ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 7 August 2011

၁၄ - မဟာရထ၀ိမာန၀တ္ထု

၁၀၁၅။ (နတ်သား) မြင်းတထောင်ကသော ယာဉ်ရှိသော တင့်တယ်သော အမျိုးမျိုးဆန်းကြယ်သော ဤရထားသို့ တက်စီး၍ ဥယျာဉ်အနီးသို့ သွားလျက် ရှေး၌ အလှူကို ပေးတတ်သော နတ်တို့၏ အရှင်ဖြစ်သော သိကြားမင်းကဲ့သို့ တင့်တယ်ဘိ၏။

၁၀၁၆။ ရွှေဖြင့် ပြုအပ်ကုန်သော သင်၏ ရထားလက်တင် ပွတ်တိုင် နှစ်ဖက်တို့သည် အကာပျဉ်ချပ်တို့ဖြင့်၎င်း၊ အမြှောင့်တို့ဖြင့်၎င်း အလွန်လျှင် စေ့စပ်လျောက်ပတ်ကုန်၏၊ ကောင်းစွာတည်ကုန်သော ပွတ်တိုင်၏ ပေါင်းစုရာဖြစ်ကုန်သော လက်တင်တို့သည် လက်မြောက်သော လက်သမားဆရာတို့ ပြီးစေအပ်ကုန်သော လက်ရာများ ဖြစ်ကုန်၏၊ သင်၏ ဤရထားသည် လဆန်းတဆယ့်ငါးရက်နေ့၌ ပေါ်ထွက်သော လပြည့်ဝန်းကဲ့သို့ တင့်တယ်ဘိ၏။

၁၀၁၇။ ရွှေကွန်ရက်ငယ်တို့ဖြင့် ဖုံးလွှမ်းအပ်သော အထူးထူး အပြားပြား များစွာသော ရတနာတို့ဖြင့် ဆန်းကြယ်သော အလွန်နှစ်သက်ဖွယ်သော အသံလည်းရှိသော အလွန်ထွန်းပခြင်းသဘောလည်းရှိသော ဤရထားသည် စာမရီသားမြီးယပ် လက်စွဲကုန်သော များစွာသော နတ်တို့ဖြင့် တင့်တယ်ဘိ၏။

၁၀၁၈။ ရထားလှည်းဘီးတို့၏ အဆုံးဖြစ်သော အကွပ်(တံကူ) အကန့်(ဒေါက်) ဘီးတို့၏ အလယ်၌ တန်ဆာဆင်ထားအပ်သော ဤပုန်တောင်းတို့သည်လည်း စိတ်ဖြင့် ဖန်ဆင်းအပ်သည်နှင့် တူကုန်၏၊ အရာမကသော အရေးတို့ဖြင့် ဆန်းကြယ်ကုန်သော ဤပုန်းတောင်တို့သည်လည်း သက်တင်ရေးလျှပ်စစ်နွယ်ကဲ့သို့ ပြိုးပြိုးပြက် ထွန်းပကုန်၏။

၁၀၁၉။ သင်၏ ဤရထားသည် များသော(ခြူးပန်းခြူးနွယ် စသော) ဆန်းကြယ်ခြင်းတို့ဖြင့် ပြွမ်း၏၊ ကြီးကျယ်သော အကွပ်(တံကူ)သည်လည်း အထောင်မကသော အရောင်ရှိ၏၊ ကွဲရရွဲဆွဲအပ်သော ရွှေခြူကွန်ရက်ရှိကုန်သော ထိုအကွပ် (တံကူ)တို့၏ သာယာသော သဘောရှိသော အသံကို ကောင်းစွာ တီးမူတ်အပ်သော အင်္ဂါငါးမျိုးရှိသော တူရိယာသံကဲ့သို့ ကြားရ၏။

၁၀၂၀။ ထိုရထား၌ ဦးပိုင်းသည် လ၀န်းနှင့်တူသော ပတ္တမြားဖြင့် တပ်ဆင်ထားသည်ဖြစ်၍ ဆန်းကြယ်၏၊ အခါခပ်သိမ်း အထူးသဖြင့် စင်ကြယ်၍ နှစ်သက်ဖွယ်လည်း ရှိ၏၊ ပြိုးပြိုးပြက်ထွက်သော အရောင်လည်း ရှိ၏၊ (အကြား အကြား၌ လုံးသော ပုံစံရှိသော) ရွှေအရေးတို့ဖြင့် အလွန် ကောင်းစွာ စပ်ယှဉ်သည်ဖြစ်၍ ကြောင်မျက်ရွှဲ အရေးကဲ့သို့ အလွန်တင့်တယ်ဘိ၏။

၁၀၂၁။ နတ်သား (မြီးဆံ တွဲရရွဲကျရာ အရပ်တို့၌) လ၀န်းနှင့်တူသော ပတ္တမြားဖြင့် တပ်ဆင်ထားအပ်သည့် မြီးဆိုင်းကြိုးရှိကုန်သော အလုံးအရပ်နှင့် ပြည့်စုံ၍ လျောက်ပတ်တင့်တယ်သော သွားခြင်းရှိကုန်သော မိမိပမာဏထက် ကြီးဘိသကဲ့သို့ မှတ်ထင်ရကုန်သော ကြီးထွားကုန်သော တန်ခိုးကြီးကုန်သော ကိုယ်အား လုံ့လအား ရှိကုန်သော လျင်မြန်သော အဟုန်ရှိကုန်သော ဤမြင်းတို့သည်လည်း သင်၏ စိတ်ကို သိကုန်၍ သင့်စိတ်အား လျော်စွာသာလျှင် ကောင်းစွာ ဖြစ်ကုန်၏။

၁၀၂၂။ အခြေလေးချောင်းတို့ဖြင့် သွားတတ်ကုန်သော အသွားညီကုန်သော ဤမြင်း အားလုံးတို့သည်လည်း သင်၏စိတ်ကို သိကုန်၍ ထို သင်၏ စိတ်အားလျော်စွာသာလျှင် ကောင်းစွာ ဖြစ်ကုန်၏၊ နူးညံ့ကုန်သော တုန်လူပ်ခြင်းမှ ကင်းကုန်သော မြင်းတကာတို့ထက် မြတ်ကုန်သော ဤမြင်းတို့သည်လည်း ၀မ်းမြောက်ကုန်လျက် အညီအညွတ် ဆောင်ရုန်းသွားကုန်၏။

၁၀၂၃။ (ထိုမြင်းတို့သည်) ကောင်းစွာ ဖန်ဆင်းအပ်သည့် (ခြူစသော) မြင်းတန်ဆာတို့ကို လွန်စွာ ခါကုန်လျက် ကောင်းကင်၌ (ဦးစွန်း လည်ဆံ အမြီးတို့ကို) ခါလည်း ခါကုန်၏၊ (အသွားကျ) သွားလည်း သွားကုန်၏၊ ခုန်လည်း ခုန်လွှားကုန်၏၊ ထိုမြင်းတန်ဆာတို့၏ သာယာသော အသံကိုလည်း ကောင်းစွာ တီးမူတ်အပ်သော အင်္ဂါ ငါးပါးရှိသော တူရိယာကဲ့သို့ ကြားရ၏။

၁၀၂၄။ သင်နတ်သား၏ ရထားသံကို၎င်း၊ အဆင်တန်ဆာတို့၏ အသံကို၎င်း၊ မြင်းခွါသံကို၎င်း၊ မြင်းဟည်သံကို၎င်း၊ နတ်အပေါင်း၏ ချိုသာသောအသံကို၎င်း၊ စိတ္တလတာဥယျာဉ်၌ ဂန္ဓဗ္ဗနတ်သားတို့၏ တူရိယာသံမျိုးတို့ကဲ့သို့ ကြားရ၏။

၁၀၂၅။ သမင်မငယ်တို့၏ မျက်စိကဲ့သို့ နူးညံ့ပြေပြစ်သော မျက်စိရှိကုန်သော (နွားမျက်တောင်ကဲ့သို့) ကော့သော မျက်တောင်လည်း ရှိကုန်သော ပြုံးရအင်ခြင်း ရှိကုန်သော ချစ်ဖွယ်သော စကားကို ပြောဆိုတတ်ကုန်သော ကြောင်မျက်ရွဲကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိကုန်သော သိမ်မွေ့သော ကိုယ်ရေအဆင်းရှိကုန်သော အခါခပ်သိမ်းသာလျှင် ဂန္ဓဗ္ဗနတ်နှင့် အခြားနတ်မြတ်တို့ ပူဇော်ချီးမြှောက်အပ်ကုန်သော ထိုနတ်သ္မီးတို့သည် သင်၏ ရထား၌ တည်ကုန်၏။

၁၀၂၆။ တပ်မက်ဖွယ်အဆင်းရှိ၍ စကားရောင် အ၀တ်ကို ၀တ်ကြကုန်သော ကျယ်သော မျက်စိလည်းရှိကုန်သော အလွန်နီသောအရေတို့ဖြင့် တင့်တယ်သည့် မျက်စိရှိကုန်သော ထူးမြတ်သော နတ်မျိုးတို့၌လည်း ဖြစ်ကုန်သော ကြော့ရှင်းသော ကိုယ်ရှိကုန်သော ကြည်လင်စင်ကြယ်စွာ ပြုံးရယ်ကုန်သော ထိုနတ်သ္မီးတို့သည် သင်၏ ရထား၌ တည်ကုန်လျက် လက်အုပ်(ကိုယ်စီ) ချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၂၇။ ရွှေလက်ကောက်ကို ၀တ်ကုန်သော ကောင်းသော ၀တ်ရုံခြင်းရှိကုန်သော တင့်တယ်သော ခါးရှိကုန်သော (ပြည့်ဖြိုးသော) ပေါင်တဲ့ (ပြည့်ဖြိုးသော) သားမြတ် ရှိကုန်သော လုံးသော လက်ချောင်းရှိကုန်သော လှပသော မျက်နှာရှိကုန်သော ရူချင်ဖွယ်ရှိကုန်သော ထိုနတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၂၈။ လှပသော ဆံထုံးရှိကုန်သော ပျိုငယ်ကုန်သော အညီအညွတ် ဝေဖန်ခြင်းတို့ဖြင့်၎င်း ပြိုးပြိုးပြက် အရောင်ထွက်ကုန်သော ဆံထုံးတို့ဖြင့်၎င်း (နီသောပန်းတို့ဖြင့်) ရောပြွမ်းသော ဆံပင်ရှိကုန်သော လျော်သော အမူအယာရှိကုန်သော သင်နတ်သား၏ စိတ်ကို မွေ့လျော်စေတတ်ကုန်သော အချို့သော ထိုနတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏အနီး၌ တည်နေကြပါကုန်၏။

၁၀၂၉။ နားဆွဲတန်ဆာကို ပန်ဆင်ကုန်သော ပဒုမာကြာပန်းဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိကုန်သော တန်ဆာဆင်အပ်ကုန်သော စန္ဒကူးနံ့သာနှစ်ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိကုန်သော လျော်သော အမူအယာရှိကုန်သော သင်နတ်သား၏ စိတ်ကို မွေ့လျော်စေတတ်ကုန်သော ထိုနတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ်ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၃၀။ ပန်းအမျိုးမျိုးကို ပန်ဆင်ကုန်သော ပဒုမာကြာပန်းဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိကုန်သော တန်ဆာဆင်အပ်ကုန်သော စန္ဒကူးနံ့သာနှစ်ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိကုန်သော လျော်သော အမူအယာရှိကုန်သော သင်နတ်သား၏ စိတ်ကို မွေ့လျော် စေတတ်ကုန်သော ထိုနတ်သမီးသည် (သင်၏) ရထား၌ တည်နေကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၃၁။ လည်ပင်း လက်ခြေတို့၌၎င်း၊ ဥက္ခောင်း၌၎င်း (ဆင်မြန်းထားသည့်) အဆင်တန်ဆာတို့သည် တန်ဆောင်မုန်းလအခါ တက်သစ်သော နေလုလင်ကဲ့သို့ အချင်းခပ်သိမ်း အရပ်မျက်နှာတို့ကို ထွန်းလင်း တောက်ပစေကုန်၏။

၁၀၃၂။ လေ၏ အဟုန်ကြောင့်၎င်း၊ (ရထားမြင်းတို့၏ အဟုန်ကြောင့်၎င်း) ထက်ဝန်းကျင်မှ တုန်လူပ်ကုန်သော လက်ရုံးနှစ်ဖက်ရှိ ပန်းတို့သည်၎င်း၊ အဆင်တန်ဆာတို့သည်၎င်း နှစ်သက်ဖွယ်ရှိ၍ သန့်ရှင်းစင်ကြယ် ကောင်းမြတ်သော (တီးမူတ်မူ အတတ်မျိုး၌) လိမ်မာသူ အားလုံးတို့ နားထောင်နိုင်လောက်သာ သဘောရှိသော အသံကို လွှတ်ကြကုန်၏။

၁၀၃၃။ နတ်မင်း စောင်းသည် စောင်းခွက် စောင်းလက်တံတို့ဖြင့် (လူများအပေါင်းကို) ၀မ်းမြောက်စေဘိသကဲ့သို့ ဥယျာဉ်မြေ၀ယ် နံပါးနှစ်ဘက်တို့၌ တည်ကုန်သော ရထားဆင်တို့၏ အသံသည်၎င်း၊ တူရိယာမျိုးတို့၏ အသံသည်၎င်း သင် နတ်သားကိုပင်လျှင် ၀မ်းမြောက်စေကုန်၏။

၁၀၃၄။ ချိုသာကုန်သော နှစ်သက်ဖွယ် သဘော ရှိကုန်သော များစွာသော ဤစောင်းတို့သည် စိတ်နှလုံးသို့ရောက်၍ နှစ်သိမ့်ခြင်း၏ အကြောင်းဖြစ်သော အသံကို မြည်ကုန်သည်ရှိသော် သင်အပ်ပြီးသော အတတ်ရှိကုန်သော နတ်သမီးတို့သည် (နတ်၌ ဖြစ်သော) ပဒုမာကြာတို့၌ အလွန်လျှင် ကပြကြကုန်လျက် လှည့်လည်ကြကုန်၏။

၁၀၃၅။ အကြင်အခါ၌ ဤသီချင်းဆိုခြင်းတို့သည်၎င်း၊ ဤတီးမူတ်ခြင်းတို့သည်၎င်း၊ ဤကခြင်းတို့သည်၎င်း တပြိုင်နက် (စီးချက်ဝါးချက်) ညီညွတ်ကြကုန်၏၊ ထိုအခါ (အချို့သော) နတ်သမီးတို့သည် ဤသင်၏ ရထား၌ ကကြကုန်၏၊ အချို့သော မိန်းမမြတ်တို့သည် ဤနံပါးနှစ်ဖက်တို့၌ (အရပ်မျက်နှာတို့ကို) ထွန်းလင်း တောက်ပစေကုန်၏။

၁၀၃၆။ ချိုသာကုန်သော နှစ်သက်ဖွယ်သဘောရှိကုန်သော များစွာသော ဤစောင်းတို့သည် စိတ်နှလုံးသို့ရောက်၍ နှစ်သိမ့်ခြင်း၏ အကြောင်းဖြစ်သော အသံကို (မြည်ကုန်သည်ရှိသော်) ထိုသင်သည် တူရိယာအပေါင်းက အသံဖြင့်နိုးစေလျက် ပူဇော်ခံရသည်ဖြစ်၍ သိကြားမင်းကဲ့သို့ မွေ့လျော်ရ၏။

၁၀၃၇။ သင်သည် ရှေးဘ၀က အဘယ်သို့သော ကုသိုလ်ကံကို ကိုယ်တိုင်ပြုခဲ့ဘူးသနည်း၊ ရှေးဘ၀လူဖြစ်ခဲ့စဉ်က သင်သည် အဘယ်သို့သော ဥပုသ်ကို ကျင့်သုံးခဲ့ဘူးသနည်း၊ အဘယ်သို့သော အလှူပေးခြင်းအစရှိသော ကုသိုလ်အကျင့်ကို၎င်း၊ ဆောက်တည်၍ ကျင့်အပ်သော အကျင့်ကို၎င်း နှစ်သက်စွာ ကျင့်ခဲ့ဘူးသနည်း။

၁၀၃၈။ သင်နတ်သား၏ ဤတန်ခိုးအာနုဘော်သည် ပြန့်ပြောကြီးမား၏၊ နတ်အပေါင်းတို့ အလွန်လွှမ်းမိုး၍ ထွန်းလင်း တောက်ပ၏၊ ဤအကျိုးသည် သင်နတ်သား၏ အနည်းငယ်မျှ ပြုဆည်းပူးခဲ့သော ကံ၏ အကျိုးမဟုတ်တန်ရာ၊ ရှေးဘ၀၌ ကောင်းစွာ လေ့ကျက်အပ်သော ဥပုသ်ကံ၏ အကျိုးလေလော့။

၁၀၃၉။ ဤအကျိုးသည် သင်နတ်သား၏ ဒါနကုသိုလ် အကျိုးလေလော၊ သို့မဟုတ် သီလကုသိုလ် အကျိုးလေလော့၊ သို့မဟုတ် လက်အုပ်ချိုမူ၏ အကျိုးလေလော။ သင့်ကို ငါမေး၏၊ ထိုအကြောင်းကို ငါ့အား ဖြေကြားလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၄၀။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား လျှောက်ထား၏။

၁၀၄၁။ အောင်အပ်ပြီးသော ဣနြေ္ဒရှိတော်မူသော ပြည့်စုံသော လုံ့လရှိတော်မူသော သတ္တ၀ါအပေါင်းတို့ထက် မြတ်တော်မူသော မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော နိဗ္ဗာန်တံခါးကို ဖွင့်တော်မူသော နတ်ထက် နတ်ဖြစ်တော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ခဲ့ရဘူးပါ၏။

၁၀၄၂။ အရှင်ဘုရား (ကိလေသာရန်သူကို နှိမ်နှင်းတော်မူသဖြင့်) ဆင်ပြောင်နှင့် တူတော်မူသော သြဃလေးပါးတို့ကို လွန်မြောက်တော်မူပြီးသော သီင်္ဂီရွှေစင် ဇမ္ဗ္ဗူရာဇ် ရွှေစင်နှင့်တူသော အဆင်းရှိတော်မူသော ထိုကဿပမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် အကျွန်ုပ်အား တမုဟုတ်ချင်း လျင်စွာ စင်ကြယ်သော စိတ်ရှိသူ ဖြစ်ခဲ့ပါ၏၊ (ထိုသို့ဖြစ်ခြင်းသည်လည်း) တရားတည်းဟူသော တံခွန်ရှိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့်သာလျှင် ဖြစ်ပါ၏။

၁၀၄၃။ တစုံတခု၌ မကပ်ငြိသော စိတ်ရှိသော ထိုအကျွန်ုပ်သည် (ကုံးသီအပ် မကုံသီအပ်သော) ပန်းတို့ဖြင့် ဆွဲခြင်း ခင်းခြင်း၏ အစွမ်းဖြင့် ပြိုးပြွမ်းသော မိမိအိမ်၌ ထိုကဿပ မြတ်စွာဘုရားအား စင်ကြယ်မွန်မြတ်၍ အရသာနှင့် ပြည့်စုံသော ဆွမ်းအဖျော်ကို၎င်း၊ ထိုမှတပါးလည်း သင်္ကန်းကို၎င်း တည်ထား လှူဒါန်းခဲ့ဘူးပါ၏။

၁၀၄၄။ (အရှင်ဘုရား) ထိုအကျွန်ုပ်သည် အခြေနှစ်ချောင်းရှိ သတ္တ၀ါတို့ထက် မြတ်တော်မူသော ထိုကဿပမြတ်စွာဘုရားကို ဆွမ်းဖြင့်၎င်း၊ အဖျော်ဖြင့်၎င်း၊ သင်္ကန်းဖြင့်၎င်း၊ ခဲဖွယ်ဖြင့်၎င်း၊ ဘောဇဉ်ဖြင့်၎င်း၊ လျက်ဖွယ်ဖြင့်၎င်း ကောင်းစွာ ရောင့်ရဲစေခဲ့ခြင်းကြောင့် နတ်ပြည်တိုင်း နတ်ပြည်တိုင်းဝယ် နတ်မြို့တော်၌ မွေ့လျော်ရပါ၏။

၁၀၄၅။ အရှင်ဘုရား အကျွန်ုပ်သည် ဤသို့သော အကြောင်းဖြင့် တံခါးကျဉ်မထိုးအပ်သော (အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်အခါတို့၌ကိုယ်နူတ်နှလုံးတို့ဖြင့်ကိုယ်ကိုပြုခြင်းသူတပါးကိုပြုစေခြင်း အောက်မေ့ခြင်းတို့နှင့် ပြည့်စုံသော ကောင့်) သုံးပါးအပြားရှိသော စင်ကြယ်သန့်ရှင်းသော ဤအသဒိသအလှူကြီးကို ပေးလှူခဲ့ခြင်းကြောင့် လူ၌ဖြစ်သော ခန္ဓာကိုယ်ကိုစွန့်၍ သိကြားနှင့်တူစွာ နတ်မြို့တော်၌ မွေ့လျော်ရပါ၏။

၁၀၄၆။ အရှင်ဘုရား ကောင်းမြတ်သော သဘောရှိသော အသက်ရှည်ခြင်းကို၎င်း၊ အဆင်းလှခြင်းကို၎င်း၊ ချမ်းသာများခြင်းကို၎င်း၊ ခွန်အားကြီးခြင်းကို၎င်း၊ အလိုရှိသူသည် တစုံတခု၌ မကပ်မငြိသော စိတ်ရှိသည်ဖြစ်၍ များစွာ အထူးပြုပြင် စီရင်အပ်သော ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း တည်စေအပ်၏။

၁၀၄၇။ အရှင်ဘုရား ဤလောက၌၎င်း၊ အခြားလောက၌၎င်း မြတ်စွာဘုရားထက် မြတ်သော ပုဂ္ဂိုလ်ဖြစ်စေ မြတ်စွာဘုရားနှင့် တူမျှသော ပုဂ္ဂိုလ်ဖြစ်စေ မရှိနိုင်ပါ၊ မြတ်စွာဘုရားသည် ကောင်းမူကို အလိုရှိကုန်သော ပြန့်ပြောသော အကျိုးကိုရှာမှီးသော သူတို့၏ အဝေးမှ ဆောင်ယူလာသော အလှူကို ခံထိုက်ကန်ုသော ပုဂ္ဂိုလ်တို့ထက် မြတ်သောအလှူကို ခံထိုက်သော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်တော်မူ၏ (ဟု ဖြေကြား၏)။

တဆယ့်လေးခုမြောက်သော မဟာရထ၀ိမာန၀တ္ထု ပြီး၏။

ငါးဝဂ်မြောက်သော မဟာရထ၀ဂ် ပြီး၏။

ဤတွင် သုံးခုမြောက်သော ဘာဏ၀ါရ ပြီး၏။

No comments:

Post a Comment