ရဟန်းတို့ ! လောက၌ သမဏ, ဗြာဟ္မဏ, နတ်, မာရ်, ဗြဟ္မာ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာ ၅-မျိုးမှာ -
၁။ အိုတတ်သော သဘောတရားကို “မအိုပါစေလင့်” ဟု မည်သူမှ တောင့်တ၍ မရ။
၂။ နာတတ်သော သဘောတရားကို “ မနာပါစေလင့်” ဟု မည်သူမှ တောင့်တ၍ မရ။
၃။ သေတတ်သော သဘောတရားကို “ မသေပါစေလင့်” ဟု မည်သူမှ တောင့်တ၍ မရ။
၎။ ကုန်ခန်းတတ်သော သဘောတရားကို “ မကုန်ခန်းပါစေလင့်” ဟု မည်သူမှ တောင့်တ၍ မရ။
၅။ ပျက်စီးတတ်သော သဘောတရားကို “ မပျက်စိးပါစေလင့်” ဟု မည်သူမှ တောင့်တ၍ မရ။
အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် အိုခြင်းသဘောတရားနှင့် တွေ့ကြုံသောအခါ -
“အိုခြင်းသဘောတရားသည် ငါတစ်ယောက်တည်းမှာသာ ဖြစ်သည် မဟုတ်၊ စင်စစ်မူကာ ဤဘ၀သို့ ရောက်လာခြင်း, ဤဘ၀မှ ပြောင်းသွားခြင်း, သေခြင်း, ပဋိသန္ဓေနေခြင်းရှိသည့် သတ္တ၀ါမှန်သမျှမှာ အိုခြင်း သဘောတရားဆိုတာ ဖြစ်မည်သာ။
အိုတိုင်းသာ ငါ ပူဆွေး, ပင်ပန်း, ငိုကြွေး, ရင်ဘတ်စည်တီးမြည်တမ်း, မိန်းမောနေမည် ဆိုလျှင် ထမင်းလည်း စားနိုင်မည်မဟုတ်၊ ရုပ်အဆင်းလည်း ပျက်ယွင်းမည်၊ အလုပ်လည်း မလုပ်နိုင်ရာ၊ ရန်သူများ ကျေနပ်ပြီး မိတ်ဆွေများ စိတ်ဆင်းရဲရုံရှိမည်” ဟု ဆင်ခြင်သင့်လျက် ဤသို့ မဆင်ခြင်နိုင်။
ယင်းသို့ မဆင်ခြင်နိုင်ဘဲ ပူဆွေးနေသည်၊ ပင်ပန်းနေသည်၊ ငိုကြွေးနေသည်၊ ရင်ပတ်စည်တီး ငိုမြည်တမ်း နေသည်၊ တွေဝေမိန်းမောနေသည်။
အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို “သောက အဆိပ်ဆူး စူးဝင်သည်ဖြစ်၍ မိမိကိုယ်ကိုပင် ပူပန်စေတတ်သူ” ဟု ဆိုရမည်။
အကြားအမြင်ရှိသော အရိယာတပည့်သည် အိုခြင်းသဘောတရားနှင့် တွေ့ကြုံသောအခါ -
“အိုခြင်းသဘောတရားသည် ငါတစ်ယောက်တည်းမှာသာ ဖြစ်သည် မဟုတ်၊ စင်စစ်မူကာ ဤဘ၀သို့ ရောက်လာခြင်း, ဤဘ၀မှ ပြောင်းသွာခြင်း, သေခြင်း, ပဋိသန္ဓေနေခြင်းရှိသည့် သတ္တ၀ါမှန်သမျှမှာ အိုခြင်း သဘောတရားဆိုတာ ဖြစ်မည်သာ။
အိုတိုင်းသာ ငါ ပူဆွေး, ပင်ပန်း, ငိုကြွေး, ရင်ဘတ်စည်တီး မြည်တမ်း, မိန်မောနေမည် ဆိုလျှင် ထမင်းလည်း စားနိုင်မည်မဟုတ်၊ ရုပ်အဆင်းလည်း ပျက်ယွင်းမည်၊ အလုပ်လည်း မလုပ်နိုင်ရာ၊ ရန်သူများ ကျေနပ်ပြီး မိတ်ဆွေများ စိတ်ဆင်းရဲရုံ ရှိမည်” ဟု ဤသို့ ဆင်ခြင်နိုင်သည်။
ယင်းသို့ ဆင်ခြင်နိုင်သော အရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ပတ်စည်တီး မမြည်တမ်း၊ မတွေဝေ မမိန်းမောတော့ချေ။
အကြားအမြင်ရှိသော ဤ အရိယာတပည့်ကို “ သောကအဆိပ်ဆူး ပယ်နူတ်သူ” ဟု ဆိုရမည်။
ထို့အတူ နာခြင်း, သေခြင်း, ကုန်ခန်းခြင်း, ပျက်စီးခြင်းတို့နှင့် တွေ့ကြုံရာ၌လည်း အကြားအမြင်ရှိသော အရိယာတပည့်သည် ဆိုခဲ့ပြီးအတိုင်း ဆင်ခြင်သင့်သည်ကို ဆင်ခြင်ပြီး မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ပတ်စည်တီး မမြည်တမ်း၊ မတွေဝေ မမိန်းမောတော့ချေ။
အကြားအမြင်ရှိသော ဤအရိယာတပည့်ကို “သောကအဆိပ်ဆူး ပယ်နူတ်သူ” ဟု ဆိုရမည်။
အကြားအမြင်နည်းပါးသည့် ပုထုဇဉ်သည် သောကအဆိပ်ဆူး စူးဝင်နေသောကြောင့် မိမိကိုယ်ကိုပင် ပူလောင်စေသည်။
ဤသို့ မိန့်တော်ူမပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -
“ဤလောက၌ ပူဆွေးခြင်း, ငိုကြွေးခြင်းဖြင့် အကျိုးအနည်းငယ်မျှလည်း စင်စစ် မရနိုင်၊ ပူဆွေးဆင်းရဲသူကို ရန်သူတို့ သိ၍ ၀မ်းမြောက်ကြသည်။
အကြောင်းကို ဆုံးဖြတ်နိုင်သူက ပညာရှိက ဘေးရန်တို့ကြောင့် မတုန်မလူပ်သောအခါ ရန်သူတို့သည် ပညာရှိ၏ ရှေးမူအတိုင်း မဖောက်ပြန်သော မျက်နှာကို တွေ့မြင်ရ၍ ဆင်းရဲကြသည်။
အို, နာ, သေ, ကုန်ခန်း, ပျက်စီးခြင်းတို့နှင့် တွေ့ကြုံသောအခါ -
ယင်းတို့၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းသဖြင့် ဖြစ်စေ (မြှောက်ပင့်ခြင်း, ကပ်ဖားခြင်းမျိုးကို ဆိုလိုသည်)၊
တန်ခိုးကြီးသော မန္တာန်ကို ရွတ်အံသရဇ္ဈာယ်သဖြင့်ဖြစ်စေ (အားကိုး တစ်ခုခု ရှာခြင်းကို ဆိုလိုသည်)၊
ကောင်းမွန်သော စကားကို ပြောဆို၍ ဖြစ်စေ (တောင်းပန်ခြင်း, ကျေနပ်အောင် ပြောခြင်း စသည်ကို ဆိုလိုသည်)၊
တံစိုးလက်ဆောင် ပေးသဖြင့် ဖြစ်စေ (လာဘ်ထိုးခြင်ကို ဆိုလိုသည်)၊
မျိုးရိုးစဉ်ဆက်ကို ပြသဖြင့် ဖြစ်စေ (မျိုးရိုး, အကျင့်သိက္ခာ ဟူသော အခြေအနေ အဆင့်အတန်းကို ပြခြင်း - စသည်ကို ဆိုလိုသည်)
မအိုခြင်းစသော အကျိုးရနိုင်မည်ဆိုလျှင် ရနိုင်သမျှ ကြိုးစား အားထုတ်လေရာသည်။
သို့သော် မည်သို့ပင် ကြိုးစားစေကာမူ အိုမည် နာမည် သေမည် ကုန်ခန်းမည် ပျက်စီးမည်သာ ဖြစ်သည်။
ငါဖြစ်စေ, အခြားသူ ဖြစ်စေ မအို မနာ မသေ မကုန်ခန်း မပျက်စီးဖို့ မည်သို့ပင် အားထုတ်၍ မရနိုင်ဟု သိပါမူ -
“ငါသည် ၀ဋ်ဆင်းရဲ၌ ဖြစ်စေတတ်သော ကံကို နူတ်လို့မရအောင် အားထုတ်မိခဲ့ပြီ၊ ခုတော့ ဘာတတ်နိုင်တော့မှာလဲ” ဟု ဆင်ခြင်၍ ပူဆွေးခြင်းမရှိဘဲ အောင့်အည်း သည်းခံရမည်။”
ဆောင် - အိုခြင်း တစ်ဖြာ၊ နာခြင်း တစ်ထွေ၊ သေခြင်း တစ်ဖုံ၊ ကုန်ခန်း တစ်ချက်၊ ပျက်စီး ဟူငြား၊ ဤငါးပါးကို၊ မဖြစ်လို၊ တောင်းဆို မရမှတ်။
အဋ္ဌမသုတ် ပြီး၏။
Monday 28 February 2011
၈။ အလဗ္ဘနီယ ဌာနသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment