ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 12 August 2011

၁၀ - ခလ္လာဋိယပေတိဝတ္ထု

၅၈။ အပြင်သို့ မထွက်မူ၍ ဗိမာန်အတွင်း၌ တည်နေသူကား အဘယ်သူနည်း၊ အရှင်မ အပြင်သို့ ထွက်ပါလော့၊ သင့်ကို အပြင်၌ ရပ်တည်နေသည်ကို မြင်လိုပါကုန်၏ (ဟု ကုန်သည်ကြီးက ပြောဆို၏)။



၅၉။ အ၀တ်မပါ ကိုယ်ချည်းသာဖြစ်၍ အပြင်သို့ ထွက်ရန် မရဲဝံ့ပါ၊ ရှက်လှပါ၏၊ ဆံတို့ဖြင့် ဖုံးလွှမ်းနေရသူ ဖြစ်ပါ၏၊ အကျွန်ုပ်သည် ကုသိုလ်ကောင်းမူကို အနည်းငယ်မျှသာ ပြုခဲ့ရပါ၏ (ဟု ပြိတ္တာမက ပြော၏)။



၆၀။ တင့်တယ်သော အဆင်းရှိသော နှစ်မ အပေါ်ရုံပုဆိုးကို သင့်အား ပေးပါ၏၊ ယူပါလော့၊ ဤပုဆိုးကို ၀တ်ပါလော့၊ ဤပုဆိုးကို ၀တ်၍ လာပါလော့၊ ထွက်ခဲ့ပါလော့၊ နှစ်မ အပြင်သို့ ထွက်ပါလော့၊ သင့်ကို အပြင်၌ ရပ်တည်နေသည်ကို မြင်လိုကြပါကုန်၏။



၆၁။ သင်၏လက်ဖြင့် အကျွန်ုပ်လက်သို့ သင်ပေးအပ်သော ပစ္စည်းသည် အကျွန်ုပ်အား မရ၊ မရောက်နိုင်ပါ၊ ယုံကြည်မူ “သဒ္ဓါ” ရှိ၍ မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော ထိုဥပါသကာသည် ဤလူအပေါင်း၌ ရှိပါ၏။



၆၂။ ထိုဥပါသကာကို အကျွန်ုပ်အား ပေးအပ်သော အ၀တ်ကို ၀တ်ရုံစေလျက် ထိုအလှူကို အကျွန်ုပ်အား ရည်ညွှန်း၍ ထိုအလှူ၏အဘို့ကို ပေးဝေပါလော့၊ ထိုသို့ လှူသည်ရှိသော် အကျွန်ုပ်သည် အလုံးစုံသော ကာမဂုဏ်နှင့် ပြည့်စုံသည့်ဖြစ်၍ ချမ်းသာသူ ဖြစ်ရပါလိမ့်မည် (ဟု ဆို၏)။



၆၃။ ထိုကုန်သည်တို့သည် ထိုဥပါသကာကိုလည်း ရေချိုးစေ၍ (မြတ်သော နံ့သာတို့ဖြင့်) လိမ်းကျံစေလျက် အ၀တ်တို့ကို ၀တ်ရုံစေပြီးလျှင် ထိုပြိတ္တာမအား အလှူ၏ အဘို့ဘာဂကို ရည်ညွန်း၍ (အမျှဝေစေကုန်၏)။



၆၄။ (ထိုအလှူ၏ အဘို့ဘာဂကို) ရည်ညွှန်း ပေးဝေပြီးသည့် အခြားမဲ့၌ပင် (အလှူ၏) အကျိုးသည် ဖြစ်၏၊ စားဖွယ် အ၀တ် အဖျော်ဟူသော ဤအကျိုးသည် အလှူ၏ အကျိုးပေတည်း။



၆၅။ ထို စားဖွယ်စသည်ကို ရသည်မှနောက်၌ ထိုမိန်းမသည် ဤအကျိုးကား အလှူ၏အကျိုးတည်းဟု ပြောသကဲ့သို့ စင်ကြယ်သော အ၀တ်ကို ၀တ်လျက် ကာသိတိုင်းဖြစ် အ၀တ်ထက် မြတ်သော အ၀တ်ကို ၀တ်ပြီးလျှင်ပြုံးရွှင်ကာ ဗိမာန်မှ ထွက်လာ၏။



၆၆။ အလွန်ဆန်းကြယ်သော အဆင်းရှိ၍ နှစ်သက်ဖွယ်ရှိသော သင်၏ ဗိမာန်သည် ထွန်းလင်းတောက်ပ၏၊ နတ်သမီး သင့်ကို မေးပါ၏၊ သင် ဖြေကြားပါလော့။ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။



၆၇။ အကျွန်ုပ်သည် ဖြောင့်မတ်သော အကျင့်ရှိသော ဆွမ်းခံကြွလာသော ရဟန်းအား အထူးကြည်လင်သော စိတ်ဖြင့် နှမ်းဆီထွေးကို ပေးလှူခဲ့၏။



၆၈။ ထိုကုသိုလ်ကံ၏ အကျိုးကြောင့် ရှည်မြင့်စွာသော ကာလပတ်လုံး ဗိမာန်၌ ခံစားရ၏၊ ထိုကုသိုလ်၏ အကျိုးသည်လည်း ယခုအခါ၌ ကုန်ခန်းခဲ့ပါ၏။



၆၉-၇၀။ လေးလတို့အလွန်၌ သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ်ဆင်းရဲ၍ ကြမ်းထမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ဝေဖန်အပ်သော ပုံစံတူဖြစ်သော သံတံတိုင်း ကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါလိမ့်မည်။



၇၁။ ထိုငရဲ၏ မြေကြီးကား သံဖြင့် ပြီး၏၊ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံရှိ၏၊ ထက်ဝန်းကျင် ယူဇနာတရာတိုင်တိုင် အခါခပ်သိမ်း ပြန့်နှံ့၍ တည်၏။



၇၂။ အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာသော ကာလပတ်လုံး မကောင်းမူကံ၏ အကျိုးဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရအံ့၊ ပြင်းစွာ စိုးရိမ်မိ၏ (ဟု ပြောဆို၏)။



ဆယ်ခုမြောက်သော ခလ္လာဋိယပေတိဝတ္ထု ပြီး၏။

No comments:

Post a Comment