ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 9 February 2011

ပိဋကတ် နိကာယ်သိမှတ်ဖွယ်





ဗုဒ္ဓမြတ်စွာအလောင်းတော် သုမေဓာရှင်ရသေ့သည် လွန်ခဲ့သောလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်ကပွင့်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားထံ၌ နိယတဗျာဒိတ်ခံယူတော်မူကာ ဘ၀များစွာတို့၌ ပါရမီတို့ကို ဖြည့်ကျင့်တော်မူခဲ့သဖြင့် မဟာသက္ကရာဇ်(၁၀၃) ခုနှစ်တွင် သဗ္ဗညုတဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့သည်။



မြတ်စွာဘုရားသည် သတ္တ၀ါဝေနေယျတို့ အကျိုးစီးပွားအလို့ငှာ ၄၅-၀ါ ကာလပတ်လုံး မနေမနား ဟောပြော ပြသတော်မူခဲ့သည်။ မြတ်စွာဘုရား၏ ဟောပြော ပြသဆုံးမတော်မူသော တရားတော်များကို ဗုဒ္ဓသာသနာဟူ၍ ခေါ်ဆိုရသည်။ ထို ဗုဒ္ဓမြတ်စွာ သာသနာတော်သည်-



၁။ ပရိယတ္တိ သာသနာ၊

၂။ ပဋိပတ္တိ သာသနာ၊

၃။ ပဋိဝေဓ သာသနာ - ဟူ၍ သုံးပါးရှိ၏။



မြတ်စွာဘုရား ဟောကြားခဲ့သော တရားဒေသနာတော်များကို သင်ယူခြင်းသည် ပရိယတ္တိသာသနာ မည်၏။ ဓုတင် ၁၃-ပါး၊ ၀တ္တက္ခန္ဓက၌ ဟောတော်မူအပ်သော ၀တ် ၁၄-ပါး၊ သီလအကျင့် သမာဓိအကျင့် ပညာအကျင့်တရားတို့သည် မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ကျင့်ကြံလိုက်နာအပ်သော တရားများဖြစ်သောကြောင့် ပဋိပတ္တိသာသနာ မည်၏။ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ သစ္စာလေးပါး၊ နိဗ္ဗာန်တရားတို့သည် ထိုးထွင်း၍ သိမြင်အပ်သောကြောင့် ပဋိဝေခသာသနာ မည်၏။



ထိုသာသနာသုံးရပ်တွင် ပရိယတ္တိသာသနာတော်သည် အရင်းမူလ ပဓာနဖြစ်သည်။ မြတ်စွာဘုရား လက်ထက်တော်အခါကပင် ရဟန်းတော်တို့သည် ပရိယတ္တိကို ဆောင်ယူတော်မူခဲ့ကြသည်။ ထိုပရိယတ္တိသည် ၀ိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကဟူ၍ ပိဋကအားဖြင့် သုံးပါးရှိ၏။



အစုအပေါင်း နိကာယ်အားဖြင့် -

(၁) ဒိဃနိကာယ်၊

(၂) မဇ္ဈိမနိကာယ်၊

(၃) သံယုတ္တနိကာယ်၊

(၄) အင်္ဂုတ္တရနိကာယ်၊

(၅) ခုဒ္ဒကနိကာယ် - ဟူ၍ ၅-မျိုးရှိသည်။



ပိဋက နိကာယ်ဟူသော အမည်များဖြင့် ပရိယတ္တိသာသနာတော်ကို စနစ်တကျ စုစည်းခဲ့သည့်အချိန်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် သုံးလနှင့် လေးရက်အလွန် ပထမသံဂါယနာတင်ပွဲကြီး ကျင်းပချိန်ဖြစ်သည်။ ပိဋကစာပေခေါ် ပရိယတ္တိသာသနာတော်ကြီး ပေါ်ပေါက်လာပုံကို ကြည်ညိုနိုင်ရန် အကျဉ်းမျှ ရေးသားဖော်ပြအံ့။



မဟာသက္ကရာဇ်(၁၄၈)ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် သုံးလောကထွတ်ထား မြတ်စွာဘုရားသည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် ပြုတော်မူသည်။ ထိုအချိန် အရှင်မဟာကဿပမထေရ်ကြီးသည် ပါဝါပြည်၌ ရှိနေပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုတော်မူသည့် အကြောင်းကို ကြားသိရ၍ မထေရ်ကြီးသည် ပါဝါပြည်မှ ကုသိနာရုံသို့ ရဟန်းတော်(၅၀၀)နှင့်အတူ ကြွလာသည်။ လမ်းခုလတ်တနေရာ သစ်ပင်ရင်း၌ ခရီးတထောက်နားနေစဉ် မန္ဒာရ၀ နတ်ပန်းကို ယူဆောင်၍ လာနေသော အာဇီဝက တစ်ယောက်ကိုမြင်၍ မထေရ်ကြီးသည် အာဇီဝက “ငါ့ရှင် သင်သည် ငါတို့၏ဆရာ မြတ်စသွာဘုရားကို သိပါ၏လော၊ သင်သည် ယခု ဘယ်အရပ်မှ လာခဲ့သနည်း” ဟု မေးတော်မူ၏။ အာဇီဝကကလည်း “ ငါရှင် သင်တို့ဆရာ မြတ်စွာဘုရားကို သိပါ၏၊ သင်တို့ဆရာ မြတ်စွာဘုရား ကွယ်လွန်ခဲ့သည်မှာ ၇-ရက် ရှိပါပြီ၊ ဤ မန္ဒာရ၀ နတ်ပန်းကို ငါသည် ထိုမြတ်စွာဘုရားအလောင်းတော်အား နတ်တို့ပူဇော်ရာ နေရာမှ ယူဆောင်ခဲ့ပါသည်” ဟု ဖြေဆိုလေသည်။



ထိုသတင်းကို ကြားသိရသောအခါ ပုထုဇဉ်, သောတာပန်ရဟန်းတို့သည် လက်မောင်း ဆန့်တန်းလျက် အော်ဟစ်ငိုကြွေးကြကုန်၏၊ မြေပြင်၌ လူးလှိမ့် ငိုကြွေးကြကုန်၏၊ မတ်တပ်မှ လှဲချလျက်ရိုက်ကြီးတငင် ငိုကြွေးကြကုန်၏၊ “မြတ်စွာဘုရား, မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူခြင်းသည် မြန်ဆန်လွန်းလှပါသည် ဘုရား” စသည်ပြောဆိုကာ သဲအူပြတ်မျှ လွမ်းတပူဆွေး ငိုကြွေးကြကုန်၏၊ မထေရ်ကြီးမှာ ရဟန်းငယ်တို့ ငိုကြွေးကြမည့် အဖြစ်ကို ကြိုတင်သိတော်မူပြီဖြစ်၍ တောထဲ ရပ်နားစဉ်မှာပင် အာဇီဝကကို မေးမြန်းခဲ့ခြင်းဖြစ်သည်။



ထိုသို့ ပုထုဇဉ် သောတာပန်တို့ ငိုကြွေးနေကြစဉ် သုဘဒ္ဒမည်သော တောထွက်ရဟန်းကြီးက ၀မ်းသာရွင်ပျသော အမူအရာဖြင့် “ငါ့ရှင်တို့၊ မငိုကြွေး မပူဆွေးကြနှင့် ငါတို့သည် ထိုရဟန်းကြီး ဂေါတမလက်မှ လွတ်ကြပြီ၊ သူရှိစဉ်က “ဒါကိုမလုပ်ကြနှင့် ဒါကိုလုပ်ကြ ဒါကသင်တို့ မအပ်စပ်ဘူး”စသည်ဖြင့် အမျိုးမျိုး ချုပ်ချယ်ခဲ့သည်။ ယခုမူ လုပ်ချင်ရာ လုပ်နိုင်ကြပြီ၊ ထို့ကြောင့် ငါ့ရှင်တို့ ငိုမနေကြနှင့်” စသည်ဖြင့် ပြောဆိုလေသည်။



အရှင်မဟာကဿပ မထေရ်ကြီးသည် သုဘဒ္ဒ တော်ထွက်ရဟန်းကြီး၏ စကားကို ကြားတော်မူသောအခါ လွန်စွာ စိုးရိမ် ထိတ်လန့်လျက် ဓမ္မသံဝေဂ ရတော်မူသည်။



“အော် --- မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြု၍မျှ ၇-လောက်ပဲရှိသေးတယ်၊ မြတ်စွာဘုရား၏ တရားတော်များ၊ ၀ိနည်းတော်များကို နှောင့်ယှက် ဖျက်ဆီးသည့်သူ ပေါ်ပေါက်နေပါပြီကောလား၊ ဓမ္မ၀ိယနများကို အဓမ္မအ၀ိနယဖြစ်အောင် ပြုလုပ်မည့်သူများ အင်အား မကောင်းသေးခင် ငါသည် မြတ်စွာဘုရား၏ တရားတော်များကို စနစ်တကျ စုစည်း၍ သံဂါယနာတင်ရမူ ကောင်းပေလိမ့်မည်။



“မြတ်စွာဘုရား၏ တရားတော်များသည် မသီကုံးရသေးသော ပန်းများနှင့် တူနေသည်။ မသီကုံးရသေးသော ပန်းများသည် လေတိုက်ပါက လွင့်သွားနိုင်သကဲ့သို့ စနစ်တကျ မစုစည်းရသေးသော မြတ်စွာဘုရား၏ တရားတော်များသည်လည်း အဓမ္မ၀ဒီတို့ကြောင့် လွင့်စင် ပျောက်ကွယ် သွားနိုင်သည်၊ ထိုသို့ လွင့်စင်ပျောက်ကွယ်မသွားနိုင်ရန် စနစ်တကျ ကြိုးဖြင့် သီကုံးသကဲ့သို့ သဘောတူရာ စုစည်းသီကုံးထားသင့်သည်။ ဤတာဝန်သည် ငါ့တာဝန်ဖြစ်သည်။ မြတ်စွာဘုရား၏ သာသနာတော်တွင် အဂ္ဂသာဝက မထေရ်နှစ်ပါးလည်း ပရိနိဗ္ဗာန် ပြုတော်မူသွားပြီ ဖြစ်သည်။ ဤအချိန်တွင် ငါသည် တာဝန်အရှိဆုံးသူ ဖြစ်သည်။ မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော် တို့ကို ပူဇော်သောအား, ဆပ်သောအားဖြင့် ဤတာဝန်ကြီးကို ထမ်းဆောင်ရမည်” ဟု မထေရ်ကြီး ဆုံးဖြတ်တော်မူသည်။ မြတ်စွာဘုရားရှင်က သူ့အား ချီးကျူး, မြှာက်စားတော် မူခဲ့သည်များကိုလည်း မြင်ယောင်နေ၏။



သုဘဒ္ဒ တောထွက်ရဟန်းအိုကြီးကို သာသနာဖျက်စကားကြောင့် ချက်ချင်းပင် နှင်ထုတ်လိုက်သော်လည်း ယခုအခါ ဤ တောထွက်ရဟန်းကြီးကို နှင်ထုတ်လိုက်ပါက “ရဟန်းဂေါတမ၏ တပည့် သာဝကတို့သည် အလောင်းတော် မကွယ်ပျောက်သေးခင်မှာပင် အချင်းချင်း မသင့်မတင့်ဖြစ်ကြ ငြင်ခုံကြ ရန်ဖြစ်ကြပြီး၊ နောင်အခါမှာကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း” ဟု အခြားဘာသာဝင်များက ကဲ့ရဲ့ကြလိမ့်မည်၊ ထို့ကြောင့် နှင်ထုတ်ရန် မသင့်လျော်သေးဟု ဆင်ခြင်တော်မူပြီး ကုသိနာရုံခရီးကို ဆက်လက်ကြွတော်မူလေသည်။



အရှင်မဟာကဿပ မထေရ်ကြီးသည် မြတ်စွာဘုရား၏ ဓာတ်တော်ခွဲဝေမူ ပြုလုပ်ပြီးသောအခါ စည်းဝေးရောက်လာသော သံဃာတော်တို့အား သုဘဒ္ဒရဟန်းအိုကြီး၏ စကားကို ပြန်လည် မိန့်ကြားတော်မူပြီး သံဂါယနာတင်ရန် စီစဉ်တော်မူသည်။ အရှင်မဟာကဿပ, အရှင်အာနန္ဒာ, အရှင်ဥပါလိ စသော ဆဠဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာမထေရ်ကြီး(၅၀၀)တို့သည် ရာဇဂြိုလ်ပြည် သတ္တပဏ္ဏိလိုဏ်ဂူဝယ် ၇-လတိုင်တိုင် ဓမ္မ၀ိနယတို့ကို စနစ်တကျ စီစစ်တော်မူပြီး စုပေါင်းရွတ်ဆိုကာ သံဂါယနာတင် အတည်ပြုတော်မူကြသည်။ ဓမ္မဒေသနာတော်များကို သဘောတူရာ တူရာ စနစ်တကျစုစည်း သီကုံး ထုံးဖွဲ့တော်မူခဲ့ကြလေသည်။



မြတ်စွာဘုရား၏ တရားဒေသနာ ပန်းများစွာကို ပိဋကခေါ် တောင်းကြီးသုံးလုံး၌ ခွဲ၍ ထည့်တော်မူကြသည်။ ပန်းကောက်သူသည် အရောင်မျိုးစုံ အပွင့်မျိုးစုံ ပန်းပုံကြီးထဲမှ ပန်းများကို သဘော သဘာဝတူမျှရာ ပန်းတို့ကို ရွေးထုတ်၍ ခြင်းတောင်းကြီး သုံးလုံးထဲ ထည့်သကဲ့သို့ မြတ်စွာဘုရား ပညတ်ချက် သိက္ခာပုဒ်တော်များကို စုစည်း ရွေးနူတ်၍ ၀ိနယပိဋက ဟူသော ၀ိနည်းခြင်းတော်းကြီးထဲသို့ ထည့်သွင်းတော်မူသည်။ တာဝတိံသာနတ်ပြည်ဝယ် ၀ါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့သော အဘိဓမ္မဒေသနာတော်ပန်းများကို အဘိဓမ္မပိဋက ဟူသော တောင်းကြီးထဲသို့ ထည့်သွင်းတော်မူသည်။ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့အား ၄၅-၀ါကာလပတ်လုံး ဟောကြားတော်မူခဲ့သမျှ ကျန်တရားဓမ္မပန်းများကိုမူ သုတ္တန္တပိဋက ဟူသော တောင်းကြီးထဲသို့ ထည့်တော်မူသည်။ ဤသို့လျှင် သဘောတူရာ တောင်းကြီးသုံးလုံး ပိဋကသုံးပုံကို ခွဲဝေသတ်မှတ်တော်မူခဲ့သည်။



ထို့နောက် နိကာယ်ခေါ် အရှည်အတို ပမာဏတူရာ စုပေါင်း သီကုံးရန်အတွက် နိကာယ်ကြီးငါးရပ် ထပ်မံ စီစဉ်တော်မူသည်။ ရှည်လျားသော သုတ်တော်တို့ကို ရွေးထုတ်၍ တူရာ တူရာ အုပ်စုများဖွဲ့ကာ ဒီဃနိကာယ်ဟု သုတ်ရှည်ကြီးများကို တသီးတသန့် စုစည်းထားတော်မူသည်။ မရှည်လွန်း မတိုလွန်းသော သုတ်တော်တို့ကို ရွေးထုတ် အုပ်စုခွဲကာ မဇ္ဈိမနိကာယ်ဟု သတ်မှတ်တော်မူသည်။ မြတ်စွာဘုရားလက်ထက်က လာရောက်မေးခွန်းမေးလေ့ရှိသော နတ်များ၊ မထေရ်တဦးဦးနှင့် ပတ်သက်သော သုတ်တော်များ၊ ဒါယကာ တဦးဦးနှင့် ပတ်သက်သော သုတ်တော်များ စသည်ဖြင့် ကျက်မှတ်ဆောင်ယူ လွယ်ကူစေရန် သဘောသဘာဝ ဆက်နွယ် ယှဉ်စပ်နေသော သုတ်တို့ကို အုပ်စုခွဲကာ သံယုတ္တနိကာယ်ဟု စီစဉ်တော်မူသည်။ ထို့နောက် တစ် နှစ် သုံး လေး စသည့် အချက်အလက်များနှင့် ပတ်သက်၍ အင်္ဂါ သို့မဟုတ် တရားတစ်ပါးစီ၊ တစ်ပါးစီအလိုက် တိုး၍ တိုး၍ ဟောတော်မူသော သုတ်တော်တို့ကို စုစည်း၍ အင်္ဂုတ္တရနိကာယ်ဟု သတ်မှတ်တော်မူသည်။ ကျန်သော ဒေသနာတော်စုကို ခုဒ္ဒကနိကာယ် ဟု သတ်မှတ်တော်မူသည်။



ဒီဃနိကာယ်တွင် -

(၁) သီလက္ခန္ဓ၀ဂ္ဂ၊

(၂) မဟာဝဂ္ဂ၊

(၃) ပါထိက၀ဂ္ဂ ဟူ၍ သုံးကျမ်းရှိသည်။ ရှည်လျားကျယ်ပြန့်သော သုတ်တော်များကို စုပေါင်း ဖော်ပြထားသော နိကာယ်ဖြစ်သည်။ ဗြဟ္မဇာလသုတ် အစရှိသော သုတ်တော်ပေါင်း(၃၄)သုတ် ပါဝင်သည်။



မဇ္ဈိမနိကာယ်တွင် -

(၁) မူလပဏ္ဏာသ၊

(၂) မဇ္ဈိမပဏ္ဏာသ၊

(၃) ဥပရိပဏ္ဏာသ ဟူ၍ သုံးကျမ်းရှိသည်။ မကျဉ်းမကျယ် အလယ်အလတ်ဖြစ်သော သုတ်များကို စုပေါင်းဖော်ပြထားသော နိကာယ်ဖြစ်သည်။ မူလပရိယာယသုတ်အစရှိသော(၁၅၂)သုတ်တို့ကို အုပ်စုပေါင်း (၁၅)အုပ်စု ခွဲခြား၍ ထားသည်။



သံယုတ္တနိကာယ်တွင် -

(၁) သဂါထာဝဂ္ဂသံယုတ်၊

(၂) နိဒါန၀ဂ္ဂသံယုတ်၊

(၃) ခန္ဓ၀္ဂသံယုတ်၊

(၄) သဠာယတန၀ဂ္ဂသံယုတ်၊

(၅) မဟာဝဂ္ဂသံယုတ် ဟူ၍ ၅-ကျမ်းရှိသည်။ စာအုပ်အရေအတွက်အားဖြင့် ၃-အုပ်ဖြစ်သည်။ သြဃတရဏသုတ် အစရှိသော သုတ်ပေါင်း (၇၇၆)သုတ် ပါဝင်သည်။



အင်္ဂုတ္တရနိကာယ်၌ -

(၁) ဧကကနိပါတ၊

(၂) ဒုကနိပါတ၊

(၃) တိကနိပါတ၊

(၄) စတုက္ကနိပါတ၊

(၅) ပဉ္စကနိပါတ၊

(၆) ဆက္ကနိပါတ၊

(၇) သတ္တကနိပါတ၊

(၈) အဋ္ဌကနိပါတ၊

(၉) န၀ကနိပါတ၊

(၁၀) ဒသကနိပါတ၊

(၁၁) ဧကာဒသကနိပါတ ဟူ၍ ၁၁-ကျမ်းရှိသည်။ စာအုပ်အရေအတွက်အားဖြင့် ၃-အုပ် ဖြစ်သည်။ စိတ္တပရိဒါန အစရှိသော သုတ်ပေါင်း(၉၅၅၇)သုတ် ပါဝင်သည်။



အထက်ပါ နိကာယ်လေးရပ်တွင် ပါဝင်သော တရားတော်များမှတပါး ကျန်ရှိသောတရားတော်များကို ခုဒ္ဒကနိကာယ်၌ ထည့်သွင်းရေတွက်ထားသည်။ သို့ဖြစ်၍ ၎င်းခုဒ္ဒကနိကာယ်၌ ပိဋကအားဖြင့် ၀ိနယပိဋက၊ သုတ္တန္တပိဋက အဘိဓမ္မပိဋက သုံးမျိုးလုံး ပါဝင်နေကြသည်။



ခုဒ္ဒကနိကာယ် သုတ္တန္တ ပိဋက၌ -

(၁) ခုဒ္ဒကပါဌ၊

(၂) ဓမ္မပဒ၊

(၃) ဥဒါန၊

(၄) ဣတိဝုတ္တက၊

(၅) သုတ္တနိပါတ၊

(၆) ၀ိမာန၀တ္တု၊

(၇) ပေတ၀တ္တု၊

(၈) ထေရဂါထာ၊

(၉) ထေရီဂါထာ၊

(၁၀) အပဒါန၊

(၁၁) ဗုဒ္ဓ၀ံသ၊

(၁၂) စရိယာပိဋက၊

(၁၃) မဟာနိဒ္ဒေသ၊

(၁၄) စုဠနိဒ္ဒေသ၊

(၁၅) ဇာတက၊

(၁၆) ပဋိသမ္ဘိဒါမဂ္ဂ၊

(၁၇) နေတ္တိ၊

(၁၈) ပေဋကောပဒေသ၊

(၁၉) မိလိန္ဒပဥှာ ဟူ၍ ၁၉-ကျမ်းရှိသည်။ စာအုပ်အရေအတွက်အားဖြင့် ၁၁-အုပ် ဖြစ်သည်။



ခုဒ္ဒကနိကာယ် အဘိဓမ္မပိဋက၌ -

(၁) ဓမ္မသင်္ဂဏီ၊

(၂) ၀ိဘင်္ဂ၊

(၃) ဓာတုကထာ၊

(၄) ပုဂ္ဂလပညတ္တိ၊

(၅) ကထာဝတ္ထု၊

(၆) ယမက၊

(၇) ပဋ္ဌာန - ဟူ၍ ၇-ကျမ်းရှိသည်။ စာအုပ်အရေအတွက်အားဖြင့် ၁၂-အုပ် ဖြစ်သည်။



ခုဒ္ဒကနိကာယ် ၀ိနယပိဋက၌ -

(၁) ပါရာဇိက၊

(၂) ပါစိတ္တိယ၊

(၃) မဟာဝဂ္ဂ၊

(၄) စူဠ၀ဂ္ဂ၊

(၅) ပရိဝါရ - ဟူ၍ ၅-ကျမ်းရှိသည်။ စာအုပ်အရေအတွက်အားဖြင့်လည်း ၅-အုပ်ပင်ဖြစ်သည်။



ဤသို့လျှင် ပိဋကသုံးပုံ၊ နိကာယ်ငါးရပ်အားဖြင့် မြတ်စွာဘုရား၏ တရားတော်များကို အပြည့်အစုံ မှတ်တမ်းတင် ထိန်းသိမ်းခဲ့ကြ၏။ ဘုရားရှင်ကိုသိမီသော သံဂါယနာတင် ထေရ - မထေရ်ကြီး အဆက်ဆက်တို့ လက်ဆင့်ကမ်း ထိန်းသိမ်းတော်မူခဲ့ကြသဖြင့် ထေရ၀ါဒ ထေရ၀ါဒပိဋကဟု ခေါ်သည်။ စာအုပ်အရေအတွက်အားဖြင့် ပါဠိတော် အုပ်ရေ ၄၀-ရှိသည်။ စာမျက်နှာအားဖြင့် ဆဋ္ဌသံဂါယနာမူအရ ၁၆၅၂၈-မျက်နှာရှိသည်။ ထို မြတ်စွာဘုရား တရားတော်များ၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုသော ကျမ်းများကို အဋ္ဌကထာကျမ်းများဟု ခေါ်ဆိုကြသည်။ ထိုအဋ္ဌကထာကျမ်းများကို ထပ်ဆင့်ဖွင့်ဆို အကျယ်ချဲ့ပြသော ကျမ်းများကို ဋီကာကျမ်းများဟု ခေါ်ဆိုကြသည်။ မြတ်စွာဘုရား၏ တရားတော်များကို စုစည်း သံဂါယနာတင်တော်မူပြီးကြသောအခါ မပျောက်မပျက် မယိုမယွင်းရအောင် နူတ်ငုံဆောင်တော်မူခဲ့ကြသည်။ ၀ိနည်းပိဋကလည်း ဘာဏ၀ါရ(ရွတ်ဆိုသော အကြိမ်၊ တကြိမ်ရွတ်) အားဖြင့် ၁၆၉-ဘာဏ၀ါရ အတိုင်းအရှည်ရှိ၏။ ထိုဝိနယပိဋကကို အရှင်ဥပါလိ, အရှင်ဒါသက, အရှင်သိဂ္ဂ၀, အရှင်မောဂ္ဂလိ ပုတ္တသိဿ စသော မထေရ်အဆက်ဆက်တို့ ဆောင်တော်မူခဲ့ကြကုန်၏။



ဒိဃနိကာယ်သည် ဘာဏ၀ါရအားဖြင့် ၆၄-ဘာဏ၀ါရ ရှိသည်။ ထိုဒီဃနိကာယ်ကို အရှင်အာနန္ဒာနှင့် တပည့်အဆက်ဆက်တို့ ဆောင်တော်မူခဲ့ကြကုန်၏။



မဇ္ဈိမနိကာယ်သည် ဘာဏ၀ါရအားဖြင့် ၈၀-ရှိသည်။ ထိုမဇ္ဈိမနိကာယ်ကို အရှင်သာရိပုတ္တရာနှင့် တပည့်အဆက်ဆက်တို့ ဆောင်တော်မူခဲ့ကြကုန်၏။



သံယုတ္တနိကာယ်သည် ဘာဏ၀ါရအားဖြင့် ၁၀၀-ရှိသည်။ ထိုသံယုတ္တိနိကာယ်ကို အရှင်မဟာကဿပ မထေရ်ကြီးနှင့် တပည့်အဆက်ဆက်တို့ ဆောင်တော်မူခဲ့ကြကုန်၏။



အင်္ဂုတ္တရနိကာယ်သည် ဘာဏ၀ါရအားဖြင့် ၁၂၀-ရှိသည်။ ထိုအင်္ဂုတ္တရနိကာယ်ကို အရှင်အနုရုဒ္ဓါမထေရ်နှင့် တပည့် အဆက်ဆက်တို့ ဆောင်တော်မူခဲ့ကြသည်။



အဘိဓမ္မပိဋကသည် ဘာဏ၀ါရအားဖြင့် ၁၄၃-ဘာဏ၀ါရရှိသည်။ ထိုအဘိဓမ္မပိဋကကို အရှင်သာရိပုတ္တရာမထေရ်နှင့် တပည့် အဆက်ဆက်တို့ ဆောင်တော်မူခဲ့ ကြကုန်၏။



ကြွင်းသော ခုဒ္ဒကပါဌ စသော ခုဒ္ဒကနိကာယ်ကျမ်းများကို ဆရာအဆက်ဆက် တပည့်အဆက်ဆက်တို့ နူတ်တက်အာဂုံ ဆောင်တော်မူခဲ့ကြကုန်၏။



ထိုပိဋကသုံးပုံ နိကာယ်ငါးရပ် ပါဠိတော်များကို ဆရာစဉ်ဆက် တာဝန်ခွဲဝေ၍ အာဂုံဆောင်ခဲ့ကြသည်။ အာဂုံဆောင်ခဲ့ကြသော ပုဂ္ဂိုလ်တို့မှာ ကိလေသာ အာသဝေါ ကင်းစင်ကြသည့် ရဟန္တာပုဂ္ဂိုလ်ကြီးများ ဖြစ်ကြရုံမျှမက ပဋိသမ္ဘိဒါပတ္တစသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူကြသည်။ အထူးသဖြင့် အရှင်အာနန္ဒာသည် သတိ သမာဓိ ပညာ အရာ ဧတဒဂ်ငါးတန်ရပြီး မြတ်စွာဘုရား ဟောသမျှ မမေ့မပျောက်အောင် နာယူ မှတ်သား ဆောင်ထားနိုင်သော ထူးခြားသော စွမ်းရည်ရှိသည့် မထေရ်ကြီးဖြစ်သည်။ သို့ဖြစ်၍ ပိဋကစာပေတို့ကို နူတ်ငုံဆောင်ခဲ့ကြသော်လည်း မှားယွင်းမူ၊ အပိုအလို အလျဉ်းမရှိ၊ ဘုရားဟောတော်မူသည့်အတိုင်း အပြည့်အစုံ ဆောင်တော်မူနိုင်ခဲ့ကြသည်။



သာသနာတော်နှင် ၁၀၀-ပြည့်နှစ်တွင် ဒုတိယသံဂါယနာတင်ကာ ပိဋကတော်များကို ထပ်မံ၍ တိုက်ဆိုင် စိစစ်တော်မူခဲ့ကြပြန်သည်။ သာသနာတော်နှစ် ၂၃၅-ခုတွင် တတိယသံဂါယနာ တင်တော်မူသောအခါ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် မြတ်စွာဘုရား၏ နည်းပေးတော်မူခဲ့သည့်အတိုင်း မိစ္ဆာအယူဝါဒများကို ဖြေရှင်းကာ ကထာ ၀တ္ထုကျမ်းကြီးကို အကျယ်ဟောတော်မူခဲ့ရာ ထိုကျမ်းကို အဘိဓမ္မပိဋကအဖြစ် ထည့်သွင်းရေတွက်ခဲ့ကြသည်။



သာသနာတော်နှစ် ၄၅၀-မတိုင်မီ သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ) ဤ ဗြဟ္မဏတိဿ သူပုန်ဘေးကြီး ပေါ်ပေါက်ခဲ့ရာ သံဃာတော်တို့ ဆွမ်းအာဟာရ ခက်ခဲခဲ့ကြသည်။ သီဟိုဠ်မှ ရဟန်းတော်များ အိန္ဒိယသို့ ကြွကြရသည်။သီဟိုဠ်တွင် ကျန်ရစ်ခဲ့သော သံဃာတော်တို့သည် သစ်ဥ သစ်ဖုများကို ဘုဉ်းပေးလျက် ခက်ခက်ခဲခဲ ပိဋကတော်များကို အာဂုံပြန်ဆိုဆောင်ခဲ့ကြရသည်။ စစ်ကြီးပြီးသောအခါ သာသနာတော်နှစ် ၄၅၀-တွင် မလယ ဇနပုဒ် အာလောကလိုဏ်၌ သီဟိုဠ်နှင့် အိန္ဒိယ သံဃာတော်တို့ စုဝေးကြကာ ပိဋကတော်များကို တိုက်ဆိုင်ညှိနိုင်း ရွတ်ဆို၍ စတုတ္ထ သံဂါယနာ တင်ကြပြန်သည်။



စတုတ္ထသံဂါယနာအပြီးတွင် နောင်အခါ၌ ဤကဲ့သို့ ဘေးဒုက္ခနှင့် ရင်ဆိုင်ကြရသောအခါ နောက်လူတို့ သတိ သမာဓိ ပညာ ၀ီရိယအားနည်းကြပြီး ပိဋကတော်များကို မဆောင်နိုင်၍ မေ့ပျောက်မည့် အန္တရာယ်ကို စိုးရိမ်တော်မူကြပြီး အမြော်အမြင် ကြီးမားစွာ ပေရွက်များပေါ်၌ စာပေ ရေးသား မှတ်တမ်းတင်ထားခဲ့ကြသည်။ ထိုအခါမှစ၍ ပိဋကစာပေ ပေါ်ပေါက်လာခဲ့သည်။



သာသနာတော်နှစ် ၂၄၁၂-ခုနှစ်တွင် မြန်မာနိုင်ငံမှ မင်းတုန်းမင်းကြီးသည် ပဉ္စမသံဂါယနာတင်တော်မူကာ ပိဋကစာပေတို့ကို ပိုမို ခိုင်ခန့် အရှည်တည်တံ့စေရန် စကျင်ကျောက်သားချပ်ပေါင်း(၇၂၉)ချပ်ပေါ်တွင် ထွင်းထု၍ မှတ်တမ်းတင်တော်မူခဲ့သည်။ အမှားအယွင်းမရှိ တိတိကျကျ ဖြစ်စေရန် ရာဇဂုရု ဆရာတော်ကြီးများကိုယ်တိုင် ကြပ်မတ်၍ စိစစ်ရေးထိုးစေတော်မူသည့်အပြင် အမှားပြနိုင်သူအား ရွှေဒင်္ဂါတစ်ပြား ပေးမည်ဟု မင်းကြီးက အမိန့်ထုတ်ကာ သန့်ရှင်းစင်ကြယ်စေရန် စီမံတော်မူခဲ့သည်။



ထို့နောက် ပုံနှိပ်စက်များ မြန်မာနိုင်ငံသို့ ရောက်လာသဖြင့် ကျောက်စာမူ ပါဠိတော်များကို စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေကြ၏။ ထိုအခါ ပိဋကစာမူ အမျိုးမျိုး ဖြစ်လာကြသဖြင့် တစ်မူတည်း သန့်ရှင်းစေရန် ထေရ၀ါဒ ငါးနိုင်ငံမှ ဆရာတော်ကြီးများ၊ နိုင်ငံအကြီးအကဲများနှင့် ပြည်သူများ စုပေါင်း၍ (သာသနာနှစ် ၂၅၀၀) တွင် ဆဋ္ဌသံဂါယနာတင်တော်မူခဲ့ကြသည်။ ထိုသံဂါယနာပွဲတော်ကြီးအပြီးတွင် သန့်ရှင်းသော ပိဋကစာမူများရရှိကာ ကမ္ဘာအရပ်ရပ်ရှိ ပိဋကတိုက်ကြီးတိုင်းသို့ ရောက်ရှိသွားလေတော့သည်။ အသန့်ရှင်းဆုံးသော ပိဋကတော်အဖြစ် တစ်ကမ္ဘာလုံးက လက်ခံထားကြလေသည်။



ဤသို့ဖြင့် ပိဋကစာပေသည် နှစ်ပေါင်း(၂၅၀၀)ကျော် သမိုင်းရှည်ကြီးကို ဖြတ်သန်းလာခဲ့ရသည်။ နှစ်ပေါင်း(၂၅၀၀)ကျော်မျှ နှစ်ပရိစ္ဆေဒ ကြာညောင်းလာပြီဖြစ်သဖြင့် “ပင်ရင်းမူလ ဟုတ်မှဟုတ်ပါမည်လော” ဟု မယုံကြည်သူ တချို့က သံသယ၀င်ကြသည်။ စင်စစ် သံသယဖြစ်ဖွယ်မရှိ၊ ခေတ်အဆက်ဆက်နူတ်ဖြင့် ဆောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများမှာ လူသာမာန်များမဟုတ်၊ ကိလေသာ အရူပ်အထွေး ကင်းစင်ပြီး သတိ သမာဓိ ပညာအားကြီးတော်မူကြသော ရဟန္တာမထေရ်ကြီးများ ဖြစ်တော်မူကြသည်။ အထူးသဖြင့် ဤယနေ့တိုင်အောင်ပင် ပိဋကစာပေလာ အဆိုအမိန့်များအတိုင်း လက်တွေ့ စမ်းသပ်ကျင့်ကြံ အောင်မြင်နေမူက ပိဋကတော်၏ စစ်မှန်တိကျကြောင်း အကောင်းဆုံးသော သာဓက ဖြစ်နေလေပြီ။



No comments:

Post a Comment