ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 5 August 2011

၎ - ကက္ကဋကရသဒါယက၀ိမာန၀တ္ထု

၉၁၀။ ပတ္တမြားတိုင်းရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့်နှစ်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည် ဖြစ်၍ တင့်တယ်ကုန်၏။

၉၁၁။ (သင်နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်း သောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည်လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည်လည်း ကကြကုန်၏။

၉၁၂။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤအရပ်၌ (ကောင်းကျိုး ချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၉၁၃။ အာနုဘော်ကြီးသော နတ်သား သင့်ကို ငါမေး၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော တန်ခိုး အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၁၄။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက် ၀မ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား လျှောက်ထား၏။

၉၁၅။ အကြင် ပုဇွန်လုံး ဟင်းလျာလှူသော ကုသိုလ်ကောင်းမူကြောင့် ဤနတ်စည်းစိမ်ကို အကျွန်ုပ်ရပါ၏။ ထို ကုသိုလ်ကောင်းမူ၌ သတိဖြစ်ခြင်းကို ပြုတတ်သော ရွှေဖြင့်ပြီးသော အခြေဆယ်ချောင်းရှိသော ပုဇွန်လုံးသည် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ပါကုန်၏။

၉၁၆။ ပုဇွန်လုံး ဟင်းလျာလှူရသော ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤနတ်ပြည်၌ အကျွန်ုပ်အား (ကောင်းကျိုး) ပြည့်စုံပါ၏၊ ထိုကိုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ပါကုန်၏။

၉၁၇။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အရှင်ရဟန်းအား ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်အခါက အကျွန်ုပ်သည် အကြင်ကုသိုလ်ထူးကို ပြုခဲ့၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကိုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပါပါ၏။

လေးခုမြောက်သော ကက္ကဋကရသဒါယက၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment