ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 28 August 2011

၁၂ - ဥရဂပေတ၀တ္ထု

၈၅။ မြွေသည် အရေဟောင်းကို စွန့်၍ သွားသကဲ့သို့ ဤအတူ သံသရာ၌ ကျင်လည်ရသော သတ္တ၀ါသည် ခန္ဓာကိုယ်ကို အသုံးမပြုနိုင်ပဲ အသက်ကင်း၍ သေသည်ရှိသော် မိမိ၏ ဆွေးမြေ့သော ကိုယ်ကို စွန့်၍ သွားရ၏။



၈၆။ ထိုသေသူသည် မိမိလားရောက်ရာ “ဂတိ” သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤ ငါ့သားကို (အကြောင်းပြု၍) မငို (ဟု သေသူ၏ အဖဖြစ်သော ပုဏ္ဏားက ဆို၏)။



၈၇။ ငါ့သား လာလှည့်ဟု မခေါ်ပဲ ထိုတမလွန်လောကမှ လာ၏၊ ငါ့သား သွားတော့ဟု ခွင့်မပြုပဲ ဤပစ္စုပ္ပန်လောကမှ သွား၏၊ အကြင်သို့သော အခြင်းအရာအားဖြင့် (မခေါ်ပဲ) လာ၍ ထိုသို့သော အခြင်းအရာအားဖြင့် (ခွင့်မပြုပဲ) သွား၏၊ ထိုအလိုသို့ မလိုက်ပဲ ကျင်လည်၍ ဖြစ်ရာ၌ ငိုကြွေးမြည်တမ်းခြင်းသည် အဘယ်အကျိုး ရှိအံ့နည်း။



၈၈။ ထိုသေသူသည် မိမိ လားရောက်ရာ “ဂတိ” သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့သားကို အကြောင်းပြု၍ မငို (ဟု အမိပုဏ္ဏေးမက ဆို၏)။



၈၉။ အကယ်၍ ငိုကြွေးခဲ့ပါမူ ပိန်ချုံးရုံမျှသာ ဖြစ်ရာ၏၊ ထိုငိုကြွေးရာ၌ ငါ့အား အဘယ်အကျိုး ရှိရာအံ့နည်း၊ ငါတို့၏ ဆွေမျိုး မိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့အား လွန်စွာ စိတ်မချမ်းသာမူမျှသာ ဖြစ်ရာ၏။



၉၀။ ထိုသေသူသည် မိမိလားရောက်ရာ “ဂတိ”သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့မောင်ကို အကြောင်းပြု၍ မငို(ဟု နှစ်မငယ်က ဆို၏)။



၉၁။ သူငယ်သည် ကောင်းကင်၌ သွားသော လကို ငါ၏ ရထားဘီးကို ပေးဟုဆို၍ ငိုသကဲ့သို့ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိမ်ခြင်းသည် ဤသူငယ်၏ အဖြစ်နှင့် တူသည်သာတည်း။



၉၂။ ထိုသေသူသည် မိမိလားရောက်ရာ “ဂတိ”သို့ သွားရောက်သည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ငါ့လင်ကို အကြောင်းပြု၍ မငို (ဟု မယားက ဆို၏)။



၉၃။ ပုဏ္ဏား ကွဲလေပြီးသော ရေအိုးသည် တဖန်စပ်၍ မရသကဲ့သို့ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိမ်ခြင်းသည် ကွဲလေပြီးသော အိုးကို စပ်၍ မရသည်နှင့် တူ၏။



၉၄။ ထိုသေသူသည် မိမိလားရောက်ရာ “ဂတိ” သို့ သွားရောက်သည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤအရှင့်သားကို အကြောင်ပြု၍ မငို( ဟု ကျွန်မက ဆို၏)။



တဆယ့်နှစ်ခုမြောက်သော ဥရဂပေတ၀တ္ထု ပြီး၏။



ရှေးဦးစွာသော ဥရဂ၀ဂ် ပြီး၏။

No comments:

Post a Comment