ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 February 2011

၅။ မုဏ္ဍရာဇ၀ဂ်(မုဏ္ဍမင်းကို ဟောသည့် သုတ်ပါသော အခန်း)


၁။ အာဒိယသုတ်

မြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတ၀န်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ်အခါက ဖြစ်ပါသည်။

ထိုအချိန် အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားထံ သွားရောက်ဖူးမြော်သည်၊ ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးကို မြတ်စွာဘုရားက ဤသို့ မိန့်တော်မူသည်။

“ဒါယကာ ! စည်းစိမ်ရအောင် ရှာဖွေကြောင်း ၅-မျိုးမှာ -

ဤလောက၌ အရိယာတပည့်သည် စည်းစိမ်ဥစ္စာတို့ကို ချွေးဒီးဒီးကျလောက်အောင် လက်ရုံးအားကိုးကာ တရားနှင့်အညီ ကြိုးစားရှာဖွေသည်။
ထိုစည်းစိမ်တို့ဖြင့် -

၁။ မိမိကိုယ်, မိဘ, သား မယား, ကျွန်အမူလုပ် တို့ကို ချမ်းသာစေ, နှစ်သက်စေနိုင်သည်၊ ချမ်းသာကိုလည်း ကောင်းစွာ ဆောင်နိုင်သည်။

၂။ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ တို့ကို ချမ်းသာစေ, နှစ်သက်စေနိုင်သည်၊ ချမ်းသာကိုလည်း ကောင်းစွာ ဆောင်နိုင်သည်။

၃။ ရန်သူမျိုး ၅-ပါးကြောင့် ဘေးရန်တို့ ဖြစ်ပေါ်လာရာ၌ ထက်ဝန်းကျင် ပိတ်ဆို့ ကာကွယ်၍ မိမိကိုယ်ကို ချမ်းသာအောင် ပြုနိုင်သည်။

(ရန်သူမျိုး ၅-ပါး=ရေ, မီး, မင်း, ခိုးသူ, မချစ် မနှစ်သက်အပ်သူ အမွေခံဆိုး)

၎။ ဆွေမျိုး, ဧည့်သည်, ကွယ်လွန်သွားသော ဆွေမျိုး, မင်း, နတ် ဟူသော ပူဇော်ရာ ၅-မျိုးကို ပူဇော်မူ ပြုလုပ်နိုင်သည်။

၅။ သမဏ ဗြာဟ္မဏတို့၌ အလှူဒါနကို ပြုလုပ်နိုင်သည်။

ဤ၌ ပါသောသာမဏ, ဗြာဟ္မဏ တို့သည် -

မာန်ယစ်ခြင်း,မေ့လျော့ခြင်းလည်း ကင်းကြသည်။

သည်းခံကြသည်၊ ကောင်းသော အမူ၌ မွေ့လျော် ပျော်ပိုက်ကြသည်။

တစ်ယောက်တည်းသော မိမိကိုယ်ကိုလည်း ဆုံးမကြသည်။

တစ်ခုတည်းသော မိမိစိတ်ကိုလည်း ကိလေသာမှ ငြိမ်းအေးစေကြသည်။

အလှူဒါန ဟူသည်မှာလည်း -

အထက်ဘုံသို့ သွားကြောင်းလည်း ဖြစ်, နတ်ပြည်အစီးအပွါးလည်း ဖြစ်, ချမ်းသာကျိုးလည်း ရှိ, ကောင်းမြတ်သော အာရုံကိုလည်း ဖြစ်စေတတ်သော အလှူဒါနမျိုး ဖြစ်သည်။

ထိုစည်းစိမ်များရအောင် ရှာဖွေကြောင်း ၅-မျိုးကို ပြုလုပ်သော အရိယာတပည့်မှာ -

အကယ်၍ စည်းစိမ်တို့ ကုန်ခန်းသွားခဲ့မူ -

“ငါသည် ကိုယ်တိုင်ခံစားခြင်း, မိဘကို လုပ်ကျွေးခြင်း စသော စင်စစ် လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်း ၅-မျိုးတို့ကိုလည်း ပြုလုပ်ခဲ့ပြီ၊ ငါ၏ စည်းစိမ်တို့ ကုန်ခန်းသွားခြင်း ကြောင့်လည်း ငါ့မှာ ပူစရာ မလိုတော့” ဟု စဉ်းစားပြီး နှလုံးမသာမယာ မဖြစ်။

အကယ်၍ စည်းစိမ်တို့ တိုးပွါးခဲ့မူ -

“ငါသည် ကိုယ်တိုင်ခံစားခြင်း မိဘကို လုပ်ကျွေးခြင်း စသော စင်စစ် လုပ်သင့်လုပ်ထိုက် သည့် လုပ်ငန်း ၅-မျိုးတို့ကိုလည်း ပြုလုပ်ခဲ့ပြီ၊ ငါ၏ စည်းစိမ်တို့သည်လည်း တိုးပွားနေပါကလား” ဟု စဉ်းစားပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေသည်။”

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“ငါသည် စည်းစိမ်တို့ကို သုံးဆောင်ခဲ့ပြီ၊ မိဘတို့ကို လုပ်ကျွေးခဲ့ပြီ၊ သားမယားတို့ကို မွေးမြူခဲ့ပြီ၊ ဘေးရန်တို့ကို လွန်မြောက်ခဲ့ပြီး အထက်နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို ပေးလှူခဲ့ပြီ၊ ထို့ပြင် ၅-မျိုးသော ပူဇော်မူကိုလည်း ပြုခဲ့ပြီ၊ သီလလည်းရှိ ကိုယ်, နူတ်, နှလုံး စောင့်သုံးကြသည့် မြတ်သော အကျင့်ကို ကျင့်သုံးသူတို့အား လုပ်ကျွေးခဲ့ပြီ။

အိမ်နေသူ ပညာရှိသည် စည်းစိမ်ဥစ္စာ ရှာဖွေစုဆောင်းခြင်း၏ မူလ ရည်ရွယ်ချက်ဖြစ်သည့်
ကိုယ်တိုင် ခံစားခြင်း, မိဘကို လုပ်ကျွေးခြင်း စသော အမူတို့ကို ငါ ပြုလုပ်ခဲ့ပြီ၊ နောင်တ တဖန် မပူပန်ရသော ကုသိုလ်ကောင်းမူကို ငါ ပြုလုပ်ခဲ့ပေပြီ။

ဤသို့အဖန်ဖန် အောက်မေ့သူသည် အရိယာတို့တရား၌ တည်သဖြင့် ဤဘ၀၌ပင် ချီးမွမ်းခံရသည်၊ တမလွန်ဘ၀၀ယ် နတ်ပြည်၌ မွေ့လျော် ပျော်ရွှင်ရလေသည်။

ဆောင် - ရှာဖွေစုထား၊ စည်းစိမ်များဖြင့်၊ ၁.ကိုယ်နှင့် မိဘ၊ ၂.ချစ်လှ မိတ်ဆွေ၊ ချမ်းသာစေ၏၊ ၃.တစ်ထွေ ဘေးရန်၊ တွေ့ကြုံပြန်ဝယ်၊ ကာကွယ်သမူ၊ ချမ်းသာ ပြု၏၊ ၄.ငါးခု ပူဇော်၊ သင့်လျော်ရာ ပြု၊ ၅.ကောင်းမူပြုရန် သူမြတ်ထံမှာ၊ နတ်ရွာရောက်နိုင်၊ ဤငါးဆိုင်၊ ပြိုင်ပြိုင် စည်းစိမ်ရယူကြောင်း။

ပထမသုတ် ပြီး၏။

1 comment:

  1. တရားတွေ တော်တော်ကောင်းတယ်နော် သေချာဖတ်ဦးမယ်။ တင်ပေးတာ ကျေးဇူးပဲ။

    ReplyDelete