ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 11 August 2011

၅ - တိရောကုဋ္ဋပေတ၀တ္ထု

၁၄။ (ပြိတ္တာတို့သည်) မိမိအိမ်သို့ လာကြ၍ နံရံပြင်ဘက်တို့၌၎င်း၊ လမ်းဆုံလမ်းခွ အိမ်ခြံစပ်တို့၌၎င်း တံခါးဝ တံခါးပေါက်တို့၌၎င်း ရပ်တည်နေကြကုန်၏။



၁၅။ များစွာသော ထမင်း အဖျော် ခဲဖွယ်ဘောဇဉ်တို့ကို (လှူဒါန်းရန်) ပြုစီရင်သော်လည်း ထို(ပြိတ္တာ) သတ္တ၀ါတို့၏ ကံအကြောင်းကြောင့် (ထိုပြိတ္တာ သတ္တ၀ါတို့ကို) တစုံတယောက်သော သူကမျှ အမှတ်မရချေ။



၁၆-၇။ သနားတတ်သော အကြင်သူတို့သည် ဆွေမျိုးပြိတ္တာတို့ ကပ်ရောက်လာသောအခါ စင်ကြယ်မွန်မြတ်၍ လျောက်ပတ်သော အဖျော်ဘောဇဉ်ကို “ဤအလှူဝတ္ထုသည် သင်ဆွေမျိုးဖြစ်သော ပြိတ္တာတို့အား ဖြစ်စေသတည်း၊ ဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ချမ်းသာကြစေကုန်သတည်း” ဟု မိတ်ဆွေအမျိုး ပြိတ္တာတို့အတွက် ရည်ညွှန်း၍ ပေးလှူကုန်၏၊ ထိုဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ထိုအရပ်သို့ ညီညွတ်ပေါင်းဆုံ၍ လာရောက်ကြကုန်ပြီးလျှင် များစွာသော ထမင်းအဖျော်ကို (မိမိတို့အား ရည်ညွှန်း၍ ပေးလှူအပ်သည်ရှိသော်) ၀မ်းမြောက် ၀မ်းသာ အနုမောဒနာ ပြုကုန်၏။



၁၈။ အကြင် ဆွေမျိုးတို့၏ (ပေးလှူခြင်းဟူသော) အောကာင်းကြောင့် (စည်းစိမ်ချမ်းသာကို) ငါတို့ ရကြကုန်၏၊ ငါတို့၏ အကျိုးငှါလည်း ပူဇော်မူကို ပြုကြကုန်၏၊ ပေးလှူသူ ဆွေမျိုးတို့သည်လည်း အကျိုးကြီးကုန်၏၊ ငါတို့၏ ထိုဆွေမျိုးတို့သည် အသက်ရှည်ပါ ကုန်သတည်း။



၁၉။ ထိုပြိတ္တာဘုံ၌ လယ်ထွန်ခြင်းလည်း မရှိ၊ နွားကျောင်းခြင်းလည်း မရှိ၊ ထိုပြိတ္တာဘုံ၌ စည်းစိမ်ဥစ္စာရကြောင်း ကုန်သွယ်မူလည်း မရှိ၊ ရွှေငွေဖြင့် ရောင်းဝယ်မူလည်း မရှိ၊ တမလွန်ဘ၀သို့ ပြောင်းသွားကုန်သော ပြိတ္တာတို့သည် ဤလူ့ဘုံမှ (ဆွေမျိုး မိတ်ဆွေတို့) ပေးကမ်းအပ်သော အကုသိုလ်အဘို့ဖြင့် ထိုပြိတ္တာဘုံ၌ မျှတကုန်၏။



၂၀။ ကုန်းမြင့်ရာအရပ်၌ ရွာသော မိုးရေသည် ချိုင့်ဝှမ်းရာ အရပ်သို့ စီးသွားသကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဘို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။



၂၁။ ရေပြည့်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သောကုသိုလ်အဘို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။



၂၂။ ဤသူကား ငါ့အား ဥစ္စာကို ပေးဘူးပြီ၊ ငါ၏ (ကိစ္စကို) ပြုဘူးပြီ ဟူ၍ (ရှေးက ပြုဘူးသည်ကို) ၎င်း ဤသူကား ငါ၏ ဆွေမျိုးတည်း၊ ငါ၏ မိတ်ဆွေတည်း၊ ငါ၏ ခင်ပွန်းတည်းဟူ၍၎င်း ရှည်ကြာမြင့်စွာသော ကာလပတ်လုံး အောက်မေ့သူသည် ပြိတ္တာတို့အကျိုးငှါ မြတ်သော အလှူကို ပေးလှူရာ၏။



၂၃။ ငိုကြွေးခြင်းသည်၎င်း၊ စိုးရိမ်ခြင်းသည်၎င်း၊ ထိုမှတပါး ပြောဆိုမြည်တမ်းခြင်းသည်၎င်း ပြိတ္တာတို့၏ အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည်ကား ငိုကြွေး နေကြကုန်၏။



၂၄။ (တမလွန်ဘ၀သို့ ပြောင်းသွားသူကို ရည်စူးလျက်) သံဃာ၌ ကောင်းစွာ တည်၍ ပေးလှူအပ်သော ဤလှူသည် ပြိတ္တာ၏ ရှည်ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာ ဖြစ်ခြင်းအကျိုးငှါ တခဏချင်း ကပ်ရောက်နိုင်၏။



၂၅။ တမလွန်ဘ၀သို့ ပြောင်းသွားသူကို ရည်စူး၍ ပေးလှူခြင်းဟူသော ဤသဘောကို ဆွေမျိုးတို့၌ ပြုရသော ၀တ်တရားဟူ၍ ညွှန်ပြအပ်၏၊ ပြိတ္တာတို့အား မြတ်သော ပူဇော်ခြင်းကို ပြုအပ်သည်လည်း မည်၏၊ ရဟန်းတို့အား ခွန်အားကို ပေးအပ်သည်လည်း မည်၏၊ သင်တို့သည် ကြီးကျယ်သော ကုသိုလ်ကို ပွါးများ ဆည်းပူးအပ်သည်လည်း မည်၏ (ဟု ဟောတော်မူ၏)။



ငါးခုမြောက်သော တိရောကုဋ္ဋပေတ၀တ္ထု ပြီး၏။

No comments:

Post a Comment