ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 3 February 2011

သီရိလင်္ကာကျွန်းရောက် စွယ်တော်သမိုင်းအကျဉ်းချုပ်



သီရိလင်္ကာ ကန္ဒီမြို့ စွယ်တော်တိုက်ရှိ ဗုဒ္ဓစွယ်တော်မြတ်သည် နယ်ချဲ့ကျူးကျော်ရေး ကိုလိုနီဝါဒီများလက်မှ လွတ်အောင် ဗုဒ္ဓဘာသာဝင်များ အားထုတ်ခဲ့ရသည်။

ပညာရှိအမတ်ကြီး ခေမရရှိခဲ့သော အောက်လက်ဝဲစွယ်တော်ကို ကာလင်္ဂတိုင်း၊ ဗြဟ္မဒတ္တမင်းက ဒန္တပူရမြို့တွင် စွယ်တော်တိုက် ဆောက်လုပ်ပူဇော်ခဲ့သည်။ ရတနာမျိုးစုံစီခြယ်ထားသည့် ရတနာကြုတ်ဖြင့် စံပယ်ခဲ့သည်။ အိန္ဒိယ၌ ဗုဒ္ဓဘာသာ မှေးမှိန်လာချိန် သီရိလင်္ကာ(သီဟဠ) နိုင်ငံ ပရက္ကမဘုရင်လက် ရောက်ရှိသွားသည်။ ပရက္ကမမင်းက ပေါရာဏရုဝမြို့၌ စွယ်တော်တိုက်ဆောက်လုပ် ခဲ့သည်။ အိန္ဒိယမှ ဗုဒ္ဒဘာဝင်မဟုတ်သည့် လူမျိုးများက သီရိလင်္ကာကို ကျူးကျော်တိုက်ခိုက်ခဲ့စဉ်က စွယ်တော်မြတ်ကို နိုင်ငံတောင်ဘက်ပိုင်းသို့ ပင့်ဆောင်တိမ်းရှောင်ခဲ့ရသည်။ ၀ိဇယဗာဟု နန်းတက်လာသည့် အေဒီ (၁၂၂၀)တွင် ကေဂေါလခရိုင် ဘယ်လိဂေါလမြို့သို့ ပြန်လည်ပင့်ဆောင်သည်။ သီရိလင်္ကာသို့ ပေါ်တူဂီများ ကျူးကျော်လာပြန်ရာ တောင်တန်းထူထပ်ရာသို့ စွယ်တော်ကို ပင့်ဆောင်သိုဝှက်ခဲ့သည်။ ပေါ်တူဂီများကိုတိုက်ရန် သီရိလင်္ကာဘုရင်များက ဒတ်ခ်ျနှင့် ပူးပေါင်းရာမှ ဒတ်ခ်ျတို့ လက်အောက်ရောက်ရသည်။ ဒတ်ခ်ျတို့ကို တိုက်ထုတ်ရန် အင်္ဂလိပ်တို့နှင့်ပေါင်းရာမှ အင်္ဂလိပ်လက်အောက် ရောက်ခဲ့ရသည်။

အေဒီ (၁၇၄၇) ခုနှစ်တွင် နန်းတက်သော သီရိလင်္ကာဘုရင် ကာတိသီရိက စွယ်တော်စံပယ်ရန် ၀ိဟာရကျောင်းတိုက်ကြီး ဆောက်လုပ်ပေးခဲ့သည်။ ဒတ်ခ်ျတို့နှင့် တိုက်ခိုက်ရစဉ်က ကာတိဝီရိဘုရင်သည် စွယ်တော်ကို ကန္ဒုသာလိမြို့မှ ဒေါလဒမာလိဂါဝမြို့သို့ ပင့်ဆောင်သွားခဲ့ရသည်။ ကန္ဓီမင်းဆက် နောက်ဆုံးဘုရင် သီရိဝိကရရာမ ရာဇသီလက်ထက် အင်္ဂလိပ်တို့နှင့် တိုက်ရပြန်သဖြင့် စွယ်တော်ကို ဘုရင်ကိုယ်တိုင်ပင့်ကာ တောင်တန်းဒေသသို့ ဆုတ်ခွာတိမ်းရှောင်ရပြန်သည်။

၁၈၁၅-ခု စစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့က သီရိလင်္ကာကို အုပ်စိုးလာခဲ့သည်။ စွယ်တော်မြတ်ကို ဒေါလဒမာလိဂါဝမြို့သို့ ပြန်ပင့်လာခဲ့သည်။ ယနေ့ မြတ်စွယ်တော်မှာ ကန္ဓီမြို့မှ စွယ်တော်တိုက်တွင် စံပယ်တော်မူလျက်ရှိသည်။ ပေါ်တူဂီတို့က သီရိလင်္ကာနိုင်ငံကို ၁၅၀၅-ခုနှစ်တွင် မိမိတို့ တိုက်ခိုက်သိမ်းပိုက်ပြီး ဗုဒ္ဓစွယ်တော်ကို အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ ယူဆောင်ဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း သီိလင်္ကာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် မင်းကောင်းမင်းမြတ် ရဟန်းတော်များနှင့် ပြည်သူများက စွယ်တော်မြတ်ကို ကာကွယ်စောင့်ရှောက် ပူဇော်တားနိုင်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၆၀၀လောက်က သီရိလင်္ကာကျွန်းမှ မြတ်စွယ်တော် ဘုရားဖူးမှတ်တမ်းအရ ခရစ်နှစ် ၃၉၉ မှ ၄၁၄ ထိ ၁၅နှစ်တိုင် တရုတ်ပြည်မှ အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသနှင့် သီရိလင်္ကာသို့ ဘုရားဖူးရင်း ဗုဒ္ဓပိဋကတ်တရားတော်များ ဆည်းပူးလေ့ကျက်မှတ်သား ကူးယူခဲ့သော ပထမ ဖာဟီယန်ဆရာတော်က သီရိလင်္ကာသို့ ရောက်ရှိသခိုက် စွယ်တော်လှည့်ပွဲနှင့် ကြုံကြိုက်ဖူးမြော်ရပုံကို ဘုရားဖူးမှတ်တမ်း၌ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။

“မြတ်စွာဘုရား၏ စွယ်တော်ကို နယုန်လပြည့်နေ့၌ အစဉ်မပြတ် ပင့်ဆောင်ပူဇော်ကြလေသည်။ ဘုရင်မင်းမြတ်သည် စွယ်တော်မြတ်ကို မပင့်ဆောင်မီ ၁၀ရက်က ကြိုတင်၍ မင်္ဂလာဆင်တော်ကြီးတစ်စီးကို ကြီးကျယ်ခမ်းနားစွာ ကကြိုးတန်ဆာဆင်ပြီးလျှင် အသံသြဇာကောင်းစွာ ပြည့်စုံသော ယောက်ျားတစ်ယောက်ကို မင်းဝတ်တန်ဆာများဖြင့် ၀တ်စားစေလျက် ဆင်ကြီးပေါ်တွင် စီးစေပြီးသောအခါ စည်တော်များကိုရွမ်း၍ အသံကျယ်လျစွာ အောက်ပါအမန့်တော်ကို ကြွေးကြော်စေလေသည်။”

“ဘုရားအလောင်းတော်မြတ် ဗောဓိသတ်သည် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကဟု ဆိုအပ်သော လောကသုံးထပ် ဘုံသုံးရပ်၌ ကျင်လည်ကျက်စား မျောပါစဉ်အခါ ဝေနေယျသတ္တ၀ါ အပေါင်းတို့အား သနားရူမြော် သံသရာမှ ကယ်တင်တော်မူလိုသော ဗလ၀ဆန္ဒ အာသီသရှိတော်မူသည်ဖြစ်ရာ မိမိဒ၏အသက်ခန္ဓာကို မငဲ့ညာဘဲ ခြိုးခြံစွာ ကျင့်ကြံအားထုတ်တော် မူလေသည်။

ဘုရားအလောင်းတော်သည် မိမိ၏ အသက်တစ်မျှ ချစ်လှစွာသော အိမ်သူသက်ထား ဇနီးမယားနှင့်တကွ သမီးသားမကျန် နိုင်ငံမြို့ရွာ လွန်စွာခမ်းနား ထီးနန်းစည်းစိမ်များကို မစင်တွင်းလောက် တံတွေးပေါက်ကဲ့သို့ ပယ်ရှားစွန့်ပစ်တော်မူလေသည်။ အလိုရှိသော အလှူခံပုဂ္ဂိုလ်တို့အား မိမိ၏မျက်စိကို ကြိမ်ဖန်များစွာ ဖောက်ထုတ်လှူဒါန်း ပေးကမ်းတော်မူခဲ့လေပြီ။ မိမိ၏ အသားစိုင်များကို ခွဲဖြတ်လှီးယူ၍ ချိုးငှက်ကို ရေးယူခြင်းအားဖြင့် လှူဒါန်းတော်မူ၍ မိမိ၏ ဥက္ခောင်းတော်များကိုလည်း အလိုရှိသော အလှူခံပုဂ္ဂိုလ်တို့အား ဒါန၀တ္ထုဖြစ် ပေးကမ်းလှူဒါန်းတော်မူလေသည်။ ခြင်ဆီ၊ ဦးနှောက်များနှင့်တကွ မိမိ၏ခန္ဓာကိုယ် တစ်ကိုယ်လုံးကို တွန့်တိုနှမြောခြင်းမရှိဘဲ ရက်ရောကြည်ဖြူစွာ အစာအာဟာရ ဆာလောင်မွတ်သိပ်နေသော ကျား မ တစ်ကောင်အား ကျွေးမွေးလှူဒါန်း ပေးကမ်းတော်မူလေပြီ။

ဤကဲ့သို့သော နည်းလမ်းအားဖြင့် အနန္တသတ္တ၀ါတို့၏ ချမ်းသာစီးပွားအကျိုးများစေခြင်းငှာ ဒါနပါရမီအလီလီတို့ကို ကြာရှည်လေးမြင့် ဖြည့်ကျင့်တော်မူ၍ သုံးလူ့ရှင်ချစ် ဘုရားဖြစ်တော်မူသောအခါ ရှေးရှေးဘုရား နောင်တော်များ၏ ကျင့်စဉ်ထုံးနည်းကို အစဉ်မှီးလျက် ၄၉ ၀ါ(မဟာယာနအလိုအရ) ရှည်ကြာမြင့်ညောင်း တရားကောင်းတို့ဖြင့် ကိလေသာမီး ညီးညီးထိန်ပြောင် တောက်လောင်စွဲမြဲ မိုက်မဲတွေဝေ၍ နေကြကုန်သော သတ္တ၀ါတို့အား တရားတည်းဟူသော အလင်းရောင်ကို ပေးတော်မူလေပြီ”

“သြဃလေးဖြာ သံသရာတည်းဟူသော ရေယဉ်ကြော၌ နစ်မျော၍နေကြကုန်သော သံသရာသမား ခရီးသွားတို့အား ရပ်နားတည်နေရန် နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းကို ညွှန်ပြပေး သနားတော်မူလေပြီ။ ဘုရားရှင်ကိုယ်တော်မြတ်သည် ဆွေတော်မျိုးတော်နှင့်တကွ ကျွတ်ထိုက်သူဗိုလ် လူများစွာ သတ္တ၀ါတို့အား သနားကယ်ချွတ် သံသရာဘေးမှ ကင်းလွတ်စေတော်မူပြီး၍ ခန္ဓာဇာတ်သိမ်း ကင်းငြိမ်းရာမှန် ပြည်နိဗ္ဗာန်သို့ ၀င်စံကြွသွားတော်မူလေပြီ”

“ရှေးလွန်းလေပြီသောကာလ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်သို့ သွားလမ်းကို ဖြောင့်တန်းစွာ မြင်စေနိုင်သော သတ္တလောကကြီး၏ မျက်စိတည်းဟူသော အလင်းရောင်ကြီးသည် အပြီးကွယ်ပျောက် ဆုံးခန်းသို့ရောက်၍ သ၀ိညာဏက သတ္တ၀ါဟူသမျှတို့သည် ပြင်းပြလိုက်လှဲ ကိုယ်စိတ်ဆင်းရဲကြ လေသည်။

ဤနေ့မှစ၍ ၁၀ရက်ကြာရှိသောအခါ မြတ်စွာဘုရား၏ စွယ်တော်မြတ်ကို အဘယဂီရိကျောင်းတိုက်သို့ ပင့်ဆောင်တော်မူလိမ့်မည်။ သံသရာစခန်းခရီးလမ်း၌ ချမ်းသာရန်အလို့ငှာ အနုဂါမိကဥစ္စာ ရတနာရွှေအိုးကို ထုတ်ပိုးမြှုပ်နှံလို့ကြကုန်သော တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြ ဗိုလ်လူအပေါင်းတို့သည်။ စွယ်တော်ပင့်ဆောင်တော်မူရာ ခရီးလမ်းကို သန့်ရှင်းညီညာစွာပြုပြင်၍ တန်ဆာများကို ဆင်ကြစေ။ ဆီမီး၊ ပန်း၊ နံ့သာ စုံလင်စွာတို့ဖြင့် ရှိခိုးပူဇော်ကြရန် အဆင်သင့်ပြုပြင်စီမံထားကြစေ” ဟူ၍ တစ်မြို့လုံးကို ကြွေးကြော်စည်လည်စေသည်။

ဤသို့ ကြွေးကြော်စေပြီးသောအခါ (ဝေသန္တရာမင်းသား)၏ ရုပ်ပုံသဏ္ဌာန်အဖြစ်ဖြင့်လည်းကောင်း၊ အလောင်းတော်ဆင်မင်း၏ ပုံသဏ္ဌာန်ဖြင့်လည်းကောင်း၊ အလောင်းတော် ဆတ်မင်း၏ ပုံသဏ္ဌာန်ဖြင့်လည်းကောင်း၊ အလောင်းတော် မြင်းမင်း၏ ပုံသဏ္ဌာန်ဖြင့်လည်းကောင်း၊ အမျိုးပေါင်း ၅၀၀ ကျော်သော ရုပ်ပုံများကို လမ်းဘေးနှစ်ဘက်၌ ပြုလုပ်ရန် ထွက်ကြွသွားလေသည်။ ထိုရုပ်ပုံအားလုံးကို လှပဆန်းကြယ်စွာ ဆေးအမျိုးမျိုးတို့ဖြင့် သုတ်လိမ်းခြယ်လှယ်ထားသောကြောင့် အသက်ရှိသောသတ္တ၀ါများကဲ့သို့ အောက်မေ့မှတ်ထင်ရလေသည်။ ထို့နောက် စွယ်တော်မြတ်ကို ပင့်ဆောင်ထုတ်ယူလာသောအခါ အမျိုးမျိုးသော မြတ်နိုးကော်ရော် ပူဇော်သက္ကာရများကို ပြုတော်မူလျက် လမ်းမကြီးအလယ်တစ်လျှောက်မှ ခမ်းနားကြီးကျယ်စွာ ပင့်ဆောင်သွားကြလေသည်။

“အဘယဂီရိ ကျောင်းတိုက်ကြီး၏ ဘုရားကျောင်းကြီးသို့ ရောက်သောအခါ ရဟန်းတော်များနှင့် တိုင်းသူပြည်သား လူထုကြီးများစွာတို့သည် မွှေးကြိုင်လှစွာသော နံ့သာမျိုးငါးပါးတို့ကို မီးရို့ခြင်း၊ မီးအိမ်မီးခွက်များကို ညှိထွန်းပူဇော်ခြင်း စသည်တို့ဖြင့် ဗုဒ္ဓဘာသာအယူဝါဒအားလျော်စွာ ကြီးကျယ်ခမ်းနားလှစွာသော ပူဇော်ပွဲသဘင်ကြီး အမျိုးမျိုးတို့ကို နေ့ည၌ မစဲသဲသဲရုတ်ရုတ် အားထုတ်ကျင်းပပြုလုပ်ကြလေကုန်၏။ ရက်ပေါင်း ၉၀ ကာလပတ်လုံး ကုန်လွန်စေ၍ ပူဇော်ပွဲကြီးဝှဲချီး ကျင်းပပြီးသည့်နောက် စွယ်တော်မြတ်ကို မြို့တွင်းရှိ စွယ်တော်မြတ် ကိန်းဝပ်တော်မူရာ ဗိမာန်အဆောက်အအုံကြီးသို့ ပြန်လည်ပင့်ဆောင်ကြလေသည်။ ဥပုသ်နေ့အခါများ ပြည်သူတို့ စွယ်တော်မြတ်ကို ဖူးမြော်ပူဇော်ကြစေရန် ၎င်းအဆောက်အအုံဗိမာန်ကြီးကို ဖွင့်ထားလေသည်။

စွယ်တော်တိုက်ကို လူတိုင်းဖူးမြော်နိုင်ရန် နေ့စဉ် သုံးကြိမ်မျှဖွင့်ပေးသည်။ နံနက် ၆နာရီ နေ့လယ် ၁၀နာရီနှင့် ညနေ ၆နာရီ အချိန်တို့ဖြစ်သည်။ အချိန်တိုင်းမှာပင် လာရောက်ဖူးမြော်သူများ ရှိနေပေသည်။ ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့၏ ရင်သွေးကလေးငယ်များကို (လသားအရွယ်မှာပင်) ခေါ်ယူလာ၍ ပန်းနံ့သာ၊ ဆီမီးတို့ဖြင့် ပူဇော်လျက် စွယ်တော်ကို ဦးတိုက်စေရသည့် အစဉ်အလာတစ်ရပ်ပင် ဖြစ်လေသည်။ ထိုသို့ နေ့စဉ် သုံးကြိမ် စွယ်တော်တိုက်ဖွင့်သည်ဆိုသော်လည်း စွယ်တော်ကိုကား ဖူးမြော်ခွင့်ရသည်မဟုတ်ပါ။ စွယ်တော်ကိန်းဝပ်သည့် စွယ်တော်ကြိုတ်ကိုသာ အဝေးမှ ဖူးတွေ့ရခြင်း ဖြစ်ပါသည်။

စွယ်တော်တိုက်ကို ၂နှစ်လျှင် တစ်ကြိမ်သာဖွင့်သည်။ နောက်ဆုံး (၁၉၈၉ တွင် ဖွင့်ခဲ့သည်) စွယ်တော်ကို ၇ စင်တီမီတာအရွယ်ရှိ ဆင်စွယ်အတွင်း၌ မြုပ်နှံထားခြင်းဖြစ်သည်။ အပေါ်က ဖန်အုပ်ဆောင်း၊ အပြင်က အဖုံးအအုပ် ၇ ထပ်ရှိသည်။ သော့များကို ကန္ဒီမြို့တော်ကျောင်းတိုက်ကြီး ၂ တိုက်နှင့် ဂေါပကတို့က ခွဲခြားသိမ်းဆည်းထားကြသည်။ အားလုံး လူစုံမှ ဖွင့်လို့ရသည်။

သီရိလင်္ကာ စွယ်တော်လှည်ပွဲတော်ကို တစ်နှစ်လျှင် ၁၀ ရက် ကျင်းပသည်။ နောက်ဆုံးနေ့ညတွင် လှည့်လည်ပွဲဖြင့် ပြီးဆုံးသည်။

ဆင်ပေါင်း တစ်ထောင်ကျော် ကချေသည်မျိုးစုံ အတီး၊ အမူတ် အဖွဲ့မျိုးစုံဖြင့် အထူးစည်ကားစွာ လှည့်လည်သော ပွဲတော်ဖြစ်၏။ (စွယ်တော်အတုဖြင့် လှည့်လည်ခြင်းဖြစ်၏။ စွယ်တော်အစစ်ကို ဘယ်တော့မှ မထုတ်ချေ) စွယ်တော်လှည့်ပွဲကို ရှမ်းပြည်၊ အင်းလေး ဖေါင်တော်သီး ဘုရားလှည့်ပွဲနှင့် ပမာပြုလို့ရသည်။ သီဟိုဠ်နိုင်ငံ၏ အကြီးကျယ်ဆုံး အခမ်းအနားပွဲတော်ဖြစ်၍ ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်ကြသည်။

မြန်မာနိုင်ငံတွင် ပေါင်းတည်မြို့ ဗုဒ္ဓစွယ်တော်လှည့်ပွဲမှာ နိုင်ငံတွင်း၌ ကျော်ကြား၏။ ပြည်မြို့မှ စွယ်တော်မှာလည်း ထင်ရှား၏။

ယနေ့ကမ္ဘာတွင် နိုင်ငံတကာသို့ ကျော်ကြားမူရနေသော စွယ်တော်မှာ နှစ်ဆူရှိ၏။ တစ်ဆူက သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓ၏ ၀ဲဖက်အထက်စွယ်တော်၊ ဒုတိယစွယ်တော်က တရုတ်နိုင်ငံမှ၊ တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ ပင့်ဆောင်ခဲ့ဖူး၏။ ထို့ကြောင့် မြန်မာနိုင်ငံမှ လူကြီးအချို့ အမှတ်ရနေပါဦးမည်။

သီရိလင်္ကာနိုင်ငံမှ စွယ်တော်ကတော့ မည်သည့်နိုင်ငံကိုမှ ကြွချီတော်မူခြင်း မရှိခဲ့။ ဤစွယ်တော်ကို သီရိကလင်္ကာမြို့ဟောင်း ကန္ဒီမြို့တော်၌ သံကွန်ခြာအထပ်ထပ်အတွင်း၌ ထားရှိ၏။ တစ်နှစ်လျှင် တစ်ကြိမ် ၁၀ရက်တိတိ အပူဇော်ခံသည်။ အပူဇော်ခံသောနေ့များကို စွယ်တော်လှည့်လည်ပွဲနေ့များ “ပီဟီဟီရာနေ့” ဟူ၍ သတ်သတ်မှတ်မှတ် (ဇူလိုင်/ သြဂုဏ်လများအတွင်း) ထားရှိသည်။

အဆိုပါ စွယ်တော်လှည့်လည်ပွဲကို ကျင်းပပြီဆိုလျှင် စွယ်တော်မြတ်ကို ရွှေကျောင်းဆောင်ပေါ်တင်ပြီး ဆင်နှင့်လှည့်၏။ ဆင်ကြီး၏အမည်ကို ရာဂျာဟု ပေးထားကြသည်။ ဆင်ကြီးက ပိတ်ဖြူခင်းထားသော လမ်းမပေါ် လျှောက်လာစဉ် ဘေးမှ ဘုရားဖူးများက သာဓု သာဓု ဟုရွတ်ဆိုကြသည်။ ဤဗုဒ္ဓ၏ စွယ်တော်သမိုင်းမှာ စိတ်ဝင်စားစရာကောင်းလှပါသည်။

ခရစ်သက္ကရာဇ် ၄ရာစုကာလထိ ဗုဒ္ဓ၏စွယ်တော်မြတ်ကို ယခုအိန္ဒယနိုင်ငံ အောရစ်စပြည်နယ်မှ ကာလင်ဂမင်းထက်က ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ တစ်ချိန်တွင် ကာလင်ဂမင်းထက် ၀ူဟသီဝမင်း စစ်ပွဲရူံးသောအခါ သမီးတော် ဟင်မမာလာမင်းသမီးက စွယ်တော်ကိုဝှက်ပြီး သီဟိုဠ်နိုင်ငံ ယူဆောင်ထွက်ပြေးခဲ့သည်။ သီဟိုဠ်နိုင်ငံ၏ဘုရင်က စစ်ရူံးသူဘုရင်ကြီး၏ မိတ်ဆွေဖြစ်သဖြင့် သမီတော်ကို ကောင်းစွာ စောင့်ရှောက်ထားခဲ့သည်။ စွယ်တော်မှာလည်း အများပြည်သူ ဗုဒ္ဓဘာသာဝင်အပေါင်း ကိုးကွယ်ရာဖြစ်လာသည်။ ယနေ့ထက်တိုင် ဤစွယ်တော်မှာ သီရိလင်္ကာနိုင်ငံ၏ လွတ်လပ်ခြင်းနှင့် အမျိုးဘာသာသာသနာ အထိမ်းအမှတ်ဖြစ်လာခဲ့သည်။ ဗုဒ္ဓ၏စွယ်တော်မှာ သီရိလင်္ကာနိုင်ငံ လွတ်လပ်ခြင်းနှင့် အမျိုးဘာသာသာသနာ အထိမ်းအမှတ်ဖြစ်လာခဲ့သည်။ ဗုဒ္ဓ၏ စွယ်တော်ကို ရှေးဦးကာလ သီဟိုဠ်နိုင်ငံ၏ မူလမြို့တော် အနုရာဓပူရမြို့၏ ထိန်းသိမ်းထားရှိခဲ့ရာက လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ လောက်ကစ၍ ယခုတည်ရှိရာ ကန္ဒီမြို့ ဘုရားကျောင်းတော်တွင်း၌ ထားရှိသည်။

ယခုအခါ ဗုဒ္ဓ၏မြတ်စွယ်တော်ကို သေနတ်ကျည်ဆန်မပေါက်သော ဖန်အုပ်ဆောင်းအတွင်း၌ အပူဇော်ခံထားရှိသည်။ ဖန်အုပ်ဆောင်းအပြင်၌ ရွှေသေတ္တာ ၆ လုံး ရှိသည်။ သေတ္တာငယ်ကို သေတ္တာကြီးစသည်ဖြင့် အထပ်ထပ် သော့ခတ်ထားခြင်းဖြစ်သည်။ သေတ္တာများမှာ ရွှေသားအစစ်ဖြစ်ပြီး ပတ္တာမြား၊ စိန်၊ စသည်တို့ဖြင့် တန်ဆာဆင်ထားသည်။

စွယ်တော်ကို ၁၀ရက်တိတိ မြို့တွင်း၌ လှည့်လည်အပူဇော်ခံသည်။ ရှေးအစဉ်ဆက်ဆက် နည်းစနစ်အတွင်း ပူဇော်ကြခြင်း ဖြစ်သည်။

ည ၇ နာရီတွင် ရာဂျာအမည်ရှိ ဆင်ပေါ်သို့ ရွှေကျောင်းဆောင်ကို တင်သည်။ ဆင်ကြီးကို လှပသော အ၀တ်တန်ဆာများဖြင့် ဆင်ယင်ထား၍ လျှပ်စစ်မီးပွင့်များ ထွန်းညှိပေးထားသည်။ ဆင်ကြီးမှာလည်း လွန်စွာလိမ္မာသည်။ နှစ်စဉ် ဤတာဝန်တစ်ခုတည်းကိုသာ တာဝန်ယူရသော ဆင်ကြီးဖြစ်သည်။ ဆင်ကြီး၏ ၀ဲယာတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သူ အင်ဒရာဂန္ဒီ လှူဒါန်းထားသော ဆင်မနှင့် ထိုင်းနိုင်ငံဘုရင် လှူဒါန်းထားသော ဆင်မနှစ်စီးကအရန်အဖြစ် လိုက်ပါကြသည်။

ရှေ့ဆုံးတွင် အတီး၊ အမူတ်၊ အက၊ အခုန်အဖွဲ့မျိုးစုံက လိုက်ပါကြသည်။ တကယ့်ရှေ့ရိုးရာစဉ်လာ အကများကို ဤပွဲတော်၌ မြင်တွေ့နိုင်သည်။ ထို့ကြောင့် နိုင်ငံတကာမှ ဧည့်သည်များက သီရိလင်္ကာနိုင်ငံ၏ သီရိလင်္ကာနိုင်ငံ၏ ယဉ်ကျေးမူဓလေ့ထုံးစံကို လေ့လာလိုသူတိုင်း ဤပွဲတော်ကို မပျက်မကွက် သွားရောက်ကြကြရပါသည်။

စွယ်တော်လှည့်လည်ပွဲ၌ စွယ်တော်ကို ဆင်ပေါ်၌ တင်၍ လှည့်သည်။ ဆင်နှစ်ကောင်က ခြံရန်သည်။ ယာဘက်က လိုက်ပါသောဆင်မှာ ရာဂျာဟု အမည်ပေးထား၍ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် အင်ဒီရာဂန္ဒီ၏ (၁၉၇၃) လက်ဆောင်ဖြစ်သည်။ ၀ဲဘက်ကဆင် “ဂျီရာဂျီရာရာဂျာ” ကတော့ ထိုင်းနိုင်ငံ၏ (၁၉၈၄ ခုနှစ်) လက်ဆောင်တော်ဖြစ်သည်။

ထိုင်းနိုင်ငံမှ ရဟန်းတော်များသည် လွန်ခဲ့သောနှစ် ၂၀၀ က သီိဟိုဠ်နိုင်ငံ၌ ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရအောင် အကူအညီ ပေးခဲ့ဖူးသည်။

ရှေးအစဉ်အဆက် ဗုဒ္ဓစွယ်တော်ပွဲကို တာဝန်ယူလှည့်ပေးသော ရာဂျာ (၁) အမည်ရှိ ဆင်ကြီး (ဤဆင်ကြီးမှာ အသက် ၈၀တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ ဆင်ကြီးကို သီရိလင်္ကာနိုင်ငံသူ နိုင်ငံသားတွေက အမှတ်ရနေကြသေးသည်။ ယခုတော့ နုပျိုသော ဆင်အသစ်နှင့် လှည့်နေကြရသည်။)

ည ၈-နာရီတိတိတွင် အမြှောက်များ ပစ်ပြီး အချက်ပေးလိုက်သည့်အခါ လှည့်လည်ပွဲစသည်။ ရှေးဆုံးက မီးတိုင်ကိုင် ယောက်ျား ၃၅၀က ဦးဆောင်သည်။

မီးတိုင်များနောက်တွင် ဗုဒ္ဓသာသနာတော် အလံကိုင်သူများ၊ ပြီးနောက် ဒေသအလံတော် အရုပ်များ၊ ဥပမာ - ဘဲငန်း၊ ခေါင်းနှစ်လုံးပါ သိမ်းငှက်၊ ကြက်တူရွေး၊ ဥဒေါင်း၊ ၀က်ဝံစသည်များ၊ နောက်ဆုံးမှ သီရိလင်္ကာနိုင်ငံအလံတော် (ခြင်္သေ့) လူငယ်များက ၀တ်ဖြူစင်ကြယ်ဝတ်ဆင်ပြီး ဓား၊ လှံ၊ လက်နက်များ ကိုင်ဆောင်လျက် သူတို့နောက်မှ ဆင်တော်ထိန်းသိမ်းရေးလူကြီး၊ အဘိုးအို ၀တ်ဖြူစင်ကြယ် ၀တ်ဆင်ပြီး စာပေများကို ကိုင်ဆောင်လျက်၊

သည့်အနောက်မှာ ဆင်တီးဝိုင်းအဖွဲ့ ဆင်အဖွဲ့ ဆင်ထိန်းများက ဦးဆောင်လျက်၊ ပြီးနောက် အတီး၊ အမူတ်၊ အက၊ အခုန် ရိုးရာအနုပညာအဖွဲ့များ၊ ဆင်များ၊ တီးဝိုင်းအဖွဲ့များ၊ မီးရှူးတန်ဆာ ကိုင်ဆောင်သောအဖွဲ့များ ရိုးရာဝတ်စုံ ၆၄ မျိုးကို စေ့စုံစွာ ၀တ်အဖွဲ့ စသည် စသည်၊

သည့်နောက်မှ စွယ်တော်ကို တင်ဆောင်လာသော ရာဂျာအမည်ရှိ ဆင်တော်က ၉ ၁/၂ ပေမြင့်၍ အသက် ၄၀ရှိပြီး ဆင်တော်ဖြတ်သွားစဉ် ပွဲကြည့်ပရိသတ်အားလုံးက သီးညွှတ်ကြပြီး သာဓု သာဓု ဟူ၍ ရွက်ဆိုကြသည်။ ထိုစဉ် ဘေးပတ်ဝန်းကျင့်မှ လိုက်ပါလာကြသော လူငယ်များက စပယ်ပန်းပွင့်များ ကြဲပေးကြသည်။

သည့်အနောက်က စွယ်တော်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံလူကြီး အသက် ၃၂နှစ်ရှိ ပုဂ္ဂိုလ် (မျိုးရိုးအရ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ၁၀ နှစ်တစ်ကြိမ် အရွေးခံရသောလူကြီး) သူကတော့ အလွန်ထူးခြား ခန့်ငြားသောဝတ်စုံနှင့် ရွှေ၊ ငွေအပြည့် တန်ဆာဆင်လျက်၊ ခါးမှာလည်း ဓားကြီးဖြင့် စွယ်တော်ကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်သွားမည့်ဟန်၊ သူ့နောက်မှ စွယ်တော်စောင့်အဖွဲ့လူကြီးများ၊ ဆင်များ၊ တီးဝိုင်းအဖွဲ့များ၊ မီးရှူးတိုင်ကိုင်အဖွဲ့များ၊ အကအခုအဖွဲ့များ။

နောက်ဆုံးမှ ဆင်တော်အဖွဲ့များ၊ အမျိုးသမီးဝတ်အဖွဲ့များ၊ အက၊ အခုန်၊ အတီးအမူတ်အဖွဲ့များ ၀တ်စုံပြည့်လှပစွာ ဆင်ပင်လျက်၊

ဤနည်းအတိုင်း ပထမငါးညတွင် မြို့တော်၏ ဒေသငါးခုသို့ လှည့်လည်ကြသည်။ နောက်ဆုံး နှစ်ညကတော့ အစည်ကားဆုံးဖြစ်၏။ ဆင်ကောင် ၈၀၊ ကချေသည် ၁၅၀၀၊ အတီးအမူတ်သမား ၃၀၀၊ မီးဒုတ်ကိုင်ဆောင်သူပေါင်း ၃၅၀က ဦးဆောင်ပြီး ဘာသာရေး အသင်းအဖွဲ့အားလုံးမှ လိုက်ပါလှည့်လည်ကြသည်။

ဤသို့ ၇ ရက်တိုင်အောင် လှည့်လည် ပူဇော်ပွဲကျင်းပပြီးမှ စွယ်တော်ကို မူလနေရာ ဘုရားလူကြီးများက ပြန်သိမ်းကြသည်။ ပြီးလျှင် နိုင်ငံတော်သမ္မတထံ ဘုရားလူကြီးအဖွဲ့က “ယခုနှစ်တွင် ရိုးရာအစဉ်အလာအတိုင်း စွယ်တော်လှည့်လည်ပွဲကို အောင်မြင်စွာ ကျင်းပပြီးကြောင်း” ကို အစီအရင်ခံရသည်။ ရှေးခေတ်က ဘုရင်ထံအကြောင်းကြားသည့် အစဉ်အလာအတိုင်း ဖြစ်၏။

မှီ : Readers Digest Aug 1989

No comments:

Post a Comment