ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 February 2011

၈။ ပဉ္စင်္ဂိကသုတ်


ရဟန်းတို့ ! အင်္ဂါ ၅-မျိုးရှိသည့် မြတ်သော သမ္မာသမာဓိပွါးများမူကို ဟောကြားအံ့၊ ထိုတရားကို နာကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောကြားပေးအံ့။

အင်္ဂါ ၅-မျိုးရှိသည့် မြတ်သော သမ္မာသမာဓိ ပွါးများမူဟူသည်မှာ -

၁။ ဤ သာသနာတော်၌ ရဟန်းသည် ကာမဂုဏ်, အကုသိုလ် တရား, နီဝရဏတရားတို့မှ ကင်းဆိတ်ခြင်း ကြောင့်သာ ဖြစ်သည့်၊ ၀ိတက်, ၀ီစာရ, ပီတိ, သုခရှိသော ပထမဈာန်ကို ၀င်စား၍ နေသည်။(၀ိတက်-ကြံစည်မူ၊ ၀ိစာရ-သုံးသပ်မူ၊ ပီတိ-နှစ်သက်မူ၊ သုခ-ချမ်းသာမူ)

ထိုရဟန်းသည် နီဝရဏကင်းဆိတ်ခြင်းကြောင့်သာ ဖြစ်သော ပီတိ, သုခဖြင့် တစ်ကိုယ်လုံး စိုစွတ်စေ, ပြည့်စေ, ပျံ့နှံ့စေသည်၊ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ဥပမာအားဖြင့် ကျွမ်းကျင်သော အငှါး ရေချိုးပေးသူဖြစ်စေ, ယင်း၏ တပည့်ကဖြစ်စေ ကြေးခွက်၌ ဆပ်ပြာမူန့်တို့ကို ထည့်ပြီး ရေဖျန်း ကာဖျန်းကာ အခဲပြုရာ၌ ထိုဆပ်ပြာခဲတစ်ခုလုံး အတွင်းအပြင် ရေအစိုဓာတ် နှံ့စပ်နေသည်၊ ထိုသို့ အစိုဓာတ် နှံ့စပ်နေသော်လည်း ယိုစီးခြင်းကား မရှိချေသကဲ့သို့တည်း။

ဤသည်ကား အင်္ဂါ ၅-မျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို ပထမ ပွါးများပုံတည်း။


၂။ ရဟန်းသည် ၀ိတက်, ၀ိစာရတို့ ချုပ်ငြိမ်းသွားခြင်းကြောင့် အတွင်းစိတ်အစဉ်ကို လွန်စွာ ကြည်လင်စေ တတ်သော သဒ္ဓါတရားပါဝင် စေလျက်၊ သမာဓိကို တိုးတက်စေနိုင်သော၊ ၀ိတက်ဝိစာရ မပါ၊ သမာဓိကြောင့်ဖြစ်သော၊ ပီတိသုခ ၂-မျိုးသာ ပါသော ဒုတိယဈာန်ကို ၀င်စားနေပြန်သည်။

ထိုရဟန်းသည် သမာဓိကြောင့်ဖြစ်သော ပီတိ, သုခဖြင့် တစ်ကိုယ်လုံး စိုစွတ်စေ, ပြည့်စေ, ပျံ့နှံ့စေသည်၊ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ဥပမာအားဖြင့် -

အထက်သို့ ရေစိမ့်ထွက်သည့် နက်သော ရေအိုင်တစ်ခု၌ အရှေ့ဖက်မှလည်း ရေ၀င်ပေါက်မရှိ၊ တောင်, နောက်, မြောက်ဖက်တို့မှလည်း ရေ၀င်ပေါက်မရှိ။

(က) မိုးလည်း မကြာမကြာ သည်းထန်စွာ မရွာ။

(ခ) ထိုရေအိုင်မှ အေးမြသော ရေအယဉ်သည် ရေယဉ်ကြောတို့မှ ထွက်ပေါ်လာ၍ ထိုရေအိုင်ကိုပင် အေးမြသော ရေအယဉ်ဖြင့် စိမ့်စိုစေ သကဲ့သို့တည်း။

ဤသည်ကား အင်္ဂါ ၅-မျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို ဒုတိယ ပွါးများပုံတည်း။


၃။ ရဟန်းသည် ပီတိကို စက်ဆုပ်ခြင်း, ပီတိ၏ ငြိမ်းအေးခြင်းကြောင့် ခံစားမူ၌ ဂရုမပြု လျစ်လျူရူ၍ ပီတိဖြစ်မလာအောင် သတိထား၍ ဆင်ခြင်ဉာဏ်ဖြင့် နေသည်၊ ထိုသို့ ခံစားမူ၌ လျစ်လျူထားသော်လည်း အလွန်မွန်မြတ်သည့် သုခကို နာမကာယဖြင့် ခံစားလျက်သာ ဖြစ်နေပြန်သည်။ (နာမကာယ-စိတ်၊ စေတသိက် ဟူသော နာမ် အပေါင်း)

ယင်း တတိယဈာန်ကြောင့် ထိုရဟန်းတို့ အရိယာများက “ချမ်းသာသုခကြီးကို လျစ်လျူရူနိုင်ပါပေစွ၊ သတိကောင်းပါပေစွ၊ ချမ်းချမ်းသာသာ နေလေ့ရှိပါပေစွ” ဟု ချီးမွမ်းကြရပေသည်။

ထိုကဲ့သို့သော တတိယဈာန်ကို ၀င်စား၍ နေသည်။

ထိုရဟန်းသည် ပီတိမပါသော သုခဖြင့် တစ်ကိုယ်လုံး စိုစွတ်စေ, ပြည့်စေ၊ ပျံ့နှံစေသည်၊ တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။

ဥပမာအားဖြင့် -

ဖြူနီညို ကြာတော, ပဒုမ္မာကြာတော, ပုဏ္ဍရိက်ကြာတော၌ ကြာရုံတွေ ပေါက်နေရာ၌ ရေထဲမှာသာ ပေါက်၍ ရေထဲမှာပင် ကြီးပွားနေတုန်းဖြစ်လျက် ရေပေါ်သို့ မထွက်လာသော ကြာတို့ ရှိကြသည်၊ ထိုကြာတွေကို အမြစ်မှ စ၍ အဖျားထိအောင် အေးမြသော ရေသည် စိုနေသကဲ့သို့ ထက်ဝန်းကျင် ပျံ့နှံ့နေသကဲ့သို့ ထိုကြာများ၏ တစ်စုံတစ်ခုသော အရပ်မျှ အေးမြသော ရေဖြင့် မပျံ့နှံ့သော နေရာမရှိတော့သကဲ့သို့ ဖြစ်လေသည်။

ဤသည်ကား အင်္ဂါ ၅-မျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို တတိယပွါးများပုံတည်း။

၎။ ရဟန်းသည် စတုတ္ထဈာန်မရမီ ရှေးမဆွကပင် ကိုယ်၌ ဖြစ်သော သုခဒုက္ခကို ပယ်နိုင်ခြင်း, စိတ်၌ ဖြစ်သော သုခဒုက္ခတို့ ချုပ်ငြိမ်းခြင်းကြောင့် သုခဒုက္ခ လုံးဝမပါဘဲ ဥပေက္ခာကြောင့် ဖြစ်ပေါ်လာသည့် ထက်ဝန်းကျင် သတိစင်ကြယ်မူရှိသာ စတုတ္ထဈာန်ကို ၀င်စား၍ နေပြန်သည်။

ဥပမာအားဖြင့် -

ရေချိုးပြီးသူတစ်ယောက်သည် ဖြူစင်သန့်ရှင်းသော အ၀တ်ခြုံထည်ဖြင့် ဦးခေါင်းနှင့်တကွ တစ်ကိုယ်လုံး ခြုံ၍ ထိုင်နေရာ၌ သူ၏ တစ်ကိုယ်လုံးမှ ထွက်သော ကိုယ်ငွေ့သည် ခြုံထားသော အ၀တ်တစ်ထည်လုံး၌ ပျံ့နှံ့သွားသည်၊ ထိုခြုံထားသော အ၀တ်ခြုံထည်မှာ ကိုယ် ငွေ့မပျံ့နှံ့သောအရပ် မရှိတော့သကဲ့သို့တည်း။

ဤသည်ကား အင်္ဂါ ၅-မျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို စတုတ္ထ ပွါးများပုံတည်း။


၅။ ပစ္စဝေက္ခဏာဉာဏ် ဟူသော အာရုံကို ကောင်းစွာ သင်ယူအပ်, နှလုံးသွင်းအပ်, မှတ်သားအပ်, ပညာဖြင့် ထိုးထွင်း၍ သိအပ်သည်။

ဥပမာအားဖြင့် တစ်စုံတစ်ယောက်က အခြားတစ်ယောက်ကို ရူမြင် ဆင်ခြင်သကဲ့သို့၊ ရပ်သူက ထိုင်သူကို၊ ထိုင်သူက အိပ်သူကို ရူမြင်ဆင်ခြင် သကဲ့သို့တည်း။ (ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်လျှင် မထင်ရှား)

ဤသည်ကား အင်္ဂါ ၅-မျိုးရှိသည် မြတ်သော သမ္မာသမာဓိကို ပဉ္စမ ပွါးများပုံတည်း။

ရဟန်းသည် အင်္ဂါ ၅-မျိုးရှိသည့် မြတ်သော သမ္မသမာဓိကို ကြိမ်ဖန်များစွာ လေ့လာပွားများလျှင် ဣဒ္ဓိဝိဓ-စသော ထူးကဲသော ဉာဏ်ဖြင့် မျက်မှောက်ပြုခြာင်းငှါ ဣဒ္ဓိဝိဓ-စသော ထူးကဲသော ဉာဏ်ဖြင့် မျက်မှောက်ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းစသော တရားသဘောသို့ စိတ်ကို ရှေးရူညွတ်စေသည်။

ရှေးဘ၀က အဘိညာဉ်ရခြင်းငှါ အလွန်အကဲ အားထုတ်ခဲ့ဖူးခြင်း ဟူသော အကြောင်းနှင့် ယခုဘ၀၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန် အစရှိသော အကြောင်းတရားသည် ရှိတိုင်း ရှိတိုင်း ထိုထိုမျက်မှောက်ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းစသော သဘောတရား၌ပင် ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း စသည်သို့ ရောက်သည်။

ဥပမာအားဖြင့် ကရွတ်၌ ထားအပ်သော ရေအိုးကြီးသည် ရေပြည့်နေသည်၊ အနားရေးနှင့် အညီရှိသည်၊ ကျီး သောက်နိုင်သည်၊ ထိုရေအိုးကြီးကို ခွန်အားရှိသော ယောက်ျားက မည်သည်ဘက်မှ မဆို စောင်းငဲ့လိုက်လျှင် ယင်း စောင်းငဲ့ရာရာမှ ရေထွက်လာနိုင်သကဲ့သို့ လည်းကောင်း -

နောက် ဥပမာတမျိုးအားဖြင့် မြေညီပေါ်၌ ကန်ပေါင်ရိုးဖွဲ့ထားသော လေးထောင့် ရေကန်သည် ရေပြည့်နေသည်၊ ကန်ပေါင်နူတ်ခမ်းနှင့် အညီရှိသည်၊ ကျီး သောက်နိုင်သည်၊ အဆိုပါ ရေကန်ကို ခွန်အားရှိသော ယောက်ျားက မည်သည့်ဖက်မှမဆို ကန်ပေါင်ရိုးကို ဖွင့်လွှတ်လိုက်လျှင် ယင်းဖွင့်လွှတ်ရာရာမှ ရေထွက်လာနိုင်သကဲ့သို့ လည်းကောင်း -

နောက် ဥပမာတမျိုးအားဖြင့် မြေညီပြင်ဝယ် လမ်းမ ၄-ခု အဆုံ၌ နှင်တံကို ကန့်လန့်တင်ထားသော အာဇာနည်မြင်းကသော ရထား ရပ်တည်နေသည်၊ ကျွမ်းကျင်စွာ မြင်းတို့ကို လိမ္မာအောင် ဆုံးမနိုင်သော မြင်းဆရာသည် အဆိုပါ ရထားကို တက်စီး၍ ဘယ်လက်က ကြိုးကိုဆွဲ ညာလက်က နှင်တံကို ကိုင်ပြီး လိုရာလမ်းဖြင့် လိုရာအရပ်သို့ ရှေ့သို့ဖြစ်စေ ပြန်လှည့်၍ဖြစ်စေ မောင်းနှင်နိုင်သကဲ့သို့ လည်းကောင်း မှတ်ရမည်။
(ဣဒ္ဓိဝိဓ, ဒိဗ္ဗသောတ, ပရစိတ္တ၀ိဇာနန, ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခုအဘိညာဉ်များနှင့် အရဟတ္တ ဖလသမာပတ်သို့ ရောက်ပုံများကို ဤ ပဉ္စင်္ဂိကသုတ်အတိုင်း သိလေ)

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment