ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 20 September 2011

အကုသိုလ်ကံ

အကုသိုလ်ကံဆိုသည်မှာ အပြစ်ရှိခြင်း၊ မကောင်းသောအကျိုးကိုပေးခြင်း သဘောရှိသည်။ မကောင်းမူ ပြုသောသူသည် မကောင်းမူပြုသည့်အတွက် ဤဘ၀၌လည်း ဆင်းရဲဒုက္ခအမျိုးမျိုးရရှိခံစားရသည်။ တမလွန်ဘ၀၌လည်း ငရဲကျခြင်း စသော မကောင်းကျိုးများ ခံစားရသည်။

ထိုအကုသိုလ်ကံသည် ကာယကံ အကုသိုလ်၊ ၀စီကံ အကုသိုလ်၊ မနောကံ အကုသိုလ် ဟူ၍ သုံးမျိုးရှိသည်။

သတ္တ၀ါတို့သည် ထိုမိမိတို့ပြုလုပ်သော ထိုကောင်းကံ ဆိုးကံအရသာ စံကြရ ခံကြရသည်။ ထိုကံအကျိုးပေးမူကို တမျိုးတမည်ဖြစ်အောင် မည်သည့် တန်ခိုးရှင်ကမှ ပြုပြင်ပြောင်းလွဲ ဖယ်ရှား ခုခံနိုင်ခြင်းမရှိ။ မလွဲမသွေ ဧကန်မုချ ဖြစ်တတ်သော သဘောရှိ၍ “နိယာမတရား”ဟု ခေါ်သည်။

အကုသိုလ်ကံသည်လည်း ကာယကံ ၃-ပါး၊ ၀စီကံ ၄-ပါး၊ မနောကံ ၃-ပါးအားဖြင့် ၁၀-ပါးရှိသည်။ အကုသိုလ်ဟူသည် အပြစ်ရှိခြင်း၊ မကောင်းသော အကျိုးကို ပေးခြင်း သဘောရှိ၏။ မကောင်းသော ကိုယ်မူ နူတ်မူ စိတ်မူတို့ဖြစ်၍ ဒုစရိုက်တရားများ ဟုလည်း ခေါ်ဆိုကြသည်။

ထိုဒုစရိုက်တရားဆယ်ပါး တို့သည် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဟူသော အပါယ်လေးပါးသို့ ရောက်စေတတ်သော လမ်းခရီး ဖြစ်သောကြောင့် “အကုသလကမ္မပထ တရား ၁၀-ပါး” ဟုလည်း ခေါ်သည်။

အကုသလကမ္မပထတရားဆယ်ပါးတို့တွင် ပါဏာတိပါတ၊ ဖရုသ၀ါစာ၊ ဗျာပါဒ ဤသုံးပါးတို့သည် ဒေါသကြောင့် ဖြစ်ကြသည်။ ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိ ဤသုံးပါးတို့သည် လောဘကြောင့် ဖြစ်ကြသည်။ အဒိန္နာဒါနာ၊ မုသာဝါဒ၊ ပိသုဏ၀ါစာ၊ သမ္ဇပ္ပလာပ ဤလေးပါးတို့သည် လောဘ ဒေါသ နှစ်ပါးကြောင့် ဖြစ်ကြသည်။

အကုသိုလ်ကံတို့တွင် မိစ္ဆာဒိဋ္ဌိခေါ် အယူလွဲမှားမူ၊ ကံ ကံ၏အကျိုးကို မသိမြင် မယုံကြည်မူသည် အပြစ်အကြီးဆုံးကံ ဖြစ်သည်။ အကုသိုလ်ကံသည် ကုသိုလ်ကံလောက် အင်အားကြီးမူ မရှိပေ။ ကုသိုလ်ကံ အကုသိုလ်ကံ ဖြစ်ပွားရေးအတွက် ကမ္မဿကတာဉာဏ်သည် အခြေခံကျသည်။ “ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ မိမိပြုလုပ်သော ကံမှတပါး လောကကြီးအား စီမံဖန်တီးသူမရှိ” ဟု သိသောဉာဏ်သည် ကမ္မဿကတာဉာဏ် ဖြစ်သည်။ ထိုသို့ သိမြင်ယုံကြည်မှသာ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်သည်။

ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အစွမ်းသတ္တိကြောင့် သတ္တ၀ါ အပေါင်းတို့သည် အသက်တို ရှည် ကွာခြားမူ၊ အဆင်းလှ မလှ ကွာခြားမူ၊ ပစ္စည်းဥစ္စာပြည့်စုံမူ၊ မပြည့်စုံမူ၊ ဘ၀သမ္ပတ္တိပြည့်စုံမူ၊ မပြည့်စုံမူ စသည်တို့ ဖြစ်ပေါ်ကြရသည်။ သို့ဖြစ်၍ ကုသိုလ်ကံများ ဖြစ်ပွားစေရန် ကြိုးစားကြရသည်။

အထက်ပါ ကုသလကမ္မပထတရားဆယ်ပါး၊ အကုသလကမ္မပထ တရားဆယ်ပါးတို့တွင် တပါးပါးကို ပြုလုပ်ရာ၌ -

(၁) ကိုယ်တိုင် ပြုလုပ်ခြင်း၊

(၂) သူတပါးကို ပြုလုပ်ရန် တိုက်တွန်း ခိုင်းစေခြင်း၊

(၃) ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ပြောပြ၍ ချီးမွမ်းအားပေးခြင်း၊

(၄) သူတပါးတို့ ပြုလုပ်နေသည်ကို ၀မ်းမြောက်ဝမ်းသာ ကျေနပ် သဘောကျခြင်း၊ သဘောတူခြင်း -

ဤလေးမျိုးဖြင့် မြှောက်ပွားလိုက်လျှင် သုစရိုက်တရား အပါးလေးဆယ်၊ ထို့အတူ ဒုစရိုက်တရားလည်း အပါးလေးဆယ် ဖြစ်ပေါ်လာသည်။ ကောင်းကျိုး ဆိုးပြစ်များကို အတူတူပင် ခံစံကြရ၏။

ဆောင်ပုဒ် ။ ။
ကိုယ်တိုင်, တိုက်တွန်း၊ ချီးမွမ်း, စိတ်တူ၊
မြှောက်ပွားမူ၊ မှတ်ယူ လေးဆယ်ကံ။
ကြံရာပါလူ၊ လေးဦးတူ၊ မျှယူ ခွဲဝေခံ။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment