ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 22 February 2011

၈။ သဒ္ဓသုတ်


ရဟန်းတို့ ! သဒ္ဓါတရားရှိသော အမျိုးကောင်းသား၌ အကျိုးအာနိသင် တို့သည် ဤ ၅-မျိုးတည်း။

သူတော်သူမြတ်တို့သည် -

၁။ သနား စောင့်ရှောက်ကြသည်ရှိသော် သဒ္ဓါတရားပြည့်စုံသူကိုသာ ရှေးဦးစွာ သနား စောင့်ရှောက်ကြသည်၊ မပြည့်စုံသူကို ထိုကဲ့သို့ မစောင့်ရှောက်ကြ။

၂။ ချဉ်းကပ်ကြသည်ရှိသော သဒ္ဓါတရားပြည့်စုံသူထံသာ ရှေးဦးစွာ ချဉ်းကပ်ကြသည်၊ မပြည့်စုံသူထံ ထိုကဲ့သို့ မချဉ်းကပ်ကြ။

၃။ အလှူခံကြသည်ရှိသော် သဒ္ဓါတရားပြည့်စုံသူထံ၌သာ ရှေးဦးစွာ အလှူခံကြသည်၊ မပြည့်စုံသူ၌ ထိုကဲ့သို့ အလှူမခံကြ။

၎။ တရားဟောကြသည်ရှိသော် သဒ္ဓါတရားပြည့်စုံသူကိုသာ ရှေးဦးစွာ တရားဟောကြား ကြသည်၊ မပြည့်စုံသူကို ထိုကဲ့သို့ မဟောကြားကြ။

၅။ သဒ္ဓါတရားရှိသူသည် ခန္ဓာပျက်ကြွေသေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်လောကသို့ ရောက်ရသည်။

ဥပမာ -
ညီညွတ်သော မြေအပြင်ဝယ် လမ်း ၄-ခုဆုံရာ၌ ပေါက်ရောက်သော ပညောင်ပင်ကြီးသည် ပတ်ဝန်းကျင်ရှိသမျှ ငှက်အပေါင်းတို့၏ မှီခိုရာ ဖြစ်သကဲ့သို့၊

ထို့အတူပင် သဒ္ဓါတရားရှိသူ အမျိုးကောင်းသားသည် ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမ ဖြစ်ကြသည့် လူအပေါင်းများစွာ၏ မှီခိုရာဖြစ်သည်။

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“အကိုင်း, အခက်, အရွက်, အသီးနှင့်လည်း ပြည့်စုံ, ပင်စည် လုံးပတ်လည်း ကြီးမား, အမြစ်အရင်းလည်း ခိုင်မာ, အသီးနှင့်လည်း ပြည့်စုံသော သစ်ပင်ကြီးသည် ငှက်အပေါင်း တို့၏ နားခိုရာ ဖြစ်သကဲ့သို့လည်းကောင်း၊

ပျော်မွေ့ဖွယ်ကောင်းသော ထိုသစ်ပင်ကြီးသည် ငှက်အပေါင်းတို့ မှီဝဲရာ, အရိပ်ခိုရာ, အသီးစားရာ ဖြစ်သကဲ့သို့ လည်းကောင်း၊

ထိုအတူသာလျှင် သီလနှင့်လည်း ပြည့်စုံ, နှိမ့်ချသော အကျင့်လည်းရှိ, မခက်လည်း မခက်ထန်, တင့်တယ် ကောင်းမြတ်သော အမူ၌လည်း မွေ့လျော်, ပြေပြစ်နူးညံ့သော သဒ္ဓါတရားနှင့်လည်း ပြည့်စုံသူကို အာသဝေါကင်းစင်မူကြောင့် လောကသားတို့ ကောင်းမူမျိုးစေ့ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သည့် ရဟန္တာပုဂ္ဂိုလ်တို့ မှီဝဲချဉ်းကပ်ကြသည်။

ရဟန္တာပုဂ္ဂိုလ်တို့သည် သဒ္ဓါတရားပြည့်စုံသူအား ဒုက္ခခပ်သိမ်း ပယ်ဖျောက်ကြောင်း ဖြစ်သော တရားကို ဟောကြားတော်မူကြသည်။ သူသည် ဤဘ၀၌ပင် ယင်းတရားကို သိရ၍ အာသဝေါကင်းကွာ ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်ပြုရလေသည်။”

ဆောင် - သူတော် စောင့်ရှောက်၊ တစ်ထောက် ချဉ်းကပ်၊ လှူခံလတ် နှင့်၊ ဟောအပ် တရား၊ သေကား နတ်ပြည်၊ ဤငါးထွေ၊ မှတ်လေ သဒ္ဓါရှိသူအကျိုးများ။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment