ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 28 October 2012

သီလအကြောင်းနှင့် ဒါနအလုပ်

သီလအကြောင်း
“ဒါနထက် သီလက မြတ်သည်”ဟု ပြောစမှတ် ပြုကြရာ၌ သာမန်လောက်စဉ်းစားလျှင် ထိုစကားကို ၀န်ခံဖို့ ခဲယဉ်း၏။ သို့သော် လေးလေးနက်နက် စဉ်းစားသောအခါ ကောင်းစွာ လုံလောက်သော အကြောင်းကို တွေ့ရပေသည်။ လောက၌ ရှိရှိသမျှ အလုပ်တို့တွင် သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်နှင့် သူတစ်ပါး ချမ်းသာအောင် ကူညီသောအလုပ်သည် ကောင်းသော အလုပ်အကျိုးများသော အလုပ်တို့ပေတည်း။



ဒါနအလုပ်နှင့် သီလအလုပ် ၂-မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလအလုပ်က သူတစ်ပါးမဆင်းရဲအောင် စောင့်ရှောက်သော အလုပ်ဖြစ်၏။ (သီလအလုပ်ဟူရာ၌ ငါးပါးသီလ၊ အာဇီဝဋ္ဌမကသီလတို့ကို ဆိုလိုသည်။ ၈-ပါးသီလ၊ ၁၀-ပါးသီလတို့အတွက်မှာ အကြောင်းတစ်မျိုးပြဖွယ်ရှိ၏။)

ဒါနအလုပ်

ချဲ့ဦးမည်- “ဘယ်သူမပြု မိမိမူ”ဆိုသည့်အတိုင်း သတ္တ၀ါ တစ်ဦးတစ်ယောက်သည် သူ့ကံအားလျော်စွာ ဆင်းရဲနေပြီဆိုပါစို့။ ထိုဆင်းရဲနေသူကို ကူညီထောက်ပံ့ခြင်း၊ စွန့်ကြဲပေးကမ်းခြင်းသည် ဒါနအလုပ်တည်း။ ထပ်၍ ပြဦးမည် - ယခုခေတ် ရဟန်းသံဃာစသော ပုဂ္ဂိုလ်များသည် တကယ်ဆင်းရဲနေသူများ မဟုတ်ကြ။ သို့သော် ထိုပုဂ္ဂိုလ်တို့၌ ကိုယ်ပိုင်ဟု ဆိုဖို့ရာ ရိက္ခာမလုံလောက်ချေ။ သို့ဖြစ်၍ တစ်နည်းအားဖြင့် ဆင်းရဲသူများပင် ဖြစ်၏။ ထို့ကြောင့် ဆင်းရဲသူတွင် ပါဝင်သော ထိုရဟန်းသံဃာတော်တို့အား လှူဒါန်းခြင်းသည်လည်း ကူညီခြင်းပင် ဖြစ်သည်။

ဘုန်းကံကြီး၍ ချမ်းသာနေသော ဆရာတော်တို့အား လှူဒါန်းခြင်းမျိုးလည်း ရှိသေး၏။ ထိုသို့ လှူဒါန်းရာ၌လည်း ဆရာတော်ကြီးမှာ လိုအပ်နေသော (ဆရာတော်နှင့် ထိုက်တန်အောင် မလုံလောက်သေးသော) အရာဝတ္ထုကို လှူဒါန်းခြင်းဖြစ်လျှင် ဆင်းရဲသူကို ကူညီခြင်းမျိုးပင် ဖြစ်၏။ ဆရာတော်မှာ အရာရာ ပြည့်စုံပြီးဖြစ်လျက် ဖြည့်စွက်လှူဒါန်းရာ၌ကား ဆရာတော်မှတစ်ဆင့် မရှိနွမ်းပါးသော တပည့်တပန်းတို့အား ဖြန့်ကမ်းဝေငှဖို့ရန် ဆရာတော်ကြီးအထံ အပ်နှံလှူဒါန်းခြင်းမျိုး ဖြစ်သောကြောင့် မရှိဆင်းရဲသူများအား ထောက်ပံ့ခြင်းနှင့် အလားတူပင်ဖြစ်၏။ ထို့ကြောင့် ဒါနအလုပ်ဟူသမျှသည် တစ်ယောက်နှစ်ယောက်ကစ၍ ကမ္ဘာသူ ကမ္ဘာသား ဆင်းရဲသူသတ္တ၀ါများကို စောင့်ရှောက်ရသော အလုပ်ကောင်းတစ်မျိုးဖြစ်ရကား ဒါနအကျိုးနားလည်သူမှန်လျှင် အလွန်ပြုချင်ဖွယ်ကောင်းပါပေသည်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment