတ်ဖြင့် နှစ်သက်ကျေနပ် နေရုံဖြင့် ရထိုက်သော အရာများ မဟုတ်ကြ။



အဆင်းလှလို, ချမ်းသာလို, အခြွေအရံများလို, နတ်စည်းစိမ်ရလိုလျှင် အဆင်းလှကြောင်း, ချမ်းသာကြောင်း, အခြွေအရံများကြောင်း, နတ်စည်းစိမ်ရကြောင်း ဒါန, သီလ စသော ကောင်းမူအကျင့်တို့ကို ကျင့်ရမည်၊ ထိုသို့ကျင့်မှသာ ဖြစ်လေရာ ဘ၀တိုင်းမှာ အဆင်းလှမည်၊ ချမ်းသာမည် အခြွေအရံ များမည်၊ နတ်စည်းစိမ်ရမည်။”



ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -



“အသက်ရှည်ခြင်း, အဆင်းလှခြင်း, အခြွေအရံများခြင်း, ကျော်စောခြင်း, နတ်ပြည်ရောက်ရခြင်း, အမျိုး မြတ်ခြင်း, အဆင့်ဆင့် မြင့်မြတ်သော မွေ့လျော်ဖွယ်-တို့ကို တောင့်တသော အမျိုးကောင်းသားသည် ကောင်းမူကုသိုလ်တို့၌ မမေ့ မလျော့ရာ။



ကောင်းမူတို့၌ မမေ့မလျော့ခြင်းကို ပညာရှိတို့ ချီးမွမ်းကုန်သည် မမေ့မလျော့သူ ပစ္စုပ္ပန်, တမလွန် အကျိုး ၂-ပါးကို ရနိုင်သည်။



ယင်း အကျိုး ၂-ပါးကို ရအောင် စွမ်းဆောင်နိုင်သော ပညာရှိကို “ပဏ္ဍိတ” ဟု ဆိုရမည်။”



ဆောင်

- လိုလား နှစ်သက်၊ မြတ်နိုးအပ်ပေ၊ သက်ရှည်, ဆင်းလှ၊ သုခ, ခြံရံ၊ နတ်ဖြစ်ရန်၊ အမှန် ရခဲသည်။



ထိုသည့်အကြောင်း၊ ဆုတောင်း နူတ်က၊ စိတ် တောင့်တရုံ၊ မပြည့်စုံ၊ မှတ်တုံ သိရမည်။



သက်ရှည်, ဆင်းလှ၊ သုခ, ခြံရံ၊ နတ်ဖြစ်ရန်က၊ ပြုလုပ်မှ၊ မုချ ရနိုင်မည်။




တတိယသုတ် ပြီး၏။

Sunday 27 February 2011

ယုံကြည်မူပြောင်းလဲတတ်ခြင်း


ယုံကြည်မူဆိုတာ လူသားရဲ့ စိတ်အတွေးမှာ ဖြစ်တတ်တဲ့သဘော တစ်ခုပါ၊ စိတ်အတွေးဆိုတာဟာလဲ လူသားနဲ့ ဉာဏ်ရည်ဉာဏ်သွေး အနိမ့်အမြင်နဲ့ အတွေ့အကြုံ ရင့်ကျက်မူ အပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ သမိုင်းဦးခေတ်က လူသားတွေဟာ ကောင်းကင်ကနေ လနက္ခတ်တာရာတွေရဲ့ တောက်ပတဲ့ အလင်းရောင်ကို ကြည့်ပြီး စိတ်ကူးနဲ့ တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ နတ်ဒေ၀တာတွေရဲ့ ဘုံဗိမာန်တွေကို တွေးထင်ခဲ့ကြတယ်။ နောက်ပိုင်း တိုးတက်လာတဲ့ အခါမှာကျတော့ ဒီအတွေး ပြောင်းလဲသွားတယ်။ ဒါပေမဲ့ ရှေးရှေးဘိုးဘွားတွေရဲ့ အတွေးကို နိမ့်ကျတယ်ဆိုပြီး မရူံ့ချဘဲ ဆီလျော်အောင် တွေးယူရပါမယ်။

ဥပမာ - မြစ်ရဲ့ အနီးမှာ နေထိုင်ကြတဲ့ လူသားတွေက မြစ်စောင့်နတ်ကြီးကို အရိုအသေပြုတဲ့ အနေနဲ့ ပူဇော်ခဲ့ကြတယ်။ ဒီလိုပူဇော်ခြင်း အရိုအသေပြုခြင်းဖြင့် ငါတို့ရဲ့ ကောင်းကျိုးချမ်းသာကို ဒီနတ်ကြီးက ဆောင်ကျင်းပေးလိမ့်မယ်လို့ ယုံကြည်တယ်။ သူ့ကို မရိုမသေ လုပ်ရင်တော့ ဘေးဒုက္ခအန္တရာယ်နဲ့ ကြုံတွေ့ရပြီသာမှတ်တော့၊ ဒါက ရှေးလူသားတွေရဲ့ အတွေး၊ အခုခေတ်အမြင်နဲ့ ကြည့်ရအောင်၊ မြစ်စောင့်နတ်ဆိုတာ မြစ်ပါဘဲ၊ တစ်ကွဲ တစ်ပြား မဟုတ်ပါဘူး၊ အတူတူပါ၊ မိမိတို့ အမှီပြုနေတဲ့ မြစ်ကို မိမိတို့က မရိုသေဘူး၊ မလေးစားဘူး၊ အညစ်အကျေးတွေ မြစ်ထဲစွန့်ပစ်မယ်၊ မြစ်ရေတွေကို မရိုးမသေသုံးစွဲမယ်ဆိုရင် ဒီမြစ်ကပြန်ပြီး ရောဂါတွေဖြစ်အောင် သီးနှံ့စိုက်ခင်းတွေ ပျက်စီးအောင် ဘေးဒုက္ခပေးမှာ သေချာပါတယ်။

ထို့အတူ တောနဲ့ တောစောင့်နတ်၊ တောင်နဲ့ တောင်စောင့်နတ်၊ သစ်ပင်နဲ့ သစ်ပင်စောင့်နတ် အတူတူပါဘဲ၊ လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်တွေပါ ကောင်းကင်က နက္ခတ်တာရာဆိုတာတွေဟာလဲ ကမ္ဘာဂြိုလ်နဲ့ မိသားစုတွေပါ။ သဘာဝပတ်ဝန်းကျင်တွေပါ ဒါတွေကို မရိုမသေ မလေးမစားလုပ်ရင် လူသားတွေ ဘေးဒုက္ခနဲ့ ကြုံနိုင်တယ်ဆိုတာ ဒီကနေ့ ကမ္ဘာ့သိပ္ပံ ပညာရှင်ကြီးတွေကိုယ်တိုင် ပြောဆိုနေကြပါပြီ။

ဟိန္ဒူသျှီဝဗြဟ္မာကြီးရဲ့ ဂုဏ်တော်တွေကို ဖော်ပြတဲ့ နေရာမှာ နေ၊ လ၊ မြေ၊ ရေ၊ လေ၊ မီး၊ အာကာသတွေကို ဂုဏ်ပုဒ်အဖြစ် ဖော်ပြပါတယ်။ ဒါကိုကြည့်ရင် ရှေးဟောင်းလူသား တွေဟာ သဘာဝတရားကို နတ်ဒေ၀တာအဖြစ် တင်စားသုံးစွဲခဲ့ကြတာပါ။ ဒါတွေကိုကြည့်ရင် ဖန်ဆင်းရှင် ထာဝရဘုရားသခင်ဆိုတာ သဘာဝတရားကြီးကို ပြောတာပါ။ ဖန်ဆင်းရှင်နဲ့ သဘာဝတရားထပ်တူပါ။

အခုဘာသာဝါဒတွေ တည်ဆောက်ထားပုံ တူညီတဲ့အချက်ကို ကြည့်ရအောင် -
အတ္တ၀ါဒမှာ ပရမအတ္တကြီးကနေ အတ္တကလေးခွဲထုတ်ပြီး သတ္တ၀ါအဖြစ် ဖန်ဆင်းပေးတယ်။ ဒီသတ္တ၀ါလေး သတ္တ၀ါအဖြစ် ကျင်လည်ပြီး နောက်ဆုံး ပရမအတ္တကြီးနဲ့ ပြန်လည်ပေါင်းဆုံတယ်။ ဒါ သံသရာပြတ်ပုံပဲ။

ဖန်ဆင်းရှင်ဝါဒမှာ ဖန်ဆင်းရှင်ကြီးက သတ္တ၀ါတွေကို ဖန်ဆင်းပေးလိုက်တယ်။ သတ္တ၀ါအဖြစ် ရှင်သန်နေထိုင်ရတယ်။ အကောင်းအဆိုးအလိုက် သုခဘုံ ဒုက္ခဘုံမှာ ခံစားစံစားရတယ်။ နောက်ဆုံးကျတော့ ဖန်ဆင်းရှင်ကြီးက ပြန်လည်ခေါ်ယူရတယ်။ ဒါသံသရာ ပြတ်တာဘဲ။

ကမ္မ၀ါဒမှာ ကံက သတ္တ၀ါတွေကို ဖန်ဆင်းပေးတယ်။ သတ္တ၀ါအဖြစ် ရှင်သန်နေစဉ် ကံအသစ်တွေ ထပ်ပြုတယ်။ အဲဒီကံတွေရဲ့ အကျိုးကို ခံစားစံစားတယ်။ နောက်ဆုံးကြတော့ တရားထူးကိုရပြီး ကံတွေကို ပယ်လိုက်တယ်။ ဒီအခါ ဘ၀သံသရာ အဆက်ပြတ်ပြီး နိဗ္ဗာန်ဝင်တော့တာဘဲ။ သိပ်မကွာကြပါဘူး၊ ဆင်တူပါတယ်။ ဒီလောက်ဆို ကမ္မ၀ါဒကို မှန်းဆနိုင်ပါပြီ။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

၂။ သပ္ပုရိသသုတ်


ရဟန်းတို့ ! အမျိုး၌ သူတော်ကောင်း ဖြစ်ပေါ်လာသောအခါ လူပေါင်းများစွာတို့ အကျိုးရှိရန် အစီးအပွါး ဖြစ်ရန် ချမ်းသာရန် ဖြစ်သည်။

၁။ မိဘ၊

၂။ သားမယား၊

၃။ ကျွန် အမူလုပ်၊

၎။ အဆွေခင်ပွန်း၊

၅။ သမဏ ဗြာဟ္မဏတို့ အစီးအပွါး ဖြစ်ရန် ချမ်းသာရန် ဖြစ်သည်။

ဥပမာ - ကြီးစွာသော မိုးသည် ကောက်စပါးအားလုံးကို ကောင်းစွာ ပြည့်စုံစေသည်ဖြစ်၍ လူအများအကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်သကဲ့သို့တည်း။

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“အကျိုးစီးပွါး ရွက်ဆောင်သူသည် လူအများ၏ စည်းစိမ်ကို ဖြစ်စေသည်၊ တရားစောင့်၍ အကြားအမြင်များသူ အကျင့်သီလပြည့်စုံသည့် သူတော်ကောင်းကို နတ်အပေါင်းက စောင့်ရှောက်သည်၊ တရား၌ တည်သူကို ကျော်စောထင်ရှားခြင်းက မစွန့်လွှတ်။

တရား၌လည်း တည်၊ သီလနှင့်လည်း ပြည့်စုံ၊ မှန်သောစကားကိုလည်း ဆိုလေ့ရှိပြီး မကောင်းမူကိုလည်း ရှက်စိတ်ရှိသူကို ၁-နိက္ခရှိ ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့ ဘယ်သူက ကဲ့ရဲ့ထိုက်ပါ့မလဲ၊ သူ့ကို နတ်, ဗြဟ္မာများက ချီးမွမ်းကြသည်။”

ဆောင် - သူတော်ကောင်းသာ၊ ဖြစ်ပေါ်လာက၊ မိဘ, သားမယား၊ ကျွန်များ, မိတ်ဆွေ၊ တစ်ထွေ သမဏ၊ ဗြာဟ္မဏတို့၊ ကျိုးရဖို့ရန်၊ ချမ်းသာရန်၊ ဧကန်ဖြစ်ပေသည်။

ဒုတိယသုတ် ပြီး၏။

ဘာသာရေးဆိုတာ


ဘာသာရေးဆိုတာ လူသားတွေ မိမိပိုင်ဆိုင်တဲ့ ဦးနှောက်ကို အဆင့်မြင့်မြင့် အသုံးချပြီး တွေးခေါ်ရာကနေ ပေါက်ဖွားလာတဲ့ အတွေးအခေါ်ပါပဲ။ လူသားကို အကျိုးပြုဘို့ပါ။ လူသားကို ယဉ်ကျေးတဲ့ သက်ရှိသတ္တ၀ါတွေဖြစ်လာအောင် ပြုလုပ်ပေးတယ်။ လူသားရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်စွမ်းပေးတယ်။ မျှော်လင့်ချက်တွေ မွေးဖွားပေးတယ်။ လူသားတွေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးတယ်။ ဒါကြောင့် ဘာသာရေးကို ဝေဖန်ဆန်းစစ်တော့မယ်ဆိုရင် ဒီအချက်တွေကို ကိုင်ဆွဲပြီး ဝေဖန်ဆန်းစစ်သင့်တယ်။ စောစောက ပြောခဲ့တဲ့ သုဘလုလင်ရဲ့ မေးခွန်လေးတွေ ပြန်ကြည့်ရအောင်၊ ဒီမေးခွန်းလေးတွေဟာ လူသားတွေရဲ့ စိတ်မှာ ဖြစ်ပေါ်တက်တဲ့ ပြဿနာလေးတွေဘဲ၊ အရင်က နာမည်ကြီး စာရေးဆရာတစ်ယောက် ပြောဘူးတယ်။ သူဟာ ငယ်ငယ်က ဖန်ဆင်းရှင်ဝါဒကို ယုံကြည်သူတစ်ဦးပါ။ အသက်ကလေးရလာတော့ တောင်တွေး မြောက်တွေး တွေးတောလာတယ်။ ဒီအခါ ဖန်ဆင်းရှင်အပေါ် မကျေနပ်ချက်တွေ တွေးတွေ့လာခဲ့တယ်တဲ့။ အဲဒါက သူဟာ တောရွာက ဆင်းရဲတဲ့ မိသားစုမှ မွေးဖွားပြီး လူဖြစ်လာတာ အရွယ်ရောက်လို့ အိမ်ထောင်ကျပြီး မိသားစုနဲ့နေတော့လဲ မချမ်းသာဘူး၊ ဆင်းရဲတာဘဲ ဒီတော့ သူတွေးမိတယ်၊ ဘာကြောင့် ဖန်ဆင်းရှင်က သူ့ကို ဆင်းရဲ့တဲ့မိသားစုမှာ လူဖြစ်အောင် ဖန်ဆင်းပေးတာလဲပေါ့၊ ဖန်ဆင်းရှင် မကျေနပ်မကြိုက်တဲ့ ဘာအမှားတွေများ သူပြုခဲ့မိတာလဲ မတွေ့ဘူး။ ဖန်ဆင်းရှင် ချမှတ်ပေးတဲ့ စည်းကမ်းအတိုင်း သူနေခဲ့တာဘဲ၊ ဒါပေမဲ့ သူ မချမ်းသာပါဘူး၊ သူ့လောက်တောင် အနေအထိုင် မတော်တဲ့သူတွေက သူ့ထက်ချမ်းသားနေတာကိုလဲ တွေ့ရတော့ သူစိတ်ပျက်မိတယ်။ ဒါကြောင့် ဖန်ဆင်းရှင်ဝါဒကနေ ထွက်လာခဲ့တယ် ဆိုတာဘဲ။

လူသားတွေဟာ လူသားခြင်းတူပါလျှက် အဆင့်အတန်းမတူ ဖြစ်နေတာကို မကျေနပ်ပါဘူး၊ ဒါ လူသားမှာ ဖြစ်တတ်တဲ့ပြဿနာပါ။ ဒီပြဿနာကို ဘာသာရေးက ဖြေရှင်းပေးရပါမယ်။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

တူသောအကျိုးပေးပုံ


ကံ-တွေအကျိုးပေးတဲ့အခါ တူတဲ့ အကျိုးပေးတယ်ဆိုတာကို ပဲ့တင်သံ-ရေလိုင်းတို့နဲ့ ဥပမာပေးတယ်။

တောင်ချိုင့်ဝှမ်းတစ်ခုဆီကိုသွားပြီး တောင်စောင်းကနေ အသံကျယ်ကျယ်အော်ကြည့်၊ ကိုယ့်ပါးစပ်က ထွက်သွားတဲ့အသံဟာ ဟိုဘက်တောင်နံရံဆီ ရောက်သွားတယ်၊ ပြီးရင်ပဲ့တင်သံဖြစ်ပြီး ကိုယ့်ဆီပြန်လာတယ်၊ ကိုယ့်ပါးစပ်က အော်လိုက်တဲ့ပုံစံနဲ့ဘဲ ပဲ့တင်သံလိုင်းဟာ ကိုယ့်ရဲ့နားမှာ လာရိုက်ခတ်တယ် လုံးဝပုံတူပါဘဲ။

ကိုယ်ပြုတဲ့ကံဟာလည်းပုံစံတူနဲ့ ကိုယ့်ဆီပြန်ရောက်လာတတ်တယ်။

စောစောက ပြောခဲ့တဲ့ “ပုဗ္ဗေကတကမ္မ၀ါဒ” မှာ သတ္တ၀ါတစ်ဦးရဲ့ ပစ္စုပ္ပန်ဘ၀ကို အတိတ်ကံနဲ့ အသေချီနှောင်ထားတယ်။ ရုံးကန်ခွင့် မပေးဘူး၊ ဒါကြောင့် ဗုဒ္ဓ ဘာသာက လက်မခံတာ။ ဗုဒ္ဓဘာသာမှာက ကံတစ်ခုကို သူ့ထက်အားကောင်းတဲ့ကံနဲ့ တားလို့ရတယ်။ သတ္တ၀ါကို ကျိုးစားခွင့်ပေးထားတာ၊ မိမိမှာ အကုသိုလ် ကံအကျိုးပေးပြီး ဆင်းရဲဒုက္ခရောက်နေရင် ငြိမ်ခံမနေနဲ့၊ သူ့ထက် အားကောင်းတဲ့ ကုသိုလ်ကံပြုပြီး တားရင် ရတယ်၊ ဒါ ဗုဒ္ဓဘာသာရဲ့ အားသားချက်ဘဲ။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

ကံအကျိုးပေးပုံ

ကံက အကောင်းအဆိုး နှစ်မျိုးရှိတယ်။ ကုသိုလ် အကုသိုလ်ပေါ့။ ကံတစ်ခုအကျိုးပေးနေယင် နောက်တစ်ခု တစ်ပြိုင်နက် ၀င်အကျိုးပေးလို့မရဘူး။ တစ်ချိန်မှာ ကံတစ်ခုဘဲ အကျိုးပေးလို့ရတယ်။ ဒါပေမယ့် အကောင်းကံနဲ့ အဆိုးကံ အင်အားအကြီးအသေးပေါ် မူတည်ပြီး ကံတစ်ခုက ကံတစ်ခုကိုဖယ်ရှားပြီး အကျိုးပေးနိုင်တယ်၊ ဥပမာ-ကုသိုလ်ကံ အကျိုးပေးနေချိန်မှာ သူထက် အားကောင်းတဲ့ အကုသိုလ်ကံဝင်လာပြီး ကုသိုလ်ကံကို ဖယ်ရှားပြီး အကျိုးပေးလို့ရတယ်။

သတ္တ၀ါတစ်ဦး ဘ၀တစ်ခုရလာအောင် ပြုပေးတဲ့ကံရယ် ဘ၀ရလာပြီး အသက်ဆက်လက် ရှင်သန်နေအောင် ထောက်ပံ့ပေးတဲ့ကံရယ်လို့ အမျိုးအစား ကွဲပြားသေးတယ်။ ဥပမာ-လူ့ဘ၀မှာ လူလာဖြစ်အောင် ပြုပေးတဲ့ကံ၊ လူ့ပြည်က ကောင်းတဲ့ဘုံဌာနဖြစ်လို့ ကုသိုလ်ကံက ပို့ပေးတာပေါ့။ အဲဒီကံက လူဖြစ်အောင် ပြုပေးပြီးရင် သူ့တာဝန်ကျေပြီ၊ နောက် လူ့ဘ၀ရှင်သန်အောင် ထောက်ပံ့ပေးတဲ့ကံ သူကကျတော့ ကုသိုလ် အကုသိုလ် နှစ်မျိုးစလုံး ပေးနိုင်တယ်။ တစ်လှည့်စီပေါ့။ ကုသိုလ်ကံ အကျိုးပေးနေရင် ချမ်းသာပြီး အကုသိုလ်ကံ ၀င်လာရင် ဆင်းရဲတော့တာပေါ့။ အဲဒီ ထောက်ပံ့ပေးတဲ့ ကံတွေကုန်သွားရင် ကံကုန်လို့ သေတယ် ခေါ်တာပေါ့။ ကံကတော့ မကုန်သေးဘူး။ ဒါပေမယ့် အခြားကံတစ်ခု အကုသိုလ်ကံ ၀င်ဖြတ်တောက်ပစ်လိုက်ရင်လည်း ကံပြတ်သွားတာပေါ့။ ကံတစ်ခုက ကံတစ်ခုကို ဖြတ်ပစ်လို့လည်းရတယ်။ လုံးဝပယ်သတ်ပစ်လို့လည်းရတယ်။ ရဟန္တာပုဂ္ဂိုလ်တွေ သူတို့ရတဲ့ အရဟတ္တမဂ် ကုသိုလ်နဲ့ ဘ၀များစွာက ပြုလာခဲ့တဲ့ နောက်ထပ်ပဋိသန္ဓေ အကျိုးပေးမဲ့ကံတွေကို လုံးဝ ပယ်သတ်ပစ်လိုက်တယ်။ ဒါကြောင့် ရဟန္တာမှာ နောက်ဘ၀ဆိုတာ မရှိတော့ဘူး။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

Saturday 26 February 2011

သံသရာဘာကြောင့်လည်


ဗုဒ္ဓဘာသာမှာ သတ္တ၀ါတွေ ဘာကြောင့် သံသရာလည်သလဲမေးရင်၊ အ၀ိဇ္ဇာ-တဏှာ-ကံ -ဒီတရား သုံးပါးကြောင့်လည်တာဘဲ ဘုရားနဲ့ ဘာမှမဆိုင်ဘူး၊ ကိုယ်လည်ချင်လို့ လည်တာပေါ့၊ ကြည့်ရအောင် -

အ၀ိဇ္ဇာ - ဆိုတာ မသိတာ၊ အမှန်တရားကို မသိတာ။

တဏှာ - ဆိုတာက လိုချင်တာ တပ်မက်တာ၊ ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင်တာတွေပေါ့။

ကံ - ဆိုတာက ပြုလုပ်တာ ကိုယ် နူတ် စိတ်နဲ့ ပြုလုပ် တဲ့အမူကို ကံခေါ်တာပေါ့။

အ၀ိဇ္ဇာတရားက ဖုံးလွှမ်းထားတာ အမှန်ကို မသိဘူး မသိတော့ လိုချင်လာတယ်။ လိုချင်တော့ ရအောင် ပြုလုပ်တော့တယ်၊ ဒီအခါ ကံဖြစ်လာပြီး၊ အဲဒီကံ-က အကျိုးပေးတော့တယ်၊ ဒုက္ခကို ဒုက္ခလို့မထင်၊ သုခလို့ထင်-ထင်ပြီးတော့ ခံစား-ခံစားတော့ တဏှာဖြစ် အရသာတွေ့ အရသာတွေ့တော့ ထပ်ခံစားချင်၊ ဒီအခါ ထပ်ရှာ ထပ်ရှာ တော့ရလာ၊ ရလာတော့ ထပ်ခံစား၊ ရှာလိုက်-ရလိုက်-ခံစားလိုက်-ထပ်ရှာလိုက်-ထပ်ရလိုက် - ထပ်ခံစားလိုက်နဲ့ သံသရာလည်ကြတာပေါ့။ ဒါကြောင့် ဘုရားနဲ့ မဆိုင်ဘူး၊ ကိုယ့်ကြောင့် လည်တာဆိုတော့ - သံသရာပြတ်အောင်လဲ ကြိုးစားရမှာဘဲ၊ သံသရာပြတ်အောင်လဲ ကိုယ်ဘဲကြိုးစားရမှာဘဲ၊ ဘုရားသွားပြီးကယ်ပါ မလုပ်နဲ့။

အမှန်သိအောင် သစ္စာမြင်အောင်ကြိုးစား-အမှန်သိရင် ဒုက္ခခန္ဓာ မြင်လာမှာ၊ မြင်လာရင် မလိုချင်တော့ဘူး၊ မလိုချင်ရင် မရှာတော့ဘူး၊ မရှာရင် မရတော့ဘူး၊ ဒါဆို ကံတွေကုန်သွားမှာ ကံကုန်သွားရင် အကျိုးမပေးတော့ဘူး၊ နောက်ထပ်ဘ၀အသစ်ဖြစ်စရာ မရှိတော့ဘူး၊ သံသရာပြတ်ရော၊ အပြောလွယ်တာ အလုပ်မလွယ်ဘူး။

ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာတွေကများ ဖြစ်အောင်ရအောင်က မလုပ်နိုင်၊ အသက်အရွယ်ကကြီး၊ အိုမင်းမစွမ်း ဖြစ်၊ ဒီအခါ စိတ်ကလျော့လာပြီ၊ ဒီဘ၀တော့ ငါဖြစ်ချင် တာတွေ ဖြစ်မှာမဟုတ်တော့ပါဘူး၊ နေနင့်အုံး၊ ဒီဘ၀မဖြစ် နောင်ဘ၀ပေါ့ဆိုပြီး တစ်ခါ နောက်ဘ၀ကို တောင့်တတတ်တယ်၊ ဒါလူ့စိတ်ရဲ့ သဘာဝဘဲ ဒီလိုနဲ့ နောင်ဘ၀ဆိုတာ ဖြစ်ချင်လာရော့၊ နောင်ဘ၀ကျတော့လဲ အဲဒီလိုဘဲ ဖြစ်ပြန်ရော့၊ ဘ၀တွေတစ်ခုပြီး တစ်ခုဆက်ရနေတော့တာပေါ့၊ ဒါ သံသရာလည်တာပါဘဲ။


မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

Friday 25 February 2011

သံသရာကိုလက်ခံသည့်အကျိုး


ဘာသာတရားဆိုတာ လူသားရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ဘဲ သံသရာရှိတယ်လို့ ယူဆထားတဲ့ ပုဂ္ဂိုလ်တွေမှာ အခုဘ၀အခြေအနေအရ မလုပ်နိုင်တာတွေ လုပ်သော်လည်း မဖြစ်တာတွေရှိရင် တကယ်တော့ ရှိလည်းရှိတာပါဘဲ။ အဲဒါတွေ သံသရာမှ လုပ်နိုင်ခွင့်ရမယ်။ ဆိုကြပါစို့ လူတစ်ယောက်ဟာ ငယ်ရွယ်စဉ်အခါက မိုက်လာခဲ့တယ်။ အခြေအနေအရပေါ့ မိမိနဲ့ ဘ၀တူ လူသားတွေရဲ့ ကောင်းကျိုးဆိုလို့ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ ဆိုကျိုးတွေသာ လုပ်နိုင်ခဲ့တယ်။ အသက်အရွယ်လေး ရလာတော့ သတိတရား ရလာတယ်။ လူသားတွေရဲ့ ကောင်းကျိုး လုပ်ချင်လာတယ်၊ ဒါပေမယ့် အရွယ်က အိုလာပြီး အခြေအနေမပေးတော့ဘူး။ ရောဂါဖိစီးလာပြီး လုပ်ချင်ပါလျှက် မလုပ်နိုင် အဲဒီလိုနဲ့ သေသွားရော။ နောက်ဘ၀ဆိုတာ မရှိဘူး၊ ဒီဘ၀ဘဲ ရှိတယ်ဆိုရင် အဲဒီလူအတွက် သူ့ဘ၀ကို သူ့စိတ်ကြိုက် ပြန်မပြင်နိုင်တော့ဘူး။ မပြင်နိုင်တဲ့အတွက် သူရလာခဲ့တဲ့ ဘ၀ဟာလည်း သူ့ရဲ့ စိတ်ကြိုက်ဘ၀ မဖြစ်ခဲ့ဘူ။ ဒါဆိုရင် သူဘာလုပ်မလဲ။ ကျွန်ုပ် မှားခဲ့ပါတယ်၊ ကျွန်ုပ်ရဲ့ အမှားတွေကို ဘုရားသခင် သည်းခံခွင့်လွှတ်ပါဆိုပြီး တိုးလျှိုတောင်းပန်ရုံမှတစ်ပါး အခြားမရှိတော့ဘူး။ အကယ်၍ သံသရာကို လက်ခံရင် ဒီဘ၀မိုက်ပြစ် မိုက်ကျွေးကို နောက်ဘ၀မှာ ပြန်ဆပ်ပါမယ်ဆို ပြီးတာဘဲ။

နောက်တစ်ခု - လူငယ်တစ်ယောက် ကိုယ်ချစ်တဲ့သူနဲ့ အခြေအနေအရ လက်မထပ်ဖြစ်ခဲ့ဘူး။ လွဲခဲ့ရတယ်ဆိုပါတော့။ အဲဒီလူငယ်အကြောင်း မတော်လို့ သေသွားရင် နောက်ဘ၀ဆိုတာမရှိခဲ့ရင် ကိုယ်ချစ်သူနဲ့ ပြန်ပေါင်းဆုံခွင့် ဘယ်မှာ ရှိတော့မလဲ။ ၀ိညာဉ်ဘ၀နဲ့ ရှင်သန်နေစဉ်မျာလဲ၊ ကိုယ်ချစ်သူက အခြားတစ်ယောက်နဲ့ ဘုန်းတော်ကြီးရဲ့ ရှေ့မှောက်မှာ လက်ထပ်ထားတာဆိုတော့ အဲဒီလက်ထပ်မူက တရားဝင် ရှိနေသေးတော့ မြင်သာမြင် မကြင်ရဖြစ်နေမှာပေါ့။ မျှော်လင့်ချက်ကင်းမဲ့သွားတာပေါ့။ ဘ၀သံသရာရှိတယ်ဆိုရင်တော့ ဒီဘ၀လွဲရပေမယ့် နောက်ဘ၀မှာ ပြန်လည်ဆုံဆည်းခွင့် ရနိုင်တာပေါ့။ “ဒီဘ၀ မဆုံရရင် နောက်ဘ၀” ဆိုတဲ့စကားဟာ သံသရာလက်ခံတဲ့ ဘာသာဝင်တွေအတွက်ပါ။ သံသရာကို လက်မခံရင် ဆုံနိုင်ခွင့်မရှိတော့ဘူး။ ဆက်စဉ်းစားကြည့်ကြပါ။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

ဘ၀ဟောင်း ဘ၀သစ်

ဘ၀ဟောင်းကနေ ဘ၀သစ်ကို ကူးပြောင်းတဲ့အခါ ဘာမှမပါသွားဘူး၊ ကံတစ်ခုပဲ လိုက်တယ်ဆိုတာကို ဗုဒ္ဓစာပေမှာ သရက်ပင်နဲ့ ဥပမာပေးတယ်။ ဥပမာ - စိန်တစ်လုံးသရက်ပင် အဲဒီအပင်က အသီးကို စားလိုက်ပြီးရင် သရက်စေ့ရမယ်၊ အဲဒီသရက်စေ့ကို မြေကြီးထဲစိုက်၊ ရေလောင်းပေး။ စိန်တစ်လုံးသရက်ပင်ကလေး ပေါက်လာမယ်၊ အဲဒီပေါက်လာတဲ့ သရက်ပင်သစ်ကလေးဟာ ဟိုအပင်ဟောင်းကြီးကနေ ဖြစ်တာလားလို့ မေးရင် မဟုတ်ဘူး၊ ဟိုအပင်က ဟိုမှာရှိတယ်၊ ဒီအပင်က ဒီမှာ တစ်ခြားစီ ဒါဖြင့် ဟိုအပင်နဲ့က လုံးဝအဆက်အစပ် မရှိဘူးလား ဆိုတော့ မဟုတ်ဘူး၊ ဟိုအပင်က အစေ့ယူပြီးစိုက်တာ ဒါဖြင့် အဲဒီအစေ့က သရက်ပင် ဖြစ်လာတာဆိုတော့ ဒီလိုလဲ မဟုတ်ဘူး၊ အစေ့က အစေ့ဘဲ၊ သရက်ပင်က အသစ်ပေါက်တာ၊ အစေ့က ညှိုးခြောက်ပြီး ကြွေသွားတာ၊ အဲဒီ ဗီဇသတ္တိကြောင့် ပေါက်တာ ဒီဗီဇသတ္တိကို ဟိုစိန်တစ်လုံး သရက်ပင်ဆီကရတာ၊ ဒီလို ဖြေရတယ်၊ ဗီဇသတ္တိကို ကမ္မသတ္တိ-လို့ ခေါ်တယ်၊ အဲဒါလေးပဲပါသွားတာပါ။

ကံသတ္တိဘ၀ဟောင်းကနေ ဘ၀သစ်ဆီကူးနိုင်ပုံကို ဒီကနေ့ သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိထားတဲ့ အပူဓာတ်ကူးပြောင်းပုံနဲ့ ယှဉ်ကြည့်ရအောင်၊ သတ္တုချောင်းတစ်ခုကို အစွန်းတစ်ဖက်မှာ အပူပေးလိုက်ရင် အဲဒီအပူဓာတ်ဟာ သတ္တုချောင်းရဲ့ ဟိုဘက်က အစွန်းထိ ရောက်သွားတယ်။ အဲဒါ ဘယ်လိုရောက်သလဲ၊ သတ္တုချောင်းရဲ့အတွင်းမှာရှိတဲ့ မော်လီကျူးကလေးတွေဟာ အပူဓာတ်ရောက်ရှိသွားတဲ့အခါ ဒီအပူဓာတ် သူနဲ့ထိစပ်နေတဲ့ အခြားမော်လီကျူးဆီ ကူသွားတယ်၊ ဒီနည်းနဲ့ မော်လီကျူး အဆက်ဆက်ကူးပြောင်းပြီး အပူဓာတ်ပြန့်နှံ့သွားတယ်။ ထို့အတူ နာမ်ခန္ဓာအစဉ်ဟာ မပြတ်စပ်နေတဲ့အတွက် နာမ်ခန္ဓာအစဉ်မှာ ကိန်းနေတဲ့ ကံသတ္တိဟာလဲ ကူးပြောင်းနိုင်တာပေါ့။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

သံသရာကို လက်ခံ-လက်မခံ


ကမ္ဘာ့ဘာသာတွေကိုကြည့်ရင် သံသရာကို လက်ခံတဲ့ဘာသာရှိသလို လက်မခံတဲ့ ဘာသာလည်း တွေ့ရတယ်။ စောစောကပြောခဲ့တဲ့ ၀ါဒတွေထဲက အကိရိယ ၀ါဒတို့၊ အဟေတုက၀ါဒတို့၊ ဥစ္ဆေဒ၀ါဒတို့ဆိုတာက ကံနဲ့ ကံရဲ့အကျိုးကို ပယ်တဲ့ဝါဒတွေ၊ ဒါကြောင့် သံသရာရှိဖို့ မလိုအပ်တော့ဘူး၊ ကံတွေပြုလုပ်ဖို့ရယ်၊ ပြုပြီးကံတွေ အကျိုးပေးဖို့ရယ် သတ္တ၀ါအတွက် ဘ၀ဟာ တစ်ခုမက များစွာလိုလာတယ်၊ ဒါကြောင့် သံသရာ လက်ခံတဲ့ဘာသာမှာ ကံကိုလက်ခံလာရတယ်။

ဒီနေရာမှာ အကိရိယ၀ါဒရဲ့ အထူးလေး ပြောချင်ပါသေးတယ်၊ သူက ကံကိုတော့ လက်မခံဘူး၊ ဒါပေမဲ့ သတ္တ၀ါ မဟာကပ် (၈)သန်း (၄)သိန်းအထိ သံသရာလည်နေရမယ်၊ (၈)သန်း (၄)သိန်းပြည့်တဲ့အခါ သူ့အလိုလို သံသရာကလွတ်သွားမယ်၊ ဘာမှမလုပ်မနေနဲ့ အချိန်ကိုသာ ထိုင်စောင့်ဆိုတဲ့သဘော ပြောသေးတယ်။ အဲဒါကို သံသရာလို့ပြောရမှာ ခပ်ခက်ခက်ဘဲ၊ သူ့အယူအဆကိုတော့ ဒီအတိုင်းထားလိုက်ကြစို့။

ဒီနေ့ ကမ္ဘာမှာ လူအများစု ယုံကြည်နေတဲ့ ဘာသာအရ - လူသားတစ်ဦးဟာ ဖန်ဆင်းရှင်ကြီးက လူသားအဖြစ် ဖန်ဆင်းပေးလိုက်လို့ လူဖြစ်လာတယ် ဆိုပါစို့၊ ဒါဆိုရင် သူ့မှာ ဒီလူ့ဘ၀ရဲ့ အရင်က ဘ၀တစ်ခု မရှိခဲ့ဘူး၊ အခုမှ သတ္တ၀ါဖြစ်လာတယ်။ တစ်ခါ ဒီဘ၀က သေပြီးရင် ခန္ဓာကိုယ်မြှုပ်နှံတဲ့ သင်္ချိုင်းမှာဘဲ ၀ိညာဉ်အဖြစ်နဲ့ တည်နေရမယ်၊ အဲဒီ ၀ိညာဉ်ကို နောက်ဘ၀ လို့လဲမဆိုနိုင်ဘူး၊ ဘာကြောင့် ဒီဝိညာဉ်နဲ့ ရုပ်ခန္ဓာနဲ့တွဲပြီး လူသားအဖြစ် ဖန်ဆင်းပေးထားတာ ခန္ဓာကိုယ်ကသာ ပျက်စီးသွားတာ ၀ိညာဉ်က မပျက်စီးဘူး၊ အဲဒီ ၀ိညာဉ်မှာ လူအဖြစ်ရှင်သန်နေစဉ်ကာလက ပြုမူခဲ့တဲ့ အပြုအမူတွေ အားလုံကို မှတ်ထားတယ်၊ ဒါကို ဘုရားက သိတယ်၊ အဲဒီ မှတ်ချက်ကိုကြည့်ပြီး နောင်အခါ တရား ဆုံးဖြတ်တဲ့နေ့ကျရင် ဘုရားကဆုံးဖြတ်ပြီး သူ့ကို သုခဘုံသို့၎င်း၊ ဒုက္ခဘုံသို့၎င်း ပို့ပေးလိမ့်မယ်၊ အဲဒီသုခဘုံ၊ ဒုက္ခဘုံမှာ နေထိုင်ရတဲ့ဘ၀ကို လူသားရဲ့ အနာဂတ်ဘ၀ လို့ဆိုရင်တော့ရတယ်၊ ဒီဘာသာအရ အတိတ်ဘ၀မရှိ အနာဂတ်ဘ၀လည်း တစ်ခုဘဲရှိတယ်ဆိုပါစို့၊ ဒါကြောင့် ဒီဘာသာဟာ သံသရာကို လက်မခံတဲ့သဘော စာရင်းမှာ ထည့်ရမယ်။

သံသရာကို လက်ခံတဲ့ဝါဒတွေကတော့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဘဲ၊ သတ္တ၀ါတစ်ဦးဟာ အခုဖြစ်နေတဲ့ဘ၀ရဲ့ ရှေးက ဘ၀ပေါင်းများစွာ သတ္တ၀ါတွေဖြစ်ခဲ့ဘူးတယ်၊ နောင်အနာဂတ် မှာလည်း ဘ၀တွေများစွာ ဖြစ်နေဦးမယ်၊ အဲဒီဘ၀တွေဆိုတာ လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်၊ ငရဲ၊ ပြိတ္တာမျိုးစုံကို ဆိုတာ၊ ဒီလိုဘ၀တွေများ ကျင်လည်တဲ့အခိုက်မှာ အဲဒီသတ္တ၀ါတွေဟာ သူပြုခဲ့တဲ့ ကောင်း၊ မကောင်းကံတွေရဲ့ အကျိုးတွေကို ခံစားနေရတယ်၊ ကောင်းတဲ့ကံက အကျိုးပေးတဲ့အခါ ချမ်းသာသုခ ခံစားရပြီး၊ မကောင်းတဲ့ ကံက အကျိုးပေးတဲ့အခါ ဆင်းရဲဒုက္ခ ခံစားရတယ်၊ ကောင်းတဲ့ကံကြောင့် ကောင်းတဲ့ ဘုံဘ၀တွေမှာရောက်ပြီး မကောင်းတဲ့ကံကြောင့် မကောင်းတဲ့ ဘုံဘ၀တွေမှာ ရောက်ကြရတယ်လို့ ယုံကြည်တယ်။

ဗုဒ္ဓဘာသာဟိန္ဒူ မတူတဲ့အချက်က အဲဒီကံရဲ့ အကျိုး ခံစားရတဲ့အပိုင်းမှာ အမြင်ကွဲသွားတာဘဲ၊ ဘယ်လိုလဲဆိုတော့ ဟိန္ဒူက သတ္တ၀ါမှာ မပျက်မစီး အမြဲတည်တဲ့ အတ္တရှိတယ်၊ သတ္တ၀ါသေပြီဆိုရင် ရုပ်နာမ်ခန္ဓာကြီးကသာ ပျက်စီးသွားတယ်၊ အတ္တက မပျက်စီးဘူး၊ သူက နောက်တစ်ဘ၀ကို ပြောင်းသွားတယ်လို့ ယူဆတယ်၊ အဲဒီသတ္တ၀ါပြုသမျှ ကောင်း-မကောင်းကံတွေက အဲဒီ အတ္တနဲ့အတူပါသွားပြီး ဖြစ်လေရာဘ၀မှာ အကျိုးပေးတော့တာဘဲ၊ ကံရဲ့ အကျိုးကို ရှောင်လို့မရဘူး၊ ခံစရာ ရှိရင်ခံ၊ စံစရာရှိရင်စံဘဲ။

ဗုဒ္ဓဘာသာမှာက အဲဒီအတ္တဆိုတာကို လက်မခံဘူး၊ အနတ္တ၀ါဒ၊ သတ္တ၀ါမျာ ရုပ်နဲ့နာမ် ဒါဘဲရှိတယ်၊ ဒါကြောင့် သတ္တ၀ါသေရင် ရုပ်ရော နာမ်ရော ပျက်စီးသွားတယ်၊ နောက်ဘ၀အသစ်ထဲကို ဒီဘ၀ဟောင်းက ဘာမှပြောင်းရွှေ့ သွားတဲ့အရာဆိုတာ မရှိဘူးလို့ ယုံကြည်တယ်၊ ဒါဆိုရင် ဒီဘ၀ပြုတဲ့ကံတွေက နောက်ဘ၀ကို ဘယ်လိုလိုက်ပြီး အကျိုးပေးမလဲ၊ ဒါ ဒီမေးခွန်းကို ဗုဒ္ဓဘာသာက ဒီလို ဖြေပါတယ်။

သတ္တ၀ါတစ်ဦးဟာ ကောင်းတာဘဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အပြုအမူတစ်ခု ပြုပြီဆိုရင် အဲဒီသတ္တ၀ါရဲ့ စိတ်ထဲမှာ ဒီအမူကို ပြုလိုတဲ့စိတ်ဖြစ်တယ်၊ အဲဒီပြုလိုတဲ့စိတ်ဆိုတာ အဘိဓမ္မာစကားလုံးနဲ့ပြောရရင် စေတနာပေါ့။ သူကတိုက်တွန်းလို့ပြုဖြစ်တာ၊ အပြုအမူဆိုတာ ရုပ်ဒြပ်မှာဖြစ်တယ်၊ ဥပမာ - သူတစ်ဦးကို သတ်တယ် ဆိုပါတော့၊ ရုပ်ဝတ္ထုနဲ့ သတ်ရတယ်၊ နာမ်တရားက သတ်ချင်တဲ့သဘော၊ သတ်ချင်လို့ သတ်လိုက်တယ်၊ သတ်ချင်တဲ့ နာမ်ရော၊ သတ်တဲ့ရုပ်ရော မြဲတဲ့တရားမဟုတ်လို့ ဖြစ်ပြီးပျက်သွားတယ်၊ ဒါဖြင့် ဘာကျန်လဲ၊ အဲဒီသတ်ချင်တဲ့ စေတနာ၊ နာမ်တရားချုပ်သွားတဲ့အခါမှာ ကံသတ္တိကလေး ကျန်ရစ်တယ်၊ ဘယ်မှာ တည်သလဲ၊ နာမ် ခန္ဓာအစဉ်မှာ တည်တယ်၊ နာမ်ခန္ဓာ အစဉ်ရှိသ၍ လိုက်ပါနေနိုင်တာ။ ဒါဗုဒ္ဓဘာသာရဲ့ နက်နဲတဲ့အတွေးပဲ။ ဒီလိုနည်းနဲ့ ကံတွေဟာ ဘ၀တစ်ခုကနေ နောက်ဘ၀တစ်ခုစီကို လိုက်ပါနေကြတာ။ အဲဒီ ကံသတ္တိဆိုတာ နာမ်လည်း မဟုတ်ဘူး။ ရုပ်လည်း မဟုတ်ဘူး။ အကျိုးဖြစ်စေတက်တဲ့ သဘောကလေး သက်သက်ပဲ။ ဒါကြောင့်သူက မပျက်စီးဘူး။ နာမ်ခန္ဓာ အစဉ်ရှိသရွေ့ တည်နိုင်တယ်။

ဟိန္ဒူဝါဒက အတ္တလေးထဲမှာ ကံတွေပါသွားတယ်။ ဒီအတ္တလေး ဘ၀တစ်ခုကနေ ဘ၀တစ်ခုကို ကူးပြောင်းတယ်။ ဒီအတ္တလေးက ခန္ဓာကိုယ် အဟောင်းစွန့်ပြီး ခန္ဓာကိုယ်အသစ်ထဲ ၀င်သွားတယ်လို့ ယူဆတယ်။ ဒီနေရာမှာ ဘ၀သစ်၊ ဘ၀ဟောင်း အဆက်အစပ်နဲ့ ပတ်သက်ပြီး စဉ်းစားကြည့်ရအောင်။

B.A အဆင့် ပညာသင်ကြားပြီးတဲ့ လူတစ်ယောက် သေသွားပြီး လူပြန်ဖြစ်တယ်ဆိုပါတော့။ ဒီသေသွားတဲ့လူဘဲ နောက်ဘ၀ အသစ်ပြန် ဖြစ်ရင် မွေးပြီးတာနဲ့ သူဟာ M.A ကို တန်းတက်နိုင် ရမှာပေါ့ အခု အဲဒီလို မတက်နိုင်ဘူး။ ကကြီးခခွေးကစပြီး သင်ရတာပဲမဟုတ်လား။ ဒါနဲ့ ထောက်ကြည့်ယင် ဘ၀ဟောင်းနဲ့ ဘ၀သစ် လုံးဝအဆက်အစပ် မရှိဘူးလို့ ယူဆတဲ့ ၀ါဒက သဘာဝကျပါတယ်။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

ကယ်တင်ရှင်မဟုတ်

ဒို့ဘုရားက ကယ်တင်ရှင် မဟုတ်ဘူး၊ ကယ်လည်း မကယ်နိုင်ဘူး၊ သက်သေပြမယ်၊ ဘုရားရဲ့အမျိုး သာကီဝင်တွေကို ကောသလတိုင်းက ၀ိဍဍူဘ-ဆိုတဲ့မင်းက မကျေနပ်လို့ လိုက်သတ်တာလေ၊ အဲဒီအချိန်က ဘုရား အသက်ထင်ရှားရှိသေးတာဘဲ၊ သူမကယ်နိုင်ပါဘူး၊ ထွက်ပြေးကြရတာပါ၊ ပြေးနိုင်တဲ့သူတွေ လွတ်ပြီး မပြေးနိုင်သူတွေ သေကုန်တာပါပဲ၊ ဒီတော့ သူ့အမျိုးတောင် မကယ်နိုင်ဘူးဆိုရင် တစိမ်းဘယ်မှာ ကယ်နိုင်မလဲ၊ ဒါကို မသိတော့ တစ်ချို့က ငှက်ပျောသီး အုန်းသီးတွေနဲ့ သာသနာပွဲထိုးပြီး ဘုရားဆီက ဟိုဟာတောင်း၊ ဒီဟာတောင်းနဲ့ တောင်းကြတာ၊ ဒို့ဘုရားက မပေးနိုင်ပါဘူး။

ဒီနေရာမှာ အခြားဘာသာတွေနဲ့ ကွာခြားချက်ကလေး ထုတ်ကြည့်ရအောင်၊ ဘုရားချင်းမတူဘူး၊ သူတို့က ထာဝရ ဘုရား၊ ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်တဲ့အတွက် အို၊ နာ၊ သေ မရှိဘူး၊ အမြဲတည်တယ်၊ ဒို့ ဘုရားက လူသား အို၊ နာ၊ သေ ရှိတယ်၊ မမြဲဘူး။

သူတို့က သတ္တ၀ါတွေရဲ့အတွင်း မပျက်မစီး အမြဲတည်တဲ့ အတ္တရှိတယ်လို့ ယူဆတယ်၊ ဒို့က အဲဒါမရှိဘူး၊ ရုပ်နဲ့ နာမ်ဘဲရှိတယ်၊ ရှိတဲ့ ရုပ်နာမ်ဟာလည်း ပျက်စီးတယ်၊ မမြဲဘူး၊ ဒါကွားခြားချက်ပါဘဲ။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

Thursday 24 February 2011

ဗုဒ္ဓ၀ါဒ

အခု ဗုဒ္ဓဘာသာရဲ့ ယုံကြည်ကိုးကွယ်မူအပိုင်း သွားရအောင်၊ ငါတို့ ဗုဒ္ဓဘာသာဘုရားက တခြားဘာသာက ဘုရားတွေနဲ့ မတူဘူး၊ ဒို့ဘုရားက လူသားဘုရား၊ လူမိဘက မွေးဖွားလာပြီး အသက်ရှင်သန်နေထိုင်တယ်၊ အိမ်ထောင်သားမွေးပြုတယ်၊ အိုတယ်၊ နာတယ်၊ သေတယ်၊ ဒါကြောင့် ခုနက ယုံကြည်ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ် ဖွင့်တဲ့နေရာမှာ တစ်မျိုးပြောင်းဖွင့်ရမယ်။

အမှန်တရားကို ကိုယ်တိုင်ရှာဖွေသိရှိထားသူ သူတစ်ပါးကို သိရှိအောင်ဖြန့်ဝေပေးသူ၊ ဘုရားတစ်ဆူမှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံပြီး ဘုရားတစ်ဆူ သိသင့်သိထိုက်တဲ့ တရားဓမ္မအားလုံးကို သိပြီးသူ၊ ဒီလိုယုံကြည်တာ။

ကိုးကွယ်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့က သူ့ကို အမှီပြုပြီး ငါတို့လည်း အမှန်တရားကို သိရှိလာနိုင်တယ်၊ ဒါကြောင့် သူ့ကို အားကိုးရမယ်၊ အမှန်တရားကို မသိသရွေ့ အမှားထဲမှာ တ၀ဲလည်လည်နဲ့ နစ်မွန်းပြီး ဒုက္ခပင်လယ်ဝေနိုင်တယ်၊ အဲဒီဒုက္ခလွတ်အောင် သူနဲ့ အကာအကွယ်ပြုရမယ်၊ ဒီလိုအဓိပ္ပာယ်ဖွင့်မှ မှန်မယ်။

ဗုဒ္ဓဘာသာဘုရားက သတ္တ၀ါတွေအပေါ် လွှမ်းမိုး မထားဘူး၊ သတ္တ၀ါတွေ ဒုက္ခရောက်အောင်မလုပ်ဘူး၊ သတ္တ၀ါတွေ ဒုက္ခရောက်နေတာ ဘုရားနဲ့မဆိုင်ဘူး၊ ကိုယ့်ကံကြောင့် ကိုယ်ဒုက္ခရောက်တာ၊ ဒါကြောင့် ဒုက္ခကလွတ်အောင်၊ သက်သာအောင် ဘုရားကို သွားပြီး အပူကပ်ဘို့ မလိုဘူး၊ ကျေနပ်အောင်ချော့ဘို့လည်း မလိုဘူး၊ ငါတို့ဘုရားဝတ်တက်တယ်ဆိုတာနဲ့ သူတို့ ၀တ်ပြုဆုတောင်းတာနဲ့ မတူဘူး။ ငါတို့ကို အမှန်တရားသိအောင် ပြုပေးလို့ လမ်းမှန်ညွှန်ပြပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ သူ့ရဲ့ဂုဏ်ပုဒ်တွေ ရွတ်ဆိုပြီး ချီးကျူးတာသက်သက်ပဲ၊ ဘာတွေညာတွေ တောင်းဆိုတာ မလုပ်ဘူး၊ ဒုက္ခကလွတ်အောင်လည်း ကိုယ်တိုင်ပြုလုပ်ရမယ်၊ ချမ်းသာရအောင်လည်း ကိုယ်တိုင်ပြုလုပ်ရမယ်၊ ဘုရားကတော့ လမ်းဘဲညွှန်ပြပေးပါတယ်။

နောက်တစ်ခု နေ့ဘက်အလင်းရောင်ကို အမှီပြုပြီး သွားလာကြတဲ့ သတ္တ၀ါတွေအတွက် ကြည့်စရာမျက်လုံး ပါတယ်၊ ဒါနဲ့ကြည့်သွားကြပေါ့၊ ညဘက်အမှောင်နဲ့ ကျက်စားကြတဲ့ သတ္တ၀ါတွေအတွက်ကတော့ မျက်လုံးနဲ့တင် မလုံလောက်ဘူး၊ ဒါကြောင့် လင်းနို့တွေမှာ အရာဝတ္ထုကို ဖမ်းယူသိရှိနိုင်တဲ့ ရေဒါစနစ်ပါရှိနေတယ်။ ဒီလိုသဘာဝရဲ့ ထူးခြား ဆန်းကြယ်ပုံတွေ မြောက်များစွာကို ကြံစည်တွေးတောရင်း ဖန်ဆင်းရှင် ရှိနိုင်တယ်ဆိုတဲ့ အတွေးပေါက်လာတာပါဘဲ။

ဒီအတွေးကို အဟေတုက၀ါဒသမားတွေက လက်ခံမယ် မဟုတ်ဘူး၊ ဆူးကို ဘယ်သူချွန်ပေးသလဲ။ သမင်မျက်လုံးကို ဘယ်သူမျက်စဉ်း ခပ်ပေးသလဲ။ သူ့ဟာသူ ဖြစ်တာပါ၊ သဘာဝပဲပေါ့။

ဖန်ဆင်းရှင်သမားတွေရဲ့ ဖန်ဆင်းရှင်ဆိုတာဟာ ငါတို့ ဗုဒ္ဓဘာသာတွေအနေနဲ့ကတော့ သဘာဝတရားလို့ဘဲ ယူဆမှာပါ၊ ဒါဆို သဘာဝတရားသည်သာ ဖန်ဆင်းရှင်ပေါ့။

ဖန်ဆင်းရှင်ကြီးရှိနိုင်ပုံကိုတော့ သက်ရှိသက်မဲ့ နှစ်မျိုးနဲ့ တွေးကြည့်ရအောင်၊ ဥပမာ - ကြက်ခြံကြီးထဲက ကြက်ကလေးတစ်ကောင်ဆိုပါစို့။ ဒီကြက်ကလေး သူ့မိဘဖြစ်တဲ့ ကြက်မဖနဲ့ ကြက်မတို့ မိတ်လိုက်ရာကနေပြီး “ဥ” အဖြစ်ကို ရောက်လာတယ်။ နောက်ဥမှ အကောင်ဖြစ်လာတယ်။ အကောင်ဖြစ်ပြီး သူနဲ့ဘ၀တူ အခြား ကြက်ကလေးတွေနဲ့ ဆော့ကစားပြီး ကြက်ငယ်ဘ၀နဲ့ ရှင်သန်နေခဲ့တယ်။ အရွယ်ရောက်တဲ့အခါ အရွယ်တူ ကြက်ငယ်နဲ့မိတ်လိုက်ပြီး မျိုးဆက်သစ်တွေ မွေးထုတ်ပေးတယ်၊ ပြေးလွှား ကစားတယ်၊ တစ်ကောင်နဲ့တစ်ကောင် ရန်ဖြစ်တဲ့အခါ ဖြစ်တယ်။ ဒီလိုနေရင်းကနေ ကြက်ခြံပိုင်ရှင်ကြီး အဲဒီကြက်တွေရဲ့ အသားထွက်နူန်း အခြေအနေကို ကြည့်ပြီး ရှေ့ဆက်ထားသင့်ရင် ထားတယ်၊ အသားပေါ်သင့်ရင် အသားပေါ်ပစ်လိုက်တယ်။ အသားပေါ်ပစ်လိုက်ရင်တော့ ကြက်ကလေး ကြက်ခြံကနေ ကြက်သားဆိုင်ပေါ် ရောက်သွားတော့တာပဲ၊ အဲဒီ ကြက်ကလေး သူ့ဘ၀ သူပိုင်ဆိုင်တယ်။ သဘာဝအတိုင်း မွေးလာတယ်လို့ ထင်မှာပါဘဲ၊ ဒါပေမဲ့ သူ့ဘ၀ကို လွှမ်းမိုးထားတဲ့ ကြက်ခြံပိုင်ရှင်ကြီး ရှိနေတယ်။ ပိုင်ရှင်ကြီးက သူတို့ နေထိုင်စားသောက်ဖို့ နေထိုင်မကောင်းရင် ဆေးဝါးကုသဖို့ဆိုတာတွေကို စီမံပေးနေတယ်၊ ဒီအချက်ကို ကြက်ကလေး ရိပ်မိပါ့မလား။

နောက်တစ်ခု လယ်ကွင်းထဲက ကောက်ပင်ကလေး လယ်ကွက်ထဲမှာ ပေါက်ရောက် ရှင်သန်နေတယ်ဆိုပါစို့၊ မြေကြီးပေါ်မှာ အမြစ်နဲ့တွယ်ပြီး မြေထဲက ရေကိုသောက်ပြီး ရှင်သန်ခဲ့တယ်၊ လေကို ရှူရိုက်တယ်။ နေရောင်ခြည်ကို ခိုလူံတယ်၊ သစ်ပင်ရဲ့ သဘာဝနှင့်အညီ သူရှင်သန်ခဲ့တာပဲ၊ အချိန်တန်ရင် သီးနှံထွက်လာတယ်၊ ဒီလိုနဲ့ သီးနှံရင့်တော့ လယ်ပိုင်ရှင်က ရိတ်သိမ်းတော့တယ်၊ ကောက်ပင်ကလေး ဘ၀ဇာတ်သိမ်းတော့တာပေါ့၊ ကောက်ပင်ကလေးဟာ သူ့ဟာသူ သဘာဝအတိုင်း ကောက်ပင်ဖြစ်လာတယ်၊ သဘာဝအတိုင်း ရှင်သန်နေထိုင်တယ်လို့ ထင်ပေမဲ့ တကယ်တော့ သူ့ကို စိုက်ပျိုးတဲ့ လယ်ပိုင်ရှင်ကြီး ရှိတယ်၊ အဲဒီပိုင်ရှင်ကြီးက ရေတို့ မြေဆီတို့ကို ကျွေးမွေးတယ်၊ သူပအတွက်လိုအပ်လာတဲ့အခါ ကောက်ပင်ကလေးကို ရိတ်သိမ်းတော့တာပေါ့၊ သူ့ဘ၀ကို လွှမ်းမိုးထားတဲ့ လယ်ပိုင်ရှင်ကြီးရှိတာကို ကောက်ပင်ကလေး ရိပ်မိပါ့မလား၊ ဒါဖန်ဆင်းရှင်ရှိနိုင်ပုံကို ကြံဖန်တွေးတောတာပါ။

အလွန်ကြီးမားတဲ့ တန်ခိုးစွမ်းအားတွေနဲ့ ပြည့်စုံတဲ့ ဖန်ဆင်းရှင်ကြီးရှိတယ်၊ အဲဒီ ဖန်ဆင်းရှင်ကြီးက ငါတို့အပေါ်မှာ လွှမ်းမိုးအုပ်စိုးထားတယ်၊ ငါတို့ရဲ့ ကောင်းကျိုး ဆိုးကျိုးကို စီမံပိုင်ခွင့်ရှိတယ်လို့ ယုံကြည်လိုက်ရင် ဒါ ယုံကြည်မူဖြစ်တယ်၊ သူ့ကို အားကိုးအားထားပြုရတော့မယ်၊ ဆိုးကျိုးအန္တရာယ် မကျရောက်အောင် သူနဲ့ အကာအကွယ် ယူရတော့မယ်၊ ဒီအခါ ယုံကြည်ကိုးကွယ်မူ ဖြစ်သွားရော၊ ဘာသာရေးဆိုတဲ့ စကားလုံးလည်း ပါဝင်လာတယ်၊ ဘာသာရေး ယုံကြည်ကိုးကွယ်မူ ဖြစ်သွားတာပေါ့။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

ဣဿရနိမ္မာန-၀ါဒ(ဖန်ဆင်းရှင်နှင့် ဖန်ဆင်းရှင်ရှိနိုင်ပုံအတွေး)

စောစောပိုင်းလောက်မှာ လူသားဟာ သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ဖန်တီးပေးနိုင်တဲ့ နတ်ဗြဟ္မာလောက်ဘဲ စဉ်းစားတွေးခေါ်တယ်။ နောက်ပိုင်းကျတော့ ဒီထက်ပိုပြီး တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ အရာအားလုံးကို စနစ်တကျ စီမံကွပ်ကဲနေတဲ့ ပုဂ္ဂိုလ်ကြီးလည်း ရှိနိုင်တယ်ဆိုတဲ့ အတွေးဝင်လာပြီး မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုတွေ ဖြစ်ပျက်နေပုံ နက်နက်နဲနဲ ကြံစည် တွေးတောလာတယ်၊ ဒီအခါ မိမိဉာဏ်နဲ့ အကြောင်းအကျိုးဆက်စပ်ကြည့်လို့ရတာရှိသလို မရတာလဲ တွေ့လာရတယ်။ မိမိဉာဏ်နဲ့ မမှီတဲ့ အရာတွေကို ဖန်ဆင်းရှင်ကြီးရဲ့ လက်ချက်လို့ ကောက်ချက် ချတော့တယ်။

ဖန်ဆင်းရှင်ဝါဒီတွေရဲ့ အတွေးအချို့ကို နဲနဲပြောချင်ပါတယ်၊ တွေးပုံက အအေးပိုင်းဒေသမှာ နေထိုင်ကျက်စားတဲ့ သတ္တ၀ါရဲ့ခန္ဓာကိုယ်နဲ့ အပူပိုင်းဒေသမှာ နေထိုင်ကျက်စားတဲ့ သတ္တ၀ါရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံ မတူတာကို ထောက်ပြကြပါတယ်။ ကုန်းနေသတ္တ၀ါနဲ့ ရေနေသတ္တ၀ါတွေရဲ့ ကွဲပြားပုံကိုလည်း တွေးကြည့်တယ်။

ဥပမာ ရေစပ်မှာ ငါးရှာစားတဲ့ ငှက်ရဲ့ ခြေထောက်တွေဟာ ခြေတံရှည်နေတာတွေ့ရမယ်၊ နောက်ပြီး ရေထဲမှာ ကြာကြာစိမ်နိုင်ဘို့ အရေခွံ အမာတွေနဲက ဖုံးပေးထားတယ်၊ ရေနက်မှာရှိတဲ့ ငါးကို ဖမ်းနိုင်ဘို့ နူတ်သီးကို ရှည်ပေးထားတယ်၊ ဒါတွေဟာ တိုက်ဆိုင်မူလို့ ဆိုမလား၊ တမင်ဖန်တီးထားတာ မဖြစ်နိုင်ဘူးလား။

နောက်တစ်ခု နားထင်စပ်မှာပေါက်တဲ့ ဆံပင်နဲ့ မျက်ခုံးမှာပေါက်တဲ့ မျက်ခုံးမွှေး၊ အရေပြားပေါ်မှာ ပေါက်ကြတယ်၊ နေရာအားဖြင့် တစ်လက်မသာသာဘဲ ကွာဝေးတယ်၊ အမွှေးချင်းလည်း တူတယ်၊ ဒါပေမယ့် ဆံပင်ကို ဖြတ်လိုက်ရင် ပြန်ရှည်တယ်၊ ၂ပေလောက်ထိ ပြန်ရှည်တယ်၊ မျက်ခုံးမွှေးရိတ်လိုက်ရင်လည်း ပြန်တော့ရှည်ပါတယ်၊ ဒါပေမဲ့ လက်မ၀က်လောက် ရှည်ပြီးရင် ရပ်သွားတယ်၊ ဆက်မရှည်တော့ဘူး၊ ဒါကော ဘယ်လိုလဲ။

နောက်တစ်ခု လူ့ခန္ဓာကိုယ်တွင်း အပူချိန်၊ အပြင်မှာ အပူအအေး အနိမ့်အမြင့်ရှိပေမဲ့ ခန္ဓာကိုယ်တွင်း အပူချိန်ကတော့ အမြဲပုံမှန်ရှိနေတယ်၊ ရှိအောင် အရေပြားက ထိန်းပေးထားတာ၊ အဲဒီအပူချိန်ထိန်း စနစ်က သူ့အလိုလို ဖြစ်ပေါ်တယ်လို့ ဆိုမလား။

နောက်တစ်ခု နေ့ဘက်အလင်းရောင်ကို အမှီပြုပြီး သွားလာကြတဲ့ သတ္တ၀ါတွေအတွက် ကြည့်စရာမျက်လုံး ပါတယ်၊ ဒါနဲ့ကြည့်သွားကြပေါ့၊ ညဘက်အမှောင်နဲ့ ကျက်စားကြတဲ့ သတ္တ၀ါတွေအတွက်ကတော့ မျက်လုံးနဲ့တင် မလုံလောက်ဘူး၊ ဒါကြောင့် လင်းနို့တွေမှာ အရာဝတ္ထုကို ဖမ်းယူသိရှိနိုင်တဲ့ ရေဒါစနစ်ပါရှိနေတယ်။ ဒီလိုသဘာဝရဲ့ ထူးခြား ဆန်းကြယ်ပုံတွေ မြောက်များစွာကို ကြံစည်တွေးတောရင်း ဖန်ဆင်းရှင် ရှိနိုင်တယ်ဆိုတဲ့ အတွေးပေါက်လာတာပါဘဲ။

ဒီအတွေးကို အဟေတုက၀ါဒသမားတွေက လက်ခံမယ် မဟုတ်ဘူး၊ ဆူးကို ဘယ်သူချွန်ပေးသလဲ။ သမင်မျက်လုံးကို ဘယ်သူမျက်စဉ်း ခပ်ပေးသလဲ။ သူ့ဟာသူ ဖြစ်တာပါ၊ သဘာဝပဲပေါ့။

ဖန်ဆင်းရှင်သမားတွေရဲ့ ဖန်ဆင်းရှင်ဆိုတာဟာ ငါတို့ ဗုဒ္ဓဘာသာတွေအနေနဲ့ကတော့ သဘာဝတရားလို့ဘဲ ယူဆမှာပါ၊ ဒါဆို သဘာဝတရားသည်သာ ဖန်ဆင်းရှင်ပေါ့။

ဖန်ဆင်းရှင်ကြီးရှိနိုင်ပုံကိုတော့ သက်ရှိသက်မဲ့ နှစ်မျိုးနဲ့ တွေးကြည့်ရအောင်၊ ဥပမာ - ကြက်ခြံကြီးထဲက ကြက်ကလေးတစ်ကောင်ဆိုပါစို့။ ဒီကြက်ကလေး သူ့မိဘဖြစ်တဲ့ ကြက်မဖနဲ့ ကြက်မတို့ မိတ်လိုက်ရာကနေပြီး “ဥ” အဖြစ်ကို ရောက်လာတယ်။ နောက်ဥမှ အကောင်ဖြစ်လာတယ်။ အကောင်ဖြစ်ပြီး သူနဲ့ဘ၀တူ အခြား ကြက်ကလေးတွေနဲ့ ဆော့ကစားပြီး ကြက်ငယ်ဘ၀နဲ့ ရှင်သန်နေခဲ့တယ်။ အရွယ်ရောက်တဲ့အခါ အရွယ်တူ ကြက်ငယ်နဲ့မိတ်လိုက်ပြီး မျိုးဆက်သစ်တွေ မွေးထုတ်ပေးတယ်၊ ပြေးလွှား ကစားတယ်၊ တစ်ကောင်နဲ့တစ်ကောင် ရန်ဖြစ်တဲ့အခါ ဖြစ်တယ်။ ဒီလိုနေရင်းကနေ ကြက်ခြံပိုင်ရှင်ကြီး အဲဒီကြက်တွေရဲ့ အသားထွက်နူန်း အခြေအနေကို ကြည့်ပြီး ရှေ့ဆက်ထားသင့်ရင် ထားတယ်၊ အသားပေါ်သင့်ရင် အသားပေါ်ပစ်လိုက်တယ်။ အသားပေါ်ပစ်လိုက်ရင်တော့ ကြက်ကလေး ကြက်ခြံကနေ ကြက်သားဆိုင်ပေါ် ရောက်သွားတော့တာပဲ၊ အဲဒီ ကြက်ကလေး သူ့ဘ၀ သူပိုင်ဆိုင်တယ်။ သဘာဝအတိုင်း မွေးလာတယ်လို့ ထင်မှာပါဘဲ၊ ဒါပေမဲ့ သူ့ဘ၀ကို လွှမ်းမိုးထားတဲ့ ကြက်ခြံပိုင်ရှင်ကြီး ရှိနေတယ်။ ပိုင်ရှင်ကြီးက သူတို့ နေထိုင်စားသောက်ဖို့ နေထိုင်မကောင်းရင် ဆေးဝါးကုသဖို့ဆိုတာတွေကို စီမံပေးနေတယ်၊ ဒီအချက်ကို ကြက်ကလေး ရိပ်မိပါ့မလား။

နောက်တစ်ခု လယ်ကွင်းထဲက ကောက်ပင်ကလေး လယ်ကွက်ထဲမှာ ပေါက်ရောက် ရှင်သန်နေတယ်ဆိုပါစို့၊ မြေကြီးပေါ်မှာ အမြစ်နဲ့တွယ်ပြီး မြေထဲက ရေကိုသောက်ပြီး ရှင်သန်ခဲ့တယ်၊ လေကို ရှူရိုက်တယ်။ နေရောင်ခြည်ကို ခိုလူံတယ်၊ သစ်ပင်ရဲ့ သဘာဝနှင့်အညီ သူရှင်သန်ခဲ့တာပဲ၊ အချိန်တန်ရင် သီးနှံထွက်လာတယ်၊ ဒီလိုနဲ့ သီးနှံရင့်တော့ လယ်ပိုင်ရှင်က ရိတ်သိမ်းတော့တယ်၊ ကောက်ပင်ကလေး ဘ၀ဇာတ်သိမ်းတော့တာပေါ့၊ ကောက်ပင်ကလေးဟာ သူ့ဟာသူ သဘာဝအတိုင်း ကောက်ပင်ဖြစ်လာတယ်၊ သဘာဝအတိုင်း ရှင်သန်နေထိုင်တယ်လို့ ထင်ပေမဲ့ တကယ်တော့ သူ့ကို စိုက်ပျိုးတဲ့ လယ်ပိုင်ရှင်ကြီး ရှိတယ်၊ အဲဒီပိုင်ရှင်ကြီးက ရေတို့ မြေဆီတို့ကို ကျွေးမွေးတယ်၊ သူပအတွက်လိုအပ်လာတဲ့အခါ ကောက်ပင်ကလေးကို ရိတ်သိမ်းတော့တာပေါ့၊ သူ့ဘ၀ကို လွှမ်းမိုးထားတဲ့ လယ်ပိုင်ရှင်ကြီးရှိတာကို ကောက်ပင်ကလေး ရိပ်မိပါ့မလား၊ ဒါဖန်ဆင်းရှင်ရှိနိုင်ပုံကို ကြံဖန်တွေးတောတာပါ။

အလွန်ကြီးမားတဲ့ တန်ခိုးစွမ်းအားတွေနဲ့ ပြည့်စုံတဲ့ ဖန်ဆင်းရှင်ကြီးရှိတယ်၊ အဲဒီ ဖန်ဆင်းရှင်ကြီးက ငါတို့အပေါ်မှာ လွှမ်းမိုးအုပ်စိုးထားတယ်၊ ငါတို့ရဲ့ ကောင်းကျိုး ဆိုးကျိုးကို စီမံပိုင်ခွင့်ရှိတယ်လို့ ယုံကြည်လိုက်ရင် ဒါ ယုံကြည်မူဖြစ်တယ်၊ သူ့ကို အားကိုးအားထားပြုရတော့မယ်၊ ဆိုးကျိုးအန္တရာယ် မကျရောက်အောင် သူနဲ့ အကာအကွယ် ယူရတော့မယ်၊ ဒီအခါ ယုံကြည်ကိုးကွယ်မူ ဖြစ်သွားရော၊ ဘာသာရေးဆိုတဲ့ စကားလုံးလည်း ပါဝင်လာတယ်၊ ဘာသာရေး ယုံကြည်ကိုးကွယ်မူ ဖြစ်သွားတာပေါ့။


မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

Wednesday 23 February 2011

လူသားနဲ့ ဘာသာရေး

အခု ဘာသာတရား သို့မဟုတ် ယုံကြည်ကိုးကွယ်မူ အကြောင်း နဲနဲသွားကြည့်ရအောင်၊ ယုံကြည်ကိုးကွယ် ဆိုတဲ့စကားမှာ ယုံကြည်ရယ်၊ ကိုးရယ်၊ ကွယ်ရယ်လို့ သုံးပုဒ်ဖြတ်လိုက်၊ ယုံကြည်ဆိုတာ လူသားရဲ့ စိတ်မှာဖြစ်တတ်တဲ့ စွဲထင်မူသဘောပါတဲ့။ ဥပမာ- အရာဝတ္ထုတစ်ခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦး လက်တွေ့မျက်မြင်အားဖြင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှိနေတယ်လို့ စိတ်ထဲစွဲထင်နေရင် အဲ့ဒါဟာ ရှိတာဘဲ၊ ရှိနေတယ်လို့ ယုံကြည်တာဘဲ၊ လက်တွေ့မျက်မြင် ယုံတာရယ်၊ စိတ်ကူးနဲ့ ယုံတာရယ်လို့ အမျိုးအစား ကွဲပြားနိုင်တယ်။

ကိုးဆိုတာ အားကိုးတာ။ အဲဒီရှိနေတဲ့ အရာဝတ္ထု သို့မဟုတ် ပုဂ္ဂိုလ်က မိမိရဲ့ ကောင်းကျိုးတစ်ခုခုကို ဆောင်ကျဉ်းပေးလိမ့်မယ်လို့ ထင်မှတ်ပြီး အားကိုးတာ။

ကွယ်ဆိုတာ ကာကွယ်တာ။ အဲဒီအရာဝတ္ထု အဲဒီ ပုဂ္ဂိုလ်ကို ကွယ်လိုက်ရင် မိမိအပေါ်မှာ ကျရောက်လာမယ့် အန္တရာယ်ကနေ လွတ်သွားလိမ့်မယ်လို့ ထင်ပြီး ကာကွယ်တာပါ။

ညဖက် ရာသီဥတုသာယာတဲ့အချိန်မှာ ကောင်းကင်ကို မော့ကြည့်ပြီး နက္ခတ်တာရာတွေ လင်းလက်နေတာကို တွေ့တော့ အဲဒီ နက္ခတ်တာရာတွေပေါ်မျာ တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ ပုဂ္ဂိုလ်တွေရှိမယ်လို့ တွေးမိလာတယ်၊ တစ်ခါ အဲဒီ နက္ခတ်တာရာတွေရဲ့ အလင်းရောင် တောက်ပမူ၊ မူန်ဝါးမူ၊ နေရာအနေအထား ပြောင်းလဲမူတွေနဲ့ လူသားလောကရဲ့ သာယာအေးချမ်းမူ၊ ဘေးဘျမ်းများမူ၊ ချမ်းသာမူ၊ ဆင်းရဲမူတွေ အဆက်အစပ် ဖြစ်နေတာကိုတွေ့ရပြီး အဲဒီပုဂ္ဂိုလ်တွေက ငါတို့ လူသားတွေအပေါ် တစ်နည်းနည်းနဲ့ လွှမ်းမိုးမူရှိနေတာ ဖြစ်ရမယ်လို့ ယုံကြည်လာတယ်။ ပြီးတော့ မိမိချမ်းသာဖို့အတွက် အားကိုးလာတယ်၊ ဆင်းရဲပျောက်ဖို့ ကာကွယ်လာတယ်ပေါ့။

မြစ်ဘေးမှာ နေကြတဲ့လူသားတွေက အဲဒီမြစ်ကို အမှီပြုပြီး စိုက်ပျိုးစားသောက်၊ မြစ်ကြောင်းနဲ့ ကူးသန်းသွားလာလုပ်ကြတယ်၊ လူသားတွေချမ်းသာအောင် မြစ်က ကူညီပံ့ပိုးပေးတယ်၊ မြစ်ရေတွေကြီးလာပြီဆိုရင် ဘေးဒုက္ခတွေ့ပြီး သေကျေပျက်စီးကြ ပြန်တယ်၊ ဒီအခါ ဒီမြစ်ကြီးမှာ တန်ခိုးဣဒ္ဓိပါတ်ရှိတဲ့ ပုဂ္ဂိုလ်ကြီးရှိတယ်၊ သူကျေနပ်ရင် ကောင်းကျိုးပေးပြီး မကျေနပ်ရင် မကောင်းကျိုးပေးတယ်လို့ ယုံကြည်လာတယ်၊ ကောင်းကျိုးရဘို့ အားကိုးပြီး မကောင်းမှ ကာကွယ်ကြပြန်တယ်။

တစ်ခါ တောကိုအမှီပြုပြီးနေရတဲ့ လူသားက တောကို၊ တောင်ကို အမှီပြုပြီးနေရတဲ့ လူသားက တောင်ကို စဉ်းစားကြတာပါဘဲ၊ တောက ငါတို့အတွက် စားဘို့ သောက်ဘို့ သစ်သီးဝလံနဲ့ သားကောင်တွေ ပေးတယ်၊ နေဘို့၊ ထိုင်ဘို့ နေရာတွေ ပေးတယ်ဆိုပြီး ကောင်းကျိုးတွေကို တွေးမိတယ်၊ အသက်ဘေးအန္တရာယ်နဲ့ တွေ့ကြုံတဲ့အခါ ငါတို့အပေါ်မှာ မကျေနပ်တာရှိလို့ အခုလို လုပ်တာဘဲဆိုပြီး တွေးမိတယ်၊ ဒီလိုနဲ့ မြစ်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ အာကာသစိုး၊ ဘုမ္မစိုး ဆိုတာတွေ လူသားတွေရဲ့ စိတ်ထဲမှာ စွဲထင်လာတော့တယ်။

ဒီယုံကြည်မူကို ဘာသာရေးဆိုတဲ့ စကားလုံးနဲ့တွဲပြီး မသုံးသေးပါဘူး၊ ဒါက သမိုင်းဦးခေတ်လူသားတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကျတဲ့ အချိန်လောက်က ယုံကြည်မူတွေပါ။ နောက်ပိုင်းလူသားတွေ ဉာဏ်ရည်ဉာဏ်သွေးကောင်းလာပြီး တိုးတက်လာတဲ့အခါ အတွေးအခေါ်တွေပိုပြီး အဆင့်မြင့်လာတာကို တွေ့ရပါတယ်။


မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

ပုဗ္ဗေကတကမ္မ၀ါဒ

ပုဗ္ဗေဆိုတာ ရှေး၊ ကတ, က ပြုခဲ့ဘူးသော ကမ္မ,က ကံ၊ ရှေးအတိတ်ဘ၀က ပြုခံဘူးတဲ့ ကံလို့ အဓိပ္ပါယ် ရတယ်။

ဆိုလိုတာက အခုပစ္စုပ္ပန်ဘ၀မှာ ဖြစ်နေတဲ့ အကောင်း-အဆိုး၊ ဒုက္ခ-သုခတွေ အားလုံးဟာ ရှေးအတိတ်ကံကြောင့် ဖြစ်တာ၊ ပစ္စုပ္ပန်ဘ၀မာ ဖြစ်ပျက်မယ့် အရာအားလုံးကို အတိတ်ကံ ကြိုတင်စီမံပြီိးသား၊ ရှေးကံက အသက်ရှည်ဘို့ စီမံထားရင် အသက်ရှည်ကို ရှည်မှာ ၊ ဘယ်သူသတ်လို့မှ မသေဘူး၊ ရှေးကံက ဆင်းရဲဘို့ စီမံထားရင် ဆင်းရဲကို ဆင်းရဲမှာ၊ ဘယ်လို ကြိုးစား ကြိုးစား မချမ်းသာနိုင်ဘူး။ ပြုပြင်ဘို့ မကြိုးစားနဲ့ တွန်းလှန်ဘို့ မကြိုးစားနဲ့၊ လည်စင်းသာ ခံလိုက်ပေတော့။ ဖြစ်ပျက်သမျှအားလုံး အတိတ်ကံကို ပုံချတဲ့ ၀ါဒဘဲ။

ဒီဝါဒကိုလဲ မြတ်စွာဘုရား လက်မခံပါဘူး၊ ဒါပေမဲ့ ဗုဒ္ဓဘာသာတော်တော်များများက ဒီဝါဒကို မသိမသာ လက်ခံသလို ဖြစ်နေတတ်တယ်။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

သုည၀ါဒ


သုညဆိုတာ အချီးအနှီး ဆိတ်သုဉ်းတယ်၊ ဘာမှမရှိဘူးဆိုတဲ့ အနက်အဓိပ္ပါယ်ရတယ်။ လူဆိုတာမရှိ၊ နတ်, ဗြဟ္မာဆိုတာမရှိ၊ ငရဲ, တိရစ္ဆာန်ဆိုတာလဲမရှိ၊ အဖေအမေ ဆိုတာလဲ မရှိ စသည်ဖြင့် ပညတ်တွေကို ပယ်တာပါဘဲ၊ နောက် ကုသိုလ်, အကုသိုလ်ဆိုတာမရှိ၊ ပညာရှိ ပညာမဲ့ ဆိုတာမရှိ၊ အကောင်းအဆိုးဆိုတာမရှိ စသည်ဖြင့် ဂုဏ်သတ္တိတွေကိုလဲ ပယ်တယ်၊ အားလုံးကို ပယ်တာပါဘဲ၊ အားလုံးဘာမှ မရှိဘူးလို့ ယူဆတဲ့ ၀ါဒပါ။

ဒီဝါဒကို လက်ခံယုံကြည်တဲ့ ပရဗိုဇ်ရဟန်းတစ်ပါးက မြတ်စွာဘုရားကို အရှင်ဂေါတမ ကျွန်ုပ်ရဲ့ဝါဒက “သဗ္ဗံ သုညံ-အရာအားလုံးဟာ ဆိတ်သုဉ်းတယ်” ဆိုတဲ့ ၀ါဒဖြစ်ပါတယ်လို့ လျှောက်တယ်၊ ဒါဆိုရင် မင်းရဲ့ဝါဒဟာလည်း သုညပဲပေါ့ကွလို့ မြတ်စွာဘုရားက ပြောကြားလိုက်တယ်၊ သူ့ရဲ့ အရာအားလုံးဆိုတဲ့အထဲမှာ သူရော သူ့ဝါဒပါ ပါဝင်နေတယ်လေ၊ မြတ်စွာဘုရားရဲ့အဖြေက အတော်ကိုပိုင်ပါတယ်။

ပညတ်နဲ့ ဂုဏ်သတ္တိကိုခွဲခြားပြီး မရူမြင်တတ်တဲ့ ၀ါဒလို့ဆိုရမယ်၊ ဒီဝါဒက အခုလောလောဆယ်တောင် ရန်ကုန်မှာ ပေါ်နေတယ်လို့ကြားပါတယ်၊ ဗုဒ္ဓဘာသာ ရဟန်းအသွင်ယူထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဒီဝါဒနဲ့ တူတဲ့ တရားတွေ လိုက်ဟောနေတယ်လို့ ကြားတယ်၊ ကမ္ဘာအေး - သာသနာရေးဌာနက ခေါ်ပြီးသတိပေးရတယ်လို့တော့ ကြားရတာဘဲ။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

အကိရိယ၀ါဒ


ကိရိယက ပြုခြင်း၊ အ, က မရှိလို့ အဓိပ္ပါယ်ရတယ်၊ ပြုသော်လည်း ပြုရာမရောက်ဘူးလို့ ဆိုလိုတယ်၊ ကုသိုလ်, အကုသိုလ်တွေကို ပြုနေပေမဲ့ ပြုရာမရောက်ဘူး၊ ပြုသည် မမည်ဘူးလို့ ယူဆတဲ့ဝါဒဘဲ၊ ဒီဝါဒ အတော်ကြောက်စရာ ကောင်းတယ်၊ လူတစ်ယောက်ကို ဓားနဲ့ ထိုးသတ်တယ်ဆိုပါစို့။ လူ့ခန္ဓာကိုယ်ဆိုတဲ့ ရုပ်ဝတ္ထုဒြပ်ကြီးထဲကို ဓါးဆိုတဲ့ ရုပ်ဝတ္ထုဒြပ်ဝင်ရောက်သွားခြင်းသာ ဖြစ်တယ်၊ အကုသိုလ်ဆိုတာမရှိဘူး၊ ဒီလို ကြံစည်တဲ့ဝါဒ ဖြစ်တယ်။

ဒီဝါဒက နာမ်တရားရဲ့ စွမ်းအင်ကို ထည့်မစဉ်းစားဘူး၊ ရုပ်ဝတ္ထုဒြပ်ကိုသာ စဉ်းစားတဲ့ဝါဒဘဲလို့ ဆိုရမယ်၊ ဒါပေမယ့် အဲဒီမိုက်ရူးရဲတွေက ခေတ်အဆက်ဆက်မှာ ရှိနေတတ်တာဘဲ၊ ဒါကြောင့် ဒီဝါဒတွေ ရပ်တည်နိုင်တာပေါ့။

ဒီအကိရိယ၀ါဒဆိုတာ အကြောင်းကံကို ပယ်တဲ့ ၀ါဒဖြစ်တဲ့အတွက် ရှေးက အဟေတုက၀ါဒနဲ့ ဆင်တယ်လို့ဆိုရမယ်၊ ရှေးဝါဒက ပစ္စုပ္ပန်ဖြစ်ပေါ်နေတဲ့ အကျိုးတရားတွေရဲ့ ထူးခြားချက်ကို မြင်နေရသော်လည် အဲဒီ ထူးခြားချက်တွေဟာ အကြောင်းမရှိဘဲ ဖြစ်တာလို့ယူဆတယ်၊ အတိတ်အကြောင်းကို ပယ်တာပေါ့ နောက်ဝါဒက ပစ္စုပ္ပန်မှာပြုမူနေတဲ့ အပြုအမူတွေဟာ အနာဂတ်အကျိုးအတွက် အကြောင်းမဖြစ်စေဘူးလို့ ယူဆတာပါဘဲ။


မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

အဟေတုက၀ါဒ

အဟေတုကဆိုတာ အကြောင်းမရှိဘူးလို့ အဓိပ္ပါယ်ရတယ်၊ ဒီဝါဒ သာမညဖလသုတ် တတ္ထိတွေအကြောင်း ပြောတဲ့နေရာမှာ တွေ့ရတယ်၊ အဇာတသတ်မင်း သွားရောက်ဖူးတွေ့တဲ့ တိတ္ထိဆရာကြီးတွေထဲက တစ်ယောက်ဟာ ဒီဝါဒကို လက်ခံသူ ဖြစ်တယ်၊ သတ္တ၀ါဖြစ်ပေါ်လာတာ အကြောင်းမရှိဘူး၊ ဖြစ်ပြီးရှင်သန်နေတဲ့ အပိုင်းမှာ သတ္တ၀ါတစ်ဦး တွေ့ကြုံရတဲ့ ဆင်းရဲချမ်းသာ ဘ၀ရဲ့ အနိမ့်အမြင့်တွေဟာလည်း အကြောင်းမရှိဘူး၊ ဒီလို ယူဆတယ်၊ အမှန်တော့ ဒီဝါဒဟာ သူ့ရှေ့ကရှိပြီးဖြစ်တဲ့ ဖန်ဆင်းရှင်ဝါဒကို ပယ်တာဘဲ၊ အဲဒီခေတ် ရှေးဟောင်း အိန္ဒိယ အတွေးအခေါ် သမားတွေရဲ့ လောကမှာ ခေတ်စားနေတဲ့ မေးခွန်းလေးတွေရှိတယ်၊ သုဘလုလင်က မြတ်စွာဘုရားကို မေးခဲ့တဲ့ မေးခွန်းတွေပါဘဲ -

အချို့သတ္တ၀ါတွေ ချမ်းသာပြီး အချို့ဆင်းရဲတယ်၊

အချို့သတ္တ၀ါတွေ အသက်ရှည်ပြီး အချို့အသက်တိုတယ်၊

အချို့သတ္တ၀ါတွေ အဆင်းလှပြီး အချို့ရုပ်ဆိုးတယ်၊

အချို့သတ္တ၀ါတွေ ကျန်းမာပြီး အချို့ရောဂါထူပြောတယ်၊

အချို့သတ္တ၀ါတွေ သြဇာအာဏာရှိပြီး အချို့ သြဇာအာဏာမဲ့တယ်။


ဒီမေးခွန်းတွေကို မြတ်စွာဘုရား ကံနဲ့ဖြေခဲ့တယ်။ အဟေတုကသမားတွေက အကြောင်းမရှိပါဘူး၊ ချမ်းသာချင်တဲ့သူ ချမ်းသာမှာဘဲ၊ ဆင်းရဲချင်တဲ့သူ ဆင်းရဲမှာဘဲ၊ ဘာမှအကြောင်းမရှိပါဘူးလို့ ပြောမှာပါဘဲ။

ဒီနေရာမှာ စဉ်းစားစရာက တကယ်အကြောင်း မရှိတာလား၊ ရှိတဲ့အကြောင်းကို မြင်အောင်မကြည့်နိုင်တာလား ဆိုတာဘဲ။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။