ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

သာဝတ္ထိပြည် အနာထပိဏ်သူဌေးကြီးနှင့် ၀ိသာခါကျောင်းအမကြီး

ဘုရားလက်ထက်တော်က ကောသလတိုင်း သာဝတ္ထိပြည်၌ လူဦးရေ ၇-ကုဋေရှိသည်။ ၅-ကုဋေမှာ အရိယာဖြစ်၍ ကျန် ၂-ကုဋေမှာ ပုထုဇဉ်များဖြစ်ကြ၏။ သာဝတ္ထိပြည် အနာထပိဏ်နှင့် ၀ိသာခါတို့သည် သာသနာကို ထောက်ပံ့ရာ၌ ထင်ရှားသူနှစ်ဦးဖြစ်သည်။

ကျောင်းဒကာကြီး အနာထပိဏ်
အနာထပိဏ်၏ ငယ်မည်မှာ သုဒတ္တဖြစ်၍ ရာဇဂြိုဟ်သူ သူဌေးဝိသာလ၏နှမ ပုညလက္ခဏာနှင့် ထိမ်းမြားခဲ့သည်။ ကာဠမည်သော သားနှင့် မဟာသုဘဒ္ဒါ၊ စုဠသုဘဒ္ဒါ သုမနာသမီးသုံးယောက် ထွန်းကားခဲ့သည်၊ ဘုရားရှင်သည် ဒုတိယ၀ါအဖြစ် ရာဇဂြိုဟ်၌ သီတင်းသုံးတော်မူသောနှစ်မှာပင် အနာထပိဏ်သည် ရာဇဂြိုဟ်သို့ အရောင်းအ၀ယ်သွားရာမှ မြတ်စွာဘုရားအား ဖူးတွေ့ရပြီး သောတာပန်အရိယာ ဖြစ်ခဲ့သည်။ သာဝတ္ထိပြည်သို့ ကြွရောက် သီတင်းသုံးပါရန်လည်း ဘုရှင်အား ပင့်လျှောက်ခဲ့သည်။

သူဌေးကြီးသည် သာဝတ္ထိပြည် ဇေတမင်းသား၏ ၁၆-ပယ် ကျယ်သော ဥယျာဉ်မြေကို ငွေ အသပြာ ၁၈-ကုဋေဖြင့် ၀ယ်ယူကာ “ဇေတ၀န်” အမည်ဖြင့် ကျောင်းတော် ဆောက်လှူသည်။ ဂန္ဓကုဋီကျောင်းတော် အပါအ၀င် ကျောင်းပေါင်း များစွာကို အလုပ်သမား တစ်ထောင်ဖြင့် ခြောက်လဆောက်လုပ်ရသည်၊ ၁၈-ကုဋေ ကုန်ကျလေသည်၊ ဇေတ၀န်ကျောင်းတော်ကြီး ပြီးစီးသောအခါ ဘုရားရှင်ကို ပင့်ဖိတ်ပြီး ၁၈-ကုဋေ အကုန်ခံ၍ ခမ်းနားစွာ ရေစက်ချပွဲ ကျင်းပလှူဒါန်းသည်၊ သံဃာတော်တစ်ထောင် နေ့စဉ် ဆွမ်းကပ်သည်။

အိမ်ရှိအမူထမ်းအားလုံး ဥပုသ်နေ့တွင် ရှစ်ပါးသီလစောင့်ထိန်းကြရသည်။ နို့စို့ကလေးများကိုပင် မွန်းလွဲချိန်၌ နို့မတိုက်ဘဲ ပါးစပ်ကို ရေပတ်တိုက်ပြီး စတုမခုကိုသာ ခွံ့ကျွေးရသည်။ ၅၄-ကုဋေသော အသပြာငွေကို သာသနာတော်အတွက် လှူဒါန်းခဲ့သော သူဌေးကြီးဖြစ်လေသည်။

အနာထပိဏ်နှင့် ၀ိသာခါကျောင်းအမကြီးတို့အိမ်၌ သံဃာတစ်ထောင်စီ သီတင်းသုံးနိုင်အောင် နေရာထိုင်ခင်းများနှင့် အချိန်မရွေး ဆက်ကပ်နိုင်အောင် ပစ္စည်းလေးပါး စားသောက်ဖွယ်များကို အသင့်စီမံ ထားရှိကြလေသည်။

ကျောင်းအမကြီး ၀ိသာခါ
ဝိသာခါကျောင်းအမကြီးကား သာကေတမြို့ ဓနဉ္စယသူဌေးကြီး၏ သမီးဖြစ်၍ ၇-နှစ်သမီးအရွယ်ကပင် သောတပန်တည်ခဲ့သူဖြစ်သည်။ မေဏ္ဍကသူဌေးကြီး၏ မြေးဖြစ်၏။ သာဝတ္ထိပြည်မှ ချမ်းသာကြွယ်ဝသော မိဂါရသူဌေးကြီး၏သား ပုည၀ဍ်ဎနှင့် ထိမ်းမြားခဲ့သည်။ ၀ိသာခါအတွက် ရွှေစင်နိက္ခတစ်ထောင်အလေးချိန်ရှိပြီး ပတ္တမြား၊ ပုလဲ စသော ရတနာခုနှစ်ပါးဖြင့် စီခြယ်ထားသော အသပြာ ၉-ကုဋေတန် မဟာလတာ တန်ဆာပြုလုပ်ပြီး ဖခင်ကြီးက လက်ဖွဲ့သည်။ ဦးခါင်း၌ စွပ်လိုက်သော ခြေဖမိုးအထိ ရောက်သည်။ အခြားရတနာ မျိုးစုံကိုပါ လက်ဖွဲ့ပြီး၊ ဆုံးမ သြ၀ါဒပေးကာ သာဝတ္ထိသို့ ထည့်လိုက်သည်။

ယောက္ခမသူဌေးကြီးသည် ယခင်က တိတ္ထိတို့ကို ကိုးကွယ်သော်လည်း ၀ိသာခါ၏ ကျေးဇူးကြောင့် ဘုရားရှင်ကို ကိုးကွယ်လာရာမှ ၀ိသာခါလည်း “မိဂါရမာတာ - မိဂါရသူဌေးကြီး၏မိခင်”ဟုပင် ခေါ်တွင်လာလေသည်။ အသက် ၁၂၀-ရှည်၍ ဆံဖြူသွားကျိုးခြင်းမရှိ၊ အစဉ်နုပျိုနေသည်။

တစ်နေ့သော တရားပွဲတစ်ခုတွင် တရားနာလာရာ မဟာလတာတန်ဆာကို ချွတ်၍ ကျွန်မကို သိမ်းထားခိုင်းသည်။ တရားပွဲပြီးလျှင် ပြန်လျှင် ကျွန်မ မေ့ကျန်ရစ်ခဲ့သဖြင့် အရှင်အာနန္ဒမထေရ်က သိမ်းထားခဲ့သည်။ ရဟန်းတော်များအတွက် ဖြစ်သင့်သည်ဟု ကြံစည်ကာ ထိုတန်ဆာကို ရောင်းချအဖိုးထား၍ သာဝတ္ထိမြို့တွင် ဇေတ၀န်ကျောင်းတော်ကြီးနှင့် အလားတူ ပုဗ္ဗာရုံကျောင်းတော်ကြီး ဆောက်လုပ်သည်။ သာဝတ္ထိမြို့၏ အရှေ့ဘက်၌ တည်ရှိ၍ ရှစ်ပယ် ကျယ်သည်၊ ၉-ကုဋေဖြင့် မြေ ၀ယ်ယူသည်။ ၉-လတိုင်တိုင် ကျောင်းများစွာကို ဆောက်လုပ်ရ၏။ ၉-ကုဋေ ကုန်ကျသည်။ ရေစက်ချပွဲ ခမ်းနားစွာ ပြုလုပ်ပြီး ၂၇-ကုဋေသော အသပြာကို သာသနာတော်အတွက် စွန့်လှူခဲ့သည်။ ဤကဲ့သို့ ပစ္စည်းလေးပါး လှူဒါန်းမူ၌ အလွန်မွေ့လျော်ကြ သောကြောင့် အနာထပိဏ်သူဌေးအား လှူဒါန်းစွန့်ကြဲသည့် အမျိုးသားများတွင် အသာလွန်ဆုံးဖြစ်သည့် ဒါယကာမဧတဒဂ်ဘွဲ့ကို ချီးမြှင့်တော်မူခဲ့သည်။

ဘုရားရှင်သည် ၄၅-၀ါအနက် ဇေတ၀န်ကျောင်းတော်တွင် အချိန်အကြာမြင့်ဆုံး ၁၉-၀ါ တိုင်တိုင် သီတင်းသုံးတော်မူသဖြင့် သာဝတ္ထိပြည်၌ ဟောသော တရားများသည် အများဆုံး ဖြစ်တော့သည်။ ပုဗ္ဗာရုံကျောင်းတော်တွင် ၆-၀ါ သီတင်းသုံးတော်မူသည်။

မြတ်စွာဘုရားသည် မည်သည့်မြို့ရွာ၌ သီတင်းသုံးသည်ဖြစ်စေ၊ နေ့စဉ်နှင့် အမျှ ပြုလုပ်ဆောင်ရွက်ဖွယ်များကို တစ်နေ့တာလျှင် အချိန်ငါးပိုင်း ပိုင်း၍ သတ်မှတ် ဆောင်ရွက်တော်မူလေ့ရှိသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment