ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ကပိလ၀တ်ပြည်သို့ ကြွတော်မူခန်း (ကာဠုဒါယီအမတ် ပင့်ဆောင်ခြင်း)

ကာဠုဒါယီအမတ်နှင့် မင်းချင်းတို့လည်း ရဟန္တာချည်းပင်ဖြစ်တော်မူကြပြန်ရာ မြတ်စွာဘုရားရှင်အား ခမည်းတော်နှင့် ဆွေတော်မျိုးတော်တို့အား ချီးမြှောက်ပါရန် ကြွရောက်ပါမည့်အကြောင်း လျှောက်ထားလေသည်။

ထိုအချိန်ကား တပေါင်းလဖြစ်၍ မအေးလွန်း မပူလွန်း၊ ရွက်သစ်လောင်း၍ ရွက်ဟောင်းကြွေချိန်လည်းဖြစ်၏၊ သီးနှံရိတ်သိမ်းပြီးစဖြစ်၍ ခရီးလမ်းပန်းလည်း ချောမော၏၊ ခရီးလမ်းတလျှောက် ပန်းမျိုးစုံ ဖူးပွင့်သော အခါသမယလည်း ဖြစ်သည်၊ အရှင်ကာဠုဒါယီမထေရ်သည် အခါရာသီတောတောင်သဘာဝ သာယာလှပမူတို့ကို ၆၄-ပုဒ်သော ဂါထာ ကဗျာများ ဖွဲ့ဆိုကာ ကပိလ၀တ် နေပြည်တော်သို့ကြွရန် တောင်းပန် လျှောက်ထားလေသည်။

မြတ်စွာဘုရားရှင်သည် တပေါင်းလပြည့်ကျော် (၁)ရက်နေ့တွင် ရာဇဂြိုဟ် ဝေဠုဝန်ကျောင်းတော်မှ နောက်ပါရဟန်းအပေါင်း နှစ်သောင်းခြံရံတော်မူလျက် ကပိလ၀တ်နေပြည်တော်သို့ ကြွချီတော်မူလေသည်။ ရာဇဂြိုလ်ပြည်နှင့် ကပိလ၀တ်နေပြည်တော်သည် ယူဇနာ ၆၀-ဝေးကွာသဖြင့် တစ်နေ့လျှင် တစ်ယူဇနာကျ ကြွတော်မူရာ (၂)လ တိုင်တိုင် ကြွတော်မူရလေသည်။ ကာဠုဒါယီမထေရ်သည် ဈာန်အဘိညာဉ်ဖြင့် ကောင်းကင်မှ ကြွကာ ခမည်းတော်မင်းကြီးထံ သတင်းပို့ရာ ရှင်ကာဠုဒါယီကို မြင်သည်နှင့် မင်းကြီးမှာ လွန်စွာ နှစ်ထောင်းအားရ ၀မ်းမြောက်မဆုံး ရှိရလေတော့သည်။

အရှင်ကာဠုဒါယီကား ဆွမ်းကပ်လှူသောအခါ နန်းတွင်းမှာ မဘုဉ်းပေးဘဲ “မြတ်စွာဘုရားရှင်အား ဆက်ကပ်ရဦးမည်” ဟု မင်းကြီးအား ပြောကြားရာ မင်းကြီးမှာ ပို၍ ၀မ်းမြောက်သွားလေသည်။ အရှင်ကာဠုဒါယီသည် မြတ်စွာဘုရားရှင်နှင့် တပည့်ရဟန်း နှစ်သောင်းတို့ ဘယ်စခန်းသို့ ရောက်လာ ပြီဖြစ်ကြောင်း၊ မင်းကြီးထံ သတင်းပို့ရင်း ခမည်းတော်ကြီး၏ ဆွမ်းကို ကောင်းကင် ခရီးဖြင့် ယူဆောင်ကာ နေ့စဉ်ပင် ဆက်ကပ်ရလေသည်။ ကဆုန်လပြည့်ကျော် (၁)ရက်နေ့တွင် မြတ်စွာဘုရားသခင်သည် ကပိလ၀တ်နေပြည်တော်သို့ ဆိုက်ရောက်တော်မူလေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment