ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 28 February 2011

၁၀။ နရဒသုတ်


အရှင်နာရဒမထေရ် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ နေတော်မူစဉ် မုဏ္ဍမင်း ချစ်ခင်မြတ်နိုးရသည့် ဘဒ္ဒါမိဖုရားသည် သေဆုံးသွားသည်၊ ချစ်ခင်မြတ်နိုးလှသော မိဖုရားဘဒ္ဒါ သေဆုံးသောကြောင့် မုဏ္ဍမင်းသည် ရေလည်း မချိုး၊ နံ့သာလည်း မလိမ်းကျံ၊ အစာလည်း မစားနိုင်၊ တိုင်းရေးပြည်မူကိစ္စများကိုလည်း မစီရင် မလုပ်ဆောင်၊ နေ့ရောညဉ့်ပါ မိဖုရားဘဒ္ဒါ၏ ခန္ဓာကိုယ်၌ လွန်စွာ တပ်မက်ခြင်းဖြင့် မိန်းမော တွေဝေနေသည်။

ထိုအခါ မုဏ္ဍမင်းသည် ရွှေတိုက်စိုး ပိယကကို ခေါ်၍ အမိန့်ပေးသည် -

“အဆွေ ပိယက ! ဘဒ္ဒါမိဖုရား၏ အလောင်းကို ဆီပြည့်သော သံခေါင်၌ ထည့်စိမ်၍ သံခေါင်းတစ်ခုဖြင့် ဖုံးအုပ်ထည့်ထားလျှင် မိဖုရား ဘဒ္ဒါ၏ အလောင်းကို ငါတို့ ကြာမြင့်စွာ ရူမြင်ရကုန်အံ့။”

ရွှေတိုက်စိုး ပိယကသည် ဤသို့ ကြံမိသည် -

“ဤမုဏ္ဍမင်းသည် မိဖုရားဘဒ္ဒါသေဆုံးသောကြောင့် ရေလည်းမချိုး၊ နံ့သာလည်း မလိမ်းကျံ၊ အစာလည်း မစားနိုင်၊ တိုင်းရေးပြည်မူ ကိစ္စများကိုလည်း မစီရင် မလုပ်ဆောင်၊ အမြဲတမ်း မိန်းမော တွေဝေနေသည်၊ မုဏ္ဍမင်း၏ သောကဆူးကို ပယ်ဖျာက်နိုင်လောက်အောင် တရားဟောနိုင်သည့် အဘယ် သမဏ, ဗြဟ္မဏသို့ ချဉ်းကပ်သင့်ပါသနည်း။”

ထို့နောက် ရွှေတိုက်စိုး ပိယက ဤသို့ စဉ်းစားမိပြန်သည် -

“ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ သီတင်းသုံးနေတော်မူသည့် အရှင်နာရဒမထေရ်သည် “ပညာရှိသည်၊ ကျွမ်းကျင်လိမ္မာသည် ထက်မြက်သော ဉာဏ်ရှိသည်၊ အကြားအမြင် များသည်၊ ဆန်းကြယ်စွာ ပြောဆိုတတ်သည်၊ ကောင်းသော ပဋိဘာန်ရှိသည်၊ အသက်သိက္ခာလည်း ကြီးသည်၊ ရဟန္တာလည်း ဖြစ်သည်” ဟု ကျော်စောသတင်း ထွက်သည်။

ထိုအရှင်နာရဒ မထေရ်ထံ ချဉ်းကပ်ပြီး တရားကို နာကြားရလျှင် မုဏ္ဍမင်း သောကဆူးကို ပယ်နူတ်နိုင်ကောင်း ပယ်နူတ်နိုင်ရာသည်။

ထိုအကြံကို မုဏ္ဍမင်းအား သွားရောက်သံတော်ဦးတင်သည်။ ထိုအခါ မုဏ္ဍမင်းက ဤသို့ မိန့်ဆိုလေသည်။

“အဆွေ ပိယက ! သို့ဖြစ်လျှင် အရှင်ရဒမထေရ်ကို ကြိုတင်လျှောက်ကြား သိစေပါလော့၊ တို့က ဘုရင်ဖြစ်တယ်ဆိုပြီး ကြိုတင် အသိမပေးဘဲ ကိုယ့်နိုင်ငံနေ, ဗြဟ္မဏတို့ထံ ချဉ်းကပ်ခြင်းငှါ မသင့်တော်ပေဘူး။”

“မင်းမြတ် ! ကောင်းပါပြီ” ဟု ရွှေတိုက်စိုး ပိယကသည် မုဏ္ဍမင်း၏ စကားကို လက်ခံ၍ အရှင်နာရဒမထေရ်ထံ ချဉ်းကပ်ကာ ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် ဤသို့ လျှောက်ထားသည် -

“အရှင်ဘုရား ! ဤမုဏ္ဍမင်းသည် ချစ်ခင်မြတ်နိုးအပ်သော မိဖုရားဘဒ္ဒါ သေဆုံး သောကြောင့် ရေလည် မချိုး၊ နံ့သာလည်း မလိမ်းကျံ၊ အစာလည်း မစားနိုင်၊ တိုင်းရေးပြည်မူ ကိစ္စများကိုလည်း မစီရင် မလုပ်ဆောင်၊ နေ့ရောညဉ့်ပါ မိဖုရားဘဒ္ဒါ၏ ခန္ဓာကိုယ်၌ လွန်စွာ တပ်မက်ခြင်းဖြင့် မိန်းမော တွေဝေနေပါသည်။

အရှင်ဘုရား ! တောင်းပန်ပါသည်။ မုဏ္ဍမင်းအတွက် သောကဆူး ပယ်နူတ်ကြောင်း တရားတော်ကို ဟောတော်မူပေးပါဘုရား။”

“ပိယက ! တရားနာရန်မှာ မုဏ္ဍမင်း၏ အလိုအတိုင်းပင်ဖြစ်သည်”။

ရွှေတိုက်စိုး ပိယကသည် နေရာမှထ၍ အရှင်နာရဒကို ရှိခိုး အရိုအသေပြုကာ ပြန်လာခဲ့သည်။

ထို့နေက် မုဏ္ဍမင်းထံ ချဉ်းကပ်ပြီး ဤသို့ သံတော်ဦးတင်သည် -

“မင်းမြတ် ! အရှင်နာရဒမထေရ် ခွင့်ပြုအပ်ပါပြီ၊ တရားနာရဟန်းမှာ အရှင်မင်းမြတ်၏ အလိုအတိုင်းပင် ဖြစ်ပါသည်။”

“အဆွေ ပိယက! သို့ဖြစ်လျှင် အလွန်ကောင်းသော ယာဉ်ရထားတို့ကို ပြင်ဆင်လော့။”

ရွှေတိုက်စိုး ပိယကသည် မုဏ္ဍမင်း၏ စကားကို ၀န်ခံကာ အလွန်ကောင်းသော ယာဉ်ရထားတို့ကို ပြင်ဆင်၍ မုဏ္ဍမင်းအား ပြန်လျှောက်သည် -

“မင်းမြတ် ! အလွန်ကောင်းသော ယာဉ်ရထားတို့ကို ပြင်ဆင်ပြီးပါပြီ၊ သွားရန်မှာ အရှင်မင်းမြတ်၏ အလိုအတိုင်း ဖြစ်ပါသည်။”

မုဏ္ဍမင်းသည် ယာဉ်ကို တက်စီး၍ အရှင်နာရဒမထေရ်ကို ဖူးမြော်ရန် ကြီးကျယ်ခမ်းနားသော ဘုရင့်ကျက်သရေဖြင့် ကုက္ကုဋာရုံကျောင်းတိုက်သို့ ကြွသွားတော်မူသည်။

ယာဉ်သွားနိုင်သည့် အရပ်တိုင်အောင် ယာဉ်ဖြင့် သွားပြီး ယာဉ်မှ ဆင်းသက်ပြီးသော် ကျောင်းတိုက်သို့ ၀င်လေသည်။

အရှင်နာရဒမထေရ်သည် မုဏ္ဍမင်းအား ဤသို့ မိန့်ကြားတော်မူသည် -

မင်းကြီး ! လောက၌ သမဏ, ဗြဟ္မဏ, နတ်, မာရ်, ဗြဟ္မာ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာ ၅-မျိုးမှာ -
(စသည်ဖြင့် အလဗ္ဘနီယ ဋ္ဌာနသုတ်အတိုင်း မှတ်လေ)

ယင်းသို့ ဟောကြားသောအခါ မုဏ္ဍမင်းက ဤသို့ လျှောက်ထားလေသည် -

“အရှင်ဘုရား ! ဤတရားဒေသနာသည် အဘယ်အမည်ရှိပါသနည်း?။”

“ဤတရားဒေသနာသည် သောကဆူးကို ပယ်နူတ်ကြောင်းဖြစ်၍ သောကသလ္လ ပဟရဏ မည်သည်။”

“အရှင်ဘုရား ! သောကဆူးကို ပယ်နူတ်တတ်သည်မှာ တကယ်မှန်ပါပေသည်၊ အကျွန်ုပ်သည် ဤတရားတော်ကို ကြားနာရ၍ သောကဆူးကို ပယ်နူတ်ပြီးပါပြီ။”

ထို့နောက် မုဏ္ဍမင်းသည် ရွှေတိုက်စိုး ပိယကကို ခေါ်၍ ဤသို့ မိန့်ဆိုလေသည် -

“အဆွေ ပိယက ! ငါ့မှာ သောကကင်းပြီဖြစ်သောကြောင့် မိဖုရားဘဒ္ဒါ၏ အလောင်းကို မီးသင်္ဂြိုလ်လော့၊ ထိုမိဖုရား၏ အရိုးပြာကို ဂူဗိမာန် တည်ထားလေလော့၊ ယနေ့မှစ၍ ငါတို့သည် ရေလည်း ချိုးကြမည်၊ နံ့သာလည်း လိမ်းကျံကြမည်၊ အစာလည်း စားကြမည်၊ တိုင်းရေးပြည်မူတို့ကိုလည်း စီရင်လုပ်ဆောင်ကြမည်။”

ဒသမသုတ် ပြီး၏။

၅-ခုမြောက် မုဏ္ဍရာဇ၀ဂ် ပြီးပြီ။

ပထမ သုတ် ၅၀- ပြီးပြီ။

No comments:

Post a Comment