ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 9 August 2011

၅ - အမ္ဗ၀ိမာန၀တ္ထု

၁၁၄၆။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့်ခြောက်ယူဇနာရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။



၁၁၄၇။ (သင်နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်း သောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည်လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ် အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည်လည်း ကကြကုန်၏။



၁၁၄၈-၉။ (နတ်သား) အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်နတ်သား၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၁၅၀။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား၏။



၁၁၅၁။ အရှင်ဘုရား နွေလတို့၏ နောက်ဆုံးဖြစ်သော ၀ါဆိုလ၌ နေမင်း အလွန်ပူပြင်းသော အခါဝယ် သူတပါး အခစား ယောက်ျားသည် သရက်ဥယျာဉ်ကို ရေသွန်းလောင်း၍ နေပါ၏။



၁၁၅၂။ ထိုအခါ သာရိပုတြာဟူ၍ ထင်ရှားကျော်စောသော ရဟန်းသည် စိတ်မပင်ပန်းသော်လည်း ကိုယ်ပင်ပန်းသော သဘောရှိသည်ဖြစ်၍ ထိုသရက်ဥယျာဉ်အနီး ခရီးလမ်းဖြင့် ကြွသွားတော်မူပါ၏။



၁၁၅၃။ သရက်ဥယျာဉ်ကို ရေသွန်းနေသော (အကျွန်ုပ်) သည် ကြွလာတော်မူသော ထိုအသျှင်သာရိပုတြာကို မြင်၍ အရှင်ဘုရား တောင်းပန်ပါ၏။ အကျွန်ုပ်သည် အရှင်ဘုရားအား ချိုးရေလှူဒါန်းလိုပါ၏၊ ယင်းသို့ အရှင်ဘုရားအား ချိုးရေ လှူဒါန်းရခြင်းသည် အကျွန်ုပ်၏ ချမ်းသာကို ရွက်ဆောင်ရာပါ၏ဟု လျှောက်ခဲ့ပါ၏။



၁၁၅၄။ ထိုအသျှင်သာရိပုတြာသည် အကျွန်ုပ်ကို ချီးမြှောက်ခြင်းငှါ သပိတ်သင်္ကန်းကို ချထားတော်မူပြီးလျှင် ခါးဝတ် သင်္ကန်းတထည်တည်းဖြင့်သာ သရက်ပင်ရင်းဖြစ်သော အရိပ်၌ ထိုင်နေတော်မူ၏။



၁၁၅၅။ ကြည်ညိုစိတ်ရှိသော (သရက်ဥယျာဉ်စောင့်) ယောက်ျားသည် သရက်ပင်၏ အနီးဖြစ်သော အရိပ်၌ ခါးဝတ်သင်္ကန်း တထည်တည်းဖြင့်သာ ထိုင်နေသော ထိုအသျှင်သာရိပုတြာကို ကြည်လင်စွာသော ရေဖြင့် ရေချိုးစေ၏။



၁၁၅၆။ ထိုသရက်ဥယျာဉ်စောင့် ယောက်ျားသည် သရက်ပင်ကိုလည်း ရေဖြင့် သွန်းအပ်ပြီး၊ ရဟန်းကိုလည်း ရေချိုးစေအပ်ပြီး၊ ငါသည်လည်း များစွာသော ကောင်းမူကို ဆည်းပူးအပ်ပြီ၊ ဤသို့ နှလုံးပြု၍ မိမိ၏ တကိုယ်လုံးကို နှစ်သိမ့်မူ “ပီတိ” ဖြင့် နှံ့စေခဲ့ပါ၏။



၁၁၅၇။ (အကျွန်ုပ်သည်) ထိုသရက် ဥယျာဉ်စောင့် ဘ၀၌ ဤမျှ အတိုင်းရှည်ရှိသော ကုသိုလ်ကံကိုသာလျှင် ပြုခဲ့ပါ၏၊ (အကျွန်ုပ်သည်) ထိုကုသိုလ်ကံကြောင့် လူ့ခန္ဓာကိုယ်ကို စွန့်ပစ်ရသည်ရှိသော် နှစ်သက်ဖွယ် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပါ၏။



၁၁၅၈။ အထူးထူးသော ငှက်မျိုးအပေါင်းနှင့် ယှဉ်၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော နန္ဒ၀န်ဥယျာဉ်၌လည်း ကကြကုန် သီဆိုကြကုန်သော နတ်သမီးအပေါင်းတို့ ခြံရံလျက် မွေ့လျော်ရပါ၏(ဟု ဖြေကြားလျှောက်ထား၏)။



ငါးခုမြောက်သော အမ္ဗ၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment