ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 10 August 2011

၁၁ - သုနိက္ခိတ္တ၀ိမာန၀တ္ထု

၁၂၈၂။ နတ်သား ပတ္တမြားတိုင်းရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့် နှစ်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင် ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းလျွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။



၁၂၈၃။ (သင်နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်း သောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည်လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ် အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည်လည်း ကကြကုန်၏။



၁၂၈၄။ (နတ်သား) အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်နတ်သား၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၂၈၅။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၂၈၆။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား၏။



၁၂၈၇။ အာနုဘော်ကြီးသော အရှင်ရဟန်း ရှေးဘ၀က ကောင်းသော စကားကို ဆိုတော်မူတတ်သော (ကဿပ) မြတ်စွာဘုရား၏ ပုထိုးစေတီတော်၌ မကောင်းသဖြင့် တင်ထားသော ပန်းကို ကောင်းစွာ ပြုပြင်၍ တင်ထားလိုက်ခြင်းကြောင့် ကြီးမြတ်သော တန်ခိုးလည်း ရှိပါ၏၊ ကြီးမြတ်သော အာနုဘော်လည်း ရှိပါ၏၊ နတ်၌ဖြစ်သော ကာမဂုဏ်တို့နှင့်လည်း ပြည့်စုံရပါ၏။



၁၂၈၈။ အရှင်ဘုရား ထိုကိုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့ တောက်ပသော အရောင်အဆင်း ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤအရပ်၌ ကောင်းကျိုး ပြည့်စုံပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် ဖြစ်ကုန်သော စည်းစိမ်အားလုံးတို့သည်လည်း ဖြစ်ပေါ်ပါကုန်၏။



၁၂၈၉။ အာနုဘော်ကြီးသော ရဟန်း အရှင်ဘုရားအား အကျွန်ုပ်သည် ဖြေကြားပါ၏၊ အကျွန်ုပ်သည် လူဖြစ်ခဲ့စဉ်က မကောင်းသဖြင့် တင်ထားသော ပန်းကို ကောင်းစွာ ပြုပြင်တင်ထားခြင်း ကုသိုလ်ကံကို ပြုခဲ့ဘူးပါ၏၊ ထိုကုသိုလ်ကံကြောင့် ဤသို့ တောက်ပသော တန်ခိုးအာနုဘော် ရှိပါ၏၊ ထိုကိုသိုလ်ကံကြောင့် ဤသို့ တောက်ပသော တန်ခိုးအာနုဘော် ရှိပါ၏၊ ထိုကုသိုလ်ကံကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းပပါ၏။



တဆယ့်တခုမြောက်သော သုနိက္ခိတ္တ၀ိမာန၀တ္ထု ပြီး၏။



ခုနှစ်ခုမြောက်သော သုနိက္ခိတ္တ၀ဂ် ပြီး၏။



ယောက်ျားတို့၏ သုံးခုမြောက်သော ၀ဂ်ကို ဆိုအပ်၏။



လေးခုမြောက်သော ဘာဏ၀ါရ ပြီး၏။



ဝိမာန၀တ္ထု (ဗိမာန်အကြောင်း) မြန်မာပြန် ပြီး၏

No comments:

Post a Comment