ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 30 September 2011

၁၃ - ဥဗ္ဗရိပေတ၀တ္ထု

၃၆၈။ ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်း ဖြစ်သော ဗြဟ္မဒတ်မည်သော မင်းသည် ဖြစ်ခဲ့ဘုး၏၊ ထိုဗြဟ္မဒတ်မင်းသည် နေ့ညဉ့်ကာလ ရှည်လျားကုန်လွန်လတ်သော် နတ်ရွာစံခဲ့လေ၏။

၃၆၉။ ထိုမင်း၏ ဥဗ္ဗရိမည်သော မိဖုရားသည် သုသာန်သို့ သွား၍ ဗြဟ္မဒတ်မင်းကို မမြင်ရသည်ဖြစ်ပါလျက် “ဗြဟ္မဒတ်မင်းမြတ်”ဟု ငိုကြွေး မြည်တမ်း၏။

၃၇၀။ အကျင့်နှင့် ပြည့်စုံ၍ ပညာရှိသော ရသေ့သည် ထိုသုသာန်သို့ ရောက်လာခဲ့ပြီ၊ ထိုရသေ့သည် ထိုသုသာန်၌ အညီအညွတ် စုဝေးရောက်လာကြကုန်သော သူတို့ကို မေး၏၊

၃၇၁။ အထူးထူးသော အနံ့တို့ဖြင့် ထုံအပ်သော ဤသင်းချိုင်းသည် အဘယ်သူ၏ သင်းချိုင်းနည်း၊ အကြင်မိန်းမသည် ဤလူ့ဘ၀မှ တမလွန်ဘ၀ဟူသော အဝေးသို့ ပြောင်းသွားသော ဗြဟ္မဒတ်မည်သော လင်ကို မတွေ့မမြင်ရပဲလျက် ဗြဟ္မဒတ်မင်းဟု ငိုယိုမြည်တမ်းနေဘိ၏၊ ယင်းသို့ ငိုကြွေးမြည်တမ်းနေသော ဤမိန်းမသည် အဘယ်သူ၏ မယားနည်း (ဟု မေး၏)။

၃၇၂။ (ထိုသို့မေးသည်ရှိသော်) ထိုသုသာန်၌ အညီအညွတ် စုဝေးရောက်လာကြကုန်သော သူတို့က (ဤသို့) ဖြေကြားကြကုန်၏၊ “အရှင်ရသေ့ ထိုသင်းချိုင်းသည် ထိုသင်းချိုင်းသည် ဗြဟ္မဒတ်မင်း၏ သင်းချိုင်းပါတည်း။

၃၇၃။ အထူးထူးသော အနံ့တို့ဖြင့် ထုံအပ်သော ဤသင်းချိုင်းသည် ထိုဗြဟ္မဒတ်မင်း၏ သင်းချိုင်းပါတည်း၊ ဤလူ့ဘ၀မှ တမလွန်ဘ၀ဟူသော အဝေးသို့ ပြောင်းသွားသော ဗြဟ္မဒတ်မည်သော လင်ကို မတွေ့မမြင်ရပါပဲလျက် ဗြဟ္မဒတ်မင်းဟု ငိုယိုမြည်တမ်းသော ဤမိန်းမသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားပါတည်း” (ဟု ဖြေကြားကုန်၏)။

၃၇၄။ ဤသင်းချိုင်း၌ မီးရို့အပ်ကုန်သော ဗြဟ္မဒတ်ဟု အမည်ရသူတို့သည် ရှစ်သောင်းခြောက်ထောင်မျှ ရှိကုန်၏၊ ထိုရှစ်သောင်းခြောက်ထောင်သော ဗြဟ္မဒတ်မင်းတို့တွင် အဘယ်ဗြဟ္မဒတ်မင်းကို (စွဲမှီ၍) ပူဆွေးဘိသနည်း (ဟု ရသေ့က မေး၏)။

၃၇၅။ အရှင်ဘုရား ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော အကြင်ဗြဟ္မဒတ်မင်းသည် စူဠနီမင်း၏ သားပါတည်း၊ အလုံးစုံသော အလိုကို ပေးတတ်သော ဗြဟ္မဒတ်မည်သော ထိုလင်ကို(စွဲမှီ၍) ပူဆွေးရပါ၏ (ဟု ဥဗ္ဗရိ - က ဖြေ၏)။

၃၇၆။ အလုံးစုံ ရှစ်သောင်းခြောက်ထောင်ကုန်သော မင်းတို့သည် ဗြဟ္မဒတ်မင်းဟူသော အမည်ရှိကုန်သည်ချည်းသာတည်း၊ အလုံးစုံ ရှစ်သောင်း ခြောက်ထောင်ကုန်သော ဗြဟ္မဒတ်မင်းတို့သည် ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော စူဠနီမင်း၏ သားတော်တို့ချည်းသာတည်း။

၃၇၇။ သင်သည် အလုံးစုံသော ဗြဟ္မဒတ်မင်းတို့၏ အစဉ်အဆက် မြတ်သောမိဖုရားကြီးအဖြစ်ကို ပြုစေခဲ့၏၊ သို့ဖြစ်လျက် အဘယ့်ကြောင့် ရှေးလင်ဟောင်းဖြစ်သော ဗြဟ္မဒတ်မင်းတို့ကို စွန့်လျက် နောက်ဖြစ်သော ဗြဟ္မဒတ်မင်းကို စွဲ၍ ပူဆွေးဘိသနည်း (ဟု ရသေ့ - က မေး၏)။

၃၇၈။ အရှင်ရသေ့ များစွာသော သံသရာ၌ မိန်းမအဖြစ်သို့ ရောက်သော အကျွန်ုပ်၏ မိဖုရားကြီးအဖြစ်ကို သင်ရသေ့သည် ပြောဟောဘိ၏၊ မိန်းမဖြစ်သော အကျွန်ုပ်၏ ခန္ဓာကိုယ်အတ္တဘော၌ ရှည်မြင့်စွာသော ကာလပတ်လုံး မိန်းမသာဖြစ်ပါသလော (ဟု ဥဗ္ဗရိက မေး၏)။

၃၇၉။ သင်သည် တရံတခါ မိန်းမဖြစ်ခဲ့ဘူး၏၊ တရံတခါ ယောက်ျားဖြစ်ခဲ့ဘူး၏၊ တိရစ္ဆာန်အဖြစ်သို့လည်း ရောက်ခဲ့ဘူး၏၊ ဤသို့လျှင် မိန်းမအဖြစ် ယောက်ျားအဖြစ် တိရစ္ဆာန်စသော အဖြစ်သို့ ရောက်ခဲ့ရသော သင်၏ လွန်ပြီးသော ဘ၀တို့ အပိုင်းအခြားသည် ပညာစက္ခုဖြင့် ကြည့်ရူသော်လည်း မတွေ့မမြင် မထင်နိုင်တော့ပေ (ဟု ရသေ့ - က ဖြေ၏)။

၃၈၀။ ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်လောင်နေသော မီးကို ရေဖြင့် သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ သင်သည် သောကမီးတောက်လောင်နေသော အကျွန်ုပ်၏ ပူပန်မူအားလုံးကို ငြိမ်းအေးစေလေပြီတကား။

၃၈၁။ အရှင်ရသေ့သည် ပူဆွေးမူ “သောက”နှိပ်စက်နေသော အကျွန်ုပ်အား လင်ကြောင့်ဖြစ်သော ပူဆွေးမူ“သောက”ကို ပယ်ဖျောက်ပါပေ၏၊ အရှင်ရသေ့သည် အကျွန်ုပ်၏ နှလုံး၌မှီသော ပူဆွေးမူ “သောက”တည်းဟူသော ဆူးငြောင့်ကို နုတ်ပေပြီတကား။

၃၈၂။ အရှင်ရသေ့ ထိုအကျွန်ုပ်သည် ပူဆွေးမူ “သောက”ဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ အရှင်ရသေ့ အရှင်၏ တရားစကားကို ကြားနာရသောကြောင့် အကျွန်ုပ်သည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ(ဟု ဥဗ္ဗရိ - က ပြော၏)။

၃၈၃။ ဥဗ္ဗရိမိဖုရားကြီးသည် ထိုရသေ့၏ ကောင်းစွာ ဟောအပ်သော ထိုတတရားစကားကို ကြားနာရသောကြောင့် သပိတ်သင်္ကန်းကို ယူလျက် ရသေ့ရန်းဘောင်သို့ ၀င်ခဲ့၏။

၃၈၄။ ထိုဥဗ္ဗရိမိဖုရားသည် အိပ်ရာတည်ထောင် လူ့ဘောင်မှ အိမ်ရာမထောင် ရသေ့ရဟန်းဘောင်သို့ ၀င်ရောက်ပြီးသော် ဗြဟ္မာ့ပြည်သို့ ရောက်ရန် မေတ္တာနှင့်တကွသော စိတ်ကို ပွါးများ၏။

၃၈၅။ တရွာမှ တရွာသို့၎င်း နိဂုမ်းတို့ကို၎င်း မင်းနေပြည်တို့သို့၎င်း လှည့်လည်လတ်သော် အကြင်ရွာ၌ သေ၏၊ ထိုရွာသည် ဥရုဝေဠမည်သော ရွာပင်တည်း။

၃၈၆။ ဗြဟ္မာ့ပြည်သို့ ရောက်ရန် မေတ္တာနှင့်တကွသော စိတ်ကို ပွါးများခြင်းကြောင့် မိန်းမအဖြစ်၌ တပ်စွဲသာယာသောစိတ်ကို ကင်းစေ၍ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်လေ၏။

တဆယ့်သုံးခုမြောက်သော ဥဗ္ဗရိပေတ၀တ္ထု ပြီး၏။


နှစ်ခုမြောက်သော ဥဗ္ဗရိဝဂ် ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


Thursday 29 September 2011

၁၂ - ကဏ္ဏမုဏ္ဍပေတိဝတ္ထု

၃၄၈။ ချစ်နှစ်မ သင်၏ ဤရေကန်သည် ရွှေဖြင့်ပြီးသော စောင်းတန်း လှေကားရှိပေ၏၊ ရွှေဖြင့်ပြီးသော သဲတို့ဖြင့် ခင်းထားပေ၏၊ ထိုရေကန်၌ တင့်တယ်ကုန်လျက် စင်ကြယ်ကောင်းမြတ်သော ရနံ့ရှိကုန်သော ကြာသိန်တို့သည် နှလုံးမွေ့လျော်ဖွယ် ရှိလှပေကုန်၏။

၃၄၉။ သင်၏ ဤရေကန်သည် အထူးထူးသော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ အထူးထူးသော ရနံ့လေတို့ဖြင့် ထက်ဝန်းကျင် ထုံလိုင်လူပ်ရှားလျက် နေ၏၊ အထူးထူးသော ပဒုမ္မာကြာတို့ဖြင့် ဖုံးလွှမ်းကာ ကြာဖြူတို့ဖြင့် ရောပြွမ်းစုပေါင်း နေ၏။

၃၅၀။ သင်၏ ဤရေကန်သည် စိတ်ကို နှစ်သက်စေလျက် လေတို့ဖြင့် တိုက်ခတ်သည် ဖြစ်ရကား ကောင်းသော ရနံ့ကို ကြိုင်လိုင်စေ၏၊ ထိုရေကန်၌ ဟင်္သာ၊ ကြိုးကြာတို့သည် အလွန်ရွှင်မြူး တွန်ကျူးကြကုန်၏၊ စက္က၀က်တို့သည် အလွန်ရွှင်မြူး တွန်ကျူးကြကုန်၏။

၃၅၁။ သင်၏ ဤရေကန်သည် အထူးထူးသော ငှက်အပေါင်းတို့ဖြင့် ပြွမ်း၏၊ အထူးထူးသော ငှက်တို့၏ တွန်ကျူးသံ အပေါင်းနှင့် ယှဉ်၏၊ ထိုရေကန်၌ သစ်ပင်တို့သည် အထူးထူးသော အသီးတို့ကို ဆောင်ကုန်၏၊ တောဥယျာဉ်တို့သည် အထူးထူးသော ပန်းတို့ကို ဆောင်ကုန်၏။

၃၅၂။ ဤသို့ သင်၏ ရွှေငွေဖြင့်ပြီးသော များစွာသော ပြသာဒ်တို့သည် အလွန်တင့်တယ်ကုန်လျက် ထက်ဝန်းကျင် အရပ်လေးမျက်နှာကို တောက်ပစေကုန်၏၊ ဤသို့ သဘောရှိသော မြို့သည် လူ့ပြည်တို့၌ပင် မရှိပေ။

၃၅၃။ အကြင် ကျွန်မငါးရာတို့သည် သင်၏ အလုပ်အကျွေး ဖြစ်ကြကုန်၏၊ ထိုကျွန်မ ငါးရာတို့သည် ခရုသင်းလက်ကောက် လက်ကြပ်တန်ဆာကို ၀တ်ဆင်ကုန်၏၊ ရွှေနားသွယ်ပန်းတို့ကိုလည်း ထူးဆန်းစွာ ပန်ဆင်ကြကုန်၏။

၃၅၄။ ရွှေတို့ဖြင့်ပြီးသော သင်၏ များစွာသော ပလ္လင်တို့ကို ၀ံပိုင့်ရေတို့ဖြင့်ဖုံးလွှမ်း အပ်ကုန်၏၊ ကောင်းစွာ စီရင်အပ်ကုန်သည်ဖြစ်၍ ရှည်လျားသော မွေးရှည်ကော်ဇောကြီးတိုပဖြင့် ခင်းထားအပ်ကုန်၏။

၃၅၅။ ယင်းပလ္လင်၌ နေခြင်းသို့ ကပ်ရောက်သော သင်သည် အလုံးစုံလိုသမျှ ပြည့်စုံသည်ဖြစ်ပါလျက် ညဉ့်သန်ခေါင်အချိန်သို့ ရောက်လတ်သော် ထိုပလ္လင်မှ ထ၍ သွားဘိ၏။ိ

၃၅၆။ ချစ်နှစ်မ သင်သည် ဥယျာဉ်မြေသို့ သွား၍ ရေကန်၏ ထက်ဝန်းကျင်မှ စိမ်းညို၍ နုပျိုသော မြက်တို့ဖြင့် ဖုံးလွှမ်းအပ်သော ထိုရေကန်၏ ကမ်းနား၌ ရပ်တည်နေဘိ၏။

၃၅၇။ ထိုနောက်မှ နားရွက်ပြတ်သော ခွေးသည် သင်၏ အင်္ဂါကြီးငယ်တို့ကို ခဲစား၏၊ ခွေးစားအပ်သည် ဖြစ်၍ အရိုးစုမျှကို ပြုအပ်ပြီးသောအခါ သင်သည် ရေကန်သို့ သက်ဆင်းလိုက်၏၊ (ထိုအခါ) ခွေးမစားမီ ရှေးအဘို့ကဲ့သို့ သင်၏ ခန္ဓာကိုယ် ဖြစ်ပေါ်ပြန်၏။

၃၅၈။ ထိုရေကန်သို့ သက်ဆင်းပြီးနောက် သင်သည် အင်္ဂါကြီးငယ်တို့ဖြင့် ပြည့်စုံသည်ဖြစ်၍ ကောင်းစွာ နှစ်လိုဖွယ်ရှိကာ ချစ်ခင်ဖွယ်ရာ အမြင်ရှိပြီးလျှင် အ၀တ်တန်ဆာ ၀တ်ဆင်လျက် ငါ၏ အထံသို့ လာ၏။

၃၅၉။ သင်၏ ကိုယ်ဖြင့်၎င်း နူတ်ဖြင့်၎င်း စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် နားရွက်ပြတ်သော ခွေးသည် သင်၏ အင်္ဂါကြီးငယ်တို့ကို ခဲစားသနည်း (ဟု ဗာရာဏသီမင်း-က မေး၏)။

၃၆၀။ ကိမိလမြို့၌ ယုံကြည်မူ “သဒ္ဒါ” တရားရှိသော ရတနာသုံးပါးကို ဆည်းကပ်တတ်သော သူကြွယ်သည် ရှိပါ၏၊ အကျွန်ုပ်သည် ထိုသူကြွယ်၏ မယားဖြစ်ပါ၏၊ သီလ မရှိပါ၊ လင်ကို ကျော်လွန်၍ ယောက်ျားတပါးတို့နှင့် သွားလာလွန်ကျူး၍ ကျင့်ခဲ့ပါ၏။

၃၆၁။ လင်ကို ကျော်လွန်၍ ယောက်ျားတပါးတို့နှင့် သွားလာလွန်ကျူးလျက် ကျင့်မိသော အကျွန်ုပ်အား လင်သည် ဤစကားကို ဆို၏၊ သင်သည် ငါ့ကို ကျော်လွန်၍ ယောက်ျားတပါးတို့နှင့် သွားလာလွန်ကျူး၍ ကျင့်ဘိ၏၊ ဤအမူသည် မလျောက်ပတ်ဟု ဆိုပါ၏။

၃၆၂-၃။ “အကျွန်ုပ်သည် ကိုယ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း သင့်ကို ကျော်လွန်၍ ယောက်ျားတပါးတို့နှင့် သွားလာလွန်ကျူး၍ မကျင့်ပါ၊ အကျွန်ုပ်သည် သင့်ကို ကိုယ်ဖြင့်၎င်း စိတ်ဖြင့်၎င်း ကျော်လွန်၍ ယောက်ျားတပါးတို့နှင့် သွားလာလွန်ကျူး၍ ကျင့်မိခဲ့ပါမူ နားရွက်ပြတ်သော ဤခွေးသည် အင်္ဂါကြီးငယ်တို့ကို ခဲစားပါစေ”ဟု ထိုအကျွန်ုပ်သည် ကြမ်းတမ်းသော ကျိန်စာဆိုခြင်းကို၎င်း မမှန်ပြောဆိုခြင်းကို၎င်း ပြောဆိုမိပါ၏။

၃၆၄။ အကြင် မကောင်းမူကံကြောင့် နားရွက်ပြတ်သော ခွေးသည် အကျွန်ုပ်၏ အင်္ဂါကြီးငယ်တို့ကို ခဲစားပါ၏၊ လင်ကို ကျော်လွန်၍ ယောက်ျားတပါးတို့နှင့် သွားလာလွန်ကျူး၍ ကျင့်သော ကံ၏၎င်း မဟုတ်မမှန်ပြောဆိုသော ကံ၏၎င်း နှစ်ပါးစုံသော ထိုကံ၏ အကျိုးကို အနှစ်ခုနှစ်ရာတို့ပတ်လုံး အကျွန်ုပ် ခံစားရပါ၏။

၃၆၅။ အရှင်မင်းကြီး သင်သည်ကား အကျွန်ုပ်အား များစွာကျေးဇူးရှိပါ၏၊ အကျွန်ုပ်၏ အကျိုးငှါ ဤအရပ်သို့ ရောက်လာပါ၏၊ အကျွန်ုပ်သည် ပူဆွေးမူ မရှိတော့ပဲ တစုံတခုမျှ ဘေးမရှိတော့ပဲ နားရွတ်ပြတ်သော ခွေးမှ လွတ်ရပါ၏။

၃၆၆။ အရှင်မင်းကြီး သင့်ကို အကျွန်ုပ် ရှိခိုးပါ၏၊ လက်အုပ်ချီခြင်းကို ပြုလျက် တောင်းပန်ပါ၏၊ အရှင်မင်းကြီး အကျွန်ုပ်နှင့်အတူ နတ်၌ဖြစ်သော ကာမဂုဏ်တို့ကို သုံးဆောင်ပါလော့၊ မွေ့လျော်ပါလော့ (ဟု ပြိတ္တာမက တောင်းပန်၏)။

၃၆၇။ တင့်တယ်ခြင်းနှင့် ယှဉ်သော ရှင်မ ငါသည် နတ်၌ဖြစ်သော ကာမတို့ကို သုံးဆောင်ခံစားရပြီး၊ သင်နှင့်အတူ မွေ့လျော်ရပြီ၊ သင့်ကို ငါတောင်းပန်၏၊ ငါ့ကိုလျင်စွာ (ငါ၏ မြို့သို့သာ) တဖန်ပြန်လည် ပို့ဆောင်ပါလော့ (ဟု ဗာရာဏသီမင်း - က ပြော၏)။

တဆယ့်နှစ်ခုမြောက်သော ကဏ္ဏမုဏ္ဍပေတိဝတ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


၁၁ - သုတ္တပေတ၀တ္ထု

၃၄၁။ ရှေးအခါက အိမ်သို့ ကပ်လျက် ကာယ၀ိညတ်ဖြင့် ရပ်တည်၍ အတောင်းခံရသော အကျွန်ုပ်သည် ကိလေသာကို နှင်ထုတ်ပြီးသော (ပစ္စေကဗုဒ္ဓါ) ရဟန်းအား ချည်ကို ပေးလှူခဲ့ရပါ၏၊ ထိုအလှူ၏ ပြန့်ပြောများမြတ်သော ပွါးစီးမူရှိသော အကျိုးကို ယခုရပါ၏၊ အကျွန်ုပ်အား များစွာသော အကုဋေမျှလောက်သော အ၀တ်တို့သည် ဖြစ်ပါကုန်၏။

၃၄၂။ များစွာ ဆန်းကြယ်လျက် ယောက်ျားမိန်းမတို့ မှီဝဲအပ်သော ဗိမာန်သည် ပန်းတို့ဖြင့် ပြွမ်းသည်ဖြစ်၍ မွေ့လျော်ဖွယ်ရှိပါ၏၊ အကျွန်ုပ်သည် ထိုဗိမာန်ကို သုံးဆောင်လည်း သုံးဆောင်ရပါ၏၊ ထိုအကုဋေမျှလောက်သော အ၀တ်တို့တွင် အလိုရှိရာအ၀တ်ကို ၀တ်ရုံလည်း ၀တ်ရုံပါ၏၊ များစွာသော စည်းစိမ်ဥစ္စာလည်း ရှိပါ၏၊ ထိုစည်းစိမ်ဥစ္စာသည် ကုန်ခန်းလည်း မကုန်ခန်းနိုင်ပါ။

၃၄၃။ ထိုချည်လှူဒါန်းခဲ့သော ကံကို အစွဲပြု၍ ဤဗိမာန်၌ အကျိုးဖြစ်သော ချမ်းသာကို၎င်း သာယာခြင်းကို၎င်း ရအပ်ပါ၏၊ ထိုအကျွန်ုပ်သည် တဖန် လူ့ပြည်သို့ သွား၍ မကောင်းမူကုသိုလ်ကို ပြုပါအံ့၊ အရှင့်သား အကျွန်ုပ်ကို လူ့ပြည်သို့ ပို့ဆောင်ပါလော့ (ဟု မိန်းမ-က ပြော၏)။

၃၄၄။ သင်သည် အနှစ်ခုနှစ်ရာ အထက်ကပင် ဤဗိမာန်သို့ ရောက်လာ၏၊ ထိုလူ့ပြည်၌ အိုခြင်းသည်၎င်း၊ အသက်ကြီးခြင်းသည်၎င်း ဖြစ်ရလိမ့်မည်၊ သင်၏ ဆွေမျိုး အားလုံးတို့သည် သေကုန်ကြပြီဖြစ်ရကား ဤဗိမာန်မှ ထိုလူ့ပြည်သို့ သွား၍ အဘယ်ပြုလတ္တံ့နည်း (ဟု ပြိတ္တာ-က ပြော၏)။

၃၄၅။ အရှင် ဤနတ်ပြည်သို့ ရောက်လာ၍ နတ်ချမ်းသာနှင့် ပြည့်စုံသော အကျွန်ုပ်အား ခုနှစ်နှစ်မျှလောက်သာ ရှိပါသေး၏ဟု ထင်မိပါ၏၊ ထိုအကျွန်ုပ်သည် တဖန် လူ့ပြည်သို့ သွား၍ ကောင်းမူတို့ကို ပြုပါအံ့၊ အရှင့်သား အကျွန်ုပ်ကို လူ့ပြည်သို့ပို့ဆောင်ပါလော့ (ဟု မိန်းမ-က ပြော၏)။

၃၄၆။ ထိုဝိမာနပြိတ္တာသည် ထိုမိန်းမ၏ လက်မောင်းကို ဖိနှိပ်ဘိသကဲ့သို့ ကိုင်ပြီးလျှင် အလွန်အားနည်းသော မိန်းမအိုကြီးကို (မွေးဖွားရာအရပ်သို့) ပြန်လည်ပို့ဆောင်ပြီးလျှင် ဤအရပ်သို့ ရောက်လာသော လူအပေါင်းကိုလည်း သင်တို့သည် ကုသိုလ်ကောင်းမူကို ပြုကြကုန်လော့၊ ဤသို့ပြုသည်ရှိသော် ချမ်းသာသုခကို ရနိုင်၏ဟု ပြောကြားပါလေလော့ (ဟု ပြိတ္တာ-က မှာထား ပြောဆို၏)။

၃၄၇။ ကုသိုလ်ကောင်းမူကံကို မပြုခြင်းကြောင့် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်သော ပြိတ္တာတို့ကို၎င်း ကုသိုလ်ကောင်းမူကံကို မပြုခြင်းကြောင့် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်သော လူတို့ကို၎င်း ငါမြင်ရ၏၊ ကောင်းကျိုးချမ်းသာကို ဖြစ်စေတတ်သော ကုသိုလ်ကံကိုပြု၍ ချမ်းသာသုခ၌ တည်သော နတ်လူသတ္တ၀ါတို့ကိုလည်း ငါမြင်ရ၏ (ဟု မိန်းမ-က ဆုံးမစကား ပြောကြား၏)။

တဆယ့်တခုမြောက်သော သုတ္တပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

၁၀ - ဥတ္တရမာတုပေတိဝတ္ထု

၃၃၁-၂။ ထိုပြိတ္တာမ၏ ဆံပင်တို့သည် အလွန်ရှည်လျားကုန်၏။ မြေကြီးတိုင်အောင် တွဲရွဲကျကုန်၏၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်ရှိ၍ ကြောက်မက်ဖွယ် အမြင်ရှိသော ထိုပြိတ္တာမသည် ဆံပင်တို့ဖြင့် ကိုယ်ကို ဖုံးလွှမ်းလျက် ဂင်္ဂါမြစ်ကမ်းနား၌ နေသော နေ့သန့်စင်ရာ အရပ်သို့ ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ရဟန်းအား ဤစကားကို လျှောက်၏။

၃၃၃။ အရှင်ဘုရား အကျွန်ုပ်သည် သေလွန်သည်မှ အစပြု၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ထမင်းစားရသည်ကို၎င်း၊ သောက်ရေ သောက်ရသည်ကို၎င်း မသိစဘူးပါ၊ အကျွန်ုပ်သည် ရေမွတ်သိပ်လှပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်အား ရေကို ပေးတော်မူပါလော့ (ဟု ပြောဆို လျှောက်ထား၏)။

၃၃၄။ ဤင်္ဂင်္ဂါမြစ်သည် အေးသောရေရှိ၏၊ ဟိမ၀န္တာမှသာလျှင် စီးဆင်း၏၊ ဤဂင်္ဂါမြစ်မှ ယူလျက် သောက်ပါလော့၊ အဘယ့်ကြောင့် ငါအား သောက်ရေကို တောင်းဘိသနည်း (ဟု မထေရ်က ပြော၏)။

၃၃၅။ အရှင်ဘုရား အကျွန်ုပ်သည် ဂင်္ဂါမြစ်၌ ရေကို အကျွန်ုပ်ကိုယ်တိုင် ယူခဲ့ပါမူ ရေသည် အကျွန်ုပ်အတွက် သွေးအဖြစ်ဖြင့် ပြောင်းလဲသွားပါ၏၊ ထို့ကြောင့် သောက်ရေကို တောင်းပါ၏ (ဟု လျှောက်၏)။

၃၃၆။ သင်သည် ကိုယ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း။ အဘယ်ကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်သည် သင့်အတွက် သွေးဖြစ်ရသနည်း (ဟု မထေရ်က မေး၏)။

၃၃၇။ အရှင်ဘုရား ဥတ္တရမည်သော အကျွန်ုပ်၏ သားသည် ယုံကြည်မူ “သဒ္ဓါ” ရှိသော ဥပါသကာ ဖြစ်ခဲ့ပါ၏၊ ထိုသားသည် အကျွန်ုပ် အလိုမရှိပဲ ရဟန်းတို့အား -

၃၃၈။ သင်္ကန်းကို၎င်း၊ ဆွမ်းကို၎င်း၊ သူနာ၏ အထောက်အပံ့ဆေးကို၎င်း၊ အိပ်ရာနေရာကို၎င်း ပေးလှူပါ၏၊ ထိုပေးလှူသော သားကို အကျွန်ုပ်သည် ၀န်တိုမူ “မစ္ဆရိယ” နှိပ်စက်အပ်သည်ဖြစ်၍ ဆဲရေးရေရွတ် ကြိမ်းမောင်းမိပါ၏။

၃၃၉။ ဥတ္တရ အကြင်သင်သည် ငါအလိုမရှိပဲ သင်္ကန်းကို၎င်း၊ ဆွမ်းကို၎င်း၊ သူနာ၏ အထောက်အပံ့ဆေးကို၎င်း၊ အိပ်ရာနေရာကို၎င်း ရဟန်းတို့အား ပေးလှူဘိ၏။

၃၄၀။ ဤအလှူဝတ္ထုသည် သင့်အတွက် တမလွန်ဘ၀၌ သွေးဖြစ်စေသတည်း (ဟု ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏)၊ ထိုမကောင်းမူကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်ရေသည် အကျွန်ုပ်အတွက် သွေးဖြစ်နေပါတော့၏ (ဟု လျှောက်၏)။

ဆယ်ခုမြောက်သော ဥတ္တရမာတုပေတိ ၀တ္ထုပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


Tuesday 27 September 2011

၉ - အင်္ကုရပေတ၀တ္ထု

၂၅၇။ အကြင်အကြောင်းကြောင့် (ဘဏ္ဍာကို ရောင်းသဖြင့် ရသော) ဥစ္စာကို ဆောင်ကုန်သော ငါတို့သည် ကမ္ဗောဇတိုင်းသို့ သွားကြရကုန်၏၊ ဤနတ်သားသည် အလိုရှိသည်ကို ပေးတတ်၏၊ ထိုအကြောင်းကြောင့် ဤနတ်သားကို ဆောင်ကုန်အံ့။

၂၅၈။ ဤနတ်သားကို တောင်းပန်၍သော်၎င်း အနိုင်အထက် ဆောင်၍သော်၎င်း ခေါ်ယူလျက် ယာဉ်ထက်သို့ တက်ပြီးလျှင် ဒွါရ၀တီမြို့သို့ လျင်စွာ သွားကုန်အံ့ (ဟု ပုဏ္ဏား ကုန်သည်က ပြော၏)။

၂၅၉။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဘူး၏၊ အိပ်မူလည်း အိပ်ဘူး၏၊ ထိုသူသည် ထိုသစ်ပင်၏ အကိုင်းအခက်ကိုသော်မှလည်း မချိုးမဖဲ့ရာ၊ မှန်၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးခြင်းသည် ယုတ်မာလှ၏ (ဟု အင်္ကုရက ပြောပြ၏)။

၂၆၀။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဘူး၏၊ အိပ်မူလည်း အိပ်ဘူး၏၊ ထိုသူသည် ထိုသို့သဘောရှိသော (သစ်ဖြင့် လိုအပ်သော) အကျိုးသည် အကယ်၍ ရှိခဲ့ပါမူ ထိုသစ်ပင်၏ ပင်စည်ကိုသော်လည်း ဖြတ်ရာ၏ (ဟု ပုဏ္ဏားကုန်သည်က ထပ်ပြော၏)။

၂၆၁။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဘူး၏၊ အိပ်မူလည်း အိပ်ဘူး၏၊ ထိုသူသည် ထိုသစ်ပင်၏ အရွက်ကိုမျှသော်လည်း မဖျက်ဆီးရာ၊ မှန်၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးခြင်းသည် ယုတ်မာ၏ (ဟု အင်္ကုရက ပြန်ပြော၏)။

၂၆၂။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဘူး၏၊ အိပ်မူလည်း အိပ်ဘူး၏၊ ထိုသူသည် ထိုသို့သဘောရှိသော (သစ်ဖြင့် လိုအပ်သော) အကျိုးသည် အကယ်၍ ရှိခဲ့ပါမူ ထိုသစ်ပင်ကို အမြစ်နှင့်တကွသော်လည်း နုတ်ရာ၏ (ဟု ပုဏ္ဏား ကုန်သည်က ထပ်ပြော၏)။

၂၆၃။ အကြင်ယောက်ျားသည် အကြင်ပုဂ္ဂိုလ်၏ အိမ်၌ တညမျှလည်း နေဘူး၏၊ အကြင်သူထံ၌ ထမင်းအဖျော်ကို ရရာ၏၊ ထိုယောက်ျားသည် ထိုသူအား မကောင်းသော အမူကို စိတ်မျှဖြင့်သော်လည်း မကြံစည်ရာ၊ သူ့ကျေးဇူးကို သိသောသူ၏ အဖြစ်ကို သူတော်ကောင်းတို့ ချီးမွမ်းအပ်၏။

၂၆၅။ အကြင်သူသည် ရှေး၌ (တစုံတယောက်) ပြုအပ်သော ကျေးဇူးဥပကာရ ရှိသူဖြစ်လျက် နောက်၌ ယင်းကျေးဇူးပြုသူကို အကျိုးမဲ့ပြုခြင်းဖြင့် ညှဉ်းဆဲ၏၊ စိုသောလက်ရှိသူဟု ဆိုအပ်သော ကျေးဇူးရှင်ကြောင့် ပျက်စီးရသော ထိုသူသည် ကောင်းသော အရာတို့ကို မမြင်ရတော့ပေ (ဟု အင်္ကုရက ဆို၏)။

၂၆၆။ ငါ့ကိုနတ်ကသော်၎င်း လူကသော်၎င်း မဖျက်ဆီးနိုင်၊ ငါ့ကို အစိုးရသော သူကသော်လည်း မဖျက်ဆီးနိုင်၊ ငါသည် မြတ်သော တန်ခိုးသို့ ရောက်သော နတ်ဖြစ်၏၊ ဝေးသော အရပ်သို့ ခဏချင်း သွားနိုင်၏၊ အဆင်းခွန်အားနှင့် ပြည့်စုံ၏(ဟု နတ်သားက ပြောဆို၏)။

၂၆၇။ သင်၏ (လက်ျာ)လက်သည် အလုံးစုံအားဖြင့် ရွှေအဆင်းရှိ၏၊ လက်ငါးချောင်းတို့ဖြင့် သူတပါးလိုသော ၀တ္ထုကို သင်ဆောင်စွမ်းနိုင်၏၊ ကောင်းမြတ်သော အရသာကို ယိုစီးစေနိုင်၏၊ (သင်၏လက်မှ) အထူးထူးသော အရသာတို့ ယိုစီးကုန်၏၊ သင့်ကို သိကြားမင်းဟု ငါထင်မှတ်၏ (ဟု အင်္ကုရက ပြော၏)။

၂၆၈။ အင်္ကုရ ငါသည် စာတုမဟာရာဇ်နတ်မျိုးမဟုတ်ပါ၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်ပါ၊ ရှေးဘ၀က အလှူပေးလှူတတ်သော သိကြားလည်း မဟုတ်ပါ၊ ရောရုဝမြို့မှ စုတေ၍ ဤညောင်ပင်၌ ကပ်ရောက်လာသော ပြိတ္တာဟု ငါ့ကို သိပါလော့ (ဟု ပြိတ္တာက ပြော၏)။

၂၆၉။ သင်သည် ရှေးဘ၀က ဧရာရုဝမြို့၌ နေစဉ် အဘယ်သို့သော သဘောရှိသော သီလရှိသူ အဘယ်သို့ သဘောရှိသော အကျင့်ရှိသူ ဖြစ်ခဲ့ပါသနည်း၊ အဘယ်မြတ်သော အကျင့်ကြောင့် သင်၏ လက်၌ ကောင်းမူအကျိုးသည် ပြည့်စုံရပါသနည်း (ဟု အင်္ကုရက မေး၏)။

၂၇၀။ ငါသည် ရှေးဘ၀က ရောရုဝမြို့၌ အုပ်ချုပ်သမား ဖြစ်ခဲ့ပါ၏၊ ထိုအခါက ငါသည် အလွန်ဆင်းရဲစွာ အသက်မွေးရ၍ ဆင်းရဲနွမ်းပါးသူ ဖြစ်ပါ၏၊ ငါ့အား ပေးလှူရန် တစုံတစ်ခုမျှ မရှိပါ။

၂၇၁။ ယုံကြည်မူ “သဒ္ဓါ”နှင့် ပြည့်စုံ၍ ဒါနရှင်ဖြစ်သော ကောင်းမူကိုသာ ပြု၍ (မကောင်းမူကို) စက်ဆုပ်ဘတ်သော သဘောရှိသော အသယှသူဌေး၏ အိမ်အနီး၌ ငါ၏ အိမ်သည် ရှိပါ၏။

၂၇၂ - ၄။ ထိုငါ၏ အိမ်သို့ အထူးထူးသော အနွယ်ရှိကုန်သော ဂုဏ်ကျေးဇူးကို ချီးကျူး ပြောဆိုတတ်ကုန်သော သူတောင်းစားတို့သည် လာကြကုန်၏၊ ထိုသူတောင်းစားတို့သည် “ အရှင်တို့အား ကောင်းခြင်းဖြစ်ပါစေ (ငါတို့သည်) အဘယ်အရပ်သို့ သွားရကုန်အံ့နည်း၊ အဘယ်အရပ်၌ အလှူကို ပေးလှူအပ်သနည်း”ဟု အသယှသူဌေး၏ အိမ်ကို ငါ့အား မေးကြကုန်၏၊ အမေးခံရသော ငါသည် ထိုသူတို့အား လက်ျာလက်မောင်းကို မြှောက်ချီလျက် “သင်တို့အား ကောင်းခြင်းဖြစ်ပါစေ၊ ဤအိမ်၌ အလှူကို ပေးလှူ၏”ဟု အသယှသူဌေး၏ အိမ်ကို ပြောကြားလိုက်ပါ၏။

၂၇၅။ ထို့ကြောင့် ငါ၏ လက်သည် အလိုရှိသည်ကို ပေးစွမ်းနိုင်၏၊ ထို့ကြောင့် ငါ၏ လက်သည် ချိုမြိန်သော အရသာကို ယိုစီးစေနိုင်၏၊ ထိုမြတ်သော အကျင့်ဖြင့် ကောင်းမူ အကျိုးသည် ငါ၏ လက်၌ ပြည့်စုံ၏ (ဟု နတ်သားက ဖြေ၏)။

၂၇၆။ သင်ကား မိမိလက်တို့ဖြင့် တစုံတယောက်အား အလှူကို မပေးလှူဘူးသတတ်၊ သူတပါး၏ အလှူကို ၀မ်းမြောက်လျက် လက်ကို မြှောက်၍ ပြောဆိုဘူးသတတ်။

၂၇၇။ ထို့ကြောင့် သင်၏ လက်သည် အလိုရှိသည်ကို ပေးစွမ်းနိုင်၏၊ သင်၏ လက်သည် ချိုမြိန်သော အသာကို ယိုစီးစေနိုင်၏၊ ထိုမြတ်သော အကျင့်ဖြင့် ကောင်းမူအကျိုးသည် သင်၏ လက်၌ ပြည့်စုံ၏။

၂၇၈။ အရှင်နတ်သား အကြင်အသယှသူဌေးသည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ ထိုအသယှသူဌေးသည် လူ့ခန္ဓာကိုယ် အတ္တဘောကို စွန့်သည်ရှိသော် အဘယ်အရပ်ဌာနသို့ လားရောက်သနည်း (ဟု အင်္ကုရက ထပ်မေး၏)။

၂၇၉။ ကိုယ်အင်္ဂါမှ ထွက်သော အရောင်ရှိသော သည်းခံနိုင်သော အသယှသူဌေး၏ သွားရာ “ဂတိ”ကို၎င်း လားရာ “ဂတိ”ကို၎င်း အကျွန်ုပ် မသိပါ၊ အသယှသူဌေးသည် သိကြားမင်း၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်၏ဟု ဝေဿ၀ဏ်နတ်မင်း၏ အထံမှ အကျွန်ုပ် ကြားရဘူး၏ (ဟု နတ်သားက ပြန်၍ ဖြေကြား၏)။

၂၈၀။ ထိုက်သည်အားလျော်စွာ ကောင်းမူကို ပြုခြင်းငှါ၎င်း အလှူကို ပေးလှူခြင်းငှါ၎င်း သင့်လျော်သည်သာတည်း၊ အဘယ်သူသည် အလိုရှိသည်ကို ပေးတတ်သော လက်ကို မြင်ရ၍ ကောင်းမူကို မပြုရှိတော့မည်နည်း။

၂၈၁။ ထိုအကျွန်ုပ်သည် ဤအရပ်မှ သွား၍ ဒွါရ၀တီမြို့သို့ ရောက်လျှင် အကျွန်ုပ်၏ ချမ်းသာကို ရွက်ဆောင်နိုင်သော အလှူကို ဖြစ်စေအံ့ဟု ကြံစည်အောက်မေ့မိပါ၏။

၂၈၂။ ထမင်းကို၎င်း အဖျော်ကို၎င်း အ၀တ်ပုဆိုး ကျောင်းအိပ်ရာ နေရာတို့ကို၎င်း ပေးလှူပါတော့အံ့၊ ရေအိုးစင်ကို၎င်း ရေတွင်းကို၎င်း ရွှံ့ညွန်ရေတို့ဖြင့် အသွားခက်သော ခရီး၌ တံတားတို့ကို၎င်း ပြုလုပ်ပေးလှူပါတော့အံ့ (ဟု အင်္ကုရက ပြောဆို၏)။

၂၈၃။ အဘယ်ကြောင့် သင်၏ လက်ချောင်းသည် ကောက်ကွေးနေသနည်း၊ အဘယ်ကြောင့် သင်၏ ပါးစပ်သည်လည်း စောင်းရွဲ့နေသနည်း၊ သင်၏ မျက်စိတို့သည်လည်း အဘယ်ကြောင့် (အညစ်အကြေး) ယိုစီကုန်သနည်း၊ သင်သည် အဘယ်မကောင်းမူကို ပြုခဲ့သနည်း (ဟု မေး၏)။

၂၈၄။ အကျွန်ုပ်သည် ကိုယ်အင်္ဂါမှ ထွက်သော အရောင်ရှိသော ယုံကြည်မူ “သဒ္ဓါ”ရှိ၍ အိမ်ကို အုပ်စိုးနေသော အသယှသူကြွယ်၏ အလှူတင်းကုပ်ဝယ် ထိုသူကြွယ်၏ အလှူပေးခြင်း၌ ၀န်ဆောင်ပုဂ္ဂိုလ် ဖြစ်ခဲ့ပါ၏။

၂၈၅။ အကျွန်ုပ်သည် ထိုအလှူတင်းကုပ်၌ ဘောဇဉ်ကို အလိုရှိ၍ လာကုန်သော သူတောင်းစားတို့ကို မြင်လျှင် တခုသော အရပ်သို့ ဖဲသွား၍ နူတ်ခမ်းမဲ့ရွဲ့ခြင်းကို ပြုခဲ့မိပါ၏။

၂၈၆။ ထို့ကြောင့် အကျွန်ုပ်၏ လက်ချောင်းတို့သည် ကောက်ကွေးနေပါကုန်၏၊ အကျွန်ုပ် ပါးစပ်သည်လည်း ရွဲ့နေပါကုန်၏၊ အကျွန်ုပ်၏ မျက်စိတို့သည်လည်း (အညစ်အကြေး) ယိုစီးပါကုန်၏၊ ထိုမကောင်းမူကို အကျွန်ုပ် ပြုခဲ့၏ (ဟု ပြိတ္တာက ဖြေ၏)။

၂၈၇။ ယုတ်မာသော ယောက်ျား အကြင်အကြောင်းကြောင့် သင်သည် သူတပါး အလှူ၌ တွန့်ရူံ့မဲ့ရွဲ့သော မျက်နှာကို ပြုခဲ့၏၊ သင့်တော်သော ထိုအကြောင်းကြောင့်ပင် သင်၏ခံတွင်းသည်လည်း ရွဲ့နေ၏၊ မျက်စိတို့သည်လည်း (အညစ်အကြေး) ယိုစီးနေကုန်၏၊

၂၈၈။ ထမင်းအဖျော်ခဲဖွယ် ကျောင်းအိပ်ရာ နေရာူသော အလှူကို ပေးလှူသော သူသည် အဘယ်ကြောင့် သူတပါးကို ပေးလှူခိုင်းရသနည်း။

၂၈၉။ မှန်၏၊ ထိုငါသည် ဤအရပ်မှ သွား၍ ဒွါရ၀တီမြို့သို့ ရောက်သည်ရှိသော် အကြင်အလှူသည် ငါ၏ ချမ်းသာကို ရွက်ဆောင်ရာ၏၊ ထိုအလှူကို ဖြစ်ရေတော့အံ့။

၂၉၀။ ငါသည် ထမင်းကို၎င်း အဖျော်ကို၎င်း အ၀တ်ပုဆိုး ကျောင်းအိပ်ရာ နေရာတို့ကို၎င်း ပေးလှူပေတော့အ့၊ ရေအိုးစင်ကို၎င်း ရေတွင်းကို၎င်း ရွှံ့ညွန်ရေတို့ဖြင့် အသွားခက်သော ခရီး၌ တံတားကို၎င်း ပြုလုပ်ပေးလှူပေတော့အံ့ (ဟု အင်္ကုရက ဆို၏)။

၂၉၁။ ထိုအင်္ကုရသည် ထိုအရပ်မှ ပြန်လာ၍ ဒွါရ၀တီမြို့သို့ ရောက်သည်ရှိသော် အကြင်အလှူသည် ချမ်းသာကို ရွက်ဆောင်၏၊ ထိုအလှူကို ဖြစ်စေတော့သည်သာတည်း။

၂၉၂။ ထမင်းကို၎င်း အဖျော်ကို၎င်း အ၀တ်ပုဆိုး ကျောင်းအိပ်ရာ နေရာတို့ကို၎င်း ပေးလှူ၏၊ ရေအိုးစင်ကို၎င်း ရေတွင်းကို၎င်း အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့် ပေးလှူလေ၏။

၂၉၃။ အဘယ်သူသည် ဆာလောင်သနည်း၊ (ဆာလောင်သူသည် လာ၍ စားသုံးလော့) အဘယ်သူသည် မွတ်သိပ်သနည်း (မွန်သိပ်သူသည် လာ၍ သောက်သုံးလော့) အဘယ်သူသည် အ၀တ်ကို ၀တ်ရုံလိုသနည်း (လာ၍ ၀တ်ရုံလော့) အဘယ်သူ၏ ရထားလှည်းတို့သည် ဆွေးမြေ့ ဟောင်းနွမ်းကုန်သနည်း၊ ဤယာဉ်အပေါင်းမှ အလိုရှိရာယူ၍ ရထားလှည်း၌ ယှဉ်စေကုန်သတည်း။

၂၉၄။ အဘယ်သူသည် ထီးကို အလိုရှိသနည်း (လိုရာကို ယူလော့) အဘယ်သူသည် နံ့သာကို အလိုရှိသနည်း၊ အဘယ်သူသည် ပန်းကို အလိုရှိသနည်း၊ အဘယ်သူသည် ဘိနပ်ကို အလိုရှိသနည်း၊ ဤသို့ ထိုအင်္ကုရအိမ်၌ ကြွေးကြော်ကုန်၏၊ ဆတ္တာသည်တို့သည်၎င်း စဖိုသည်တို့သည်၎င်း နံ့သာသည်တို့သည်၎င်း အခါခပ်သိမ်း ညဉ့်၌၎င်း အင်္ကုရ၏ အိမ်၌ ကြွေးကြော်ကုန်၏။

၂၉၅။ သိန္ဓက အင်္ကုရသည် ချမ်းသာစွာ အိပ်ရ၏ ဟု ငါ့ကို လူအများက သိ၏၊ ငါ့မှာမူကား သူတောင်းစား များစွာတို့ကို မမြင်ရသောကြောင့် ဆင်းရဲစွာ အိပ်ရ၏။

၂၉၆။ သိန္ဓက အင်္ကုရသည် ချမ်းသာစွာ အိပ်ရ၏ဟု ငါ့ကို လူအများက သိ၏၊ ငါ့မှာ မူကား သူတောင်းစားတို့ နည်းသောကြောင့် ဆင်းရဲစွာ အိပ်ရ၏ (ဟု အင်္ကုရက ပြောဆို၏)။

၂၉၇။ တာဝတိံသာနတ်တို့ကို၎င်း အလုံးစုံသော လောကကို၎င်း အစိုးရသော သိကြားမင်းသည် သင့်အား လိုရာဆုကို ပေးခဲ့မူ တောင့်တသည်ရှိသော် အဘယ်သဘောရှိသော ဆုကို တောင့်တပါမည်နည်း (ဟု သိန္ဓကက မေး၏)။

၂၉၈။ တာဝတိံသာနတ်တို့ကို၎င်း အလုံးစုံသော လောကကို၎င်း အစိုးရသော သိကြားမင်းသည် ငါ့အား လိုရာဆုကို ပေးခဲ့မူ ငါသည် နံနက်စောစော အိပ်ရာမှ ထစဉ် နေအရုဏ်တက်အခါဝယ် နတ်၌ဖြစ်သော အစာတို့သည် ထင်ရှားဖြစ်ကုန်ရာ၏၊ သီလရှိသူတို့သည်၎င်း သူတောင်းစားတို့သည်၎င်း ထင်ရှားဖြစ်ကုန်ရာ၏။

၂၉၉။ ငါပေးလှူနေစဉ် မကုန်ခန်းရာ၊ ငါသည် ပေးလှူပြီး၍ နောင်တ မပူပန်ရာ၊ ပေးလှူပြီးသော် စိတ်ကို ကြည်လင်စေရာ၏၊ သိကြားမင်းအား ဤသို့သော ဆုကိုတောင်းအံ့(ဟု အင်္ကုရက ဖြေ၏)။

၃၀၀။ ဥစ္စာအားလုံးတို့ကို သူတပါးအား မပေးလှူရာ၊ အလှူကိုလည်း ပေးလှူရာ၏၊ ဥစ္စာကိုလည်း စောင့်ရာ၏၊ ထို့ကြောင့်သာလျှင် (ပေးလှူမူ) ဒါနထက် ဥစ္စာသည် သာလျှင် မြတ်၏၊ အလွန်ပေးလှူသဖြင့် အမျိုးအနွယ်တို့သည် မဖြစ်ကုန် (ပြတ်ကုန်၏)။

၃၀၁။ (အချင်းခပ်သိမ်း) မပေးလှူခြင်းကို၎င်း အလွန်အကဲ ပေးလှူခြင်းကို၎င်း ပညာရှိတို့သည် မချီးမွမ်းကြကုန်၊ ထို့ကြောင့်လျှင် (ပေးလှူမူ) ဒါနထက် ဥစ္စာသည်သာလျှင် မြတ်၏၊ အလယ်အလတ် အသင့်အားဖြင့်သာ ဖြစ်စေရာ၏၊ ထိုသဘောတရားသည် နီတိကျမ်း၌ လိမ္မာသူတို့၏ သဘောတရားတည်း (ဟု ယောက်ျားတဦးက ပြောဆို၏)။

၃၀၂။ အချင်းတို့ ငါသည် ပေးလှူမည်သာတည်း၊ ငြိမ်သက်သော ကိုယ် နူတ် စိတ် အကျင့်ရှိသော သူတော်ကောင်းတို့သည် ငါ့ထံသို့ ချဉ်းကပ်ရာ၏၊ မိုးသည် ချိုင့်ဝှမ်းရာအရပ်ကို ပြည့်စေသကဲ့သို့ အလုံးစုံသော သူတောင်းစားတို့အား အလိုပြည့်စေလျက် တင်းတိမ်ရောင့်ရဲစေရပါမူ ကောင်းလေစွာ့။

၃၀၃။ သူတောင်းစားတို့ မြင်သည်ရှီသော် အကြင်သူ၏ မျက်နှာအဆင်းသည် ကြည်လင်၏၊ ပေးလှူပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ အိမ်၌နေသော ထိုသူ၏ ထိုမျက်နှာ ကြည်လင်မူ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိမူသည် ချမ်းသာကြောင်းတည်း။

၃၀၄။ သူတောင်းစားတို့ကို မြင်သည်ရှိသော် အကြင်သူ၏ မျက်နှာအဆင်းသည် ကြည်လင်၏၊ ပေးလှူပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ အိမ်၌နေသော ထိုသူ၏ ဤမျက်နှာ ကြည်လင်မူ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိမူသည် အလှူဒါန၏ ပြည့်စုံခြင်းတည်း။

၃၀၅။ ပေးလှူသည်မှ ရှေးအဘို့၌ ၀မ်းမြောက်၏၊ ပေးလှူစဉ် စိတ်ကို ကြည်လင်စေ၏၊ ပေးလှူပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ ဤသည်ကား အလှူဒါန၏ ပြည့်စုံခြင်းတည်း (ဟု အင်္ကုရ ပြော၏)။

၃၀၆။ ကောင်းမူကို ငဲ့သော အင်္ကုရ၏ နေအိမ်၌ လှည်းအစီး ခြောက်သောင်းတိုက်မျှလောက်သော ဘောဇဉ်ကို သတ္တ၀ါအပေါင်းအား အမြဲမပြတ် ပေးလှူအပ်၏။

၃၀၇။ ပတ္တမြားနာဍောင်း ၀တ်ဆင်ကုန်သော အလှူကြီးကို ပေးလှူခြင်း၌ အားထုတ်ကြကုန်သော သုံးထောင်ကုန်သော စဖိုသည်တို့သည် အင်္ကုရကို မှီ၍ အသက်မွေးကြကုန်၏၊

၃၀၈။ ပတ္တမြားနာဍောင်း ၀တ်ဆင်ကုန်သော နုပျိုသော ယောက်ျားခြောက်သောင်းတို့သည် အင်္ကုရ၏ အလှူကြီး၌ ထင်းခွဲကြကုန်၏။

၃၀၉။ အလုံးစုံ တန်ဆာဆင်ပြီး ဖြစ်ကုန်သော နုပျိုသော မိန်းမတသောင်းခြောက်ထောင်တို့သည် အင်္ကုရ၏ အလှူကြီး၌ ဟဟင်းချက်ဖွယ်ရာ(ငရုတ်စသည်)တို့ကို ပေါင်စပ် ပြုပြင်ကြကုန်၏။

၃၁၀။ အလုံးစုံ တန်ဆာဆင်ပြီး ဖြစ်ကုန်သော တသောင်းခြောက်ထောင်သော မိန်းမတို့သည် အင်္ကုရ၏ အလှူကြီး၌ ယောက်မကို ကိုင်လျက် ကျွေးမေးရာဌာနသို့ ကပ်၍ တည်ကုန်၏။

၃၁၁။ မင်းမျိုးဖြစ်သော အင်္ကုရသည် ကြာမြင့်စွာသော ကာလပတ်လုံး ရိုသေစွာ ကိုယ်တိုင် အဖန်ဖန် အရိုအသေပြု၍ များစွာသော သူတို့အား များစွာ လှူဒါန်း၏။

၃၁၂။ အင်္ကုရသည် များစွာသော လတို့ပတ်လုံး၎င်း များစွာသော ပက္ခတို့ပတ်လုံး၎င်း များစွာသော ဥတုနှစ်တို့ပတ်လုံး၎င်း ကြာမြင့်စွာသော ကာလပတ်လုံးပင် အလှူကြီးကို ဖြစ်စေ၏။

၃၁၃။ ထိုအင်္ကုရသည် ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် ကြားမြင့်စွာသော ကာလပတ်လုံး(အချို့သူတို့အား) ပေးလှူပြီး၍၎င်း များစွာသော သူတို့အား လှူဒါန်းပူဇော်ပြီး၍၎င်း လူ့ခန္ဓာ အတ္တဘောကို စွန့်ရသည်ရှိသော် တာဝတိံသာနတ်ဘုံသို့ ကပ်ရောက်ရ၏။

၃၁၄။ ဣန္နကမည်သော လုလင်သည် အနုရုဒ္ဓါမထေရ်အား တဇွန်း တယောက်မမျှလောက်သော ဆွမ်းကို ပေးလှူရသောကြောင့် လူ့ခန္ဓာကိုယ် အတ္တဘောကို စွန့်ရသည်ရှိသော် တာဝတိံသာ နတ်ဘုံသို့ ကပ်ရောက်ရ၏။

၃၁၅-၆။ ဣန္ဒကနတ်သားသည် နှလုံးမွေ့လျော်ဖွယ်သော အဆင်း အသံ အရသာ အနံ့ အတွေ့ အထိ အသက် အခြံအရံ အသွင်သဏ္ဌာန် ချမ်းသာခြင်း အစိုးရခြင်းဟူသော ဆယ်ပါးသော အကြောင်းတို့ဖြင့် အင်္ကုရနတ်သားထက် ပိုလွန်၍ တင့်တယ်၏။

၃၁၇။ အကြင်အခါ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏အနီး ပဏ္ဍုကမ္ပလာကျောက်ဖြာ၌ သီတင်းသုံးနေတော်မူ၏။

၃၁၈။ ထိုအခါ ဇာတိခေတ်ဟု မှတ်အပ်သော တသောင်းသော လောကဓာတ်(စကြ၀ဠာ)တို့၌ နတ်ဗြဟ္မာတို့သည် စုဝေးကြကုန်လျက် မြင့်မိုရ်တောင်ထိပ်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားထံသို့ ဆည်းကပ်ကြကုန်၏။

၃၁၉။ မည်သည့် တစုံတစ်ယောက်သော နတ်မျှ အဆင်းဖြင့် မြတ်စွာဘုရားကို လွန်၍ မတင့်တယ်နိုင်၊ မြတ်စွာဘုရားကသာ နတ်အားလုံးတို့ကို လွှမ်းမိုးလွန်မြောက်၍ တင့်တယ်တော်မူ၏။

၃၂၀။ ထိုအခါဝယ် ဤအင်္ကုရနတ်သားသည် တဆယ့်နှစ်ယူဇနာခြားသော အရပ်၌ နေရ၏၊ ဣန္ဒကနတ်သားသည် မြတ်စွာဘုရား၏ အနီး၌ နေလျက် အလွန်တင့်တယ်၏။

၃၂၁။ မြတ်စွာဘုရားသည် အင်္ကုရနတ်သားကို၎င်း ဣန္ဒကနတ်သားကို၎င်း ကြည့်ရူတော်မူပြီးလျှင် အလှူခံပုဂ္ဂိုလ်မြတ်ကို ချီးမွမ်းလိုသည်ဖြစ်၍ ဤစကားကို မိန့်ဆိုတော်မူ၏။

၃၂၂။ အင်္ကုရ သင်သည် ကြာမြင့်စွာသော ကာလပတ်လုံး အလှူကြီးကို ပေးလှူခဲ့သည် မဟုတ်ပါလော၊ သို့ပါလျက် အလွန်သေးကွာသော အရပ်၌ နေရဘိ၏၊ ငါ၏ အထံသို့လာလော့(ဟု မိန့်ဆိုတော်မူ၏)။

၃၂၃။ (အရိယမဂ္ဂဘာဝနာဖြင့်) ပွါးများအပ်ပြီးသော စိတ်ရှိတော်မူသော မြတ်စွာဘုရားသည် တိုက်တွန်းအပ်သည်ဖြစ်၍ အင်္ကုရနတ်သားသည် ဤစကားကို လျှောက်၏၊ အရှင်ုရား တပည့်တော်၏ အလှူသည် မြတ်သော အလှူခံထိုက်သော အလှူခံပုဂ္ဂိုလ်တို့မှ ဆိတ်သုဉ်းခဲ့ပါ၏၊ ထိုအလှူဖြင့် တပည့်တော်အား အဘယ်အကျိုးရှိပါအံ့နည်း။

၃၂၄။ ဤဣန္ဒကနတ်သားသည် အနည်းငယ်သော အလှူကို ပေးလှူခဲ့၏၊ လဗိမာန်သည် ကြယ်အပေါင်းတို့ကို လွှမ်းမိုး၍ တင့်တယ်သကဲ့သို့ အကျွန်ုပ်တို့ကို လွှမ်းမိုး၍ တင့်တယ်ပါ၏(ဟု လျှောက်၏)။

၃၂၅။ ကျတ်တီးပြင်ဖြစ်သော လယ်မြေ၌ များစွာ စိုက်ပျိုးအပ်ပါသော်လည်း မျိုးစေ့သည် ပြန့်ပြော များပြားသော အသီးကို မဖြစ်စေနိုင်သကဲ့သို့၎င်း လယ်သမားကို နှစ်သက်သည် မနှစ်သက်စေနိုင်သကဲ့သို့၎င်း -

၃၂၆။ ထို့အတူပင် သီလမရှိသူတို့၌ တည်သော အလှူသည် များပြားပါသော်လည်း ပြန့်ပြော များပြားသော အကျိုးကို မဖြစ်စေနိုင်၊ ပေးလှူတတ်သူ ဒါယကာကိုလည်း မနှစ်သက်စေနိုင်ပါ။

၃၂၇။ ကောင်းသော လယ်မြေ၌ အနည်းငယ် စိုက်ပျိုးအပ်သော မျိုးစေ့သည် နည်းပင် နည်းသော်လည်း မိုးရေအယဉ်သည် ကောင်းစွာ ရွာသွန်းသည်ရှိသော် များစွာသော အသီးအနှံကို ဖြစ်စေ၍ လယ်သမားကို နှစ်သက်စေနိုင်သကဲ့သို့ -

၃၂၈။ ထို့အတူပင် သီလရှိ၍ ဂုဏ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၌ ပြုအပ်သော ကောင်းမူသည် နည်းပင် နည်းသော်လည်း အကျိုးကြီး၏ (ဟု အင်္ကုရ နတ်သားက လျှောက်၏)။

၃၂၉။ အကြင် ပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် အကျိုးကြီး၏၊ ထိုပုဂ္ဂိုလ်၌သာ စိစစ်ရွေးချယ်၍ အလှူကို ပေးလှူအပ်၏၊ စိစစ် ရွေးချယ်၍ အလှူကို ပေးလှူသောကြောင့် ပေးလှူတတ်သူ ဒါယကာတို့သည် နတ်ပြည်သို့ လားရောက်ရကုန်၏။

၃၃၀။ စိစစ်ရွေးချယ်၍ ပေးလှူခြင်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူအပ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည် ဤသက်ရှိလောက၌ မြတ်သောအလှူကို ခံထိုက်ကုန်၏၊ ကောင်းသောလယ်မြေ၌ စိုက်ပျိုးအပ်ကုန်သော မျိုးစေ့တို့ကဲ့သို့ ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ ပေးလှူအပ်သော အလှူတို့သည် အကျိုးကြီးကုန်၏။

ကိုးခုမြောက်သော အင်္ကုရပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


Monday 26 September 2011

၈ - စူဠသေဋ္ဌိပေတ၀တ္ထု

၂၄၆။ အရှင်(အရှင်သည်) အ၀တ်မဆည်း အချည်းနှီးဖြစ်လျက် ကြုံလှီသော ရဟန်းဖြစ်ပေ၏၊ အဘယ်ကြောင့် ညဉ့်အခါ၌ အဘယ်အရပ်သို့ သွားမည်နည်း၊ အရှင်သည် အကျွန်ုပ်အား (လာခြင်း၏ အကြောင်းကို) အကယ်၍ ပြောစွမ်းနိုင်မူ ပြောကြားပါလော့၊ အရှင်ဘုရားကို အလုံးစုံသော စည်းစိမ်ဖြင့် ပြီးစေနိုင်ငြားအံ့လည်း မသိ(ဟု အဇာတသတ်က မေး၏)။

၂၄၇။ အဝေးတိုင်အောင် ကျော်ကြားသော ဗာရာဏသီမြို့သည် ရှိပါ၏၊ အကျွန်ုပ်သည် ထိုမြို့၌ ပစ္စည်းဥစ္စာကြွယ်ဝသော မပေးလှူလိုသော သူကြွယ် ဖြစ်ခဲ့ပါ၏၊ အာမိသ၌ ကပ်ငြိသော စိတ်ရှိ၍ မပေးလှူတတ်၊ မကောင်းသော အကျင့်ကြောင့် ယမမင်းနိုင်ငံ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။

၂၄၈။ ထိုအကြောင်းတို့ကြောင့် ထိုအကျွန်ုပ်သည် ထိုးဆွတတ်သော အပ်နှင့်တူသောကြောင့် သူစိကာဟု ရအပ်သော အမည်ရှိသော မွတ်သိပ်ခြင်းဖြင့် ပင်ပန်းရပါ၏၊ ထို့ကြောင့်ပင်လျှင် ဆွေမျိုးတို့ထံ အနည်းငယ်သော အာမိသဟူသော အကြောင်းကြောင့် သွားပါ၏၊ ပေးလှူလေ့မရှိသူတို့သည် တမလွန်လောက၌ အလှူ၏ အကျိုးသည် ဖြစ်၏ဟု မယုံကြည်ကြပါကုန်။

၂၄၉။ အကျွန်ုပ်၏ သမီးသည်လည်း အမိအဖတို့အတွက်၎င်း၊ အဘိုးအဘွားတို့အတွက်၎င်း အလှူကို ပေးလှူအံ့ဟု မပြတ်ပြောကြားပါ၏၊ စီရင်အပ်သော ထိုအလှူကို ပုဏ္ဏားတို့အား ကျွေးမွေးပါကုန်၏၊ အကျွန်ုပ်သည် စားသောက်ရန် အန္ဓက၀ိန္ဒမျြို့သို့ သွားပါအံ့ (ဟု ပြိတ္တာက ဖြေ၏)။

၂၅၀။ ထိုသမီးလှူသော အလှူကိုလည်း ခံစားပြီး၍ လျင်စွာ လာခဲ့ပါဦး၊ ငါသည်လည်း ပူဇော်ခြင်းကို ပြုလုပ်အံ့ အကယ်၍ အကြောင်းရှိခဲ့ပါမူ ထိုအကြောင်းကို ငါ့အား ပြောကြားလော့၊ ယုံကြည်ထိုက်သော အကြောင်းစကားကို နားထောင်လိုပါကုန်၏ဟု အဇာတသတ်မင်းသည် ထိုပြိတ္တာကို ပြောဆို၏။

၂၅၁။ ပြိတ္တာသည် ကောင်းပြီဟု ဆို၍ သွားပြီးလျှင် ထိုအန္ဓက၀ိန္ဒမြို့ဝယ် ထမင်းကို ဒုဿီလပုဏ္ဏားတို့သည် စားကုန်၏၊ မြတ်သော အလှူကို ခံထိုက်သော သီလရှိသော ပုဂ္ဂိုလ်တို့ မစားကုန်ရကား တဖန် ရာဇဂြိုဟ်မြို့သို့ ပြန်လာ၍ လူတို့ကို အစိုးရသော (အဇာတသတ်) မင်း၏ ရှေ့၌ ထင်ရှားဖြစ်၏။

၂၅၂။ အဇာတသတ်မင်းသည် တဖန်ပြန်လာသော ပြိတ္တာကို မြင်၍ ငါသည်လည်း အဘယ်ကို ပေးလှူရအံ့နည်း၊ သင်သည် ကြာမြင့်စွာ နှစ်သက်မူဖြစ်ရာသောအကြောင်း အကယ်၍ ရှိခဲ့မူ ထိုအကြောင်းကို ငါ့အား ပြောကြားပါလော့ (ဟု ပြောဆို၏)။

၂၅၃။ အဇာတသတ်မင်း ထမင်းအဖျော်သင်္ကန်းဖြင့် မြတ်စွာဘုရားကို၎င်း သံဃာတော်ကို၎င်း လုပ်ကျွေး၏၊ ထိုအလှူ၏ အဘို့ကို အကျွန်ုပ်၏ အကျိုးစီးပွါးအလို့ငှါ ရည်ညွှတ်ပေးဝေပါလော၊ ဤသို့ ရည်ညွှန်း ပေးဝေသည်ရှိသော် အကျွန်ုပ်သည် ကြာမြင့်စွာ နှစ်သက်မူ ဖြစ်ရာပါ၏ (ဟု လျှောက်ထား၏)။

၂၅၄။ ထိုစကားကြောင့် အဇာတသတ်မင်းသည် ထွက်၍ ထိုခဏ၌ပင် အတုမရှိသော အလှူကို ကိုယ်တိုင် သံဃာအားပေးလှူ၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ပြီးလျှင် ပြိတ္တာအားလည်း အလှူ၏ အဘို့ကို ရည်ညွှန်းပေးဝေ၏။

၂၅၅။ အလှူကို ရည်ညွှန်းပေးဝေသည်ရှိသော် ထိုပြိတ္တာသည် အလွန်တင့်တယ်လျက် လူတို့ကို အစိုးရသော မင်း၏ ရှေ့၌ ထင်ရှားဖြစ်၏၊ အကျွန်ုပ်သည် လွန်စွာ ပြည့်စုံခြင်းသို့ ရောက်သော နတ်ဖြစ်ရပါ၏၊ အကျွန်ုပ်နှင့် တူမျှသော လူတို့သည် မရှိကုန်။

၂၅၆။ သင်မင်းမြတ်သည် သံဃာတော်အား အတုမရှိသော အလှူကို လှူ၍ အကျွန်ုပ်အား ရည်ညွှန်း ပေးဝေပါ၏၊ မနိုင်းယှဉ်သော အကျွန်ုပ်၏ အာနုဘော်ကို ရူပါလော့၊ အမြဲ မပြတ် အခါခပ်သိမ်း များစွာသော ထမင်းအဖျော်စသည်တို့ဖြင့် တင်းတိမ်ရောင့်ရဲ ရပါ၏၊ လူမင်း အကျွန်ုပ်သည် ချမ်းသာသည်ဖြစ်၍ သွားပါတော့အံ့ (ဟု အဇာတသတ်မင်းအား ပြန်ကြား၏)။

ရှစ်ခုမြောက်သော စူဠသေဋ္ဌိပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Sunday 25 September 2011

၇ - ဓနပါလသေဋ္ဌိပေတ၀တ္ထု

၂၂၇။ သင်သည် အ၀တ်မပါ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ၏၊ နံရိုးပြိုင်းပြိုင်းထွက်၍ ကြုံလှီလှ၏၊ အချင်း သင်သည် အဘယ်သူနည်း (ဟု ကုန်သည်များက မေး၏)။

၂၂၈။ အရှင်တို့ အကျွနိုပ်သည် မကောင်းသော လားရာရှိသော ယမမင်း၏ နိုင်ငံ၌ ဖြစ်သော ပြိတ္တာဖြစ်ပါ၏၊ မကောင်းမူကံကို ပြုခဲ့မိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏ (ဟု ပြိတ္တာက ဖြေ၏)။

၂၂၉။ သင်သည် ကိုယ်ဖြင့်၎င်း၊ နူတ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကံကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရသနည်း (ဟု ကုန်သည်များက ထပ်မေး၏)။

၂၃၀။ မဏ္ဏမင်းတို့၏ ဧရကစ္ဆာဟု ကျော်ကြားသော မြို့သည် ရှိ၏၊ ထိုမြို့၌ ရှေးဘ၀က သူဌေးဖြစ်ခဲ့ဘူး၏၊ အကျွန်ုပ်ကို ဓနပါလဟု သိကြပါကုန်၏။

၂၃၁။ အကျွန်ုပ်အား ရွှေငွေလှည်းအစီး ရှစ်ဆယ်တိုက် ရှိပါ၏၊ အကျွန်ုပ်အား ရွှေသည် များလှပါ၏၊ ပုလဲ ကြောင်မျက်ရွဲတို့သည် များပြားပါကုန်၏။

၂၃၂။ ထိုမျှလောက် များသော ဥစ္စာရှိသော်လည်း အကျွန်ုပ်သည် ပေးလှူရန်မနှစ်သက်ပါ၊ အကျွန်ုပ်ကို ဖုန်းတောင်းယာစကားတို့သည် မမြင်စေကုန်လင့်ဟု နှလုံးပြု၍ တံခါးကို ပိတ်လျက် သုံးဆောင် စားသောက်ပါ၏။

၂၃၃။ အကျွန်ုပ်သည် ယုံကြည်မူ “သဒ္ဒါ” မရှိသူ ၀န်တိုသူ စဉ်းလဲသူ ဖြစ်ခဲ့ပါ၏၊ အလှူဒါနကို ပေးလှူကုန်သော ကုသိုလ်ကောင်းမူကို ပြုသောသူတို့ကို ခြိမ်းချောက်တတ်၏၊ များစွားသော လူတို့ကို ကုသိုလ်ကောင်းမူမှ တားမြစ်မိခဲ့ပါ၏။

၂၃၄။ ပေးလှူခြင်း၏ အကျိုးသည် မရှိ၊ စောင့်စည်းခြင်း၏ အကျိုးကား အဘယ်မှာ ရှိအံ့နည်း၊ လေးထောင့်ကန်တို့ကို၎င်း၊ ရေတွင်းတို့ကို၎င်း၊ စိုက်ပျိုးအပ်သော အရံဥယျာဉ်တို့ကို၎င်း၊ ရေအိုးစင်တို့ကို၎င်း(ရွံ့ညွန်ရေတို့ကြောင့်) အသွားခက်သော ခရီး၌ တံတားတို့ကို၎င်း ဖျက်ဆီးခဲ့ပါပြီ။

၂၃၅။ ကောင်းမူကို မပြုမူ၍ မကောင်းမူကိုသာ ပြုသော ထိုအကျွန်ုပ်သည် ထိုလူ့ပြည်မှ စုတေခဲ့သည်ရှိသော် ပြိတ္တာဘုံ၌ ဖြစ်၍ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရပါ၏။

၂၃၆။ အကျွန်ုပ်သည် သေသောအခါမှစ၍ ငါးဆယ့်ငါးနှစ်ပတ်လုံး စားရသည်ကို၎င်း၊ သောက်ရေ သောက်ရသည်ကို၎င်း မသိရစဘူးပါ။

၂၃၇။ ပေးလှူမူမှ ရှောင်ကြဉ်ခြင်းဟူသော မပေးလှူခြင်းသည် ရှိ၏၊ ထိုမပေးလှူခြင်းသည် သတ္တ၀ါတို့ ပျက်စီးကြောင်းမည်၏၊ အကြင်ပျက်စီးကြောင်းသည် ရှိ၏၊ ထိုပျက်စီးကြောင်းသည် လောဘစသည်တို့၏ အစွမ်းဖြင့် ပေးလှူမူမှ ရှောင်ကြဉ်ခြင်း ဟူသော မပေးလှူခြင်းပင်တည်း၊ ထိုစကားမှန်၏၊ ပေးလှူမူမှ ရှောင်ကြဉ်ခြင်းဟူသော မပေးလှူခြင်းသည် ပျက်စီးကြောင်းတည်းဟု ပြိတ္တာတို့ သိကြကုန်သည်သာတည်း။

၂၃၈။ အကျွန်ုပ်သည် ရှေးဘ၀က လောဘစသည်တို့၏ အစွမ်းဖြင့် ပေးလှူမူမှ ရှောင်ကြဉ်ခဲ့ပါပြီ၊ ဥစ္စာများစွာ ရှိနေပါလျက် မပေးလှူခဲ့ပေ၊ လှူဖွယ်ဝတ္ထုတို့ ရှိပါကုန်လျက် မိမိ၏ မှီခိုရာ ကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမူကို မပြုခဲ့ပေ၊ ထိုအကျွန်ုပ်သည် မိမိကံ အကျိုးသို့ ကပ်ရောက်ရသည် ဖြစ်၍ နောက်မှ နောင်တရပါ၏။

၂၃၉-၂၄၀။ လေးလတို့အလွန်၌ သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ်ဆင်းရဲ၍ ကြမ်းတမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ဝေဖန်အပ်သော ပုံစံတူဖြစ်သော သံတံတိုင်းကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါလိမ့်မည်။

၂၄၁။ ထိုငရဲ၏ မြေကြီးကား သံဖြင့်ပြီး၏၊ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံ ရှိ၏၊ ထက်ဝန်းကျင် ယူဇနာတရာတိုင်တိုင် အခါခပ်သိမ်း ပြန့်နှံ့၍ တည်၏။

၂၄၂။ အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာသော ကာလပတ်လုံး မကောင်းမူကံ၏ အကျိုးဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရအံ့၊ ထို့ကြောင့် အကျွန်ုပ်သည် ပြင်းစွာ စိုးရိမ်မိပါ၏။

၂၄၅။ ထို့ကြောင့် အရှင်တို့အား လျှောက်ပါ၏၊ အရှင်တို့အား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေ၊ ဤအရပ်၌ စုဝေးရောက်လာသမျှသော အရှင်ကောင်းတို့သည် မျက်မှောက်၌သော်၎င်း၊ မျက်ကွယ်၌သော်၎င်း မကောင်းမူကံကို မပြုကြပါကုန်လင့်။

၂၄၆။ ထိုမကောင်းမူ(ကံ)ကို အကယ်၍ နောင်အခါ ပြုလိမ့်မည်ဖြစ်ပါမူ ယခုလည်း ပြုနေပါမူ ပျံတက်၍ ထွက်ပြေးကြကုန်သော်လည်း အရှင်တို့အား ဆင်းရဲမှ လွတ်မြောက်ခြင်း မရှိနိုင်။

၂၄၇။ အမိ၏ အကျိုးစီးပွား အဖ၏ အကျိုးစီးပွါး (အလို့ငှါ) လုပ်ကျွေးကြကုန်လော့၊ အမျိုး၌ ကြီးသူတို့အား အရိုအသေ ပြုကြကုန်လော့၊ ရဟန်းကို ပူဇော်ကြကုန်လော့၊ မကောင်းမူကို အပပြုပြီးသော သူကို ပူဇော်ကြကုန်လော့၊ ဤသို့ ပြုကျင့်ကြပါမူ နတ်ပြည်သို့ သွားရလတ္တံ့ (ဟု ပြိတ္တာက ဆုံးမစကား ပြောကြား၏)။

ခုနှစ်ခုမြောက်သော ဓနပါလသေဋ္ဌိပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

၆ - ကဏှပေတ၀တ္ထု

၂၀၇။ ကဏှအနွယ်ဖြစ်သော ၀ါသုဒေ၀မင်းမြတ် ထပါလော့၊ အဘယ်ကြောင့် လျောင်းလဲခွေ အိပ်စက်နေရပါသနည်း၊ သင် မင်းမြတ်အား လျောင်းလဲခွေ အိပ်စက်နေခြင်းဖြင့် အဘယ်အကျိုး ရှိပါအံ့နည်း၊ သင်၏ နှလုံးသား သင်၏ လက်ျာမျက်စိနှင့် တူသော ညီအရင်းအား လေတို့သည် လွှမ်းမိုးနှိပ်စက်နေပါကုန်၏၊ ကေသ၀မင်းမြတ် ဃဋပညာရှိသည် မြည်တမ်းနေပါ၏ (ဟု ရောဟိဏေယျအမတ်က ပြော၏)။

၂၀၈။ ရောဟိဏေယျမည်သော ထိုအမတ်၏ စကားကို ကြား၍ ကေသ၀မင်းမြတ်သည် ညီကြောင့်ဖြစ်သော ပူဆွေးမူသောက နှိပ်စက်သည်ဖြစ်ရကား လျောင်းစက်ရာမှ ဆောလျင်စွာ ထ၏။

၂၀၉။ အဘယ်ကြောင့် သူရူးကဲ့သို့ ဤဒွါရ၀တီတမြို့လုံး အနှံ့လှည့်လည်လျက် ယုန်ယုန်ဟု မြည်တမ်းနေဘိသနည်း၊ အဘယ်သို့သော ယုန်ကို သင် အလိုရှိသနည်း။

၂၁၀။ ရွှေဖြင့် ပြီးသော ယုန်လော၊ မြကျောက်ရတနာဖြင့်ပြီးသော ယုန်လော၊ ကြေးနီဖြင့်ပြီးသော ယုန်လော၊ ငွေစင်ဖြင့်ပြီးသော ယုန်လော၊ ခရုသင်း ကျောက်သလင်း သန္တာဖြင့်ပြီးသော ယုန်လော၊ သင့်အတွက် ယုန်ကို ပြုလုပ်စေပါအံ့။

၂၁၁။ တောကြီး မြိုင်လယ်၌ ကျက်စားကြသော အခြားယုန်တို့သည်လည်း ရှိကြကုန်၏၊ ထိုယုန်တို့ကိုလည်း သင့်အား ဆောင်ယူပေးအံ့။ အဘယ်သို့သော ယုန်ကို သင်အလိုရှိသနည်း (ဟု ကေသ၀မင်းက ပြောဆို မေးမြန်း၏)။

၂၁၂။ မြေ၌မှီကုန်သော ယုန်တို့ကို အကျွန်ုပ် အလိုမရှိ၊ လဗိမာန်မှ ယုန်ကိုသာ အလိုရှိပါ၏၊ ကေသ၀မင်းမြတ် အကျွန်ုပ်အား ထိုယုန်ကို ဆောင်ယူပေးလော့ (ဟု ဃဋပဏ္ဍိတက ဖြေကြား၏)။

၂၁၃။ ညီတော် သင်သည် လဗိမာန်မှ ယုန်ကို တောင့်တဘိ၏၊ တောင့်တမရကောင်းသည်ကို သင်တောင့်တဘိ၏၊ ထိုသင်သည် ကောင်းမြတ်သော အသက်ကို မုချ စွန့်ရလိမ့်မည်ဟု ငါထင်၏(ဟု ကေသ၀မင်းက ပြောဆို၏)။

၂၁၄။ ကဏှအနွယ်ဖြစ်သော ၀ါသုဒေ၀မင်းမြတ် သူတပါးကို ဆုံးမသကဲ့သို့ ဤအတူ သင်သည် သိတော်မူခဲ့ပါမူ ရှေး(လေးလလောက်)က သေသော သားကို(အကြောင်းပြု၍) ယနေ့တိုင်အောင် အဘယ်ကြောင့် ပူဆွေးနေရဘိသနည်း။

၂၁၅။ မွေးဖွားလာသော ငါ၏ သားသည် မသေပါစေလင့်ဟု လူသည်၎င်း၊ နတ်သည်၎င်း(တောင့်တ၍) မရနိုင်၊ ယင်းသို့ တောင့်တ၍ မရကောင်းသော ၀တ္ထုကို အဘယ်မှာ ရနိုင်ပါမည်နည်း။

၂၁၆။ ကဏှအနွယ်ဖြစ်သော နောင်တော်မင်းမြတ် သင်သည် သေသူကို အကြောင်းပြု၍ အဖန်တလဲလဲ ပူဆွေး၏၊ ထိုသေသူကို မန္တန် မန်းမူတ်ခြင်းဖြင့်သော်၎င်း၊ ဆေးမြစ်ဖြင့်သော်၎င်း အထူးစီရင်ဖော်စပ်သော ဆေးတို့ဖြင့်သော်၎င်း ဆောင်ယူခြင်းငှါ မတတ်ကောင်း။

၂၁၇။ များသော ဥစ္စာရှိကုန်သော များသော စည်းစိမ်ရှိကုန်သော မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာစပါးလည်းရှိကုန်သော ထိုထိုတိုင်းပြည်အရှင် ဘုရင်တို့သော်မှလည်း အိုရကုန် သေရကုန်သေး၏။

၂၁၈။ မင်းမျိုးတို့သည်၎င်း ပုဏ္ဏားမျိုးတို့သည်၎င်း ကုန်သည်မျိုးတို့သည်၎င်း သူဆင်းရဲမျိုးတို့သည်၎င်း ဒွန်းစဏ္ဍားမျိုး ပန်းမိုက်သွန်မျိုးတို့သည်၎င်း ထိုဆိုအပ်ခဲ့ပြီးသူတို့မှ တပါးသော အမျိုးဇာတ်ရှိသူတို့သည်၎င်း ရှိကုန်၏၊ ထိုသူတို့သည်လည်း အိုရကုန် သေရကုန်သေး၏။

၂၁၉။ (ပုဏ္ဏားတို့အကျိုးငှါ) ဗြဟ္မာသည် ကြံစည်ဟောပြောအပ်သော အင်္ဂါခြောက်ပါးတို့နှင့် ယှဉ်သော ဗေဒင်ကို သရဇ္ဈာယ်ပို့ချကုန်သော သူတို့သည်၎င်း တပါးသော အတတ်ပညာနှင့် ပြည့်စုံသူတို့သည်၎င်း ရှိကုန်၏၊ ထိုသူတို့သော်မှလည်း အိုရကုန် သေရကုန်သေး၏။

၂၂၀။ ကိုယ်စိတ်တို့ဖြင့် ငြိမ်းသော သဘောရှိကုန်သော စောင့်စည်းအပ်သော စိတ်ရှိ၍ ကိလေသာကို ပူပန်စေတတ်သော အကျင့်လည်း ရှိကုန်သော ရသေ့ရဟန်းတို့သော်မှလည်း သေချိန်ရောက်သောအခါ ကိုယ်ကို စွန့်လွှတ်ကြရကုန်သေး၏။

၂၂၁။ (စတုသစ္စကမ္မဋ္ဌာန်းဘာဝနာ၌) ပွါးများပြီးသော စိတ်ရှိကုန်သော မဂ်ကိစ္စကို ပြုပြီးကုန်သော အာသဝေါ ကင်းကုန်ပြီးသော ရဟန္တာတို့သော်မှလည်း ကုသိုလ် အကုသိုလ်ကံ ကုန်ခြင်းကြောင့် ဤခန္ဓာကိုယ်ကို စွန့်ပစ်ကြရကုန်သေး၏(ဟု ဃဋပဏ္ဍိတက ပြော၏)။

၂၂၂။ ညီတော် ထောပတ်ဖြင့် သွန်းလောင်းထားသည် ဖြစ်၍ ရဲရဲညီးညီး တောက်နေသော မီးကို ရေဖြင့် သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ သင်သည်(သောက) မီး တောက်လောင်နေသော ပူပန်မူအားလုံးကို ငြိမ်းအေးစေလေပြီတကား။

၂၂၃။ အကြင်သင်သည် ပူဆွေးမူ သောက နှိပ်စက်နေသော ငါ့အား သားကြောင့်ဖြစ်သော ပူဆွေးမူ သောကကို ပယ်ဖျောက်ပါပေ၏၊ ထိုသင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမူ သောကတည်းဟူသော ငြောင့်ကို နုတ်ပေးပြီတကား။

၂၂၄။ ညီတော် ငါသည် ပူဆွေးမူ သောကတည်းဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ ညီတော် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။

၂၂၅။ အကြင်ပညာရှိသည် သနားစောင့်ရှောက်တတ်ကုန်၏၊ ထိုပညာရှိတို့သည် ဤသို့ပင် ပြုလုပ်ကြကုန်၏၊ ဃဋ(ပဏ္ဍိတ)သည် နောင်တော်ကို ပူဆွေးမူ သောကမှ ငြိမ်းစေသကဲ့သို့ တပါးသော ပညာရှိတို့သည်လည်း ပူဆွေးမူ သောကမှ ငြိမ်းအေးစေကုန်၏။

၂၂၆။ ဃဋ(ပဏ္ဍိတ)သည် နောင်တော်ကို ကောင်းစွာ ပြောဆိုခြင်းဖြင့် အတုလိုက်စေသကဲ့သို့ အကြင်သူအား ဤသို့ သဘောရှိကုန်သော အမတ်တို့သည်၎င်း၊ အလုပ်အကျွေးတို့သည်၎င်း ရှိကုန်၏၊ ထိုသူအား ထိုအမတ်အလုပ်အကျွေးတို့သည် ကောင်းစွာ ပြောဆိုခြင်းဖြင့် အတုလိုက်စေကုန်၏ (ဟု ၀ါသုဒေ၀မင်းကြီးက ပြောဆို၏)။

ခြောက်ခုမြောက်သော ကဏှပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Saturday 24 September 2011

၅ - မဋ္ဌကုဏ္ဍလီပေတ၀တ္ထု

၁၈၆။ တန်းဆာဆင်အပ်သော ပြေပြစ်ချောမွေ့သော နားဍောင်းလည်းရှိသော ပန်းကို ပန်ဆင်၍ စန္ဒကူးရွှေတို့ဖြင့် လိမ်းကျံထားသည့် ကိုယ်ရှိသော သင်သည် ဆင်းရဲဒုက္ခ ရောက်သည်ဖြစ်၍ တောအလယ်၌ မောင်းကို မြှောက်လျက် အဘယ်ကြောင့် ငိုမြည်ကမ်းဘိသနည်း (ဟု အဒိန္နပုဗ္ဗကပုဏ္ဏားက မေး၏)။

၁၈၇။ (ပုဏ္ဏား) ငါ့အား ရွှေဖြင့်ပြီးသော ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော ရထားအိမ်ကား ရှိပါ၏၊ ထိုရထားလှည်းအိမ်အတွက် ရထားဘီးအစုံကို မရသေးပါ၊ ထိုရထားဘီးအစုံကို မရသောဆင်းရဲကြောင့် အသက်ကို စွန့်ရပါတော့အံ့ (ဟု မဋ္ဌကုဏ္ဍလီက ပြောဆို၏)။

၁၈၈။ လှပပျိုမျစ်သော လုလင် ရွှေဖြင့်ပြီးသော ရထားဘီးအစုံလော၊ မြကျောက်ရတနာဖြင့်ပြီးသော ရထားဘီးအစုံလော၊ ပတ္တမြားနီဖြင့်ပြီးသော ရထားဘီးအစုံလော၊ ငွေစင်ဖြင့်ပြီးသော ရထားဘီးအစုံလော ငါ့အား ပြောကြားပါလော့၊ သင့်အတွက် ရထားဘီးအစုံကို ပြည့်စုံအောင် ငါလုပ်၍ ပေးအံ့ (ဟု မဋ္ဌကုဏ္ဍလီက မေးပြန်၏)။

၁၈၉။ ဤလောက၌ နေလနှစ်ပါးတို့ကို တွေ့မြင်နေရပါကုန်၏၊ ရွှေဖြင့်ပြီးသော ငါ့ရထားသည် ထိုနေလနှစ်ပါးဟူသော ရထားဘီးအစုံဖြင့်သာ တင့်တယ်ပါလိမ့်မည်ဟု ထိုလုလင်သည် ထိုပုဏ္ဏားကို ပြောဆို၏။

၁၉၀။ လုလင် သင်သည် တောင့်တ၍ မရကောင်းသော ၀တ္ထုကို တောင့်တလေသောကြောင့် မိုက်လှသူသာ ဖြစ်ဘိ၏၊ လုလင် သင်သည် သေလျှင်သာ သေရမည်၊ နေလတို့ကို ရလိမ့်မည်မဟုတ်ဟု ငါအောက်မေ့၏ (ဟု အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

၁၉၁။ ပုဏ္ဏား နေလနှစ်ပါးတို့၌ အဆင်းဓာတ်ကိုလည်း တွေ့မြင်နေရ၏၊ လှည့်လည်ရာ လမ်းခရီး၌ သွားခြင်းလာခြင်းကိုလည်း တွေ့မြင်နေရ၏၊ သေလွန်သော သူကိုမူကား မတွေကမြင်ရတော့ပေ။ ဤတောအရပ်၌ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါ နှစ်ယောက်တို့တွင် အဘယ်သူက ပို၍ မိုက်ပါသနည်း (ဟု လုလင်ကဆို၏)။

၁၉၂။ လုလင် သင်သည် အမှန်ကိုသာ ပြောဆိုပေ၏၊ ငိုကြွေးမြည်တမ်း နေကြကုန်သော သင်နှင့်ငါ နှစ်ယောက်တို့တွင် ငါကသာ ပို၍မိုက်၏၊ လဗိမာန်ကို တောင့်တလျက် ငိုကြွေးမြည်တမ်းနေသော သူငယ်ကဲ့သို့ သေလွန်သော သူကို ငါတောင့်တမိလေပြီ (ဟု အဒိန္နပုဗ္ဗက - က ဆို၏)။

၁၉၃။ လုလင် ထောပတ်ဖြင့် သွန်းလောင်း ထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်နေသော မီးကိုရေဖြင့် သွန်းလောင်းလိုက်သကဲ့သို့ ထို့အတူ သင်သည် သောကမီး တောက်လောင်နေသော ငါ၏ ပူပန်မူအားလုံးကို အေးစေလေပြီတကား။

၁၉၄။ အကြင်သင်သည် ပူဆွေးမူ သောကနှိပ်စက်နေသော ငါ့အား သားကြောင့် ဖြစ်သော ပူဆွေးမူသောကကို ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။

၁၉၆။ လုလင် သင်သည် စတုမဟာရာဇ် နတ်ဖြစ်လေသလား၊ ဂန္ဓဗ္ဗနတ်မျိုးဖြစ်လေသလော၊ သို့မဟုတ် ရှေး၌ အလှူကို ပေးတတ်သော သိကြားဖြစ်လေသလော၊ သင်သည် အဘယ်မည်သော သူပေနည်း၊ အဘယ်သူ၏ သားပေနည်း၊ ငါတို့သည် သင့်ကို အဘယ်သို့ သိကြရကုန်အံ့နည်း (ဟု အဒိန္နပုဗ္ဗက - က ထပ်၍ မေးမြန်း၏)။

၁၉၇။ ပုဏ္ဏား သင်သည် သား (မဋ္ဌကုဏ္ဍလီ)ကို သုသာန်၌ မိမိကိုယ်တိုင် ဖုတ်ကြည်း သင်းဂြိုဟ်ပြီးလျှင် အကြင်သားကို (ရည်၍) မြည်တမ်း၏၊ အကြင်သားကို (ရည်၍) ငိုကြွေး၏၊ သင်၏ သားဖြစ်သော ထိုငါသည် ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာနတ်တို့၏ အသင်းဝင် အပေါင်းအဖော် အဖြစ် သို့ ရောက်၏ (ဟု မဋ္ဌကုဏ္ဍလီနတ်သားက ပြော၏)။

၁၉၈။ လုလင် မိမိအိမ်၌ ပေးလှူသော သင်၏ အနည်းငယ်သော အလှူကိုသော်၎င်း၊ များစွာသော အလှူကိုသော်၎င်း၊ ငါတို့ မမြင်ကြရပါကုန်၊ သင် စောင့်သုံးသော ထိုသို့ သဘောရှိသော ဥပုသ်ကံကိုသော်လည်း မမြင်ကြရပါကုန်၊ အဘယ်ကံကြောင့် သင်သည် နတ်ပြည်သို့ လားရောက်ရသနည်း (ဟု အဒိန္နပုဗ္ဗက - က မေးပြန်၏)။

၁၉၉။ (ပုဏ္ဏား) ငါသည် မိမိအိမ်၌ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် နာကျင်သော သဘောရှိသူ သူနာ ဖြစ်ခဲ့ပါ၏၊ ကိလေသာမြူ ကင်းတော်မူပြီးသော မဝေခွဲနိုင်မူ ၀ိစိကိစ္ဆာကို လွန်မြောက်တော်မူပြီးသော ကောင်းသော စကားကို ဆိုတော်မူသော မယုတ်လျော့သော ပညာလည်း ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်လိုက်ရပါပြီ။

၂၀၀။ ပုဏ္ဏား ထိုငါသည် ၀မ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအား လက်အုပ်ချီခဲ့ဘူးပါ၏၊ ငါသည် (လက်အုပ်ချီခြင်း) ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာနတ်တို့၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်ရပါ၏ (ဟု မဋ္ဌကုဏ္ဍလီနတ်သားက ပြောဆို၏)။

၂၀၁။ အံ့ဖွယ်ရှိပါပေစွာ့တကား၊ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွာ့တကား၊ လက်အုပ်ချီခြင်းမျှ၏လည်း ဤသို့သော အကျိုး ဖြစ်ဘိသေး၏၊ ငါသည်လည်း ၀မ်းမြောက် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်တော့အံ့ (ဟု အဒိန္နပုဗ္ဗက - က ပြော၏)။

၂၀၂။ ပုဏ္ဏား သင်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ တရားတော်ကို၎င်း၊ သံဃာတော်ကို၎င်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထို့ပြင် သိက္ခာပုဒ်ငါးပါးတို့ကိုလည်း မကျိုမပျက်အောင် ဆောက်တည်လေလော့။

၂၀၃။ သူ့အသက်ကို သတ်ခြင်းမှ လျင်စွာရှောင်ကြဉ်ပါလော့၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြသ်ပါလော့၊ သေအရက်ကို မသောက်မစားပါလင့်၊ မဟုတ် မမှန် စကားကိုလည်း မပြောဆိုပါလင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ပါလော့ (ဟု မဋ္ဌကုဏ္ဍလီနတ်သားက ပြောကြား၏)။

၂၀၄။ နတ်သား သင်သည် ငါ၏ အကျိုးကို အလိုရှိသူဖြစ်ပေ၏၊ နတ်သား ငါ၏ အစီးအပွားကိုလည်း အလိုရှိသူ ဖြစ်ပေ၏၊ သင်၏ စကားကို ငါလိုက်နာပါ၏၊ သင်သည် ငါ၏ဆရာ ဖြစ်ပါပေ၏။

၂၀၅။ ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကို၎င်း၊ မြတ်စွာဘုရား၏ တပည့်သာဝက သံဃာတော်ကို၎င်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

၂၀၆။ သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါ၏၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏၊ သေအရက်ကို မသောက်စားတော့ပါ၊ မဟုတ်မမှန်သော “မုသား” စကားကိုလည်း မပြောဆိုပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲသူဖြစ်ရပါ၏ (ဟု အဒိန္နပုဗ္ဗက - က ဆို၏)။

ငါးခုမြောက်သော မဋ္ဌကုဏ္ဍလီပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

၎ - နန္ဒာပေတိဝတ္ထု

၁၆၈။ သင်သည် အဆင်းမည်းနက်၍ စက်ဆုပ်ရွံရှာဖွယ် ပုံသဏ္ဌာန်ရှိသူ ကြမ်းတမ်းသော ကိုယ်ခန္ဓာရှိသူ ကြောက်မက်ဖွယ် အမြင်ရှိသူ ကြောင်သောမျက်စိ ကြဲသောသွားရှိသူဖြစ်၏၊ သင့်ကို လူမိန်းမဟု ငါမထင် (ဟု လင်ဟောင်း နန္ဒိသေနက ပြော၏)။

၁၆၉။ နန္ဒိသေန အကျွန်ုပ်သည် နန္ဒပါတည်း၊ ရှေးဘ၀က သင်၏ မယားဖြစ်ခဲ့ပါ၏၊ မကောင်းမူကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ၏ (ဟု နန္ဒာက ပြော၏)။

၁၇၀။ သင်သည် ကိုယ်ဖြင့်၎င်း၊ နူတ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း၊ အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရသနည်း (ဟု နန္ဒိသေနက မေး၏)။

၁၇၁။ အကျွန်ုပ်သည် အမျက်ဒေါသကြီးသူ ကြမ်းတမ်းသော စကားရှိသူ ဖြစ်ခဲ့ပါ၏၊ သင့်အပေါ်၌လည်း မရိုသေခဲ့ပါ၊ ငါသည် သင့်အား မကောင်းသော စကားကို ဆိုမိခဲ့ခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏ (ဟု နန္ဒာက ပြော၏)။

၁၇၂။ ယခု သင့်အား ငါ၏ အပေါ်ရုံအ၀တ်ကို ပေးအံ့၊ ဤပုဆိုးကို ၀တ်လော့၊ ဤပုဆိုးကိုဝတ်၍ လာလော့၊ သင့်ကို အိမ်သို့ ခေါ်ဆောင်သွားအံ့။

၁၇၃။ သင်သည် အိမ်သို့ ရောက်သည်ရှိသော် အ၀တ်ကို၎င်း၊ ထမင်းအဖျော်ကို၎င်း ရလတ္တံ့၊ သင်၏ သားများနှင့် ချွေးမတို့ကိုလည်း မြင်ရလတ္တံ့ (ဟု နန္ဒိသေနက ပြော၏)။

၁၇၄-၅။ သင်၏ လက်ဖြင့် အကျွန်ုပ်လက်သို့ သင်ပေးသော ပစ္စည်းသည် အကျွန်ုပ်အား မရမရောက်နိုင်ပါ၊ ရာဂကင်းကုန်သော အကြားအမြင်များကုန်သော သီလနှင့်ပြည့်စုံသော ရဟန်းတို့ကို ထမင်းအဖျော်ဖြင့် နှစ်သိမ့်ရောင့်ရဲစေပါလော့၊ အကျွန်ုပ်အား အလှူ၏ အဘို့ကို ရည်ညွှန်း ပေးဝေပါလော့၊ ထိုအခါ၌ အကျွန်ုပ်သည် ချမ်းသာသည်ဖြစ်၍ အလိုရှိသမျှ အလုံးစုံနှင့် ပြည်စုံသူ ဖြစ်ပါလိမ့်မည် (ဟု နန္ဒာက ပြောပြန်၏)။

၁၇၆။ ထိုနန္ဒိသေနသည် ကောင်းပြီဟု ၀န်ခံ၍ ထမင်းအဖျော်ခဲဖွယ် အ၀တ် ကျောင်း အိပ်ရာ နေရာ ထီး နံ့သာပန်း အထူးထူး အပြားပြားသော ဘိနပ်ဟူသော ပြန့်ပြောများမြတ်သော ဒါနမျိုးကို ကြဲချလှူဒါန်း၏။

၁၇၇။ ရာဂကင်းကုန်သော အကြားအမြင်များကုန်သော သီလနှင့် ပြည့်စုံကုန်သော ရဟန်းတို့ကို ထမင်းအဖျော်ဖြင့် နှစ်သိမ့်ရောင့်ရဲစေ၍ ထိုနန္ဒာပြိတ္တာမအား အလှူ၏ အဘို့ကို ရည်ညွှန်းပေးဝေ၏။

၁၇၈။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အ၀တ် သောက်ရေရခြင်းဟူသော ဤအကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၇၉။ ထို့နောက် စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သော အ၀တ် ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သောပုဆိုး ဆန်းကြယ်သော အ၀တ်တန်ဆာရှိလျက် လင် နန္ဒိသေနထံသို့ ချဉ်းကပ်၏။

၁၈၀။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၁၈၁။ သင်သည် အဘယ်ကုသိုလ်ထူးကြောင့် ထိုသို့သဘောရှိသော အရောင်အဆင်းရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် သင့်အား ဤအရပ်၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ကုန်သနည်း။

၁၈၂။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို (ငါ) မေး၏။ လူဖြစ်စဉ်က အဘယ်ကုသိုလ်ကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေလျက် တည်ဘိသနည်း (ဟု နန္ဒိသေနက မေး၏)။

၁၈၃။ နန္ဒိသေန အကျွန်ုပ်သည် နန္ဒာပါတည်း၊ ရှေးဘ၀က သင်၏ မယာဖြစ်ခဲ့ပါ၏၊ မကောင်းမူကံကို ပြုသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။

၁၈၄။ သင်ပေးလှူအပ်သော အလှူဖြင့် တစုံတရာ မည်သည့်ဘေးမျှ မရှိပဲ မွေ့လျော်ရပါ၏၊ သူကြွယ် ဆွေမျိုးအားလုံးတို့နှင့်တကွ ကြာမြင့်စွာ အသက်ရှင်ပါစေလော့၊ စိုးရိမ်ကင်း၍ မြူအညစ်အကြွေးကင်းသော ဘေးမရှိသော ၀သ၀တ္တီနတ်တို့ နေရာဘုံသို့ ရောက်ပါစေလော့။

၁၈၅။ သူကြွယ် ဤလူ့ပြည်လောက၌ တရားကိုကျင့်၍ အလှူဒါနကို ပေးလှူကာ ၀န်တိုခြင်း “မစ္ဆေရ” အညစ်အကြေးကို အမြစ်ပါ နုတ်ပြီးလျှင် အကဲ့ရဲ့လွတ်လျက် နတ်ပြည်သို့ ကပ်ရောက်ပါစေ (ဟု နန္ဒက ဆုံးမစကား ပြောကြား၏)။

လေးခုမြောက်သော နန္ဒာပေတိဝတ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Friday 23 September 2011

၃- မတ္တာပေတိဝတ္ထု

၁၃၄။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အ၀တ်လည်း မပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်ပြိုင်းထသော ကိုယ်ရှိလျက် ဤအရပ်၌ ရပ်တည်နေသော သူကား အဘယ်သူနည်း (ဟု လင်တူမိန်းမတိဿာက မေး၏)။

၁၃၅။ ငါသည် မတ္တာပါတည်း၊ သင်သည် တိဿပါတည်း၊ ရှေးဘ၀က သင်၏ လင်တူမိန်းမ ဖြစ်ခဲ့ပါ၏၊ မကောင်းမူကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ခဲ့ပါ၏ (ဟု မတ္တာက ဖြေ၏)။

၁၃၆။ သင်သည် ကိုယ်ဖြင့်၎င်း၊ နူတ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရသနည်း (ဟု တိဿာက မေးမြန်း၏)။

၁၃၇။ အကျွန်ုပ်သည် အမျက်ဒေါသကြီးသူ ကြမ်းတမ်းသော စကားရှိသူ ငြူစူတတ်သူ ၀န်တိုသူ စဉ်းလဲသူ ဖြစ်ခဲ့ဘူးပါ၏၊ ငါသည် သင့်အား မကောင်းသော စကားကို ဆိုခဲ့မိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ၏ (ဟု မတ္တာက ဖြေ၏)။

၁၃၈။ မှန်၏၊ သင်သည် ကြမ်းတမ်းသူဖြစ်သော အခြင်းအရာကို ငါသိ၏၊ အသင့်အား တပါးသော အကြောင်းကို မေးပါအံ့။ အဘယ်ကြောင့် မြေမူန့်တို့ဖြင့် ပြွမ်းသော တန်းဆာဆင်၏။

၁၃၉။ သင် (တိဿာ) သည် ဦးခေါင်းနှင့်တကွ ရေချိုး၏၊ စင်ကြယ်သန့်ရှင်းသော အ၀တ်ကို ၀တ်၏၊ တန်ဆာဆင်၏၊ ငါသည်ကား သင့်ထက် အလွန်အကဲ ပိုမို၍ တန်ဆာဆင်၏။

၁၄၀။ ထိုငါသည် ကြည့်ရူနေစဉ် လင်နှင့် သင်စကားပြောနေ၏၊ ထို့ကြောင့် ငါ့အား ငြူစူခြင်း ဣဿာသည် ပွါးများလာ၏၊ ငါ့အား အမျက်ဒေါသသည် လွန်စွာ ဖြစ်၏။

၁၄၁။ ထို့ကြောင့် မြေမူန့်ကိုယူ၍ သင့်ကို မြေမူန့်ဖြင့် ငါကြဲချမိခဲ့၏၊ ထိုမကောင်းမူကံ အကျိုးကြောင့် မြေမူန့်တို့ဖြင့် ပြွမ်းသော ကိုယ်ရှိပါ၏ (ဟု မတ္တာက ဖြေ၏)။

၁၄၂။ မှန်၏၊ သင်(မတ္တာ)သည် ငါ့ကို မြေမူန့်ဖြင့် ကြဲချသည်ကို ငါသိ၏၊ သင့်အား တပါးသော ထိုအကြောင်းကို မေးပါအံ့၊ အဘယ်ကြောင့် ၀ဲရောဂါ နှိပ်စက်ခံရသနည်း (ဟု တိဿာက မေးပြန်၏)။

၁၄၃။ သင်နှင့်ငါ နှစ်ယောက်တို့သည် ဆေးကို ဆောင်ယူရန် တောသို့သွားရောက်ကြကုန်၏၊ သင်သည်ကား ဆေးကို ဆောင်ယူ၏၊ ငါသည်ကား ခွေးလှေးသီး အရိုင်းကို ဆောင်ယူ၏။

၁၄၅။ သင်မသိမီ ငါသည် သင့်အိပ်ရာပေါ်သို့ ခွေးလှေးသီးကို ကြဲချခဲ့၏၊ ထို မကောင်းမူကံကြောင့် ၀ဲနာရောဂါ နှိပ်စက်ခံရ၏ (ဟု မတ္တာက ဖြေ၏)။

၁၄၆။ မှန်၏၊ သင်(မတ္တာ)သည် ငါ၏ အိပ်ရာနေရာကို (ခွေးလှေးသီး) ကြဲချသည်ကို ငါသိ၏၊ သင့်အား တပါးသော အကြောင်းကို မေးပ၊အံ့၊ အဘယ်ကြောင့် သင်သည် အ၀တ်မရှိသနည်း (ဟု တိဿာက မေး၏)။

၁၄၇။ သင်မသိစဉ် ငါသည် သင်၏ အ၀တ်ကို ခိုးယူခဲ့၏၊ ထိုကံ၏ အကျိုးကြောင့် ငါသည် အ၀တ်မရှိ ဖြစ်ရ၏ (ဟု မတ္တာက ဖြေ၏)။

၁၄၈။ မှန်၏၊ သင်မတ္တာသည် ငါ၏ အ၀တ်ကို ခိုးယူသည်ကို ငါသိ၏၊ သင့်အား တပါးသော အကြောင်းကို မေးပါအံ့၊ အဘယ်ကြောင့် မစင်အနံ့ရှိသနည်း (ဟု တိဿာက မေးပြန်၏)။

၁၄၉။ သင်၏ နံ့သာကို၎င်း၊ ပန်းကို၎င်း၊ အဘိုးများစွာ ထိုက်သော နံ့သာပျောင်းကို၎င်း မစင်တွင်း၌ ပစ်ချခဲ့၏၊ ထိုမကောင်းမူကို ငါသည် ပြုခဲ့၏၊ ထိုမကောင်းမူကံ၏ အကျိုးကြောင့် မစင်အနံ့ရှိ၏ (ဟု မတ္တာက ဖြေ၏)။

၁၅၀။ မှန်၏၊ သင်(မတ္တာ)သည် ထိုမကောင်းမူကံ ပြုခဲ့သည်ကို ငါသိ၏၊ သင့်အားတပါးသော အကြောင်းကို မေးအံ့၊ အဘယ်ကြောင့် သင်သည် “ဒုဂ္ဂတိ”ဘုံသို့ လားရောက်ရသနည်း (ဟု တိဿာက မေး၏)။

၁၅၁။ အိမ်၌ရှိသော ပစ္စည်းဥစ္စာသည် သင်နှင့်ငါ နှစ်ယောက်တို့အား သာတူညီမျှဖြစ်၏၊ လှူဖွယ်ဝတ္ထုတို့ ထင်ရှားရှိပါကုန်လျက် မိမိ၏ မှီခိုရာ ကောင်းမူကုသိုလ်ကို မပြု၊ ထိုကံ၏ အကျိုးကြောင့် ငါသည် ဒုဂ္ဂတိဘုံသို့ လားရောက်ရပါ၏။

၁၅၂။ သင်သည် မကောင်းမူကံကို မှီဝဲဘိ၏၊ မကောင်းမူကံတို့ဖြင့် သုဂတိဘုံကို မရလွယ်ဟု ထိုလူဖြစ်စဉ် အခါကပင် ငါ့ကို သင်ပြောဆိုခဲ့ဘူး၏ (ဟု မတ္တာက ဖြေ၏)။

၁၅၃။ သင်သည် ငါ့ကို ဆန့်ကျင်ဘက်အားဖြင့် ယုံကြည်စွဲလမ်းနေ၏၊ ထို့ပြင်လည်း ငါ့ကို ငြူစူ၏၊ မကောင်းမူ ကံတို့၏ အကျိုးသည် ကြမ်းတမ်းသော သဘောရှိသည်ကို ရူပါလော့။

၁၅၄။ (ရှေးက သင် သိမ်းဆည်းထားအပ်ကုန်သော) သင်၏ အိမ်တို့သည်၎င်း၊ ထို ကျွန်မတို့သည်၎င်း၊ သင်၏ ထိုအ၀တ်တန်ဆာသည်၎င်း ရှိကုန်၏၊ ဤအရာဝတ္ထုတို့ကို သူတပါးတို့ သုံးဆောင်ကုန်၏၊ စည်းစိမ်တို့သည် မမြဲကုန်။

၁၅၅။ ယခုအခါ၌ ကလေးအဖေသည် ဈေးမှ အိမ်သို့ ရောက်လာလတ္တံ့၊ သင့်အား တစုံတရာကို ပေးကောင်း ပေးလိမ့်မည်၊ ဤအရပ်မှ မသွားပါနှင့်ဦး (ဟု တိဿာက ပြော၏)။

၁၅၆။ ငါသည် အ၀တ်လည်း မပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိပါ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိပါ၏။ ဤအ၀တ်မပါခြင်း စသည်သည် မိန်းမတို့အတွက် ရှက်စဖွယ် ဖြစ်ပါ၏၊ ငါ့ကို ကလေးအဖေ မမြင်ပါစေလင့် (ဟု မတ္တာက ဆို၏)။

၁၅၇။ ယခု ငါသည် သင့်အား အဘယ်ကို ပေးရပါမည်နည်း၊ ချမ်းသာခြင်းသို့ ရောက်၍ အလုံးစုံ သင်အလိုရှိသမျှ ပြီးစီးရာသော အဘယ်ကျေးဇူး ဥပကာရကိုမူလည်း ဤအချိန် ဤအခါဝယ် ငါပြုလုပ်ရပါမည်နည်း (ဟု တိဿာက ပြော၏)။

၁၅၈။ သံဃာမှ ရဟန်းလေးပါး ပုဂ္ဂိုလ်မှ လေးပါး (ပေါင်း) ရှစ်ပါးသော ရဟန်းတို့ကို ဆွမ်းကျွေး၍ ငါ့အား အလှူ၏ အဘို့ကို ရည်ညွှန်း ပေးဝေပါလော့၊ ထိုအခါ ငါသည် ချမ်းသာခြင်းသို့ ရောက်၍ အလုံးစုံ အလိုရှိသမျှ ပြီးစီးသည် ဖြစ်ရပါလိမ့်မည် (ဟု မတ္တာက ဖြေ၏)။

၁၅၉။ တိဿာသည် ကောင်းပြီဟု ၀န်ခံ၍ ရဟန်းရှစ်ပါးတို့ကို ဆွမ်းကျွေးပြီးလျှင် အ၀တ်တို့ကို လှူဒါန်းလျက် ထိုပြိတ္တာမအား အလှူ၏ အဘို့ကို ရည်ညွှန်း ပေးဝေ၏။

၁၆၀။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အ၀တ် သောက်ရေ ရခြင်းဟူသော ဤအကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၆၁။ ထို့နောက် (မတ္တာပြိတ္တာမသည်) စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သောအ၀တ် ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သောပုဆိုး ဆန်းကြယ်သော အ၀တ်တန်ဆာရှိလျက် လင်တူ တိဿာအထံသို့ ချဉ်းကပ်၏။

၁၆၂။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်း တောက်ပသကဲ့သို့ သင်သည် အလွန်နှစ်လိုဖါယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၁၆၃။ သင်သည် အဘယ်ကုသိုလ်ထူးကြောင့် ထိုသို့သဘောရှိသော အရောင်အဆင်းရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤအရပ်၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ကုန်သနည်း။

၁၆၄။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါမေး၏၊ လူဖြစ်စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ သင်သည် အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပလျက် တည်ဘိသနည်း (ဟု တိဿာက မေး၏)။

၁၆၅။ ငါသည် မတ္တာပါတည်း၊ သင်သည် တိဿာပါတည်း၊ ရှေးဘ၀က သင်၏ လင်တူ မိန်းမဖြစ်ခဲ့၏၊ မကောင်းမူကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။
၁၆၆။ သင်ပေးလှူအပ်သော အလှူဖြင့် မည်သည့်ဘေးမျှ မရှိပဲ မွေ့လျော်ရပါ၏၊ ညီမ ဆွေမျိုးအားလုံးတို့နှင့် တကွ ကြာမြင့်စွာ အသက်ရှင်ပါစေလော့၊ စိုးရိမ်ကင်း၍ မြူအညစ်အကြေးကင်းသော နတ်ဘုံဌာနသို့ (ရောက်ပါစေလော့) ၀သ၀တ္တီနတ်တို့၏ နေရာဘုံသို့ (ရောက်ပါစေလော့)။

၁၆၇။ တင့်တယ်သော ညီမတိဿာ ဤလူ့ပြည်လောက၌ တရားကိုကျင့်၍ အလှူဒါနကို ပေးလှူကာ ၀န်တိုခြင်း “မစ္ဆေရ” အညစ်အကြေးကို အမြစ်ပါ နုတ်ပြီးလျှင် အကဲ့ရဲ့လွတ်လျက် နတ်ပြည်သို့ ကပ်ရောက်ပါစေလော့ (ဟု မတ္တာက ဆုံးမစကား ပြောကြား၏)။

သုံးခုမြောက်သော မတ္တာပေတိဝတ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

၂ - သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု

၁၁၆။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အ၀တ်လည်း မပါ၊ စက်ဆုပ် ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် ဤအရပ်၌ ရပ်တည်သော သင်ကား အဘယ်သူနည်း (ဟု အသျှင်သာရိပုတြာက မေး၏)။

၁၁၇။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးအခါဝယ် တပါးသောဘ၀တို့၌ အရှင်ဘုရား၏ အမိရင်း ဖြစ်ခဲ့ဘူးပါ၏၊ (ယခု) ပြိတ္တာဘုံ၌ ဖြစ်နေရပါ၏၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်စက် ခံနေရပါ၏။

၁၁၈။ စွန့်အပ် ပစ်အပ်သော တံထွေးကို၎င်း၊ နှပ်ကို၎င်း၊ သလိပ်ကို၎င်း၊ ဖုတ်ကြည်းသင်္ဂြိုဟ်အပ်သော လူသေတို့၏ အဆီကို၎င်း၊ သားဖွားသူတို့၏ သွေးကို၎င်း, .....

၁၁၉။ အိုင်းအမာ အနာတို့၏ သွေးကို၎င်း၊ နှာခေါင်းပြတ် ဦးခေါင်းပြတ်သူတို့၏ သွေးကို၎င်း၊ မိန်းမ ယောက်ျားတို့ကို မှီ၍ဖြစ်သော အရေအကြော စသည်ကို၎င်း ဆာလောင်ခြင်း အနှိပ်စက်ခံရသည်ဖြစ်၍ စားသောက်ရပါ၏။

၁၂၀။ သားကောင်တို့၏၎င်း၊ လူတို့၏၎င်း ပြည်သွေးကို စားရပါ၏၊ မှီခိုအားထားရာ မရှိပါ၊ နေရာအိမ်မရှိပါ၊ သုသာန်မြေကို ညောင်စောင်းအမှတ်ပြု၍ အိပ်ရပါ၏။

၁၂၁။ သားတော်ဘုရား အကျွန်ုပ်အတွက် အလှူကို ပေးလှူပါလော့၊ အလှူပေး၍ အကျွန်ုပ်အား ရည်ညွန်းလျက် အလှူဒါန၏ အဘို့ကို ပေးဝေပါလော့၊ ပြည်သွေးကို စားရခြင်းမှ လွတ်နိုင်ကောင်းတန်ရာပါ၏ (ဟု လျှောက်၏)။

၁၂၂။ အမိဖြစ်ဘူးသော ပြိတ္တာမ၏ စကားကို ကြား၍ သနား စောင့်ရှောက်တတ်သော ဥပတိဿ အမည်တော်ရသော အသျှင်သာရိပုတြာသည် အသျှင်မောဂ္ဂလ္လာန်ကို၎င်း၊ အသျှင်အနုရုဒ္ဓါကို၎င်း၊ အသျှင်ကပ္ပိနကို၎င်း ပြောကြားတော်မူ၏။

၁၂၃။ ကျောင်းငယ် လေးလုံးတို့ကို ဆောက်လုပ်လျက် ကျောင်းတို့ကို၎င်း၊ ထမင်းအဖျော်ကို၎င်း စတုဒ္ဒိသာ သံဃာအား ပေးလှူ၏၊ အမိအား အလှူ၏ အဘို့ကို ရည်ညွှန်းပေးဝေတော်မူ၏။

၁၂၄။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အ၀တ် သောက်ရေကို ရခြင်းဟူသော ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၂၅။ (ထိုပြိတ္တာမသည်) ထို စားဖွယ် စသည်ကို ရပြီးသည်နောက်မှ စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သော အ၀တ် ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သောပုဆိုး ဆန်းကြယ်သော အ၀တ်တန်ဆာကိုဝတ်လျက် ကောလိတဟု အမည်တော်ရှိသောအသျှင်မောဂ္ဂလ္လာန်ထံသို့ ချဉ်းကပ်၏။

၁၂၆။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းဘိသကဲ့သို့ သင်သည် အဘယ်ကုသိုလ်ထူးကြောင့် အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အရပ်မျက်နှာအားလုံးတို့ကို ထွန်းပစေလျက် တည်ဘိသနည်း။

၁၂၇။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့ သဘောရှိသော အရောင်အဆင်းရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင့်အား ဤဘ၀၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ကုန်သနည်း။
၁၂၈။ အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါမေး၏၊ လူဖြစ်စဉ်က သင်သည် အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် ဤသိုပ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၂၉။ အကျွန်ုပ်သည် ရှေးအခါဝယ် တပါးသော ဘ၀တို့၌ အသျှင်သာရိပုတြာ၏ အမိရင်းပါတည်း၊ (ယခု) ပြိတ္တာဘုံ၌ ဖြစ်ရပါ၏၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်စက် ခံရပါ၏။

၁၃၀-၁။ စွန့်အပ်ပစ်အပ်သော တံထွေးကို၎င်း၊ နှပ်ကို၎င်း၊ သလိပ်ကို၎င်း၊ ဖုတ်ကြည်း သင်္ဂြိုဟ်အပ်သော လူသေတို့၏ အဆီကို၎င်း၊ သားဖွားသူတို့၏ သွေးကို၎င်း၊ အိုင်းအမာ အနာတို့၏ သွေးကို၎င်း၊ နှာခေါင်းပြတ် ဦးခေါင်းပြတ်သူတို့၏ သွေးကို၎င်း၊ မိန်းမ ယောက်ျားတို့ကို မှီ၍ဖြစ်သော အရေအကြောစသည်ကို၎င်း ဆာလောင်ခြင်း အနှိပ်စက်ခံရသည်သည်ဖြစ်၍ စားသောက်ရပါ၏။

၁၃၂။ သားကောင်တို့၏၎င်း၊ လူတို့၏၎င်း ပြည်သွေးကို စားရပါ၏၊ မှီခိုအားထားရာ မရှိပါ၊ နေရာအိမ် မရှိပါ၊ သုသာန်မြေကို ညောင်စောင်းအမှတ်ပြု၍ အိပ်ရပါ၏။

၁၃၃။ သားဖြစ်သော သာရိပုတြာ၏ အလှူဒါနပေးခြင်းဖြင့် မည်သည့်ဘေးမျှ မရှိပဲ မွေ့လျော်ရပါ၏၊ အရှင်ဘုရား လောက၌ သနားခြင်း ကရုဏာရှိသော ရဟန်းကို ရှိခိုးရန် ရောက်လာပါ၏ (ဟု လျှောက်၏)။

နှစ်ခုမြောက်သော သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု ပြီး၏


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

သိဂ်ါလော ၀ါဒသုတ်မှ…

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။

ညီညာထကြွ၊ ဆုံးမ နာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုတာ။

မထီမဲ့ ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင့်ကျင့်ရာ။

အိမ်တွင်းမူလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရူ၊ ဤခြောက်ခု၊ ကျင့်မူ နာယကာ။

ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ်ငါးခုတာ။

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်စောကျူး၊ နာဖူး ထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမူ၊ ခြောက်ခု လွန်သေချာ။

စိတ်ထဲရှိရာ စကားတိုထွာ

၁။ အာဖရိကနှင့် အာရေဗျ ဒေသတွင် တွေ့ရသည့် ငှက်ကုလားအုပ် (0strich) များသည် ရန်သူက လိုက်သည့် အခါများတွင် သဲထဲ၌ ဦးခေါင်းကို တိုးမြှုပ်ကာ ပုန်းအောင်းလေ့ရှိသည်ဟု ဆိုသည်။ မိမိက ရန်သူကို မမြင်ရလျှင် ရန်သူကလည်း မိမိကို မမြင်နိုင်ဟု ယူဆသည့် သဘောဖြစ်သည်။

လောက၌ ငှက်ကုလားအုပ်လို လုပ်တတ်သူတွေ အများအပြားရှိသည်။ ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများပေါ်လာလျှင် ငှက်ကုလားအုတ်တွေ သဲထဲ ခေါင်းမြှုပ်နေသလို မမြင်အောင် မသိယောင်ဆောင်နေတတ်ကြတာဟာ ငှက်ကုလားအုပ်လိုလူမျိုး ဖြစ်သည်။


၂။ ဂရိဒဏ္ဍရီ၌ အစ်ကရပ်စ် (Icarus) အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးရှိသည်။ သူသည် နေဆီသို့ ရောက်အောင် ကြိုးပမ်းသည့် ပုဂ္ဂိုလ်ထူး ဖြစ်သည်။ သို့သော်သူ၏ အတောင်ပံကို ဖယောင်းနှင့် ငှက်မွှေးတောင်များရောကပ်၍ ပြုလုပ်ထားခြင်းဖြစ်ရာ နေနှင့် နီးလာသည့်အခါ၌ ဖယောင်းတွေ အရည်ပျော်ကာ အောက်သို့ ပြုတ်ကျလေသည်။

စီးပွားရေးလုပ်ငန်း၌ အောင်မြင်မူရရန် ကြိုးပမ်းသူအချို့မှာ အစ်ကရပ်စ်နှင့် ဆင်တူကြသည်။ သူတို့သည် အလွန်ကြီးမားသော ရည်မှန်းချက်ကြီးတွေချမှတ်သည်။ သို့သော် ယင်းရည်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် လက်တွေ့ကျသည့် လုပ်ငန်းအစီအစဉ်များကား ချမှတ်ထားခြင်းမရှိ။ တို့ကြောင့် ဖြစ်ချင်သည့်ဆန္ဒတစ်ခုတည်းနှင့် ရမ်း၍ စွန့်စားသည့်အခါ အောက်သို့ ခွေးကျကျသည့် ဒဏ်ကိုခံကြရတာဟာ သ အစ်ကရပ်စ် စိတ်ဓာတ်မျိုးရှိသူ ဖြစ်သည်။


၃။ နယူတန်ဟာ ပန်းသီးတစ်လုံး ပြုတ်ကျခြင်းကြောင့်သာ ကမ္ဘာ့ဆွဲအားနှင့် ပတ်သက်သည့် နိယာမကို စဉ်းစားမိခဲ့တာဖြစ်ပြီး၊ ဒေါ်လာသန်း ၂၀၀၀တန် စိန်တစ်လုံးပြုတ်ကျခဲ့ပါလျှင် သူဋ္ဌေးတစ်ယောက်ပဲ ဖြစ်လာနိုင်၏။ ဒါမှမဟုတ် အုန်းသီးတစ်လုံး ခေါင်းပေါ်ပြုတ်ကျလာလျှင်တော့ သက်ရောက်မူတိုင်းဟာ တန်ပြန်တုံ့ပြန်မူ ရှိသည်ဆိုသော အဆိုကို တမလွန်ရောက်မှပင် စဉ်းစားနိုင်တော့မည်။


၎။ ကိုယ်ဘယ်လောက် သံယောဇဉ်ရှိတဲ့ လူဖြစ်ဖြစ် ကိုယ့်ရဲ့ခင်မင်မူကို အလေးမထားခဲ့ရင် ချက်ချင်း ဥပေက္ခာ ပြုလိုက်ပါ။ဘာလို့လဲဆိုတော့ လူတွေဟာ တစ်ချိန်ချိန်မှာ ခွဲခွာကြရမှာပဲ။ ရှင်ကွဲမဟုတ်ရင် သေကွဲပေါ့။ ဒါကြောင့်အသက်ရှင်နေခိုက်မှာ သူတစ်ပါးအပေါ် မိတ်ဆွေကောင်း ပီသရမယ်။ အသက်ရှင်နေတုန်းမှာ တန်ဖိုးထားမခင်ဘဲ သေမှ အော်ငိုနေရင် မသာနားညီးပါတယ်။


၅။ လူတစ်ယောက်ရဲ့ မျက်နှာပေါ်တွင် ၀မ်းနည်းဖို့အတွက် အကြောပေါင်း ၄၃ခု လူပ်ရတယ်၊ ရယ်မောပျော်ရွှင်ဖို့အတွက် ၁၇ ကြောပဲလူပ်ရပါတယ်။ လူတိုင်းကို အဲဒီ ၁၇ ကြောပဲလူပ်အောင် လုပ်ဖို့ဆိုတာ မလွယ်ကူလှပါဖူး။ ဒါကြောင့် လူတစ်ယောက်ကို ပြုံးနိုင်ရယ်နိုင်အောင် ထားနိုင်တဲ့ သူငယ်ချင်းမိတ်တွေကို သင်တန်ဖိုးထားသင့်ပါတယ်။ လူတစ်ယောက် ကိုယ့်ကြောင့် ပြုံးပျော်နေတာဟာ အင်မတန် ကုသိုလ်ရပါတယ်။


၆။ ကိုယ်က တစ်ယောက်ယောက်ကို ဒေါသထွက်နေပြီဆိုရင် ဘာမှ ပြုမူပြောဆိုခြင်းမရှိဘဲ စိတ်တည်ငြိမ်အေးချမ်းသွားအောင် ငြိမ်ငြိမ်လေး ထိုင်နေလိုက်တာဟာ အကောင်းဆုံးပါပဲမိတ်ဆွေ။ ဒါဆို နောင်တရစရာ အမှားတွေ ဖြစ်မလာနိုင်တော့ဘူးပေါ့။


၇။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရူမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ရခြင်းထက် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရူမြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းက မြတ်၏။ ကိုယ့်အသက်ကိုယ် မြတ်သော အသက်ရှင်ခြင်းဖြင့် အသက်မွေးနိုင်အောင် ကြိုးစားကြရမယ်။


၈။ စိတ်ထဲမှာ နောက်ကျိရူပ်ထွေးနေတာပဲ မယ်သီလရှင်ဝတ်ရင်ဝတ် ဒါမှမဟုတ် Atom လေးတစ်ခုလို လွှင့်ပျောက်သွားရင် လည်းကောင်းမှာပဲ။ ဒီအကြံက ကောင်းမလိုနဲ့ ပိုဆိုးနေမှမှန်း ငါသိလိုက်တယ်။ ဒီလိုဆို လောကကြီးကို အရူံးပေးရာရောက်သွားမှာပေါ့။ လောကကြီးကို အရူံးပေးလို့ ဘယ်ဖြစ်မလဲ။ ငါ့ဘ၀မှာ ဘယ်တော့မှ မကျရူံးစေရဖူး ။ အားတင်းထားရမယ် ကြားရို့။

Thursday 22 September 2011

လောကသာရ ဆုံးမစာမှ…

ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ ယူများလျက်၊ ကြီးပွားမမျှော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူဆူမိုက်နှင့်၊ မကြိုက်အချစ်၊ ရန်သူစစ်သို့၊ မချစ်ကြိုက်ဘဲ၊ ဝေးစွာရှဲ၍ အမြဲခွာရှင်း၊ ဖဲကြဉ်မင်း။

လူကြီးမိဘ၊ ဆရာစကား၊ စိုးရသခင်၊ ကျေးဇူးရှင်သို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ၀မ်းထဲရုံ့ရုံ့၊ ယုန်လျှင်ကျုံ့သို့၊ ဆိုတုံ့မ၀ံ့၊ ဆောင်းမာန်ညံ့၍၊ ကြောက်ရွံ့ရိုသေ၊ သည်းခံတွေဖြင့်၊ ကောင်းစေနှလုံး ယဉ်စေမင်း။

မိခင် ဖခင်၊ ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်လေး၊ သိမ်းမြန်းမွေး၍၊ လုပ်ကြွေးခယ၊ ရိုတုပ်ကွလျက်၊ ကြီးထသက်အို၊ မျိုးဆွေကိုလည်း၊ တင်ကြိုညွတ်သိမ်း၊ ပိုက်ထုပ်သိမ်း၍၊ မငြိမ်းစဉ်းလျဉ်း၊ ငြိမ်းစေမင်း။

အသက်ရှည်ရာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းကောင်းမူမြတ်နိုး၊ ကောင်းအောင်ကျိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း။

မောင်ငယ်ရင်သွေးဆုံးမစာမှ..

မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဋ္ဌေးအားလျှင်၊ သားတစ်ယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှာနေ၍ စာပေမကျ၊ မိဘစုတေ၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဋ္ဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည့်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကြေလျက်၊ ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်၊ ကောင်သေလင်းတ၊ ကျ၏တည်း။

Wednesday 21 September 2011

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ အသိပေးစကားစုများ

၁။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ

အသိပေးစကားတွေပါ၊

အသိဥာဏ်ခွန်အားတိုးပြီး

အခက်အခဲတွေကို

ကျော်လွှားနိုင်စေတယ်၊

အရူပ်တွေကိုလည်း

ရှင်းစေနိုင်တယ်။

အသုံးအနူန်းကွာဟမူကြောင့်

လူ့ဘောင်အသိုင်းအ၀န်းထဲကို

အရောက်နည်းနေပါသေးတယ်။


၂။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို

မိမိရဲ့ ခံယူချက်အတိုင်းအတာကို

စကားလုံးပုံစံပြောင်းပြီး ရေးချထားခြင်းဖြစ်ပါတယ်။

အသိပေးစကားစုများကြောင့်

စာဖတ်သူတို့ အသိဥာဏ်အားတွေ

တိုးတက်ဖွံ့ဖြိုးနိုင်ကြပါစေ။


၃။ စိတ်ဆိုးနေတဲ့ အခါ

ကောင်းတဲ့ စိတ်နဲ့ လဲလိုက်ပါ။

ရူပ်နေရင်

ရှင်းတဲ့ စိတ်နဲ့ လဲလိုက်ပါ။

ပူနေရင်

အေးတဲ့ စိတ်နဲ့ လဲလိုက်ပါ။

နောက်နေရင်

ကြည်တဲ့ စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ။


၎။ ကောင်းတာကို

လုပ်ဖို့ လွယ်ရင်

ကောင်းတဲ့ လူ။

မကောင်းတာကို

လုပ်ဖို့ လွယ်တယ်ဆိုရင်

? ။


၅။ သူများရဲ့

ပေးစာ ကျွေးစာ

တစ်ထောင်ဖိုး

စားရတာထက်

ကိုယ့်လုပ်စာ

တစ်ကျပ်ဖိုးက

ပိုပြီးမြိန်ပါတယ်။


၆။ လေးစားထိုက်တဲ့သူရဲ့

စကားကိုမှ

နားထောင်ကြတာ။

ကိုယ့်စကား

နားထောင်စေချင်ရင်

လေးစားထိုက်အောင် နေပေါ့။


၇။ ၀မ်းသာစရာတွေလည်း

ကြုံခဲ့ဖူးပါပြီ။

ဝမ်းနည်းစရာတွေလည်း

ဆုံခဲ့ဖူးပါပြီ။

ဘာမျှ

မယ်မယ်ရရ မရှိခဲ့ပါဘူး။

အသိဥာဏ်တိုးပြီး

လူဖြစ်ရကျိုးနပ်တယ် ဆိုလို့

တော်သေးတာပေါ့။


၈။ “ ငါ အတော်ဆုံး ” လို့

ထင်နေရင်

“ အဖျင်းဆုံး ”

အဆင့်ကို

ရောက်သွားပြီ။


၉။ တခြားပစ္စည်းတွေကို

ရောင်းလိုက်ရင်

အရူံး မဟုတ်ရင်

အမြတ် ရသေးတယ်။

စိတ်ချမ်းသာမူကို

ရောင်းစားရင်

အရူံးနဲ့ပဲ ရင်ဆိုင်ရမယ်။

စိတ်ချမ်းသာမူကို

ဘာနဲ့မျှ

ရောင်းမစားပါနဲ့။


၁၀။ ကောင်းတဲ့ အလုပ်ဟာ

နောက်ကျတယ် ဆိုတာ

မရှိပါဘူး။

လုပ်ငန်း

မစ ရသေးတာပဲရှိတယ်။


၁၁။ စေတနာကောင်းနဲ့

ပြည့်ပြည့်စုံစုံ

ကျွေးလိုက်ရလို့

ဝမ်းသာတယ် ဆိုရင်

သူ စားနိုင်သလောက်

စား တာကိုလည်း

ကျေနပ်နိုင်ပါစေ။


၁၂။ “မမှားသော ရှေ့နေ

မသေသော ဆေးသမား” တဲ့

ဒီဖြေဆေးဟာ

ဆေးယဉ် သွားရင်

ရောဂါကျွမ်းတတ်တယ်။

မမှားတာ

အကောင်းဆုံးပဲ။


၁၃။ အမြင့် ရောက်မှ

အမြင်ကျယ်တာထက်

အမြင်ကျယ်လို့

အမြင့်ရောက်တာက

ပိုကောင်းတယ်။


၁၄။ “ဘေး” ကို

ကြည့်လွန်းအားကြီးရင်

“ဘေး” တွေ့တတ်တယ်။


၁၅။ ဖြစ်ချင်တာကို

ဦးစားပေးခဲ့လွန်းလို့

ဖြစ်နိုင်တာတွေပါ

ဆုံးရူံးလိုက်ရပြီ။

ဖြစ်နိုင်တာကိုသာ

ဦးစားပေးရင်

ဖြစ်ချင်တာတွေပါ

အားလုံး ဖြစ်လာမယ်။


၁၆။ လုပ်သင့်တာကို

မလုပ်မိရင်

မလုပ်သင့်တာတွေ

လုပ်မိနေတတ်တယ်။


၁၇။ တစ်ခါမှားမိရင်ပဲ

ပေးဆပ်ရတဲ့ အကြွေးက

တိုး ရင်း ပေါင်း

များလှပါတယ်။

ပေးဆပ်လို့

မရနိုင်တဲ့

အမှားမျိုးကတော့

အဆိုးဆုံးပဲ။


၁၈။ အထွဋ်အထိပ်ကို

ရောက်သွားသူတိုင်း

အခက်အခဲတွေကို

ရင်ဆိုင်ခဲ့ရတာချည်းပါပဲ။


၁၉။ မြင်တဲ့ အတိုင်း

အမှန် ဖြစ်မှ

အမှန် အတိုင်း

မြင်တယ် ခေါ်တယ်။

မြင်တဲ့ အတိုင်း

မှန် မမှန်

ကြားတဲ့ အတိုင်း

မှန် မမှန်

ဆန်းစစ်တက်ရမယ်။


၂၀။ အရာရာကို

အောင်မြင်နိုင်ဖို့

မိမိရဲ့

အရာရောက်မူကို

မြှင့်တင်ပေးရမယ်။


၂၁။ အဟုတ်ပါလားလို့

ထင်ထားသမျှတွေဟာ

လွဲနေတတ်သလို

မဟုတ်ဘူးလို့

မြင်သမျှတွေကလည်း

မှန်နေတတ်ပြန်တယ်။


၂၂။ ကိုယ့် စကားကို

သူ နားထောင်စေချင်ရင်

သူ့ စကားကို

အရင် သေသေချာချာ

နားထောင်ပေးလိုက်ပါဦး။


၂၃။ “အရေးအကြီးဆုံး

ဆိုတာတွေဟာ

ဘာမျှ မဟုတ်ပါလား” လို့

နားလည်ပြီးတော့

“ ဘာမျှ မဟုတ်တဲ့ သဘော” ကို

သိဖို့က

အရေးကြီးဆုံးပါပဲ။


၂၄။ ကိုယ်ဖြစ်ချင်တာတွေသာ

ရှေ့တန်းတင်ရင်

ကိုယ့်အတွက်

အဆင်ပြေသလို

ထင်ရပေမယ့်

အများနဲ့တော့

အဆင်ပြေဖို့

မလွယ်ပါဘူး။


၂၅။ ကလေးမှားရင်

တစ်ပြား၊

လူကြီးမှားရင်

တစ်ဆယ်၊

ဘယ်အမှားမှ

မကောင်းဘူး။

တစ်ဆယ်က

ပိုဆိုးပါတယ်။


၂၆။ မေတ္တာ

ပို့နေရုံနဲ့

မဖြစ်သေးဘူး။

မေတ္တာဓာတ်တွေ

ရှိနေဖို့က

အရင် လိုအပ်တယ်။


၂၇။ “ဖြစ်လည်း ဖြစ်ချင်တယ်၊

ဖြစ်လည်း ဖြစ်သင့်တယ်”

ဆိုရင်တောင်မှ

ဖြစ်နိုင်တာကို

ရွေးပြီး လုပ်ပါ။


၂၈။ ဖြစ်ချင်တိုင်း

အဓိဋ္ဌာန်ရင်

အောင်မြင်ဖို့ မလွယ်ဘူး။

ဖြစ်နိုင်တာကို

ကြိုးစားမှ

အဓိဋ္ဌာန် အောင်မယ်။


၂၉။ ကောင်းတာကို

နားလည်သလောက်

လုပ်စမ်းပါ။

အလုပ် လုပ်ရင်းနဲ့

နားလည်လာလိမ့်မယ်။

သိသလောက် ကျင့်

ကျင့်သလောက်

သိလာလိမ့်မယ်။


၃၀။ ကိုယ်က ကြိုက်လို့

ကောင်းတာ ထက်

ကောင်းတာမို့လို့

ကြိုက်တယ် ဆိုရင်

အကောင်းဆုံးကို

ရနိုင်တာပေါ့။


၃၁။ အမှန်တရားက

နဂို ရှိပြီးသားပါ။

ဖန်တီးလို့ မရပါဘူး။

ဖန်တီးထားတဲ့

အမှန်တရား ဆိုတာလည်း

ဘယ်တော့မှ မတည်မြဲသလို

မှန်လည်း မမှန်နိုင်ပါဘူး။


၃၂။ ကော်ပတ်ရုပ်ကို

လူ အစစ်ထင်ပြီး

ပျော်တတ်တဲ့ ကလေး။

ကလေးတွေကို

ကော်ပတ်ရုပ် အစစ်ထင်ပြီး

ပျော်တတ်တဲ့ လူကြီး။

ကစားချင်သလို ကစား

ထားချင်သလို ထားလို့ရပေမယ့်

ကော်ပတ်ရုပ်ဟာ

ကောက်ပတ်ရုပ်ပါပဲ။


၃၃။ ယုံကြည်မူသက်သက်နဲ့

မျက်စိမှိတ်ပြီး

“အားကိုးရှာ”တတ်သလို

အသိဥာဏ်နဲ့

တစ်ဖက်သတ်ချိန်ထိုးပြီးလည်း

ရှာတတ်ကြတယ်။

ယုံကြည်မူနဲ့ အသိဥာဏ်

ညီမျှမှ

အားကိုးရာ အစစ်တွေ့မယ်။


၃၄။ လူမူရေးဆိုတဲ့ ကြိုးနဲ့

လူ့ဘောင်ကို

ဝိုင်းခပ်ထားတယ်။

လူကို မမူရင်

လူ့ဘောင်ရဲ့ ဘေးရောက်မယ်။

လူကို မူနေရင်လည်း

ဒီအသိုင်းအ၀ိုင်းက

မထွက်နိုင်တော့ဘူး။


၃၅။ ဂရု မစိုက်လို့

လူကိုမမူတဲ့

လူမူရေး။

ရရု စိုက်ပြီး

လူကို မူတဲ့

လူမူရေး။

ဂရု စိုက်ပြီး

လူကို မမူတဲ့

လူမူရေး လို့

သုံးမျိုး ရှိတယ်။


၃၆။ အခက်အခဲဆိုတာ

ဥာဏ်နဲသူအတွက်

ဘ၀ တစ်ခုလုံး

ကျိုးပျက်သွားတက်ပေမယ့်

အသိဥာဏ်ရှိသူအတွက်

ဘ၀ကြီး တစ်ခုလုံး

တိုးတက်သွားနိုင်တယ်။


၃၇။ အလုပ် လုပ်သူက

အပြော မသန်၊

အပြောသန်သူက

အလုပ် မလုပ်၊

ပြောသလောက်

လုပ်ပြီး

လုပ်သလောက် ပြော။

အပြောနည်းပြီး

အလုပ် လုပ်တာ

အကောင်းဆုံးပဲ။


၃၈။ လုံ့လရှိသူက

လက်ရုံး အားကိုး -

ကြင်နာတတ်သူက

နှလုံးသားနဲ့ စဉ်းစား -

စည်းကမ်းရှိသူက

ကိုယ်ကျင့်တရား

လက်ကိုင်ထား -

အသိဥာဏ်ရှိသူ

ဦးနှောက်နဲက ဆုံးဖြတ် -

မြင့်မြတ်သူက

အမှန်တရားပေါ် ရပ်တည်။


၃၉။ အကြိုက်ချင်း

မတူကြပါဘူး။

ကောင်းတာကို ကြိုက်ရင်

ကောင်းကြောင်းတော့

ပြောပေးလိုက်ပါ။

ကြိုက်အောင်တော့

အတင်း

မတိုက်တွန်းပါနဲ့။


၄၀။ “အစစ်” မဟုတ်သေးရင်

“အတု” လိုက်ရင်းနဲ့

တူပြီး အစစ်ဖြစ်သွားတယ်။

ကောင်းတာကို

အတု လိုက်ရင်

ကောင်းတာ ဖြစ်တယ်။

ဒီလို နားလည်ရင်

မကောင်းတာကို

အတု မလိုက်နဲ့။


၄၁။ လုပ်ကိုင်ချင်စိတ်ရယ်

ကျွမ်းကျင်မူရယ်

ရှိပြီး

လုပ်ကိုင်နေကျဆိုရင်

ဘယ်အလုပ်မဆို

လွယ်ကူသွားပါပြီ။


၄၂။ ဆုံးဖြတ်ရဲသူကို

ဇွတ်တရွတ်ဆန်တယ်။

ချင့်ချိန်တတ်သူကို

သူရဲဘော ကြောင်တယ်။

ရက်ရောသူကို

လက်ဖွာတယ်။

စည်းကမ်းနဲ့ ပေးသူကို

ကပ်စေးနည်းတယ်။

ဦးဆောင်နိုင်သူကို

နေရာယူတယ်။

ကျွမ်းကျင်သူကို

လည်လွန်းတယ်လို့

အထင်မလွဲပါနဲ့။


၄၃။ အော်

မကောင်လိုက်တာက

လောက။

အမြဲတမ်း

ကောင်းနေတာက

အသိဥာဏ်။


၄၄။ ပြဿနာဆိုတာ

လောကရဲ့

ဂုဏ်ပုဒ်တစ်ခုပါ။

ကိုယ်နဲ့ သိပ်မဆိုင်ရင်

ပြဿာနာက သေးတယ်။

များများ ဆိုင်ရင်

ပြဿနာက ကြီးလာပြီ။

လုံးဝ မဆိုင်ရင်တော့

ပြဿနာ မရှိတော့ပါဘူး။


၄၅ အမြဲတမ်း

သူ့ကိစ္စနဲ့ သူ

ရူပ်နေတာပါ လို့

နားလည်ရင်

ကိုယ့် အရူပ်

ထပ် မပေးလိုက်ပါနဲ့။

ပါရမီတော်ဆယ်ပါး

ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်သော ဗုဒ္ဓမြတ်စွာသည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး မယ်တော်မာယာဒေ၀ီ မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်၏။ သက်တော် ၃၅-နှစ်အရွယ်တွင် သဗ္ဗညှတဉာဏ်တော်မြတ်ရ၍ ဘုရားဖြစ်တော်မူသောအခါ လူသားများသာမက တန်ခိုးကြီးမားသော နတ်မင်းကြီးများ၊ ဗြဟ္မာများကပါ ပူဇော်ကြရ၏၊ အရိုအသေပြုကြရ၏၊ လက်အုပ်ချီမိုး ရှိခိုးကြရ၏။


ထိုသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်သာ သဗ္ဗညှတဉာဏ်ရှင် မြတ်စွာဘုရားအဖြစ်ကို သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်သည် ယခုဘ၀အားထုတ်မူ သက်သက်ကြောင့်သာ ရခြင်း မဟုတ်ပါ။ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်တွင် ဘုရားဆုကို ပန်ဆင်ကာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးခဲ့သော ဘုရားဖြစ်ကြောင်း အကျင့်ကောင်းတရား ပါရမီ(၁၀)ပါး၊ စရိယာ(၃)ပါး၊ စွန့်ခြင်းကြီး(၅)ပါးတို့ ပြည့်ဝ စုံလင်ခြင်းကြောင့်သာ သိဒ္ဓတ္ထမင်းသားဘ၀တွင် သိစရာရှိသမျှ တရားအားလုံးကို သိမြင်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ်ကို ရတော်မူခဲ့ခြင်းဖြစ်ပါသည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီ (၁၀)ပါး၊ စရိယာ (၃)ပါး၊ စွန့်ခြင်းကြီး (၅)ပါးတို့ကို ဖြည့်ကျင့်ခဲ့သည်မှာ မိမိအတွက် ဘုရားဖြစ်ချင်၍ ကျင့်ခြင်းမဟုတ်ဘဲ သတ္တ၀ါတို့အတွက် ဘုရားဖြစ်ချင်၍ ကျင့်ခြင်းဖြစ်ကြောင်းကို သဘောပေါက် နားလည်ထားသင့်ပေသည်။

ဘုရားအလောင်းအလျာ ပုဂ္ဂိုလ်မြတ်ကြီးတို့သည်ကား -

(၁) ပညာဓိက ဘုရားလောင်း

(၂) သဒ္ဓါဓိက ဘုရားလောင်း

(၃) ၀ီရိယာဓိက ဘုရားလောင်း

ဟူ၍ သုံးမျိုး ရှိကြ၏။

ပညာဓိက ဘုရားလောင်း
ဘုရားဖြစ်ခြင်း ဟူသည် အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညှဉာဏ်တော်ကြီးကို ရခြင်းပင်ဖြစ်၏။ ထိုဉာဏ်တော်ကြီးကို ရဖို့ရန်မှာ ရှာမှီးသူတို့၏ စိတ်သန္တာန်တွင် ပညာဓာတ်ခံ လွန်ကဲစွာရှိမှဖြစ်၏၊ ပညာဓာတ်ခံလွန်ကဲစွာရှိပါမှသာ တစ်ဘ၀ထက် တစ်ဘ၀ ပညာဓာတ်ခံ ရင့်သန်ကာ ပညာတကာတို့ထက် အထွတ်အထိပ်ဖြစ်သော သဗ္ဗညှတဉာဏ်တော်ကြီးသို့ ပေါက်ရောက်နိုင်၏။ ပညာဓိက ဘုရားအလောင်းတော်များသည် ပါရမီ ဖြည့်ရာ၌ သဒ္ဓါ၊ ၀ီရိယ ရှေ့မဆောင်ဘဲ ပညာရှေ့ဆောင်ကာ ပါရမီဖြည့်သည့်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးလျှင် ဘုရားဖြစ်တော်မူကြ၏။


သဒ္ဓါဓိက ဘုရားလောင်း
သဒ္ဓါဓိက ဘုရားအလောင်းတို့သည်ကာ - “ပါရမီဖြည့်လျှင် ဘုရားဖြစ်နိုင်သည်” ဟူ၍ ယုံကြည်ကြ၏၊ ဘုရားအလောင်းတော်တို့၏ စိတ်၌ ယုံကြည်မူသဒ္ဓါတရား လွန်ကဲ၍နေ၏၊ ပညာနှင့် ၀ီရိယ ရှေ့မဆောင်ဘဲ သဒ္ဓါတရားကသာ ရှေ့ဆောင်ကာ ပါရမီဖြည့်ကျင့်ရသည့်အတွက် ရှစ်အသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မူကြ၏။


ဝီရိယဓိက ဘုရားလောင်း
ဝီရိယာဓိက ဘုရားအလောင်းတော်တို့သည်ကား - “ကြိုးစားလျှင် ဘုရားဖြစ်ရမည်” ဟူ၍ ၀ီရိယကိုသာ ရှေ့ထား၍ သဒ္ဓါနှင့်ပညာကို ရှေ့မထားဘဲ ပါရမီတော်တို့ကို ဖြည့်ကျင့်သည့်အတွက် တစ်ဆယ့်ခြောက် အသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မူကြ၏။


ထိုသို့ ဘုရားအလောင်းတော်တို့ သုံးမျိုးကွဲပြားရသည်မျာ မိမိတို့ဆန္ဒ ဆုတောင်းအလိုက် အချိန်ကာလ ကွဲပြားရခြင်း ဖြစ်သော်လည်း ဘုရားဖြစ်သောအခါ ဂုဏ်ကျေးဇူး ပိုသည်လိုသည်ဟူ၍ မရှိပေ၊ ထိုကာလထက် စော၍ ဘုရားအဖြစ်သို့ ရောက်တော်မမူနိုင်ကြပေ၊ ထိုမျှ ကာလအချိန်ကြာကြာ ပါရမီဖြည့်မှသာလျှင် သဗ္ဗညှတဉာဏ်တော်ကြီး ပြီးစီးအောင်မြင် ရင့်ကျက်ပြည့်စုံခြင်းသို့ ရောက်နိုင်လေသည်။


ဘုရားတစ်ဆူတစ်ဆူ ပွင့်ထွန်းပေါ်ပေါက်တော်မူရေးသည် လွန်စွာ ခဲယဉ်းလှသည်။ ပါရမီဖြည့်မှ သဗ္ဗညှတဉာဏ်ကို ရနိုင်သဖြင့် ဘ၀များစွာ သင်္ချေ သင်္ချာ လွန်လေးပါမှ၊ ကပ်ကမ္ဘာများစွာ လွန်လေပါမှ ဘုရားတစ်ဆူ ပွင့်တော်မူသည်ကို ဖူးတွေ့နိုင်ကြရသည်။ “ဗုဒ္ဓုပ္ပါဒ န၀မ ခဏ” ခေါ် ဘုရားရှင်တို့ ပွင့်ပေါ်တော်မူရာ အခါအခွင့်ကောင်းသည်ကား လွန်စွာ လွန်စွာ ကြုံခဲ ဆုံခဲ လှသည်။ ကပ်ကမ္ဘာများမှာ ဘုရားရှင်တို့ ပွင့်ပေါ်မူမရှိသဖြင့် သုညကမ္ဘာများဟု ခေါ်ဆိုကြသည်။ ဘုရားရှင်တို့ ပွင့်ထွန်းမူအပေါ် မူတည်၍ အောက်ပါ အတိုင်း ကပ်ကမ္ဘာများကို သတ်မှတ် ခေါ်ဝေါ်ကြသည် -

(က) ဘုရားတစ်ဆူသာပွင့်လျှင် - သာရကမ္ဘာ မည်၏၊

(ခ) ဘုရားနှစ်ဆူပွင့်လျှင် - မဏ္ဍကမ္ဘာ မည်၏၊

(ဂ) ဘုရားသုံးဆူပွင့်လျှင် - ၀ရကမ္ဘာ မည်၏၊

(ဃ) ဘုရားလေးဆူပွင့်လျှင် - သာရမဏ္ဍကမ္ဘာ မည်၏၊

(င) ဘုရားငါးဆူပွင့်လျှင် - ဘဒ္ဒကမ္ဘာ မည်၏။

ဆောင်ပုဒ်။ ။

တစ်ဆူ သာရ၊ နှစ် မဏ္ဍ၊ ၀ရ သုံးဆူသာ။

သာရမဏ္ဍ၊ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ။

တစ်ဆူသော်မှ၊ မပွင့်က၊ သုည ကပ်ကမ္ဘာ။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


ဘုရားအလောင်းဖြစ်ရန်ပင် အမှန်ခဲယဉ်းခြင်း

သမ္မာသမ္ဗုဒ္ဓ သဗ္ဗညှဘုရားရှင်အဖြစ်ကို မဆိုထားဘိ သုမေဓာရသေ့ကဲ့သို့ နိယတဗျာဒိတ်ရ ဘုရားအလောင်းတော် ဘ၀ကိုသော်မှလည်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံမှသာ ရနိုင်ပေသည်။ ထိုအင်္ဂါရှစ်ပါးမှာ -

(၁) လူဇာတ်စင်စစ် ဖြစ်ရခြင်း၊

(၂) ယောက်ျားစင်စစ် ဖြစ်ရခြင်း၊

(၃) ထိုဘ၀မှာပင် အရဟတ္တဖိုလ် ရနိုင်လောက်သော တိဟိတ်ပဋိသန္ဓေနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊

(၄) သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း၊

(၅) ကမ္မ၀ါဒီရသေ့ (သို့မဟုတ်) သာသနာတော်တွင်း ရဟန်းဖြစ်ရခြင်း၊

(၆) ဈာန် သမာပတ်တန်ခိုး ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊

(၇) ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ သက်တော်ထင်ရှား ဘုရားရှင်ထံတော်၌ အလွန်အကြူး ပါရမီကုသိုလ်တို့ကို ပြုစု ပွားများအားထုတ်သူ ဖြစ်ခြင်း၊

(၈) ဘုရားဖြစ်လိုသော ကုသိုလ်ဆန္ဒအားကြီးသူ ဖြစ်ခြင်းတို့ဖြစ်သည်။

ဆိုအပ်ပြီးသော အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသူဖြစ်မှသာ ဘုရားဆုပန်ုနိုင်ခွင့်ရှိသူ ဖြစ်နိုင်၍ ဘုရားအလောင်းဖြစ်ရေးပင်လျှင် လွန်စွာ ခဲယဉ်းလှပေသည်။ မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင် ရသေ့သည်ကား အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသူဖြစ်သဖြင့် ဒီပင်္ကရာမြတ်စွာဘုရား၏ ထံတော်မှောက်ဝယ် အလျားမှောက်လျက် “နောင်အခါဝယ် ဂေါတမမည်တွင် ဘုရားရှင် ဖြစ်လိမ့်မည်” ဟူသော နိယတဗျာဒိတ်ကို ရရှိသူဖြစ်လေသည်။ ထိုဘ၀မှစ၍ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယာသုံးပါးတို့ကို ရပ်နားမရှိ ပါရမီဖြည့်ခဲ့လေသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


ဘုရားဂုဏ်တော်ကိုးပါး

ဘုရားဂုဏ်တော်ကိုးပါးရဲ့ လိုရင်းအဓိပ္ပာယ်တွေကို မြန်မာလို သိထားသင့်ပါတယ်။ အလွတ်ရအောင် ကျက်ထားပြီး အနည်းဆုံး တစ်နေ့တစ်ခေါက် ပါဠိလိုရော မြန်မာလိုပါ ပွားများသွားမယ်ဆိုရင် မေ့မှာလည်း မဟုတ်တော့ပါဘူး။ အကျိုးလည်း အင်မတန်ကြီးပါတယ်။

မြန်မာလူမျိုးတွေအနေနဲ့ မြန်မာလို ဂုဏ်တော်ပွားတာ အကောင်းဆုံးပါပဲ။ အဓိပ္ပာယ် ရင်ထဲရောက်တဲ့အတွက် ဘုရားကိုလည်း ပိုကြည်ညိုပါတယ်။ ဓာတ်ကောင်းတွေလည်း ပိုကူးစက်ပါတယ်။ တန်ခိုးသတ္တိလည်း ပိုထက်မြက်ပါတယ်။ မိတ်ဆွေတို့ ဒီဂုဏ်တော်ကိုးပါးကို ကျက်မှတ်ရွတ်ဖတ်လို့ အန္တရာယ်ကင်းလို့ ဘေးရှင်းနိုင်ကြပါစေ။

{ ဘုရားဂုဏ်တော်ကိုးပါး }

# အရဟံ
ကိလေသာကင်းစင်တော်မှုသော မြတ်စွာဘုရား။
ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမှုသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းနှင့်တကွ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား။

# သမ္မာသမ္ဗုဒ္ဓေါ
သိစရာအားလုံးတို့ကို အမှန်အတိုင်း၊ ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မှုသော မြတ်စွာဘုရား။

# ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ်ရော၊ အကျင့်ပါ ပြည့်စုံတော်မှုသော မြတ်စွာဘုရား။
ဝိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မှုသော မြတ်စွာဘုရား။

# သုဂတော
ကောင်းသောစကားကို ဆိုတော်မှုသော မြတ်စွာဘုရား။
မှန်ကန်၍ အကျိုးရှိသောစကားကို ဆိုတော်မှုသော မြတ်စွာဘုရား။
ကောင်းသောနိဗ္ဗာန်သို့ ကြွတော်မှုသော မြတ်စွာဘုရား။

# လောက၀ိဒူ
လောကသုံးပါးကို သိတော်မှုသော မြတ်စွာဘုရား။
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မှုသော မြတ်စွာဘုရား။

# အနုတ္တရောပုရိသဒမ္မသာရထိ
ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမတော်မှုတတ်သော မြတ်စွာဘုရား။

# သတ္တာဒေ၀မနုဿာနံ
နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မှုသော မြတ်စွာဘုရား။
နတ်လူတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မှုသော မြတ်စွာဘုရား။

# ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်းလည်း သိတော်မှု၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မှုသော မြတ်စွာဘုရား။
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မှု၊ သူတစ်ပါးတို့ကို လည်း သိအောင် ဟောတော်မှုသော မြတ်စွာဘုရား။

# ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသော မြတ်စွာဘုရား။
၁။ ဣဿရိယဘုန်းတော်
မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မှုသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော်
မဂ်ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မှုသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော်
များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မှုသော မြတ်စွာဘုရား။
၎။ သိရီဘုန်းတော်
အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မှုသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော်
လိုအင်ဆန္ဒ တောင့်တမှုမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မှုသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော်
အတုမရှိသော လုံ့လ၀ီရိယနှင့် ပြည့်စုံတော်မှုသော မြတ်စွာဘုရား။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ လမ်းညွှန်ချက်များ

(၁) ဘ၀ချမ်းသာရေးမှာ စိတ်သာပဓာန၊ စိတ်ကောင်းနေရင် ချမ်းသာမယ်၊ စိတ်ဆိုးရင် ဆင်ရဲမယ်။

(၂) စစ်ပွဲတစ်ရာအောင်နိုင်တာထက် မိမိရဲ့စိတ်ကိုအောင်နိုင်တာက ပိုပြီး ကြီးကျယ်မြင့်မြတ်တယ်။

(၃) စိတ်ကိုအောင်နိုင်တယ်ဆိုတာ စိတ်ကို ဆိုးညစ်ယုတ်ညံ့အောင် ခြယ်လှယ်နေကြတဲ့ မောဟ၊ လောဘ၊ ဒေါသ စတဲ့ ကိလေသာများကို ပယ်သတ်နိုင်ခြင်းဖြစ်သည်။

(၄) ကိလေသာတွေဟာ စိတ်ကို ပူလောင် ပင်ပန်းဆင်းရဲစေကြတဲ့အတွက် ကိလေသာတွေယှဉ်တဲ့ အကုသိုလ်စိတ်ဖြစ်ရင် ဆင်းရဲမယ်။ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းမြတ်တင့်တယ်တဲ့ စေတသိတ်တွေ ယှဉ်ကြတဲ့အတွက် ချမ်းသာမယ်။

(၅) “ယောနိသောမနသိကာရ”ဆိုတဲ့ သင့်တင့်လျောက်ပတ်အောင် နှလုံးသွင်းမှုရှိရင် ကုသိုလ်စိတ်တွေ ဖြစ်မယ်။ မရှိရင် အကုသိုလ်စိတ်တွေ ဖြစ်မယ်။

(၆) “အာဂမသုတ-အဓိဂမသုတ” ဆိုတဲ့ ပရိယတ်-ပဋိပတိ အသိပညာတွေ ဦးစီးမှု ယောနိသောမနသိကာရ ဖြစ်အောင် နှလုံးသွင်းနိုင်ပြီး တကယ်ချမ်းသာတဲ့ ဘ၀ကို ထူထောင်နိုင်လိမ့်မယ်။

(၇) ကာမဂုဏ်ဆိုတာ အာရုံငါးပါးပါပဲ။ အာရုံနဲ့ဒွါရ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်) တို့ ဆုံးတွေ့တဲ့အခါ “ သေယမနဿ သဟဂုတ်လောဘမှုစိတ်” ဖြစ်လို့ နှစ်သက်ခြင်း၊ ချမ်းသာခြင်း (ပီတိ-သောမနဿ) တို့ ဖြစ်ပေါ်တယ်။ ဒီနှစ်သက်ခြင်း ချမ်းသာခြင်းတို့ဟာ ကာမဂုဏ်ရဲ့ သာယာဖွယ်ဖြစ်တယ်။

(၈) ကာမဂုဏ် ချမ်းသာဟာ အပူလောင်ဆုံး မီးများ ဖြစ်ကြတဲ့ တဏှာရာဂ၊ ဒေါသ၊ မောဟ စသည်တို့ ယှဉ်စပ်နေကြတဲ့အတွက် ချမ်းသာအစစ် မဟုတ်ဘူး။ မိုးမျှော် ငရုတ်သီး စားရသလို အနူမီးကင်သလို ပူပူလောင်လောင် ချမ်းသာမမျှသာ ဖြစ်တယ်။

(၉) အာရုံငါးပါးဆိုတာ ရုပ်တရားတွေပဲ။ သက်မဲ့ရုပ်ဝတ္ထုအားလုံးနဲ့ သက်ရှိ သတ္တ၀ါအားလုံးဟာ မမြဲတဲ့ အနိစ္စတရား၊ ဆင်းရဲတဲ့ ဒုက္ခတရား၊ အစိုးမရ အနှစ်မပါတဲ့ အနတ္ထတရား၊ မတင့်တယ်တဲ့ အသုဘတရားတွေသာ ဖြစ်ကြတယ်။ မောဟက ဒီအမှန်သဘောတွေကို ဖုံးကွယ်ထားပြီး ပြောင်းပြန် အမှားသဘောတို့ကို သိမြင်စေတဲ့အတွက် တဏှာလောဘက ကာမဂုဏ်အာရုံတွေကို တပ်မက်တွယ်တာခြင်း ဖြစ်တယ်။

(၁၀) ကာမတရားတို့ဟာ (၁) အမဲရိုး၊ (၂) အသားတစ်၊ (၃) မြက်မီးရူးတိုင်၊ (၄) မီးကျီးခဲတွင်း၊ (၅) အိပ်မက်၊ (၆) အငှားပစ္စည်း၊ (၇) အသီးပြည့်တဲ့ အပင် အသီးသီးနဲ့ ပမာတူကြတယ်။ အနှစ်သာရ ကင်းပြီး ဆင်းရဲပင်ပန်းခြင်းကိုသာ ဖြစ်ပေါ်စေပါတယ်။

(၁၁) ကာမဂုဏ်အာရုံတို့မှာ လိုချင် တပ်မက်မှုမဖြစ်အောင် ဆုံးမခြင်း၊ လိုချင်တပ်မက်မှုကို ပယ်ဖြတ်ခြင်းဟာ ကာမဂုဏ်တို့မှ ထွက်မြောက်ရာ ဖြစ်တယ်။ ကာမဂုဏ်တို့မှ ထွက်မြောက်နိုင်မှသာလျှင် ဘ၀ချမ်းသာအစစ်ကို ရနိုင်မယ်။

(၁၂) ရုပ်နာမ်တို့ရဲ့ အစုအဝေးများ ဖြစ်ကြတဲ့ သက်ရှိ-သက်မဲ့ အရာအားလုံးဟာ ဆင်းရဲခြင်း အမုန်းတရား - ဒုက္ခသစ္စာ ဖြစ်တယ်။ ဆင်းရဲခြင်းကို ဖြစ်စေတဲ့အကြောင်းရင်း အမှန်တရား - သမုဒယ သစ္စာက တဏှာလောဘ ဖြစ်တယ်။

(၁၃) တဏှာလောဘနဲ့တကွ ကိလေသာတရား အားလုံးဟာ ဆင်းရဲပင်ပန်းခြင်းကို ဖြစ်ပေါ်စေကြတဲ့အတွက် ကိလေသာတရားတို့ကို ပယ်သတ်ရေးသည်သာ ဘ၀ချမ်းသာရေး အစစ်အမှန် ဖြစ်ပေတယ်။ ကာမဂုဏ်ခံစားခြင်းဟာ ကိလေသာ ပွားစီးရေးဖြစ်လို့ ဘ၀ဆင်းရဲရေး လမ်းစဉ်ဖြစ်ပေတယ်။

(၁၄) ဘ၀ချမ်းသာရေးအစစ်အမှန်ကို လိုချင်ရင် သူတော်ကောင်းကို ဆည်းကပ်၊ သူတော်ကောင်း တရားကို နာကြားလေ့လာ၊ နိဗ္ဗာန်နဲ့ ဆီလျော်တဲ့ တရားအကျင့်ကို ကျင့်သုံးရမယ်။ ဒါန၊ သီလ၊ ဘာဝနာတို့ကို အဆင့်ဆင့် တိုးမြှင့်ပြီး ကျင့်သုံးရမယ်။

(၁၅) သမထ-၀ိပဿနာ ဘာဝနာ ရူပွားလို့ ရုပ်တရား နာမ်တရား၊ အကြောင်းတရား၊ အကျိုးတရားတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ သဘောမှန်တို့ကို ထင်ထင်ရှားရှား ထိုးထွင်း မြင်သိလာတဲ့အခါ မောဟမျက်နှာဖုံး ကွာကျပြီး သစ္စာလေးပါ ပေါ်လွင်ထင်ရှားလာလို့ အမြင့်မြတ်ဆုံး ဘ၀ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြုရပါတော့တယ်။

အထက်ဖော်ပြပါ အချက်(၁၅) ချက်ဟာ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ လမ်းညွှန်အဆုံးအမများသာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

ကံကံ၏အကျိုးနှင့်ဝဋ်ဆိုတာ..

ဝဋ်ဆိုတာလည်တတ်တယ်ဆိုတာကို စာဖတ်သူ မိတ်ဆွေတို့ လက်ခံပါသလား။ တနေ့တနေ့ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ သူတပါးပေါ် မကောင်းကြံမိခဲ့တာလေးတွေ သိလို့ပဲဖြစ်စေ၊ မသိလိုက်ပဲဖြစ်စေ ရှိနေတတ်ပါတယ်။ ကာယကံ၊ ၀ီစီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးမှာ မနောကံမြောက် ကာယကံနဲ့၊ မနောကံမြောက် ၀ီစီကံတို့ဟာ ကြောက်ဖို့အကောင်းဆုံးပါ။ ဒါကြောင့်အမှုတမှုကို ဆုံးဖြတ်တော့မယ် ဆိုရင်တောင် ကြိုတင်ကြံစည်မှုဆိုတာ ပိုပြီးကြီးလေးတတ်ပါတယ်။ ပြောချင်တာကတော့ ဘယ်အမှုကိုပဲ ပြုပြုပါ။ စိတ်ပါလက်ပါနဲ့  သူတပါးကို မကောင်းမကြံမိပါစေနဲ့ ။ သိပ်ကြောက်ဖို့  ကောင်းပါတယ်။

ကံဆိုတာအလုပ်ပါ ကိုယ်ပြုခဲ့တဲ့ အလုပ်ပေါ်မူတည်ပြီး တချိန်ကိုယ်တိုင်ပဲပြန်ခံစား၊ စံစားရမှာပါ။ အဲ့တော့ ကိုဘယ်လမ်းလျောက်ခဲ့လဲ ကိုယ်လျောက်ခဲ့တဲ့လမ်းကို ပဲရောက်မှာပါ။ ဒါက နိယာမတခုပါပဲဆိုတာ မမေ့ဖို့ လိုပါတယ်။ လူပေါ်လူဇော်လုပ်ပြီး ကိုယ်ကကောင်းစားသွားတော့ကော ကိုယ်၏ချမ်းသာခြင်းတော့ ပြည့်စုံမယ်၊ စိတ်၏ချမ်းသာခြင်း မပြည့်စုံဘူးဆိုတာ စာဖတ်သူ မိတ်ဆွေတို့လက်ခံပါသလား။

တူသောအကျိုးပေးဆိုတာ မြင်တတ်ရင်တွေ့ပါတယ်။ ကိုယ်တွေ့ကော၊ ပတ်ဝန်းကျင်မှာပါ ရှိနေတာပါ။ ယုတ်စွအဆုံး တိရိစ္ဆာန်လေးတွေအပေါ်မှာ မတရားလုပ်မိခဲ့ရင်တောင် ၀ဋ်လိုက်တတ်ပါတယ်။ ငယ်ငယ်က အဖိုးတွေအဖွားတွေ ပြောနေတဲ့ စကားတခွန်းပေါ့။ အယ်ဒီကောင်မလေးတော့ ၀ဋ်လိုက်တော့မှာပဲ ဆိုတာလေ။ ၀ဋ်မှာအမြဲ ငရဲမှာအပပါ။ ငရဲဆိုတာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်အဟုန်ကြီးနေရင် တောင်လွတ်နိုင်ပါသေးတယ်။ ကျော်သွားနိုင်ပါသေးတယ်။ ၀ဋ်ဆိုတာတော့ မိမိ သံသရာတလျောက် နိဗ္ဗာန် မရောက်ခင်စပ်ကြား အကြားအလပ်မရှိ လိုက်လာတတ်တာပါ။

တန်ခိုးတော်အရာမှာ ဧတဒဂ်ဘွဲ့ရတော်မူထားတဲ့ ရှင်မောဂ္ဂလ္လာန် ရဟန္တာကိုယ်တော်မြတ်ကြီးတောင် ၀ဋ်ကိုမကျော်နိုင်သွားပါဘူး။ ပရိနိဗ္ဗာန် စံခါနီး ဒိဋ္ဌိ တွေလွှတ်လိုက်တဲ့ လူမိုက်ငါးရာရဲ့ ရိုက်နှက်မှုနဲ့ ပရိနိဗ္ဗာန် ပြုခဲ့ရတာပါ။ တန်ခိုးတော်နဲ့ ဒီဟာကို ရှောင်လွှဲလို့ ရရဲ့သားနဲ့ ပြုခဲ့ဖူးတဲ့ အမူကိုဆင်ခြင်ပြီး ဒီဝဋ်ကို ပြန်လည်ပေးဆပ်ခဲ့တာပါ။ အတိတ်ဘ၀တခုတုန်းက မယားရဲ့ အလိုဆန္ဒကိုလိုက်ကာ မျက်မမြင် မိခင်ဖခင်တို့ ကို တောထဲခေါ်ကာ ခိုးသားကြီးယောင်ဆောင်ပြီး ရိုက်နှက်ခဲ့ဖူးတဲ့ အတိတ်ဝဋ်ကြွေးကြောင့်ပါ။

ဝဋ်ကြွေးကို မြတ်ဗုဒ္ဓဘုရားရှင်တောင် ရှောင်လွှဲလို့ မရခဲ့ပါဘူး။ တခုသောဘ၀တွင် ညီငယ်နှင့်စည်းစိမ် ခွဲရာတွင် ခိုင်ရန်ဖြစ်ပွားပြီး ညီငယ်အား ကျောက်ဖြင့် ထုသတ်ခဲ့ဖူးသော အတိတ်ကံ၊ ပစ္စေကဗုဒ္ဓွါအား ကလေးဘ၀တခုတွင် ခြေမတော်ကို ကျောက်ဖြင့်အပျာ်သဘော ပြစ်ခတ်ခဲ့ ဖူးတဲ့အတိတ်ကံ၊ ပဒေသရာဇ်မင်း ဘ၀တခုတွင် လူယုတ်မာနှင့် ပေါင်းမိသဖြင့် အပြစ်မရှိသူအား ဓါးဖြင့်ခွဲစိတ်ခဲ့ဖူးတဲ့ အတိတ်ကံတို့ကြောင့် ဗုဒ္ဓဘုရားရှင်ဖြစ်တော်မူသောအခါ ဒေ၀ဒတ်၏ ကျောက်မောင်းဆင် လုပ်ကြံမှု ကိုခံရခြင်း၊ ထိုမှကျောက်လွှာတခု ပဲ့စင်၍ ခြေမတော်၌ သွေးစိမ်း တည်ခြင်း၊ ၎င်းဒါဏ်ရာကို ဆေးဆရာ ဇီဝကက ဓါးဖြင့်ခွဲစိပ် ကုသတာကို ခံရခြင်း စတဲ့ဝဋ်ကြွေးတွေကို အစဉ်လိုက်ပြန်လည် ပေးဆပ်ရပါတယ်။

ဒါကြောင့်ကျွန်တော် ကျွန်မတို့လို ပုတုဇဉ်များအတွက်တော့ အထူးသတိထားစရာပါ။ ၀ဋ်ဆိုတာ သူကတော့ ရဟန္တာ၊ သူကတော့ ဘုရားရှင်ဖြစ်တယ်ဆိုပြီး မျက်နှာလိုက်ရိုးထုံးစံ မရှိပါ။ ဒါကြောင့် မိမိပြုခဲ့ဖူးတဲ့ အလုပ်တွေကို အထူးဆင်ခြင်သင့်ပါတယ်။ ငါသူ့ ကို တခုလုပ်ထားတယ် တနေ့ငါ့လဲ ငါလုပ်ထားသလို ပြန်ဖြစ်မှာပါလားဆိုတဲ့ သတိသံဝေဂ အမြဲရှိနေဖို့ လိုပါလိမ့်မယ်။ လုပ်ရဲရင်ခံရဲ ရမယ့်သတ္တိတော့ လိုမှာပေါ့နော်။ အလှည့်ကျတော့ မနွဲ့စတမ်းပေါ့။ အဲ့လိုစိတ်မျိုးလေးထားလို့ အရာရာကို ဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

ဒီဘ၀တော့ ငါကောင်းစားရင်ပြီးတာပဲ နောက်ဘ၀မှ အကုန်ခံမယ်ဆိုတဲ့ လူစားမျိုးတွေလဲ သတိထားစေချင်ပါတယ်။ တချို့က အခုဖြစ်မှာမှမဟုတ်တာ ပျော်ပျော်နေတယ်ဘာဖြစ်လဲဆိုတဲ့ လူတန်းစားကလဲ တမျိုးရှိကြပြန်ပါသေးတယ်။ အထူးသတိထား စေချင်ပါတယ်။ အဲ့လိုလူမျိုးတွေ အသေမကောင်းကြပါဘူး။ ဘ၀နိဂုံး တွေကိုကြည့်လိုက်ရင် မလှပကြပါဘူး။ မျက်စိရှေ့မှာတင် ၀ဋ်လည်တယ်ဆိုတာ ဒါမျိုးတွေကို ပြောတာပါ။ စာဖတ်သူမိတ်ဆွေတို ကြုံဖူး ကြားဖူးကြမှာပါ။ ဒါတွေကို မြင်တတ်အောင် ကြည့်သင့်ပါတယ်။ ဥပမာလည်း ယူသင့်ပါတယ်။ ဘာလုပ်လုပ်သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ စိတ်ကိုအမြဲမွေးသင့်ပါတယ်။ ဒါမှလဲလောကကြီးမှာ ဗြဟ္မစိုရ် ၄-ပါး ဖြစ်တဲ့  မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ ထွန်းကားပြီး သာယာပြည့်စုံမှာ ဖြစ်ပါတယ်။

တရားထူးမရလို့ အရိယာယ် ပုဂ္ဂိုလ် မဖြစ်နိုင်သေးရင်တောင် သူတော်ကောင်းတရားလေးတွေ ပွားများနိုင်ဖို့ လိုပါတယ်။ ဒါမှသာ ရောက်ရာဘ၀တိုင်းမှာ ပါရမီ တဖြည်းဖြည်းဖြည်း နေရာရောက်ပါမယ်။ အဲ့ကမှတဆင့် ပါရမီပြည့်လို့ကိုယ်ကလဲ ကျင့်ကြံနိုင်မယ်ဆို အရိယာယ် ပုဂ္ဂိုလ်တောင် ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် မိတ်ဆွေ သူငယ်ချင်းတို့ အားလုံးကို ကံကံ၏ အကျိုးကိုလဲ ယုံ၊ ၀ဋ်ဆိုတာလည် တတ်တဲ့သဘောတရားရှိ တယ်ဆိုတာလက်ခံတဲ့ လူကောင်းလူမွန် လူသူတော်ကောင်းများဖြစ်စေခြင်ကြောင်း ဒီပိုစ့်လေးနဲ့ သတိပေးလိုက်ရပါသည်။

Tuesday 20 September 2011

ပုညကြိယာဝတ္ထု ၁၀-ပါး

သတ္တ၀ါတို့ ချမ်းသာသုခတိုးပွားများပြားရန်အတွက် ပြုလုပ်သင့်သော ကောင်းမူကုသိုလ်များ လုပ်ငန်းများသည် ပုညကြိယာဝတ္ထုမည်၏။ ထိုပုညကြိယာ ၀တ္ထုကား ဆယ်မျိုးရှိသည်။

(၁) ဒါန = စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း၊

(၂) သီလ = ကာယကံ ၀စီကံ တို့ကို စောင့်ရှောက်ခြင်း၊

(၃) ဘာဝနာ = ဘုရားဂုဏ်စသည်ကို အာရုံပြုနေခြင်း၊ သမထ၀ိပဿနာ ဘာဝနာပွားများခြင်း၊

(၄) အပစာယန = ရိုသေထိုက်သူကို ရိုသေခြင်း၊

(၅) ဝေယျာဝစ္စ = သူတပါးတို့၏ အပြစ်ကင်းသော ကိစ္စကြီးငယ်ကို ပြုစုဆောင်ရွက်ခြင်း၊

(၆) ပတ္တိဒါန = မိမိပြုလုပ်သော ကုသိုလ်အဖို့ကို အမျှပေးဝေလျှင် ၀မ်းမြောက်စွာ သာဓုခေါ်ခြင်း၊

(၇) ပတ္တာနုမောဒန = သူတပါးတို့ ကုသိုလ် ကောင်းမူ ပြုသည်ကို အမျှပေးဝေလျှင် ၀မ်းမြောက်စွာ သာဓုခေါ်ခြင်း၊

(၈) ဓမ္မဿဝန = တရားဒေသနာကို ကောင်းစွာ နာယူခြင်း၊

(၉) ဓမ္မဒေသနာ = တရားဟောပြော ပြသခြင်း၊

(၁၀) ဒိဋ္ဌိဇုကမ္မ = ဖြောင့်မှန်သော အယူဝါဒရှိခြင်း၊ (ကံ - ကံ၏အကျိုးကို ယုံကြည်ခြင်း)။

ဒါန
စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းသည် ဒါနမည်၏ ပုဗ္ဗ မုဉ္စ အပရ စေတနာသုံးတန်ပြည့်ဝစွာဖြင့် လှူဒါန်းခြင်း၊ မိမိစွန့်လှူသော ပစ္စည်းကို နှမြောတွယ်တာမူမရှိဘဲ အလောဘစိတ်ဖြင့် လှူဒါန်းခြင်း၊ ကမ္မဿကတာဉာဏ်နှင့် ယှဉ်၍ လှူဒါန်းခြင်းတို့သည် ဒါနအကျိုးတရား ပိုမိုပြည့်ဝသော လှူဒါန်းခြင်းတို့ ဖြစ်သည်။ ဒါနပြုလုပ်သဖြင့် သံသရာဝယ် ဘောဂသမ္ပတ္တိနှင့် ပြည့်စုံရသည်။

သီလ

ကာယကံ ၀စီကံတို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်ကျင့်သီလများ စောင့်ထိန်း ခြင်းသည် သီလမည်၏။ သီလ စောင့်ထိန်းသူသည် ကာယကံ ၀စီကံတို့ကို စောင့်ရှောက်ရသည်။ လူတို့အတွက် ခါးဝတ်ပုဆိုးကဲ့သို့ အမြဲစောင့်ထိန်းရမည့် သီလမှာ ငါးပါးသီလဖြစ်သည်။ လူတိုင်းလိုက်နာ ကျင့်သုံးရမည့် ကိုယ်ကျင့်သီလကောင်းမွန်လုံခြုံရေး၊ လူတိုင်း ကိုယ်ကျင့်တရား ပြည့်ဝရေးသည်လည်း အရေးပါလှသည်။ ကိုယ်ကျင့်သီလပြည့်စုံရန် လူတိုင်း စောင့်ထိန်းသင့်သည်။ အခြားသော ဥပုသ်သီလတို့မှာ စောင့်ထိန်းနိုင်လေ အကျိုးကြီးလေဖြစ်သည်။ ပြင်ပ ပစ္စည်းအလှူဒါနထက် ကိုယ်ကျင့်သီလတရားက ပိုမိုမြင့်မြတ်သည်။ သီလနှင့် ပြည့်စုံသူသည် သံသရာဝယ် ဘ၀သမ္ပတ္တိနှင့် ပြည့်စုံရသည်။

ဘာဝနာ
ဘုရားဂုဏ်စသည်ကို အာရုံပြုနေခြင်း၊ သမထ၀ိပဿနာ ဘာဝနာ ပွားများခြင်းသည် ဘာဝနာမည်၏။ ဘာဝနာကုသိုလ်သည် ဒါန သီလတို့ထက် ပိုမိုမြင့်မြတ်သည်။ မနောကံဖြင့် ပြုလုပ်ပွားများရသော အလုပ်ဖြစ်၍ စိတ်ဓာတ်တည်ကြည်ငြိမ်သက်ရန် လိုအပ်သည်။ ဘုရားပွင့်တော်မူရာ ဤအခါဝယ် ဗုဒ္ဓါနုဿတိဘာဝနာ၊ မေတ္တာဘာဝနာတို့ကို ပွားများရန် အဆင်ပြေနေကြသည်။ အာနာပါနဿတိစသော သမထဘာဝနာများကို ပွားများခြင်း၊ ဘုရားပွင့်လာရာအခါမှသာ ကြားနာသိရသော လွန်စွာတွေ့ကြုံခဲ့သည့် အနိစ္စ ဒုက္ခ အနတ္တ ၀ိပဿနာရူပွားမူများကို ပြုလုပ်နေခြင်းသည် လွန်စွာ အကျိုးကြီးမားလှသည်။ နံ့သာတစ်ရှူ၊ နွားနို့တစ်ညှစ် လက်ဖျစ်တစ်တွက် အချိန်တိုလေးမျှ ပွားများသော ဘာဝနာကုသိုလ်သည်ပင် အချိန်များစွာ ပြုလုပ်သော ဒါန သီလတို့ထက် အကျိုးပေးကြီးသည်။ ဘုရားသာသနာတော်နှင့် တွေ့ကြုံရကျိုးနပ်လေအောင် သမထဘာဝနာအပြင် ၀ိပဿနာဘာဝနာကိုလည်း ကျိုးစားအားထုတ်ရပေမည်။

အပစာယန
ရိုသေထိုက်သူကို ရိုသေခြင်းသည် အပစာယန မည်၏။ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါး မိဘဆရာများနှင့် မိမိထက် အသက်သိက္ခာဂုဏ်ကြီးသူများ၊ တရားကျင့်ကြံနေသူများ၊ အမျိုးဘာသာ သာသနာနှင့် တိုင်းပြည် တိုးတက်ကောင်းမွန်အောင် စီမံဆောင်ရွက်နေသူများစသည်တို့သည် ရိုသေထိုက်သူများ ဖြစ်ကြသည်။ ထိုသူတို့ကို ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ ရှိခိုးခြင်း၊ ငုံ့လျှိုကိုင်းရိုင်းသွားလာခြင်း စသော ရိုသေမူတို့ကို ပြုလုပ်ခြင်းသည် အပစာယန မည်၏။ အပစာယနတရားနှင့် ပြည့်စုံသူသည် ဤဘ၀တွင် လူတကာ၏ ချစ်ခင်ခြင်း၊ ကြီးပွားတိုးတက်ခြင်းကို ရရှိပြီး နောင်တမလွန်၌လည်း သုဂတိဘုံသို့ ရောက်နိုင်လေသည်။

ဝေယျာဝစ္စ
သူတပါးတို့၏ အပြစ်ကင်းသော ကိစ္စကြီးငယ်ကို ပြုစုဆောင်ရွက်ပေးခြင်းသည် ဝေယျာဝစ္စမည်၏။ ရိုသေထိုက်သူတို့၏ ၀တ်ကြီးဝတ်ငယ်ကို ပြုစုဆောင်ရွက်ပေးခြင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၏ အလုပ်ကိစ္စများကို ကူညီဆောင်ရွက်ပေးခြင်း၊ ခရီးသွားလာရာ၌ ကူညီယိုင်းပင်းခြင်း၊ အိုမင်းသူတို့ကို ဖေးမကူညီခြင်း၊ ကျောင်း အိမ် ရပ်ရွာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘုရားစေတီ ဗောဓိပင်တို့ကို ရှင်းလင်းသန့်ရှင်းအောင် ပြုလုပ်ခြင်း၊ လူအများ ချမ်းသာစွာ သွားလာနေနိုင်ရေးအတွက် လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ ရေချမ်းစင်တည်ထားခြင်း၊ တည်းခိုနားနေရာ ဆောက်လုပ်ခြင်း စသည်တို့သည် ဝေယျာဝစ္စမည်၏။ ကုသိုလ်ကောင်းမူနှင့် စပ်လျဉ်းသော ထိုထို အမူကိစ္စ အမျိုးမျိုးတို့ကို ပကာသနမဖက် သန့်ရှင်းစင်ကြယ်သောစိတ်၊ အများလူတို့၏ အကျိုးလိုလားသော စိတ်ဖြင့် ကိုယ်ရော စိတ်ပါ အားထုတ်မူများပင် ဖြစ်လေသည်။

ပတ္ထိဒါန
မိမိပြုလုပ်သော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်းသည် ပတ္တိဒါန မည်၏။ မိမိရအပ်ပြီးသော ကုသိုလ်အဖို့ကို သူတပါးတို့အား မိမိနှင့်ထပ်တူ အကျိုးရစေရန် အမျှပေးဝေရသည်။ ဤသို့ အမျှပေးဝေလျှင် မိမိကုသိုလ်အဖို့ လျော့နည်း မသွားသည့်အပြင် အခြားသူများပါ မိမိကုသိုလ်၏ အကျိုးကို ရရှိနိုင်သဖြင့် ကုသိုလ်ကောင်းမူပြုလုပ်ပြီးတိုင်း မေတ္တာစေတနာဖြင့် အမျှပေးဝေရသည်။ ယမမင်းသည် ငရဲဘုံသို့ ရောက်လာသူအား သုဂတိဘုံသို့ ရောက်စေရန် ကုသိုလ်တရားတို့ကို စစ်မေးလေ့ရှိသည်။ ထို့ကြောင့် ယမမင်းအားလည်း အမျှဝေကြရသည်။ မိဘဘိုးဘွားကစ၍ (၃၁) ဘုံ ကျင်လည်ကုန်သော သတ္တ၀ါ ဝေနေယျအားလုံးတို့အား အမျှပေးဝေရသည်။


ပတ္တာနုမောဒနာ
သူတပါးတို့က ကုသိုလ်ကောင်းမူအမျှပေးဝေလျှင် ၀မ်းမြောက်စွာ သာဓုခေါ်ခြင်းသည် ပတ္တာနုမောဒနာမည်၏။ အမျှဝေမူ သာဓုခေါ်မူတို့သည် စိတ်စေတနာထက်သန်လျှင် ထက်သန်သလောက် အကျိုးပေးနိုင်သည်။ သာမန်ကိစ္စများမဟုတ်ကြပေ။ ဘ၀များစွာ ကောင်းကျိုး ပေးနိုင်ကြသည်။ သူတဦးကောင်းမူပြုလုပ်သည်ကို မိမိမပြုနိုင်သေးလျှင် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရမည်။ ၀မ်းမြောက်ကြည်နူးစွာ အားပေးထောက်ခံ သာဓုခေါ်မူကြောင့် နှစ်ဦးနှစ်ဘက်စလုံးတွင် ကုသိုလ်တရားတို့ တိုးပွားလာကြသည်။ အမျှဝေမူ သာဓုခေါ်မူသည် ဆီမီးတိုင်တစ်တိုင်မှ ဆီမီးများကို ပွားယူမူနှင့်တူသည်။ မိမိဆီမီးတိုင်တစ်တိုင်မှ အခြားသော ဆီမီးတိုင်ပေါင်းများစွာကို မျှဝေ ထွန်းညှိပေးသည်ရှိသော် မိမိဆီမီးတိုင်တွင်လည်း အလင်းရောင်မလျော့သလို အခြားဆီမီးတိုင် များလည်း အလင်းရောင် ကျယ်ပြန့်များပြား ထွန်းတောက်သွားကြသည်။ ဤအတူပင် အမျှဝေသူမှာ ကုသိုလ်လျော့မသွားဘဲ သာဓုခေါ်သူမှာ ကုသိုလ်အကျိုးပွားတိုး ခံစားရလေသည်။

တမလွန်ဘ၀ရောက်နေကြသော ပေတဂတိရရှိသူများသည် မိမိကို ရည်ညွှန်း၍ ပေးပို့သော အမျှဝေမူကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရလျှင် ချက်ချင်းပင် အကျိုးပေးတတ်၏။ နတ်အမျိုးမျိုးနှင့် သူတပါးပေးကမ်းမူကို မှီ၍ အသက်မွေးကြရကုန်သော ပရဒတ္တူပဇီဝိပြိတ္တာ၊ ဝေမာနိကပြိတ္တာတို့သည် အမျှဝေမူကို သာဓုခေါ်ရလျှင် ချက်ချင်းပင် ချမ်းသာသုခရနိုင်ကြသည်။ တမလွန်ဘ၀ပြောင်းသူတို့အား အထူးရည်ညွန်း၍ အမျှဝေမူပြုလုပ်လျှင် အကျိုးထူးခံစားရကြောင်းဗိမ္ဗိသာမင်းနှင့် ပြိတ္တာဆွေမျိုးတို့ အကြောင်းက ပြဆိုနေသည်။ သို့ဖြစ်၍ ဘ၀တပါးပြောင်းသွာားသူတို့အား အထူးရည်ညွှန်း၍ ကုသိုလ်ပြုကာ အမျှပေးဝေရမည်။

ဓမ္မဿဝန
တရားဒေသနာတော်ကို ကောင်းစွာနာယူခြင်းသည် ဒမ္မဿဝနမည်၏။ လောကီလောကုတ္တရာ အကျိုးစီးပွားအမျိုးမျိုးတို့နှင့် စပ်လျဉ်းသော တရားစကားများကို ယောနိသော မနသိကာရ စေတနာဖြင့် ကြားနာမူဖြစ်သည်။ အထူးသဖြင့် ဘ၀သံသရာမှ လွတ်မြောက်ရေး တရားတော်များကို နာကြားမူသည်သာ တရားတော်နာကြားမူ အစစ်အမှန်ဖြစ်သည်။ မြတ်စွာဘုရား၏ တရားတော်များကို ကြားနာမှတ်သားလိုက်နာရပေမည်။

ဓမ္မဒေသနာ
တရားဟော ပြသခြင်းသည် ဓမ္မဒေသနာမည်၏။ မြတ်စွာဘုရား၏ ဒေသနာတော်တရားတော်များကို ယောနိသော မနသိကာရ စေတနာဖြင့် လာဘ်လာဘရရှိမူ နာမည်ကျော်ကြားမူ စသည်တို့ကို မငဲ့ဘဲ ဟောကြားပြသမူ၊ စာပေရေးသားဖြန့်ဖြူးမူ၊၊ စာပေပို့ချသင်ကြားပေးမူစသည့် သူတပါးတို့ကို အသိပညာပေးမူများသည် ဓမ္မဒေသနာမည်၏။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ဟူသော ဒေသနာတော်အရ တရားဟောပြ ပို့ချသင်ကြားမူသည် အလှူတကာတို့တွင် အကြီးမြတ်ဆုံးဖြစ်၍ ကြိုးစားအားထုတ် ပြုလုပ်ရပေမည်။

ဒိဋ္ဌိဇုကမ္မ
ဖြောင့်မှန်သော အယူဝါဒရှိခြင်း။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းသည် ဒိဋ္ဌိဇုကမ္မမည်၏။ အယူဖြောင့်မှန်ရေးသည် သတ္တ၀ါတိုင်းအတွက် အရေးအကြီးဆုံးဖြစ်သည်။ အလှူ၏ အကျိုးသည် အမှန်ရှိ၏ စသည်ဖြင့် သမ္မာဒိဋ္ဌိဖြစ်ရာ ဖြစ်ကြောင်း (၁၀)မျိုးကို ဖြောင့်မှန်စွာ ယုံကြည် သိမြင် လက်ခံကျင့်သုံးမူသည် ဒိဋ္ဌိဇုကမ္မ ဖြစ်၏။ ဒိဋ္ဌိဇုကမ္မ အယူဖြောင့်မှန်ရေးအတွက် သမ္မာဒိဋ္ဌိကဒသ၀တ္ထုခေါ် သမ္မာဒိဋ္ဌိဖြစ်ကြောင်း တရားဆယ်မျိုးတို့မှာ -

(၁) ပေးလှူရခြင်း၏ အကျိုးကျေးဇူးသည် အမှန်ရှိ၏ (တ္ထိဒိန္နံ)၊

(၂) ယဇ်ကြီး(အလှူကြီး) ပူဇော်ရခြင်း၏ အကျိုးကျေးဇူးသည် အမှန်ရှိ၏ (အတ္ထိ ဒိဋ္ဌံ)၊

(၃) ယဇ်ငယ်(အလှူငယ်) ပူဇော်ရခြင်း၏ အကျိုးကျေးဇူးသည် အမှန်ရှိ၏ (အတထိ ဟုတံ)၊

(၄) ကောင်းစွာပြုအပ်သော ကုသိုလ်ကံ၊ မကောင်းသဖြင့် ပြုအပ်သော အကုသိုလ်ကံတို့၏ အကျိုးဆက်(ဖလ) အကျိုးရင်း(၀ိပါက)သည် အမှန်ရှိ၏။(အတ္ထိ သုကတဒုက္ခဋာနံ ကမ္မာနံ ဖလံ ၀ိပါကော)၊

(၅) ဤလောကသည် အမှန်ရှိ၏ (အတ္ထိ အယံ လောကော)၊

(၆ ) တမလွန်လောကသည် အမှန်ရှိ၏ (အတ္ထိ ပရော လောကော)၊

(၇) အမိ၌ ကောင်းမွန်စွာပြုခြင်း၊ မကောင်းသဖြင့် ပြုခြင်း၏ အကျိုးကျေးဇူးသည် အမှန်ရှိ၏ (အတိမာတာ)၊

(၈) အဘ၌ ကောင်းမွန်စွာပြုခြင်း၊ မကောင်းသဖြင့် ပြုခြင်း၏ အကျိုးကျေးဇူးသည် အမှန်ရှိ၏ (အတ္ထိပိတာ)၊

(၉) သေ၍ တဖန်ဖြစ်ပြန်သော သတ္တ၀ါတို့သည် အမှန်ရှိကုန်၏ (သတ္ထိ သတ္တာ သြပပါတိကာ)၊

(၁၀) ဤလောကကို လည်းကောင်း၊ တမလွန်လောကကို လည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏ ဗြဟ္မဏတို့သည် လောက၌ အမှန်ရှိကုန်၏(အတ္ထိ လောကေ သမဏာဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာ ပဋိပန္နာ) –

တို့ဖြစ်ကြသည်။ ဤသမ္မာဒိဋ္ဌိက ဒသ၀တ္ထုနှင့် ပြည့်စုံမှသာလျှင်သမ္မာဒိဋ္ဌိက အယူမှန်သူ အမျိုးကောင်းသား အမျိုးသမီး စင်စစ်ဖြစ်နိုင်ကြသည်။


မိစ္ဆာဒိဋ္ဌိ(၁၀)မျိုးမှလည်းကောင်း၊ ဣဿရနိမ္မနဒိဋ္ဌိ စသည်တို့မှ လည်းကောင်း၊ လောကီအယူအဆ ဗေဒင် ယတြာ လောကီဒိဋ္ဌမင်္ဂလာတို့မှ လည်းကောင်း လွတ်ကင်းစင်ကြယ်၍ ကံ - ကံ၏ အကျိုးကို ဖြောင့်မှန်စွာ ယုံကြည်သိမြင်ပြီး လောကသံသရာ နှစ်ဖြာကောင်းကျိုး ပွားတိုးစည်ပင်စေရန် ကုသိုလ်ကံတို့ကို အားထုတ်ပြုလုပ်ရပေမည်။ သတ္တ၀ါတိုင်းအတွက် ကမ္မဿကဟာသမ္မာဒိဋ္ဌိခေါ် ကံ - ကံ၏အကျိုးကို အမှန်သိမြင်ရေးသည် အရေးအကြီးဆုံးဖြစ်သကဲ့သို့ အကျိုးအကြီးဆုံးလည်း ဖြစ်သည်။ ထိုဉာဏ် အမြင်မှန်ဖြင့် ပြုလုပ်မှသာ အထက်တန်းကျသော ဘ၀သမ္ပတ္ထိ၊ ဘောဂသမ္ပတ္ထိနှင့် ဘ၀လွတ်ရာ နိဗ္ဗာန်အထိရောက်နိုင်သည်။ အပြစ်ရှိသော အမူတို့တွင် မိစ္ဆာဒိဋ္ဌိခေါ် အယူလွဲမှားမူသည် အပြစ်အကြီးဆုံးဖြစ်၍ နိယတမိစ္ဆာဒိဋ္ဌိခေါ် ဘုရားချွတ်၍မျှ မကျွတ်သောသူများသည် သံသာရခါဏုကခေါ် သံသရာသစ်ငုတ်ကြီးများ ဖြစ်ကြရသည်။ အယူဖြောင့်မှန်သူဖြစ်ရန် အားထုတ်ကြရပေမည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။