ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 31 August 2011

ဒီပင်္ကရာဘုရားထံ သုမေဓာ ဗျာဒိတ်ခံပုံ နှင့် သုမေဓာ၏ဘ၀အမြင်

ဒီပင်္ကရာဘုရားထံ သုမေဓာ ဗျာဒိတ်ခံပုံ

လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော သာကီဝင်မင်းသား မြတ်စွာဘုရားသခင်သည် သုမေဓာဘ၀မှ စ၍ ပါရမီများကို ဖြည့်ကျင့်ခဲ့သည်။

ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်လျှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ အမရ၀တီ မင်းနေပြည်၌ သုမေဓာအမည်ဖြင့် သူဌေးသားဖြစ်ခဲ့လေသည်။ အမိဘက် အဖဘက်(ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်) ဆင်းသက်လာခဲ့သော သူဌေးမျိုးဖြစ်ခဲ့သည်။ ကိုယ်ကျင့်သီလ စင်ကြယ်၍ အခြားအမျိုးနှင့် မရောမစပ် အမျိုးသန့်၏။

သုမေဓာ၏ ဘ၀အမြင်

သုမေဓာသူဌေးကလေးသည် တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်လျှင် တတ်သင့်သောပညာ တတ်မြောက်လေသည် မိဘနှစ်ပါးကား သုမေဓာသတို့သား ငယ်စဉ်ကပင် ကွယ်လွန်သွားကြ၏။ ဥစ္စာပစ္စည်းအားလုံးကို ပစ္စည်းထိန်းမင်းကြီးက ထိန်းသိမ်းထား၏။ ပညာတတ်မြောက်၍ တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ပစ္စည်းထိန်းမင်းကြီးက ရွှေတိုက် ငွေတိုက် စသော ဘဏ္ဍာတိုက်များကို စာရင်းနှင့်တကွ အပ်နှင်းလေသည်။

သုမေဓာသတို့သားသည် ဥစ္စာပစ္စည်းများကို ကြည့်၍ “ငါ၏ မိဘ ဘိုးဘွား ဆွေမျိုး အဆက်ဆက်တို့သည် ဥစ္စာပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ကိုယ့်နောက်ပါအောင် ယူဆောင် မသွားနိုင်ခဲ့ကြရှာပေ၊ ငါကား ကိုယ့်နောက်ပါအောင် ယူဆောင် သွားမည်”ဟု ကြံစည်လေသည်။ အပူရှိလျှင် အအေးရှိသကဲ့သို့ သေခြင်းသဘော ရှိလျှင် မသေခြင်းသဘောလည်း ရှိရမည်ဟု စွဲမြဲစွာ ယုံကြည်ထားလေသည်။

ထို့နောက် ရှိသမျှ ဘဏ္ဍာတိုက်များကို ဖွင့်၍ ပစ္စည်းအားလုံးကို စွန့်ကြဲကာ ဟိမ၀န္တာသို့ထွက်၍ ရှင်ရသေ့ပြုလေသည်။ ရသေ့ဝတ်ပြီးနောက် တရားအားထုတ်တော်မူရာ (၇)ရက်အတွင်းမှာပင် ဈာန်အဘိညာဉ် တန်ခိုးကို ရ၍ ကောင်းကင်၌ သွားလာ လှည့်လည်၍ နေလေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်ဘာသာရေးလုပ်ငန်းတာဝန်များ

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် နေ့စဉ်ဗုဒ္ဓဘာသာ သာသနာနှင့် ပတ်သက်သော ဘာသာရေး လုပ်ငန်းများကို တာဝန်တစ်ရပ်အနေဖြင့် ကျင့်ကြံ ကြိုးကုတ်အားထုတ်ရပေမည်။

ဗုဒ္ဓဘာသာဝင်ဟူသော ဝေါဟာရကို အသေးစိတ်လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရသည်။ ဗုဒ္ဓဟူသည်မှာ ဘ၀များစွာ သံသရာဝယ် ကျင်လည်ရစဉ်အခါက ဒါန စသော ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ခဲ့သဖြင့် ဗောဋ္ဌိမဏ္ဍိုင်ဝယ် သစ္စာလေးပါး တရားဥဿုံ အလုံးစုံကို ဆရာမရှိ ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ဗုဒ္ဓဘာသာဟူသည် ထိုဘုရားသခင်သည် ၄၅-၀ါ ကာလပတ်လုံး လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့ အကျိုးစီးပွား တိုးပွားရန် နိဗ္ဗာန်အလို့ငှါ ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များဟု အဓိပ္ပာယ်ရသည်။ ဗုဒ္ဓဘာသာဝင်ဟူသည်မှာ မြတ်စွာဘုရား ဟောကြားသော တရားတော်ကို ယုံကြည်သက်ဝင် ကြည်ညိုကိုးကွယ်၍ လိုက်နာ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေကြသောသူများဟု အဓိပ္ပာယ်ရလေသည်။

အထက်ပါစကားအရ ဘုရားရှင်ဟောကြားထားသည့် တရားတော်များကို သက်ဝင်ယုံကြည် လိုက်နာသူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးသည် အမည်ခံရုံမျှ မဟုတ်ဘဲ အမှန်တကယ် ဗုဒ္ဓအဆုံးအမတော်များကို လက်တွေ့လိုက်နာ ကျင့်သုံးရပေမည်။ သို့မှသာ ဗုဒ္ဓဘာသာဝင် စင်စစ် ဖြစ်ပေမည်၊ လူ့ဘ၀သည် ရခဲလှသည်။ အပါယ်လေးဘုံသည် ဒုက္ခမျိုးစုံကိုသာ ခံစားနေရ၍ ဒါန သီလ ဘာဝနာ တရားများ မပြုလုပ်နိုင်ပေ၊ နတ်ပြည် ခံစားနေရ၍ ဒါန သီလ ဘာဝနာ တရားများ မပြုလုပ်နိုင်ပေ၊ နတ်ပြည် ဗြဟ္မာပြည်များသည်လည်း သုခမျိုးစုံကိုသာ ခံစားရ၍ ကုသိုလ်ပြုလုပ်ရန် မေ့လျော့နိုင်သည်၊ ဒါန သီလ ဘာဝနာ ပြုလုပ်ရန် မလွယ်ကူချေ၊ လူ့ဘ၀သည်သာ ဒုက္ခ သုခ ရောနှောနေ၍ မိမိ၏ အသိဉာဏ်နှင့် ယှဉ်ကာ ဒါန သီလ ဘာဝနာတို့ကို ပြည့်စုံအောင် ဖြည့်ကျင့်ဆည်းပူးနိုင်ပြီး၊ သံသရာမှ လွတ်မြောက်အောင် ကြိုးပမ်းအားထုတ်နိုင်သည်။ ထို့ကြောင့် လူ့ဘ၀ကို ရခဲကြ၍ ဘုရားရှင်၏ သာသနာတော်နှင့်လည်း ကြုံတွေ့ခဲ့ရပြီး ဘုရားရှင် ဟောကြားသည့် တရားတော်များကိုလည်း နာကြားကြရသည့် ရခဲလှသော ဘ၀အခိုက်အတန့်တွင် ဘုရားရှင်၏ အဆုံးအမနည်းလမ်းများကို အမြဲမပြတ် လိုက်နာသင့်သည်။ ထိုသို့ လိုက်နာ ကျင့်ကြမှလည်း ဗုဒ္ဓဘာသာဝင် စင်စစ်ဖြစ်ပေမည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာလျှင် အောက်ပါ ဘာသာရေးလုပ်ငန်း တာဝန်များကို ပညာဦးစီးသော ယုံကြည်မူဖြင့် နေ့စဉ်ပြုလုပ်ရမည်။
ထိုတာဝန်များမှာ -
(က) ဘုရားရှိခိုးခြင်း
(ခ) မေတ္တာပို့ခြင်း
(ဂ) အမျှဝေခြင်း
(ဃ) အလှူဒါနပြုလုပ်ခြင်း
(င) သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း
(စ) လက္ခဏာရေးသုံးပါးဆင်ခြင်ခြင်း - တို့ဖြစ်သည်။

ဘုရားရှိခိုးခြင်း ဟူသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို နှလုံးသွင်း ရွတ်ဆို၍ ထိခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးခြင်းဖြစ်သည်။

မေတ္တာပို့ခြင်း ဟူသည်မှာ အများသတ္တ၀ါတို့ကို ရည်စူး၍ ကြီးပွားချမ်းသာစေလိုသော စိတ်ကို ဖြစ်ပေါ်စေခြင်း၊ ပို့လွှတ်ခြင်း၊ ပွားများခြင်း တို့ဖြစ်သည်။

အမျှဝေခြင်း ဟူသည်မှာ မိမိပြုလုပ်ခဲ့သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့၏ အဖို့ဘာဂကို မိမိနှင့်အတူ အညီအမျှရနိုင်စေရန် သတ္တ၀ါအပေါင်းတို့အား အမျှ အမျှ အမျှဟု ပေးဝေခြင်း ဖြစ်ပါသည်။

အလှူဒါနပြုလုပ်ခြင်း ဟူသည်မှာ တစုံတခုသော ၀တ္တုပစ္စည်းတို့ကို ဘုရား အစရှိသော အလှူခံပုဂ္ဂိုလ်တို့အား စေတနာပြဋ္ဌာန်း လှူဒါန်းပေးကမ်းမူ ဖြစ်သည်။ ထိုလှူဒါန်းပေးကမ်းမူသည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ဆွမ်းတော်ကပ်လှူခြင်း၊ ရေချမ်းကပ်လှူခြင်း၊ ပန်းနံ့သာ ကပ်လှူခြင်း၊ ဆီမီးကပ်လှူခြင်း၊ ပိဏ္ဍပါတ်ဆွမ်း လောင်းလှူခြင်း စသောအားဖြင့် အလှူဒါန အမျိုးမျိုးရှိပါသည်။

သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း ဟူသည်မှာ မိမိကိုယ်၌လည်းကောင်း၊ သူတပါး သန္တာန်၌လည်းကောင်း မြတ်စွာဘုရား၏ အဆုံးအမတော်ဟူသော သာသနာတော်ကို တည်တံ့ ပြန့်ပွားအောင် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်၊ အဆုံးအမ ဟူသည်မှာ ဒုစရိုက် မဖြစ်ပွားအောင်ဆောင်ရွက်ခြင်း သုစရိုက်တရားများ တိုးပွားအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုဆောင်ရွက်ခြင်းသည် ဘာသာရေး အသင်းအဖွဲ့များ၌ ပါဝင်ဆောင်ရွက်ခြင်း၊ ပရိယတ္တိစာသင်သားများအား ထောက်ပံ့ခြင်း၊ ပဋိပတ္တိကျင့်သုံးနေသူများအား ထောက်ပံ့ခြင်း၊ ဗုဒ္ဓဘာသာ စာပေပြန့်ပွားရေးအတွက် ဆောင်ရွက်ခြင်း၊ အိမ်တွင်းသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခြင်း ရပ်ရွာအတွင်း သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။

လက္ခဏာသုံးပါး ဆင်ခြင်ခြင်း ဟူသည်မှာ ပုဂ္ဂိုလ်သတ္တ၀ါ အမြင်ကို ကျော်လွန်ပြီး ရုပ်နာမ်အဖြစ်ကို မြင်အောင် ရူကာ ရုပ်နာမ်တရားတို့၏ မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု ရူမြင်ခြင်း၊ သိခြင်းဖြစ်သည်။

ဤသည်တို့မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ် ဘာသာရေးလုပ်ငန်း တာဝန်များပင် ဖြစ်သည်။ နေ့စဉ်ပြုလုပ်ရာ၌ တစ်ကြိမ်မျှသာမဟုတ် စွမ်းအားရှိသလောက် အကြိမ်များစွာ ပြုလုပ်နိုင်လျှင် ပို၍ အကျိုးရှိနိုင်ပါသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

၂ - ဥဗ္ဗရိဝဂ်(၁ - သံသာရမောစကပေတိဝတ္ထု)

၉၅။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်ထွက်သော မိန်းမ သင်သည် အ၀တ်လည်းမပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းလည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် ဤအရပ်၌ ရပ်တည်သော သင်ကား အဘယ်သူနည်း (ဟု အသျှင်သာရိပုတြာက မေး၏)။



၉၆။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမူ အကုသိုလ်ကံကို ပြုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏ (ဟု ပြိတ္တာမက လျှောက်၏)။



၉၇။ သင်သည် ကိုယ်ဖြင့်၎င်း၊ နူတ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရသနည်း (ဟု အသျှင်သာရိပုတြာက မေးမြန်း၏)။



၉၈။ အရှင်ဘုရား အမိကသော်၎င်း၊ အဖကသော်၎င်း၊ ထို့ပြင် ဆွေမျိုးတို့ကသော်၎င်း အကျွန်ုပ်ကို သမဏဗြာဟ္မဏတို့အား ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အလှူဒါနကို ပေးလှူလော့ဟု တိုက်တွန်းကြမည့် (ထိုသို့သဘောရှိသော) သနားစောင့်ရှောက် သူတို့သည် အကျွန်ုပ်အား မရှိပါကုန်။



၉၉။ ဤဘ၀မှ ဤသုံးခုမြောက်သော ဘ၀၌ အကျွန်ုပ်သည် ဤသို့သဘောရှိသော အ၀တ်မပါ ကိုယ်ချည်းသာလျှင် ဆာလောင်ခြင်း မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရလျက် အနှစ်ငါးရာတို့ပတ်လုံး လှည့်လည်ခဲ့ရပါ၏၊ ဤအကျိုးသည် မကောင်းမူကံ၏ အကျိုးပါတည်း။



၁၀၀။ အရှင်ဘုရား အရှင်ဘုရားကို ကြည်လင်စိတ် ရှိသည်ဖြစ်၍ ရှိခိုးပါ၏၊ လုံ့လ၀ီရိယရှိ၍ အာနုဘော်ကြီးတော်မူသော အရှင်ဘုရား အကျွန်ုပ်ကို စောင့်ရှောက်တော်မူပါ၊ တစုံတရာ လှူဒါန်းဖွယ်ကို အကျွန်ုပ်အား ရည်ညွှန်း၍ ပေးလှူတော်မူပြီးလျှင် အကျွန်ုပ်ကို ဒုဂ္ဂတိဘုံမှ လွတ်စေတော်မူပါ ဟု (ပြိတ္တာမက လျှောက်ပြန်၏)။



၁၀၁။ သနား စောင့်ရှောက်တတ်သော ထိုအသျှင်သာရိပုတြာသည် ကောင်းပြီဟု ၀န်ခံပြီးလျှင် ရဟန်းတပါးအား ဆွမ်းတလုတ်စာမျှကို၎င်း၊ တလက်ဝါးမျှသော ပုဆိုးပိုင်းကို၎င်း၊ သောက်ရေခွက်ကို၎င်း ပေးလှူ၏၊ ထိုပြိတ္တာမအား အလှူ၏ အဘို့ကို ရည်ညွှန်းပေးဝေတော်မူ၏။



၁၀၂။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အ၀တ် သောက်ရေကို ရခြင်းဟူသော အကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။



၁၀၃။ ထိုပြိတ္တာမသည် ထိုစားဖွယ်စသည်ကို ရပြီးသည်နောက်မှ စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သောအ၀တ် ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သောပုဆိုးဆန်းကြယ်သော အ၀တ်တန်ဆာကို ၀တ်ဆင်လျက် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၏။



၁၀၄။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းပစေလျက် တည်ဘိ၏။



၁၀၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား(ကောင်းကျိုးချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။



၁၀၆။ အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ တောက်ပသနည်း (ဟု အသျှင်သာရိပုတြာက မေး၏)။



၁၀၇။ ကြုံလှီ၍ ဖက်ရွက်လျော်ကဲ့သို့ ဖြစ်ကာ ဆာလောင်လျက် အ၀တ်မပါ ကိုယ်ချည်းသာ ကိုယ်ရေအဆင်း ပျက်စီးပြီးလျှင် ဒုဂ္ဂတိဘုံသို့ ရောက်နေရသော ထိုအကျွန်ုပ်ကို လောက၌ သနားကရုဏာရှိသော ရဟန်းသည် မြင်ပါပြီ။



၁၀၈။ ရဟန်းတပါးအား ဆွမ်းတလုတ်စာမျှကို၎င်း၊ တလက်ဝါးမျှသော ပုဆိုးပိုင်းကို၎င်း၊ သောက်ရေတခွက်ကို၎င်း ပေးလှူ၍ အကျွန်ုပ်အား အလှူ၏ အဘို့ကို ရည်ညွှန်းပေးဝေတော်မူပါ၏။



၁၀၉။ ဆွမ်းတလုတ်၏အကျိုးကို ရူပါလော့၊ အနှစ်တသောင်းပတ်လုံး နတ်ထမင်းကို၎င်း၊ များသော အရသာရှိသော ဟင်းကို၎င်း အလိုရှိတိုင်း စားသောက် သုံးဆောင်ရပါ၏။



၁၁၀။ တလက်ဝါးမျှသော ပုဆိုးပိုင်း၏ အကြင်သို့ သဘောရှိသော အကျိုးသည် ရှိပါ၏၊ ထိုသို့ သဘောရှိသော အကျိုးကို ရူပါလော့၊ အကြင်မျှလောက် နန္ဒမင်း၏ တိုင်းပြည်၌ အ၀တ်တို့သည် ရှိပါကုန်၏။



၁၁၁-၂။ အရှင်ဘုရား ထိုအ၀တ်တို့ထက် တပည့်တော်မ၏ အ၀တ်တို့သည် များပါကုန်၏၊ ပိုးထည် ကမ္ဗလာထည်တို့သည်၎င်း၊ ခေါမထည် ၀ါချည်ထည်တို့သည်၎င်း အလျားအနံအားဖြင့်လည်း ပြန့်ကျယ်ပါကုန်၏၊ အဘိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအ၀တ်တို့သည်လည်း ကောင်းကင်၌သာလျှင် တွဲရရွဲကျကုန်၏၊ ထိုအကျွန်ုပ်သည် စိတ် နှစ်သက်ရာရာ အ၀တ်ကို ၀တ်ဆင်ရပါ၏။



၁၁၃-၄။ သောက်ရေတခွက်၏ အကြင်သို့ သဘောရှိသော အကျိုးသည် ရှိ၏၊ ထိုသို့ သဘောရှိသော အကျိုးကို ရူပါလော့၊ အေးမြသော ရေရှိကုန်သော ကောင်းသော ဆိပ်ကမ်းရှိကုန်သော အေးမြ၍ မွှေးပျံ့သင်းကြိုင် လိုင်သော ရနံ့ရှိကုန်သော ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော နက်သော လေးထောင့် ရေကန်တို့သည် ပဒုမာကြာ ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သည်ဖြစ်၍ ရေ၏အထက်၌ ကြာဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျှက် ပြည့်ကုန်၏။



၁၁၅။ အရှင်ဘုရား ထိုအကျွန်ုပ်သည် မည်သည့် ဘေးမျှ မရှိပဲ မွေ့လျော်ရပါ၏၊ မြူးထူး ပျော်ပါးရပါ၏၊ ၀မ်းမြောက်ရပါ၏၊ အရှင်ဘုရား လောက၌ သနားခြင်း ကရုဏာ ရှိသော အရှင်ဘုရားကို ရှိခိုးရန် ရောက်လာပါ၏ (ဟု လျှောက်၏)။



ရှေးဦးစွာသော သံသာရမောစကပေတိဝတ္ထု ပြီး၏။

Sunday 28 August 2011

၁၂ - ဥရဂပေတ၀တ္ထု

၈၅။ မြွေသည် အရေဟောင်းကို စွန့်၍ သွားသကဲ့သို့ ဤအတူ သံသရာ၌ ကျင်လည်ရသော သတ္တ၀ါသည် ခန္ဓာကိုယ်ကို အသုံးမပြုနိုင်ပဲ အသက်ကင်း၍ သေသည်ရှိသော် မိမိ၏ ဆွေးမြေ့သော ကိုယ်ကို စွန့်၍ သွားရ၏။



၈၆။ ထိုသေသူသည် မိမိလားရောက်ရာ “ဂတိ” သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤ ငါ့သားကို (အကြောင်းပြု၍) မငို (ဟု သေသူ၏ အဖဖြစ်သော ပုဏ္ဏားက ဆို၏)။



၈၇။ ငါ့သား လာလှည့်ဟု မခေါ်ပဲ ထိုတမလွန်လောကမှ လာ၏၊ ငါ့သား သွားတော့ဟု ခွင့်မပြုပဲ ဤပစ္စုပ္ပန်လောကမှ သွား၏၊ အကြင်သို့သော အခြင်းအရာအားဖြင့် (မခေါ်ပဲ) လာ၍ ထိုသို့သော အခြင်းအရာအားဖြင့် (ခွင့်မပြုပဲ) သွား၏၊ ထိုအလိုသို့ မလိုက်ပဲ ကျင်လည်၍ ဖြစ်ရာ၌ ငိုကြွေးမြည်တမ်းခြင်းသည် အဘယ်အကျိုး ရှိအံ့နည်း။



၈၈။ ထိုသေသူသည် မိမိ လားရောက်ရာ “ဂတိ” သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့သားကို အကြောင်းပြု၍ မငို (ဟု အမိပုဏ္ဏေးမက ဆို၏)။



၈၉။ အကယ်၍ ငိုကြွေးခဲ့ပါမူ ပိန်ချုံးရုံမျှသာ ဖြစ်ရာ၏၊ ထိုငိုကြွေးရာ၌ ငါ့အား အဘယ်အကျိုး ရှိရာအံ့နည်း၊ ငါတို့၏ ဆွေမျိုး မိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့အား လွန်စွာ စိတ်မချမ်းသာမူမျှသာ ဖြစ်ရာ၏။



၉၀။ ထိုသေသူသည် မိမိလားရောက်ရာ “ဂတိ”သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့မောင်ကို အကြောင်းပြု၍ မငို(ဟု နှစ်မငယ်က ဆို၏)။



၉၁။ သူငယ်သည် ကောင်းကင်၌ သွားသော လကို ငါ၏ ရထားဘီးကို ပေးဟုဆို၍ ငိုသကဲ့သို့ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိမ်ခြင်းသည် ဤသူငယ်၏ အဖြစ်နှင့် တူသည်သာတည်း။



၉၂။ ထိုသေသူသည် မိမိလားရောက်ရာ “ဂတိ”သို့ သွားရောက်သည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ငါ့လင်ကို အကြောင်းပြု၍ မငို (ဟု မယားက ဆို၏)။



၉၃။ ပုဏ္ဏား ကွဲလေပြီးသော ရေအိုးသည် တဖန်စပ်၍ မရသကဲ့သို့ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိမ်ခြင်းသည် ကွဲလေပြီးသော အိုးကို စပ်၍ မရသည်နှင့် တူ၏။



၉၄။ ထိုသေသူသည် မိမိလားရောက်ရာ “ဂတိ” သို့ သွားရောက်သည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤအရှင့်သားကို အကြောင်ပြု၍ မငို( ဟု ကျွန်မက ဆို၏)။



တဆယ့်နှစ်ခုမြောက်သော ဥရဂပေတ၀တ္ထု ပြီး၏။



ရှေးဦးစွာသော ဥရဂ၀ဂ် ပြီး၏။

Saturday 13 August 2011

၁၁ - နာဂပေတ၀တ္ထု

၇၃။ တယောက်သည် ဆင်ဖြူဖြင့် ရှေ့ကသွား၏၊ တယောက်ကား အဿတိုရ်မြင်းကသော ရထားဖြင့် အလယ်က သွား၏၊ နောက်၌ အရပ်ဆယ်မျက်နှာလုံးကို ထွန်းလင်းတောက်ပ စေသော သတို့သမီးကိုမူကား ထမ်းစင်ဖြင့် ထမ်းဆောင်၏။



၇၄။ သင်တို့သည်ကား တင်းပုတ် လက်စွဲကြကုန်သည်ဖြစ်၍ ငိုကြွေးသော မျက်နှာရှိလျက် တင်းပုတ်ဖြင့် ရိုက်ပုတ်ခြင်းကြောင့် ကွဲပြတ်ပျက်စီးသော ကိုယ်ရှိကြကုန်၏၊ လူဖြစ်ကြစဉ်က အဘယ်မကောင်းမူကို ပြုခဲ့ကြသနည်း၊ အဘယ်ကြောင့် အချင်းချင်း တယောက်သည် တယောက်၏ သွေးကို သောက်ကြရကုန်ဘိသနည်း (ဟု သာမဏေက မေး၏)။



၇၅။ အခြေလေးချောင်းရှိသော ကုဉ္ဇအမည်ရသော ဆင်ဖြူဖြင့် ရှေ့ကသွားသော သူသည် အကျွန်ုပ်တို့၏ သားကြီးပင်တည်း၊ ထိုသားအကြီးသည် အလှူဒါနတို့ကို ပေးလှူ၍ ချမ်းသာခြင်းရှိလျက် ၀မ်းမြောက်ရ၏။



၇၆။ ကောင်းသောသွားခြင်းရှိသော အဿတိုရ်မြင်း လေးကောင်ကသော ရထားဖြင့် အလယ်က သွားသောသူသည် အကျွန်ုပ်တို့၏ သားလတ်ပင်တည်း၊ ထိုသားလတ်သည် ၀န်မတိုမူ၍ ပေးလှူလေ့ရှိသောကြောင့် တင့်တယ်၏။



၇၇။ သမင်မငယ်မျက်စိကဲ့သို့ နူးညံ့သော မျက်စိရှိသော နောက်ဆုံးက ထမ်းစင်ဖြင့် ထမ်းဆောင်အပ်သော ပညာရှိသော မိန်းမပျိုသည်ကား အကျွန်ုပ်တို့၏ အငယ်ဆုံး သမီးတည်း၊ (ထိုသမီးငယ်သည်) မိမိရရှိသော အဘို့မှ ထက်ဝက်အဘို့ကို လှူခြင်းကြောင့် ချမ်းသာလျက် ၀မ်းမြောက်ရ၏။



၇၈။ ထိုသားသမီးသုံးယောက်တို့သည် ရှေးဘ၀က သမဏ ဗြဟ္မဏတို့အား ကြည်လင်သော စိတ်ရှိကုန်၍ အလှူတို့ကို ပေးလှူကုန်၏၊ အကျွန်ုပ်တို့သည်မူကား ၀န်တိုမူ မစ္ဆရိယရှိသူများ ဖြစ်ကြပါကုန်၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးတတ်ကုန်၏၊ ဤသားသမီး သုံးယောက်တို့သည်ကား ပေးလှူကြကုန်၍ စမ္ပာယ်ပျော်ပါးကြရကုန်၏၊ အကျွန်ုပ်တို့သည်ကား ပြတ်သော ကျူပင်ကဲ့သို့ ခြောက်သွေ့ကြကုန်၏ (ဟု ပြိတ္တာလင်မယားက ဖြေ၏)။



၇၉။ သင်တို့၏ စားဖွယ်ကား အဘယ်သဘောရှိသနည်း၊ အိပ်ရာနေရာကား အဘယ် သဘောရှိသနည်း၊ သင်တို့သည် အဘယ်သို့လျှင် မျှတကြကုန်သနည်း၊ အလွန်ယုတ်မာသော သဘောရှိကုန်သော သင်တို့သည် အပိုင်းအခြားမရှိ များမြတ်သော စည်းစိမ်ရှိသူတို့ ဖြစ်ကြပါကုန်လျက် ချမ်းသာကြောင်းဖြစ်သော ကုသိုလ်ကို မပြုခြင်းဖြင့် ချမ်းသာကို ချွတ်ယွင်းစေကုန်သောကြောင့် ယခု ဆင်းရဲသို့ ရောက်ကြရကုန်၏၊ (ဟု သာမဏေက မေး၏)။



၈၀။ အကျွန်ုပ်တို့သည် အချင်းချင်း သတ်ပုတ်၍ ပြည်သွေးကို သောက်ရပါကုန်၏၊ များစွာသောက်၍လည်း တင်းတိမ်ရောင့်ရဲမူ မရှိကြပါကုန်၊ မနှစ်သက် မလိုလားကြပါကုန်။



၈၁။ အကြင်သူတို့သည် ပစ္စုပ္ပန်၊ တမလွန်ဝယ် ချမ်းသာထူးကို ပြုလုပ်စီရင်တတ်ကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကြကုန်၍ မိမိတို့လည်း မသုံးဆောင်ကြကုန်၊ ကုသိုလ်ကောင်းမူကိုလည်း မပြုကြကုန်၊ မပေးလှူတတ်ကုန်သော ထိုသူတို့သည် တမလွန်ဘ၀၌ ယမမင်း၏ ပြိတ္တာဘုံ၌ တည်နေရကုန်သည်ဖြစ်၍ အကျွန်ုပ်တို့ကဲ့သို့ပင် ငိုကြွေးကြရကုန်၏။



၈၂။ ထိုသူတို့သည် တမလွန်ဘ၀၌ ဆာလောင်မွတ်သိပ်သော “ခုပ္ပိပါသ” ပြိတ္တာဘုံသို့ ကပ်ရောက်ကုန်၏၊ နောက်အခါ၌ ကြာမြင့်စွာ (နှလုံးမသာယာခြင်းဖြင့်) ပူဆွေးကုန်လျက် (ဒုက္ခမီးဖြင့်) လောင်ကျွမ်းကြရကုန်၏၊ ဆင်းရဲပွါးကြောင်းဖြစ်ကုန်သော စပ်ရှားခံခက်သော အကျိုးရှိသောကံတို့ကို ပြုသောကြောင့် အပါယ်ဆင်းရဲကို ခံစားကြရကုန်၏။



၈၃။ ဤလော၌ ဥစ္စာစပါးသည် ခဏတာမျှ ဖြစ်၏၊ အသက်သည် ခဏတာမျှ ဖြစ်၏၊ ဥစ္စာစသည်တို့၏ ခဏတာမျှ ဖြစ်သည်ကို ခဏတာမျှ ဖြစ်၏ဟု သိ၍ ပညာရှိသည် မိမိမှီခိုရာ ကုသိုလ်တည်းဟူသော ကျွန်းကို ပြုရာ၏။



၈၄။ တရား၌ လိမ်မာကုန်သော အကြင်သူတို့သည် ဤသို့ ဥစ္စာစသည်တို့၏ ခဏတာမျှ ဖြစ်သည်ကို ဟုတ်မှန်တိုင်း သိရှိကုန်၏၊ ထိုသူတို့သည် ပူဇော်ခံထိုက်သူ ဘုရားစသော အရိယာတို့၏ စကားကို ကြားနာရ၍ အလှူဒါန၌ မမေ့မလျော့ကြကုန်( ဟု လျှောက်၏)။



တဆယ့်တခုမြောက်သော နာဂပေတ၀တ္ထု ပြီး၏။

Friday 12 August 2011

၁၀ - ခလ္လာဋိယပေတိဝတ္ထု

၅၈။ အပြင်သို့ မထွက်မူ၍ ဗိမာန်အတွင်း၌ တည်နေသူကား အဘယ်သူနည်း၊ အရှင်မ အပြင်သို့ ထွက်ပါလော့၊ သင့်ကို အပြင်၌ ရပ်တည်နေသည်ကို မြင်လိုပါကုန်၏ (ဟု ကုန်သည်ကြီးက ပြောဆို၏)။



၅၉။ အ၀တ်မပါ ကိုယ်ချည်းသာဖြစ်၍ အပြင်သို့ ထွက်ရန် မရဲဝံ့ပါ၊ ရှက်လှပါ၏၊ ဆံတို့ဖြင့် ဖုံးလွှမ်းနေရသူ ဖြစ်ပါ၏၊ အကျွန်ုပ်သည် ကုသိုလ်ကောင်းမူကို အနည်းငယ်မျှသာ ပြုခဲ့ရပါ၏ (ဟု ပြိတ္တာမက ပြော၏)။



၆၀။ တင့်တယ်သော အဆင်းရှိသော နှစ်မ အပေါ်ရုံပုဆိုးကို သင့်အား ပေးပါ၏၊ ယူပါလော့၊ ဤပုဆိုးကို ၀တ်ပါလော့၊ ဤပုဆိုးကို ၀တ်၍ လာပါလော့၊ ထွက်ခဲ့ပါလော့၊ နှစ်မ အပြင်သို့ ထွက်ပါလော့၊ သင့်ကို အပြင်၌ ရပ်တည်နေသည်ကို မြင်လိုကြပါကုန်၏။



၆၁။ သင်၏လက်ဖြင့် အကျွန်ုပ်လက်သို့ သင်ပေးအပ်သော ပစ္စည်းသည် အကျွန်ုပ်အား မရ၊ မရောက်နိုင်ပါ၊ ယုံကြည်မူ “သဒ္ဓါ” ရှိ၍ မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော ထိုဥပါသကာသည် ဤလူအပေါင်း၌ ရှိပါ၏။



၆၂။ ထိုဥပါသကာကို အကျွန်ုပ်အား ပေးအပ်သော အ၀တ်ကို ၀တ်ရုံစေလျက် ထိုအလှူကို အကျွန်ုပ်အား ရည်ညွှန်း၍ ထိုအလှူ၏အဘို့ကို ပေးဝေပါလော့၊ ထိုသို့ လှူသည်ရှိသော် အကျွန်ုပ်သည် အလုံးစုံသော ကာမဂုဏ်နှင့် ပြည့်စုံသည့်ဖြစ်၍ ချမ်းသာသူ ဖြစ်ရပါလိမ့်မည် (ဟု ဆို၏)။



၆၃။ ထိုကုန်သည်တို့သည် ထိုဥပါသကာကိုလည်း ရေချိုးစေ၍ (မြတ်သော နံ့သာတို့ဖြင့်) လိမ်းကျံစေလျက် အ၀တ်တို့ကို ၀တ်ရုံစေပြီးလျှင် ထိုပြိတ္တာမအား အလှူ၏ အဘို့ဘာဂကို ရည်ညွန်း၍ (အမျှဝေစေကုန်၏)။



၆၄။ (ထိုအလှူ၏ အဘို့ဘာဂကို) ရည်ညွှန်း ပေးဝေပြီးသည့် အခြားမဲ့၌ပင် (အလှူ၏) အကျိုးသည် ဖြစ်၏၊ စားဖွယ် အ၀တ် အဖျော်ဟူသော ဤအကျိုးသည် အလှူ၏ အကျိုးပေတည်း။



၆၅။ ထို စားဖွယ်စသည်ကို ရသည်မှနောက်၌ ထိုမိန်းမသည် ဤအကျိုးကား အလှူ၏အကျိုးတည်းဟု ပြောသကဲ့သို့ စင်ကြယ်သော အ၀တ်ကို ၀တ်လျက် ကာသိတိုင်းဖြစ် အ၀တ်ထက် မြတ်သော အ၀တ်ကို ၀တ်ပြီးလျှင်ပြုံးရွှင်ကာ ဗိမာန်မှ ထွက်လာ၏။



၆၆။ အလွန်ဆန်းကြယ်သော အဆင်းရှိ၍ နှစ်သက်ဖွယ်ရှိသော သင်၏ ဗိမာန်သည် ထွန်းလင်းတောက်ပ၏၊ နတ်သမီး သင့်ကို မေးပါ၏၊ သင် ဖြေကြားပါလော့။ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။



၆၇။ အကျွန်ုပ်သည် ဖြောင့်မတ်သော အကျင့်ရှိသော ဆွမ်းခံကြွလာသော ရဟန်းအား အထူးကြည်လင်သော စိတ်ဖြင့် နှမ်းဆီထွေးကို ပေးလှူခဲ့၏။



၆၈။ ထိုကုသိုလ်ကံ၏ အကျိုးကြောင့် ရှည်မြင့်စွာသော ကာလပတ်လုံး ဗိမာန်၌ ခံစားရ၏၊ ထိုကုသိုလ်၏ အကျိုးသည်လည်း ယခုအခါ၌ ကုန်ခန်းခဲ့ပါ၏။



၆၉-၇၀။ လေးလတို့အလွန်၌ သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ်ဆင်းရဲ၍ ကြမ်းထမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ဝေဖန်အပ်သော ပုံစံတူဖြစ်သော သံတံတိုင်း ကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါလိမ့်မည်။



၇၁။ ထိုငရဲ၏ မြေကြီးကား သံဖြင့် ပြီး၏၊ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံရှိ၏၊ ထက်ဝန်းကျင် ယူဇနာတရာတိုင်တိုင် အခါခပ်သိမ်း ပြန့်နှံ့၍ တည်၏။



၇၂။ အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာသော ကာလပတ်လုံး မကောင်းမူကံ၏ အကျိုးဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရအံ့၊ ပြင်းစွာ စိုးရိမ်မိ၏ (ဟု ပြောဆို၏)။



ဆယ်ခုမြောက်သော ခလ္လာဋိယပေတိဝတ္ထု ပြီး၏။

၉ - မဟာပေသကာရပေတိဝတ္ထု

၅၄။ ဤမိန်းမသည် ကျင်ကြီးကို၎င်း၊ ကျင်ငယ်ကို၎င်း၊ သွေးကို၎င်း၊ ပြည်ကို၎င်း စားနေရ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်း၊ အခါခပ်သိမ်း သွေးပြည်ကို စားနေသော ဤမိန်းမသည် ရှေးဘ၀က အဘယ်အမူကို ပြုခဲ့ဘူးသနည်း။



၅၅။ အသစ်ဖြစ်၍ ကောင်းကုန် နူးညံ့ကုန် စင်ကြယ်သောအဆင်း နူးညံ့သည်အမွေး ရှိကုန်သော အ၀တ်တို့ကို ဤမိန်းမအား ပေးလိုက်ကုန်သည်ရှိသော် ယင်းအ၀တ်တို့သည် သံပြားကဲ့သို့ ဖြစ်ကုန်၏၊ ဤမိန်းမသည် အဘယ်အမူကို ပြုခဲ့သနည်း (ဟု ရဟန်းက မေး၏)။



၅၆-၇။ အရှင်ဘုရား ဤမိန်းမသည် အကျွန်ုပ်၏မယား ဖြစ်ခဲ့ဘူးပါ၏၊ ပေးလှူလေ့ မရှိပါ၊ ၀န်တိုလေ့ ရှိ၏၊ စဉ်းလဲကောက်ကျစ်တတ် ပါ၏၊ ထိုမိန်းမသည် သမဏဗြဟ္မဏတို့အား ပေးလှူသော အကျွန်ုပ်ကို “သင်သည် အခါခပ်သိမ်း မစင်ကြယ်သော ကျင်ကြီးကို၎င်း၊ ကျင်ငယ်ကို၎င်း၊ သွေးကို၎င်း၊ ပြည်ကို၎င်း စားလော့၊ ဤကျင်ကြီး ကျင်ငယ်သွေးပြည်သည် သင့်အား တမလွန်ဘ၀၌ ဖြစ်စေသတည်း၊ သင်၏ အ၀တ်တို့သည်လည်း သံပြားနှင့်အတူ ဖြစ်စေကုန်သတည်း” ဟု ဆဲရေးလည်း ဆဲရေးပါ၏၊ ခြိမ်းချောက်လည်း ခြိမ်းချောက်ပါ၏၊ ထိုမိန်းမသည် ဤသို့သဘောရှိသော မကောင်းမူ (ဒုစရိုက်) ကို ပြုကျင့်ခဲ့သောကြောင့် ဤပြိတ္တာဘုံသို့ ရောက်လာ၍ ကြာမြင့်စွာ (ဤကျင်ကြီး စသည်ကို) စားရ၏ (ဟု လျှောက်၏)။



ကိုးခုမြောက်သော မဟာပေသကာရပေတိဝတ္ထု ပြီး၏။

၈ - ဂေါဏပေတ၀တ္ထု

၄၆။ ချစ်သား သင်သည် သူရူးကဲ့သို့ စိမ်းစိုသောမြက်ကို ရိပ်၍ အသက်ကင်းသော နွားအိုကြီးကို စားလော့၊ စားလော့ဟု အဘယ်ကြောင့် ပြောဆို မြည်တမ်း နေဘိသနည်း။



၄၇။ သင်ပေးသော စိမ်းစိုသော မြက်ကြောင့်သော်၎င်း၊ ရေကြောင့်သော်၎င်း၊ သေသောနွားသည် (အသက်ရှင်၍) ထ မလာနိုင်သည်သာတည်း၊ သင်သည် အခြား ပညာမဲ့သူကဲ့သို့ ပညာမဲ့၍ မိုက်သူသာ ဖြစ်၏ (ဟု ဖခင်သူကြွယ်က မေး၏)။



၄၈။ (ဖခင်) ဤနွား၏ ဤခြေတို့သည်၎င်း၊ ဤဦးခေါင်းသည်၎င်း၊ အမြီးနှင့် တကွသော ဤကိုယ်သည်၎င်း၊ မျက်စိတို့သည်၎င်း ရှေးအတိုင်း တည်နေပါကုန်၏၊ ထို့ကြောင့် ဤနွားသည် (အသက်ရှင်၍) ထ ရာပါသေး၏။



၄၉။ (ဖခင်) အဘိုး၏ လက်ခြေတို့ကို၎င်း၊ ကိုယ်ကို၎င်း၊ ဦးခေါင်းကို၎င်း မတွေ့မြင်ရတော့ပါ၊ မြေပုံစု၌ ငိုနေသော သင်(ဖခင်) သည်သာလျှင် ပညာမဲ့သည် မဟုတ်ပါလော (ဟု သားက ပြန်၍ဆို၏)။



၅၀။ ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်နေသော မီးကို ရေဖြင့် သွန်းလောင်းလိုက် ဘိသကဲ့သို့ ထို့အတူ ငါ၏ သားသည် သောကမီး တောက်လောင်နေသော ငါ၏ ပူပန်မူအားလုံးကို ငြိမ်းအေးစေပြီတကား။



၅၁။ သင်သည် ပူဆွေးမူသောက နှိပ်စက်နေသော ငါ့အား အဖကြောင့်ဖြစ်သော ပူဆွေးမူသောကကို ပယ်ဖျောက်ပါပေ၏၊ သင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမူသောက တည်းဟူသော ဆူးငြောင့်ကို နုတ်ပေပြီတကား။



၅၂။ ငါသည် ပူဆွေးမူသောကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ (ဟု ဆို၏)။



၅၃။ သုဇာတသည် ဖခင်ကို ပူဆွေးခြင်းမှ ဆုတ်နစ်စေသကဲ့သို့ ဤအတူ သနားစောင့်ရှောက်တတ်သော ပညာရှိတို့သည် (အဖ၏၎င်း၊ တပါးသောသူတို့၏၎င်း ပူဆွေးမူသောကမှဆုတ်နစ်စေခြင်းကို) ပြုလုပ်ကြကုန်၏ (ဟု မြတ်စွာဘုရား ဟော်တော်မူ၏)။



ရှစ်ခုမြောက်သော ဂေါဏပေတ၀တ္ထု ပြီး၏။

၇ - သတ္တပုတ္တခါဒပေတိဝတ္ထု

၃၅။ သင်သည် အ၀တ်လည်း မပါ၊ စက်ဆုပ် ရွံရှာဖွယ် အဆင်းလည်း ရှိ၏၊ မကောင်းသော အနံ့ရှိသည်ဖြစ်၍ အပုပ်နံ့လိုင်ဘိ၏၊ ယင်ကောင်တို့ဖြင့် ၀ိုင်းအုံလျက် ဤအရပ်၌ ရပ်သော သင်သည် အဘယ်သူနည်း (ဟု သံဃာ့မဟာထေရ်က မေး၏)။



၃၆။ အရှင်ဘုရားတို့ အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျွမ်းဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမူ အကုသိုလ်ကံကို ပြုမိခဲ့ခြင်းကြောင့် ဤလူ့လောကမှ ပြိတ္တာလောကသို့ ရောက်ရပါ၏။



၃၇။ အကျွန်ုပ်သည် နံနက်ကာလ၌ သားခုနှစ်ယောက်တို့ကို၎င်း၊ ညနေချမ်းအခါ၌ အခြားသားခုနှစ်ယောက်တို့ကို၎င်း ဖွားမြင်ပြီးလျှင် (ထိုသားတို့ကို) ခဲစားရပါ၏၊ ထိုသားတဆယ့်လေးယောက်တို့ ပင်သော်လည်း အကျွန်ုပ်အား (ဆာလောင်မွတ်သိပ်မူကို ပယ်ဖျောက်ရန်) မစွမ်းနိုင်ပါ။



၃၈။ အကျွန်ုပ်၏ နှလုံးသားသည် ဆာလောင်ခြင်းဖြင့် ပူလောင်ပါ၏၊ အခိုးတထောင်းထောင်း ထသကဲ့သို့ ဖြစ်၏၊ နေပူ၍ မီးလောင်သကဲ့သို့ ငြိမ်းအေးခြင်းကို မရခဲ့ပါ (ဟုလျှောက်၏)။



၃၉။ သင်သည် ကိုယ်ဖြင့်၎င်း၊ နူတ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် မွေးဖွားသော သားတို့၏ အသားတို့ကို စားရဘိသနည်း (ဟုမေး၏)။



၄၀။ အရှင်ဘုရား အကျွန်ုပ်အား သားနှစ်ယောက်ရှိပါ၏၊ သားနှစ်ယောက်တို့သည် အရွယ်သို့ ရောက်ပါကုန်၏၊ ထိုတပည့်တော်မသည် သားတည်းဟူသော အားနှင့် ပြည့်စုံ၍ လင်ကို မထေမဲ့မြင် ပြုခဲ့ပါ၏။



၄၁။ အရှင်ဘုရား အကျွန်ုပ်၏ လင်သည် စိတ်ဆိုး၍ မယားအငယ်ကို ဆောင်ယူခဲ့ပါ၏၊ ထိုလင်တူ မိန်းမ မယားငယ်သည်လည်း ကိုယ်ဝန်ကို ရခဲ့ပါ၏၊ ထိုလင်တူမိန်းမ မယားငယ်အပေါ်၌ ယုတ်မာသော အမူကို အားထုတ်ခဲ့ပါ၏။



၄၂။ ထိုအကျွန်ုပ်သည် ပြစ်မှားသော စိတ်ဖြင့် ကိုယ်ဝန်ချခြင်းကို ပြုခဲ့ပါ၏၊ ထိုလင်တူ မိန်းမ မယားငယ်၏ သုံးလရှိသာ ကိုယ်ဝန်သည် သွေးပြည်ဖြစ်၍ ကျ၏။



၄၃။ ထိုအခါဝယ် ထိုလင်တူ မိန်းမ၏ အမိသည် အမျက်ထွက်၍ အကျွန်ုပ်၏ ဆွေမျိုးတို့ကို စုဝေးစေပါ၏၊ အကျွန်ုပ်၏ ကျိန်စာဆိုခြင်းကိုလည်း ပြုစေခဲ့ပါ၏၊ အကျွန်ုပ်ကို ဘေးဖြင့်လည်း ကြောက်မက်ဖွယ်ရာ ကျိန်ဆိုစေပါ၏။



၄၄။ ထိုအကျွန်ုပ်သည် “အကယ်၍ ထိုကိုယ်ဝန်ချခြင်းကို ငါပြုမိသည် ဖြစ်ပါမူ ငါ့သား၏ အသားတို့ကို ခဲစားရပါစေသား” ဟု ကြမ်းတမ်းသော ကျိန်စာကို၎င်း မုသားစကားကို၎င်း ဆိုခဲ့ပါ၏။



၄၅။ ထို (ကိုယ်ဝန်ချသော ပါဏာတိပါတ) ကံ၏၎င်း၊ မုသားစကား ပြောဆိုခြင်း၏၎င်း နှစ်ပါးသော ကံအကျိုးကြောင့် သွေးပြည်တို့ဖြင့် လိမ်းကျံသော မွေးဖွားသော သား၏ အသားတို့ကို စားရပါ၏ (ဖြေကြား လျှောက်ထား၏)။



ခုနှစ်ခုမြောက်သော သတ္တပုတ္တခါဒပေတိဝတ္ထု ပြီး၏။

Thursday 11 August 2011

၆ - ပဉ္စပုတ္တခါဒပေတ၀တ္ထု

၂၆။ သင်သည် အ၀တ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းလည်း ရှိ၏၊ မကောင်းသော အနံ့ရှိသည်ဖြစ်၍ အပုပ်နံ့လိုင်ဘိ၏၊ ယင်ကောင်တို့ဖြင့် ၀ိုင်းအုံလျက် ဤအရပ်၌ ရပ်တည်နေသော သင်သည် အဘယ်သူနည်း (ဟု သံဃာ့မဟာထေရ်က မေး၏)။



၂၇။ အရှင်ဘုရားကို အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျွမ်းဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမူ အကုသိုလ်ကံကို ပြုမိခဲ့ခြင်းကြောင့် ဤလူ့ လောကမှ ပြိတ္တာလောကသို့ လားရောက်ရပါ၏။



၂၈။ အကျွန်ုပ်သည် နံနက်ကာလ၌ သားငါးယောက်တို့ကို၎င်း၊ တဖန် ညနေချမ်းအခါ၌ အခြားသားငါးယောက်တို့ကို၎င်း ဖွားမြင်ပြီးလျှင် (ထိုသားတို့ကို) ခဲစားရပါ၏၊ ထိုသားဆယ်ယောက်တို့ပင်သော်လည်း အကျွန်ုပ်အား (ဆာလောင်မွတ်သိပ်မူကို ပယ်ဖျောက်ရန်) မစွမ်းနိုင်ပါ။



၂၉။ အကျွန်ုပ်၏ နှလုံးသားသည် ဆာလောင်ခြင်းဖြင့် ပူလောင်လှပါ၏၊ အခိုးတထောင်းထောင်း ထသကဲ့သို့ ဖြစ်ပါ၏၊ ရေကို မျိုသောက်ရန် မရပါ၊ ဆင်းရဲ ပျက်စီးခြင်းသို့ ရောက်နေရသော အကျွန်ုပ်ကို ကြည့်ရူတော်မူပါလော့ (ဟု လျှောက်၏)။



၃၀။ သင်သည် ကိုယ်ဖြင့်၎င်း၊ နူတ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် (မွေးဖွားသော) သားတို့၏ အသားတို့ကို စားရဘိသနည်း (ဟုမေး၏)။



၃၁။ (အရှင်ဘုရား) အကျွန်ုပ်၏ လင်တူမိန်းမသည် ကိုယ်ဝန် ရှိခဲ့ပါ၏၊ ထိုလင်တူ မိန်းမ၏ အပေါ်၌ ယုတ်မာသော အမူကို အားထုတ်ခဲ့ပါ၏၊ ထိုအကျွန်ုပ်သည် ပြစ်မှားလိုသော စိတ်ဖြင့် ကိုယ်ဝန်ချခြင်းကို ပြုခဲ့ပါ၏။



၃၂။ ထိုလင်တူ မိန်းမ၏ နှစ်လရှိသော ကိုယ်ဝန်သည် သွေးဖြစ်ပြီးလျှင် ယိုစီးကျပါ၏၊ ထိုအခါဝယ် ထိုလင်တူ မိန်းမ၏ အမိသည် အကျွန်ုပ်အား အမျက်ထွက်သည်ဖြစ်၍ ဆွေမျိုးတို့ကို စုဝေးစေပါ၏၊ အကျွန်ုပ်အား ကျိတ်စာဆိုခြင်းကိုလည်း ပြုစေပါ၏၊ အကျွန်ုပ်ကို ဘေးဖြင့်လည်း ကြောက်မက်ဖွယ်ရာ ကျိန်ဆိုစေပါ၏။



၃၃။ ထိုအကျွန်ုပ်သည် “အကယ်၍ ထိုကိုယ်ဝန်ချခြင်းကို ငါပြုမိသည်ဖြစ်ပါမူ ငါ့သား၏ အသားတို့ကို ခဲစားရပါစေသား”ဟု ကြမ်းတမ်းသော ကျိန်စာကို၎င်း၊ မုသားစကားကို၎င်း ပြောဆိုခဲ့ပါ၏။



၃၄။ ထို (ကိုယ်ဝန်ချသော ပါဏာတိပါတ) ကံ၏၎င်း၊ မုသားစကား ပြောဆိုခြင်း၏ ၎င်း နှစ်ပါးစုံသော ကံအကျိုးကြောင့် ပြည်သွေးတို့ဖြင့် လိမ်းကျံသော (မွေးဖွားသော) သား၏ အသားတို့ကို ခဲစားရပါ၏ (ဟု ဖြေကြား လျှောက်ထား၏)။



ခြောက်ခုမြောက်သော ပဉ္စပုတ္တခါဒပေတိဝတ္ထု ပြီး၏။

၅ - တိရောကုဋ္ဋပေတ၀တ္ထု

၁၄။ (ပြိတ္တာတို့သည်) မိမိအိမ်သို့ လာကြ၍ နံရံပြင်ဘက်တို့၌၎င်း၊ လမ်းဆုံလမ်းခွ အိမ်ခြံစပ်တို့၌၎င်း တံခါးဝ တံခါးပေါက်တို့၌၎င်း ရပ်တည်နေကြကုန်၏။



၁၅။ များစွာသော ထမင်း အဖျော် ခဲဖွယ်ဘောဇဉ်တို့ကို (လှူဒါန်းရန်) ပြုစီရင်သော်လည်း ထို(ပြိတ္တာ) သတ္တ၀ါတို့၏ ကံအကြောင်းကြောင့် (ထိုပြိတ္တာ သတ္တ၀ါတို့ကို) တစုံတယောက်သော သူကမျှ အမှတ်မရချေ။



၁၆-၇။ သနားတတ်သော အကြင်သူတို့သည် ဆွေမျိုးပြိတ္တာတို့ ကပ်ရောက်လာသောအခါ စင်ကြယ်မွန်မြတ်၍ လျောက်ပတ်သော အဖျော်ဘောဇဉ်ကို “ဤအလှူဝတ္ထုသည် သင်ဆွေမျိုးဖြစ်သော ပြိတ္တာတို့အား ဖြစ်စေသတည်း၊ ဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ချမ်းသာကြစေကုန်သတည်း” ဟု မိတ်ဆွေအမျိုး ပြိတ္တာတို့အတွက် ရည်ညွှန်း၍ ပေးလှူကုန်၏၊ ထိုဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ထိုအရပ်သို့ ညီညွတ်ပေါင်းဆုံ၍ လာရောက်ကြကုန်ပြီးလျှင် များစွာသော ထမင်းအဖျော်ကို (မိမိတို့အား ရည်ညွှန်း၍ ပေးလှူအပ်သည်ရှိသော်) ၀မ်းမြောက် ၀မ်းသာ အနုမောဒနာ ပြုကုန်၏။



၁၈။ အကြင် ဆွေမျိုးတို့၏ (ပေးလှူခြင်းဟူသော) အောကာင်းကြောင့် (စည်းစိမ်ချမ်းသာကို) ငါတို့ ရကြကုန်၏၊ ငါတို့၏ အကျိုးငှါလည်း ပူဇော်မူကို ပြုကြကုန်၏၊ ပေးလှူသူ ဆွေမျိုးတို့သည်လည်း အကျိုးကြီးကုန်၏၊ ငါတို့၏ ထိုဆွေမျိုးတို့သည် အသက်ရှည်ပါ ကုန်သတည်း။



၁၉။ ထိုပြိတ္တာဘုံ၌ လယ်ထွန်ခြင်းလည်း မရှိ၊ နွားကျောင်းခြင်းလည်း မရှိ၊ ထိုပြိတ္တာဘုံ၌ စည်းစိမ်ဥစ္စာရကြောင်း ကုန်သွယ်မူလည်း မရှိ၊ ရွှေငွေဖြင့် ရောင်းဝယ်မူလည်း မရှိ၊ တမလွန်ဘ၀သို့ ပြောင်းသွားကုန်သော ပြိတ္တာတို့သည် ဤလူ့ဘုံမှ (ဆွေမျိုး မိတ်ဆွေတို့) ပေးကမ်းအပ်သော အကုသိုလ်အဘို့ဖြင့် ထိုပြိတ္တာဘုံ၌ မျှတကုန်၏။



၂၀။ ကုန်းမြင့်ရာအရပ်၌ ရွာသော မိုးရေသည် ချိုင့်ဝှမ်းရာ အရပ်သို့ စီးသွားသကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဘို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။



၂၁။ ရေပြည့်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သောကုသိုလ်အဘို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။



၂၂။ ဤသူကား ငါ့အား ဥစ္စာကို ပေးဘူးပြီ၊ ငါ၏ (ကိစ္စကို) ပြုဘူးပြီ ဟူ၍ (ရှေးက ပြုဘူးသည်ကို) ၎င်း ဤသူကား ငါ၏ ဆွေမျိုးတည်း၊ ငါ၏ မိတ်ဆွေတည်း၊ ငါ၏ ခင်ပွန်းတည်းဟူ၍၎င်း ရှည်ကြာမြင့်စွာသော ကာလပတ်လုံး အောက်မေ့သူသည် ပြိတ္တာတို့အကျိုးငှါ မြတ်သော အလှူကို ပေးလှူရာ၏။



၂၃။ ငိုကြွေးခြင်းသည်၎င်း၊ စိုးရိမ်ခြင်းသည်၎င်း၊ ထိုမှတပါး ပြောဆိုမြည်တမ်းခြင်းသည်၎င်း ပြိတ္တာတို့၏ အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည်ကား ငိုကြွေး နေကြကုန်၏။



၂၄။ (တမလွန်ဘ၀သို့ ပြောင်းသွားသူကို ရည်စူးလျက်) သံဃာ၌ ကောင်းစွာ တည်၍ ပေးလှူအပ်သော ဤလှူသည် ပြိတ္တာ၏ ရှည်ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာ ဖြစ်ခြင်းအကျိုးငှါ တခဏချင်း ကပ်ရောက်နိုင်၏။



၂၅။ တမလွန်ဘ၀သို့ ပြောင်းသွားသူကို ရည်စူး၍ ပေးလှူခြင်းဟူသော ဤသဘောကို ဆွေမျိုးတို့၌ ပြုရသော ၀တ်တရားဟူ၍ ညွှန်ပြအပ်၏၊ ပြိတ္တာတို့အား မြတ်သော ပူဇော်ခြင်းကို ပြုအပ်သည်လည်း မည်၏၊ ရဟန်းတို့အား ခွန်အားကို ပေးအပ်သည်လည်း မည်၏၊ သင်တို့သည် ကြီးကျယ်သော ကုသိုလ်ကို ပွါးများ ဆည်းပူးအပ်သည်လည်း မည်၏ (ဟု ဟောတော်မူ၏)။



ငါးခုမြောက်သော တိရောကုဋ္ဋပေတ၀တ္ထု ပြီး၏။

၎ - ပိဋ္ဌဓိတလိကပေတ၀တ္ထု

၁၀-၁။ နှမြောဝန်တိုမူ မရှိသူသည် မင်္ဂလာစသည်တို့တွင် တစုံတခုကို အကြောင်းပြု၍ ဖြစ်စေ သေပြီးသူတို့ကို အကြောင်းပြု၍ ဖြစ်စေ၊ ထိုမှတပါး အိမ်စောင့်နတ် စသည်တို့ကို အကြောင်းပြု၍ ဖြစ်စေ ကုဝေရနတ်၊ ဓတရဋ္ဌနတ်၊ ၀ိရူပက္ခနတ်၊ ၀ိ၇ူဠှကနတ်ဟူသော လောကကို စောင့်ရှောက်ကုန်သော များသော အခြံအရံရှိကုန်သော နတ်မင်းကြီး လေးယောက်တို့ကို အကြောင်းပြု၍ ဖြစ်စေ အလှူဒါနကို ပေးလှူရာ၏၊ ဤသို့ ပေးလှူသည်ရှိသော် နတ်မင်းကြီး လေးယောက် အိမ်စောင့်နတ် စသည်နှင့် သေလွန်ပြီးသူတို့ကိုလည်း ပူဇော်အပ်သည် မည်ကုန်၏၊ ပေးလှူသူ ဒါယကာတို့သည်လည်း အကျိုးကြီးကုန်၏။



၁၂။ ငိုကြွေးခြင်းသည်၎င်း၊ စိုးရိမ်ပူဆွေးခြင်းသည်၎င်း၊ ထိုမှတပါးသော အကြင်ပြောဆို မြည်တမ်းခြင်းသည်၎င်း ပြိတ္တာတို့၏ အကျိုးငှါမဟုတ်၊ (သို့သော်) ဆွေမျိုးတို့ သည်ကား ငိုကြွေးနေကြကုန်၏။



၁၃။ (တမလွန်ဘ၀သို့ ပြောင်းသွားသူကို ရည်စူးလျက်) ပေးလှူအပ်သော အလှူသည် သံဃာ၌ ကောင်းစွာ တည်သည်ဖြစ်၍ ရှည်မြင့်စွာ စီးပွါးချမ်းသာ ဖြစ်ခြင်းအကျိုးငှါ ထိုပြိတ္တာထံသို့ တခဏခြင်း ကပ်ရောက်၏ (ဟု မြတ်စွာဘုရား ဟော်တော်မူ၏)။



လေးခုမြောက်သော ပိဋ္ဌဓိတလိကပေတ၀တ္ထု ပြီး၏။

၎ - ပိဋ္ဌဓိတလိကပေတ၀တ္ထု

၁၀-၁။ နှမြောဝန်တိုမူ မရှိသူသည် မင်္ဂလာစသည်တို့တွင် တစုံတခုကို အကြောင်းပြု၍ ဖြစ်စေ သေပြီးသူတို့ကို အကြောင်းပြု၍ ဖြစ်စေ၊ ထိုမှတပါး အိမ်စောင့်နတ် စသည်တို့ကို အကြောင်းပြု၍ ဖြစ်စေ ကုဝေရနတ်၊ ဓတရဋ္ဌနတ်၊ ၀ိရူပက္ခနတ်၊ ၀ိ၇ူဠှကနတ်ဟူသော လောကကို စောင့်ရှောက်ကုန်သော များသော အခြံအရံရှိကုန်သော နတ်မင်းကြီး လေးယောက်တို့ကို အကြောင်းပြု၍ ဖြစ်စေ အလှူဒါနကို ပေးလှူရာ၏၊ ဤသို့ ပေးလှူသည်ရှိသော် နတ်မင်းကြီး လေးယောက် အိမ်စောင့်နတ် စသည်နှင့် သေလွန်ပြီးသူတို့ကိုလည်း ပူဇော်အပ်သည် မည်ကုန်၏၊ ပေးလှူသူ ဒါယကာတို့သည်လည်း အကျိုးကြီးကုန်၏။



၁၂။ ငိုကြွေးခြင်းသည်၎င်း၊ စိုးရိမ်ပူဆွေးခြင်းသည်၎င်း၊ ထိုမှတပါးသော အကြင်ပြောဆို မြည်တမ်းခြင်းသည်၎င်း ပြိတ္တာတို့၏ အကျိုးငှါမဟုတ်၊ (သို့သော်) ဆွေမျိုးတို့ သည်ကား ငိုကြွေးနေကြကုန်၏။



၁၃။ (တမလွန်ဘ၀သို့ ပြောင်းသွားသူကို ရည်စူးလျက်) ပေးလှူအပ်သော အလှူသည် သံဃာ၌ ကောင်းစွာ တည်သည်ဖြစ်၍ ရှည်မြင့်စွာ စီးပွါးချမ်းသာ ဖြစ်ခြင်းအကျိုးငှါ ထိုပြိတ္တာထံသို့ တခဏခြင်း ကပ်ရောက်၏ (ဟု မြတ်စွာဘုရား ဟော်တော်မူ၏)။



လေးခုမြောက်သော ပိဋ္ဌဓိတလိကပေတ၀တ္ထု ပြီး၏။

၃ - ပူတိမုခပေတ၀တ္ထု

၇။ သင်သည် နတ်၌ဖြစ်သော တင့်တယ်သော အဆင်းကို ဆောင်လျက် ကောင်းကင်ပြင်၌ တည်ဘိ၏၊ အပုပ်နံ့လိုင်သော သင့်ခံတွင်းကို ပိုးတို့စားကုန်၏၊ သင်သည် ရှေးဘ၀က အဘယ်ကံကို ပြုခဲ့သနည်း (ဟု အသျှင်နာရဒက မေး၏)။



၈။ အကျွန်ုပ်သည် ရှေးအခါက ယုတ်မာ၍ အလွန်ကြမ်းထမ်းသော စကားရှိသူ ရဟန်းဖြစ်ခဲ့ပါ၏၊ ခြိုးခြံစွာကျင့်သော သဘောကား ရှိခဲ့ပါ၏၊ နူတ်ဖြင့် မစောင့်စည်းခဲ့ပါ၊ ငါသည် ကိုယ်အကျင့်ကြောင့် နတ်၌ဖြစ်သော ကောင်းမြတ်သော အဆင်းကိုမူ ရခဲ့ပါ၏၊ ကုန်းတိုက်ခြင်းကြောင့် အကျွန်ုပ်ခံတွင်းသည် ပုပ်ရပါ၏။



၉။ အသျှင်နာရ၏ ဤအကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော (သူတပါးကအကျိုးကို ကျင့်ခြင်း၌) လိမ္မာကုန်သော ဘုရားစသော သူတော်ကောင်းတို့သည် “ကုန်းတိုက်သော စကားကို မပြောဆိုလင့် မမှန်စကားကို မပြောဆိုလင့်၊ (ဤသို့ စောင့်စည်းသည်ရှိသော်) သင်သည် လိုလား တောင့်တအပ်သော နတ်စည်းစိမ်၌ မွေ့လျော်ရသော နတ်ဖြစ်ရလတ္တံ့” ဟူသော စကားကို ပြောဆိုကုန်၏၊ (ထိုစကားမျိုးကိုသာ အကျွန်ုပ် ပြောဆိုလိုပါသည်ဟု လျှောက်၏)။



သုံးခုမြောက်သော ပူတိမုခပေတ၀တ္ထု ပြီး၏။

၂ - သူကရမုခပေတ၀တ္ထု

၎။ သင်၏ ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပ၏၊ သင်၏ မျက်နှာသည်ကား ၀က်မျက်နှာနှင့် တူ၏၊ သင်သည် ရှေးဘ၀က အဘယ်ကံကို ပြုခဲ့ဘူးသနည်း ( ဟု အသျှင်နာရဒက မေး၏)။



၅။ အသျှင်နာရဒ ရှေးဘ၀က အကျွန်ုပ်သည် ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ နူတ်ဖြင့်မူကား မစောင့်စည်းခဲ့ပါ၊ ထို့ကြောင့် အကျွန်ုပ်၏ အဆင်းသည် အရှင်ဘုရား မြင်ရသည့်အတိုင်း ရွှေအဆင်း မျက်နှာကား ၀က်မျက်နှာနှင့် တူသော အဆင်း ရှိပါ၏။



၆။ အသျှင်နာရဒ ထိုကြောင့် အကျွန်ုပ်သည် အရှင့်အား ပြောဆိုလိုပါ၏၊ ဤအဖြစ်သနစ်ကို အရှစ်ဘုရားကိုယ်တိုင်မြင်ရပါပြီ၊ နူတ်ဖြင့် မကောင်းမူကို မပြုပါလင့်၊ ၀က်မျက်နှာနှင့်တူသူ မဖြစ်ပါစေလင့် (ဟု ပြိတ္တာက ဖြေဆို၏)။



နှစ်ခုမြောက်သော သူကရမုခပေတ၀တ္ထု ပြီး၏။

ခုဒ္ဒကနိကာယ် (ပေတ၀တ္ထုပါဠိတော်) မြန်မာပြန်

၁ - ဥရဂ၀ဂ် (၁ - ခေတ္တူပမပေတ၀တ္ထု)



၁။ ရဟန္တာအရှင်တို့သည် လယ်မြေကောင်းနှင့် တူကုန်၏၊ ပေးလှူတတ်သူတို့သည် လယ်လုပ်သားနှင့် တူကုန်၏၊ လှူဖွယ်ဝတ္ထုသည် မျိုးစေ့နှင့် တူ၏၊ ဤ (ပေးတတ်သူ အလှူခံပုဂ္ဂိုလ် လှူဖွယ်ဝတ္ထုကို စွန့်ကြဲပေးကမ်းခြင်း) ဟူသော အကြောင်းသုံးပါးမှ အကျိုးတရား ဖြစ်ပေါ်လာ၏။



၂။ (လှူဖွယ်ဝတ္ထု ဟူသော) မျိုးစေ့ (စွန့်ကြဲပေးကမ်းခြင်း ဟူသော) လယ်ထွန်ခြင်း (ရဟန္တာ အရှင်ဟူသော) လယ်မြေ ဤသုံးမျိုးသည် ပြိတ္တာတို့အား၎င်း၊ ပေးလှူတတ်သူ ဒါယကာအား၎င်း (ကျေးဇူးများ၏။) ထိုဒါနအကျိုးကို ပြိတ္တာတို့ သုံးဆောင် ခံစားရကုန်၏၊ ပေးလှူတတ်သူ ဒါယကာသည် ကောင်းမူ (အကျိုး)ဖြင့် တိုးပွား၏။



၃။ ဤ လူ့ပြည်၌ပင်လျှင် ကုသိုလ်ကို ပြုခြင်းကြောင့် ပြိတ္တာတို့ကိုလည်း ပူဇော်ရ၍ ကောင်းမြတ်သော (ဒါနကုသိုလ်) ကံကို ပြုခြင်းကြောင့် နတ်ပြည်လောကသို့လည်း ရောက်ရ၏ (ဟု ဤဂါထာတို့ကို မြတ်စွာဘုရား ရွတ်ဆိုတော်မူ၏)။



ရှေးဦးစွာသော ခေတ္တူပမပေတ၀တ္ထု ပြီး၏။

Wednesday 10 August 2011

၁၁ - သုနိက္ခိတ္တ၀ိမာန၀တ္ထု

၁၂၈၂။ နတ်သား ပတ္တမြားတိုင်းရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့် နှစ်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင် ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းလျွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။



၁၂၈၃။ (သင်နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်း သောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည်လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ် အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည်လည်း ကကြကုန်၏။



၁၂၈၄။ (နတ်သား) အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်နတ်သား၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၂၈၅။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၂၈၆။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား၏။



၁၂၈၇။ အာနုဘော်ကြီးသော အရှင်ရဟန်း ရှေးဘ၀က ကောင်းသော စကားကို ဆိုတော်မူတတ်သော (ကဿပ) မြတ်စွာဘုရား၏ ပုထိုးစေတီတော်၌ မကောင်းသဖြင့် တင်ထားသော ပန်းကို ကောင်းစွာ ပြုပြင်၍ တင်ထားလိုက်ခြင်းကြောင့် ကြီးမြတ်သော တန်ခိုးလည်း ရှိပါ၏၊ ကြီးမြတ်သော အာနုဘော်လည်း ရှိပါ၏၊ နတ်၌ဖြစ်သော ကာမဂုဏ်တို့နှင့်လည်း ပြည့်စုံရပါ၏။



၁၂၈၈။ အရှင်ဘုရား ထိုကိုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့ တောက်ပသော အရောင်အဆင်း ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤအရပ်၌ ကောင်းကျိုး ပြည့်စုံပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် ဖြစ်ကုန်သော စည်းစိမ်အားလုံးတို့သည်လည်း ဖြစ်ပေါ်ပါကုန်၏။



၁၂၈၉။ အာနုဘော်ကြီးသော ရဟန်း အရှင်ဘုရားအား အကျွန်ုပ်သည် ဖြေကြားပါ၏၊ အကျွန်ုပ်သည် လူဖြစ်ခဲ့စဉ်က မကောင်းသဖြင့် တင်ထားသော ပန်းကို ကောင်းစွာ ပြုပြင်တင်ထားခြင်း ကုသိုလ်ကံကို ပြုခဲ့ဘူးပါ၏၊ ထိုကုသိုလ်ကံကြောင့် ဤသို့ တောက်ပသော တန်ခိုးအာနုဘော် ရှိပါ၏၊ ထိုကိုသိုလ်ကံကြောင့် ဤသို့ တောက်ပသော တန်ခိုးအာနုဘော် ရှိပါ၏၊ ထိုကုသိုလ်ကံကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းပပါ၏။



တဆယ့်တခုမြောက်သော သုနိက္ခိတ္တ၀ိမာန၀တ္ထု ပြီး၏။



ခုနှစ်ခုမြောက်သော သုနိက္ခိတ္တ၀ဂ် ပြီး၏။



ယောက်ျားတို့၏ သုံးခုမြောက်သော ၀ဂ်ကို ဆိုအပ်၏။



လေးခုမြောက်သော ဘာဏ၀ါရ ပြီး၏။



ဝိမာန၀တ္ထု (ဗိမာန်အကြောင်း) မြန်မာပြန် ပြီး၏

၁၀ - သေရီသက၀ိမာန၀တ္ထု

၁၂၂၈။ အရှင်ဘုရားတို့ နာတော်မူကြပါကုန်၊ အကြင်သဲကန္တာရခရီး၌ (လမ်းမှားပြီးသွားသော) ထိုအခါဝယ် နတ်သားနှင့် ကုန်သည်တို့ ပေါင်းဆုံမိခြင်း ဖြစ်ခဲ့ပါ၏၊ ထိုနတ်သားနှင့် ကုန်သည်တို့ အပြန်အလှန် ကောင်းစွာပြောဆိုအပ်သော ထိုစကားကိုလည်း ပြောဆိုသည့်အတိုင်း အားလုံးသော အရှင်ဘုရားတို့ နာတော်မူကြပါကုန်။



၁၂၂၉။ အရှင်ဘုရားတို့ အကြင်ပါယာသိရာဇညမင်းသည် ဘုမ္မစိုးနတ်တို့ အသင်းဝင်၏ အပေါင်းအဖော်အဖြစ်သို့ ရောက်၏၊ ကျော်စောခြင်း ရှိပါ၏၊ နတ်ဖြစ်နေသော ထိုပါယာသိရာဇညသည် မိမိဗိမာန်၌ ၀မ်းမြောက်သည်ဖြစ်၍ လူတို့ကို ပြောဆိုပါ၏။



၁၂၃၀။ (တောသို့ ၀င်ကုန်သော လူတို့ အသက်ရှင်ပါကုန်အံ့လော၊ သေရကုန်အံ့လော) ဟု တွေးတောယုံမှားရာဖြစ်၍ မြေဘုတ်ဘီလူး အစရှိသည်တို့၏ သွားလာရာ ဖြစ်သော ရေမရှိသော အစာမရှိသော ကူးမြောက်ရန် အလွန်ခက်ခဲသော သဲကန္တာရ အလယ်၌ တွေးတောယုံမှားမူတို့ကြောင့် ကြောက်လန့်၍ စိတ်နှလုံးပျက်ကုန်သော အိုလူများတို့ ...



၁၂၃၁။ ဤသဲကန္တာရ၌ သစ်သီးတို့သည်၎င်း၊ အမြစ်အဥတို့သည်၎င်း မရှိကုန်၊ ဤသဲကန္တာရ၌ မီးလောင်စာထင်းမျှသော်လည်း မရှိ၊ ကျယ်ဝန်း ပူလောင် ကြမ်းထမ်းကုန်သော မြေမူန့်တို့နှင့် သဲတို့မှတပါး လူတို့စားရန် အစာအဘယ်မှာ ရှိမည်နည်း။



၁၂၃၂။ ကျတ်တီးပြင် ကုန်းခေါင်ခေါင်ဖြစ်၍ သံအိုးကင်းပူကဲ့သို့ ချစ်ချစ်တောက် ပူလောင်သော ချမ်းသာမူ မရှိခြင်းကြောင့် အသက်ကို ဖျက်ဆီးတတ်သော ငရဲနှင့်လည်း တူသော ဤသဲကန္တာရအရပ်သည် ကြမ်းကြုတ်ကုန်သော မြေဘုတ်ဘီလူးအစရှိသည်တို့၏ နေရာဟောင်း ဖြစ်၏၊ မြေအရပ်သည် (ဤသို့ ခေါင်းပါးစေ ကြမ်းသော အခြင်းအရာရှိစေ) ဟု ရှေးက ရသေ့တို့ ကျိန်ဆဲထားသည်နှင့် တူ၏။



၁၂၃၃။ ထိုသို့ ဖြစ်လျက် သင်တို့သည် အဘယ်အကြောင်းကြောင့် အဘယ်ကို တောင့်တကုန်၍ ဤအရပ်သို့ ၀င်လာကြကုန်သနည်း၊ အဆောတလျင် (အကျိုးအပြစ်ကို) မစူးမစမ်းပဲ ၀င်လာကုန်သလော၊ လောဘကြောင့်သော်လည်း ၀င်လာကုန်သလော၊ ဘေးရန်ကြောင့်သော်လည်း ၀င်လာကုန်သလော၊ သို့မဟုတ် လမ်းမှား၍သော်လည်း ၀င်လာကုန်သလော (ဟု နတ်သားက ကုန်သည်များကို မေး၏)။



၁၂၃၄။ မဂဓတိုင်း အင်္ဂတိုင်းတို့၌ နေကုန်သော လှည်းကုန်သည် ဖြစ်ကြသော ထို အကျွန်ုပ်တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တကုန်လျက် များစွာသော ဘဏ္ဍာကို (လှည်းထက်၌ တင်ကုန်၍) သိန္ဓုအရပ် သောဝိရအရပ်သို့ သွားကြပါကုန်၏။



၁၂၃၅။ နေ့အခါ၌ ရေမွတ်သိပ်ခြင်းကို သည်းမခံနိုင်ကုန်သည်ဖြစ်၍ နွားအစရှိကုန်သော သတ္တ၀ါတို့အား ချီးမြှောက် ထောက်ပံ့မူကိုလည်း ကောင်းစွာ ရူဆင်ခြင်ကုန်လျက် အခါမဟုတ်သော ညဉ့်၌ ခရီးသွားကုန်သော အကျွန်ုပ်တို့ အားလုံးသည် ဤသို့သော အဟုန်ဖြင့် သွားကြပါကုန်၏။



၁၂၃၆။ ခရီးလမ်းမှားကို သွားကုန်၍ ချွတ်လွဲသော ခရီးရှိကုန်သောကြောင့် သူကန်းကဲ့သို့ နှောက်ယှက်ကုန်သည်ဖြစ်၍ (ခရီးမှားသဖြင့်) စိတ်ပျက်ကုန်သော ထိုအကျွန်ုပ်တို့သည် တော၌ ထွက်မြောက်ရန် အလွန်ခဲယဉ်းသော သဲကန္တာရ ခရီးအလယ်တွင် ပြင်းစွာတွေဝေသော စိတ်ရှိကုန်သည်ဖြစ်၍ သွားရမည့်အရပ်ကို မသိနိုင်ကြပါကုန်။



၁၂၃၇။ နတ်သား ရှေးက မမြင်ဘူးသော ဤဗိမာန်မြတ်ကို၎င်း၊ သင်နတ်သားကို၎င်း၊ မြင်ရခြင်းကြောင့် ရှေးကထက်အလွန် အသက်ကို တောင့်တကြပါကုန်၏၊ (သင့်ကို) မြင်ရခြင်းကြောင့် ရွှင်လန်းကြပါကုန်၏၊ ၀မ်းသာကြပါကုန်၏၊ တက်ကြွကြပါကုန်၏ (ဟု ကုန်သည်များက ပြောဆို၏)။



၁၂၃၈။ (ကုန်သည်တို့) သင်တို့သည် ဥစ္စာစည်းစိမ်ဟူသော အကြောင်းကြောင့် သမုဒ္ဒရာ၏ ကမ်းတဖက်သို့၎င်း၊ ဤသဲကန္တာရခရီးခဲသို့၎င်း၊ ကြိမ်နွယ်တို့ဖြင့်ဖွဲ့၍ သွားအပ်သော ခရီးသို့၎င်း၊ သစ်ငုတ်တံသင်းတို့ကို နုတ်၍ သွားအပ်သော ခရီးသို့၎င်း၊ ထိုမှတပါး မြစ်တို့သို့၎င်း၊ တောင်တို့၏ မညီမညွတ်သော အရိပ်တို့သို့၎င်း ဤများစွာသော အရပ်မျက်နှာတို့ကို သွားကြရကုန်၏။



၁၂၃၉။ (ကုန်သည်တို့) သင်တို့သည် တပါးသော မင်းတို့၏ နိုင်ငံသို့ ၀င်ကုန်၍ တိုင်းတပါးသားတို့ကို ကြည့်ရူလျက် (သွားကြကုန်၏။) ဤသို့သော နည်းဖြင့် (ရောက်ပေါက်ကုန်သော) သင်တို့ ကြားဘူးမြင်ဘူးသော အံ့သြဖွယ်ကို သင်တို့ထံမှ ကြားနာလိုပါကုန်၏ (ဟု နတ်သားက ပြောဆို၏)။



၁၂၄၀။ နတ်သား ဤသင့်ဗိမာန်နှင့် သင်နတ်သားထက် အထူးသဖြင့် အံ့သြချီးမွမ်းဖွယ်ကို အကျွန်ုပ်တို့ ကြားလည်း မကြားစဘူး၊ မြင်လည်း မမြင်စဘူးပါ၊ လူတို့၏ အဆင်းပုံစံကို လွန်သော ပြည့်စုံသော အဆင်းရှိသသော (သင်နတ်သားနှင့် တကွ) အလုံးစုံသော (ဗိမာန်စသော စည်းစိမ်) ကို မြင်ကြရကုန်၍ မရောင့်ရဲနိုင်ကြပါကုန်။



၁၂၄၁။ များသော ပန်းရှိကုန်သော များသော ကြာပုဏ္ဍရိတ်ရှိကုန်သော ရေကန်တို့သည် ကောင်းကင်ပြင်ဝယ် စီးသွားကုန်၏၊ သင်၏ ဤသစ်ပင်တို့သည်လည်း အခါခပ်သိမ်း အသီးနှင့် ပြည့်စုံကုန်သည်ဖြစ်၍ မွှေးကြိုင်သော ရနံ့တို့သည် အလွန်လျှင် ပျံ့လိုင်ကုန်၏။



၁၂၄၂။ အတောင်တရာ မြင့်ကုန်သော ကြောင်မျက်ရွဲတိုင်တို့၎င်း၊ အမြှောင့်ရှည်ကုန်သော ကျောက်တိုင်သန္တာတိုင်တို့၎င်း၊ ပတ္တမြားနီနှင့်တကွ ပတ္တမြားပြောက်တိုင်တို့၎င်း၊ ဇောတိရသ ကျောက်မျက်ရတနာဖြင့် ပြီးသော တိုင်တို့၎င်း ဤတိုင်တို့သည် (ရှိကြကုန်၏)။



၁၂၄၃။ ထိုတိုင်တို့၏ အထက်၌ သီတိုင်တထောင် တည်ရှိသော မနိုင်းယှဉ်အပ်သော အာနုဘော်လည်းရှိသော ရတနာအမျိုးမျိုးတို့နှင့် ယှဉ်၍ ရွှေပွတ်တိုင်တို့ဖြင့် ၀န်းရံအပ်သော အမျိုးမျိုးသော ရတနာတို့ဖြင့်ပြီးသော အမိုးတို့ဖြင့် ကောင်းစွာမိုးအပ်သော သင်၏ ဤဗိမာန်သည် ကောင်းလှပါပေ၏။



၁၂၄၄။ သင်၏ ဤဗိမာန်သည် ဦးသစ်သော ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့ ထွက်သော အရောင်အလျှံ ရှိ၏၊ ထိုဗိမာန်၏ ထိုထိုအစိတ်အပိုင်းသည် အလွန်ပြေပြစ် ချောမောလှ၏၊ ပြသာဒ်ဆောင် စောင်းတန်း လှေခါး တံကဲမှီပျဉ်တို့နှင့်လည်း ပြည့်စုံပေ၏၊ မြဲမြံခိုင်ခံ့လှ၏၊ အဆင်းလည်း အလွန်လှ၏၊ ကောင်းစွာ စုပေါင်းထားသော အစိတ်အပိုင်းလည်း ရှိ၏၊ အလွန်လျှင် ရူချင်ဖွယ် ကောင်း၏၊ စိတ်နှစ်သက်ဖွယ်လည်း ရှိ၏။



၁၂၄၅။ ရတနာဗိမာန်၏ အတွင်း၌ များစွာသော ထမင်းအဖျော် ရှိ၏၊ (သင်သည်) နတ်သမီးအပေါင်း ခြံရံကာ မုရိုးစည် အာလမ္ဗရစည်နှင့် အခြားတူရိယာတို့၏ အသံတို့ဖြင့် ခြိမ့်ခြိမ့်ညံလျက် ချီးမွမ်းခြင်း (ထုတိမင်္ဂလာမျိုး) ဖြင့် ချီးကျူခံထိုက်သူ ဖြစ်ပါပေ၏။



၁၂၄၆။ မကြံစည်နိုင်သော အာနုဘော်ရှိ၍ ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ထိုသင်သည် နဠိနီမည်သော ကစားရာ ဌာန၌ ဝေဿ၀ဏ်နတ်မင်းကြီးကဲ့သို့ နတ်သမီး အပေါင်းသည် နိုးအပ်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ်ရှိသော ဗိမာန်ပြာသာဒ်မြတ်၌ မွေ့လျော်ရပါပေ၏။



၁၂၄၇။ နတ်သား သင်သည် စတုမဟာရာဇ် နတ်ဖြစ်လေသလော၊ သို့မဟုတ် ပူဇော်အပ်သော နတ်ပင် ဖြစ်လေသလော၊ သို့မဟုတ် နတ်တို့၏ အရှင် သိကြားမင်း ဖြစ်လေသလော၊ လူပင် ဖြစ်လေသလော၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ အကျွန်ုပ်တို့အား ဖြေကြားပါလော့၊ သင်အဘယ်သူ ဖြစ်ပါသနည်း၊ ပူဇော်အပ်သော နတ်ပင်ဖြစ်လေသလော (ဟု ကုန်သည်များက မေး၏)။



၁၂၄၈။ ကုန်သည်တို့ ငါသည် သဲကန္တာရ၌ စောင့်ရှောက်သော ကန္တာရခရီးစောင့် သေရိသကအမည်ရှိသော နတ်ပါတည်း၊ ငါသည် ဝေဿ၀ဏ်နတ်မင်းကြီး၏ စကားကို လိုက်နာရသည်ဖြစ်၍ ဤသဲကန္တာရအရပ်ကို စောင့်ရှောက်ရပါ၏ (ဟု နတ်သားက ဖြေ၏)။



၁၂၄၉။ နတ်သား သင်သည် (ဤဗိမာန်ကို) အကြောင်း မရှိပဲ အလိုလို ရအပ်လေသလော၊ သင်၏ စိတ်ညွတ်မူကြောင့် ဖြစ်လေသလော မိမိကိုယ်တိုင် ပြုလုပ်ထားသလော၊ သို့မဟုတ် နတ်တို့က ပေးပါသလော၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ သင်သည် နှစ်သက်ဖွယ်သော ဤဗိမာန်ကို အဘယ်အကြောင်းကြောင့် ရအပ်သနည်း (ဟု ကုန်သည်များက မေး၏)။



၁၂၅၀။ ကုန်သည်တို့ ငါသည် (ဤဗိမာန်ကို) အကြောင်း မရှိပဲ အလိုလို ရအပ်သည်လည်း မဟုတ်၊ ငါ၏ စိတ်ညွတ်မူကြောင့် ဖြစ်သည်လည်း မဟဟုတ်၊ ငါသည် မိမိကိုယ်တိုင် ပြုလုပ်ထားသည်လည်း မဟုတ်၊ နတ်တို့က ပေးအပ်သည်လည်း မဟုတ်၊ မယုတ်မာသော မိမိဥစ္စာဖြစ်သော ကောင်းမူကံတို့ကြောင့် နှစ်သက်ဖွယ်ရှိသော ဤဗိမာန်ကို ငါရ၏ (ဟု နတ်သားက ဖြေ၏)။



၁၂၅၁။ နတ်သား သင်၏ ဆောက်တည်သော အကျင့်သည် အဘယ်ပါနည်း၊ မြတ်သော အကျင့်သည် အဘယ်ပါနည်း၊ နတ်သား ဤအကျိုးသည် အဘယ်သို့သော အလေ့အကျင့် ကောင်း၏ အကျိုးပါနည်း၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊



၁၂၅၂။ ကုန်သည်တို့ ငါသည် ကောသလတိုင်းသူတို့၏ မင်းအဖြစ်ကို ပြုခဲ့စဉ်အခါက ပါယာသိရာဇညဟူသော အမည်ရှိခဲ့၏၊ အလှူပေးခြင်း၏ အကျိုးသည် မရှိ အယူရှိခဲ့ဘူး၏၊ နှမြော စေးနှဲ ၀န်တိုခဲ့ဘူး၏၊ ယုတ်မာသော အကျင့်လည်း ရှိခဲ့ဘူး၏၊ (သတ္တ၀ါသည် သေသည်မှနောက် ပြတ်၏၊ တမလွန်လောက၌ မဖြစ်ဟူသော ဥစ္ဆေဒဒိဋ္ဌိ) အယူရှိခဲ့ဘူး၏။



၁၂၅၃။ ထိုစဉ်အခါက အကြားအမြင်များ၍ တရားစကားကို ဆန်းကြယ်စွာ ပြောဟောတတ်သော မြင့်မြတ်သော ကုမာရကဿပအမည်ရှိသော ရဟန်းသည်လည်း ရှိခဲ့၏၊ ထိုရဟန်းသည် ငါ့အား တရားစကားကို ပြောခဲ့၏၊ ငါ၏ မှားသော အယူတည်းဟူသော ငြောင့်တန်သင်းတို့ကို ပယ်နုတ်တော်မူခဲ့၏။



၁၂၅၄။ ကုန်သည်တို့ ငါသည် ထိုရဟန်း၏ ထိုတရားစကားကို ကြားနာရ၍ ဥပါသကာ၏ အဖြစ်ကို လျှောက်ကြားခဲ့ဘူး၏၊ သူ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့၏၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခဲ့၏၊ သေအရက် မသောက်မစားခဲ့ဘူးပေ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆိုခဲ့ပေ၊ မိမိမယားဖြင့်သာ ရောင့်ရဲခဲ့ဘူး၏။



၁၂၅၅။ ကုန်သည်တို့ ငါဆောက်တည်၍ ကျင့်သော အကျင့်သည် ထိုဆိုအပ်ခဲ့ပြီးသော အကျင့်ပင်တည်း၊ မြတ်သော အကျင့်သည်လည်း ထိုအကျင့်ပင်တည်း၊ ဤအကျိုးသည် ထိုဆိုအပ်ခဲ့ပြီးသော ကောင်းသော အလေ့အကျင့်၏ အကျိုးတည်း၊ ငါသည် ထိုမယုတ်မာသော ကောင်းမူ ကိုသိုလ်ကံတို့ကြောင့်သာလျှင် ဤဗိမာန်ကို ငါရ၏ (ဟု နတ်သားက ပြောဆို၏)။



၁၂၅၆။ ပညာရှိကုန်သောလူတို့သည် မုန်သောစကားကို ပြောဆိုကုန်သတတ်၊ ပညာရှိကုန်သော သူတို့၏ စကားသည် ဖောက်ပြန်ခြင်း မရှိ၊ ကောင်းမူရှိသော သူသည် အကြင် အကြင်အရပ်သို့ ရောက်အံ့၊ ထိုထိုအရပ်၌ လိုတိုင်းရလျက် မွေ့လျော် စံပျော်ရ၏။



၁၂၅၇။ အကြင် အကြင် အရပ်၌ စိုးရိမ်ပူပန်မူ ငိုကြွေး မြည်တမ်းရမူသည်၎င်း၊ သတ်ဖြတ် ညှဉ်းဆဲမူသည်၎င်း၊ နှောင်ဖွဲ့မူသည်၎င်း၊ ဆိုခဲ့ပြီးသောအကျိုးမဲ့ ဘေးရန်ဖြစ်ခြင်းသည်၎င်း အကြင် အကြင် အရပ်၌ ရှိ၏၊ မကောင်းမူ ကံရှိသော သူသည် ထိုထို အရပ်သို့ ရောက်တတ်၏၊ မကောင်းသော လားရာ “ဒုဂ္ဂတိဘ၀” မှ တခါတရံမျှ မလွန်နိုင် (ဟု ကုန်သည်များက ပြောဆို၏)။



၁၂၅၈။ နတ်သား နတ်အပေါင်းသည် အချင်းခပ်သိမ်း တွေဝေသော သဘောရှိသကဲ့သို့ ဖြစ်၏၊ ဤအခိုက်အတန့် ခဏ၌ပင် ညွန်နစ်ရေကဲ့သို့ နောက်ကျုခြင်း သဘောရှိ၏၊ နတ်သား အဘယ် အကြောင်းကြောင့် သင်၏ ခြွေရံပရိသတ်ဖြစ်သော ဤနတ်အပေါင်းနှင့် သင်နတ်သားအား နှလုံးမသာယာမူ ဖြစ်ရလေသနည်း (ဟု ကုန်သည်များက မေးမြန်း၏)။



၁၂၅၉။ ကုန်သည်တို့ နတ်၌ ဖြစ်ကုန်သော မွှေးကြိုင်ကုန်သော ဤရနံ့တို့သည် ကုက္ကိုတောမှ ထက်ဝန်းကျင် ပျံ့လှိုင်ကုန်၏၊ ထိုအနံ့လိုင်သာ ကုက္ကိုပန်းတို့သည် နေ့၌၎င်း၊ ညဉ့်၌၎င်း အမိုက်မှောင်ကို ပယ်ဖျောက်ကုန်လျက် ဤဗိမာန်ကို ထက်ဝန်ျးကင်မှ ပျံ့လိုင် စေကုန်၏။



၁၂၆၀-၁။ ကုန်သည်တို့ ဤကုက္ကိုပင်တို့၏ အသီးသည် အနှစ်တရာမှ တခုစီ (ရင့်ရော်လျက်) ကြွေကျ၏၊ လူ၏ဖြစ်သော အနှစ်တရာ လွန်သွားပြီ၊ ငါသည် ဤ စတုမဟာရာဇ်နတ်ပြည်၌ အကြင်အခါမှစ၍ ဖြစ်၏၊ ထိုအခါမှစ၍ ငါသည် နတ်၌ ဖြစ်သော အနှစ်ငါးရာတို့ပတ်လုံး ဤဗိမာန်၌ တည်ပြီးလျှင် အသက်အပိုင်းအခြား ကုန်ခြင်းကြောင့်၎င်း၊ ကုသိုလ်ကံကုန်ခြင်းကြောင့်၎င်း သေရတော့လတ္တံ့ဟု မြင်၍ ထို သေရမည်ကို အကြောင်းပြု၍ဖြစ်သော စိုးရိမ်မူ သောကကြောင့် မိန်းမော တွေဝေရ၏ (ဟု နတ်သားက ပြောဆို၏)။



၁၂၆၂။ နတ်သား အကြင်သူတို့သည်ကားအနည်းငယ် တိုတောင်းစွာ ဖြစ်ရကုန်၏၊ ဘုန်းကံနည်းကုန်သော ထိုသူတို့သည်သာလျှင် စိုးရိမ်ကုန်ရာသည် မဟုတ်လော၊ မနိုင်းယှဉ်အပ်သော ဗိမာန်ကို ရ၍ ကြာမြင့်စွာသော ကာလပတ်လုံး နတ်စည်းစိမ်ကို ခံစားလျက်တည်နေသော ထိုသို့ သဘောရှိသော သင်သည် အဘယ် အကြောင်းကြောင့် စိုးရိမ်ရပါသနည်း (ဟု ကုန်သည်များက ဆို၏)။



၁၂၆၃။ ကုန်သည်တို့ သင်တို့သည် ငါ့ကို အကြင် ချစ်မြတ်နိုးဖွယ် စကားကို ဆိုကုန်၏၊ ထိုစကားသည်လည်း ငါ့အား လျောက်ပတ်ပါပေ၏၊ ငါသည်လည်း သင်တို့ကို စောင့်ရှောက်ခဲ့ပြီ၊ သင်တို့ အလိုရှိရာ အရပ်သို့ ချမ်းသာစွာ သွားကြကုန်လော (ဟု နတ်သားက ပြောဆို၏)။



၁၂၆၄။ နတ်သား အကျွန်ုပ်တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တကုန်လျက် သိန္ဓုအရပ် သောဝိရအရပ်သို့ သွားကြပြီးလျှင် ၀န်ခံသည်အားလျော်စွာ လုံ့လရှိကုန်လျက် စွန့်ကြဲမူနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ကြီးမြတ်သော သေရိသက နတ်ပူဇော်ပွဲသဘင်ကို ပြုကြပါကုန်အံ့ (ဟု ကုန်သည်များက ဆို၏)။



၁၂၆၅။ ကုန်သည်တို့ သင်တို့သည် သေရိသက နတ်သားအား ပူဇော်ခြင်းကို မပြုကြကုန်လင့်၊ သင်တို့သည် အကြင် စကားကို ဆိုကုန်၏၊ ထိုပြောဆိုသမျှ စကား အားလုံးသည် သင်တို့ဆိုတိုင်း ဖြစ်လတ္တံ့၊ သင်တို့သည် ယုတ်ညံ့ကုန်သော မကောင်းမူကံတို့ကို ကြဉ်ရှောင်ကြကုန်လော့၊ ဒါနစသော ကုသိုလ်တရား အားထုတ်ခြင်းကိုလည်း ဆောက်တည် ကျင့်သုံးကြကုန်လော့။



၁၂၆၆။ ကုန်သည်တို့ ဤလူအပေါင်းတွင် များသော အကြားအမြင်လည်း ရှိသော သီလအကျင့်တို့နှင့်လည်း ပြည့်စုံသော ယုံကြည်မူ “သဒ္ဓါ” လည်းရှိသော စွန့်ကြဲမူ “စာဂ” လည်းရှိသော သီလကို အလွန်ချစ်မြတ်နိုးသော ထိုထိုကိစ္စကို ပြုခြင်း၌ လိမ်မာသော ရောင့်ရဲလွယ်သော ပစ္စုပ္ပန် တမလွန် နှစ်တန်သော အစီးအပွါးကိုလည်း သိတတ်သော ဥပါသကာသည် ရှိ၏။



၁၂၆၇။ ကုန်သည်တို့ ဥပါသကာသည် သိလျက် မဟုတ် မမှန်သောစကားကို မပြောဆို၊ သူတပါးကို သတ်ဖြတ်ညှဉ်းဆဲခြင်းငှါ မကြံစည်၊ ကွဲပြားကြောင်းဖြစ်သော ကုန်းစကားကို မပြောဆို၊ သိမ်မွေ့၍ ပြပြစ်သော စကားကို ပြောဆို၏။



၁၂၆၈။ ကုန်သည်တို့ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ ဆုံးမအပ်ပြီးသော ကိုယ်နူတ်နှလုံးရှိသော ယုတ်မာသော အကျင့်မရှိသော ဓိသီလသိက္ခာ၌ အထူးသဖြင့် စင်ကြယ်သော ထိုဥပါသကာသည် စင်ကြယ်သော အသက်မွေးခြင်းရှိသည်ဖြစ်၍ အမိကို၎င်း၊ အဖကို၎င်း တရားသဖြင့် လုပ်ကျွေး မွေးမြူ၏။



၁၂၆၉။ ကုန်သည်တို့ ထိုဥပါသကာသည် အမိအဖတို့၏ အကြောင်းကြောင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီး၏၊ မိမိဟူသော အကြောင်းကြောင့် ရှာမှီးသည် မဟုတ်၊ နိဗ္ဗာန်သို့ စိတ်ညွတ်သော ထိုဥပါသကာသည် အမိအဖတို့ သေလွန်သည်ရှိသော် မြတ်သောအကျင့်ကို ကျင့်လတ္တံ့။



၁၂၇၀။ ကုန်သည်တို့ မကောက်ကျစ် မစဉ်းလဲ မလှည့်ပတ်မူ၍ ဖြောင့်မတ်သော ထိုဥပါသကာသည် ပရိယာယ် ကြံဆသဖြင့်သော်လည်း မပြောဆို၊ ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံကို ပြုလေ့ရှိ၍ တရား၌တည်သော ထိုသို့ သဘောရှိသော ဥပါသကာသည် အသို့လျှင် ဆင်းရဲကို ရရာအံ့နည်း။



၁၂၇၁။ ကုန်သည်တို့ ထိုဥပါသကာဟူသော အကြောင်းကြောင့် ငါသည် သင်တို့အား ကိုယ်ထင်ရှားပြ၏၊ ထို့ကြောင့် သင်တို့သည် တရားကို ရူကြကုန်လော့၊ သင်တို့သည် ထိုဥပါသကာ မပါမူ၍ (လာကြကုန်မူ) ဤသဲကန္တာရ၌ သူကန်းသကဲ့သို့ နှောက်ယှက်သော စိတ်ရှိကုန်သည်ဖြစ်၍ ခရီးမှားသဖြင့် စိတ်ပျက်ကုန်လျက် သဲကန္တာရ၌ဖြစ်သော ဘေးရန် နှိပ်စက်ခြင်ဖြင့်၎င်း၊ တပါးသော ဘေးရန် နှိပ်စက်ခြင်းဖြင့်၎င်း တောအရပ်ဝယ် ပြာအဖြစ်သို့ လျင်မြတ်စွာ ရောက်ကုန်ရာ၏၊ သူတော်ကောင်းနှင့် ပေါင်းဖော်ရခြင်းသည် စင်စစ် ချမ်းသာ၏ ( ဟု နတ်သားက ဆို၏)။



၁၂၇၂။ နတ်သား သင်သည် အကြင် ဥပါသကာကို ချီးမြှောက်ခြင်းငှါ ဤသဲကန္တာရခရီးသို့ ရောက်လာ၏၊ ထိုဥပါသကာသည် အဘယ်သူပါနည်း၊ အဘယ် အမူကို ပြုလုပ်ပါသနည်း၊ အဘယ်အမည် ရှိပါသနည်း၊ ထိုဥပါသကာ၏ အနွယ်သည် အဘယ်ပါနည်း၊ အကျွန်ုပ်တို့သည်လည်း ထိုဥပါသကာကို တွေ့မြင်လိုပါကုန်၏၊ နတ်သား အကြင်သူကို သင် ချစ်မြတ်နိုး၏၊ အကျွန်ုပ်တို့သည် သင်ချစ်မြတ်နိုးသော ထိုသူကို သိလိုက်ပါကနု၏ (ဟု ကုန်သည်များက ဆို၏)။



၁၂၇၃။ ကုန်သည်တို့ သမ္ဘ၀မည်သော အကြင် ဆတ္တာသည်သည် ခေါင်းဖြီးရန် ဘီးထိုင်ခုံ ပျဉ်ချပ်တို့ကို မှီ၍ အသက်မွေးမြူလျက် ရတနာသုံးပါးကို ဆည်းကပ်သူ ဥပါသကာဖြစ်၏၊ ထိုသမ္ဘ၀ဆတ္တာသည်ကို သိကုန်လော့၊ ထိုဆတ္တာသည်သည် သင်တို့၏ အစေခံတည်း၊ သင်တို့သည် ထိုဆတ္တာသည်ကို မရူတ်ချကြကုန်လင့်။ ထိုဆတ္တာသည်သည် သီလကို အလွန် ချစ်မြတ်နိုးသူ ဖြစ်၏ (ဟု နတ်သားက ဆို၏)။



၁၂၇၄။ နတ်သား သင်ပြောဆိုသော ဥပါသကာကို အကျွန်ုပ်တို့သည် လူ့သဘောအားဖြင့် သိပါကုန်၏၊ ဂုဏ်အားဖြင့်ကား ဤသို့ သဘောရှိ၏ ဟူ၍ မသိကြပါကုန်၊ နတ်သား သင်၏ ကောင်းမြတ်သော စကားကို ကြားကုန်၍ အကျွန်ုပ်တို့သည်လည်း ထိုဥပါသကာကို ပူဇော်ကြပါကုန်အံ့ (ဟု ကုန်သည်များက ဆို၏)။



၁၂၇၅။ ကုန်သည်တို့ ဤလှည်းကုန်သည် အပေါင်းတွင် အရွယ်ငယ်သူ အလတ်ဖြစ်သူ အရွယ်ကြီးရင့်သူ အားလုံးတို့သည် ငါ၏ ဗိမာန်သို့ တက်ကြကုန်လော့၊ နှမြောစဉ်းလဲသော စိတ်ရှိသူတို့သည် ကုသိုလ်ကောင်းမူတို့၏ အကျိုးကို ကြည့်ရူ လှည့်ကြကုန် (ဟု နတ်သားက ဆို၏)။



၁၂၇၆။ ထိုအရပ်၌ ထိုကုန်သည် အားလုံးတို့သည် ဗိမာန်သို့ ငါအလျင် တက်မည်၊ ငါအလျင် တက်မည် (ဟု ဆိုကုန်လျက်) ထိုဆတ္တာသည် ဥပါသကာကို ရှေ့သွားပြုပြီးလျှင် သိကြားမင်း၏ ဗိမာန်နှင့် တူသော သေရိသကနတ်သားဗိမာန်သို့ တက်ကြကုန်၏။



၁၂၇၇။ ထိုဗိမာန်၌ ထိုကုန်သည်အားလုံးတို့သည် ဗိမာန်သို့ ငါအလျင် ငါအလျင်ဟူ၍ (သူ့ထက်ငါ) ဥပါသကာအဖြစ်ကို ပြောကြားကုန်၏၊ အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ကုန်ပြီ၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကုန်ပြီ၊ သေအရက်ကို မသောက်စားကြကုန်၊ မမှန်သော စကားကိုလည်း မပြောဆိုကြကုန်၊ မိမိမယားဖြင့်သာ နှစ်သိမ့် ရောင့်ရဲကြကုန်ပြီ။



၁၂၇၈။ ထိုဗိမာန်၌ ထိုကုန်သည် အားလုံးတို့သည် ငါအလျင် ငါအလျင်ဟူ၍ (သူ့ထက်ငါ) ဥပါသကာအဖြစ်ကို ပြောကြားကုန်ပြီးလျှင် ကုန်သည် အပေါင်းသည် သေရိသကနတ်သား ခွင့်ပြုအပ်သည်ဖြစ်၍ နတ်သား၏ တန်ခိုးအာနုဘော်ကို အဖန်တလဲလဲ ၀မ်းမြောက်ကုန်လျက် ဖဲသွားလေ၏။



၁၂၇၉။ ထိုကုန်သည်တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တကုန်လျက် သိန္ဓုအရပ် သောဝိရအရပ်သို့ သွားရောက်ကြကုန်ပြီးလျှင် ၀န်ခံသည်အားလျော်စွာ လုံ့လရှိကုန်လျက် ပြည့်စုံသော လာဘ်ရှိကုန်၍ ပါဋလိပုတ်ပြည်သို့ ဘေးမရှိပဲ ပြန်သွားကြလေကုန်၏။



၁၂၈၀။ ထိုကုန်သည်တို့သည် ချမ်းချမ်းသာသာ မိမိအိမ်သို့ ရောက်ကြသောအခါ သားသမီးတို့နှင့်၎င်း၊ မယားတို့နှင့်၎င်း ပေါင်းဆုံမိကြပြီးလျှင် အားရရွှင်လန်းဝမ်းမြောက် နှစ်သက်ကုန်သည်ဖြစ်၍ ကြီးမြတ်သော သေရိသကနတ် ပူဇော်သဘင်ကို ပြုကြကုန်၏၊ ထိုကုန်သည်တို့သည် သေရိသက နတ်ကွန်းကို ဆောက်လုပ်ကြကုန်၏။



၁၂၈၁။ သူတော်ကောင်းတို့ကို မှိဝဲပေါင်းဖော်ရခြင်းသည် ဤသို့ (အကျိုးမဲ့ကို တားမြစ်ခြင်း အကျိုးကို ပြီးစေခြင်း) သဘောရှိ၏၊ တရားတော်၏ ကျေးဇူးတို့ကို မှီဝဲခြင်းသည် များမြတ်သော အကျိုးအာနိသင် ရှိ၏၊ ဥပါသကာ တယောက်၏ အကျိုးငှါ ချီးမြှောက်ခြင်းကို ပြုသဖြင့် သတ္တ၀ါအားလုံးတို့ ချမ်းသာခြင်းသို့ ရောက်ကြကုန်၏။



ဆယ်ခုမြောက်သော သေရီသက၀ိမာန၀တ္ထု ပြီး၏။

၉ - မဋ္ဌကုဏ္ဍလီဝိမာန၀တ္ထု

၁၂၀၇။ တန်ဆာဆင်အပ်သော ပြေပြစ်ချာမွေ့သော နားဍောင်းလည်းရှိသော ပန်းကို ပန်ဆင်၍ စန္ဒကူးရွှေတို့ဖြင့် လိမ်းကျံထားသည့် ကိုယ်ရှိသော သင်သည် ဆင်းရဲ ဒုက္ခသို့ ရောက်သည်ဖြစ်၍ တောအလယ်၌ လက်မောင်းကို မြှောက်လျက် အဘယ်ကြောင့် ငိုမြည်တမ်းဘိသနည်း (ဟု အဒိန္နပုဗ္ဗကပုဏ္ဏားက မေး၏)။



၁၂၀၈။ (ပုဏ္ဏား) ငါ့အား ရွှေဖြင့်ပြီးသော ပြိုးပြိုးပြက် အရောင်ထွက်သော ရထားအိမ်ကားရှိပါ၏။ ထိုရထားအိမ်အတွက် ရထားဘီးအစုံကို မရသေးပါ၊ ထိုရထားဘီး အစုံကို မရသော ဆင်းရဲကြောင့် အသက်ကို စွန့်ပါတော့အံ့ (ဟု ဖြေဆို၏)။



၁၂၀၉။ လှပပျိုမျစ်သောလုလင် ရွှေဖြင့်ပြီးသော ရထားဘီးအစုံလော၊ မြကျောက်ရတနာဖြင့်ပြီးသော ရထားဘီးအစုံလော၊ ပတ္တမြားနီဖြင့် ပြီးသော ရထားဘီးအစုံလော၊ ငွေစင်ဖြင့် ပြီးသော ရထားဘီးအစုံလော၊ ငါ့အား ပြောကြားပါလော့၊ သင့်အတွက် ရထားဘီးအစုံကို ပြည့်စုံအောင် ပြုလုပ်၍ ပေးအံ့ (ဟု အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။



၁၂၁၀။ ဤလောက၌ နေလနှစ်ပါးစုံတို့ကို တွေ့မြင်နေရပါကုန်၏၊ ရွှေဖြင့်ပြီးသော ငါ့ရထားသည် ထိုနေလနှစ်ပါးဟူသော ရထားဘီးအစုံဖြင့်သာ တင့်တယ်ပါလိမ့်မည်ဟု ထိုလုလင်သည် ထိုပုဏ္ဏားကို ပြောဆို၏။



၁၂၁၁။ လုလင် သင်သည် တောင့်တ၍ မရကောင်းသော ၀တ္ထုကို တောင့်တလေသောကြောင့် မိုက်လှသူသာ ဖြစ်ဘိ၏၊ လုလင် သင်သည် သေလျှင်သာ သေမည်၊ နေလတို့ကို ရလိမ့်မည်မဟုတ်ဟု ငါအောက်မေ့၏ (ဟု အဒိန္နပုဗ္ဗ ပုဏ္ဏားက ဆို၏)။



၁၂၁၂။ ပုဏ္ဏား နေလနှစ်ပါးတို့၌ အဆင်းဓာတ်ကိုလည်း တွေ့မြင်နေရ၏၊ လှည့်လည်ရာ လမ်းခရီး၌ သွားခြင်းလာခြင်းကိုလည်း တွေ့မြင်နေရ၏၊ သေလွန်သော သူကိုမူကား မတွေ့မမြင်ရတော့ပေ၊ ဤတောအရပ်၌ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါ နှစ်ယောက်တို့တွင် အဘယ်သူက ပို၍ မိုက်ပါသနည်း (ဟု လုလင်က ဆို၏)။



၁၂၁၃။ လုလင် သင်သည် အမှန်ကိုသာ ပြောဆိုပေ၏၊ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါ နှစ်ယောက်တို့တွင် ငါကသာလျှင် ပို၍ မိုက်၏၊ လဗိမာန်ကို တောင့်တလျက် ငိုကြွေးမြည်တမ်းနေသော သူငယ်ကဲ့သို့ သေလွန်သောသူကို ငါတောင့်တမိချေပြီ (ဟု ပုဏ္ဏားက ဆို၏)။



၁၂၁၄။ လုလင် ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီးတောက်နေသော မီးကိုရေဖြင့် သွန်းလောင်းလိုက်သကဲ့သို့ ထို့အတူ သင်သည် သောကမီး တောက်လောင်နေသော ငါ၏ ပူပန်မူအားလုံးကို ငြိမ်းအေးစေလေပြီတကား။



၁၂၁၅။ အကြင်သင်သည် ပူဆွေးမူ သောကနှိပ်စက်နေသော ငါ့အား သားကြောင့် ဖြစ်သော ပူဆွေးမူသောကကို ပယ်ဖျောက်နိုင်ပေ၏၊ ထိုသင်သည် ငါ၏နှလုံး၌ မှီသော ပူဆွေးမူသောက တည်းဟူသော ငြောင့်ကို နုတ်ပေသည်တကား။



၁၂၁၆။လုလင်ထိုငါသည်ပူဆွေးသောကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။



၁၂၁၇။ လုလင် သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုးဖြစ်လေသလော၊ သို့မဟုတ် ရှေး၌ အလှူကို ပေးတတ်သော သိကြား ဖြစ်လေသလော၊ သင်သည် အဘယ်မည်သော သူပေနည်း၊ အဘယ်သူ၏ သားပေနည်း၊ ငါတို့သည် သင့်ကို အဘယ်သို့ သိရပါကုန်အံ့နည်း (ဟု ပုဏ္ဏားက ဆို၏)။



၁၂၁၈။ ပုဏ္ဏား သင်သည် (မဋ္ဌကုဏ္ဍလီ) ကို သုသာန်၌ မိမိကိုယ်တိုင် ဖုတ်ကြည်း သင်ဂြိုလ်ပြီးလျှင် အကြင်သားကို (ရည်၍) မြည်တမ်း၏၊ အကြင်သားကို (ရည်၍) ငိုကြွေး၏၊ သင်၏ သားဖြစ်သော ထိုငါသည် ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာနတ်တို့၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏ (ဟု မဋ္ဌကုဏ္ဍလီ နတ်သားက ဆို၏)။



၁၂၁၉။ လုလင် မိမိအိမ်၌ ပေးလှူသော သင်၏ အနည်းငယ်သော အလှူကိုသော်၎င်း၊ များစွာသော အလှူကိုသော်၎င်း ငါတို့ မမြင်ကြရပါကုန်၊ သင်စောင့်သုံးသော ထိုသို့သဘောရှိသော ဥပုသ်ကံကိုသော်လည်း ငါတို့ မမြင်ကြရပါကုန်၊ အဘယ်ကံကြောင့် သင်သည် နတ်ပြည်သို့ လာရောက်ရသနည်း (ဟု ပုဏ္ဏားက မေး၏)။



၁၂၂၀။ ပုဏ္ဏား ငါသည် မိမိအိမ်၌ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် နာကျင်သော သဘောရှိသူ (သူနာ) ဖြစ်ခဲ့ပါ၏၊ ကိလေသာမြူမှ ကင်းတော်မူပြီးသော မဝေခွဲနိုင်မူ ၀ိစိကိစ္ဆာကို လွန်မြောက်တော်မူပြီးသော ကောင်းသော စကားကို ဆိုတော်မူသော မယုတ်လျော့သော ပညာလည်းရှိသော မြတ်စွာဘုရားကို ဖူးမြင်လိုက်ရပါပြီ။



၁၂၂၁။ အံ့ဖွယ်ရှိပေစွတကား၊ မဖြစ်ဘူးမြဲ ဖြစ်ပေစွတကား၊ လက်အုပ်ချီခြင်းမျှ၏လည်း ဤသို့သော အကျိုးဖြစ်ဘိသေး၏၊ ငါသည်လည်း ၀မ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါတော့အံ့ ( ဟု ပုဏ္ဏားက ဆို၏)။



၁၂၂၂။ အံဖွယ်ရှိပေစွတကား၊ မဖြစ်ဘူးမြဲ ဖြစ်ပေစွတကား၊ လက်အုပ်ချီခြင်းမျှ၏လည်း ဤသို့သော အကျိုးဖြစ်ဘိလေ၏၊ ငါသည်လည်း ၀မ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါတော့အံ့ ( ဟု ပုဏ္ဏားက ဆို၏)။



၁၂၂၃။ ပုဏ္ဏား သင်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ တရားတော်ကို၎င်း၊ သံဃာတော်ကို၎င်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထိုပြင် သိက္ခာပုဒ်ငါးပါးတို့ကိုလည်း မကျိုးမပျက်အောင် ဆောက်တည်လေလော့။



၁၂၂၄။ သူ့ အသက်ကို သတ်ခြင်းမှ လျင်စွာရှောင်ကြဉ်ပါလော့၊ လောက၌ မပေးသည်ကိုယူခြင်းမှ ရှောင်ကြဉ်ပါလော့၊ သေအရက်ကို မသောက်မစားပါလင့်၊ မဟုတ်မမှန်သော စကားကိုလည်း မပြောပါလင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ပါလော့ (ဟု မဋ္ဌကုဏ္ဍလီနတ်သားက သတိပေးဆုံးမ၏)။



၁၂၂၅။ နတ်သား သင်သည် ငါ၏အကျိုးကို အလိုရှိသူဖြစ်ပေ၏၊ နတ်သား ငါ၏ အစီးအပွားကိုလည်း အလိုရှိသူ ဖြစ်ပေ၏၊ သင်၏စကားကို ငါလိုက်နာပါ၏၊ သင်သည် ငါ၏မှီရာ ဖြစ်ပါပေ၏။



၁၂၂၆။ ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကို၎င်း၊ မြတ်စွာဘုရား၏ တပည့်သာဝက သံဃာတော်ကို၎င်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။



၁၂၂၇။ အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါ၏၊ လောက၌ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊ သေအရက်ကို မသောက်စားတော့ပါ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆိုပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲသူဖြစ်ပါ၏ (ဟု ပုဏ္ဏားက ပြောဆို၏)။



ကိုးခုမြောက်သော မဋ္ဌကုဏ္ဍလီဝိမာန၀တ္ထု ပြီး၏။

၈ - အနေက၀ဏ္ဏ၀ိမာန၀တ္ထု

၁၁၉၉။ နတ်သား သင်သည် အမျိုးမျိုးသော အဆင်းရှိ၍ ပူပန်ခြင်း စိုးရိမ်ခြင်းကို ပယ်ဖျောက်နိုင်သော အမျိုးမျိုး ဆန်းကြယ်သော ဗိမာန်ထက်သို့ တက်၍ နတ်သမီးအပေါင်း ခြံရံလျက် နိမ္မာနရတိနတ်တို့၏ အရှင်ဖြစ်သော သုနိမ္မိတ နတ်မင်းကြီးကဲ့သို့ မွေ့လျော်ရ၏။



၁၂၀၀။ နတ်သား အခြံအရံများခြင်းဖြင့်၎င်း၊ ဘုန်းကံကြီးခြင်းဖြင့်၎င်း၊ တန်ခိုးအာနုဘော်ကြီးခြင်းဖြင့်၎င်း သင်နှင့်တူသော နတ်သည် မရှိ၊ သင့်ထက်လွန်မြတ်သော နတ်သည်ကား အဘယ်မှာ ရှိနိုင်အံ့နည်း၊ နတ်သား နတ်တို့သည် လမင်းကို နှစ်သက်မြတ်နိုး ရှိခိုးကုန်သကဲ့ ထို့အတူ အလုံးစုံသာလျှင် ဖြစ်ကုန်သော တာဝတိံသာနတ်အပေါင်းတို့သည် ပေါင်းရုံစုဝေးကြကုန်၍ သင့်ကို ရှိခိုးကြကုန်၏၊ သင် နတ်သား၏ ဤနတ်သမီးတို့သည် ထက်ဝန်းကျင် ခြံရံကုန်လျက် က-လည်း က-ကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏၊ သင့်ကိုလည်း ၀မ်းမြောက်စေကြကုန်၏။



၁၂၀၁။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၂၀၂။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။



၁၂၀၃။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးဘ၀က သုမေဓာမြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်ခဲ့ပါ၏၊ သစ္စာလေးပါးတို့ကို မသိသူ ပုထုဇဉ်ဖြစ်ပါ၏၊ ခုနှစ်နှစ်ပတ်လုံး ရဟန်းပြုခဲ့ဘူးပါ၏။



၁၂၀၄။ အရှင်ဘုရား အကျွန်ုပ်သည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သံသရာရေယဉ် “သြဃ” ကို ကူးမြောက်တော်မူပြီးသော ပရိနိဗ္ဗာန် ပြုတော်မူပြီးသော (လူနတ် ဗြဟ္မာတို့၏) ဆရာဖြစ်တော်မူသော သုမေဓာမြတ်စွာဘုရား၏ ရတနာအုတ်တို့ဖြင့် စီထားအပ်သော ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော စေတီတော်ကို ရှိခိုး၍ စေတီတော်၌ စိတ်ကို ကြည်လင်စေခဲ့ဘူးပါ၏။



၁၂၀၅။ အရှင်ဘုရား ထိုအခါ၌ အကျွန်ုပ်သည် ပေးလည်း မပေးလှူခဲ့ဘူးပါ၊ ပေးလှူရန်လည်း ဒါန၀တ္ထု မရှိခဲ့ပါ၊ ပူဇော်ခြင်းငှါထိုက်တော်မူသော မြတ်စွာဘုရား၏ ထိုသရီရဓာတ်တော်ကို ပူဇော်ကြကုန်လော့၊ ဤသို့ ပူဇော်သည်ရှိသော ဤလူ့ပြည်မှ နတ်ပြည်သို့ သွားရုန်လိမ့်သတည်းဟု သူတပါးတို့ကိုသာလျှင် ထိုအလှူပေးခြင်း၌ နိုးဆော် တိုက်တွန်းခဲ့ဘူးပါ၏။



၁၂၀၆။ အရှင်ဘုရား အကျွန်ုပ်သည် အပြစ်မရှိသော ထိုကုသိုလ်ကံကိုသာလျှင်ပြုခဲ့ပါ၏၊ နတ်၌ဖြစ်သော ချမ်းသာကိုလည်း မိမိကိုယ်တိုင် ခံစားရပါ၏၊ အကျွန်ုပ်သည် တာဝတိံသာ နတ်အပေါင်းတို့၏ အထက်၌ ၀မ်းမြောက်ရပါ၏၊ ထိုကုသိုလ်ကံ၏ အကျိုးသည် ကုန်ခန်းခြင်းသို့လည်း မရောက်တော့ပါ (ဟု ဖြေကြားလျှောက်ထား၏)။



ရှစ်ခုမြောက်သော အနေက၀ဏ္ဏ၀ိမာန၀တ္ထု ပြီး၏။

Tuesday 9 August 2011

၇ - ကဏ္ဍက၀ိမာဝတ္ထု

၁၁၇၁-၂။ (နတ်သား) ကြယ်တကာတို့၏ အရှင် ယုန် ရုပ် အရေး အမှတ်ရှိသော လဗိမာန်သည် လပြည့်နေ့၌ ထက်ဝန်းကျင်မှ နက္ခတ်တာရာ အပေါင်းခြံရံလျက် အစဉ်မပြတ် လှည့်လည်သကဲ့သို့ ထိုလဗိမာန်နှင့်တူစွာ နတ်ပြည်၌ ထွန်းပသော (သင်နတ်သား၏) ဤဗိမာန်သည် တက်သစ်သော နေလုလင်ကဲ့သို့ အရောင် အဆင်း အားဖြင့် အလွန်တင့်တယ်၏။



၁၁၇၃။ သင်နတ်သား၏ ဤဗိမာန်သည် (ထိုဗိမာန်၌) ကောင်းစွာ ပြုလုပ်အပ်ကုန်သော ရှစ်မြှောင့်ရှိကုန်သော တိုင်အားလုံးတို့သည် ကြောင်မျက်ရွဲဖြင့် ပြီးကုန်၏ (ထိုတိုင် ရှစ်မြှောင့်တို့တွင်) တမြှောင့်၌ ရတနာ ခုနှစ်ပါးတို့ဖြင့် မွမ်းမံ ခြယ်လယ်ထားကုန်၏။



၁၁၇၄။ မြေကြီးသည် ဆန်းကြယ်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ ကြောင်မျက်ရွဲဖြင့် ခင်းထား၏၊ စုလစ်မွန်းချွန်တို့သည်လည်း တင့်တယ်ကုန်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏၊ သင်နတ်သားသည် ပြာသာဒ်ကို ကောင်စွာ ဖန်ဆင်းထားအပ်ပေ၏။



၁၁၇၅။ သင်၏ ရေကန်တို့သည်လည်း နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏၊ ငါးအပေါင်းတို့ မှီဝဲအပ်ကုန်၏၊ ကြည်သော ရေရှိကုန်၏၊ အထူးသဖြင့် ကြည်လင်ကုန်၏၊ ရွှေအတိပြီးသော သဲတို့ဖြင့် ကောင်းစွာ ခင်းထားအပ်ကုန်၏။



၁၁၇၆။ အထူးထူးသော ကြာပဒုမာမျိုးတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်၏၊ ကြာဖြူပုဏ္ဍရိတ်မျိုးတို့ဖြင့်လည်း ဖုံးလွှမ်း အပ်ကုန်၏၊ လေညှင်း တိုက်ခပ်သဖြင့် လူပ်ကုန်သော နှစ်သက် မြတ်နိုးဖွယ် မွှေးကြိုင်သော ရနံ့တို့သည် ထက်ဝန်းကျင် ပျံ့လိုင်ကုန်၏။



၁၁၇၇။ သင်နတ်သားသည် ထိုရေကန်၏ နံပါးနှစ်ဖက်၌ ပန်းချုံတို့ကို ကောင်းစွာ ဖန်ဆင်းအပ်ကုန်၏၊ ထိုရေကန်တို့သည် အသီးသီးကုန်သော သစ်ပင်တို့နှင့်၎င်း အပွင့် ပွင့်ကုန်သော သစ်ပင်တို့နှင့်၎င်း အသီးအပွင့် နှစ်မျိုးလုံး သီးကြပွင့်ကြကုန်သော သစ်ပင်တို့နှင့်၎င်း ပြည့်စုံကုန်၏။



၁၁၇၈။ နူးညံ့၍ အမွေးရှည်ရှိသော ကော်ဇောဖြင့် ခင်းအပ်သော ရွှေ (ဖြင့်ပြုသော) အခြေရှိသော ပလ္လင်၌ သိကြားမင်းကဲ့သို့ နေသော သင်နတ်သားကို နတ်သမီးတို့သည် လုပ်ကျွေး ခစားကြကုန်၏။



၁၁၇၉။ အလုံးစုံသော မိန်းမ အဆင်တန်ဆာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော အထူးထူးသော ပန်းတို့ကို ပန်ဆင်ကုန်သော နတ်သမီးတို့သည် တန်ခိုးကြီးသော သင့်ကို မွေ့လျော်စေကုန်၏၊ (သင်နတ်သားသည်) ၀သ၀တ္တီ နတ်မင်းကြီးကဲ့သို့ ၀မ်းမြောက်ရ၏။



၁၁၈၀။ ကခြင်းကြောင့်၎င်း၊ သီဆိုခြင်းကြောင့်၎င်း၊ ကောင်းစွာ တီးမူတ်ခြင်းကြောင့်၎င်း၊ နှစ်သက်မွေ့လျော်ခြင်းနှင့် ပြည့်စုံသော သင်သည် စည်ကြီး ခရုသင်း မုရိုးစည်တို့ဖြင့်၎င်း၊ စောင်းတို့ဖြင့်၎င်း၊ ထက်စည်တို့ဖြင့်၎င်း မွေ့လျော်ရ၏။



၁၁၈၁။ သင်နတ်သားအား အထူးထူး အပြားပြား များကုန်သော နတ်၌ဖြစ်သော အဆင်းတို့သည်၎င်း၊ နတ်၌ဖြစ်သော အသံတို့သည်၎င်း၊ ထိုမှတပါး နတ်၌ဖြစ်သော အရသာတို့သည်၎င်း၊ သင်လိုလားအပ်သော နတ်၌ဖြစ်သော အနံ့တို့သည်၎င်း၊ နှလုံးမွေ့လျော်ဖွယ်သော အတွေ့တို့သည်၎င်း (ရှိကုန်၏)။



၁၁၈၂။ နတ်သား ထိုမြတ်သော ဗိမာန်၌ များမြတ်သော အရောင်ရှိသော သင်နတ်သားသည် တက်သစ်သော နေလုလင်ကဲ့သို့ အရောင်အဆင်းဖြင့် အလွန်တင့်တယ်၏။



၁၁၈၃။ ဤအကျိုးသည် သင်နတ်သား၏ ဒါနကုသိုလ် အကျိုးလေလော၊ သို့မဟုတ် သီလကုသိုလ်၏ အကျိုးလေလော၊ သို့မဟုတ် လက်အုပ်ချီခြင်း ကုသိုလ်၏ အကျိုးလေလော၊ သင့်ကို ငါမေး၏၊ ထိုအကြောင်းကို ငါ့အား ဖြေကြားလော့ (ဟု မေး၏)။



၁၁၈၄။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက် ၀မ်းသာ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား၏။



၁၁၈၅။ (အရှင်ဘုရား) အကျွန်ုပ်သည် သာကီဝင်တို့၏ ကပိလ၀တ် အမည်ရှိသော ပြည်မြတ်တွင် သုဒ္ဓေါဒနမင်း၏သား ဘုရားအလောင်း၏ ဖွားဘက်ဖြစ်သော ကဏ္ဍကအမည်ရှိသော မြင်း ဖြစ်ခဲ့ဘူးပါ၏။



၁၁၈၆-၇။ အရှင်ဘုရား ထိုဘုရားအလောင်းသည် အကြင် ညဉ့်သန်ခေါင်ယအခါ၌ သစ္စာလေးပါးကို သိသော ဉာဏ်အကျိုးငှါ တောထွက်တော်မူ၏၊ ထိုအခါဝယ် ထိုဘုရားလောင်းသည် နူးညံ့ကုန်သော လက်တို့ဖြင့်၎င်း၊ ကွန်ရက်ကဲ့သို့ရှိသော အလွန်နီသော လက်သည်းတို့ဖြင့်၎င်း အကျွန်ုပ်၏ ပေါင်ကို ပုတ်၍ “အချင်းကဏ္ဍက (ငါ့ကို တညဉ့်တာမျှ) ရွက်ဆောင်လော့၊ ငါသည် မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ရသည်ရှိသော် နတ်နှင့်တကွသော လူကို ထုတ်ဆောင်ကယ်တင်အံ့” ဟဟုလည်း ပြောဆိုပါ၏။



၁၁၈၈။ အရှင်ဘုရား ထိုစကားကို ကြားနာရသော အကျွန်ုပ်အား ပြန့်ပြောများမြတ်သော နှစ်သက်ရွှင်လန်းမူ ဖြစ်ခဲ့ပါ၏၊ ထိုအခါ အကျွန်ုပ်သည် ပီတိဖြင့် တက်ကြွသောစိတ် ၀မ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ လိုလား ၀န်ခံခဲ့ပါ၏။



၁၁၈၉။ များသောအခြံအရံရှိသော သာကီဝင်မင်းသား ဘုရားအလောင်းကို အကျွန်ုပ်သို့ တက်စီးနေသည်ကို သိရသောကြောင့် ပီတိဖြင့် တက်ကြွသောစိတ် ၀မ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ယောက်ျားမြတ်ကို ဆောင်ကြဉ်းခဲ့ဘူးပါ၏။



၁၁၉၀။ အရှင်ဘုရား ထိုယောက်ျားမြတ်သည် သူတပါးတို့၏ တိုင်းနိုင်ငံသို့ ရောက်၍ နေတက်လတ်သော် အကျွန်ုပ်ကို၎င်း၊ ဆန္နအမတ်ကို၎င်း ငဲ့ကွက်မူမရှိပဲ စွန့်ပစ်ဖဲသွာခဲ့ပါ၏။



၁၁၉၁။ အကျွန်ုပ်သည် ထိုယောက်ျားမြတ်၏ နီသော ခြေသည်းရှိသော ခြေတို့ကိုလျှာဖြင့် လျက်ခဲ့ပါ၏၊ ဖဲသွားသော ကြီးသော လုံ့လရှိသော ယောက်ျားမြတ်ကိုလည်း ငိုလျက် မျှော်ကြည့်ခဲ့ပါ၏။



၁၁၉၂။ အရှင်ဘုရား အကျွန်ုပ်သည် ဘုန်းပညာရှိတော်မူသော သာကီဝင်မင်းသား ဖြစ်တော်မူသော ထိုယောက်ျားမြတ်ကို မမြင်ရသောကြောင့် ပြင်းထန်သော အနာကိုရ၍ လျင်မြတ်စွာ သေဆုံးခဲ့ပါ၏။



၁၁၉၃။ အရှင်ဘုရား (ကြည်ညိုခြင်း အားကြီးသော) ထိုကောင်းမူ၏ အစွမ်းအာနုဘော်ကြောင့် နတ်ပြည်၌ ထွန်းပသော ကာမဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ဤဗိမာန်၌ နေရပါ၏။



၁၁၉၄။ အရှင်ဘုရား “မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ရပြီ” ဟူသော အသံကို ကြားရခြင်းကြောင့် အကျွန်ုပ်အား နှစ်သက်မူဖြစ်သည်သာလျှင်တည်း၊ ထိုကုသိုလ်အရင်းခံကြောင့်သာလျှင် အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပါလတ္တံ့။



၁၁၉၅။ အရှင်ဘုရား နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ အထံတော်သို့ အကယ်၍ သွားရောက်ခဲ့ပါမူ အကျွန်ုပ်၏ စကားဖြင့်လည်း ထိုမြတ်စွာဘုရားအား ကဏ္ဍကနတ်သားသည် ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏ဟု လျှောက်ထားပြောဆိုပါလော့။



၁၁၉၆။ အရှင်ဘုရား အကျွန်ုပ်သည်လည်း တုဘက်မရှိ ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွားပါအံ့၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကုန်သော လောက၏ ကိုးကွယ်ရာ မြတ်စွာဘုရားတို့ကို ဖူးမြင်ရခြင်းသည် ခဲယဉ်းလှပါ၏ (ဟု လျှောက်၏)



၁၁၉၇။ သူ့ကျေးဇူးကို သိတတ်သော သူ့ကျေးဇူးကိုထင်စွာ ပြုတတ်သော ထိုကဏ္ဍက နတ်သားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏၊ (ချဉ်းကပ်ပြီးလျှင်) စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရား၏ တရားစကားတော်ကို ကြားနာရ၍ သောတာပတ္တိမဂ်ဉာဏ်ကို ရလေ၏။



၁၁၉၈။ အယူမှားခြင်း မိစ္ဆာဒိဌိကို၎င်း၊ မဝေခွဲနိုင်ခြင်း ၀ိစိကိစ္ဆာကို၎င်း၊ မှားသာအားဖြင့် သုံးသပ်အပ်သော အကျင့်တို့ကို၎င်း (သောတာပတ္တိမဂ်ဉာဏ်ဖြင့်) သုတ်သင်ပြီး၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြီးလျှင် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။



ခုနှစ်ခုမြောက်သော ကဏ္ဍက၀ိမာန၀တ္ထု ပြီး၏။

၆ - ဂေါပါလ၀ိမာန၀တ္ထု

၁၁၅၉။ လက်ကောက် လက်ကြပ်စသော လက်ဝတ်တန်ဆာတို့ကို ၀တ်ဆင်အပ်သော များသော အခြံအရံရှိသော ကြာမြင့်စွာတည်သော မြင့်သော ဗိမာန်၌ လမင်းကဲ့သို့ (တင့်တယ်စွာ ထိုင်နေသော) ဂေါပါလကနတ်သားကို ရဟန်းတော် (အသျှင်မဟာမောဂ္ဂလ္လာန်) သည် မြင်၍ မေး၏။



၁၁၆၀။ တန်ဆာဆင်ယင်ထားသော ပန်းတို့ကို ပန်ဆင်သော ကောင်းစွာ ၀တ်ရုံထားသော ကောင်းသော နာဍောင်းလည်းရှိသော ဆံမုတ်ဆိတ်ပြုပြင်ထားသော လက်ဝတ်တန်ဆာတို့ကို ၀တ်ဆင်ထားသော သင်နတ်သားသည် များသော အခြံအရံရှိသည် ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌ လ၀န်းကဲ့သို့ တင့်တယ်၏။



၁၁၆၁။ နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ်ရှိကုန်သော ကောင်းသော သဘောရှိကုန်သောများမြတ်သောစည်းစိမ်ရှိကုန်သောတာဝတိံသာနတ်ပြည်၌ နေလေ့ရှိကုန်သော ခြောက် ကျိတ်လေးယောက်သော နတ်သမီးတို့သည် က-လည်း က-ကြကုန်၏၊ သီလည်း သီဆိုကြကုန်၏၊ သင့်ကို ၀မ်းမြောက်လည်း ၀မ်းမြောက်စေကြကုန်၏။



၁၁၆၂။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၁၆၃။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။



၁၁၆၄။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘ၀ လူဖြစ်ခဲ့စဉ်က သူတပါးနွားမတို့ကို ပေါင်းရုံး၍ စောင့်ရှောက် ခဲ့ရပါ၏၊ ထိုအခါ ရဟန်းမြတ် (အသျှင်မောဂ္ဂလ္လာန်အရှင်ဘုရား) သည် အကျွန်ုပ်၏ အနီးသို့ ရောက်လာပါ၏၊ နွားမတို့သည်လည်း ပဲပင်တို့ကို စားခြင်းငှါ သွားကြပါကုန်၏။



၁၁၆၅။ အရှင်ဘုရား ထိုအခါ(အကျွန်ုပ်အား) ယခုအခါ ပြုရန်ကိစ္စနှစ်မျိုးရှိ၏၊ နှစ်မျိုးလုံးကို ပြုအပ်၏ဟု ကြံအောက်မေ့ပြီးမှ အကျွန်ုပ်သည် သင့်လျော်သောအားဖြင့်ဖြစ်သော အမှတ်သညာကို ရသောကြောင့် ပေးလှူအံ့ဟု နှလုံးပြုလျက် (မုယောမုံ့ ထုပ်ထားသော) ပုဝါနွမ်းကို (ခံယူစေသည်၏ အစွမ်းဖြင့် အရှင်ဘုရား၏ လက်၌) တင်ထား လှူဒါန်းခဲ့ပါ၏။



၁၁၆၆။ အရှင်ဘုရား (ပဲခင်းရှင်၏ ပဲတည်းဟူသော) ဤဥစ္စာကို ဤ (နွားအပေါင်း) သည် မဖျက်ဆီးမီ ထိုအကျွန်ုပ်သည် ပဲခင်းဆီသို့ အဆောတလျင် ပြေးသွားခဲ့ပါ၏။ ထိုအရပ်၌ အကျွန်ုပ် အဆောတလျင် ပြေးသွားစဉ် အကျွန်ုပ်၏ ခြေတို့ကို အဆိပ်ထန်သော မြွေဟောက်သည် ကိုက်ခဲ့ပါ၏။



၁၁၆၇။ (အရှင်ဘုရား) ထိုအကျွန်ုပ်သည် (ထိုအခါ၌) ဆင်းရဲခြင်းသို့ ရောက်ခဲ့ပါ၏၊ သေလောက်သော ဆင်းရဲသည် နှိပ်စက်အပ်ပါ၏၊ ရဟန်းတော်သည်လည်း အကျွန်ုပ်ကို ချီးမြှောက်ခြင်းငှါ ထိုမုယောမုံ့ထုပ်ကို ကိုယ်တိုင်ဖြေ၍ မုယောမုံ့ကို သုံးဆောင်တော်မူ၏၊ အကျွန်ုပ်သည် ထိုလူ၏ အဖြစ်မှ စုတေ၍ သေလွန်ခဲ့သော် နတ်ဖြစ်ပါ၏။



၁၁၆၈။ (အရှင်ဘုရား) အကျွန်ုပ်သည် ထိုမုယောမုံ့ကို ပေးလှူသော ကုသိုလ်ကံကိုသာလျှင် ပြုခဲ့ရပါ၏၊ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကံ၏အကျိုးကိုလည်း မိမိကိုယ်တိုင် ခံစားရပါ၏၊ အရှင်ဘုရား အရှင်ဘုရားသည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော်မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည်) ပြုအပ်သော ကျေးဇူကို သိခြင်းကြောင့် အရှင်ဘုရားကို ရိုသေစွာ ရှိခိုးပါ၏။



၁၁၆၉။ (အရှင်ဘုရား) နတ် မာရ်နတ်နှင့်တကွသော သတ္တလောက၌ အရှင်ဘုရားထက် ချီးမြှောက်တတ်သော အရှင်ဘုရားမှ တပါးသော ရဟန်းမရှိပါ၊ အရှင်ဘုရားသည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော်မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည်) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင်ဘုရားကို ရိုသေစွာ ရှိခိုးပါ၏။



၁၁၇၀။ (အရှင်ဘုရား) ဤလောက၌၎င်း၊ တမလွန် လောက၌၎င်း အရှင်ဘုရားထက် ချီးမြှောက်တတ်သော အရှင်ဘုရားမှ တပါးသော ရဟန်းမရှိပါ၊ အရှင်ဘုရား အရှင်ဘုရား သည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော်မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည်) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင်ဘုရားကို ရိုသေစွာ ရှိခိုးပါ၏ (ဟု လျှောက်ထား၏)။



ခြောက်ခုမြောက်သော ဂေါပါလ၀ိမာန၀တ္ထု ပြီး၏။

၅ - အမ္ဗ၀ိမာန၀တ္ထု

၁၁၄၆။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့်ခြောက်ယူဇနာရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။



၁၁၄၇။ (သင်နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်း သောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည်လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ် အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည်လည်း ကကြကုန်၏။



၁၁၄၈-၉။ (နတ်သား) အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်နတ်သား၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၁၅၀။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား၏။



၁၁၅၁။ အရှင်ဘုရား နွေလတို့၏ နောက်ဆုံးဖြစ်သော ၀ါဆိုလ၌ နေမင်း အလွန်ပူပြင်းသော အခါဝယ် သူတပါး အခစား ယောက်ျားသည် သရက်ဥယျာဉ်ကို ရေသွန်းလောင်း၍ နေပါ၏။



၁၁၅၂။ ထိုအခါ သာရိပုတြာဟူ၍ ထင်ရှားကျော်စောသော ရဟန်းသည် စိတ်မပင်ပန်းသော်လည်း ကိုယ်ပင်ပန်းသော သဘောရှိသည်ဖြစ်၍ ထိုသရက်ဥယျာဉ်အနီး ခရီးလမ်းဖြင့် ကြွသွားတော်မူပါ၏။



၁၁၅၃။ သရက်ဥယျာဉ်ကို ရေသွန်းနေသော (အကျွန်ုပ်) သည် ကြွလာတော်မူသော ထိုအသျှင်သာရိပုတြာကို မြင်၍ အရှင်ဘုရား တောင်းပန်ပါ၏။ အကျွန်ုပ်သည် အရှင်ဘုရားအား ချိုးရေလှူဒါန်းလိုပါ၏၊ ယင်းသို့ အရှင်ဘုရားအား ချိုးရေ လှူဒါန်းရခြင်းသည် အကျွန်ုပ်၏ ချမ်းသာကို ရွက်ဆောင်ရာပါ၏ဟု လျှောက်ခဲ့ပါ၏။



၁၁၅၄။ ထိုအသျှင်သာရိပုတြာသည် အကျွန်ုပ်ကို ချီးမြှောက်ခြင်းငှါ သပိတ်သင်္ကန်းကို ချထားတော်မူပြီးလျှင် ခါးဝတ် သင်္ကန်းတထည်တည်းဖြင့်သာ သရက်ပင်ရင်းဖြစ်သော အရိပ်၌ ထိုင်နေတော်မူ၏။



၁၁၅၅။ ကြည်ညိုစိတ်ရှိသော (သရက်ဥယျာဉ်စောင့်) ယောက်ျားသည် သရက်ပင်၏ အနီးဖြစ်သော အရိပ်၌ ခါးဝတ်သင်္ကန်း တထည်တည်းဖြင့်သာ ထိုင်နေသော ထိုအသျှင်သာရိပုတြာကို ကြည်လင်စွာသော ရေဖြင့် ရေချိုးစေ၏။



၁၁၅၆။ ထိုသရက်ဥယျာဉ်စောင့် ယောက်ျားသည် သရက်ပင်ကိုလည်း ရေဖြင့် သွန်းအပ်ပြီး၊ ရဟန်းကိုလည်း ရေချိုးစေအပ်ပြီး၊ ငါသည်လည်း များစွာသော ကောင်းမူကို ဆည်းပူးအပ်ပြီ၊ ဤသို့ နှလုံးပြု၍ မိမိ၏ တကိုယ်လုံးကို နှစ်သိမ့်မူ “ပီတိ” ဖြင့် နှံ့စေခဲ့ပါ၏။



၁၁၅၇။ (အကျွန်ုပ်သည်) ထိုသရက် ဥယျာဉ်စောင့် ဘ၀၌ ဤမျှ အတိုင်းရှည်ရှိသော ကုသိုလ်ကံကိုသာလျှင် ပြုခဲ့ပါ၏၊ (အကျွန်ုပ်သည်) ထိုကုသိုလ်ကံကြောင့် လူ့ခန္ဓာကိုယ်ကို စွန့်ပစ်ရသည်ရှိသော် နှစ်သက်ဖွယ် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပါ၏။



၁၁၅၈။ အထူးထူးသော ငှက်မျိုးအပေါင်းနှင့် ယှဉ်၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော နန္ဒ၀န်ဥယျာဉ်၌လည်း ကကြကုန် သီဆိုကြကုန်သော နတ်သမီးအပေါင်းတို့ ခြံရံလျက် မွေ့လျော်ရပါ၏(ဟု ဖြေကြားလျှောက်ထား၏)။



ငါးခုမြောက်သော အမ္ဗ၀ိမာန၀တ္ထု ပြီး၏။

၎ - သုဝဏ္ဏ၀ိမာန၀တ္ထု

၁၁၃၄။ (နတ်သား) ရွှေတောင်ထိပ်၌ (သင်၏) ဗိမာန်သည် ထက်ဝန်းကျင်မှ တောက်သော အရောင်ရှိ၏၊ ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းထား၏၊ ရွှေခြူကွန်ရက်ဖြင့် တပ်ဆင်ပြုပြင်ထား၏။



၁၁၃၅။ (ထိုဗိမာန်၌) ကောင်းစွာ ပြုလုပ်အပ်ကုန်သော ရှစ်မြှောင့်ရှိကုန်သော တိုင်အားလုံးတို့သည် ကြောင်မျက်ရွဲဖြင့် ပြီးကုန်၏ (ထိုတိုင် ရှစ်မြှောင့်တို့တွင်) တမြှောင့်၌ ရတနာ ခုနှစ်ပါးတို့ဖြင့် မွမ်းမံ ခြယ်လယ်ထားကုန်၏။



၁၁၃၆။ ကြောင်မျက်ရွဲဖြင့်၎င်း၊ ရွှေစင်ဖြင့်၎င်း၊ ဖလ်ဖြင့်၎င်း၊ ငွေစင်ဖြင့်၎င်း၊ ပတ္တမြားပြောက်ဖြင့်၎င်း၊ ပုလဲတို့ဖြင့်၎င်း၊ ပတ္တမြားနီတို့ဖြင့်၎င်း မွမ်းမံခြယ်လယ်ထားကုန်၏။



၁၁၃၇။ မြေကြီးသည် ဆန်းကြယ်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ (ထိုဗိမာန်၌ ပတ္တမြား မြေဖြစ်၍) မြူမူန်မတက်၊ (ကုသိုလ်ကံ) ဖန်ဆင်းသည့် ရွှေသော အဆင်းရှိကုန်သော အခြင်ရနယ် အပေါင်းတို့သည် (ရတနာ ခုနှစ်ပါးတို့ဖြင့် ပြီးသော) အထွတ်ကို ဆောင်ကုန်၏။



၁၁၃၈။ ထိုဗိမာန်၏ အရပ်လေးမျက်နှာတို့၌ စောင်းတန်းလှေကား လေးသွယ်တို့ကိုလည်း ဖန်ဆင်းအပ်ကုန်၏၊ (ထိုဗိမာန်သည်) အထူးထူးသော ရတနာတို့ဖြင့် ပြီးသော တိုက်ခန်းတို့ဖြင့် နေလုလင်ကဲ့သို့ တင့်တယ်၏။



၁၁၃၉။ ပုံစံတူ အတိုင်းအရှည်တူကုန်သော ပွတ်တိုင်စိုက် လက်ရန်းလေးဘက်တို့သည် ထက်ဝန်းကျင်မှ အရပ်လေးမျက်နှာတို့ကို အလွန် တောက်ပစေကုန်လျက် ထွန်းလင်းကုန်၏။



၁၁၄၀။ (နတ်သား) ထိုဗိမာန်မြတ်၌ များမြတ်သော အရောင်ရှိသော (သင်) နတ်သားသည် တက်သစ်စ နေလုလင်ကဲ့သို့ အရောင်အဆင်းအားဖြင့် အလွန်တင့်တယ်ဘိ၏။



၁၁၄၁။ ဤအကျိုးသည် သင်နတ်သား၏ ဒါနကုသိုလ်အကျိုးလော၊ သို့မဟုတ် သီလကုသိုလ်၏ အကျိုးလေလော၊ သို့မဟုတ် လက်အုပ်ချီခြင်း ကုသိုလ်၏ အကျိုးလော၊ သင့်ကို ငါမေးပါ၏၊ ထိုအကြောင်းကို ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၁၄၂။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား၏။



၁၁၄၃။ (အရှင်ဘုရား) အကျွန်ုပ်သည် အန္ဓက၀ိန္ဒမြို့၌ (လူဖြစ်စဉ်) ကြည်ညိုခြင်း ရှိသည်ဖြစ်၍ ခပ်သိမ်းသော တရားတို့ကို သိတော်မူတတ်သော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၏ (အလို့ငှါ) ကျောင်းတော်ကို မိမိလက်တို့ဖြင့် (ထိုထိုကိစ္စကို ပြုလျက်) ဆောက်လုပ်စေခဲ့ပါ၏။



၁၁၄၄။ ထိုအန္ဓက၀ိန္ဒမြို့၌ (အကျွန်ုပ်သည်) အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့် နံ့သာကို၎င်း၊ ပန်းကို၎င်း အသစ်စက်စက်ဖြစ်သော နံ့သာပျောင်းကို၎င်း၊ ကျောင်းကို၎င်း မြတ်စွာဘုရားအား ပေးလှူခဲ့ပါ၏၊ (အရှင်ဘုရား) ထိုကုသိုလ်ကြောင့် အကျွန်ုပ်သည် ဤကောင်းကျိုးကို ရအပ်ပါ၏၊ (အကျွန်ုပ်သည်) နှစ်သက်ဖွယ်ရာ ဤတာဝတိံသာ နတ်ပြည်၌ အလိုသို့ လိုက်စေနိုင်ပါ၏။



၁၁၄၅။ အထူးထူးသော ငှက်မျိုးအပေါင်းနှင့် ယှဉ်၍ နှလုံးမွေ့လျော်ဖွယ် ဖြစ်သော နန္ဒ၀န်ဥယျာဉ်၌လည်း ကကြကုန် သီဆိုကြကုန်သော နတ်သမီးတို့ ခြံရံလျက် မွေ့လျော်ရပါ၏ (ဟု လျှောက်ထား၏)။



လေးခုမြောက်သော သုဝဏ္ဏ၀ိမာန၀တ္ထု ပြီး၏။

၃ - မဏိထူဏ၀ိမာန၀တ္ထု

၁၁၂၆။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့်ခြောက်ယူဇနာရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။



၁၁၂၇။ (သင်နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်း သောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည်လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ် အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည်လည်း ကကြကုန်၏။



၁၁၂၈။ (နတ်သား) အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်နတ်သား၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၁၃၀။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား၏။



၁၁၃၁။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက တောခရီးလမ်း၌ တံတားကို ဆောက်လုပ်ခဲ့ပါ၏၊ အာရာမ်သစ်ပင်တို့ကိုလည်း စိုက်ပျိုးခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကို ချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း၊ များမြတ်သော (သင်္ကန်းစသော) အလှူဒါနကို၎င်း ရိုသေစွာ ပေးလှူခဲ့ပါ၏။



၁၁၃၂။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) ထိုကုသလိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ ပါ၏ (ဟု ဖြေကြား လျှောက်ထား၏)။



သုံးခုမြောက်သော မဏိထူဏ၀ိမာန၀တ္ထု ပြီး၏။

၂ - နန္ဒန၀ိမာန၀တ္ထု

၁၁၂၀။ (နတ်သား) တာဝတိံသာ နတ်တို့၏ ဥယျာဉ်မြတ်ဖြစ်သော စိတ္တလတာ ဥယျာဉ်သည် မြတ်သည်ဖြစ်၍ ထွန်းလင်း တောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။



၁၁၂၁။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောကပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၁၂၂။ ထိုနတ်သားသည် အသျှင်မာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြား၏။



၁၁၂၃။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ဆင်းရဲ၍ မှီခိုရာမရှိသော အထီးကျန် အမူလုပ် ယောက်ျား ဖြစ်ခဲ့ပါ၏၊ အိုမင်းကြီးရင့်သော မိဘတို့ကိုလည်း လုပ်ကျွေးမွေးမြူခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကိုလည်း ချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း များမြတ်သော (သင်္ကန်း အစရှိသော) အလှူဒါနကို၎င်း ပေးလှူခဲ့ပါ၏။



၁၁၂၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု လျှောက်ထား၏)။



ရှေးဦးစွာသော နန္ဒန၀ိမာန၀တ္ထု ပြီး၏။

၇ - သုနိက္ခိတ္တ၀ဂ် (၁ - စိတ္တလတာဝိမာန၀တ္ထု)

၁၁၁၄။ (နတ်သား) တာဝတိံသာ နတ်တို့၏ ဥယျာဉ်မြတ်ဖြစ်သော စိတ္တလတာ ဥယျာဉ်သည် မြတ်သည်ဖြစ်၍ ထွန်းလင်း တောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။



၁၁၁၅။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၁၁၆။ ထိုနတ်သားသည် အသျှင်မာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြား၏။



၁၁၁၇။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ဆင်းရဲ၍ မှီခိုရာမရှိသော အထီးကျန် အမူလုပ် ယောက်ျား ဖြစ်ခဲ့ပါ၏၊ အိုမင်းကြီးရင့်သော မိဘတို့ကိုလည်း လုပ်ကျွေးမွေးမြူခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကိုလည်း ချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း များမြတ်သော (သင်္ကန်း အစရှိသော) အလှူဒါနကို၎င်း ပေးလှူခဲ့ပါ၏။



၁၁၁၈။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု လျှောက်ထား၏)။



ရှေးဦးစွာသော စိတ္တလတာဝိမာန၀တ္ထု ပြီး၏။

Monday 8 August 2011

၁၀ - ပါယာသိဝိမာန၀တ္ထု

၁၁၀၈။ (နတ်သား) သိကြားမင်း၏ အကြင် သုဓမ္မာည်သော နတ်သဘင်သည် ရှိ၏၊ ယင်း သုဓမ္မာ နတ်သဘင်၌ နတ်အပေါင်းသည် အညီအညွတ် နေ၏၊ ထိုနတ်သဘင်နှင့် တူစွာ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။



၁၁၀၉။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၁၁၀။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။



၁၁၁၁။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘ၀ လူဖြစ်ခဲ့စဉ်က ပါရာသိ ရာဇညမင်း၏ (အမူကြီးငယ်ကို ပြုတတ်သော) (ဥတ္တရ) လုလင် ဖြစ်ခဲ့ပါ၏၊ အကျွန်ုပ်သည် ရအပ်သော ဥစ္စာကို ခွဲဝေ ပေးကမ်းခြင်ကို ပြုခဲ့ပါ၏၊ သီလရှိကုန်သော ရဟန်း သူတော်ကောင်းတို့ကို ချစ်မြတ်နိုးခဲ့ပါ၏၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း များပြားသော (အ၀တ် သင်္ကန် စသော) အလှူဒါနကို၎င်း ပေးလှူခဲ့ပါ၏။



၁၁၁၂။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။



ဆယ်ခုမြောက်သော ပါယာသိဝိမာန၀တ္ထု ပြီး၏။



ခြောက်ခုမြောက်သော ပါယာသိဝဂ် ပြီး၏။

၉ - ဒုတိယကုဏ္ဍလီဝိမာန၀တ္ထု

၁၁၀၁။ ဘယက်စသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်ထားသော အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းစွာ ၀တ်ရုံထားသော ကောင်းသော နာဍောင်လည်း ရှိသော ဆံမုတ်ဆိတ် ပြုပြင်ထားသော လက်ဝတ် တန်ဆာတို့ကို ၀တ်ဆင်ထားသော သင်နတ်သားသည် များသော အခြံအရံရှိသည်ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌ လ၀န်းကဲ့သို့ တင့်တယ်ဘိ၏။

၁၁၀၂။ နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ်ရှိကုန်သော ကောင်းသော သဘောရှိကုန်သောများမြတ်သောစည်းစိမ်ရှိကုန်သောတာဝတိံသာနတ်ပြည်၌ နေလေ့ရှိကုန်သော ခြောက် ကျိတ်လေးယောက်သော နတ်သမီးတို့သည် က-လည်း က-ကြကုန်၏၊ သီလည်း သီဆိုကြကုန်၏၊ သင့်ကို ၀မ်းမြောက်လည်း ၀မ်းမြောက်စေကြကုန်၏။

၁၁၀၃။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၀၄။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၁၀၅။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘ၀ လူဖြစ်ခဲ့စဉ်က သီလရှိကုန်သော အသိဉာဏ် “၀ိဇ္ဇာ”၊ အကျင့် “စရဏ”နှင့် ပြည့်စုံ၍ ကျော်စောခြင်း အခြွေအရံများခြင်း ရှိကုန်သော များသော အကြားအမြင် ရှိကုန်သော စိတ်ရှိကုန်သော (အဂ္ဂသာဝက) ရဟန်းနှစ်ပါးတို့ကို ဖူးမြင်ရခြင်းကြောင့် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း များပြားသော (အ၀တ် သင်္ကန်း အစရှိသော) အလှူဒါနကို၎င်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၁၀၆။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု လျှောက်ထား၏)။

ကိုးခုမြောက်သော ဒုတိယကုဏ္ဍလီဝိမာန၀တ္ထု ပြီး၏။

၈ - ပဌမကုဏ္ဍလီဝိမာန၀တ္ထု

၁၀၉၄။ ဘယက်စသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်ထားသော အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းစွာ ၀တ်ရုံထားသော ကောင်းသော နာဍောင်လည်း ရှိသော ဆံမုတ်ဆိတ် ပြုပြင်ထားသော လက်ဝတ် တန်ဆာတို့ကို ၀တ်ဆင်ထားသော သင်နတ်သားသည် များသော အခြံအရံရှိသည်ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌ လ၀န်းကဲ့သို့ တင့်တယ်ဘိ၏။

၁၀၉၅။ နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ်ရှိကုန်သော ကောင်းသော သဘောရှိကုန်သောများမြတ်သောစည်းစိမ်ရှိကုန်သောတာဝတိံသာနတ်ပြည်၌ နေလေ့ရှိကုန်သော ခြောက် ကျိတ်လေးယောက်သော နတ်သမီးတို့သည် က-လည်း က-ကြကုန်၏၊ သီလည်း သီဆိုကြကုန်၏၊ သင့်ကို ၀မ်းမြောက်လည်း ၀မ်းမြောက်စေကြကုန်၏။

၁၀၉၆။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၉၇။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၉၈။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘ၀ လူဖြစ်ခဲ့စဉ်က သီလရှိကုန်သော အသိဉာဏ် “၀ိဇ္ဇာ”၊ အကျင့် “စရဏ”နှင့် ပြည့်စုံ၍ ကျော်စောခြင်း အခြွေအရံများခြင်း ရှိကုန်သော များသော အကြားအမြင် ရှိကုန်သော တဏှာ၏ ကုန်ရာ (အရဟတ္တဖိုလ်)သို့ ရောက်ကုန်သော ရဟန်းတို့ကို ဖူးမြင်ရခြင်းကြောင့် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း များပြားသော (အ၀တ် သင်္ကန်း အစရှိသော) အလှူဒါနကို၎င်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၀၉၉။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။

ရှစ်ခုမြောက်သော ပဌမကုဏ္ဍလီဝိမာန၀တ္ထု ပြီး၏။

၇ - ယ၀ပါလက၀ိမာန၀တ္ထု

၁၀၈၇။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်နတ်သား၏ အရောင်အဆင်းသည် အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၈၉။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၉၀။ အရှင်ဘုရား အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက မုယောခင်း စောင့်သူ ဖြစ်ခဲ့ပါ၏၊ (ထိုအခါက) အကျွန်ုပ်သည် ကိလေသာမြူမှ ကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျူသော စိတ်ရှိသော ရဟန်းကို ဖူးမြင်ခဲ့ရပါ၏။

၁၀၉၁။ အရှင်ဘုရား အကျွန်ုပ်သည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အကျွန်ုပ်၏ မုယောမုံ့ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဘူးပါ၏၊ အကျွန်ုပ်သည် မုယောမုံ့ဆွမ်းကို ပေးလှူခြင်းကြောင့် နန္ဒ၀န်ဥယျာဉ်၌ မွေ့လျော်ရပါ၏။

၁၀၉၂။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။

ခုနှစ်ခုမြောက်သော ယ၀ပါလက၀ိမာန၀တ္ထု ပြီး၏။

၆ - ဘိက္ခာဒါယက၀ိမာန၀တ္ထု

၁၀၈၁။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့်ခြောက်ယူဇနာရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၁၀၈၂။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောကပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၈၃။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၈၄။ အကျွန်ုပ်သည် လူ့ဘ၀ လူဖြစ်ခဲ့စဉ်က မွတ်သိပ်ဆာလောင်၍ ပင်ပန်းသော ရဟန်းကို မြင်ခဲ့ရသောကြောင့် တထပ်စာသာဖြစ်သော ဆွမ်းကို(ထိုရဟန်းအား) ပေးလှူခဲ့ဘူးပါ၏၊ ထိုအခါက ဆွမ်းနှင့် ပြည့်စုံခြင်းကို ပြုခဲ့ဘူးပါ၏။

၁၀၈၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု လျှောက်ထား၏)။

ခြောက်ခုမြောက်သော ကိက္ခာဒါယက၀ိမာန၀တ္ထု ပြီး၏။

၅ - ဒုတိယဥပဿယဒါယက၀ိမာန၀တ္ထု

၁၀၇၅။ နတ်သား နေဗိမာန်သည် တိမ်တိုက်ကင်းသော မိုးကောင်းကင်၌။ပ။ (ရှေးဝိမာန၀တ္ထုကဲ့သို့ အကျယ်ချဲ့ရမည်)။

၁၀၇၉။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။

ငါးခုမြောက်သော ဒုတိယဥပဿယဒါယက၀ိမာန၀တ္ထု ပြီး၏။

၎ - ပဌမဥပဿယဒါယက၀ိမာန၀တ္ထု

၁၀၆၉။ နတ်သား လဗိမာန်သည် တိမ်တိုက်ကင်းစင်သော မိုးကောင်းကေင်၌ ထွန်းလင်း တောက်ပလျက် သွားသကဲ့သို့ ထို့အတူ သင်၏ ဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။

၁၀၇၀။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၇၁။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၇၂။ အရှင်ဘုရား လူ့ပြည်လောက၌ အကျွန်ုပ်သည်၎င်း၊ အကျွန်ုပ်၏ မယားသည်၎င်း၊ အပူဇော်ခံထိုက်သော ရဟန်းတပါးအား တည်းခိုရန် ကျောင်းကို ပေးလှူခဲ့ကြပါကုန်၏၊ ကြည်လင်သော စိတ်ရှိကုန်သည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း များပြားစွာသော (သင်္ကန်းစသော) အလှူဒါနကို၎င်း ရိုသေစွာ လှူခဲ့ကြပါကုန်၏။

၁၀၇၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု လျှောက်ထား၏)။

လေးခုမြောက်သော ပဌမဥပဿယဒါယက၀ိမာန၀တ္ထု ပြီး၏။

၃ - ဖလဒါယက၀ိမာန၀တ္ထု

၁၀၆၀။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့်ခြောက်ယူဇနာရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၁၀၆၁။ (သင်နတ်သားသည်) ထိုဗိမာန်၌နေလျက် သောက်လည်း သောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည်လည်း သာယာစွာ မြည်ကုန်၏၊ တခုတခုသော စုလစ်မွန်းချွန် တပ်သောအဆောင်၌ ခြောက်ကျိပ်လေးယောက်ကုန်သော သင်အပ်ပြီးသော အတတ်ရှိကုန်သော ကောင်းသော သဘောရှိကုန်သော များမြတ်သော စည်းစိမ်ရှိသော တာဝတိံသာနတ်ပြည်၌ နေလေ့ရှိကုန်သော နတ်သမီး တို့သည် က-လည်း ကကြကုန်၏။ သီလည်း သီဆိုကြကုန်၏၊ သင့်ကို ၀မ်းမြောက်လည်း ၀မ်းမြောက်စေကြကုန်၏။

၁၀၆၂။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောကပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၆၃။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၆၄။ အသီးကို ပေးလှူသော သူသည် ဖြောင့်မတ်စွာ ကျင့်ကုန်သော ပုဂ္ဂိုလ်တို့၌ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ပေးလှူခြင်းကြောင့် ပြန်ပြောသော ကုသိုလ်ကျိုးကို ရ၏၊ ထိုသူသည် နတ်ပြည်သို့ ရောက်၍ တာဝတိံသာနတ်ပြည်၌ မွေ့လျော်စံပျော်ရ၏။

၁၀၆၅။ မြတ်သော ရဟန်း အကျွန်ုပ်သည် အရှင်ဘုရားကိုပင် သရက်သီးလေးလုံးတို့ကို ပေးလှူခဲ့ပါ၏။

၁၀၆၆။ ထိုကြောင့်လျှင် လူ၌ဖြစ်သော ချမ်းသာကို အလိုရှိသူသည်၎င်း၊ နတ်၌ဖြစ်သော ချမ်းသာကို တောင့်တသူသည်၎င်း၊ လူတို့တွင် လှပတင့်တယ်သည်၏ အဖြစ်ကို အလိုရှိသူသည်၎င်း အခါခပ်သိမ်း သစ်သီးကို ပေးလှူခြင်းငှါ သင့်သည်သာလျှင်တည်း။

၁၀၆၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု လျှောက်ထား၏)။

သုံးခုမြောက်သော ဖလဒါယက၀ိမာန၀တ္ထု ပြီး၏။

Sunday 7 August 2011

၂ - ဒုတိယအဂါရိယ၀ိမာန၀တ္ထု

၁၀၅၄။ တာဝတိံသာနတ်တို့၏ ဥယျာဉ်မြတ်ဖြစ်သော စိတ္တလတာဥယျာဉ်သည် မြတ်သည် ဖြစ်၍ ထွန်း လင်းတောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်းတောက်ပလျက် တည်ဘိ၏။

၁၀၅၅။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၅၆။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၅၇။ အရှင်ဘုရား လူ့ပြည်လောက၌ အကျွန်ုပ်သည်၎င်း၊ အကျွန်ုပ်၏ မယားသည်၎င်း (ရဟန်းယောက်ျား ရဟန်းမိန်းမတို့၏) သုံးဆောင်ရာ ရေတွင်းသဖွယ် ဖြစ်ကြကုန်၍ အိမ်၌ နေခဲ့ကြပါကုန်၏၊ ကြည်လင်သော စိတ်ရှိကုန်သည်ဖြစ်၍ ဆွမ်းကို၎င်း အဖျော်ကို၎င်း များပြားသော (အ၀တ်သင်္ကန်းအစရှိသော) အလှူဒါနကို၎င်း ရိုသေစွာ ပေးလှူခဲ့ကြပါကုန်၏။

၁၀၅၈။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။

နှစ်ခုမြောက်သော ဒုတိယအဂါရိယ၀ိမာန၀တ္ထု ပြီး၏။

၆ - ပါယာသိဝဂ် (၁ - ပဌမအဂါရိယ၀ိမာန၀တ္ထု)

၁၀၄၈။ တာဝတိံသာနတ်တို့၏ ဥယျာဉ်မြတ်ဖြစ်သော စိတ္တလတာဥယျာဉ်သည် မြတ်သည် ဖြစ်၍ ထွန်း လင်းတောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်းတောက်ပလျက် တည်ဘိ၏။

၁၀၄၉။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၅၀။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၅၁။ အရှင်ဘုရား လူ့ပြည်လောက၌ အကျွန်ုပ်သည်၎င်း၊ အကျွန်ုပ်၏ မယားသည်၎င်း (ရဟန်းယောက်ျား ရဟန်းမိန်းမတို့၏) သုံးဆောင်ရာ ရေတွင်းသဖွယ် ဖြစ်ကြကုန်၍ အိမ်၌ နေခဲ့ကြပါကုန်၏၊ ကြည်လင်သော စိတ်ရှိကုန်သည်ဖြစ်၍ ဆွမ်းကို၎င်း အဖျော်ကို၎င်း များပြားသော (အ၀တ်သင်္ကန်းအစရှိသော) အလှူဒါနကို၎င်း ရိုသေစွာ ပေးလှူခဲ့ကြပါကုန်၏။

၁၀၅၂-၃။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။

ရှေးဦးစွာသော ပဌမအဂါရိယ၀ိမာန၀တ္ထု ပြီး၏။

၁၄ - မဟာရထ၀ိမာန၀တ္ထု

၁၀၁၅။ (နတ်သား) မြင်းတထောင်ကသော ယာဉ်ရှိသော တင့်တယ်သော အမျိုးမျိုးဆန်းကြယ်သော ဤရထားသို့ တက်စီး၍ ဥယျာဉ်အနီးသို့ သွားလျက် ရှေး၌ အလှူကို ပေးတတ်သော နတ်တို့၏ အရှင်ဖြစ်သော သိကြားမင်းကဲ့သို့ တင့်တယ်ဘိ၏။

၁၀၁၆။ ရွှေဖြင့် ပြုအပ်ကုန်သော သင်၏ ရထားလက်တင် ပွတ်တိုင် နှစ်ဖက်တို့သည် အကာပျဉ်ချပ်တို့ဖြင့်၎င်း၊ အမြှောင့်တို့ဖြင့်၎င်း အလွန်လျှင် စေ့စပ်လျောက်ပတ်ကုန်၏၊ ကောင်းစွာတည်ကုန်သော ပွတ်တိုင်၏ ပေါင်းစုရာဖြစ်ကုန်သော လက်တင်တို့သည် လက်မြောက်သော လက်သမားဆရာတို့ ပြီးစေအပ်ကုန်သော လက်ရာများ ဖြစ်ကုန်၏၊ သင်၏ ဤရထားသည် လဆန်းတဆယ့်ငါးရက်နေ့၌ ပေါ်ထွက်သော လပြည့်ဝန်းကဲ့သို့ တင့်တယ်ဘိ၏။

၁၀၁၇။ ရွှေကွန်ရက်ငယ်တို့ဖြင့် ဖုံးလွှမ်းအပ်သော အထူးထူး အပြားပြား များစွာသော ရတနာတို့ဖြင့် ဆန်းကြယ်သော အလွန်နှစ်သက်ဖွယ်သော အသံလည်းရှိသော အလွန်ထွန်းပခြင်းသဘောလည်းရှိသော ဤရထားသည် စာမရီသားမြီးယပ် လက်စွဲကုန်သော များစွာသော နတ်တို့ဖြင့် တင့်တယ်ဘိ၏။

၁၀၁၈။ ရထားလှည်းဘီးတို့၏ အဆုံးဖြစ်သော အကွပ်(တံကူ) အကန့်(ဒေါက်) ဘီးတို့၏ အလယ်၌ တန်ဆာဆင်ထားအပ်သော ဤပုန်တောင်းတို့သည်လည်း စိတ်ဖြင့် ဖန်ဆင်းအပ်သည်နှင့် တူကုန်၏၊ အရာမကသော အရေးတို့ဖြင့် ဆန်းကြယ်ကုန်သော ဤပုန်းတောင်တို့သည်လည်း သက်တင်ရေးလျှပ်စစ်နွယ်ကဲ့သို့ ပြိုးပြိုးပြက် ထွန်းပကုန်၏။

၁၀၁၉။ သင်၏ ဤရထားသည် များသော(ခြူးပန်းခြူးနွယ် စသော) ဆန်းကြယ်ခြင်းတို့ဖြင့် ပြွမ်း၏၊ ကြီးကျယ်သော အကွပ်(တံကူ)သည်လည်း အထောင်မကသော အရောင်ရှိ၏၊ ကွဲရရွဲဆွဲအပ်သော ရွှေခြူကွန်ရက်ရှိကုန်သော ထိုအကွပ် (တံကူ)တို့၏ သာယာသော သဘောရှိသော အသံကို ကောင်းစွာ တီးမူတ်အပ်သော အင်္ဂါငါးမျိုးရှိသော တူရိယာသံကဲ့သို့ ကြားရ၏။

၁၀၂၀။ ထိုရထား၌ ဦးပိုင်းသည် လ၀န်းနှင့်တူသော ပတ္တမြားဖြင့် တပ်ဆင်ထားသည်ဖြစ်၍ ဆန်းကြယ်၏၊ အခါခပ်သိမ်း အထူးသဖြင့် စင်ကြယ်၍ နှစ်သက်ဖွယ်လည်း ရှိ၏၊ ပြိုးပြိုးပြက်ထွက်သော အရောင်လည်း ရှိ၏၊ (အကြား အကြား၌ လုံးသော ပုံစံရှိသော) ရွှေအရေးတို့ဖြင့် အလွန် ကောင်းစွာ စပ်ယှဉ်သည်ဖြစ်၍ ကြောင်မျက်ရွှဲ အရေးကဲ့သို့ အလွန်တင့်တယ်ဘိ၏။

၁၀၂၁။ နတ်သား (မြီးဆံ တွဲရရွဲကျရာ အရပ်တို့၌) လ၀န်းနှင့်တူသော ပတ္တမြားဖြင့် တပ်ဆင်ထားအပ်သည့် မြီးဆိုင်းကြိုးရှိကုန်သော အလုံးအရပ်နှင့် ပြည့်စုံ၍ လျောက်ပတ်တင့်တယ်သော သွားခြင်းရှိကုန်သော မိမိပမာဏထက် ကြီးဘိသကဲ့သို့ မှတ်ထင်ရကုန်သော ကြီးထွားကုန်သော တန်ခိုးကြီးကုန်သော ကိုယ်အား လုံ့လအား ရှိကုန်သော လျင်မြန်သော အဟုန်ရှိကုန်သော ဤမြင်းတို့သည်လည်း သင်၏ စိတ်ကို သိကုန်၍ သင့်စိတ်အား လျော်စွာသာလျှင် ကောင်းစွာ ဖြစ်ကုန်၏။

၁၀၂၂။ အခြေလေးချောင်းတို့ဖြင့် သွားတတ်ကုန်သော အသွားညီကုန်သော ဤမြင်း အားလုံးတို့သည်လည်း သင်၏စိတ်ကို သိကုန်၍ ထို သင်၏ စိတ်အားလျော်စွာသာလျှင် ကောင်းစွာ ဖြစ်ကုန်၏၊ နူးညံ့ကုန်သော တုန်လူပ်ခြင်းမှ ကင်းကုန်သော မြင်းတကာတို့ထက် မြတ်ကုန်သော ဤမြင်းတို့သည်လည်း ၀မ်းမြောက်ကုန်လျက် အညီအညွတ် ဆောင်ရုန်းသွားကုန်၏။

၁၀၂၃။ (ထိုမြင်းတို့သည်) ကောင်းစွာ ဖန်ဆင်းအပ်သည့် (ခြူစသော) မြင်းတန်ဆာတို့ကို လွန်စွာ ခါကုန်လျက် ကောင်းကင်၌ (ဦးစွန်း လည်ဆံ အမြီးတို့ကို) ခါလည်း ခါကုန်၏၊ (အသွားကျ) သွားလည်း သွားကုန်၏၊ ခုန်လည်း ခုန်လွှားကုန်၏၊ ထိုမြင်းတန်ဆာတို့၏ သာယာသော အသံကိုလည်း ကောင်းစွာ တီးမူတ်အပ်သော အင်္ဂါ ငါးပါးရှိသော တူရိယာကဲ့သို့ ကြားရ၏။

၁၀၂၄။ သင်နတ်သား၏ ရထားသံကို၎င်း၊ အဆင်တန်ဆာတို့၏ အသံကို၎င်း၊ မြင်းခွါသံကို၎င်း၊ မြင်းဟည်သံကို၎င်း၊ နတ်အပေါင်း၏ ချိုသာသောအသံကို၎င်း၊ စိတ္တလတာဥယျာဉ်၌ ဂန္ဓဗ္ဗနတ်သားတို့၏ တူရိယာသံမျိုးတို့ကဲ့သို့ ကြားရ၏။

၁၀၂၅။ သမင်မငယ်တို့၏ မျက်စိကဲ့သို့ နူးညံ့ပြေပြစ်သော မျက်စိရှိကုန်သော (နွားမျက်တောင်ကဲ့သို့) ကော့သော မျက်တောင်လည်း ရှိကုန်သော ပြုံးရအင်ခြင်း ရှိကုန်သော ချစ်ဖွယ်သော စကားကို ပြောဆိုတတ်ကုန်သော ကြောင်မျက်ရွဲကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိကုန်သော သိမ်မွေ့သော ကိုယ်ရေအဆင်းရှိကုန်သော အခါခပ်သိမ်းသာလျှင် ဂန္ဓဗ္ဗနတ်နှင့် အခြားနတ်မြတ်တို့ ပူဇော်ချီးမြှောက်အပ်ကုန်သော ထိုနတ်သ္မီးတို့သည် သင်၏ ရထား၌ တည်ကုန်၏။

၁၀၂၆။ တပ်မက်ဖွယ်အဆင်းရှိ၍ စကားရောင် အ၀တ်ကို ၀တ်ကြကုန်သော ကျယ်သော မျက်စိလည်းရှိကုန်သော အလွန်နီသောအရေတို့ဖြင့် တင့်တယ်သည့် မျက်စိရှိကုန်သော ထူးမြတ်သော နတ်မျိုးတို့၌လည်း ဖြစ်ကုန်သော ကြော့ရှင်းသော ကိုယ်ရှိကုန်သော ကြည်လင်စင်ကြယ်စွာ ပြုံးရယ်ကုန်သော ထိုနတ်သ္မီးတို့သည် သင်၏ ရထား၌ တည်ကုန်လျက် လက်အုပ်(ကိုယ်စီ) ချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၂၇။ ရွှေလက်ကောက်ကို ၀တ်ကုန်သော ကောင်းသော ၀တ်ရုံခြင်းရှိကုန်သော တင့်တယ်သော ခါးရှိကုန်သော (ပြည့်ဖြိုးသော) ပေါင်တဲ့ (ပြည့်ဖြိုးသော) သားမြတ် ရှိကုန်သော လုံးသော လက်ချောင်းရှိကုန်သော လှပသော မျက်နှာရှိကုန်သော ရူချင်ဖွယ်ရှိကုန်သော ထိုနတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၂၈။ လှပသော ဆံထုံးရှိကုန်သော ပျိုငယ်ကုန်သော အညီအညွတ် ဝေဖန်ခြင်းတို့ဖြင့်၎င်း ပြိုးပြိုးပြက် အရောင်ထွက်ကုန်သော ဆံထုံးတို့ဖြင့်၎င်း (နီသောပန်းတို့ဖြင့်) ရောပြွမ်းသော ဆံပင်ရှိကုန်သော လျော်သော အမူအယာရှိကုန်သော သင်နတ်သား၏ စိတ်ကို မွေ့လျော်စေတတ်ကုန်သော အချို့သော ထိုနတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏အနီး၌ တည်နေကြပါကုန်၏။

၁၀၂၉။ နားဆွဲတန်ဆာကို ပန်ဆင်ကုန်သော ပဒုမာကြာပန်းဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိကုန်သော တန်ဆာဆင်အပ်ကုန်သော စန္ဒကူးနံ့သာနှစ်ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိကုန်သော လျော်သော အမူအယာရှိကုန်သော သင်နတ်သား၏ စိတ်ကို မွေ့လျော်စေတတ်ကုန်သော ထိုနတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ်ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၃၀။ ပန်းအမျိုးမျိုးကို ပန်ဆင်ကုန်သော ပဒုမာကြာပန်းဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိကုန်သော တန်ဆာဆင်အပ်ကုန်သော စန္ဒကူးနံ့သာနှစ်ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိကုန်သော လျော်သော အမူအယာရှိကုန်သော သင်နတ်သား၏ စိတ်ကို မွေ့လျော် စေတတ်ကုန်သော ထိုနတ်သမီးသည် (သင်၏) ရထား၌ တည်နေကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၃၁။ လည်ပင်း လက်ခြေတို့၌၎င်း၊ ဥက္ခောင်း၌၎င်း (ဆင်မြန်းထားသည့်) အဆင်တန်ဆာတို့သည် တန်ဆောင်မုန်းလအခါ တက်သစ်သော နေလုလင်ကဲ့သို့ အချင်းခပ်သိမ်း အရပ်မျက်နှာတို့ကို ထွန်းလင်း တောက်ပစေကုန်၏။

၁၀၃၂။ လေ၏ အဟုန်ကြောင့်၎င်း၊ (ရထားမြင်းတို့၏ အဟုန်ကြောင့်၎င်း) ထက်ဝန်းကျင်မှ တုန်လူပ်ကုန်သော လက်ရုံးနှစ်ဖက်ရှိ ပန်းတို့သည်၎င်း၊ အဆင်တန်ဆာတို့သည်၎င်း နှစ်သက်ဖွယ်ရှိ၍ သန့်ရှင်းစင်ကြယ် ကောင်းမြတ်သော (တီးမူတ်မူ အတတ်မျိုး၌) လိမ်မာသူ အားလုံးတို့ နားထောင်နိုင်လောက်သာ သဘောရှိသော အသံကို လွှတ်ကြကုန်၏။

၁၀၃၃။ နတ်မင်း စောင်းသည် စောင်းခွက် စောင်းလက်တံတို့ဖြင့် (လူများအပေါင်းကို) ၀မ်းမြောက်စေဘိသကဲ့သို့ ဥယျာဉ်မြေ၀ယ် နံပါးနှစ်ဘက်တို့၌ တည်ကုန်သော ရထားဆင်တို့၏ အသံသည်၎င်း၊ တူရိယာမျိုးတို့၏ အသံသည်၎င်း သင် နတ်သားကိုပင်လျှင် ၀မ်းမြောက်စေကုန်၏။

၁၀၃၄။ ချိုသာကုန်သော နှစ်သက်ဖွယ် သဘော ရှိကုန်သော များစွာသော ဤစောင်းတို့သည် စိတ်နှလုံးသို့ရောက်၍ နှစ်သိမ့်ခြင်း၏ အကြောင်းဖြစ်သော အသံကို မြည်ကုန်သည်ရှိသော် သင်အပ်ပြီးသော အတတ်ရှိကုန်သော နတ်သမီးတို့သည် (နတ်၌ ဖြစ်သော) ပဒုမာကြာတို့၌ အလွန်လျှင် ကပြကြကုန်လျက် လှည့်လည်ကြကုန်၏။

၁၀၃၅။ အကြင်အခါ၌ ဤသီချင်းဆိုခြင်းတို့သည်၎င်း၊ ဤတီးမူတ်ခြင်းတို့သည်၎င်း၊ ဤကခြင်းတို့သည်၎င်း တပြိုင်နက် (စီးချက်ဝါးချက်) ညီညွတ်ကြကုန်၏၊ ထိုအခါ (အချို့သော) နတ်သမီးတို့သည် ဤသင်၏ ရထား၌ ကကြကုန်၏၊ အချို့သော မိန်းမမြတ်တို့သည် ဤနံပါးနှစ်ဖက်တို့၌ (အရပ်မျက်နှာတို့ကို) ထွန်းလင်း တောက်ပစေကုန်၏။

၁၀၃၆။ ချိုသာကုန်သော နှစ်သက်ဖွယ်သဘောရှိကုန်သော များစွာသော ဤစောင်းတို့သည် စိတ်နှလုံးသို့ရောက်၍ နှစ်သိမ့်ခြင်း၏ အကြောင်းဖြစ်သော အသံကို (မြည်ကုန်သည်ရှိသော်) ထိုသင်သည် တူရိယာအပေါင်းက အသံဖြင့်နိုးစေလျက် ပူဇော်ခံရသည်ဖြစ်၍ သိကြားမင်းကဲ့သို့ မွေ့လျော်ရ၏။

၁၀၃၇။ သင်သည် ရှေးဘ၀က အဘယ်သို့သော ကုသိုလ်ကံကို ကိုယ်တိုင်ပြုခဲ့ဘူးသနည်း၊ ရှေးဘ၀လူဖြစ်ခဲ့စဉ်က သင်သည် အဘယ်သို့သော ဥပုသ်ကို ကျင့်သုံးခဲ့ဘူးသနည်း၊ အဘယ်သို့သော အလှူပေးခြင်းအစရှိသော ကုသိုလ်အကျင့်ကို၎င်း၊ ဆောက်တည်၍ ကျင့်အပ်သော အကျင့်ကို၎င်း နှစ်သက်စွာ ကျင့်ခဲ့ဘူးသနည်း။

၁၀၃၈။ သင်နတ်သား၏ ဤတန်ခိုးအာနုဘော်သည် ပြန့်ပြောကြီးမား၏၊ နတ်အပေါင်းတို့ အလွန်လွှမ်းမိုး၍ ထွန်းလင်း တောက်ပ၏၊ ဤအကျိုးသည် သင်နတ်သား၏ အနည်းငယ်မျှ ပြုဆည်းပူးခဲ့သော ကံ၏ အကျိုးမဟုတ်တန်ရာ၊ ရှေးဘ၀၌ ကောင်းစွာ လေ့ကျက်အပ်သော ဥပုသ်ကံ၏ အကျိုးလေလော့။

၁၀၃၉။ ဤအကျိုးသည် သင်နတ်သား၏ ဒါနကုသိုလ် အကျိုးလေလော၊ သို့မဟုတ် သီလကုသိုလ် အကျိုးလေလော့၊ သို့မဟုတ် လက်အုပ်ချိုမူ၏ အကျိုးလေလော။ သင့်ကို ငါမေး၏၊ ထိုအကြောင်းကို ငါ့အား ဖြေကြားလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၄၀။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား လျှောက်ထား၏။

၁၀၄၁။ အောင်အပ်ပြီးသော ဣနြေ္ဒရှိတော်မူသော ပြည့်စုံသော လုံ့လရှိတော်မူသော သတ္တ၀ါအပေါင်းတို့ထက် မြတ်တော်မူသော မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော နိဗ္ဗာန်တံခါးကို ဖွင့်တော်မူသော နတ်ထက် နတ်ဖြစ်တော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ခဲ့ရဘူးပါ၏။

၁၀၄၂။ အရှင်ဘုရား (ကိလေသာရန်သူကို နှိမ်နှင်းတော်မူသဖြင့်) ဆင်ပြောင်နှင့် တူတော်မူသော သြဃလေးပါးတို့ကို လွန်မြောက်တော်မူပြီးသော သီင်္ဂီရွှေစင် ဇမ္ဗ္ဗူရာဇ် ရွှေစင်နှင့်တူသော အဆင်းရှိတော်မူသော ထိုကဿပမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် အကျွန်ုပ်အား တမုဟုတ်ချင်း လျင်စွာ စင်ကြယ်သော စိတ်ရှိသူ ဖြစ်ခဲ့ပါ၏၊ (ထိုသို့ဖြစ်ခြင်းသည်လည်း) တရားတည်းဟူသော တံခွန်ရှိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့်သာလျှင် ဖြစ်ပါ၏။

၁၀၄၃။ တစုံတခု၌ မကပ်ငြိသော စိတ်ရှိသော ထိုအကျွန်ုပ်သည် (ကုံးသီအပ် မကုံသီအပ်သော) ပန်းတို့ဖြင့် ဆွဲခြင်း ခင်းခြင်း၏ အစွမ်းဖြင့် ပြိုးပြွမ်းသော မိမိအိမ်၌ ထိုကဿပ မြတ်စွာဘုရားအား စင်ကြယ်မွန်မြတ်၍ အရသာနှင့် ပြည့်စုံသော ဆွမ်းအဖျော်ကို၎င်း၊ ထိုမှတပါးလည်း သင်္ကန်းကို၎င်း တည်ထား လှူဒါန်းခဲ့ဘူးပါ၏။

၁၀၄၄။ (အရှင်ဘုရား) ထိုအကျွန်ုပ်သည် အခြေနှစ်ချောင်းရှိ သတ္တ၀ါတို့ထက် မြတ်တော်မူသော ထိုကဿပမြတ်စွာဘုရားကို ဆွမ်းဖြင့်၎င်း၊ အဖျော်ဖြင့်၎င်း၊ သင်္ကန်းဖြင့်၎င်း၊ ခဲဖွယ်ဖြင့်၎င်း၊ ဘောဇဉ်ဖြင့်၎င်း၊ လျက်ဖွယ်ဖြင့်၎င်း ကောင်းစွာ ရောင့်ရဲစေခဲ့ခြင်းကြောင့် နတ်ပြည်တိုင်း နတ်ပြည်တိုင်းဝယ် နတ်မြို့တော်၌ မွေ့လျော်ရပါ၏။

၁၀၄၅။ အရှင်ဘုရား အကျွန်ုပ်သည် ဤသို့သော အကြောင်းဖြင့် တံခါးကျဉ်မထိုးအပ်သော (အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်အခါတို့၌ကိုယ်နူတ်နှလုံးတို့ဖြင့်ကိုယ်ကိုပြုခြင်းသူတပါးကိုပြုစေခြင်း အောက်မေ့ခြင်းတို့နှင့် ပြည့်စုံသော ကောင့်) သုံးပါးအပြားရှိသော စင်ကြယ်သန့်ရှင်းသော ဤအသဒိသအလှူကြီးကို ပေးလှူခဲ့ခြင်းကြောင့် လူ၌ဖြစ်သော ခန္ဓာကိုယ်ကိုစွန့်၍ သိကြားနှင့်တူစွာ နတ်မြို့တော်၌ မွေ့လျော်ရပါ၏။

၁၀၄၆။ အရှင်ဘုရား ကောင်းမြတ်သော သဘောရှိသော အသက်ရှည်ခြင်းကို၎င်း၊ အဆင်းလှခြင်းကို၎င်း၊ ချမ်းသာများခြင်းကို၎င်း၊ ခွန်အားကြီးခြင်းကို၎င်း၊ အလိုရှိသူသည် တစုံတခု၌ မကပ်မငြိသော စိတ်ရှိသည်ဖြစ်၍ များစွာ အထူးပြုပြင် စီရင်အပ်သော ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း တည်စေအပ်၏။

၁၀၄၇။ အရှင်ဘုရား ဤလောက၌၎င်း၊ အခြားလောက၌၎င်း မြတ်စွာဘုရားထက် မြတ်သော ပုဂ္ဂိုလ်ဖြစ်စေ မြတ်စွာဘုရားနှင့် တူမျှသော ပုဂ္ဂိုလ်ဖြစ်စေ မရှိနိုင်ပါ၊ မြတ်စွာဘုရားသည် ကောင်းမူကို အလိုရှိကုန်သော ပြန့်ပြောသော အကျိုးကိုရှာမှီးသော သူတို့၏ အဝေးမှ ဆောင်ယူလာသော အလှူကို ခံထိုက်ကန်ုသော ပုဂ္ဂိုလ်တို့ထက် မြတ်သောအလှူကို ခံထိုက်သော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်တော်မူ၏ (ဟု ဖြေကြား၏)။

တဆယ့်လေးခုမြောက်သော မဟာရထ၀ိမာန၀တ္ထု ပြီး၏။

ငါးဝဂ်မြောက်သော မဟာရထ၀ဂ် ပြီး၏။

ဤတွင် သုံးခုမြောက်သော ဘာဏ၀ါရ ပြီး၏။