ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 5 August 2011

၃ - ဆတ္တမာဏ၀က၀ိမာန၀တ္ထု

၈၈၆။ လူတို့တွင် ဟောကြားတတ်သူတို့ထက် မြတ်တော်မူသော သာကီဝင်မင်းသား ရဟန်းဖြစ်တော်မူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ပြုပြီးသော မဂ်ကိစ္စရှိတော်မူသော (နိဗ္ဗာန်)တည်းဟူသော ကမ်းတဖက်သို့ ရောက်တော်မူသော ကိုယ်အား ဉာဏ်အား လုံ့လတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို (သင်သည်) ကိုးကွယ်ရန်ချဉ်းကပ်လေလော့။

၈၈၇။ ရာဂမှ ကင်းသော (အရိယာမဂ်) တဏှာမှကင်းသော ပူဆွေးမူ မရှိသော (အရိယာဖိုလ်)၊ အကြောင်းတရားတို့သည် မပြုပြင်အပ်သော စက်ဆုပ်ဖွယ်ရာ တစုံတခုမျှ မရှိသော (နိဗ္ဗာန်) ဤလောကုတ္တရာတရား ကိုးပါးကို၎င်း၊ ကောင်းမြတ်၍ ဒေသနာ ဉာဏ်တော်သည် ဖြစ်စေအပ်သော ကောင်းစွာ ဝေဘန်အပ်သော ဤပရိယတ်တရားကို၎င်း ကိုးကွယ်ရန် ချဉ်းကပ်လေလော့။

၈၈၈။ ကိလေသာတို့မှ စင်ကြယ်ကုန်သော ယောက်ျားမြတ် လေးစုံဟူသော အကြင်အရိယာသံဃာတို့၌ ပေးလှူအပ်သော အလှူသည် ကြီးသော အကျိုးရှိ၏ဟု ဟောတော်မူကုန်၏၊ အစုံအားဖြင့်လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်သော ထိုပုဂ္ဂိုလ်တို့သည် သစ္စာလေးပါးတရားတို့ကို သိမြင်တတ်ကုန်၏၊ ဤသံဃာတော်ကိုလည်း ကိုးကွယ်ရန် ချဉ်းကပ်လေလော့။

၈၈၉။ နိုင်းယှဉ်ရာမရှိအောင် များစွာသော အရောင်ရှိသော ဤဗိမာန်သည် ကောင်းကင်၌ ထွန်းပသကဲ့သို့ ထို့အတူ ဖုဿမည်သော ကြယ်တာရာသည်လည်း မထွန်းပနိုင်၊ လသည်လည်း မထွန်းပနိုင်၊ နေသည်လည်း မထွန်းပနိုင်၊ နတ်ပြည်မှ မြေအရပ်သို့ ဆင်းသက် ရောက်လာသော သင်ကား အဘယ်သူနည်း။

၈၉၀။ ထက်ဝန်းကျင် စင်ကြယ်သော အညစ်အကြေးကင်း၍ တင့်တယ်သော ဗိမာန်သည် နေ၏အရောင်တို့ကို ဖြတ်တောက်၏၊ ထိုဗိမာန်၏ အရောင်သည် နှစ်ဆယ့်ငါး ယူဇနာ တိုင်တိုင်ပြန့်နှံ့၍ တည်၏၊ ညဉ့်ကိုပင်သော်လည်း နေကဲ့သို့ ပြုနိုင်၏။

၈၉၁။ များသော ပဒုမာကြာမျိုး ဆန်းကြယ်သော ပုဏ္ဍရိက်ကြာဖြူမျိုးလည်း ရှိသော ပန်းတို့ဖြင့် ပြွမ်းသော များစွာဆန်းကြယ်သော အညစ်အကြေးကင်းသည်ဖြစ်၍ အညစ်အကြေးကင်းသည့် ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော ဗိမာန်သည် ကောင်းကင်၌ နေကဲ့သို့ ထွန်းပ၏။

၈၉၂။ ကောင်းကင်သည် ကြယ်တာရာတို့ဖြင့် ပြည့်သကဲ့သို့ နီသောအရုံ ရွှေသောအ၀တ်ရှိကုန်သော အကျော် ဥပသကာ စန္ဒကူးနံကသာတို့ဖြင့် မွမ်းထုံအပ်ကုန်သော ရွှေအဆင်းနှင့်တူသော သိမ်မွေ့နူးညံ့သော အရေအဆင်း ရှိကုန်သော နတ်သမီးတို့ဖြင့်လည်း ပြည့်၏။

၈၉၃။ အမျိုးမျိုးသော အဆင်းရှိကုန်သော နတ်ပန်းတို့ဖြင့် ဆင်ယင်အပ်သော တန်ဆာရှိကုန်သော ၀မ်းမြောက်သော စိတ်ရှိကုန်သော ဆံထုံးစသည်တို့၌ ရွှေစည်းကြိုးအစ ရှိသည်တို့ဖြင့် ဖွဲ့ရှက်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော နတ်သား နတ်သမီးတို့သည် ဤဗိမာန်၌ များပြားလှကုန်၏၊ လေတိုက်ခတ်သဖြင့် ကြွေကျသော ပန်းတို့သည် ဤဗိမာန်၌ များပြားလှကုန်၏၊ လေတိုက်ခတ်သဖြင့် ကြွေကျသော ပန်းတို့သည် ဤဗိမာန်အတွင်း၌ မွှေးကြိုင်သော ရနံ့ကို ပျံ့လိုင်စေကုန်၏။

၈၉၄။ ဤအကျိုးသည် အဘယ်သို့ သဘောရှိသော စောင့်စည်းမူ၏ အကျိုးပေနည်း၊ အဘယ်သို့သော ကံ၏ အကျိုးကြောင့် သင်သည် ဤဗိမာန်၌ ဖြစ်လာရသနည်း၊ အကြင်သို့သော အကြောင်းဖြင့် ဤဗိမာန်ကို သင်ရသနည်း၊ တိုက်တွန်းပါ၏၊ မေးအပ်သော သင်သည် လျော်သော ထိုအကြောင်းကို ဖြေကြားပါလော့ (ဟု မြတ်စွာဘုရားက မေးမြန်းတော်မူ၏)။

၈၉၅။ မြတ်စွာဘုရားသည် ဤခရီးလမ်း၌ အလိုအလျောက် (ရောက်လာသော) ဆတ္တလုလင်နှင့် တွေ့ဆုံသောကြောင့် ချီးမြှောက်တော်မူလိုသည်ဖြစ်၍ ဆုံးမတော်မူပါ၏၊ ရတနာမြတ် ဖြစ်တော်မူသော အရှင်ဘုရား၏ တရားတော်ကို ကြားနာရ၍ လိုက်နာကျင့်ပါအံ့ဟုလည်း ဆတ္တလုလင်သည် လျှောက်ဆိုခဲ့ပါ၏။

၈၉၆။ မြတ်သူတို့ထက် ထူးမြတ်သော မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ တရားတော်ကို၎င်း၊ ရဟန်းသံဃာကို၎င်း ထို့အတူပင်လျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့ (ဟု အကျွန်ုပ်ကို မြတ်စွာဘုရား ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (သရဏဂုံကို သိ၏လော ဟု အရှင်ဘုရား မေးတော်မူအပ်သည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌လည်း အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၈၉၇။ လုလင် သင်သည် အထူးထူးအပြားပြားသော မစင်ကြယ်သော သူ့အသက် သတ်ခြင်းကိုလည်း မကျင့်လင့်၊ ထိုစကားသင့်စွ၊ သတ္တ၀ါတို့ကို သတ်ခြင်းမှ မစောင့်စည်းခြင်းကို ပညာရှိတို့သည် မချီးမွမ်းကုန် (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (အသက်သတ်ခြင်းမှ ကြဉ်ရှောင်ခြင်းကို သင်သိ၏လောဟု အရှင်ဘုရား မေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာ ပြုကျင့်ခဲ့ပါ၏။

၈၉၈။ သူတပါး စောင့်ရှောက်အပ်သည်လည်းဖြစ်သော မပေးသောဥစ္စာကို ခိုးယူအပ်၏ဟူ၍လည်း မမှတ်လေလင့် (ဟု အကျွန်ုပ်ကိုဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (မပေးသည်ကို ခိုးယူခြင်းမှ ကြဉ်ရှောင်ခြင်းကို သင်သိ၏လောဟု အရှင်ဘုရား မေးတော်မူသည် ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၈၉၉။ သူတပါး စောင့်ရှောက်အပ်ကုန်သော သူတပါး၏ မယားတို့ကိုလည်း မသွားလာ မလွန်ကျူးလင့်၊ ဤသွားလာ လွန်ကျူးခြင်းသည် မမြတ်သော အကျင့်တည်း (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (မမြတ်သော အကျင့်မှ ကြဉ်ရှောင်ခြင်းကို သိ၏လောဟု အရှင်ဘုရား မေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၉၀၀။ မဟုတ်မမှန်သော စကားကိုလည်း တပါးသောအခြင်းအရာဖြင့် မပြောဆိုလင့်၊ ထိုစကားမှန်၏၊ မဟုတ်မမှန်ပြောဆိုခြင်းကို ပညာရှိတို့သည် မချီးမွမ်းကုန် (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်းကို သိ၏လောဟု ဤသို့ အရှင်ဘုရား မေးတော်မူသည် ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၉၀၁။ အကြင် သောက်အပ်သော အရက်စသော ယစ်မျိုးဖြင့် ပုဂ္ဂိုလ်၏ ဓမ္မသညာသည် ကင်း၏၊ အလုံးစုံသော ထိုယစ်မျိုးကို (သောက်ခြင်းမှ) ကြဉ်ရှောင်လောလော့ (ဟု အကျွန်ုပ်ကို ဆုံးမတော် မူခဲ့ပါ၏)၊ အရှင်ဘုရား (အရက်စသော ယစ်မျိုးကို သောက်စားခြင်းမှ ကြဉ်ရှောင်ခြင်းကို သိ၏လောဟု အရှင်ဘုရား မေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာ ပြုကျင့်ခဲ့ပါ၏။

၉၀၂။ အရှင်ဘုရား ထိုအကျွန်ုပ်သည် ဤခရီးအရပ်၌ သိက္ခာပုဒ်ငါးပါးတို့ကို ဆောက်တည်၍ မြတ်စွာဘုရား၏ တရားတော်တို့ကို ကျင့်ပြီးနောက် ခိုးသူတို့၏အလယ်၌ နယ်ကြားလမ်းခရီးသို့ ရောက်သွားပါ၏၊ ထိုခိုးသူတို့သည် ပစ္စည်းဥစ္စာဟူသော အကြောင်းကြောင့် အကျွန်ုပ်ကို ထိုလမ်းခရီး၌ သတ်လိုက်ကြပါကုန်၏။

၉၀၃။ (ဘုန်းတော်ကြီးသော မြတ်စွာဘုရား) ဤမျှသာလျှင်ဖြစ်သော ကုသိုလ်ကံကို အကျွန်ုပ် အောက်မေ့မိပါ၏၊ အကျွန်ုပ်အား ထိုကုသိုလ်မှတပါး အခြားကုသိုလ်မရှိပါ၊ အကျွန်ုပ်သည် ထိုသုစရိုက် ကုသိုလ်ကံကြောင့် တာဝတိံသာနတ်ဘုံတို့၌ အလိုရှိုတိုင်း ပြည့်စုံသူ ဖြစရပါ၏။

၉၀၄။ (ဘုန်းတော်ကြီးသော မြတ်စွာဘုရား) တခဏ မတုဟုတ်မျှ စောင့်စည်းအပ်သော သီလ၏၎င်း၊ တရားအားလျော်သော အကျင့်၏၎င်း အကျိုးကို ရူတော်မူပါလော့၊ အကျွန်ုပ်အောက် ယုတ်နိမ့်သော ဘုန်းကံရှိကြသည့် များစွာကုန်သော နတ်တို့သည် အခြံအရံ တန်ခိုး အာနုဘော်ဖြင့် ပြောင်းပြောင်း တောက်သကဲ့သို့ အကျွန်ုပ်ကို ကောင်းစွာ တွေ့မြင် ကြရကုန်သည်ဖြစ်၍ (ငါတို့သည် ဤကဲ့သို့ ဖြစ်ရလိုကုန်၏ ဟု) တောင့်တကြပါကုန်၏။

၉၀၅။ အနည်းငယ်မျှသော တရားဒေသနာတော်၏ အကျိုးကို ရူတော်မူပါလော့၊ ကောင်းသော လားရာ “သုဂတိ” ၌လည်း ဖြစ်ရ၏၊ ချမ်းသာခြင်းသို့လည်း ရောက်ရ၏၊ အကြင် သတ္တ၀ါတို့သည်ကား (နေ့တိုင်း နေ့တိုင်း) အမြဲမပြတ် အရှင်ဘုရား၏ တရားတော်ကို ကြားနာကြရကုန်၏၊ ထိုသတ္တ၀ါတို့သည်ကား သေခြင်းကင်းရာ ဘေးမရှိရာ နိဗ္ဗာန်အရပ်သို့ ရောက်ရကုန်လိမ့်တကား။

၉၀၆။ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား၏ အဆုံးအမတရား၌ လိုက်နာပြုကျင့်အပ်သော အနည်းငယ်မျှသော ကုသိုလ်သည်လည်း ကြီးစွာသော အကျိုးရှိ၏၊ ပြန့်ပြောများမြတ်လှပါ၏၊ ရူတော်မူပါလော့၊ ဆတ္တလုလင်သည် ပြုအပ်ပြီးသော ကောင်းမူရှိသောကြောင့် မြေအပြင်ကို နေသည် ထွန်းလင်းစေသကဲ့သို့ ထွန်းလင်းစေနိုင်၏။

၉၀၇။ အချို့သောသူတို့သည် ဤကုသိုလ်ဟူသည် အဘယ်သို့ သဘောရှိသနည်း၊ ဤကုသိုလ်ကို အဘယ်သို့လျှင် ငါတို့ ကျင့်ရကုန်အံ့နည်း၊ ဤသို့ စည်းဝေးပေါင်းစု၍ တိုင်ပင်ပြောဆိုကုန်၏၊ ထိုအကျွန်ုပ်တို့သည် တဖန်လူ့အဖြစ်ကို ရကြကုန်သည်ရှိသော် ကုသိုလ်တရားကို ဖြည့်ကျင့်ကုန်လျက် သီလနှင့် ပြည့်စုံကြကုန် နေကြပါကုန်အံ့။

၉၀၈။ မြတ်စွာဘုရားသည် များသော ကျေးဇူးကို ပြုတော်မူပပေ၏၊ သနားစောင့်ရှောက်တော် မူပါပေ၏၊ ထိုသို့သနားတော်မူခြင်းကြောင့် အကျွန်ုပ်ရှိစဉ် နေမွန်းတည့်အခါ၌ ကြွလာတော်မူပါပေ၏၊ ထိုအကျွန်ုပ်သည် (အရဟံစသော အမည်တို့ဖြင့်) မှန်သော အမည်တော်ရှိသော မြတ်စွာဘုရားကို ဆည်းကပ်ခဲ့သူ ဖြစ်ပါ၏၊ ချီးမြှောက်တော်မူပါဦး အရှင်ဘုရား၏ တရားတော်ကို ထပ်မံ၍လည်း နာပါကုန်အံ့။

၉၀၉။ အကြင် သူတို့သည် ဤသာသနာတော်၌ (တည်ကုန်၍) ကာမဂုဏ်၌ တပ်မက်မူ “ကာမရာဂ” ကိုစွန့်ကုန်၏၊ ထိုသူတို့သည် တဖန်အမိဝမ်း၌ ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်ရ ကုန်သည်သာလျှင်တည်း၊ အကြင်သူတို့သည်လည်း တွေဝေမူ (မောဟ)ကို ပယ်စွန့်ကုန်၍ ဘ၀၌ တပ်မက်မူ “ဘ၀ရာဂ” ကိုလည်း စွန့်ကုန်၏၊ ထိုသူတို့သည်လည်း တဖန် အမိဝမ်း၌ ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်ကုန်သည်သာလျှင်တည်း၊ မှန်၏၊ (ယောက်ျားမြတ်တို့သည်) အေးချမ်းကုန်သည်ဖြစ်၍ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုကြရကုန်၏ (ဟုလျှောက်၏)။

သုံးခုမြောက်သော ဆတ္တမာဏ၀က၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment