၁၂၀၇။ တန်ဆာဆင်အပ်သော ပြေပြစ်ချာမွေ့သော နားဍောင်းလည်းရှိသော ပန်းကို ပန်ဆင်၍ စန္ဒကူးရွှေတို့ဖြင့် လိမ်းကျံထားသည့် ကိုယ်ရှိသော သင်သည် ဆင်းရဲ ဒုက္ခသို့ ရောက်သည်ဖြစ်၍ တောအလယ်၌ လက်မောင်းကို မြှောက်လျက် အဘယ်ကြောင့် ငိုမြည်တမ်းဘိသနည်း (ဟု အဒိန္နပုဗ္ဗကပုဏ္ဏားက မေး၏)။
၁၂၀၈။ (ပုဏ္ဏား) ငါ့အား ရွှေဖြင့်ပြီးသော ပြိုးပြိုးပြက် အရောင်ထွက်သော ရထားအိမ်ကားရှိပါ၏။ ထိုရထားအိမ်အတွက် ရထားဘီးအစုံကို မရသေးပါ၊ ထိုရထားဘီး အစုံကို မရသော ဆင်းရဲကြောင့် အသက်ကို စွန့်ပါတော့အံ့ (ဟု ဖြေဆို၏)။
၁၂၀၉။ လှပပျိုမျစ်သောလုလင် ရွှေဖြင့်ပြီးသော ရထားဘီးအစုံလော၊ မြကျောက်ရတနာဖြင့်ပြီးသော ရထားဘီးအစုံလော၊ ပတ္တမြားနီဖြင့် ပြီးသော ရထားဘီးအစုံလော၊ ငွေစင်ဖြင့် ပြီးသော ရထားဘီးအစုံလော၊ ငါ့အား ပြောကြားပါလော့၊ သင့်အတွက် ရထားဘီးအစုံကို ပြည့်စုံအောင် ပြုလုပ်၍ ပေးအံ့ (ဟု အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။
၁၂၁၀။ ဤလောက၌ နေလနှစ်ပါးစုံတို့ကို တွေ့မြင်နေရပါကုန်၏၊ ရွှေဖြင့်ပြီးသော ငါ့ရထားသည် ထိုနေလနှစ်ပါးဟူသော ရထားဘီးအစုံဖြင့်သာ တင့်တယ်ပါလိမ့်မည်ဟု ထိုလုလင်သည် ထိုပုဏ္ဏားကို ပြောဆို၏။
၁၂၁၁။ လုလင် သင်သည် တောင့်တ၍ မရကောင်းသော ၀တ္ထုကို တောင့်တလေသောကြောင့် မိုက်လှသူသာ ဖြစ်ဘိ၏၊ လုလင် သင်သည် သေလျှင်သာ သေမည်၊ နေလတို့ကို ရလိမ့်မည်မဟုတ်ဟု ငါအောက်မေ့၏ (ဟု အဒိန္နပုဗ္ဗ ပုဏ္ဏားက ဆို၏)။
၁၂၁၂။ ပုဏ္ဏား နေလနှစ်ပါးတို့၌ အဆင်းဓာတ်ကိုလည်း တွေ့မြင်နေရ၏၊ လှည့်လည်ရာ လမ်းခရီး၌ သွားခြင်းလာခြင်းကိုလည်း တွေ့မြင်နေရ၏၊ သေလွန်သော သူကိုမူကား မတွေ့မမြင်ရတော့ပေ၊ ဤတောအရပ်၌ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါ နှစ်ယောက်တို့တွင် အဘယ်သူက ပို၍ မိုက်ပါသနည်း (ဟု လုလင်က ဆို၏)။
၁၂၁၃။ လုလင် သင်သည် အမှန်ကိုသာ ပြောဆိုပေ၏၊ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါ နှစ်ယောက်တို့တွင် ငါကသာလျှင် ပို၍ မိုက်၏၊ လဗိမာန်ကို တောင့်တလျက် ငိုကြွေးမြည်တမ်းနေသော သူငယ်ကဲ့သို့ သေလွန်သောသူကို ငါတောင့်တမိချေပြီ (ဟု ပုဏ္ဏားက ဆို၏)။
၁၂၁၄။ လုလင် ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီးတောက်နေသော မီးကိုရေဖြင့် သွန်းလောင်းလိုက်သကဲ့သို့ ထို့အတူ သင်သည် သောကမီး တောက်လောင်နေသော ငါ၏ ပူပန်မူအားလုံးကို ငြိမ်းအေးစေလေပြီတကား။
၁၂၁၅။ အကြင်သင်သည် ပူဆွေးမူ သောကနှိပ်စက်နေသော ငါ့အား သားကြောင့် ဖြစ်သော ပူဆွေးမူသောကကို ပယ်ဖျောက်နိုင်ပေ၏၊ ထိုသင်သည် ငါ၏နှလုံး၌ မှီသော ပူဆွေးမူသောက တည်းဟူသော ငြောင့်ကို နုတ်ပေသည်တကား။
၁၂၁၆။လုလင်ထိုငါသည်ပူဆွေးသောကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။
၁၂၁၇။ လုလင် သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုးဖြစ်လေသလော၊ သို့မဟုတ် ရှေး၌ အလှူကို ပေးတတ်သော သိကြား ဖြစ်လေသလော၊ သင်သည် အဘယ်မည်သော သူပေနည်း၊ အဘယ်သူ၏ သားပေနည်း၊ ငါတို့သည် သင့်ကို အဘယ်သို့ သိရပါကုန်အံ့နည်း (ဟု ပုဏ္ဏားက ဆို၏)။
၁၂၁၈။ ပုဏ္ဏား သင်သည် (မဋ္ဌကုဏ္ဍလီ) ကို သုသာန်၌ မိမိကိုယ်တိုင် ဖုတ်ကြည်း သင်ဂြိုလ်ပြီးလျှင် အကြင်သားကို (ရည်၍) မြည်တမ်း၏၊ အကြင်သားကို (ရည်၍) ငိုကြွေး၏၊ သင်၏ သားဖြစ်သော ထိုငါသည် ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာနတ်တို့၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏ (ဟု မဋ္ဌကုဏ္ဍလီ နတ်သားက ဆို၏)။
၁၂၁၉။ လုလင် မိမိအိမ်၌ ပေးလှူသော သင်၏ အနည်းငယ်သော အလှူကိုသော်၎င်း၊ များစွာသော အလှူကိုသော်၎င်း ငါတို့ မမြင်ကြရပါကုန်၊ သင်စောင့်သုံးသော ထိုသို့သဘောရှိသော ဥပုသ်ကံကိုသော်လည်း ငါတို့ မမြင်ကြရပါကုန်၊ အဘယ်ကံကြောင့် သင်သည် နတ်ပြည်သို့ လာရောက်ရသနည်း (ဟု ပုဏ္ဏားက မေး၏)။
၁၂၂၀။ ပုဏ္ဏား ငါသည် မိမိအိမ်၌ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် နာကျင်သော သဘောရှိသူ (သူနာ) ဖြစ်ခဲ့ပါ၏၊ ကိလေသာမြူမှ ကင်းတော်မူပြီးသော မဝေခွဲနိုင်မူ ၀ိစိကိစ္ဆာကို လွန်မြောက်တော်မူပြီးသော ကောင်းသော စကားကို ဆိုတော်မူသော မယုတ်လျော့သော ပညာလည်းရှိသော မြတ်စွာဘုရားကို ဖူးမြင်လိုက်ရပါပြီ။
၁၂၂၁။ အံ့ဖွယ်ရှိပေစွတကား၊ မဖြစ်ဘူးမြဲ ဖြစ်ပေစွတကား၊ လက်အုပ်ချီခြင်းမျှ၏လည်း ဤသို့သော အကျိုးဖြစ်ဘိသေး၏၊ ငါသည်လည်း ၀မ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါတော့အံ့ ( ဟု ပုဏ္ဏားက ဆို၏)။
၁၂၂၂။ အံဖွယ်ရှိပေစွတကား၊ မဖြစ်ဘူးမြဲ ဖြစ်ပေစွတကား၊ လက်အုပ်ချီခြင်းမျှ၏လည်း ဤသို့သော အကျိုးဖြစ်ဘိလေ၏၊ ငါသည်လည်း ၀မ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါတော့အံ့ ( ဟု ပုဏ္ဏားက ဆို၏)။
၁၂၂၃။ ပုဏ္ဏား သင်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ တရားတော်ကို၎င်း၊ သံဃာတော်ကို၎င်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထိုပြင် သိက္ခာပုဒ်ငါးပါးတို့ကိုလည်း မကျိုးမပျက်အောင် ဆောက်တည်လေလော့။
၁၂၂၄။ သူ့ အသက်ကို သတ်ခြင်းမှ လျင်စွာရှောင်ကြဉ်ပါလော့၊ လောက၌ မပေးသည်ကိုယူခြင်းမှ ရှောင်ကြဉ်ပါလော့၊ သေအရက်ကို မသောက်မစားပါလင့်၊ မဟုတ်မမှန်သော စကားကိုလည်း မပြောပါလင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ပါလော့ (ဟု မဋ္ဌကုဏ္ဍလီနတ်သားက သတိပေးဆုံးမ၏)။
၁၂၂၅။ နတ်သား သင်သည် ငါ၏အကျိုးကို အလိုရှိသူဖြစ်ပေ၏၊ နတ်သား ငါ၏ အစီးအပွားကိုလည်း အလိုရှိသူ ဖြစ်ပေ၏၊ သင်၏စကားကို ငါလိုက်နာပါ၏၊ သင်သည် ငါ၏မှီရာ ဖြစ်ပါပေ၏။
၁၂၂၆။ ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကို၎င်း၊ မြတ်စွာဘုရား၏ တပည့်သာဝက သံဃာတော်ကို၎င်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။
၁၂၂၇။ အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါ၏၊ လောက၌ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊ သေအရက်ကို မသောက်စားတော့ပါ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆိုပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲသူဖြစ်ပါ၏ (ဟု ပုဏ္ဏားက ပြောဆို၏)။
Wednesday 10 August 2011
၉ - မဋ္ဌကုဏ္ဍလီဝိမာန၀တ္ထု
ကိုးခုမြောက်သော မဋ္ဌကုဏ္ဍလီဝိမာန၀တ္ထု ပြီး၏။
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဇာတ်တော်ဝတ္ထုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment