ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 31 October 2012

ဘာဝနာအကြောင်း

“ဘာဝနာ”ဟူရာ၌ မြန်မာလို “တိုးပွားစေခြင်း၊ ထုံမွမ်းခြင်း”ဟု အဓိပ္ပာယ်ရ၏။ မိမိ၏ စိတ်ကို မြင့်မြတ်ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ် (မနောကံ) တစ်မျိုးတည်း။ ထို့ကြောင့် တွေ့ရာမြင်ရာ သတ္တ၀ါတို့အပေါ်၌ ကောင်းကျိုးချမ်းသာ မည်၏။ “မေတ္တာစိတ်ကို မိမိသန္တာန်၌ တိုးပွား၍ များလာစေခြင်း၊ မေတ္တာစိတ်တို့ မိမိသန္တာန်၌ ထုံမွမ်ခြင်း”ဟု ဆိုလိုသည်။ ထိုမေတ္တာ ဘာဝနာကို အလေ့အလာပြုသူ၌ ထိုမေတ္တာဓာတ်တွေ အလွန်များလေသည်။ တစ်ကိုယ်လုံးကို မေတ္တာဖြင့် ထုံမွမ်ထားသကဲ့သို့ ဖြစ်နေလေသည်။

ထိုသို့ မေတ္တာဓာတ်ခံ ရှိနေသူသည် ဆင်းရဲသူကို မြင်ရပြန်လျှင် ထိုသူကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော ကရုဏာ ဘာဝနာလည်း အဆင်သင့် ဖြစ်လာတော့၏။ သတ္တ၀ါများ၏ ကောင်းကျိုးချမ်းသာတို့ကို လိုလားသော မေတ္တာဓာတ်ခံရှိနေသောကြောင့် ကြွယ်ဝချမ်းသာသူကိုမြင်လျှင် ၀မ်းမြောက်သော မုဒိတာ ဘာဝနာလည်း အဆင်သင့် ဖြစ်ပေးလာနိုင်ပေသည်။ ဤပြခဲ့သော ဘာဝနာ ၃-မျိုးကား စိတ်နေစိတ်ထား မြင့်မြတ်သူမှန်လျှင် တွေ့ရာ ကြုံရာ သွားလာနေထိုင်ရင်းမှာပင် ဖြစ်နိုင်ပေသည်။

ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်းတို့တွင် ဘုရားဂုဏ်တော်များကို အာရုံပြုသော ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီဖြန်းရာ၌ ဘုရားရှင်၏ ရှေးအကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ သတ္တ၀ါတို့အား အကျိုးများပုံ ဤ ၃-ချက်ကို လေးလေးနက်နက် စဉ်းစား၍ အာရုံပြုရမည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Tuesday 30 October 2012

ဥပုသ်လပြည့်နေ့နှင့် သီတင်းကျွတ် သက်ကြီးဝါကြီးပူဇော်ပွဲ ဟူသည်

 
“ ကြာငါးမည် ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ ပြောင်ထိန်၊ ရွေမန်းတောင်တော်ဦးမှာ၊ ကွန့်မြူး မြင်းမိုရ်မီး၊ ညီ တဲ့ခါချိန်။ ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။ သက္ကစ္စာ ဂါရ၀ါနှင့်၊ စဉ်အလာ ပူဇော်ပွဲကို၊ နွှဲကြပေတောင်း” ဟူသော ကဗျာနှင့်အညီ ကြာမျိုးငါးပါး ကဗျာနှင့်အညီ ကြာမျိုးငါးပါးပွင့်သော တူရာသီ သီတင်းကျွတ်လ ၌ မီးထွန်းပွဲတော်ကို ကျင်းပကြသည်။

ရှေးက မင်းနှင့်ပြည်သူတို့သည် မြတ်စွာဘုရားသခင်အား ဆီမီးတန်ဆောင်ညှိထောင် ထွန်းလင်း ပူဇော်ခဲ့သော အစဉ်အလာ အတိုင်း သီတင်းကျွတ်လတွင် မီးထွန်းပွဲကို ပြုလုပ်ကြသည်။ ဥပုသ်သီလ စောင့်ထိန်းကြသည်။ အလှူဒါန ပြုကြသည်။ သက်ကြီး ရွယ်အို ဘိုးဘွား မိဘတို့အား သက္ကစ္စ ဂါရ၀နှင့် အညီ ရှိခိုး ကန်တော့ကြသည်။
ဘာသာ၊ သာသနာ၊ ရောင်ဝါ နေသို့ ထွန်းလင်းစေရန် လည်ကောင်း၊ တစ်ဦးနှင့်တစ်ဦး ဂါရ၀တရား လက် ကိုင်ထား၍ လေးစားရိုသေမှုဖြင့် ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ကျင့်ကြံသည့် အစဉ်အလာသည် လည်းကောင်း ဤလ၏ အနှစ်သာရ ဖြစ်ပေသည်။
ထို့ပြင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မှုခဲ့သည်ကို အကြောင်းပြု၍ လည်း သီတင်းကျွတ် လပြည့်ကို အဘိဓမ္မာအခါတော်နေ့မြတ်ဟု သတ်မှတ်ကာ ပူဇော်ကြပေသည်။
မြတ်ဗုဒ္ဓဘုရားအဖြစ်ကို ရောက်တဲ့ ကဆုန်လပြည့်နေ့မှာ သဗ္ဗညုတဉာဏ်တော်ကိုရဖို့၊ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ အောင်တော်မူဖို့အတွက် အလောင်းတော်ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေကို ဖြည့်ကျင့်ပြီးမှ ပွင့်တော်မူနိုင်တာဖြစ်တယ်။ လပြည့်နေ့ဟာ မြတ်ဗုဒ္ဓရဲ့ ဘ၀ဖြစ်စဉ်မှာ ထူးခြားတဲ့ အဖြစ်အပျက်တွေနဲ့ ဆက်စပ်မူရှိနေလို့ ဗုဒ္ဓဘာသာဝင်တွေအတွက် အထူးအကျိုးသက်ရောက်မူရှိတယ်လို့ ယူဆကြပါတယ်။

မြတ်စွာဘုရားဖွားတော်မူတဲ့နေ့ဟာ လပြည့်နေ့ဖြစ်တယ်။ မြတ်စွာဘုရား တောထွက်တော်မူတဲ့နေ့ဟာ လပြည့်နေ့ဖြစ်တယ်။ သဗ္ဗညုတဉာဏ်ကို ဗောဓိပင်ရင်းမှာ ရရှိတော်မူတဲ့နေ့ဟာ လပြည့်နေ့ဖြစ်တယ်။ တရားဦးဓမ္မစကြာကို ဟောတော်မူတဲ့နေ့ဟာလည်း လပြည့်နေ့ပါ။ ဒါ့အပြင် သက်တော် ၈၀၊ ၀ါတော် ၄၅၀ါအတွင်းမှာ အရေးပါတဲ့ အဖြစ်အပျက်လေးတွေဟာလည်း လပြည့်နေ့မှာဖြစ်ခဲ့တာများပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်များဟာ လပြည့်နေ့ကို အထွတ်အမြတ်ထားပြီး ဘာသာရေးအကျိုး သက်ရောက်မူရှိတယ်ဆိုတာ ယုံကြည်ကြတယ်။

ကောင်းကင်က လဟာ တခြားဂြိုဟ်နက္ခတ်များလိုပဲ လူသားများအပေါ် သြဇာသက်ရောက်မူအထိုက် အလျောက်ရှိတယ်။ စိတ်ဆင်းရဲနေကြသူတွေ၊ စိတ်ဝေဒနာရှင်တွော လပြည့်နေ့ကျရင် ပိုပြီးရောဂါတိုးလာတတ်တာကို လေ့လာတွေ့ရှိရတယ်။ တချို့ရောဂါရှင်ဟာ လဆန်းရက်တွေမှာ ရောဂါတိုးလာတာကိုလည်း တွေ့ရတယ်။ ဒီရေ အတက်အကျဟာလည်း လရဲ့ဆွဲအားကြောင့် ဖြစ်ရကြောင်း လေ့လာတွေ့ရှိခဲ့ကြတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ခုနှစ်ဆယ်ရာခိုင်နူန်းဟာ ရေဓာတ်များဖြစ်ပါတယ်။ ဆေးပညာရှင်များ လေ့လာတွေ့ရှိထားတာက ခန္ဓာကိုယ်ထဲက ရေဓာတ်ဟာ လပြည့်နေ့တွေမှာ ပိုပြီး လွတ်လွတ်လပ်လပ် စီးဆင်းတယ်လို့ဆိုတယ်။ မိမိရဲ့စိတ်ကို အဆင့်မြင့်အောင် စင်ကြယ်အောင် လေ့ကျင့်ပျိုးထောင်ထားခြင်းမရှိတဲ့ လူပုဂ္ဂိုလ်များမှာ လရဲ့ သြဇာသက်ရောက်မူ ပိုပြီးထိရောက်တယ်လို့ ဆိုပါတယ်။ သို့ဖြစ်၍ လပြည့်နေ့မှာ ဗုဒ္ဒဘာသာဝင်တွေဟာ ဥပုသ်သီလ ဆောက်တည်ပြီး မိမိခန္ဓာကိုယ်နဲ့ စိတ်ကို အစင်ကြယ်ဆုံးဖြစ်အောင် နေထိုင်ကြခြင်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့သည် မိမိထက် တစ်နေ့၊ တစ်ရက်၊ တစ်နံနက်မျှ အသက်ကြီးသူများ၊ အကျင့်သိက္ခာမြင့်မြတ်သူများ၊ လောကီဂုဏ်၊ လောကုတ္တရာ သီလ သမာဓိ ပညာဂုဏ်ကြီးမားသူများကို ရိုသေကိုင်းညွတ်လေ့ရှိ၊ ပူဇော်ကန်တော့ လေ့ရှိကြသည်။ အထူးသဖြင့် သီတင်းဝါလကျွတ်သည့်အခါ အသက်သိက္ခာဂုဏ်ဝါကြီးသူများ၊ မိဘဘိုးဘွားဆွေမျိုးများ၊ ဆရာသမားများကို အ၀တ်အစား စားဖွယ်သောက်ဖွယ်များဖြင့် သွားရောက် ပူဇော်ကန်တော့လေ့ရှိကြသည်။

ဤသို့ ပူဇော်ကန်တော့ကြခြင်းမှာ ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သူ ပုဂ္ဂိုလ်မှန်တို့ကို ပူဇော်ရခြင်းသည်လည်း မင်္ဂလာမည်၏ဟု မြတ်စွာဘုရား ဟောကြားတော်မှုခဲ့သည်။ မင်္ဂလာတရားတော်နှင့် အညီ ပြုလုပ်ကြသော ဗုဒ္ဓယဉ် ကျေးမှုပွဲတစ်ပွဲ ဖြစ်ပေသည်။

သီတင်းကျွတ်သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲသည် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် သာသနာတော်တွင်း၌ ပြုလုပ်လေ့ရှိသည့် ပွဲတစ်ပွဲ ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ သာသနာတော် စတင်ရောက်ရှိချိန်ကပင် စတင်ခဲ့သည်ဟု ယူဆရပေမည်။


မြတ်စွာဘုရားရှင်သည် သံဃာတော်အရှင်မြတ်တို့အား ပ၀ါရဏာကို ခွင့်ပြုတော်မှုခဲ့သည်။ ပ၀ါရဏာ၏ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်းဖြစ်သည်။ သံဃံ ဘန္တေပ၀ါရေမိ ဒိဌေန ၀ါ ပရိသင်္ကာယ ၀ါ ၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ - အရှင်ဘုရားကို တပည့်တော်သည် သံဃာတော်ကို ဖိတ်မန္တက ပြုပါသည်။ တပည့်တော်၏အပြစ်ကို မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ ယုံမှားသံသယရှိလျှင်ဖြစ်စေ၊ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ဆုံးမပြောဆိုကြပါဘုရား၊ အရှင်ဘုရား ဆုံးမသည့်အတိုင်း တပည့်တော်မှာ အပြစ်ရှိနေသည်ဟု တွေ့မြင်ရလျှင် တပည့်တော် ပြုပြင်လိုက်နာပါမည် ဘုရားဟု သံဃာတော်တို့ထံ ဖိတ်မန္တကပြုကြရသည်။ ဤအစဉ်အလာသည် လွန်စွာ အဆင့်မြင့်၍ ကောင်းမြတ်လှသော အစဉ်အလာကောင်း တစ်ခုပင် ဖြစ်ပေသည်။ ပ၀ါရဏာဖိတ်ပွဲကို သံဃာတော်တို့သည် သီတင်းကျွတ်လပြည့်နေ့၌ မဖြစ်မနေ ပြုလုပ်ကြရသည်။ သံဃာအချင်းချင်း တစ်ပါးနှင့်တစ်ပါး မထေရ်ကြီးက မထေရ်ငယ်ကို ဖိတ်ရသည်၊ မထေရ်ငယ်က မထေရ်ကြီးကို ဖိတ်ရသည်။ သီတင်းသုံးဖော်ချင်း တစ်ပါးနှင့်တစ်ပါး အကျိုးရှိရှိပြောဆိုဆုံးမနိုင်ရန် ရည်သန်၍ကျင်းပကြသည်။ စေတနာမှန်ဖြင့် ဆိုဆုံးမခြင်း ထောက်ပြခြင်းသည် အမှန်တရားကို လက်ခံသူတို့အတွက် လွန်စွာတန်ဖိုးရှိလှသည်။

ဤ ပရဏာဖိတ်ပွဲကို အတုယူ၍ ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲကို ထည့်သွင်းခဲ့ကြသည်။ မိမိတို့၏ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် ပြစ်မှားမှုတို့ကို ခွင့်လွှတ်ကြပါရန် လျှောက်ထားတောင်းပန်ကြသည်။ လှူဖွယ်ဝတ္ထုများဖြင့် ပူဇော်ကြလေသည်။

မြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တို့သည် ၀ါမဆိုမီ မြတ်စွာဘုရားရှင်အား လာရောက်ဖူးမြော်ပြီး ကမ္မဌာန်းတရားများကို တောင်းယူကြကာ ၀ါဆိုမည့်အရပ်များသို့ ကြွရောက်ကြသည်။ ၀ါတွင်းသုံးလပတ်လုံး ကမ္မဌာန်းတရားကို ကြိုးစားအားထုတ်ကြပြီး သီတင်းကျွတ်လပြည့်နေ့တွင် အချင်းချင်း ပ၀ါရဏာပွဲကျင်းပကာ ဘုရားရှင်အားဖူးမြော်ရန် ရောက်လာကြသည်။ မိမိတို့ ရရှိခဲ့သော တရားထူးများကို လျှောက်ထားကြပြီး ဓမ္မပူဇာဖြင့် ပူဇော်ကန်တော့ကြသည်။

ဤအစဉ်အလာကိုအတုယူ၍ ဗုဒ္ဓဘာသာဝင်တိုပဥည် သီတင်းကျွတ်သည့်အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့ကြရသည့် ဓလေ့ထုံးစံ အကောင်းတစ်ခုကို တီထွင်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်း သားပေါင်းစုံတို့သည် ထိုဓလေ့ထုံးစံကောင်းကို ယနေ့ထိလိုက်နာကြလျက် သီတင်းကျွတ်သည့်အခါ ရွာဦးကျောင်း ဘုန်းတော်ကြီးများ၊ နှစ်ဘက်မိဘဘိုးဘွားများ၊ ဆရာသမားများ၊ သက်ကြီးဝါကြီးများ၊ မြို့ရွာ ရပ်ကွက်ရှိ သက်ကြီးရွယ်အိုများအား မြန်မာမုန့်၊ နိုင်ငံခြားမုန့်စသော မွန်မြတ်သည့် အစားအသောက်များ၊ ပုဆိုး၊ အင်္ကျီ၊ ပုဝါစသော အ၀တ်အထည်များ၊ ဆေးဝါးပစ္စည်းများဖြင့် မိမိတို့အင်အားအလိုက် ထိုက်သလိုပူဇော် ကန်တော့လေ့ရှိကြသည်။

ဤကောင်းမြတ်သော အစဉ်အလာကြောင့် ယခုခေတ်တွင် ရပ်ကွက်၊ မြို့ရွာအလိုက် သက်ကြီးပူဇော်ပွဲများ၊ ကျောင်းသားကျောင်းသူများက အာစရိယပူဇော်ပွဲများ၊ စာပေပညာရှင်ပူဇော်ပွဲ စသည်တို့ကို အခမ်းအနားဖြင့် စနစ်တကျ စည်ကားသိုက်မြိုက်စွာ ကန်တော့ပူဇော်သော အလေ့အထတစ်ရပ် ထွန်းကားလာသည်။

ဘုရားဒေသနာတော်လာ ပူဇော်နည်းနှစ်မျိုးဖြစ်သော အာမိသပူဇာ၊ ဓမ္မပူဇာတို့ဖြင့် ပူဇော်ကြသဖြင့် တရားနှင့် လည်းညီညွတ်ပြီး ရရှိသူတို့အတွက်လည်း အကျိုးရှိကာ ပူဇော်သူတို့အတွက်လည်း ကုသိုလ်မင်္ဂလာတိုးပွားကြ ပေသည်။ ပူဇော်သည်ဟု အဓိပ္ပာယ်ရသော ပူဇာဟူသော ပါဠိပုပ်ကို သက္ကရောတိ၊ ဂရုံကရောတိ၊ မာနေတိ၊ ပူဇေတိ၊ အပစိယတိ-ဟု ဖွင့်ပြတော်မှုခဲ့သည်။ ကောင်းစွာပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ရှိခိုးပူဇော်ခြင်းဟု အကျယ်ဖွင့်ပြခဲ့ပေသည်။

ဗုဒ္ဓဘာသာဝင်တို့သည် မိမိထက် တစ်နေ့၊ တစ်ရက်၊ တစ်နံနက်မျှ အသက်ကြီးသူများ၊ အကျင့်သိက္ခာမြင့်မြတ် သူများ၊ လောကီဂုဏ်၊ လောကုတ္တရာ သီလ သမာဓိ ပညာဂုဏ်ကြီးမားသူများကို ရိုသေကိုင်းညွတ်လေ့ရှိ၊ ပူဇော်ကန်တော့လေ့ ရှိကြလေသည်။ အထူးသဖြင့် သီတင်းဝါလကျွတ်သည့်အခါ အသက်သိက္ခာ ဂုဏ်ဝါကြီးသူများ၊ မိဘဘိုးဘွားဆွေမျိုးများ၊ ဆရာသမားများကို အ၀တ်အစား စားဖွယ်သောက်ဖွယ်များဖြင့် သွားရောက်ပူဇော်ကန်တော့လေ့ရှိကြသည်။ ဤသို့ ပူဇော်ကန်တော့ကြခြင်းမျာ ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သူ ပုဂ္ဂိုလ်မှန်တို့ကို ပူဇော်ရခြင်းသည်လည်း မင်္ဂလာမည်၏ဟု မြတ်စွာဘုရား ဟောကြားတော်မှုခဲ့သည်။ မင်္ဂလာတရားတော်နှင့်အညီ ပြုလုပ်ကြသော ဗုဒ္ဓယဉ်ကျေးမှုပွဲတစ်ပွဲပင် ဖြစ်ပေသည်။

သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲသည် ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင် သာသနာတော် တွင်း၌ ပြုလုပ်လေ့ရှိသည့် ပွဲတစ်ပွဲဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ သာသနာတော် စတင်ရောက်ရှိချိန်ကပင် စတင်ခဲ့သည်ဟု ယူဆရပေမည်။

သက်ကြီးရွယ်အိုများအား ရှိခိုးပူဇော်ခြင်း၊ ရိုသေလေးစားခြင်း၊ ပြုစုလုပ်ကျွေးခြင်းတို့ကို အမြဲတစေ ပြုလုပ်သောသူသည် အသက်ရှည်ခြင်း စသော အကျိုးတရားလေးပါးကို ရရှိနိုင်သည်ဟု ဟောတော်မှုခဲ့သည်။ ကန်တော့ပူဇော်ရသောကောင်းမှုကြောင့် ငယ်ရွယ်ရွယ်နှင့် သေစေနိုင်သည့် အကုသိုလ်ကံကိုပင် ပယ်ဖျောက်၍ အသက် ၁၂၀-ထိပင် ရှည်စေခဲ့သည်။

သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းသည် အပြစ်ကိုပပျောက်စေနိုင်သည်။ သတ္တ၀ါမှန်သမျှ သံသရာခရီးသည်များချည်းသာ ဖြစ်ကြသဖြင့် အတိတ်ဘ၀များ၌ဖြစ်စေ၊ ယခုဘ၀၌ဖြစ်စေ၊ ကိုယ်နှုတ် နှလုံး သုံးပါးတို့တွင် တစ်ပါးပါးဖြင့် ပြစ်မှားခဲ့မှုများ ရှိနိုင်ကြသည်။ ထိုအပြစ်တို့ကို ကန်တော့သောနည်းဖြင့် ပပျောက်အောင် ဆောင်ရွက်နိုင်သည်။ အကယ်၍ ကန်တော့တောင်းပန်မှု မပြုခဲ့သော် သံသရာ ရန်ညိုးကြီး အဖြစ် ပါသွားတတ်သည်။ သံသရာတလျှောက် လက်စားချေ၍ မဆုံး၊ အမုန်းသံသရာလည်နေတတ်သည်။ ကြီးလေးသော အဆိုးဆုံးသော အပြစ်များကို ကန်တော့ခြင်းဖြင့် ပပျောက်နိုင်သည်။ သောရေယျ သူဌေးသားဝတ္ထု၌ အရှင်မဟာကစ္စည်ကို ပြစ်မှားမိ၍ ယောက်ျားဘ၀မှ မိန်းမဖြစ်ခဲ့ရသည်။ သို့သော် အရှင်မြတ်ကို ၀န်ချကာ တောင်းပန်ကတ်တော့လိုက်သဖြင့် ယောက်ျားဘ၀ကို ပြန်ရောက်ကာ ရဟန္တာ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် လောကအကျိုး တမလွန်အကျိုးများ ရရှိနိုင်သည့်အပြင် အပြစ်ကြီးတို့ကို ပပျောက်သွားစေနိုင်သည့် ဓလေ့ကောင်း၊ အကျိုးရှိသော အစဉ်အလာကောင်း တစ်ခုဖြစ်သည့် သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲများကို မြန်မာယဉ်ကျေးမှုအနေဖြင့် မြတ်နိုးစွာ အစဉ်ထာဝရ ထိန်းသိမ်းစောင့်ရှောက် ထားရပေမည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဋ္ဌာန ဗုဒ္ဓဘာသာတရားတော်များစာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

Sunday 28 October 2012

ဥပုသ်သီလ

ဗြဟ္မစရိယ၊ ၀ိကာလဘောဇနစသော ဥပုသ်သီလများကား ပြခဲ့သော ငါးပါးသီလ စသည်တို့ကဲ့သို့ သူတစ်ပါး မဆင်းရဲရအောင် စောင့်ရှောက်ရသော သီလ မဟုတ်။ မိမိစိတ်ဓာတ်ကို မြင့်မြတ်အောင် စောင့်သုံးရသော သီလများတည်း။ ချဲ့ဦးအံ့ - ယခုကာလ အများစောင့်သုံးသော အိမ်နီးချင်းရိုသေရုံ ဥပုသ်မဟုတ်ဘဲ တကယ်စောင့်ရသော ဥပုသ်မျိုးကို “အရိယဥပုသ်” ဟုခေါ်၏။

ထိုအရိယဥပုသ်ကို စောင့်သူသည် သီလနေဆာက်တည်ပြီးနောက် ဘုရားဂုဏ်တော်ကို ဖြစ်စေ၊ သို့မဟုတ် တရားဂုဏ်၊ သံဃာ့ဂုဏ်၊ မိမိသီလဂုဏ်၊ ဒါနဂုဏ် တစ်မျိုးမျိုးကို ဖြစ်စေ အာရုံပြု၍ ကမ္မဋ္ဌာန်းဘာဝနာကို ပွားများနေထိုင်ရမည်။ ထိုသှို့ ပွားများနေထိုင်သောအခါ မိမိ၏ စိတ်ဝယ် လောဘ ဒေါသ မာန စသော အကုသိုလ်များ နည်းသည်ထက် နည်းပါး၍ စိတ်နေစိတ်ထားလည်း ကြီးသည်ထက် ကြီးမားလာပေလိမ့်မည်။ ထှို့ကြောင့် ဥပုသ်သီလတို့မှာ သီလမည်ရုံသာမက ဘာဝနာနှင့် အဖော်အပေါင်း ဖြစ်သည့်အပြင် အရင်ခံဖြစ်သော ပါဏာတိပါတစသည်မှလည်း ရှောင်ကြဉ်ပြီး ဖြစ်သောကြောင့် ရိုးရိုး ငါးပါးသီလထက်ပင် သာလွန်မြင့်မြတ်သော အကျင့်ဖြစ်ကြောင်းကို သိနိုင်ပါသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာပါန၀ိရတိများ

အဒိန္နဒါန၀ိရတိ
သူ့ဥစ္စာကို ခိုး၍ တိုက်၍ လုယက်၍ ယူမူကြောင့် ဥစ္စာရှင်တို့မှာ ဆင်းရဲကြရရှာသည်။ တစ်နိုင်ငံလုံးကို တိုက်ခိုက်လုယူမူကြောင့် နိုင်ငံရှင် ဘုရင် မိဖုရား ဆွေတော်မျိုးတော်များနှင့်တကွ နိုင်ငံသူနိုင်ငံသားတို့ မခံမရပ်နိုင်အောင် စိတ်ဆင်းရဲကြရ၏။ ရသင့်ရထိုက်သော နိုင်ငံတွင်းရှိ အလုပ်များကို မလုပ်နိုင်ကြ။ လုပ်ဖို့ အခွင့်လည်း မရကြသဖြင့် ဥစ္စာဓနရှားပါး၍ ကိုယ်ဆင်းရဲရ၏။ ထို့ကြောင့် အဒိန္နာဒါနမူသည် ဥစ္စာရှင်များကို အဆက်ဆက် နာလန်မထူနိုင်အောင် ဖိစီးနှိပ်စက်သော အမူကြီးပေတည်း။ ထိုအဒိန္နဒါဒါနမှ ရှောင်ကြဉ်၍ အဒိန္နာဒါန၀ိရတိ သီလကို စောင့်ထိန်းကြပါလျှင် ထိုဆင်းရဲမျိုးကို ကမ္ဘာမှာ တွေ့မြင်ကြရတော့မည် မဟုတ်သဖြင့် အဒိန္နာဒါန၀ိရတိ သီလသည် ကမ္ဘာသူကမ္ဘာသားများကို ဆင်းရဲဒုက္ခမှ မုချလွတ်လပ်ခွင့်ရစေနိုင်သော ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်သော သီလပေတည်း။

ကာမေသုမိစ္ဆာစာရ၀ိရတိ
ကာမဂုဏ်အတွေ့သည် ပုထုဇဉ်များ၌ ထူးခြားသော အာရုံတစ်မျိုးဖြစ်ရကား ထိုအတွေ့ပစ္စည်းကို အခြားပစ္စည်းထက် ခင်မင်၏။ မိမိပိုင်ဆိုင်သော (မိမိအလွန်မြတ်နိုးသော) ထိုကာမအတွေ့ကို အခြားသူအား (အရူး အနှမ်း မဟုတ်လျှင်) အပိုင်ပေးဖို့ မဆိုထားဘိ၊ ခေတ္တမျှ မပေးနိုင်ရုံသာမက တစ်နည်းအားဖြင့် နှောက်ယှက်လုယူမည့်သူကိုပင် ရန်သူကြီးအစစ်ဟု တထစ်ချ မှတ်ယူလေ့ရှိကြသည်။ ထို့ကြောင့် သူပိုင်ကာမကို ခိုး၍ လု၍ ယူလျှင် ပိုင်ရှင်ဖြစ်သူမှာ အခြားပစ္စည်းကို လုယူသွားသည်ထက် နက်နက်နဲနဲဆင်းရဲရ၏။ တကယ်လို့ ခုခံနိုင်လျှင် အသက်ချင်းလဲမည့်သူသာ များလေသည်။ ထို့ကြောင့် ထိုမိစ္ဆာစာရမှ ရှောင်ကြဉ်မူ သီလသည် သူတစ်ပါး၏ ဆင်းရဲရမည့်အရေးကို လေးလေးပင်ပင် ရှောင်ကြဉ်ရာရောက်သဖြင့် ကမ္ဘာသူကမ္ဘာသား လူအများ ချမ်းသာစေနိုင်သော သီလတစ်မျိုး ဖြစ်ပေသည်။

မုသာဝါဒ၀ိရတိ
လောက၀ယ် အလိမ်ခံရသော ဆင်းရဲလည်း “ပျော့ပျော့နှင့် နံ”ဆိုသလို အတော့်ကို အခံရခက်သော ဆင်းရဲတစ်မျိုးတည်း။ ထို အလိမ်ခံရသည့်အတွက် အကျိုးပျက်စီးရပုံတို့မှာ မျက်မြင်အားဖြင့် ထင်ရှားရုံသာမက လိမ်သူက စွမ်းလှလျှင် နိုင်ငံတစ်ခုလုံးကိုပင် ရအောင် လိမ်နိုင်ကြသဖြင့် မည်မျှလောက် နစ်နာကြသည်ကိုစဉ်းစားကြလေတော့။ ယခုခေတ် ဘာသာအမျိုးမျိုး၏ ဆရာအမျိုးမျိုး တရားတွေကြောင့် (ဗုဒ္ဓဘာသာ တရားတော်အရ ဆိုလျှင်) မြော်မြင်မှန်းဆ၍ မကုန်နိုင်သော ဆင်းရဲကိုလည်း အမှားလမ်း လိုက်မိသူတိုင်း တွေ့ရတော့မည်။ ထို့ကြောင့် မုသာဝါဒမှ ရှောင်ကြဉ်မူသီလလည်း တစ်ယောက် နှစ်ယောက်မှစ၍ ကမ္ဘာသူကမ္ဘာသားတို့၏ ဒုက္ခကို မုချ စောင့်ရှောက်ရာ ရောက်ပေသည်။ (ဤနေရာဝယ် ဗုဒ္ဓဘာသာဝင်ထဲမှ တချို့တရားဟောဆရာတွေ ညာနေပုံ၊ ဉာဏ်မရှိသူ လူအများပင် ထိုအညာဆရာကို အထင်ကြီးပုံကိုပါ စဉ်းစားကြပါလေ။)

သုရာပါန၀ိရတိ

သေရည်သေရက် သောက်သူသည် မိမိဘာသာ သောက်ရုံ သက်သက်ဖြစ်လျှင် မိမိမှာ နောင်ဘ၀သံသရာ၌ မကောင်းကြိုးခံစားရရုံမှတစ်ပါး အခြားသူတို့၌များစွာ မထိခိုက်သေးပေ။ သို့သော် ထိုကဲ့သို့ သောက်ရုံသက်သက်ဖြင့် အမြဲတင်းတိမ်မည် မဟုတ်၊ မူးလာသောအခါ ရှေ့သိက္ခာပုဒ်များကို ကျူးလွန်ဖို့ရန် အခြေခံ ဖြစ်လေပြီ။ လောက၌ အလွန်လည်ပတ်သူ လူတစ်ယောက်သည် သတ်မူ ခိုးမူ ကာမမူစသည်တို့ကို တစ်စုံတစ်ခုမျှ ကိုယ်တိုင်မပြု။ သို့သော် သူ၏ဘက်သား ရဲဘော်များကို ကျကျနန နည်းပေးလမ်းပြလေ့ရှိ၏။ ထိုလူလည်ဖြစ်သည်သည် (သူကိုယ်တိုင်မလုပ်သော်လည်း) ကိစ္စအားလုံး၌ နည်းပေးလမ်းပြ ခေါင်းဆောင်နေသူဖြစ်ရကား ကိုယ်တိုင်လုပ်သူထက်ပင် ကြောက်မက်ဖွယ် ကောင်းသေး၏။ ကိုယ်တိုင်လုပ်သူထက်ပင် သူများကို ဆင်းရဲစေသေး၏။ ထို့အတူ သုရာပါနမူလည်း တဖြည့်းဖြည်း အနယ်ကျ၍ ယစ်ထုပ်ဘ၀သို့ ရောက်သောအခါ ပါဏာတိပါတမူစသည်ထက် ကြောက်မက်ဖွယ်ကောင်းလှ၍ ပါဏာတိပါတမူစသည်တို့ထက် သတ္တ၀ါအများ၏ ဆင်းရဲဒုက္ခကို များစွာ ဖြစ်စေနိုင်ပါသည်။ ထှို့ကြောင့် သုရာပါန၀ိရတိလည်း မိမိအိမ်သူအိမ်သားမှစ၍ ကမ္ဘာသူ ကမ္ဘာသားအထိ ဆင်းရဲမည့် အဖြစ်မှ ကယ်တင်ရာ ရောက်လေသည်။

ဤနည်းအားဖြင့် အခြားသော အာဇီဝဋ္ဌမကသီလ စသည်တို့၏ အကျိုးကို စဉ်းစားကြပါလေ။ ဤကဲ့သို့ အကျိုးအပြစ်ကို စိစစ်လိုက်သောအခါ တစ်ကမ္ဘာလုံး ငါးပါးသီလ လုံခြုံနေပါမူ တစ်ကမ္ဘာလုံး ချမ်းသာကြမည့်အကြောင်း ကောင်းကောင်းကြီး ထင်ရှားရကား ငါးပါးသီလတစ်မျိုးတည်းသည်ပင် ဒါနထက် သာလွန်မြင့်မြတ်ကြောင်း ထင်ရှားပြီ။ သို့ဖြစ်၍ မိမိကိုယ်တိုင်နှင့် စပ်ဆိုင်ရာ အားလုံးဝယ် ငါးပါးသီလ ပြည့်ဝလုံခြုံသူချည်းဖြစ်အောင် သတိဆောင်ကာ သတ္တ၀ါများအပေါ်၌ မေတ္တာ ကရုဏာ ထားနိုင်ကြပါစေသတည်း။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ပါဏာတိပါတ၀ိရတိ

r
သီလအလုပ်ကား သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်တည်း။ ချဲ့ဦးမယ် - “ပါဏာတိပါတာ ဝေရမဏိ” စသော သိက္ခာပုဒ်သီလများကို မစောင့်ထိန်းဘဲ တွေ့ကရာကို သတ်နေလျှင် အသတ်ခံရသော သတ္တ၀ါမှာ မည်မျှဆင်းရဲမည်ကို စဉ်းစားကြည့်ပါလော့။ ထိုသိက္ခာပုဒ် သီလတစ်ခုမစောင့်ထိန်းဘဲ သတ်ချင်တိုင်း သတ်နေကြသည့်အတွက် မြစ်ထဲ၌ ငါးပေါင်းမည်မျှ၊ မြို့ရွာတို့၌ နွား ကျွဲ ဆိတ် ၀က် ကြက် ငှက် စသော သတ္တ၀ါပေါင်းမည်မျှ အသတ်ခံရ၍ သတ်ခါနီး၌ မည်မျှဆင်းရဲရှာကြမည်ကို လည်းကောင်း၊ လူအချင်းချင်း ရက်စက်စွာသတ်မူမှစ၍ စစ် အကြီးအကျယ် ခင်းလျက် သွေးခြင်းခြင်းနီအောင် သတ်နေကြသဖြင့် ကမ္ဘာအရပ်ရပ်ဝယ် စစ်ဖြစ်တော့မည် ကြားကတည်းက မည်မျှဆင်းရဲရှာကြမည်ကို လည်းကောင်း၊ မျက်မြင်နားကြားဖြင့် စဉ်းစားကြည့်သောအခါ ပါဏာတိပါတ သီလတစ်ပါးကို မစောင့်ထိန်းနိုင်ရုံမျှဖြင့် တစ်ယောက် နှစ်ယောက်စ၍ ကမ္ဘာသူကမ္ဘာသားများတိုင်အောင် ဆင်းရဲဒုက္ခများပုံကို မြင်ကြရသည် မဟုတ်ပါလော။


ပါဏာတိပါတမှ ရှောင်ကြဉ်၍ ပါဏာတိပါတ၀ိရတိသီလကို စောင့်ထိန်းလျှင်ကား သတ်ပုတ် ရိုက်နှက် နှိပ်စက် ညှဉ်းပန်းခံရ၍ မျက်ရည်တလည်လည်နှင့် အားငယ်ကြရသော ဆင်းရဲ၊ မချိမဆံ့ ခံစားရသော ဆင်းရဲမှ ကယ်ဆယ်ရာ ရောက်သောကြောင့် ဤသီလကို ၁-ယောက်စောင့်လျှင် တစ်ယောက်အတွက်၊ ၂-ယောက် ၃-ယောက်စောင့်လျှင် ၂-ယောက် ၃-ယောက်အတွက်၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး စောင့်လျှင် ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် ထိုဆင်းရဲမျိုး မရကြတော့ဘဲ တွေ့ရာမြင်ရာ သတ္တ၀ါတို့ အပေါ်၌ မေတ္တာ ကရုဏာ မုဒိတာ တရားတွေ စိုစိုပြည်ပြည် ဖြစ်လျက် အလွန်ကျက်သရေရှိ၍ ပျော်ဖွယ်ကောင်းသော ကမ္ဘာကြီး ဖြစ်နေပေလိမ့်မည်။

နိုင်းယှဉ်ချက်

ဤပါဏာတိပါတ သီလတစ်ပါးတည်းပင် ဒါနနှင့် နိုင်းယှဉ်ကြည့်မူ သီလက သာလွန်မြင့်မြတ်ကြောင်း ထင်ရှားနေပေပြီ။ ဤနေရာဝယ် သူတစ်ပါးက တစ်စုံတစ်ရာပေး၍ စိတ်ချမ်းသာနေသူ တစ်ယောက်နှင့် အသတ်ခံရမည့်ဆဲဆဲမှ လွတ်လာ၍ နိုင်းယှဉ်ကြည့်လျှင် တစ်စုံတစ်ရာရ၍ စိတ်ချမ်းသာသူ၏ ချမ်းသာပုံထက် အသက်ဘေးမှ လွတ်လာသူ၏ ချမ်းသာပုံက ဆတက်ထမ်းပိုးမက အဆရာထောင် သာလွန်နေမည်ကို စဉ်းစားတတ်သူတိုင်း ၀န်ခံပါလိမ့်မည်။ အစာမရလျှင် သေရတော့မည့်သူကို အစာကျွေးသဖြင့် စိတ်ချမ်းသာမူသော်မှလည်း အသတ်ခံရတော့မည့်ဘေးမှ လွတ်မြောက်ခွင့်ရခဲ့သူ၏ စိတ်ချမ်းသာမူကို မီနိုင်မည်မဟုတ်ပါ။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

သီလအကြောင်းနှင့် ဒါနအလုပ်

သီလအကြောင်း
“ဒါနထက် သီလက မြတ်သည်”ဟု ပြောစမှတ် ပြုကြရာ၌ သာမန်လောက်စဉ်းစားလျှင် ထိုစကားကို ၀န်ခံဖို့ ခဲယဉ်း၏။ သို့သော် လေးလေးနက်နက် စဉ်းစားသောအခါ ကောင်းစွာ လုံလောက်သော အကြောင်းကို တွေ့ရပေသည်။ လောက၌ ရှိရှိသမျှ အလုပ်တို့တွင် သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်နှင့် သူတစ်ပါး ချမ်းသာအောင် ကူညီသောအလုပ်သည် ကောင်းသော အလုပ်အကျိုးများသော အလုပ်တို့ပေတည်း။



ဒါနအလုပ်နှင့် သီလအလုပ် ၂-မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလအလုပ်က သူတစ်ပါးမဆင်းရဲအောင် စောင့်ရှောက်သော အလုပ်ဖြစ်၏။ (သီလအလုပ်ဟူရာ၌ ငါးပါးသီလ၊ အာဇီဝဋ္ဌမကသီလတို့ကို ဆိုလိုသည်။ ၈-ပါးသီလ၊ ၁၀-ပါးသီလတို့အတွက်မှာ အကြောင်းတစ်မျိုးပြဖွယ်ရှိ၏။)

ဒါနအလုပ်

ချဲ့ဦးမည်- “ဘယ်သူမပြု မိမိမူ”ဆိုသည့်အတိုင်း သတ္တ၀ါ တစ်ဦးတစ်ယောက်သည် သူ့ကံအားလျော်စွာ ဆင်းရဲနေပြီဆိုပါစို့။ ထိုဆင်းရဲနေသူကို ကူညီထောက်ပံ့ခြင်း၊ စွန့်ကြဲပေးကမ်းခြင်းသည် ဒါနအလုပ်တည်း။ ထပ်၍ ပြဦးမည် - ယခုခေတ် ရဟန်းသံဃာစသော ပုဂ္ဂိုလ်များသည် တကယ်ဆင်းရဲနေသူများ မဟုတ်ကြ။ သို့သော် ထိုပုဂ္ဂိုလ်တို့၌ ကိုယ်ပိုင်ဟု ဆိုဖို့ရာ ရိက္ခာမလုံလောက်ချေ။ သို့ဖြစ်၍ တစ်နည်းအားဖြင့် ဆင်းရဲသူများပင် ဖြစ်၏။ ထို့ကြောင့် ဆင်းရဲသူတွင် ပါဝင်သော ထိုရဟန်းသံဃာတော်တို့အား လှူဒါန်းခြင်းသည်လည်း ကူညီခြင်းပင် ဖြစ်သည်။

ဘုန်းကံကြီး၍ ချမ်းသာနေသော ဆရာတော်တို့အား လှူဒါန်းခြင်းမျိုးလည်း ရှိသေး၏။ ထိုသို့ လှူဒါန်းရာ၌လည်း ဆရာတော်ကြီးမှာ လိုအပ်နေသော (ဆရာတော်နှင့် ထိုက်တန်အောင် မလုံလောက်သေးသော) အရာဝတ္ထုကို လှူဒါန်းခြင်းဖြစ်လျှင် ဆင်းရဲသူကို ကူညီခြင်းမျိုးပင် ဖြစ်၏။ ဆရာတော်မှာ အရာရာ ပြည့်စုံပြီးဖြစ်လျက် ဖြည့်စွက်လှူဒါန်းရာ၌ကား ဆရာတော်မှတစ်ဆင့် မရှိနွမ်းပါးသော တပည့်တပန်းတို့အား ဖြန့်ကမ်းဝေငှဖို့ရန် ဆရာတော်ကြီးအထံ အပ်နှံလှူဒါန်းခြင်းမျိုး ဖြစ်သောကြောင့် မရှိဆင်းရဲသူများအား ထောက်ပံ့ခြင်းနှင့် အလားတူပင်ဖြစ်၏။ ထို့ကြောင့် ဒါနအလုပ်ဟူသမျှသည် တစ်ယောက်နှစ်ယောက်ကစ၍ ကမ္ဘာသူ ကမ္ဘာသား ဆင်းရဲသူသတ္တ၀ါများကို စောင့်ရှောက်ရသော အလုပ်ကောင်းတစ်မျိုးဖြစ်ရကား ဒါနအကျိုးနားလည်သူမှန်လျှင် အလွန်ပြုချင်ဖွယ်ကောင်းပါပေသည်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဒါနပစ်ပယ်လျှင် ဖြစ်ဖွယ်အပြစ်

ယခုပြခဲ့သော စကားများဖြင့် ဒါန၏ အကျိုးကျေးဇူးများ ကုန်လောက်ပြီဟု မမှတ်သင့်။ ဒါန၏ ကျေးဇူးသက်သက် စာတစ်အုပ် ရေးထုတ်စေကာမူ ကုန်လိမ့်မည်ဟူ၍ မဆိုနိုင်။ ထို့ကြောင့် ဒါနကို မည်သည့်နည်းနှင့်မျှ မပစ်ပယ်သင့်ကြ။ တချို့လူတို့ဝါဒဖြင့် ဒါနကို ပစ်ပယ်လိုက်ပြီဆိုပါတော့။ ထိုကဲ့သို့ ပစ်ပယ်လိုက်လျှင် တစ်ယောက်နှင့် တစ်ယောက် ပေးကမ်းချီးမြှောက်ခြင်း မရှိတော့ရကား အချင်းချင်း မေတ္တာမရောက်ဘဲ သွေ့ခြောက်ခြောက် ဖြစ်ကြရတော့မည်။

ဆင်းရဲသူ ဆင်းရဲသားတွေကို မပေးမစွန့်လျှင် ထိုသူတွေကို ဘယ်လို စိတ်စေတနာတွေကိုထား၍ ရူစားရမည်နည်း။ “ဒီကောင်တွေ ငတ်လို့ သေသေ”ဟု သဘောထားရတော့မည် ထိုသို့ ဖြစ်လျှင် ဒါနကို ပယ်လိုက်ရုံဖြင့် ထိုသူ၏ စိတ်ထားသည် ကြမ်းတမ်းသွားချေပေါ့။ စိတ်ကြမ်းလျှင် ရုပ်လည်း ကြမ်းတော့မည်သာ။

ဆက်ဦးမည်။ ငါတို့ ဘုရားရှင် ထီးနန်းကို စွန့်ခွာတော်မူခဲ့သည်မှစ၍ ဒါနရှင်တို့ အကူအညီဖြင့်သာ ဘုရားဖြစ်တော်မူလာခဲ့ရပေသည်။ ဘုရားဖြစ်တော်မူပြီးနောက်၌လည်း အနာထပိဏ် ၀ိသာခါ ဗိမ္ဗိသာရမင်း စသော ဒါနရှင်ကြီးများ၏ အကူအညီ ရ၍သာလျှင် သာသနာတော်ကြီးကို တည်ထောင်တော်မူနိုင်ပေသည်။ ထိုခေတ်မှစ၍ ဒါနကို ပယ်သူများ ထွန်းကားနေခဲ့လျှင် ဘုရားရှင်လည်း မပွင့်နိုင်ရာ။ သာသနာတော်မှာမူ သာ၍ပင် ဝေးခဲ့ရာ၏။ ငါတို့ ဘုရားရှင် လက်ထက်တော်ကို ထားလိုက်ပါဦးတော့။ ကမ္ဘာ့ ကမ္ဘာ သံသရာဝယ် ဒါနဟုခေါ်သော အကျင့်ကောင်း တစ်မျိုးသာ မရှိပါမူ ဂင်္ဂါဝါဠုသဲစုမကသော ဘုရားရှင်များ ဧကန်ပွင့်တော်မူခွင့် ရကြတော့မည် မဟုတ်ပါ။ “ဖွဟဲ့ - လွဲစေဖယ်စေ” ယခုချိန်မှစ၍ နောက်နောက်အခါ ကမ္ဘာအသစ်အသစ်တို့၌ ဒါနကို ပစ်ပယ်လိုသူများ မဖြစ်ပေါ်ရစ်ပါစေသား။

ဒါနအစွမ်း၊ လက်ရုံးတန်းဖို့၊ ဆုံးခန်းရောက်ဖွယ်၊ ဤကျမ်းငယ်က၊ အဘယ်ထုတ်ချောက်၊ ရေးသားလောက်လိမ့်၊ နိုင်းထောက်ကြံခြယ်၊ ဉာဏ်မမယ်တို့၊ စိတ်ဝယ်ဝိုးဝါး၊ မထင်မှားနှင့်၊ ဘုရားဆူဆူ၊ ဒါနကူမှ၊ သုံးလူသင်းကျစ်၊ ဧကန်ဖြစ်၍၊ အသစ်တရား၊ ဟောဖော်ထားလျက်၊ အများဝေနေ၊ ကျွတ်လွတ်စေ၏။ ထွေထွေမြားမြောင်၊ ဒါနဆောင်သော်၊ ပြောင်တလက်လက်၊ အရောင်ထွက်သို့၊ ခေါင်းထက်ခေါင်းနင်း၊ ဖြစ်ကြခြင်းနှင့်၊ ယင်းသည့်ဒါန၊ မပါကြသည့်၊ ဒုက္ခသည်စု၊ တွေ့တိုင်းရူ၍၊ လူမူအားကိုး၊ ဒါနမျိုးကို၊ ပျိုးလေးဆန်းဆန်း၊ နေ့စဉ်လန်းအောင်၊ ကျွတ်တမ်းဝင်လိုဘိမူကား။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

မြစ်သည်နှင့်တူသော ဓနရှင်

လောကနီတိကျမ်းများ၌လည်း “သူတော်စင် ဓနရှင်သည် မြစ်၊ သစ်ပင်၊ မိုးများနှင့်တူ၏”ဟု ဆိုထား၏။ မြစ်များ၌ ရေတွေရှိသော်လည်း ထိုရေကို မြစ်က မသောက်ပါ။ ရေလိုသူတို့ ချိုးကြသောက်ကြဖို့ရာ ရေတွေကို စုထားသည်။ သစ်ပင်များလည်း သစ်သီးကို မိမိတို့ မစားကြ။ အလိုရှိသူတို့ စားသုံးကြဖို့သာ အသီးကို သီးပေးကြသည်။ မိုးများသည် ရေတွင်း ရေကန်တို့၌သာ ရွာသည်မဟုတ်။ ရေမရှိသော ကုန်းပြင်မှာလည်း ရွာကြသည်။

ထို့အတူ ဓနရှင်သူတော်ကောင်းများလည်း မိမိတို့ချည်းသာ သုံးစွဲဖို့ရာ ပစ္စည်းဥစ္စာများ ရှာဖွေ စုဆောင်းထားသည်မဟုတ်။ ဆင်းရဲသားများအတွက်လည်း လက်ရှိပစ္စည်းများကို သိမ်းဆည်း၍ ထားကြလေသည်။ ဒါနပြုသောအခါလည်း ချမ်းသာကြွယ်ဝ၍ ရေရှိသောတွင်းနှင့်တူသူကိုသာ (ဘုန်းကံကြီးမားသော ဆရာတော်ကြီးများကိုသာ) ရွေးချယ်ခြင်းမပြုဘဲ ကုန်းပြင်နှင့်တူသော ဆင်းရဲသားများကိုလည်း ပြုကြရသည်ဟု ဆိုလို၏။

“မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဖြာဖြာစီးကြ၊ မြစ်ထိုမျှကား၊ ချမ်းမြရည်တွေ၊ စီးသည့်ရေကို၊ ရှိသည့်အလျောက်၊ မြစ်မသောက်ဘူး၊ ပေါက်ရောက် ပွားစည်း၊ သစ်ပင်သည်ကား၊ သစ်သီးများကို၊ မစားကြဘူး၊ သွန်မြူးရေရည်၊ မိုးတုံသည်လည်း၊ ရေတည်သင့်ရာ၊ တွင်း၌သာလျှင်၊ ရွာသည်မဟုတ်ဘူး၊ ဂုဏ်ထူးမြင်ကျယ်၊ သူတော်ကြွယ်တို့၊ လက်ဝယ်ဥစ္စာ၊ ရတနာလည်း၊ လာလာအများ၊ သူတစ်ပါးတို့၊ စီးပွားချမ်းသာ၊ အကျိုးငှာသည်၊ မှန်စွာမြဲတည့် မသွေတည်း” (နီတိပျို့)

ဤပြဆိုခဲ့သော အစဉ်ဖြင့် ဓနရှင်ဘ၀၌ ဒါနပြုခြင်းသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဗြဟ္မစိုရ်တရား အမြဲတိုးပွားစေသဖြင့် နေ့စဉ်နှင့်အမျှ မျက်နှာကြည်လင်၍ ကုသိုလ်ရနေရုံသာမက နောက်နောက်ဘ၀၌ ဓနရှင်ဖြစ်ဖို့အကြောင်း ထပ်လောင်း၍ ကောင်းပြန်စေသည့်အပြင် သံသရာလမ်း ဖြောင့်တန်းစွာဖြင့် ခေမာနိဗ္ဗာန်သို့ ရောက်စေနိုင်သော ဒါနကို အဘယ်မှာ မေ့လျော့သင့်ပါတော့အံ့နည်း။

ထို့ကြောင့် ဘုရားတရားတော်အရ ၈-ပါးသီလ၊ ၁၀-ပါးသီလ၊ အာဇီဝဋ္ဌမကသီလများကို စောင့်သုံးလျက် သန့်ရှင်းသော အ၀တ်ကို ၀တ်ဆင်ကာ ကောင်းစွာ ရေမိုးချိုးပြီးနောက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဗြဟ္မစိုရ် ၃-ပါးကို ပွားများ၍ “အဒ္ဓါဣမာယ ပဋိပတ္တိယာ ဇရာမရဏမှာ ပရိမုစ္စိဿာမိ = ဤ ဒါနအကျင့်ဖြင့် အို၊ နာ၊ သေရေး ဆင်းရဲဘေးမှ ဧကန် လွန်မြောက်ရတော့မည်”ဟု တည်ကြည်သော စိတ်ထားဖြင့် နိဗ္ဗာန်ကိုမှန်းပြီးလျှင် သူတော်စင် သူယုတ်မာ လာလာသမျှ အလှူခံအပေါင်းအား နှစ်ထောင်းအားရ လှူဒါန်းဝေငှ၍ နေရပါလျှင် မည်မျှလောက် ပျော်ရွှင်ဖွယ် ကောင်းမည်နည်း။ အဘယ်မှာလျှင် သံသရာရေလျဉ်ကြော၌ ကြာရှည်စွာ မျောအောင် ဆွဲထားမည်နည်း။ နိဗ္ဗာန်သို့ မြန်မြန်တက်အောင် ခပ်သွက်သွပ် ပို့ဆောင်လိမ့်မည် မဟုတ်ပါလော။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Friday 26 October 2012

ဒါနရှင်မှ ဓနရှင်

လူချမ်းသာဟူ၍ အမွှမ်းတင်ကြရသော ယခုကာလ လူ့လောက၌ စားသောက်နေထိုင်ရေးအတွက် မပူမပင်ရသူ နည်းပါးလှ၏။ ထိုကျပ်တည်း ကျဉ်းမြောင်းနေကြရှာသော ဒုက္ခိတ စာရင်းတွင် ပါဝင်သူများသည် ရှေးရှေးဘ၀က ဒါနချို့တဲ့သူများသာ ဖြစ်၏။ လူ့ချမ်းသာ စာရင်းဝင်သူတို့ကား ယခုဘ၀ဓနရှင် ဖြစ်လာက်အောင် ရှေးရှေးဘ၀က ဒါနရှင်လည်း ဖြစ်ခဲ့ကြပေသည်။ ထိုဓနရှင်များသည် ဤဘ၀တွင် ဓနရှင်ဖြစ်ရုံနှင့် ကျေနပ်ထိုက်ပါမည်လော။ ယခုဘ၀ မျက်စိမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် လက်ရှိနေများ လက်မဲ့ဖြစ်ကြပြီးလျှင် အသစ်ဘ၀တွင် အသစ်ဓနနှင့် စခန်းသွားကြရလိမ့်မည်။

ထို့ကြောင့် သူတော်ကောင်းဓနရှင်တို့သည် လက်ရှိဓနများကို (အမွေခံများအတွက် သင့်အောင်ချန်ထား၍) ဆင်းရဲသူများကို ဖြန့်ဖြူးနိုင်မှသာ “ရှေးဘ၀ ဒါနရှင်၊ ယခုဘ၀ ဓနရှင်။ ယခုဘ၀ဒါနရှင်၊ နောင်အဆက်ဆက် ဓနရှင်”ဟု နိဗ္ဗာန်စံဝင်သည့်တိုင်အောင်အမြဲဓနရှင်များ ဖြစ်နိုင်ကြပေမည်။ ထို့ကြောင့် တစ်ဘ၀မျှပင် ခေတ္တပိုင်ရသော ဓနကို “ငါပိုင်”ဟု သဘောမထားဘဲ “ဆင်းရဲသား အများဆိုင်သော ငါပိုင်”ဟု သဘောထား၍ ဒုက္ခိတအများကို ဖြန့်ဖြူးနိုင်စေရမည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဒါနပြုဖွယ်မလိုသူ

ဒါနပြုဖွယ်မလိုသော ပုဂ္ဂိုလ်တစ်မျိုးပင် ရှိသေး၏။ ထိုပုဂ္ဂိုလ်မျိုးကား ယခုဘ၀၌ပင် ခန္ဓာဝန်လက်စသိမ်း၍ အေးငြိမ်းအောင် တရားအားထုတ်နေသော ယောဂီ ပုဂ္ဂိုလ်ကြီးတည်း။ ထို ပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထို ဒါနပြုနေသည့် အတော်အတွင်း၌ ကမ္မဋ္ဌာန်းအားထုတ်မူ လစ်ဟင်း၏။ ထို့ကြောင့် ယနေ့ မနက်ဖြန်ဆိုသလို တရားထူးရအောင် အားထုတ်နေသော ပုဂ္ဂိုလ်အတွက် ဒါနပြုဖွယ် မလိုပါ။

ငါတို့ ဥပဇ္ဈာယ်ဆရာ မဟာဂန္ဓာရုံ ဆရာတော် ဘုရားအထံ၌ မန္တလေးမှ ဒါန၀ါသနာပါသော ဆရာတော်ကြီးတစ်ပါး ကမ္မဋ္ဌာန်းအားထုတ်နေစဉ် နံနက်စောစော၌ ဘုရားလှူရန် ပန်းကောက်နေသည်ကို ဆရာတော်မြင်၍ “ပန်းကို နောက်မှ လှူပါ၊ တရားအားထုတ်သည့်အခါ တရားကိုသာ ကြိုးစားတော်မူပါ”ဟု တောင်းပန်ဖူးလေသည်။

မဟာဂန္ဓာရုံ ဆရာတော်ကိုယ်တိုင်ကား ခန္ဓာဝန် လက်စသိမ်း၊ မသိမ်းမသိရသော်လည်း အားထုတ်တော်မူစဉ်ကပင် အမှန်ပင် လက်စသိမ်းအောင် အားထုတ်ခြင်းဖြစ်သည်။ ထိုမျှ အားထုတ်သော ဆရာတော်သည်ပင် ဂူအောင်း၍ ထွက်တော်မူပြီးနောက် ရရှိသမျှ လာဘ်လာဘတို့ကို ဝေဖန်ခွဲခြား၍ ဒါနပြုတော်မူပါသေးသည်။

ထို့ကြောင့် တရားထူးပေါက်အောင် အားထုတ်နေခိုက်၌ ဒါနပြုဖွယ်မလို။ အခြားအခါနှင့် အခြားသူများမှာ နေ့ရှိသမျှ ဒါနပြုသင့်ကြပေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Thursday 25 October 2012

ဝဋ္ဋနိဿိတ ၀ိဝဋ္ဋနိဿိတ

ကုသိုလ်ပြုစဉ် လူချမ်းသာ နတ်ချမ်းသာကို ခံစားလို၍ ပြုသော ကုသိုလ်သည် “၀ဋ္ဋနိဿိတ ကုသိုလ်” မည်၏။ (၀ဋ္ဋ = သံသရာဝဋ်ကို + နိဿိတ = မှီသော ကုသိုလ်) သံသရာဝဋ်မှ ကျွတ်ဖို့မမျှော်၊ သံသရာဝဋ်အတွင်း၌ ခံစားဖို့သာ မျှော်သော ကုသိုလ်ဟု ဆိုလိုသည်။ နိဗ္ဗာန်ကို ရည်မှန်းလျက် ပြုအပ်သော ကုသိုလ်သည် “၀ိဝဋ္ဋနိဿိတ ကုသိုလ်” မည်၏။ (၀ိဝဋ္ဋ = ၀ဋ်ကင်းရာနိဗ္ဗာန် + နိဿိတ = မှီသော ကုသိုလ်) ဤကုသိုလ် ၂-မျိုးတွင် (ဒါနဖြစ်စေ၊ သီလဖြစ်စေ) ၀ဋ္ဋနိဿိတ မှန်လျှင် သံသရာ၌ ကြာရှည်စေ၏။ ၀ိဝဋ္ဋနိဿိတ မှန်က သံသရာမှ အမြန်လွတ်အောင်ပင် ရည်ရွယ်ရင်းဆုကို ပြည့်လွယ်စေ၏။

ဒါနကြောင့် ပါရမီများ ပြည့်လွယ်ပုံ
ဒါနရှိသူသည် ဖြစ်လေရာ ဘ၀တို့၌ ဥစ္စာပြည့်စုံကြ၏။ ဥစ္စာပြည့်စုံလျှင် (ပင်ကို စိတ်ရင်းကောင်းသူ၊ ၀ိဝဋ္ဋနိဿိတဒါန ပြုခဲ့သူအတွက်) သီလလုံခြုံ၏။ ဥပုသ်ရက်ရှည် စောင့်ခွင့်ရ၏။ ဥစ္စာမရှိလျှင် ၀မ်းရေး ပူပန်ရသဖြင့် အူမ မတောင့်၍ သီလမစောင့်နိုင်ရုံသာမက ငါးပါးသီလ လုံဖို့ရန် ခဲယဉ်း၏။ ဒါနရှိမှ သီလ လွယ်ကူသည်။ ပညာရှာဖွေရာ၌လည်း ဒါနရှင်တို့သာလျှင် လွယ်ကူစွာ ရှာနိုင်၏။ ယခု လောကီကျောင်း၌ ပညာရှာရပုံကို ကြည့်ပါ။ အခမဲ့သင်ရသော ဘုန်းကြီးကျောင်းတချို့မှာပင် ပစ္စည်းရှင် သားသမီးများသာ ပို၍ အသင်အပြခံရ၏။ ဤသို့လျှင် ဒါနရှိက ပညာရှားမှီးရာ၌ လွယ်ကူပြန်သည်။

ဒါနရှင်တို့သည် သူတကာက စော်ကားလျှင် အဖက် မထင်၍ ဖြစ်စေ၊ စိတ်သဘောထားကြီး၍ ဖြစ်စေ သည်းခံလွယ်၏။ ပစ္စည်းဥစ္စာ မရှိက “ငါ့ကို ပစ္စည်းမရှိလို့ စော်ကားတာပဲ”ဟု အထင်ရှိ၍ သည်းမခံလိုကြပါ။ ဒါနရှင်တို့သည် နေရာတိုင်းတွင် သူတစ်ပါးတို့၏ လေစားခြင်းကို ခံရသဖြင့် မိမိအား အရိုအသေပေးသူတို့ အပေါ်မှာ မေတ္တာကရုဏာ ဖြစ်လွယ်၏။ ဥစ္စာမရှိလျှင် ထိုသို့ ရိုသေသူလည်း နည်းပါးကြသဖြင့် ကိုယ့်ကို ဂရုမစိုက်သူကို ပြန်၍ အမျက်ထွက်ကာ မေတ္တာ ကရုဏာဖြစ်ရမည့်အစား ဒေါသ မာနတွေသာ တိုးပွားတတ်လေသည်။ ဤနည်းအားဖြင့် ဒါနကြောင့် ခန္တီ မေတ္တာ ပါရမီများလည်း ဖြစ်လွယ်ပုံကို ချဲ့ထွင်းကြည့်ပါ။

“ဥစ္စာမရှိ ကတိမတည်” နိုင်သော လောကကြီးဝယ် သစ္စာပါရမီဖြစ်ဖို့ အရေးမှာလည်း ဒါနသည် အကူအညီပေး၏။ ဤသို့ စသည်ဖြင့် ဒါနမပါလျှင် ပါရမီအားလုံး ပြည့်ဖို့အရေး၌ အနှောင့်အယှက် ပေးတတ်ရကား ဘုရားလောင်း ဟူသမျှတို့ ဒါနကိုသာ ပထမဆုံး မြင်တော်မူကြပေသည်။ ငါတို့ ဘုရားရှင်မှာ စ, တည်တော်မူစဉ်ကလည်း သုမေဓာဘ၀၌ ဒါနကို စ, တည်ခဲ့၍ ဝေဿန္တရာ ဘ၀၌ ကမ္ပတ်ဖုံးလျက် ပါရမီအားလုံးကို နိဂုံချုပ်တော်မူခဲ့ပေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဒါနသည် သံသရာကို ရှည်စေသလား

ယခုကာလ၌ “ဒါနသည် သံသရာကို ရှည်စေတတ်၏”ဟု အယူသည်းကြသည်။ ပြခဲ့သော ၀တ္ထုဝယ် ဒါနရှင်က ကျွတ်တမ်းဝင် နောက်မကျချေ။ ထို့ကြောင့် သံသရာ အရှည်အတိုဝယ် ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာဝယ် သူတို့၏ စိတ် မစင်ကြယ်မူကြောင့်သာ “လူတွင်ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာမရှည်စေ။ “ဤဒါနကြောင့် လူချမ်းသာ နတ်ချမ်းသာကို ခံစားရတော့မည်”ဟု ရည်ရွယ်မူ တဏှာဇောက သံသရာ ရေလျဉ်ကြော၌ မျောစေခြင်းသာ ဖြစ်သည်။

အချို့က “ဘုရားရှင်သည်ပင် ဒါနတွေအားကြီးသောကြောင့် သံသရာမှာ ကြာရှည်တော်မူရသည်”ဟု သူတို့ အသိဉာဏ်ကလေးဖြင့် တွေးရှာကြပြန်သေး၏။ ထိုဒါန အားကြီးတော်မူကြသော ဘုရားရှင်ပေါင်း အသင်င်္ချေနှင့် အနန္တ (ဂင်္ဂါဝါဠုသဲစုမက) ကျွတ်တမ်းဝင်ကြပြီး ဖြစ်ပါလျက် ငါတို့က ယခုတိုင် မကျွတ်ရသေးသည်မှာ ထိုဘုရားရှင်တို့ထက်ပင် ဒါနအားကြီးနေလို့ပါလော။ ဝေဿန္တရာမင်းသည် ဘုရားမဖြစ်မီ ၂-ဘ၀မြောက်က အကြီးအကျယ် ဒါနကိုပြုတော်မူသည်။ ထိုဒါနတွေ အဘယ်ကြောင့် သံသရာမှာ မကြာစေပါသနည်း။

ထို့ကြောင့် ဒါနသည် သူ၏ သဘောအားဖြင့် သံသရာ ကြာရရှည်စေသည် မဟုတ်ပါ။ မစင်ကြယ်သော တဏှာဇောကြောင့် သံသရာမှာ မျောကြရသည်ဟု မှတ်ပါ။ ဘုရားအလောင်းတော်တို့၏ သံသရာ၌ ကြာရှည်စွာ နေရခြင်းမှာလည်း ရည်ရွယ်တော်မူရင်းက သဗ္ဗညုတဉာဏ်အထူးကို ရဖို့ဖြစ်၍ ထိုဉာဏ်နှင့် ထိုက်တန်သော ပါရမီအခြေခံ မပြည့်သေးသမျှ ထိုဉာဏ်ကို မရသောကြောင့်သာ ဖြစ်သည်။ ဥပမာ = ရင့်မှ မှည့်နိုင်သော သရက်သီကို အနုကလေး ဆွတ်ခူး၍ အုပ်သော်လည်း မမှည့်နိုင်သကဲ့သို့တည်း။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဒါနအကျိုး

ဒါန၏အကျိုးကို အထူးချဲ့ထွင်၍ တန်ဆာဆင်နေဖွယ်မလိုပါ။ တိရစ္ဆာန်ကလေး တစ်ကောင်အား ၀၀လင်လင်ရှိအောင် ထမင်း တစ်ထပ်ကျွေးသော ဒါနကလေးသည်ပင် ဘ၀ပေါင်း တစ်ရာတို့၌ “အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန (အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း)”ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။ တခြားကုသိုလ်ကြောင့် လူနတ်ဖြစ်ခြင်း တူသော်လည်း ဒါနရှင်တို့က သာလွန် မြင့်မြတ်ကြသည်။

ကဿပဘုရားရှင်လက်ထက်တော်တုန်းက မိတ်ဆွေရဟန်း ၂-ပါးရှိရာ တစ်ပါးက ဒါနရှင်၊ တစ်ပါးက ဒါနမဲ့ ဖြစ်ခဲ့၏။ ၂-ပါးလုံးပင် သီလပြည့်စုံသဖြင့် ငါတို့ ဘုရားလက်ထက်တိုင်အောင် လူ့ပြည်နတ်ပြည် ကျင်လည်ကြရာဝယ် ဒါနရှင်ကသာ အထက်တန်းကျခဲ့၏။ နောက်ဆုံးဘ၀၌ ကောသလမင်း၏ နန်းတော်တွင် ထိုမိတ်ဆွေရင်း ၂-ဖော် တွေ့ဆုံပြန်ရာ ဒါနရှင်က မင်းသား၊ ဒါနမဲ့က အထိန်းတော်သား ဖြစ်၍ ပုခက် ၂-လုံးတွင် ဒါနရှင်က ထီးဖြူဆောင်းလျက်၊ ဒါနမဲ့က သစ်သားပုခက်ကို စီးကာ ထိုကဲ့သို့ အရည်အချင်း ကွာခြားစွာဖြင့်ပင် ကျွတ်တမ်းဝင်ကြလေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

အယုတ် အလတ် အမြတ် ခွဲနည်းတစ်မျိုး

ဟီနဒါန၊ မဇ္ဈိမဒါန၊ မဏီတဒါနဟု ဒါန ၃-မျိုးရှိ၏။ မိမိသုံးသော ပစ္စည်းလောက် မကောင်းသော အ၀တ်အစားများကို လှူလျှင် ဟီန (ယုတ်ညံ့သော) ဒါနဖြစ်၏။ မိမိသုံးစားသော ပစ္စည်းနှင့် တန်းတူပစ္စည်းကို လှူလျှင် မဇ္ဈိမ (အလတ်စား) ဒါနဖြစ်၏။ မိမိသုံးသော ပစ္စည်းထက် သာလွန်ကောင်းမြတ်သော ပစ္စည်းကို လှူလျှင် ပဏီတ (မွန်မြတ်သော) ဒါန ဖြစ်၏။

တစ်နည်း - ဒါသဒါန၊ သဟာယဒါန၊ သာမီဒါန ဟု ၃-မျိုးရှိ၏။ ထိုတွင် ပြခဲ့သော ဟီနဒါနကို “ဒါသဒါန”ဟုခေါ်သည်။ “ကျွန်အနေမျိုးဖြစ်သော အောက်တန်းစားအလှူ”ဟုဆိုလိုသည်။ ပြခဲ့သော မဇ္ဈိမဒါနကို “သဟာယဒါန”ဟုခေါ်သည်။ “မိတ်ဆွေ သူငယ်ချင်း အနေမျိုးဖြစ်သော အလယ်အလတ်စား အလှူ”ဟု ဆိုလိုသည်။ ပြခဲ့သော ပဏီတဒါနကို “သာမီဒါန” ဟုခေါ်သည်။ “အရှင်သခင်မျိုးဖြစ်သော အထက်တန်းစားအလှူ”ဟု ဆိုလိုသည်။

တစ်နည်း - ဒါန ပြုနေတုန်း၌ စိတ်ဆန္ဒ လုံ့လ၀ီရိယ သဒ္ဓါတရားတို့ညံ့လျှင် “ဟီနဒါန”ဖြစ်၏။ စိတ်ဆန္ဒ လုံ့လ၀ီရိယ သဒ္ဓါတရားတို့ မှန်မှန်ရှိလျှင် “မဇ္ဈိမဒါန” ဖြစ်၏။ စိတ်ဆန္ဒ လုံ့လ၀ီရိယတို့ ထက်သန်လျှင် “ပဏီတဒါန” ဖြစ်၏။

တစ်နည်း - ကျောင်းဒကာ၊ ဘုရားဒကာ၊ အလှူဒကာစသောဂုဏ်၊ “အင်မတန် သူတော်ကောင်းတာပဲ” စသော ချီးမွမ်းမူကို လိုလား၍ ပြုသောဒါနသည် “ဟီနဒါန” တည်း။ “နောင်ဘ၀သံသရာ၌ တစ်စုံတစ်ခု ကောင်းကျိုးရလိမ့်မည်”ဟု အကျိုးကိုမျှော်၍ ပြုသော ဒါနသည် “မဇ္ဈိမဒါန” တည်း။ နောင်သံသရာ အကျိုးရမရကို ဂရုမစိုက်ဘဲ (အကျိုး မရချင်နေပေစေ) “ပညာရှိ သူတော်ကောင်း”ဆိုတာ သူတစ်ပါးကို ပေးကမ်းချီးမြှောက်ရိုး ထုံးစံတည်းဟု သဘောထား၍ သူတစ်ပါးကို စားစေ ၀တ်စေလိုသော စေတနာ သက်သက်ဖြင့် ပေးလှူစွန့်ကြဲခြင်းသည် “ပဏီတဒါန”တည်း။

မှတ်ချက်။ ။ဤနည်း၌ အကျိုးကို လိုလား၍ ပြုသော ဒါနထက် အကျိုးကိုမမြော်ဘဲ ပြုသောဒါနကမြတ်ပုံကို သတိပြုသင့်၏။ မိမိအကျိုးကို မလိုလားဘဲ “သူတစ်ပါး ချမ်းသာလျှင်ပြီးရော” ဆိုသော စေတနာတို့မှာ အလွန်မြင့်မြတ်သော စိတ်ဓာတ်ရှိသော အလောင်းတော်ကြီးများ၏ စိတ်ထားမျိုးပင် ဖြစ်ပါသည်။

တစ်နည်း - ဘ၀စည်းစိမ်ကို ခံစားလို၍ ပြုသော ဒါနသည် “ဟီနဒါန”တည်း။ မိမိ၏ သံသရာမှ လွတ်မြောက်ရေးကို လိုလား၍ (ဤဒါနသည် မဂ်ဖိုလ်၏ အခြေခံ ဖြစ်ပါစေဟု ဆုတောင်း၍) ပြုသော ဒါနသည် “မဇ္ဈိမဒါန”တည်း။ သတ္တ၀ါများ၏ သံသရာမှ လွတ်မြောက်ရေးကို မြော်တွေးလျက် ဘုရားလောင်းတို့ ဖြည့်ကျင့်အပ်သော ဒါနပါရမီသာလျှင် အမြတ်ဆုံး “ပဏီတဒါန” ဖြစ်သည်။ ဤကား တစ်မျိုးထက်တစ်မျိုး (စိတ်ထားတတ်၍) မြတ်ပုံတည်း။ (သီလ စသည်များ၌လည်း ဤကဲ့သို့ စိတ်ထားလိုက်၍ အယုတ် အလတ် အမြတ် ကွဲပြားနိုင်ကြသည်။)
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Wednesday 24 October 2012

ဥက္ကဋ္ဌ သြမကအခွဲ

(ဥက္ကဋ္ဌ = အမြတ်။ သြမက = အညံ့။) ပြခဲ့ပြီးသော ဒွိဟတ်၊ တိဟိတ် ကုသိုလ်စိတ်တို့၌ ရှေ့ပုဗ္ဗစေတနာအခိုက်တုန်းကဖြစ်စေ၊ လှူပြီးနောက် အပရစေတနာအခိုက်မှာဖြစ်စေ ကုသိုလ်စေတနာခြံရံနေလျှင် (အကုသိုလ်မဖြစ်ဘဲ ကုသိုလ်စိတ်တွေ ရှေ့နောက်ပါနေလျှင်) မြင့်မြတ်သော ဥက္ကဋ္ဌ ကုသိုလ်ဖြစ်၏။ မလှူမီရှေ့အဖို့နှင့် လှူပြီးနောက်အဖို့ အကုသိုလ်များ ခြံရံနေလျှင် ညံ့ဖျင်းသော သြမကကုသိုလ်ဖြစ်၏။

ရှေ့နောက် ကုသိုလ် အကုသိုလ် “ခြံရံ”ဟူရာ၌ ထိုကုသိုလ်နှင့် စပ်၍ ပုဗ္ဗစေတနာ အပရစေတနာတို့အခိုက်မှာ ကုသိုလ်စိတ်ဖြစ်မူ၊ အကုသိုလ်စိတ်ဖြစ်မူကို “ခြံရံသည်”ဟု ဆိုလိုသည်။ ထိုကုသိုလ်နှင့် မစပ်ဘဲ အလွတ်သက်သက်ဖြစ်သော ကုသိုလ် အကုသိုလ်တို့ကို “ခြံရံ”ဟု မဆိုရ။ ဥပမာ - အလှူပေးခါနီး ရှေ့အဖို့၌ ကြွေးတောင်းမရ၍ မြီစားကို တရားစွဲကာ ဒေါသအကုသိုလ် ဖြစ်၏။ သို့သော် အလှူပေးဖို့ ကိစ္စ၌ကား စိတ်မပျက်။ အလှူပေးပြီးနောက် အလှူကို ၀မ်းမြောက်၏။ အပရစေတနာ ထက်သန်၏။ သို့သော် ထိုအလှူနှင့် မဆိုင်သော ကိစ္စ၌ကား လောဘ၊ ဒေါသ ဖြစ်ရ၏။ ဤသို့ အလှူနှင့် မဆိုင်သော အရာဝယ် ဖြစ်သမျှ အကုသိုလ်ကား အလှူကုသိုလ် ယုတ်ညံ့အောင် မနှောက်ယှက်ပါ။

ဤစကားအရ အချုပ်ကား - ပုဗ္ဗစေတနာ အပရစေတနာ ထက်သန်သော တိဟိတ် ကုသိုလ်သည် “ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်” ဖြစ်၏။ ပုဗ္ဗစေတနာ ဖြစ်စေ၊ အပရစေတနာ ဖြစ်စေ တစ်ခုခုချို့တဲ့လျှင် “တိဟိတ်သြမက ကုသိုလ်” ဖြစ်၏။ နှစ်ခုစလုံး ချို့တဲ့လျှင်သာ၍ “တိဟိတ်သြမက” ဖြစ်၏။ ဒွိဟိတ် ဥက္ကဋ္ဌ ဒွိဟိတ်သြမက ဖြစ်ပုံလည်း ဤနည်းအတိုင်း မှတ်ပါ။ (ပုဗ္ဗ-မုဉ္စ-အပ္ပရ စေတနာ ၃-မျိုး၊ တိဟိတ်ဒွိဟိတ် ကုသိုလ် ၂-မျိုး၊ ဥက္ကဋ္ဌ သြမက ကုသိုလ် ၂-မျိုး အခွဲကို သီလစသော ကုသိုလ်များ၌လည်း ရနိုင်၏။)
ဆောင် -
၁။ ကုသိုလ် ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဉာဏ်ယှဉ်ဘိ၊ တိဟိတ် ကုသိုလ်ခေါ်။
၂။ ကုသိုလ် ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဉာဏ်မရှိ၊ ဒွိဟိတ် ကုသိုလ်ခေါ်။
၃။ ရှေ့နောက် နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဋ္ဌ အမြတ်ခေါ်။
၎။ ရှေ့နောက် နှစ်တန်၊ အကုခြံ၊ ညံ့ဟန် သြမကခေါ်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဒွိဟိတ် တိဟိတ် ကုသိုလ် အခွဲ

စေတသိက်အခန်း၌ ပြခဲ့သော အလောဘ၊ အဒေါသ၊ အမောဟ ၃-ပါးကို ပါဠိလို “ဟေတု”၊ မြန်မာလို “ဟိတ်”ဟုခေါ်သည်။ ဤနေရာ၌ ဟေတု-သဒ္ဒါသည် “အခြေအမြစ်”ဟူသော အနက်ကိုဟော၏။ သစ်ပင်၌ ရေသောက်မြစ်သည် သစ်ပင်တစ်ပင်လုံး ခိုင်မြဲစည်ကား ကြီးထွားအောင် ပြုသကဲ့သိ့ ဟိတ်တရားများလည်း မိမိတို့နှင့် ယှဉ်ဖက်စိတ်ကို ခိုင်မြဲစည်ကား အကျိုးများအောင် ပြုနိုင်ကြပေသည်။ ထို့ကြောင့် ကုသိုလ်စိတ်ကို ဟိတ် ၂-ပါးနှင့် ယှဉ်သော ဒွိဟိတ်ကုသိုလ်စိတ်၊ ဟိတ် ၃-ပါးနှင့် ယှဉ်သော တိဟိတ်ကုသိုလ်စိတ်ဟု ခွဲခြားမှတ်သားရမည်။

ဒွိဟိတ်ကုသိုလ်စိတ်

အလောဘ၊ အဒေါသ ဟိတ် ၂-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်သည် “ဒွိဟိတ်ကုသိုလ်စိတ်”မည်၏။ သုစရိုက်ဆယ်ပါးတို့တွင် သမ္မာဒိဋ္ဌိသည် “ကံ-ကံ၏ အကျိုးဧကန်ရှိ၏။”ဟု ယုံကြည်သော ဉာဏ်ပညာတည်း၊ ထိုဉာဏ်ကိုပင် “ကမ္မသကတာဉာဏ်”ဟု ခေါ်၏။ ကလေးဖြစ်စေ၊ ကံ-ကံ၏အကျိုးကို နားမလည်သော အရိုင်းအစိုင်းဖြစ်စေ ပစ္စည်းဝတ္ထု တစ်စုံတစ်ခုကို ပေးကမ်းရာ၌ ၀မ်းမြောက်ဝမ်းသာ ကိုသိုလ်စိတ်ကား ဖြစ်တတ်ပါ၏။ သို့သော် “ယခုပြုသော ကုသိုလ်ကံသည် မိမိသန္တာန်မှာ အဖတ်တင်ရစ်၏။ ထိုကံကြောင့် နောက်နောင်အခါ အကျိုးခံစားရမည်”ဟု သိသော သမ္မာဒိဋ္ဌိ (ကမ္မသကတာဉာဏ်) အမောဟမပါ။ အလောဘ၊ အဒေါသဟိတ် ၂-ပါးသာပါ၏။ ထို့ကြောင့် ထိုကုသိုလ်စိတ်မျိုးကို “ဒွိဟိတ်ကုသိုလ်စိတ်”ဟု ခေါ်ကြရသည်။

ယခုကာလ ဗုဒ္ဓဘာသာဝင် အချို့လည်း ကံ-ကံ၏ အကျိုးကို နားမလည်ကြဘဲ သူများယောင်လို့ ရောယောင်ကာ သူများလှူလို့ လှူကြရသူတွေ များစွာရှိသည်။ ထိုသူများ၏ ကုသိုလ်စိတ်လည်း ဒွိဟိတ် ကုသိုလ်ပင်တည်း။ ပင်ကိုဉာဏ်ရှိသူ (တတ်သိနားလည်သူ) ဖြစ်သော်လည်း အမှတ်တမဲ့ ပေးကမ်းရာ၌ ဒွိဟိတ် ကုသိုလ်စိတ်ပင် ဖြစ်ပေလိမ့်မည်။ အချုပ်မှာ ကုသိုလ်ပြုနေတုန်း၌ ဉာဏ်ပညာမပါလျှင် ဒွိဟိတ်ကုသိုလ်ချည်းမှတ်ပါ။

တိဟိတ်ကုသိုလ်စိတ်

အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် ၃-ပါးနှင့်ယှဉ်သော ကုသိုလ်စိတ်သည် “တိဟိတ်ကုသိုလ်စိတ်”မည်၏။ ကုသိုလ်ပြုနေတုန်းအခါ ကံကိုလည်းကောင်း၊ ကံ၏ အကျိုးကိုလည်းကောင်း နားလည်သော ကမ္မသကတဉာဏ်ပါလျှင် တိဟိတ် ကုသိုလ်စိတ် ဖြစ်သည်။ ယခုကာလ၀ယ် အတော်အတန် ဉာဏ်ရှိသော အမျိုးသား အမျိုးသမီးတို့သည် ဘုရားကိစ္စ၊ တရားကိစ္စ၊ သံဃာကိစ္စ၊ မိဘကိစ္စ၊ လူကြီးသူမတို့ ကိစ္စကို စိတ်စေတနာ ဖြူစင်စွာဖြင့် ပြုကြသည်။ ထိုကုသိုလ်စိတ်များ၌ သံသရာ အကျိုးကို နားလည်သော ဉာဏ်ပါရှိရကား တိဟိတ် ကုသိုလ်မျိုးဖြစ်ကြသည်။ တစ်စုံတစ်ခု ပစ္စည်းကို ပေးလှူသောအခါ “ထိုပစ္စည်းသည် ရုပ်ကလာပ်အစုသာဖြစ်၏။ ထိုရုပ်ကလာပ်အား အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါတကား”ဟု ၀ိပဿနာတင်၍ လှူတတ်သူအတွက် ဉာဏ်ဓာတ်ပါရှိကြောင်း တိဟိတ်ကုသိုလ်စိတ် ဖြစ်ကြောင်းမှာ အထူးပြောဖွယ် မလိုတော့ပါ။ အလွန်ကောင်းသော တိဟိတ် ကုသိုလ်တည်း။ ထို့ကြောင့် ယခုအခါ ဆရာမိဘတို့က အလှူပေးခါနီး၊ ရေစက်ချခါနီး၌ ကံနှင့်ကံ၏အကျိုးကို လည်းကောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တအကြောင်းကို လည်းကောင်း နားလည်အောင် ပြောသင့်ကြပါသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ပုဗ္ဗ မုဉ္စ အပရ စေတနာ


ပုဗ္ဗစေတနာ
အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟု ၃-မျိုးရနိုင်၏။ ထိုတွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်းနေသောအခါမှစ၍ မလှူမီ ရှေ့အဖို့၌ ဖြစ်သမျှ ကုသိုလ် စေတနာတွေသည် “ပုဗ္ဗစေတနာ”မည်၏။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူ့ဒကာ အလှူ့ဒကာမ၊ ကျောင်းဒကာ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ်၊ ကျော်စောလိုသောစိတ်၊ မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့်စပ်၍ မကျေနပ် ဒေါသ မာန စသော အကုသိုလ်များ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန့်ဆုတ်သော မလှူလိုသော စိတ်များ မဖြစ်စေရ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာတွေ အလွန်စင်ကြယ်စွာ ဖြစ်နေပြီ”ဟု မှတ်ပါ။

မုဉ္စစေတနာ

မုဉ္စ-သဒ္ဒါသည် “စွန့်လွှတ်ခြင်း”ဟူသော အနက်ကို ဟော၏။ ထို့ကြောင့် စွန့်လွှတ် လှူဒါန်းနေတုန်းအခိုက်၌ ဖြစ်သော စေတနာသည် (ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက် မကပ်ဘဲ နူတ်ဖြင့် လျှောက်ထား၍ လှူရာ၌ “လှူပါ၏”ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) “မုဉ္စစေတနာ” မည်၏။ ဤမုဉ္စစေတနာ အခိုက်လည်း ပြခဲ့သော အကုသုလ် စိတ်များ မဖြစ်စေဘဲ၊ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိမ်တွယ်တာသော တဏှာလောဘစိတ်မဖြစ်စေဘဲ ယခု လှူဒါန်းလိုက်သည့်အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ့်မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင့်ဘဲ ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာတွ စင်ကြယ်စွာ ဖြစ်ပြီ”ဟု မှတ်ပါ။

အပရစေတနာ

အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင့် စပ်၍ ဖြစ်သမျှ စေတနာကို “အပရစေတနာ”ဟု ခါ်၏။ ထို့ကြောင့် ဒါနပြုပြီးနာက် ထိုဒါနကို သတိရတိုင်း “အလှူအထမြောက်ပေပြီ။ ၀မ်းမြောက်ဖွယ် ကောင်းပေသည်။ နောက်ထပ် လှူချင်သေးသည်”ဟု ၀မ်းမြောက် ၀မ်းသာဖြစ်နေလျှင် အပရ စေတနာနယ်၌လည်း ကုသိုလ် စေတနာတွေထပ်မံတိုးပွားပြန်၏။ အလှူပေးပြီးနောက် ပစ္စည်း ပျက်ပြား၍ဖြစ်စေ၊ ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင်ဘုန်းကြီးအပေါ် မကျေနပ်၍ဖြစ်စေ “ငါလှူမိတာ မှားလေစွ“ဟု အပရစေတနာပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်းဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည်။

သတိထားဖွယ်

ဒါနပြုရာ၌ ကျောင်းဆောက်မူ၊ ဘုရားတည်မူ၊ အလှူကြီးပေးမူ၊ စသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်း ရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ဆေး အစရှိသည်တို့ဖြင့်လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏။ ထိုတွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ်အတွက်ဖြစ်စေ၊ သူတစ်ပါးတို့လာရောက် နှောက်ယှက်သောကြောင့်ဖြစ်စေ စေတနာပျက်ဖွယ်တွေ (စိတ်ထားမတတ်သူ၊ ဉာဏ်မရှိသူမှာ) များလှ၏။ ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင် စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်း ဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍ ပြုလုပ်ထိုက်ကြပေသည်။ အနည်းငယ်ပြုကြသော ဒါနတို့ကား ခွေး တိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီဖြစ်သောကြောင့် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ၊ အချို့အရာ၌ သံဃိကဒါနမြောက်အောင် စိတ်ထား၍ အချို့အရာဝယ် လှူဖွယ်ဝတ္ထုများ၌ မတွယ်တာဘဲ မုတ္တစာဂိဖြစ်အောင် စွန့်လွှတ် ပေးကမ်း လှူဒါန်းကြရမည်။ (မုတ္တ = မတွယ်တာဘဲ လွတ်လွတ်ကျွတ်ကျွတ် + စာဂီ = စွန့်ကြဲပေးကမ်းလေ့ရှိသူ။) “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ၊ နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကို ရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ”ဟု ဆိုလိုသည်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဒါန ၂-မျိုး အကျိုးပေးကွာပုံ

၁-ပါး၊ ၂-ပါး၊ ၃-ပါးစသော ပုဂ္ဂိုလ်များကို သီးခြားရွေးချယ်၍ လှူသော အလှူမှန်လျှင် အလှူခံက တစ်ထောင်မက များသော်လည်း ပုဂ္ဂိုလ်ကို ရည်စူးသောကြောင့် ပုဂ္ဂလိကဒါနချည်းသာ ဖြစ်သည်။ ထိုပုဂ္ဂလိကဒါန၌ ဘုရား ပစ္စေကဗုဒ္ဓါမှတစ်ပါး အခြားသော ပုဂ္ဂလိက ဒါနထက် သံဃိကဒါနက အကျိုးပေးသာသည်ဟု ကျမ်းဂန်၌ဆို၏။ သဘောယုတ္တိကို စဉ်းစားလျှင်လည်း သံဃိကဒါနလှူရာ၌ ရဟန္တာအရှင်တို့လည်း ထိုသံဃာအဖွဲ့အစည်းတွင် ပါဝင်၏။ ပုဂ္ဂလိက ဒါနပြုရာ၌ကား ထိုကဲ့သို့ ရဟန္တာပါချင်မှပါမည်။ ပါစေကာမူ သံဃိကဒါနလောက် မများနိုင်ပေ။ သံဃိက ဒါနလှူရာ၌ အကျင့်အကောင်းဆုံး ပုဂ္ဂိုလ်ကိုလည်း လှူရာရောက်၏။ ပုဂ္ဂလိက ဒါနကား အတော်ရွေးချယ်တတ်မှသာ သင့်တင့်သော ပုဂ္ဂိုလ်ကို ရနိုင်စရာရှိ၏။ ထို့ကြောင့် ဘယ်အခါမဆို ပုဂ္ဂလိကဒါနထက် သံဃိကဒါနက အကျိုးပေးသာလွန်သည်ဟူသော စကားသည် ကောင်းစွာ ယုတ္တိရှိပါပေတည်း။

ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပုံ
သက်တော်ထင်ရှား ရှိတော်မူစဉ်တုန်းက ဘုရားရှင်အား တိုက်ရိုက် လှူဒါန်းနိုင်ခဲ့ကြသော်လည်း ယခုအခါ ဘုရားရှင်မရှိတော့ရကား ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပုံကို ကျမ်းဂန်အတိုင်း သိထိုက်၏။ ဘုရားအစစ်ကို ရည်မှန်း၍ ဆွမ်းလှူလိုလျှင် ရဟန်းတစ်ပါး ဆွမ်းကပ်ရာ၌ ပြင်သလို တစ်ပါးစာလောက်အောင် ပြင်ဆင်၍ ရုပ်ပွားတော်၏ ရှေ့မှာဖြစ်စေ၊ အနီး၌ ရုပ်ပွားတော်မရှိလျှင် ရုပ်ပွားတော်ကို ရည်မှန်း၍ဖြစ်စေ ကပ်လှူရမည်။ နဂိုကဘုရားရှင်၌ ဝေယျာဝစ္စ (တံမြက်လှည်းမူ၊ အမိုက်သုတ်သင်မူ စသည်ကို) ပြုလုပ်နေသူရှိလျှင် ဘုရားရှင်အား ကပ်လှူသောဆွမ်းကို ထိုဝေယျာဝစ္စပြုသူ စားထိုက်၏။ ထိုကဲ့သို့ အမြဲပြုသူမရှိလျှင် ယခုလောလောဆယ် ပြု၍ (ရဟန်းဖြစ်စေ၊ လူဖြစ်စေ) စားထိုက်၏။ ဥပုသ်သည်ဖြစ်သူကား မွန်းတည့်ခါနီးနေလျှင် စားပြီးမှလည်း ဝေယျာဝစ္စကို ပြုနိုင်၏ အလှူကြီးပေးရာ၌ ဘုရာအးမှူးရှိသော သံဃာအား ဆွမ်းကပ်လှူလိုလျှင်လည်း ဤနည်းအတိုင်း ဘုရားအတွက် ပြင်ဆင်ကပ်ရာ၏။

ဘုရားရှင်အား ရည်မှန်း၍ သင်္ကန်း လှူဒါန်းရာ၌လည်း ထိုကဲ့သို့ ဝေယျာဝစ္စ ပြုသော ရဟန်သံဃာများ ၀တ်ကောင်း၏။ ထိုသင်္ကန်းကို ကပ္ပိယ ဒါယကာက အခြားပစ္စည်းနှင့် လဲလှယ်၍လည်း ဘုရားအတွက် လိုနေရာ၌ သုံးစွဲထိုက်၏။ ပန်း၊ ဆီမီး၊ အမွှေးတိုင် စသည်မှာ ယခုကာလ ပူဇော်နည်းအတိုင်းပင် သင့်တော်ပါ၏။ သို့သော် ရုပ်ပွားတော် စေတီရင်ပြင်၌ စိုရွှဲနေအောင် ရေပူဇော်ခြင်း၊ ပန်းအမိုက်တွေ ရူပ်ပွေနေအောင် ပူဇော်ခြင်း၊ ဆီမီး ဖယောင်းစက် ပေတေနေအောင် ပူဇော်ခြင်းတို့မှာ (မိမိ၏ အိမ်၊ ဘုန်းကြီးကျောင်းများ၌ ထိုကဲ့သို့ လာ၍ပူဇော်လျှင် အိမ်ရှင်နှင့် ကျောင်းပိုင်တို့က ကျေနပ်မည်မဟုတ်သလို) ကျေနပ်ဖွယ် မဟုတ်သော ပူဇော်ခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ရေချမ်း၊ ပန်း၊ ဆီမီးများအတွက် ဘုရားရှေ့တော်မှာ မသန့်မရှင်း မဖြစ်အောင် ပူဇော်နိုင်မှသာ လောကရော သံသရာရော ချောမော သန့်ရှင်း၍ အပြစ်ကင်းသော ပူဇော်ခြင်းဟု ဆိုလိုပါသည်။

အဝေးကနေ၍ ပူဇော်နည်း
ယခုကာလ၌ ရုပ်ပွား စေတီတော်ရှိရာ အရပ်သို့ ရောက်အောင် သွားခွင့်မရသောကြောင့် အိမ်မှာပင် ဘုရားကို ရည်မှန်း၍ ပန်း စသည်တို့ကို ပူဇော်ကြ၏။ ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ၊ မရ ရှေးကပင် စဉ်းစားဖူးကြလေပြီ။ အကျိုးရမူ မရမူမှာ ပူဇော်သူများ၏ စေတနာသာ ပဓာန ဖြစ်၏။ မိမိ၏ စိတ်စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာက ဘုရားကိုရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာ ဖြစ်သောကြောင့် အဘယ်မှာ အကျိုးမရဘဲ ရှိအံ့နည်း။ ဧကန် အကျိုးရနိုင်ပါသည်။

ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် တစ်ရာ့တစ်ဆယ့်ရှစ်ကမ္ဘာထက်၌ အတ္ထဒဿီဘုရား ပွင့်တော်မူ၏။ တစ်နေ့သ၌ အမျိုးသားတစ်ယောက်သည် ကောင်းကင်၌ သံဃာတော် အခြံအရံနှင့် ကြွလာတော်မူသော ဘုရားရှင်ကို ဖူးမြင်လိုက်ရ၏။ ထို့နောက် အရပ်တစ်ပါးသို့ ရောက်တော်မူနေသော ဘုရားရှင်ကို ရည်မှန်း၍ ပန်းနံ့သာ စသည်တို့ကို အဝေးမှ လှူဒါန်းပူဇော်လေသည်။ ထိုကောင်းမူကြောင့် ဒုဂ္ဂတိဘ၀သို့ မလားရဘဲ ငါတို့ ဘုရားလက်ထက်၌ “ဒေသပူဇကမထေရ်”ဟု ထင်ရှားသော ရဟန္တာတစ်ပါး ဖြစ်လာလေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးကွာခြားပုံ


“အလှူခံ ပုဂ္ဂိုလ်သည် လယ်ယာမြေနှင့်တူ၏”ဟု ဆိုခဲ့ပြီ။ သို့ဖြစ်၍ လယ်မြေသည် ပထမတန်း ဒုတိယတန်း တတိယတန်း ရှိသကဲ့သို့ အလှူခံ ပုဂ္ဂိုလ်ဟူသော လယ်များသည် အတန်းအစား အမျိုးမျိုးရှိ၏။ လယ်ယာတို့၌ မြက်စသော အနှောင့်အယှက်မရှိလေ အပင်သန်လေ ဖြစ်သကဲ့သို့ ထို့အတူ အလှူခံရာ၌လည်း ရာဂ၊ ဒေါသ၊ မောဟနည်းလေ လှူရသူမှာ အကျိုးများလေဖြစ်၏။ လယ်ယာတို့၌ နွားချေးစသော မြေသြဇာများ၍ ရေအဆင်သင့်လေ ကောက်ပင်သန်လေ ဖြစ်သကဲ့သို့ အလှူခံပုဂ္ဂိုလ်များ၌လည်း သီလ၊ သမာဓိ၊ ပညာကြီးလေ လှူရသူ၌ အကျိုးများလေ ဖြစ်၏။


သံဃိကဒါန
ပါဠိလို “သံဃ”၊ မြန်မာလို အပေါင်းအဖွဲ့ကို “သံဃာ”ဟု ခေါ်၏။ ထိုသံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းအပ်သော ဒါနသည် သံဃိကဒါနမည်၏။ အသင်းတစ်သင်း၌ ငွေ ၁-ကျပ်လောက် ထည့်ဝင်လျှင် ထိုငွေ ၁-ကျပ်သည် အသင်းဝင်အားလုံး (သူဋ္ဌေး ဆင်းရဲသားမကျန်) သက်ဆိုင်သကဲ့သို့ ဆွမ်းတစ်အုပ်ဖြစ်စေ၊ သင်္ကန်းတစ်ထည်ဖြစ်စေ သာသနာတော်၌ ရှိသမျှ သံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းလျှင် တစ်သာသနာလုံး (ရဟန္တာနှင့် အောက်တန်းစား ပုထုဇဉ်မကျန်) သက်ဆိုင်၏။ ထိုသံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းသော ပစ္စည်းကို တစ်ကမ္ဘာလုံးရှိ သံဃာတော်များအား လိုက်၍ ဝေငှနေဖွယ်မလို။ ထိုအသင်း၌ ထည့်ဝင်သော ငွေ ၁-ကျပ်ကို အသင်းဝင်သူ မည်သူမဆို သုံးခွင့်ရသကဲ့သို့ သံဃိက ပစ္စည်းကိုလည်း တွေ့ကြုံနေသော သံဃာက ဝေငှ၍ သုံးစွဲစားသောက် နိုင်ကြပါသည်။

သံဃာ၌ စိတ်ရောက်မှ သံဃိကဒါနမြောက်ပုံ
ထိုကဲ့သို့ သံဃိကဒါနဖြစ်အောင်လှူဒါန်းရာတွင် စိတ်ကလည်း သံဃာသို့ ညွှတ်နိုင်မှသာ သံဃိကဒါန အစစ်ဖြစ်နိုင်ပေသည်။ နူတ်က “သံဃဿဒေမိ=သံဃာအားလှူပါ၏”ဟု ဆိုနေသော်လည်း စိတ်က ကိုယ်ကြည်ညိုနေသော ကျောင်းတိုက် သံဃာ၊ ကိုယ်ကြည်ညိုနေသော ဘုန်းကြီးကိုသာ လှူလိုလျှင် သံဃိကအစစ် မဖြစ်နိုင်။ တကယ့်ကို (ပုဂ္ဂိုလ်မခွဲခြားဘဲ) သံဃာအားလုံးကို ရည်စူးနိုင်မူကား နေ့စဉ် ဆွမ်းလောင်းရာ၌လည်းကောင်း၊ သံဃာမှညွှန်ပြ၍ရသော ပုဂ္ဂိုလ်တစ်ပါးအား ဆွမ်းကျွေးရာ၌လည်းကောင်း သံဃိကဒါနအစစ် ဖြစ်နိုင်ပါသည်။

ဆွမ်းလောင်းရာ၌ သံဃာညွှတ်ပုံ
ဘုရားရှင်ကို ကြည်ညိုလှသဖြင့် ဘုရားရှင် တည်ထောင်တော်မူအပ်သော သာသနာကိုလည်းကောင်း၊ သာသနာ့ဝန်ထမ်း ရဟန်းကောင်း အဆက်ဆက်ပေါ်ထွက်၍ သာသနာတော် ကြီးပွားရေးကိုလည်းကောင်း မြော်တွေးမိသော အမျိုးသား အမျိုးသမီးတို့သည်ဆွမ်းလောင်းဖို့ရာ ပြင်ဆင်သောအခါ (ငါ့ဘုန်းကြီး၊ ငါ့ဦးပဉ္စင်း စသော အစွဲကို ပယ်ရှား၍) ဤဆွမ်းကို (ဤဆွမ်းနှင့် ဟင်းကို) “သံဃဿဒေမိ၊ သံဃဿဒေမိ = သံဃာအားလှူပါ၏။ သံဃာအားလှူပါ၏”ဟု နူတ်ကလည်းရွတ်၊ စိတ်ကလည်း ညွှတ်ပါစေ။ ဤသို့ လှူနိုင်လျှင် နေ့စဉ် ဆွမ်းလောင်းရာ၌လည်း သံဃိကဒါန ဖြစ်နိုင်ပါသည်။ ပုဂ္ဂိုလ်စွဲ၊ ကျောင်းတိုက်စွဲ၍ လောင်းလှူလျှင်ကား သံဃိကဒါန မဖြစ်နိုင်။ ပုဂ္ဂလိက (ပုဂ္ဂိုလ်အများ ဆိုင်သော) ဒါနသာ ဖြစ်နိုင်သည်။

ဆွမ်းပင့်ကျွေးရာ၌ သံဃိကဒါန
အနီးအပါး ကျောင်းတိုက်သို့ သွားပြီးလျှင် “နက်ဖြန်ဆွမ်းကပ်လိုပါ၍ သံဃာတော်ထဲမှ တစ်ပါး (အလိုရှိသလို ၂-ပါး ၃-ပါး စသည်) နံနက် ၆-နာရီ အချိန် ချီးမြှင့်တော်မူပါ”ဟု လျှောက်ရမည်။(“ဘုန်းကြီးနှင့်တကွ၊ ဆရာတော်နှင်တ့ကွ”ဟု မပါစေရ။) ထိုကဲ့သို့ လျှောက်ပြီးနောက် နက်ဖြန်၌ ဆွမ်းဟင်းစများ ချက်ပြုတ်တုန်းကပင် သတိရတိုင်း “သံဃဿဒေမိ၊ သံဃဿဒေမိ”ဟု စိတ်ကလည်း ညွှတ်၊ နူတ်ကလည်း ရွတ်ပါ။ အချိန်ကျ၍ ကြွလာသော ပုဂ္ဂိုလ်သည် တော်စွလျော်စွ အညံ့စား ဖြစ်နေလျှင်လည်း စိတ်မပျက်ပါနှင့်။ “ငါသည် သူ့ကို လှူသည်မဟုတ်၊ သံဃာကို လှူသည်”ဟု သတိထား၍ သံဃာအား ရိုသေသလို ထိုကိုယ်တော်အား ရိုသေစွာ ဆွမ်းကပ်ပါ။ “ဆရာတော်အား ဆမ်းကပ်လှူခြင်းမဟုတ်။ ဆရာတော်ပါဝင်သော သံဃာအားလုံးကို ကပ်လှူခြင်းဖြစ်သည်”ဟု သတိထားပါ။ ထိုသို့ သံဃာ၌ စိတ်ညွှတ်နိုင်လျှင် သံဃာက ညွှန်ပြ၍ရသော တစ်ပါးကို လှူရာ၌လည်း သံဃိကဒါနအစစ် ဖြစ်နိုင်ပါသည်။

ဒကာတစ်ဦး စိတ်ထားတတ်ပုံ
ရှေးတုန်းက ဒကာတစ်ဦးသည် ဆွမ်းကပ်လို၍ သံဃာထဲမှ ရဟန်းတစ်ပါးကို လျှောက်တောင်းလေရာ လူအများ မကြည်ညိုနိုင်လောက်အောင် ထင်ရှားသောဒုဿီလရဟန်းကို ရလေသည်။ သို့သော် သံဃာကို ရည်မှန်းထားသူဖြစ်၍ စိတ်မပျက်။ နေရာကို ကျနစွာ ခင်းပြီးလျှင် အပေါ်၌ မျက်နှာကြက်မိုး၍ ပန်းနံ့သာတို့ဖြင့် ဆေးပေး၍ ဘုရားရှင်ကို အရေးပါသလို အရေးပါလျက် လှူဖွယ်များကို လှူဒါန်းလေသည်။ ဤမျှလောက် အရေးပါနိုင်ပါမူကား သံဃာတော်ကိုသာ အာရုံပြုထားခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် ထိုဒကာ၏ ဒါနမှာဒုဿီလကို လှူရသော်လည်း သံဃိကဒါန ဖြစ်လေပြီ။

ဆက်ဦးအံ့ - ထိုကဲ့သို့ အရေးတယူပြုစုလိုက်သည့်အတွက် ဒုဿီလကြီကား “သူ့ကို အတော်ကြည်ညိုတဲ့ ဒကာ”ဟု အထင်ကြီးသွားဟန်တူသည်။ ညနေအချိန်ကျတော့ သူ၏ ကျောင်းကို ပြင်လို၍ ထိုဆွမ်းဒကာအထံ ကိုယ်တိုင်လာပြီး ပေါက်တူးကို ငှားလေသော် ဒကာက ပေါက်တူးကို ခြေဖြင့်ညှပ်၍ “ရော့”ဟု ပေးလိုက်သတဲ့။ ထိုအခြင်းအရာကို အိမ်နီးချင်းတို့က မြင်ကြ၍ မနက်က ရိုသေပုံနှင့် ယခုရိုသေပုံတို့မှာ ကွာခြားလှသဖြင့် ထိုဒကာ၏ စိတ်ထားကို မေးကြလေရာ “မနက်က ဒီကိုယ်တော်ကို ရိုသေလေးစားခြင်း မဟုတ်ပါ။ သံဃာကိုသာ ရိုသေခြင်း ဖြစ်ပါတယ်။ ယခုတော့ ဒီကိုယ်တော်ကို မရိုသေခြင်း ဖြစ်ပါတယ်”ဟု ရှင်းလင်းလေသည်။ ဤ၀တ္ထုကိုထောက်၍ သံဃိက ဒါနဖြစ်အောင် လှူဒါန်းသောအခါ သံဃာ၌ စိတ်ညွှတ်နိုင်အောင်စိတ်ထားကိုပြုပြင်ကြပါကုန်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Tuesday 23 October 2012

အလှူပေးရာ၌ မျိုးစေ့စိုက်ပုံနှင့် တူဟန်

အလှူခံမှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား။

အများလှူဖွယ်မျိုးစေ့နှယ်၊ နောက်ဝယ် အသီးစား။

ပေတ၀တ္ထုပါဠိတော်ဝယ် “အလှူခံပုဂ္ဂိုလ်သည် လယ်ယာနှင့် တူ၏။ အလှူ့ဒကာ အလှူ့အမတို့မှာ လယ်ယာလုပ်သူနှင့်တူ၏။ လှူဖွယ် ၀တ္ထုများက မျိုးစေ့နှင့် တူ၏။ နောက်သံသရာ၌ ရနိုင်မည့် အကျိုးတို့မှာ ထိုမျိုးစေ့ကြောင့် အပင်ပေါက်၍ အသီးသီးခြင်းနှင့် တူသည်”ဟု ဥပမာပြထား၏။ ဤဥပမာများကို လေးလေးနက်နက် စဉ်းစားသောအခါ လယ်ယာလုပ်ကိုင်မူ၌

၁။ လယ်ယာက မြေကောင်း၊ မကောင်း လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ အလှူခံပုဂ္ဂိုလ်က ကောင်း၊ မကောင်းလိုက်၍ အကျိုးပေး ကွာခြားဖွယ်ရှိ၏။

၂။ မျိုးစေ့က အောင်၊ မအောင်လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ လှူဖွယ်ပစ္စည်း တရားသဖြင့် ဟုတ်၊ မဟုတ်နှင့် အနည်းအများလိုက်၍ အကျိုးပေးကွာခြားဖွယ် ရှိ၏။

၃။ လယ်ယာလုပ်သူက နားလည်၊ မလည်၊ လုံ့လ၀ီရိယ ရှိ၊ မရှိလိုက်၍ အပင်အသီးကွာခြားသကဲ့သို့ အလှူရှင်က ဉာဏ်ရှိ၊ မရှိ၊ အားတက်သရောနှင့် ၀မ်းမြောက်ဝမ်းသာ ရှိ၊ မရှိ လိုက်၍ အကျိုးပေးကွာခြားဖွယ်ရှိ၏။

၎။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင်၊ မပြုပြင် လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ မိမိ၏ ပုဗ္ဗစေတနာကို ထက်သန်အောင် ပြု၊ မပြု လိုက်၍လည်း အကျိုးပေး ကွာခြားဖွယ်ရှိ၏။

၅။ လယ်ယာတို့၌ မျိုးစေ့ကို စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း စသည်တို့ကို ပြု၊ မပြု လိုက်၍ အပင်အသီးကွာခြားသကဲ့သို့ လှူဒါန်းပြီးနောက် ထိုကုသိုလ်ကံကို ထပ်မံ၍ သတိရမူ၊ သတိရတိုင်း ၀မ်းမြောက်မူ (အပရ စေတနာ ထက်သန်၊ မထက်သန် လိုက်၍) အကျိုးပေးကွာခြားဖွယ်ရှိ၏။

၆။ မျိုးစေ့စိုက်ပျိုးပြီးနောက် စိတ်ပေါက်ပေါက်ရှိ၍ ဖျက်ဆီးလိုက်သကဲ့သို့ လှူဒါန်းပြီးနောက် ထိုကုသိုလ်ကံကို ထပ်မံ၍ သတိရမူ၊ သတိရတိုင်း ၀မ်းမြောက်မူ (အပရစေတနာ ထက်သန်၊ မထက်သန် လိုက်၍) အကျိုးပေးကွာခြားဖွယ်ရှိ၏။

၇။ မျိုးစေ့လယ်ယာတို့က အားလုံးအဆင်သင့်သော်လည်း စိုက်ပျိုးသင့်သောအခါ စိုက်ပျိုးမှ အပင်အသီး ဖွံ့ထွားသကဲ့သို့ အလှူခံနှင့် လှူဖွယ်ဝတ္ထု အဆင်သင့်သော်လည်း လှူသင့်သောအခါ (လိုနေသော နေရာဝယ်ဝယ်) လှူမှသာ ဖွံ့ဖွံ့ထွားထွား အကျိုးများဖွယ်ရှိ၏။

ဤသို့လျှင် ပေတ၀တ္ထုပါဠိတော်ကို လေးလေးနက်နက် ဆင်ခြင်စဉ်းစားလိုက်သောအခါ ညွှန်ပြအပ်ခဲ့သော အချက်များ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ ပေါ်လာပေသည်။ ထို့ကြောင့် ဒါနပြုရာ၌ အလှူခံကိုလည်း ရွေးသင့်၏။ လိုနေသော ဋ္ဌာန၌သာ လှူသင့်၏။ မိမိတို့စိတ်ကို ကြည်နူးစေသင့်၏။ လောကီစည်းစိမ်ကိုတောင့်တတတ်သော တဏှာသဘော မရောနှောအောင်လည်း ဖြူစင်စေသင့်ပါသည်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ပုညကြိယ၀တ္ထု ၁၀-ပါးနှင့် ဒါနအကြောင်း


ပုညကြိယ၀တ္ထု ၁၀-ပါး
မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမူ=ကောင်းသောအမူ” ဟုခေါ်၏။ ထိုပုညစုကို ဧကန်ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်မာလို “ိပြုသင့်သောတရား” ဟုခေါ်၏။ (၀တ္ထု = ကောင်းကျိုးချမ်းသာ၏ တည်ရာ) ဤစကားစဉ်ဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမူများကို “ပုညကြိယ၀တ္ထု”ဟုခေါ်သည်ဟု မှတ်ပါ။ ထိုပုညကြိယ ၀တ္ထုတို့သည် ၁၀-ပါးရှိ၏။

၁။ ဒါန
၂။ သီလ
၃။ ဘာဝနာ
၎။ အပစာယန
၅။ ဝေယျာဝစ္စ
၆။ ပတ္တိဒါန
၇။ ပတ္တာနုမောဒန
၈။ ဓမ္မဿဝန
၉။ ဓမ္မဒေသနာ
၁၀။ ဒိဋ္ဌိဇုကမ္မ…တည်း။

ဒါနအကြောင်း
စွန့်ကြဲပေးကမ်းလှူဒါန်းမူကို “ဒါန”ဟုခေါ်၏။ ဤဒါနသည် စေတနာဒါန၊ ၀တ္ထုဒါနဟု ၂-မျိုးရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းစသော လှူဖွယ်ဝတ္ထုများသည် “၀တ္ထုဒါန” မည်၏။ ထိုဝတ္ထုများကို စွန့်ကြဲပေးကမ်း လှူဒါန်းနေသောအခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့ကို ဖြစ်စေ၏။ ထိုစေတနာကို “စေတနာဒါန”ဟု ခေါ်၏။ နောက် ဘ၀သံသရာဝယ် အကျိုးပေးရာ၌ ဆွမ်း၊ သင်္ကန်း၊ ကျောင်းစသော ၀တ္ထုဒါနများကသာ အကျိုးပေးကြသည်။ လှူဖွယ် ၀တ္ထုက မွန်မြတ်လျှင် စေတနာလည်း မွန်မွန်မြတ်မြတ် ဖြစ်တတ်သည်။

ဆက်ပါဦးမည် - ဆွမ်းလှူရာ၌ ထိုဆွမ်းကို အာရုံပြု၍ လည်းကောင်း၊ ဆွမ်းဘုဉ်းပေးကြသော သံဃာများကို အာရုံပြု၍လည်းကောင်း အတွင်းသန္တာန် စိတ်စေတနာများစွာ ဆက်၍ ဖြစ်နေ၏။ ထိုစိတ်စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တစ်ခါတည်း မျိုးပြုတ်အောင် ချုပ်ပျောက်ကြသည် မဟုတ်။ နောင်အခါ အကျိုးပေးရန် မိမိတို့ သတ္တိကို မြှုပ်နှံ၍ ချုပ်သွားကြသည်။ (ကံ၏ သတ္တိများ ခန္ဓာအစဉ်၌ ကျန်ရစ်ပုံကို ကံအခန်း၌ ပြမည်။ ထိုဆွမ်းကျွေးမူ ကုသိုလ်ပြုရာ အချိန်သည် ၃နာရီကြာလျှင် ထိုအတွင်း၌ စေတနာပေါင်း မည်မျှများပြားမည်ကို မှန်းဆပါ။ လက်ဖျောက် တစ်ချက်တီးအချိန်တွင် စိတ်ပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်နိုင်ပါသည်။)

ပစ္စည်းနှင့် အလှူခံက စေတနာထက်သန်အောင် ကူညီပုံ
ဆွမ်းစသော လှူဖွယ်ဝတ္ထု၊ ရဟန်း သံဃာတော် စသော အလှူခံ ပုဂ္ဂိုလ်များသည် နောက်နောက်ဘ၀၌ လိုက်၍ အကျိုးမပေးနိုင်ကြသော်လည်း စေတနာထက်သန်ကား ကူညီနိုင်ကြသည်။ သာမန် ရိုးရိုး ဆွမ်းလှူရသောအခါနှင့် အထူးတလည် ချက်ပြုတ်စီစဉ်လှူရသောအခါ ၂-မျိုးတွင် ရိုးရိုးဆွမ်းကို အာရုံပြုရသော စေတနာသည် လွန်စွာ ထက်သန်ခြင်းမရှိ။ အထူးတလည်စီစဉ်ချက်ပြုတ်အပ်သော ဆွမ်းကို အာရုံပြုရသော စေတနာကား လွန်စွာထက်သန်၏။ အလှူခံ ပုဂ္ဂိုလ်အတွက်လည်း တော်စွာလျော်စွာ အလှူခံကို လှူရသောအခါ စေတနာသည် သိပ်မထက်သန်လှ။ အလွန်မွန်မြတ်သော ပုဂ္ဂိုလ်ကို လှူရသောအခါ စေတနာသည် လွန်စွာထက်သန်၏။ ဤသို့လျှင် လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကလည်း စေတနာကို ထက်သန်အောင် မွန်မြတ်အောင် ကူညီနိုင်ကြသည်ဟု မှတ်ပါ။

နည်းနည်းအလှူနှင့် များများအလှူ
ပစ္စည်းနည်းနည်းကို လှူဖို့ရန်နှင့် ပစ္စည်းများများကို (ကြီးကြီးကျယ်ကျယ်) လှူဖို့ရန် အားထုတ်ရာ၌လည်း အားထုတ်မူ လုံ့လချင်း မတူကြချေ။ နည်းနည်းလှူဖို့ရန် အားထုတ်ရာ၌ တစ်ခဏနှင့် ကိစ္စပြီး၏။ များများလှူဖို့ အားထုတ်ရာ၌ကား အလှူဝတ္ထုများပြား ကြီးကျယ်သလောက် အချိန်ကြာ၏။ လှူဖို့ရန် ပစ္စည်းကို ရှာဖွေစုဆောင်းခိုက်မှာလည်း (မလှူမီ ရှေးအဖို့၌ ဗုဗ္ဗစေတနာတွေ) အတော်များစွာ ဖြစ်နေပြီ။ ထို့ကြောင့် နည်းနည်းအလှူနှင့် များများအလှူ ၂-မျိုး၌ ပုဗ္ဗစေတနာချင်း ယှဉ်ပြိုင်ကြည့်လျှင် များများအလှူက သာလွန်ကြောင်းသိသာပေ၏။ ပေးလှူနေတုန်းအခါမှာလည်း အများကြီး လှူနေရသူမှာ အာရုံက ကြီးကျယ်ခမ်းနားသလောက် စေတနာလည်း ခမ်းနားကြီးကျယ်နိုင်သည်။ ထို့ကြောင့် လှူနေတနုး မုဉ္စစေတနာ အခိုက်မှာလည်း အကြီးအကျယ် အများအပြား သားသားနားနား အလှူ၌သာ စေတနာထက်သန်ပုံ သာလွန်ဖွယ်ရှိပေသည်။ လှူဒါန်းပြီးနောက် ၀မ်းမြောက်ဝမ်းသာ အပရစေတနာ ဖြစ်ဖို့ရန်လည်း ကြီးကျယ်ခမ်းနားသော မိမိအလှူကြီးကို ပြန်၍မှန်းလိုက်လျှင် အင်မတန် ၀မ်းမြောက်ကြပေသည်။ ထို့ကြောင့် အပရစေတနာ အခိုက်မှာလည်း ကြီးကျယ်သော အလှူကို အာရုံပြုရသော စိတ်စေတနာကသာ၍ ထက်သန်တတ်လေသည်။ ဤကား အများဖြစ်ရိုးတည်း။

ကြီးကျယ်သလောက် ၀မ်းမမြောက်မူ စေတနာသာပဓာန
တချို့မှာကား လှူရတာများလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း သိပ်ကြီးဝမ်းမမြောက်လှ၊ စေတနာလည်း သိပ်ကြီး မထက်လှ။ အမှတ်တမဲ့ပင် လှူလိုက်ကြ၏။ ထိုသူတို့အတွက်မှာ လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာထက်သန်ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။ ဒုဋ္ဌဂါမဏိ အဘယမင်းသည် စုတေခါနီး၌ မဟာစေတီတော်ကြီးကို တည်ရသော ဒါနမူထက် စစ်ရူံးစဉ်က တောထဲ၌ ဆွမ်းတစ်ထပ်စာလှူခဲ့ဖူးသော ကုသိုလ်ကို သာ၍ ၀မ်းမြောက်ရကား ထိုဆွမ်းကုသိုလ်ကြောင့်ပင် တုသိတာ နတ်ပြည်သို့ ရောက်ရလေသည်။ အချုပ်မှာ အလှူဝတ္ထုထက် စေတနာထက်သန်မူကသာ၍ အရေးကြီးကြောင်း သတိပြုကြပါကုန်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Monday 22 October 2012

ဝါသနာဘာဂီ ဆက်တိုင်းမီ

မကောင်းသော အရာဌာန၌ ၀ါသနာဟူသည် ကိလေသာ၏ သတ္တိတည်း။ ကောင်းသော ဌာန၏ ၀ါသနာကား သမ္မာဆန္ဒပင်တည်း။ ထိုဝါသနာသည် သတ္တ၀ါတှို့၏ သန္တာန်၌ ဘ၀တိုင်းမှာ စွဲကပ်နေ၏။ ထို့ကြောင့် ရှေးကံအားလျော်စွာ ရာဂစရိုက် အားကြီးနေပါမူ ထိုရာဂအတွက် ယောက်ယက်ခတ်တတ်သော ၀ါသနာသည် စိတ်အစဉ်မှာ စွဲထုံနေရကား ထိုစရိုက်ဆိုးကို ယခုဘ၀၌ တရားသဖြင့် မနှိမ်ချိုးပါလျှင် ထိုဝါသနာ အထုံ စွဲကပ်၍ နောက်ဘ၀များသို့ လိုက်ပါသွားတတ်၏။ ဒေါသ မောဟ ၀ိတက်များလည်း ဤနည်းပင်တည်း။

ပညာစရိုက်ရှိသူလည်း စရိုက်အားလျော်စွာ အခွင့်သာသလောက် ကြိုးစားပါလျှင် ထိုပညာ၏ အထုံဝါသနာသည် မိမိ၌ စွဲကပ်လေရကား နောက်နောင်အခါ သံသရာတစ်လျှောက်လုံးပင် ပညာတုံးကြီးဖြစ်နေတတ်သည်။ ဘုရားဆုကိုပန်လျှင် ပညာဓိက၊ သာဝကဆုကို ပန်လျှင် ရှင်သာရိပုတ္တရာကဲ့သို့ ပညာဘက်၌ ဧတဒဂ်ရကြသည်မှာ ထိုဝါသနာဘာဂီက ဆက်တိုင်းမီနေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ယခုဘ၀၌ပင် မကောင်းသော ဒုစရိုက်များ မပျောက်၍ စရိုက်ကောင်း တစ်ခု အထမြောက်အောင် ထူထောင်ကြဖို့ အရေးကား စဉ်းစားတိုင်း ကြီးလေးကြသည်။

ရာဂစရိုက်ရှိသူသည် ရာဂနည်းပါးအောင် တွေ့ရာ အာရုံများ၌ အသုဘဟု ရူလေ့ရှိရမည်။ သို့မှသာ ရာဂအထုံ ပျောက်သွားပါလိမ့်မည်။ ဒေါသစရိုက်ရှိသူသည် ဒေါသနည်းပါးအောင် မေတ္တာတရားကို ကြိုးစားရလိမ့်မည်။ မေတ္တာဓာတ်သည် အအေးဓာတ်ဖြစ်၍ ဒေါသ၏ အပူဓာတ်ကို ငြိမ်းနိုင်သည်။ မောဟစရိုက်ရှိသူသည် မောဟနည်းပါးအောင် ပညာရှိထံ ချည်းကပ်၍ မေးမြန်းမည်။ အာနပါနကမ္မဋ္ဌာန်းကိုလည်း ပွားများရမည်။ အမေးအမြန်းများလျှင် အသိဉာဏ်တိုးပွား၍ မောဟအထုံကင်းသွားလိမ့်မည်။ သဒ္ဓါ ပညာ ဟူသော စရိုက်ကောင်းရှိသူကား မိမိမှာရှိနေသော ထိုစရိုက်များကို ၀မ်းသာအားရ သဘောကျပြီး တိုးပွားသည်ထက် တိုးပွားအောင် ကြိုးစားရမည်။

ဤမျှသော စကားအစဉ်ဖြင့် စရိုက်ဝါသနာ အကြောင်းများပြီးခဲ့ပြီ။ ဤသို့ ရေးသားရကြောင်း ကောင်းမူပဋိပတ် အကျင့်မြတ်ကြောင့် များစွာသော လူအပေါင်းတို့ စရိုက်ကောင်း ရကြပါစေ။ ငါ၏ အဖော်အပေါင်းဟူသမျှလည်း ယခုဘ၀ကစ၍ စရိုက်ကောင်း ရှိအောင် ကြိုးစား၍ စရိုက်ဆိုးများကို အစွမ်းကုန်ပယ်ရှားနိုင်ကြပါစေ။

စာပေပညာကို နေ့စဉ်ပို့ချရေးသားနေသော ငါ့အတွက်ကား အဖိုးတန်လှသော ပညာစရိုက်သည် ငါ၏သန္တာန်၌ သာမန်မက အမြုတေတမျှ ခိုင်မြဲတည်တံ့ပါစေ၊ ထိုပညာကြောင့်ပင် အမှန်အကန်ကိုသာ ယုံကြည်တတ်သော သဒ္ဓါစရိုက်လည်း အလွဲအမှားကို ပယ်ရှား၍ အဖြောင့်အမှန်ကိုသာ ယုံကြည်လေ့ရှိအောင် စွမ်းဆောင်နိုင်ပါစေ။

စရိုက်ဝါသနာ၊ ကြောင်းအရာကို၊ ကောင်းစွာရေးလတ်၊ ပဋိပတ်ကြောင့်၊ အမြတ်စရိုက်၊ လူတိုင်းဆိုက်၍၊ သိုက်မြိုက်ကြစေ၊ ငါ့အနေမူ၊ ဘဝေဘ၀၊ ဖြစ်သမျှ၌၊ ရာဂ ဒေါသ၊ မောဟ ၀ိတက်၊ စရိုက်တွက်ကြောင့်၊ ယောက်ယက်ခတ်ပျော်၊ လျှပ်ပေါ်ခြင်း၊ လော်လည်ကင်းလျက်၊ သန့်ရှင်းဝေဆာ၊ စေတနာနှင့်၊ သဒ္ဓါပြိုးပြက်၊ ဉာဏ်ရောင်လက်၍၊ ဆက်ဆက်မပြောင်း၊ ကောင်းထက်ကောင်းသား၊ အပေါင်းကြီးငယ်၊ အသွယ်သွယ်လည်း၊ ငါ့နှယ့်နည်းတူ၊ စရိုက်ဖြူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သော်ဝ်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

စရိုက်အကြောင်း

တင်ပြခဲ့ပြီးသော အကြောင်းများအရ စိတ်စေတသိက်တို့ ဖြစ်ပုံကို နားလည်လောက်ပြီ။ စိတ်ကောင်း စိတ်ဆိုး အမျိုးမျိုး ဖြစ်မူများ၌ ယခု တစ်ဘ၀နှင့်သာ သက်ဆိုင်သည် မဟုတ်သေး။ ရှေးရှေးဘ၀က အထုံဝါသနာနှင့်လည်း ဆိုင်သေး၏။ ရှေးရှေးဘ၀က အထုံကောင်း ပါလာသူသည် ယခုဘ၀၌ စိတ်ကောင်းရှိတတ်၏။ ရှေးရှေးဘ၀က အထုံဝါသနာဆိုး ပါလာသူသည် ယခုဘ၀၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခဲယဉ်းလှ၏။

ပညာရှိသူတော်ကောင်းနှင့် ပေါင်းမိ၍ “စိတ်ကို ပြင်ပါသည်”ဟု ဆိုသော်လည်း ပညာရှိ သူတော်ကောင်းနှင့် ဝေးနေရသောအခါ “မီးဝေးသောချိပ်”ပမာ စိတ်ကြမ်း စိတ်ယုတ်မာတွေသာ ပြန်၍ ဖြစ်တတ်၏။ ခွေးမြီးကောက်ကို ဖြောင့်လာအောင် ပြုပြင်သူသည် ၁၂-နှစ်လုံးလုံး ဆီဖြင့် နှူးကာ ကျည်တောက်ကို စွပ်ထားသော်လည်း ကျည်တောက်ကို ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက်ကောက်မြဲ ကောက်သကဲ့သို့ ဖြစ်လေသည်။

ခွေးသည် ကောင်းစွာ ကျွေးထားသဖြင့် အစာဝနေသော်လည်း ဖိနပ်စုတ်တွေက မစားနိုင်စေကာမူ နမ်းကြည့်ရမှ ကျေနပ်သကဲ့သို့ သန္ဓေဆိုးအထုံပါလာ၍ ၀ါသနာဓာတ်ခံ ညံ့ဖျင်းနေသူသည်လည်း ဆိုင်ရာ ပညာရှင် သူတော်စင်တို့က အထက်တန်းသို့ ရောက်အောင် မြှောက်တင်ထားသော်လည်း သူ၏ ယုတ်ညံ့သော ၀ါသနာမှာ မပျောက်နိုင်ဘဲ ရှိတတ်လေသည်။ ထို့ကြောင့် မိမိကိုယ်ကို ဖြစ်စေ၊ မိမိနှင့် စပ်ဆိုင်သူကို ဖြစ်စေ “မည်ကဲ့သို့ အထုံဝါသနာမျိုး ပါရှိခဲ့ပါလိမ့်မည်နည်း”ဟု စဉ်းစားတတ်ဖို့ရာ စရိုက်အကြောင်းအရာကို ရှေးဦးစွာ နားလည်သင့်ကြပေသည်။

စရိုက်
ပင်ကိုရိုးရာ သူတကာ ဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ်သော သဘောကို “စရိုက်”ဟု ခေါ်သည်။ ထိုစရိုက်သည် ရာဂ၊ ဒေါသ၊ မောဟ၊ သဒ္ဓါ၊ ဗုဒ္ဓိ၊ ၀ိတက်အားဖြင့် ၆-ပါးပြား၏။ (လောဘကို ရာဂဟုလည်းကောင်း၊ ဥာဏ်ပညာကို ဗုဒ္ဓိဟုလည်းကောင်း ခေါ်၏။ ဒေါသ စသည်မှာပြခဲ့သော စေတသိက်များတည်း။) (သတ္တ၀ါတစ်ယောက်၌ ထိုစရိုက် ၅-ပါးတွင် တစ်ပါးဖြစ်စေ၊ ၂-ပါး၊ ၃-ပါး စသည် ရောလျက်ဖြစ်စေ ဖြစ်လေ့ရှိ၏။)

အကဲခတ်နည်း
“ဤသူသည် မည်သည့် စရိုက်ရှိသူ ဖြစ်ပါလိမ့်မည်နည်း” ဟု အကဲခတ်ဖို့ရာ အသွား၊ အလာ၊ အနေ၊ အထိုင်ကိုလည်းကောင်း၊ သူကြိုက်တတ်သော အစာကိုလည်းကောင်း၊ အဖြစ်များသော တရားကိုလည်းကောင်း သတိပြု၍ ကြည့်ရူအကဲခတ်ရသည်။ ထိုစရိုက်အမျိုးမျိုးရှိသူတို့တွင် ရာဂနှင့် သဒ္ဓါ စရိုက်ရှိသူ၊ ဒေါသနှင့် ဗုဒ္ဓိစရိုက်ရှိသူ၊ မောဟနှင့် ၀ိတက်စရိုက်ရှိသူမှာ သွားလာနေထိုင် အလုပ်အကိုင် အစားအသောက်မှစ၍ သဘောတူတတ်ကြသည်။

ရာဂစရိုက်နှင့် သဒ္ဓါစရိုက်
ရာဂစရိုက်နှင့် သဒ္ဓါစရိုက်ရှိသူ ၂-ဦးလုံးပင် အသွားအလာ အနေအထိုင် ယဉ်ကျေး၏။ အ၀တ်ဖွပ်မူ၊ တံမြက်လှည်းမူ စသော အလုပ်တို့၌ သေသေသပ်သပ် ရှိ၏။ ချိုဆိမ့် မွှေးကြိုင် ပျံ့လိုင် နူးညံ့သော အစားအသောက် အသုံးအဆောင်ကို နှစ်သက်၏။ ထို ၂-ယောက်တို့ ထူးခြားပုံကား - ရာဂစရိုက်ရှိသူသည် ကာမဂုဏ်အာရုံများကို မခွဲနိုင် မခွာရက်နိုင်အောင် စွဲမက်တတ်၏။ ပရိယာယ် မာယာများ၏။ ကောက်ကျစ်စဉ်းလဲမူ သာဋ္ဌေယျပေါ၏။ မာန လောဘကြီး၏။ သဒ္ဓါစရိုက် ရှိသူကား မာယာသာဋ္ဌေယျနှင့် မာနလောဘတို့ မကြီးမားဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိ၏။ ၀တ်ကျောင်း ဘုရား သံဃာများကို ၀တ်တွား ဆည်းကပ်လေးမြတ် ပူဇော်ကာ တရားနာလေ့ရှိသည်။ (သွားမူ၊ ရပ်မူ၊ ထိုင်မူ၊ လျောင်းမူ ဤ ၄-ပါးကို “ဣရိယာပုတ်”ဟု ခေါ်၏။ ဤ ၄-ပါးကို လင်္ကာ၌ “ယာပိုထ်လေးထွေ” စပ်ဆိုထားသည်။)

ဆောင်။ ။ရာဂစရိုက်၊ ရှိသူ၌ကား၊ ယာပိုထ်လေးထွေ၊ ယဉ်ကျေးလေ၏။ ထွေထွေကိစ္စ၊ ပြုသမျှလည်း၊ ကျနစေလတ်၊ လွန်သေသပ်ရှင့်၊ လေးမြတ်ဖွယ်ရေး၊ ဘောဇဉ်ရွေးက၊ ချို၊ မွှေး၊ ဆိမ့်၊ အိမ့်၊ လွန်နှစ်သိမ့်သတဲ့၊ မစိမ့်လောက်တုံ၊ ကာမဂုဏ်ကြောင့်၊ အာရုံစွဲကာ၊ ခွဲမခွာတည်း၊ မာယာဗရပွ၊ သာဋ္ဌေယျနှင့်၊ မာနဖိစီး၊ အလိုကြီး၏၊ ထိုနည်းသဒ္ဓါ၊ စရိုက်မှာမူ၊ မာယာစသော့၊ ပြစ်မနှောဘဲ၊ သာမောရွှင်လန်း၊ လှူပေးကမ်းလျက်၊ ရဟန်းတော်ပေါင်း၊ ထေရ်ရှင်ကောင်းနှင့်၊ ၀တ်ကျောင်းဘုရား၊ မြတ်တရားကို၊ မှတ်သားနာယူ၊ လွန်ကြည်ဖြူသည်။ ဤသူမွန်မြတ်ပေတကား။

ဒေါသစရိုက်ရှိသူနှင့် ဗုဒ္ဓိစရိုက်ရှိသူ

စရိုက် ၂-မျိုးလုံး ရုန့်ရင်းကြမ်းတမ်းသော အသွားအလာအနေအထိုင်ရှိ၏။ အ၀တ်ဖွပ်မူ၊ တံမြက်လှည်းမူ စသောကိစ္စ ကျကျနန သေသေသပ်သပ်မရှိ။ အချဉ်၊ အငန်၊ အစပ်၊ အခါး၊ စူးရှသော အရသာများကို နှစ်သက်တတ်၏။ မကောင်းသော အဆင်းအသံ စသည်နှင့် တွေ့ကြုံလျှင် သည်းခံအောင့်အည်း၍ ချုပ်တည်းခြင်းမရှိဘဲ ဆဲဆို ငေါက်ငမ်း ကြမ်းတမ်းစိတ်တို၏။ ဤသို့ ဒေါသနှင့် ပညာစရိုက်တို့ ဖြစ်ပုံခြင်း တူသောကြောင့် ထိုစရိုက်ရှိသူတို့သည် (မိမိစိတ်ကို မပြင်သေးသမျှ) ဆဲဆိုငေါက်ငမ်း ကြမ်းတမ်း နေကြသည်မှာ ဓမ္မတာကဲ့သို့ ဖြစ်လေသည်။

ထိုသူ ၂-မျိုးတို့ ကွဲလွဲပုံကား - ဒေါသစရိုက်ရှိသူ၌ ရန်ငြိုးဖွဲ့မူ အာဃာတ၊ ငြူစူမူ ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယ၊ သူတစ်ပါး ဂုဏ်ကို ဖျက်ဆီးလိုခြင်း မက္ခ၊ ဂုဏ်တု ဂုဏ်ပြိုင်ပြုခြင်း ပဠာသ၊ အဆုံးအမခက်ခြင်း ဒုဗ္ဗစတရားတို့ ဖြစ်ပွားလေ့ရှိ၏။ ဗုဒ္ဓိစရိုက်ရှိသူ၌ကား ရန်ငြိုးဖွဲ့ခြင်းစသော တရားတို့မရှိ။ ဆိုဆုံးမလွယ်၏။ စားဖွယ်သောက်ဖွယ်ဟူသမျှ၌ နှိုင်းနှိုင်းချိန်ချိန် ပြုလေ့ရှိ၏။ နောင်ရေး နောင်တာ သံသရာအတွက် သတိပညာဖြင့် ကောင်းစွာ မြော်မြင်လေ့ရှိရကား ပါရမီ ကုသိုလ်များကို ကြိုးစားလေ့ရှိသည်။

ဆောင်။ ။ဒေါသစရိုက်၊ ရှိသူ၌ကား၊ ယာပိုထ်လေးထွေ၊ ကြမ်းတမ်းလေ၏။ ထွေထွေကိစ္စ၊ ပြုသမျှလည်း၊ ကျနမဖွယ်၊ မတင့်တယ်လည်း၊ စားဖွယ်ငန်၊ ချဉ်၊ စပ်ခါးမင်၏၊ ငါးအင်အာရုံ၊ မဖွယ်ကြုံလျှင်၊ ယမ်းပုံမီးကျ၊ စိတ်တိုလျ၍၊ ကောဓထန်သည်း၊ ရန်ငြိုးကြီးလျက်၊ ဖိစီးဣဿာ၊ မစ္ဆေရာနှင့်၊ မက္ခာပဠာသ၊ ဒုဗ္ဗစတို့၊ မုချဆစ်ပွား၊ အပြစ်များ၏၊ တရားပညာ၊ စရိုက်မှာမူ၊ ရှေ့လာအားလုံး၊ နည်းတူသုံးလည်း၊ လုံးလုံးကောဓ၊ စသည်ဆိတ်ကွယ်၊ ဆုံးမလွယ်၏၊ စားဖွယ်ကသိုဏ်း၊ တွေ့ကြုံတိုင်းလည်း၊ နှိုင်းနှိုင်းချိန်ချိန်၊ သုခမိန်တည်း၊ ကြိမ်ကြိမ် နောင်လာ၊ သံသရာကို၊ ပညာသတိ၊ မြော်ခေါ်ညှိ၍၊ ဂတိနောင်လျှင်၊ ကောင်းအောင်ပြင်သည်၊ လူတွင်သူမြတ်ပေတကား။

မောဟနှင့် ၀ိတက်စရိုက်ရှိသူ
မောဟ စရိုက်ရှိသူသည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ရှိ၏။ ကိစ္စအထွေထွေလည်း ပွေပွေလိမ်လိမ်ရှိ၏။ ဘယ်အစာ နှစ်သက်၏ဟု အမြဲမရှိ။ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြား၍မသိ။ သူများ ချီးမွမ်းအပ်သူကို မိမိလည်း လိုက်၍ ချီးမွမ်းတတ်၏။ သူများ ကဲ့ရဲ့အပ်သူကိုလည်း လိုက်၍ ကဲ့ရဲကတတ်၏။ သတိပညာကင်း၍ ထိုင်းမိုင်းခြင်း ထိနမိဒ္ဓ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စတို့နှင့်သာ ကာလကုန်ရလေသည်။

ဝိတက်စရိုက်ရှိသူလည်း မောဟသမားနှင့် ထူးမခြားနားပင်။ ထိုထိုကိစ္စ၌ စကားပေါလျက် ကိစ္စမချောဘဲ မျောနေသည်သာများ၏။ ကောင်းသော လုပ်ငန်း၌မူ အစွမ်းအစမရှိဘဲ ပျင်းရိတတ်၏။ မိမိကဲ့သို့ လူ့ပေါက်ပန်း လူပေါ်ကြော့တို့နှင့် ပျော်မွေ့ရာ ထွေရာလေးပါး အကြံများလျက် လူအား လူပိုသာ ဖြစ်သည်။

ဆောင်။ ။မောဟ စရိုက်၊ ရှိသူ၌ကား၊ ယာပိုထ်လေးထွေ၊ ရူပ်ပွေပွေနှင့်၊ ထွေထွေကိစ္စ၊ ရူပ်ထွေးစွတည်း၊ အာဟာရအရာ၊ စားသောက်ပါလည်း၊ ဘယ်ဟာမိမိ၊ မြဲမရှိခဲ့၊ ကိုယ်၏အစွမ်း၊ စုံထောက်လှမ်း၍၊ အဆန်းအရိုး၊ ကြောင်းအကျိုးဟု၊ ကောင်းဆိုးယုတ်မြတ်၊ မသိတတ်သဖြင့်၊ အရပ်ရပ်မှာ၊ နောက်လိုက်သာတည်း၊ ပညာသတိ၊ ကင်းကွာဘိ၍၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စနှင့်၊ ကာလကုန်ဆုံး၊ အချိန်ဖြုန်း၏၊ ထုံးနည်းမခြား၊ ၀ိတက်များလည်း၊ စကားတွေပေါ၊ ကိစ္စမျောလျက်၊ ကောင်းသောလုပ်ငန်း၊ ကုသိုလ်လမ်းမူ၊ အစွမ်းမရှိ၊ ပျင်းရိရိတည်း၊ မိမိတို့တန်း၊ လူ့ပေါက်ပန်းနှင့် ရောပြွမ်းပျော်ပါး၊ အကြံများသည်၊ လူအားလူပိုတွေတကား။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

စရိုက်ဖြစ်ခြင်း၏ အကြောင်းရင်း

“လူချင်းတူပါလျက် အဘယ်ကြောင့် စရိုက်အမျိုးမျိုး ကွဲပြားကြပါလိမ့်နည်း”ဟု စဉ်းစားဖွယ်ရှိ၏။ ရှေးရှေးဘ၀ ကုသိုလ်ကံပြုစဉ်က ဘ၀စည်းစိမ်ကို လိုလားတောင့်တသော လောဘခြံရံ၍ ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာဘ၀၌ ရာဂစရိုက် ရှိတတ်၏။ ဒေါသခြံရံ၍ ပြုခဲ့လျှင် ဒေါသစရိုက် ရှိတတ်၏။ အသိဉာဏ်နည်းပါးလျက် မောဟကြီးစွာ ပြုခဲ့လျှင် မောဟစရိုက် ရှိတတ်သည်။ ပညာဖြင့်လည်းကောင်း၊ ပညာကြီးဖို့ရန် ဆုပန်၍လည်းကောင်း ပညာရေးဆိုင်ရာ ကုသိုလ်များပြုခဲ့လျှင် ထိုကံအကျိုးပေးရာ ဘ၀၀ယ် ဗုဒ္ဓိစရိုက် ရှိတတ်၏။ သဒ္ဓါထက်သန်စွာ ပြုခဲ့လျှင် သဒ္ဓါစရိုက်ရှိတတ်၏။ ကာမ၀ိတက် စသော မကောင်းသော အကြံခြံရံလျက် ကံပြုခဲ့လျှင် ၀ိတက်စရိုက် ရှိတတ်၏။ ဤသို့လျှင် စရိုက်အမျိုးမျိုး ကွဲပြားကြောင်းမှာ ရှေးကံသာ ပဓာနဖြစ်၍ နောက်နောက်ဘ၀တို့၌ မကောင်းသော စရိုက်များ မပါအောင် သဒ္ဓါ ပညာ ခြံရံလျက် ထက်သန်သော ကောင်းမူများကိုသာ တည်ထောင် အားထုတ်သင့်ကြပေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Sunday 21 October 2012

မာနနဲ့အပြိုင်


အခုတစ်လော ကျွန်မရဲ့စိတ်တွေ အတော်လေးကို ရူပ်ထွေးလို့နေပါတယ်။

မနက်စောစော အိပ်ရာထထချင်း အသက်ရူရတာ ကျဉ်းကျပ်သလိုဖြစ်နေတာကြောင့် အိမ်ရဲ့ဝရန်တာကနေ အပြင်ကို လှမ်းကြည့်ရင်း တိုက်ခတ်လာသော လေပြေအေးအေးလေးကို အ၀ရူရိုက်လိုက်မိတယ်။

ခဏအကြာမှာတော့ ကျွန်မတစ်ယောက် အလုပ်သို့သွားရန် ရေးမိုးချိုးပြင်ဆင်နေခိုက် မီးဖိုချောင်ထဲမှ အသံတစ်ခုကို ရုတ်တရက်ဆိုသလို ကြားလိုက်ရသည်။

“ဂလုန်-ဂလုန်။”ဟူသော အသံပင်...

ကျွန်မလည်း အမြန်သွားကြည့်လိုက်တော့ ထမင်းချိုင့်များမှာ ပျံ့ကြဲ၍နေသည်ကို တွေ့လိုက်ရတယ်။

ထိုစဉ်မှာပင် စိတ်တိုတိုနှင့် ဟာ…

“အစ်မကလည်းနော် ပြောကိုမပြောချင်ပါဘူး… လုပ်လိုက်ရင်အဲ့လိုဘဲ… အရာရာနဲ့ အကြောင်းကြောင်း” ဆိုပြီး အစ်မဖြစ်သူအား အပြစ်ပြောနေသော ညီမဖြစ်သူရဲ့အသံပင် ဖြစ်သည်။

သို့ပေမယ့်… ကျွန်မပြောသောအသံကိုတော့ အစ်မဖြစ်သူက ကောင်းကောင်းပင် ကြားဟန်ပင်မတူ။

မသိသလိုနှင့် ကျွန်မကို လှမ်းကြည့်နေပြန်၍ ကျွန်မပိုလို့တောင် ဒေါသထွက်သွားရပါသည်။

“အစ်မကလည်းကွာ အဲ့ဒါ… ညီမ ခဏနေရင် အလုပ်ကိုယူဖို့ထည်ထားတဲ့ ထမင်းချိုင့်လေ”

စိတ်တိုတိုနှင့် ပြောလိုက်သော်လည်း အစ်မအကြည့်ကတော့ဖြင့် အလွန်အေးချမ်းနေပြီး ခန္တီပါရမီအပြည့်ဖြင့် တရားသမားပုံစံနှင့်ပင်။

ဒါနဲ့… “ထမင်းတွေဖိတ်ကုန်ပြီ ချိုင့်ပြန်ဆေးပြီး ပြန်ထည့်လိုက်”လို့အော်ကာ ကမန်းကတန်းပင် အခန်းထဲသို့ ပြန်ဝင်သွားလိုက်တယ်။

အစ်မဖြစ်သူမှာ ကျွန်မကိုမမွေးခင်က အဖေအမေတို့က မွေးစားထားခြင်းဖြစ်သည်ဟု သိလိုက်ရတဲ့အချိန်မှစပြီး အစ်မအပေါ်မှာ ကျွန်မဘယ်လိုနည်းနဲ့မှကို အမြင်မကြည်နိုင် ဘာလို့လဲဆိုတော့ အဖေနဲ့ အမေတို့က အစ်မကို သိပ်ချစ်ကြတယ်လေ။

နဂိုကတည်းက ကျွန်မက အဖေအမေရဲ့ ချစ်ခင်ယုယမူတွေကို တစ်ယောက်တည်း ခံယူချင်ခဲ့တာလေ။

လူတိုင်ထက်အသာရမှ လူတိုင်းထက်ပိုရမှ အဲဒါတွေက ကျွန်မရဲ့ မွေးရာပါ မာန...

ငယ်စဉ်ကတည်းက ကျောင်းတက်ရင်လည်း တော်ရုံတန်ရုံလူဆိုရင် ကျွန်မက အခေါ်အပြောလုပ်သည်မဟုတ်။

ကျောင်းတက် ကျောင်းဆင်း ကျွန်မကိုယ်ပိုင်ကားနှင့်သွားရမှ တစ်ခါတစ်ရံ အိမ်ကကားမအားတာကြောင့် လိုင်းကားနှင့် သွားခိုင်းလျှင် အဲဒီနေ့အတွက် ကျွန်မအတန်းမတက်တော့။

ကျွန်မလိုလူက သူငယ်ချင်းတွေနဲ့အတူ ဒီလိုတိုးဝှေ့စီးနေကြသော လိုင်းကားလောက်ကို တိုးစီးရမည်ဆိုလျှင် ကျွန်မရဲ့ မာနတွေ ထိခိုက်ပွန်းပဲ့သွားတော့မည် မဟုတ်ပါလား။

ငယ်စဉ်ကတည်းက မိဘတွေက အလိုလိုက်ခဲ့လို့လားမသိပါ။

ဘယ်လိုအသုံးအဆောင် ဘယ်လိုအရာမဆို သူများထက်သာရမှ လိုချင်တာကိုမှ ချက်ခြင်းမရရင်တော့ တစ်နေကုန်ဆန္ဒပြတက်တာ ကျွန်မအကျင့်။

ဝယ်ပေးရုံနှင့်မပြီးသေး သူများထက်သာမှ သူများထက်ကောင်းမှ ကျေနပ်တာ...

တစ်ချို့ကတော့ ကျွန်မကိုမြင်လိုက်ရင် .....

“ဟင်း... ဖြစ်နေလိုက်တာ ဒီမိန်းမ ဘယ်လောက်များချမ်းသာနေလို့လဲ ရုပ်ကိုက တစ်လောကလုံးက သူ့ထမင်းစားနေတဲ့ရုပ်”

အဲဒီအတွက် ဘယ်အရာမျိုးကမှ သူများထက် နိမ့်ကျလို့မဖြစ် မဟုတ်ရင် လူအများကြားထဲမှာ ကျွန်မရဲ့ သူဋ္ဌေးသမီးဆိုတဲ့ မာနကြီးကို ထိခိုက်တော့မည်ပင်။

အများကတော့ ကျွန်မကို မာနသိပ်ကြီးတဲ့သူတဲ့လေ။

မာနဆိုတာကို ဘာမှန်းသေချာအောင် ကျွန်မမသိပေမယ့်လည်း ကျွန်မထက် ဆင်းရဲချို့တဲ့သူ ကျွန်မနှင့် တန်းတူမဟုတ်သူတွေကို ကျွန်မက ခေါ်ချင်ပြောချင်တာမဟုတ်။

သူတို့တွေ ဘယ်လိုပဲ မာနကြီးတယ်လို့ ဆိုစေငြား ဒါက ကျွန်မရဲ့ မွေးရာပါစိတ် ကျွန်မစတိုင်ပဲလေ။

အစ်မကနားကသိပ်မကြား မျက်စိကမှုံနေသော်လည်း မိဘများကွယ်လွန်ပြီးကတည်းက ညီမဖြစ်သူကို အမကြီးအမိရာဆိုသလို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်မှာ ယခု ညီမဖြစ်သူမှာ ကိုယ့်အိမ်ထောင်နှင့် သမီးတစ်ယောက်ရသည်ပင်ဖြစ်သော်လည်း ညီမဖြစ်သူနှင့်အတူ အစ်မကစိတ်မချဟုဆိုကာ အိမ်တွင် လာနေနေခြင်းဖြစ်သည်။

“အစ်မရေ-အစ်မ….”

ညီမဖြစ်သူရဲ့ ခေါ်သံကြားသောကြောင့် “ညီမလေးရယ် အလန့်တကြားနဲ့ ဘာဖြစ်လာရပြန်တာလဲ” ဟု… အစ်မက ဂရုဏာသက်စွာဖြင့် ပြန်လည်မေးလိုက်ရာ...

“ဘာဖြစ်ရမလဲ… မနက်ကညီမ သိမ်းထားခဲ့တဲ့ မုန့်တွေ ဘယ်ရောက်သွားတာလည်း အစ်မရ”

“ညီမ အရမ်းစားချင်လွန်းလို သေချာဝယ်လာပြီးမှ သေချာ သိမ်းထားခဲ့တဲ့ဟာကို”

“အော်... ညီမလေးရယ် မနက်ကမမမသိလို့ ဘုန်းကြီးလူလိုက်မိပါတယ်”

“နောက်တစ်ခါ အဲ့မုန့်ဆိုင်ဘက်ရောက်တော့ ဆိုင်ကနေ ပြန်ဝယ်လာလိုက်ပေါ့ကွယ်”

“ဟာ… အစ်မကလည်း ကုသိုလ်ဆိုတာက နောင်ဘ၀မှ စားချင်တာကအခု အစ်မရာတစ်ခြားဟာနဲ့လည်း ကုသိုလ်လုပ်ရပါတယ်”

“တော်ပြီ... မပြောချင်တော့ဘူး... နေရာတကာကိုပါတယ် အစ်မရာ လှူပြီးသားလည်း အလကားဖြစ်တယ် အစ်မရဲ့” ဟုဆိုကာ ဒေါနဲ့မောနဲ့ အခန်းထဲဝင်သွားတော့တယ်။

ဒီလိုနဲ့ နောက်တစ်နေ့မှာတော့ ကျွန်မတို့ရုံးမှာ ၀န်းထမ်းအသစ်ကြိုဆိုပွဲ ပါတီပွဲရှိတယ်လေ။

အစ်မဖြစ်သူထံမှာ အဖေအမေတို့ အပ်ထားခဲ့တဲ့ စိန်နားကပ်၊ လက်စွပ်၊ ဆွဲကြိုး တွေရှိတယ်။

အစ်မဖြစ်သူကို မွေးစားသမီးမှန်း စသိခဲ့ချိန်ကတည်းက ဘယ်တုန်းကမှ အစ်မအပေါ် ချိုချိုသာသာနှင့် မပြောခဲ့ဖူး။

မွေးစားထားတာပဲလေ ကျွန်မက သမီးအရင်ဆိုတဲ့ အသိစိတ်တစ်ခုနဲ့ အစ်မအပေါ်အမြဲတမ်း ဘယ်တုန်းကမှ အောက်ကျခံခဲ့သည်မဟုတ် သိတယ်မဟုတ်လား ကျွန်မက ငယ်စဉ်ကတည်းက မာနကို ကိုးကွယ်ခဲ့ပြီးမှ “မာနနဲ့အပြိုင်” ကြီးပြင်းလာခဲ့တဲ့သူလေ။

တစ်ကယ်တော့ မိဘအမွေပစ္စည်းတွေကို အဖေအမေတို့က ခွဲဝေပေးခဲ့သော်လည်း အစ်မက ညီမအကြောင်းသိနေတာကြောင့် ကုန်သွားမည်ဆိုးသဖြင့် အကုန်လုံးကို သိမ်းထားလိုက်တာ။

ဒါပေမယ့် ကျွန်မ တစ်ခါက ငွေတအားအသုံးလိုတာကြောင့် စိန်နားကပ်တစ်ရံ အစ်မဆီကယူပြီး ရောင်းစားလိုက်တာ ကုန်ပါလေရော။

အဲ့ဒီနောက်ပိုင်းတော့ ကျွန်မတောင်းလိုက်ရင် အစ်မက ဘယ်တော့မှ မပေးတော့ဖူး။

ကျွန်မပိုင်တဲ့ပစ္စည်းကို ကျွန်မရောင်းစားတာ သူနဲ့ ဘာဆိုင်လို့လဲ သူ့ပစ္စည်းယူသုံးတာလည်းမဟုတ် ရာရာစစ မုန်းချင်စရာကြီးပါ။

အဲ့ဒါတွေအတွက်ကြောင့်လည်း အစ်မကို ကျွန်မပိုလို့ အမြင်မကြည် ပိုလို့ မုန်းမိတယ်။

အခုလည်း ကျွန်မရဲ့ လက်ဝတ်ရတနာတွေကို ပါတီတက်ရင် ၀တ်ဖို့ ကျွန်မလိုချင်တယ်။

ဒါပေမယ့် ဘယ်တုန်းကမှ အောက်ကျမခံ မာနကြီးခဲ့တဲ့ကျွန်မ ဒီမွေးစားအစ်မဆီမှာတော့ အောက်ကျခံပြီး လက်ဝါးဖြန့်ကာ မျက်လွှာလေးအောက်ချပြီးမှ တောင်းရမ်း ငှားရမ်းပြီး ၀တ်မည်မဟုတ်။

မဖြစ်ဖြစ်တဲ့နည်းနဲ့တော့ ရအောင်ကို ယူရမယ်....

ကျွန်မစိတ်တွေ နည်းလမ်းများ ရလို့ရငြား အတွေးနယ်ချဲ့နေစဉ်မှာပဲ....

“ညီမရေ-ညီမ”...

ဟုတ်ပြီ… အစ်မအသံကြားလိုက်တာနဲ့ အကြံက ချက်ခြင်းပဲ ဒိုင်းကနဲ ခုန်ထွက်လာလိုက်တာ…

ဒီနေ့က ဥပုသ်နေ့လည်းဖြစ်တာကြောင့် အစ်မဖြစ်သူအား ဘုရားသို့ ဥပုသ်စောင့်ရန်ပို့ပေးပြီး အိမ်ကို အမြန်ဆုံး သုတ်ခြေတင်ပြီးမှ ပြန်လာခဲ့ပါတော့တယ်။

ညနေဘက်ကျရင် ပါတီတက်ဖို့အတွက် အိမ်ရောက်တော့ အစ်မဖြစ်သူရဲ့ အခန်းကို စတင်ပြီး အသကုန် မွှေနှောက်ရှာဖွေပါတော့တယ်။

အရမ်းကို အသိမ်းအထုပ်သေချာသော အစ်မ ဒီမိန်းမ သော့ကို အရင်နေရာမှာမထားပဲ... ဘယ်နားများပြောင်းပြီး သိမ်းလိုက်ပြန်လဲမသိဖူး။

“တောက်.... ” တောက်တစ်ချက်ခပ်ပြင်းပြင်း ခေါက်ပစ်လိုက်မိတယ်။

“ဟော… ဟားဟား တွေ့ပြီး ဒီမှာ မီးခံသေတ္တာသော့ နဂိုကတည်းက အရမ်းမေ့တက်တဲ့ အစ်မ မီးခံသေတ္တာသော့ကို သေချာသိမ်းဖို့ မေ့နေတယ်ထင့်ပါ့”

“အောင်ပြီဟေ့... အောင်ပြီဟေ့ ငါကွ” ဟု ၀မ်းသာအားရနှင့် ပါးစပ်မှလည်း သီချင်းလေးကို ညဉ်းဆိုလိုက်ရင်း...

“ဒါကတော့ ငါ့ကုသိုလ်ကံပဲလေ ဘယ်တက်နိုင်မလဲ သူတော်ကောင်းမကြီးရေ...”

“ဥပုသ်စောင့်လိုက်ပါအုံး ပြန်လာမှ ၀မ်းနည်းပြီး ငိုနေတော့မယ်ထင် ဟားဟား…”

ဒီလောက် တစ်ချိန်လုံး သော့ကို ကျစ်ကျစ်ပါအောင် ဖွတ်နေတဲ့အစ်မ ဒီတစ်ခါတော့ ငါ့လက်ချက်မိပြီမှတ်။

တစ်ယောက်ထဲ ၀မ်းသာအားရနဲ့ ခုန်ပေါက်နေခိုက်  “အမေရေ-အမေရေ” ဆိုတဲ့ သမီးဖြစ်သူရဲ့ အော်ဟစ်သံကိုကြားလိုက်ရတယ်။

“အမေ-အမေ ဘာတွေလုပ်နေလဲ သမီးလေ ဒီနေ့ ကျောင်းမှာ ပွဲရှိတယ်လေ.. အဲ့ဒါ သူငယ်ချင်းတွေက ဆွဲကြိုးနားကပ်တွေနဲ့ ကြွားနေလိုက်ကြတာ အမေ”

“သမီးမှာတော့ ဘာမှလည်းမ၀တ်ရဖူး သမီးကိုလည်းပြောကြတယ် ရုပ်ကိုက မာနကြီးတဲ့ရုပ်နဲ့ ဘာမှလည်းရှိတာမဟုတ်ဖူးတဲ့”

“အဲ့ဒါ သမီးမာနကို တအားထိခိုက်တယ် မေမေရဲ့... မေမေသမီးကိုလည်း သူတို့လိုမျိုး လက်ဝတ်ရတနာ လှလှလေးတွေ လိုချင်တာကို မေမေ၀ယ်ပေးမယ် မဟုတ်လား...မေမေ”

အမေဖြစ်သူကတော့...

“မေမေ့... သမီးဘာမှ အားမငယ်နဲ့ မေမေ ဒီနေ့သမီးကို အကုန်ဆင်ပေးမယ် သမီးလေး”

“မေမေက ငယ်ငယ်ကတည်းက သူများဆီဘယ်တော့မှ အောက်မကျို့ခဲ့သလို သူများထက်ဘယ်တော့မှ အောက်မကျခဲ့ဖူး ကိုယ်ပိုင်ကားမဟုတ်တောင် ကျောင်းသွားတာမဟုတ်ဖူး သမီးရဲ့”

“မေမေ့သမီးလေးကိုလည်း မေမေ့လိုပဲဖြစ်စေရမယ် မဟုတ်ရင် ရာဇ၀င်ရိုင်းသွားလိမ့်မယ်... ”

“မေ့မေ့သမီးလေး သူများကြားမှာ ဘယ်တော့မှ မျက်နှာမငယ်စေရဖူးသမီး ဟုတ်ပြီလား”

“ဟေး .... ဒါမှ သမီးရဲ့မေမေ ဒါနဲ့ မေမေက သမီးကို ဘယ်ကနေဘယ်လိုဝယ်ပေးမှာလဲ မေမေ…”

“သမီးကလည်း ဒါက မေမေကြည့်စီစဉ်လိုက်မှာပေါ့… သမီးဘာမှပူစရာမလိုဖူး သမီးဝတ်ဖို့သာ အဆင်သင့်ပြင်ထားလိုက်ပေတော့”

“ကဲ... ဟချလောင်း ဒီမှာကြည့်လိုက်စမ်း ချစ်သမီးလေးရေ... ”

“ဟင်... မေမေ အဲ့ဒါကဘာသော့ကြီးတုန်း သမီးလိုချင်တာ သော့မှမဟုတ်တာ မေမေရဲ့...”

“အော်... သမီးလေးကလည်း လာမှာပေါ့ သမီးလေးလိုချင်တာတွေကို ဖြည့်ဆည်းပေးမယ့် သော့ကလေးပေါ့”

“ဒီမယ်ဒီမယ် မီးခံသေတ္တာသော့ရလို့ ၀မ်းသာအားရနဲ့ မီးခံသေတ္တာကိုဖွင့်လိုက်တော့...”

“သမီးဖြစ်သူက အမေရယ် အရမ်းလှလိုက်တာနော်”

“အင်းလေ… ဒါနင့် အဖိုးအဖွားတွေပေးခဲ့တဲ့ အမွေပစ္စည်းတွေဘဲ… စိန်အစစ်တွေလေ သမီးရဲ့”

“မိဘတွေဆုံးသွားတော့ နင့်အဒေါ်ကို့ အမွေခွဲပေးပြီး သိမ်းခိုင်းထားခဲ့တာလေ”

“သမီး… နင့်အဒေါ်သာ တစ်ခုခုဖြစ် ဆုံးသွားခဲ့ရင် အမေတို့တော့ အကုန်ပိုင်ပြီသိလား”

“ဒါကြောင့်… အမေဟာ ဒီအိမ်မှာ သမီးအဒေါ်ကို ခေါ်တင်ပြီး နေနေတာပေါ့”

“အားပါးပါး… ဒို့အမေကတော့ အကြံပိုင်တယ်တော်လိုက်တာနော်”

“ဒါပေါ့သမီးရဲ့ လူ့ဘ၀မှာ မာနကအရေးကြီးသလို မာနဆိုတာဖြစ်လာဖို့အတွက် ဒီလိုဟာလေးတွေကလည်း အရေးကြီးတယ်ဆိုတာ သမီးမြဲမြဲမှတ်ထားကြားလား”

ထိုသို့ပြောရင်း ပါတီပွဲသွားရန်ပြင်ဆင်နေသော အမေဖြစ်သူအား သမီးဖြစ်သူကပင် ချီးမွမ်းခမ်းဖွင့်နေပါသေးတယ်။

မကြာခင်မှာပင် ပြင်ဆင်ပြီးသွားတာနဲ့ အမေဖြစ်သူ အပြင်သို့ ထွက်သွားလိုက်တော့သည်။

သမီးဖြစ်သူမှာတော့ အမေလုပ်သူ၏ မကောင်းမွန်သော စိတ်ဓာတ်ကိုပင် အဟုတ်ထင်နေမိတော့သည်။

မကြာခင် ညနေစောင်းတော့ ဒေါ်လေးဖြစ်သူ ဥပုသ်ကျောင်းမှ ပြန်ရောက်လာပါတော့တယ်။

“ညီမလေးရေ- တူမလေးရေ” အော် တစ်ယောက်မှလည်း မထူးကြ အသံလည်းမကြားကြပါလား။

ဒီလိုနဲ့ အခန်းတံခါးဖွင့်ကြည့်လိုက်တော့ အခန်းထဲမှာ အိပ်မောကျနေသူက တူမလေး...

“အော်... ဒီကလေးမလေးနှယ့် စောင်းလည်းမခြုံ အိပ်နေလိုက်တာ ဟိုတစ်ယောက်ကလည်း ကိုယ့်သားသမီးကို တစ်ယောက်ထဲပစ်ပြီး ဘယ်သဝေထိုးနေပြန်လဲ မသိ”

“အင်း... ငါလည်းအခုမှ ဥပုသ်ကျောင်းကပြန်လာတယ် ဒေါသမထွက်ချင်တော့ပါဖူး”

တစ်ယောက်ထဲ အသံတိတ် တီးတိုးရေရွတ်ရင်း တူမလေးကို စောင်ခြုံပေးကာ မိမိအခန်းသို့ ၀င်ခဲ့ပါတော့တယ်။

ဒေါ်လေးဖြစ်သူမှာ သူ၏အခန်းကိုပြန်ရောက်သည့်တိုင်အောင် ဥပုသ်ကျောင်းမှပြန်လာတာကြောင့် သူ၏မီးခံသေတ္တာကိုပင် သတိထားမိဟန်မတူချေ။

ဒီလိုနဲ့မိုးချုပ်တော့ မိခင်ဖြစ်သူမှာ စားသောက်ထားသောအရှိန်ကြောင် မှုးမှုးယိုင်တိုင်တိုင်နှင့် လှေကားပေါ်သို့ တက်လာသံကိုကြားလိုက်တာကြောင့် သမီးဖြစ်သူမှာ ရုတ်တရက်အိပ်နေရာမှ အပြင်သို့ထွက်လာတော့ အမေဖြစ်သူမှာ မှုးဝေနေသော အရှိန်နဲ့ လှေကားပေါ်မှ ရုတ်တရက်ဆိုသလို ပြုတ်ကျသွားပါတော့တယ်။

ဒါနဲ့တူမဖြစ်သူရဲ့ အလန့်တကြား အာမေဋိတ်အသံဖြင့်...

“အဒေါ်ရေ- ဒေါ်လေးရေ” ဟု ငယ်သံပါသော အော်သံကြောင့် လန့်နိုးလာကာ အိပ်ရာမှထပြီး အမြန်အပြေးလာသော်လည်း ညီမဖြစ်သူမှာခေါ်၍ပင် မရတော့ပါသဖြင့် ဆေးရုံသို့ချက်ခြင်းပင် ပို့လိုက်ရပါတော့တယ်။

ဒီလိုနဲ့ဆေးရုံရောက်တော့ (၃)ရက်လောက် မေ့မြောနေလေတော့သည်။

(၃)ရက်ကြာမှာတော့ ကံကောင်းထောက်မစွာပင် ပြန်လည်းသတိရလာတော့မှ မိမိဘေးတွင် အိပ်ပျော်နေသော အစ်မဖြစ်သူကို တွေ့လိုက်ရတော့ ၀မ်းသာအားရနှင့်ပင် အစ်မဖြစ်သူ၏လက်ကို ကိုင်မည်လုပ်လိုက်ရာ....

“ဟင် ငါ့ရဲ့... လက်၊ ငါ့ရဲ့... ခြေထောက်တွေ လှုပ်လို့မရတော့ပါလား”

စိတ်ထဲမှ ၀မ်းနည်းခြင်းများနဲ့အတူ စီးကျလာသော မျက်ရည်စက်များဖြင့် အစ်မဖြစ်သူအား တောင်းပန်ခြင်သော်လည်း စိတ်ထဲမှာတော့ အလွန်ကိုပင် ခံစားနေရပါပြီ။

ဒီလိုနဲ့အစ်မဖြစ်သူက ရုတ်တရက်နိုးလာတော့....

“အဲ့... တူမလေးရေ သမီးအမေသတိရလာပြီဟု တူမဖြစ်သူအား အားရ၀မ်းသာအော်ခေါ်ရင်း”

“ညီမလေး... နိုးလာပြီလား... ဘာမှစိတ်မပူနဲ့နော်”

“ညီမလေးဘေးနားမှာ သမီးလေးရော မမရောရှိတယ်သိလား အားမငယ်နဲ့”

“ညီမလေးလိုတာသာအကုန်ပြော ဖြစ်စေရမယ်”

“ညီမလေးရဲ့ ခင်ပွန်းကိုလည်း မမ ဖုန်းဆက်ပြီးမှခေါ်ထားတယ် ”

“မကြာခင်ရောက်လာတော့မှာပါနော်”

ထိုအချိန်တွင်အစ်မဖြစ်သူ၏ တရားသမားပီပီ မေတ္တာနှင့်ပြည့်စုံသော အေးချမ်းလှတဲ့အသံလေးကြောင့် ရင်ထဲကအပူတွေ အေးသွားခဲ့ရတယ်ဆိုပေမယ့် အစ်မဖြစ်သူအပေါ် မကောင်းစိတ်ထားခဲ့မိသည်မလား။

“ကျွန်မကတော့လေ... အစ်မဖြစ်သူရဲ့ စေတနာမေတ္တာတွေကို နားလည်ရကောင်းမှန်းမသိပဲ အစ်မတစ်ယောက် အိမ်မှာမရှိရင်ကောင်းတယ် နားအေးတယ်ဆိုပြီး ဘုန်းကြီးကျောင်းကိုသာ အမြဲပို့ပေးနေခဲ့မိတာ”

“ခုတော့... ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ တရာဓမ္မအရိပ်တွေအောက်မှာ အေးချမ်းနေလိုက်တဲ့ အစ်မရယ် ညီမလေးလေ အခုမှနောင်တာကြီးစွာရပေမယ့်လို့ အခါနှောင်းခဲ့ပြီးမဟုတ်ပါလား”

“အစ်မရေ... ညီမလေးလေ ခုတော့မကောင်းမှု အကုသိုလ်တွေကြောင့် ဒုက္ခိတဘ၀တောင်ရောက်နေလေပြီ”

“အစ်မရယ်... ညီမလေးအဖြစ်ကိုကြည့်လှည့်ပါအုံး”

“အစ်မရေ... `ဒါန၊ သီလ၊ ဘာဝနာ´ ဆိုတဲ့ အေးချမ်းမူတွေဖုံးလွှမ်းနေတဲ့ `တရားဓမ္မ´နဲ့ `လောဘ၊ ဒေါသ၊ မောဟ´ ဆိုတဲ့ ထောင်လွှားမောက်မာပူလောင်မူတွေနဲ့ ဖုံးလွှမ်းနေတဲ့ `မာန´နဲ့ အပြိုင်မှားခဲ့တာ ခုတော့ နောင်တ နောင်မှရဆိုသလို နောင်တကြီးစွာရနေပါပြီ အစ်မရယ်” ဟု နောင်တရရုံမှလွဲ၍ တစ်ခြားနည်းလမ်းမရှိတော့နိုင်ပါ။

“ခုတော့ ကိုယ့်တွက်လည်းအကျိုးမရှိ သူတစ်ပါးအတွက်လည်း အကျိုးမရှိဘဲ ဒီဘ၀မှာလည်းပူလောင် နောက်ဘ၀အတွက်လည်း အကုသိုလ်တွေသာ ဆက်လက်ပွားများစေမယ့် `မာန´ အထုပ်ကြီးကို ရင်ဝယ်ပွေ့ပိုက်ကာ ပါးစပ်ကနေမချနိုင်အောင် “မာနနဲ့အပြိုင်” စိတ်ထင်တိုင်း မိုက်နေခဲ့ပြီး နောင်တကြီးစွာရခဲ့သူကျွန်မ အမှားကြီးကို ကျူးလွန်ခဲ့မိလို့အပြစ်ကြီးသူက ကျွန်မ... ”
“ဘယ်လိုပင်နောင်တရစေ ကျွန်မဘ၀က အဆုံးရှာပြီလေ”
“ကျွန်မရင်ထဲမှာ အကြိမ်ကြိမ် ပြောနေခဲ့မိတဲ့ စကားတစ်ခွန်းကတော့ အစ်မအပေါ်မှာ “မာနနဲ့အပြိုင်” မိုက်ခဲ့ ပစ်မှားမိခဲ့တဲ့ ညီမကို ခွင့်လွှတ်ပါဟူ၍သာ...”
ဒါကြောင့် စာဖတ်သူ သူငယ်ချင်း မိတ်ဆွေအပေါင်းတို့လည်း `ဒါန၊ သီလ၊ ဘာဝနာ´ ဆိုတဲ့ အေးချမ်းမူတွေဖုံးလွှမ်းနေတဲ့ `တရားဓမ္မ´ နဲ့ `လောဘ၊ ဒေါသ၊ မောဟ´ ဆိုတဲ့ ထောင်လွှားမောက်မာပူလောင်မူတွေနဲ့ ဖုံးလွှမ်းနေတဲ့ “မာန” နဲ့ အပြိုင် အရွေးမှားပြီး အဲ့ဒီ မာနတရားတွေကြောင့် သူတစ်ပါးကို ဘယ်တော့မှ မကောင်းပြော မကောင်းကြံကာ သူတစ်ပါးအကျိုး ပျက်စီးဆုံးရှုံးအောင် မလုပ်မိကြပါစေနဲ့။

ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ကြသော ခုနှစ်ရက်သားသမီးများအားလုံး “မာနနဲ့ပြိုင်”လို့ အမှားတွေနဲ့ ကင်းဝေးကာ နောင်မှတ၍ နောင်တရတက်သော မာနတရားတို့မှ ကင်းဝေးကြပါစေသော်ဝ်။