ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ရာဇဂြိုလ်ပြည်သို့ ကြွချီတော်မူခြင်း (ဗိမ္ဗသာရ၏ ဆွေမျိုးဟောင်း ပြိတ္တာများ)

ထိုနေ့ည၌ပင် ဗိမ္ဗိသာရမင်းကြီး၏ နန်းတော်တစ်ခုလုံး ပြိတ္တာများ၏ အလွန်ကြောက်မက်ဘွယ်ကောင်းသော ဟစ်အော်ငိုညည်းသံများ၊ ခြောက်လှန့်သံများကို ကြားရသဖြင့် ကြောက်ရွံ့ ထိတ်လန့်ကာ စက်တော် မခေါ်နိုင်ဘဲ ရှိလေသည်။ ထို့ကြောင့် နောက်တစ်နေ့ နံနက် ဘုရားရှင်ထံသို့ သွားရောက် လျှောက်ထားရာ တိရောကုဋ္ဋသုတ္တန်ကို ဟောကြားတော်မူသဖြင့် သတ္တ၀ါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာသိမြင် ကျွတ်တမ်းဝင်ကြလေတော့သည်။

တိရောကုဋ္ဋသုတ္တန်ဟောခြင်းအကြောင်းမှာ လွန်ခဲ့သည့် ၉၂-ကမ္ဘာကာလဖုဿမြတ်စွာဘုရားရှင် လက်ထက်တွင် ဗိမ္ဗိသာရလောင်းလျာ အတွင်းဝန်နန်းနှင့် ဆွေမျိုးသားချင်းများသည် ဘုရားအမှူးရှိသော သံဃာတော်များ၏ ဆွမ်းကွမ်းဝေယျာဝစ္စများကို ဆောင်ရွက်ကြရလေရာ ဝေယျာဝစ္စကောင်းမွန်ချိန် လုပ်သူများသည် နတ်ပြည်သို့ ရောက်ကြသည်။ သံဃာ့ပစ္စည်းကို ခိုးယူသိုဝှက် စားသုံးဖျက်ဆီးသူတို့ကား ငရဲကျပြီးနောက် ကဿပဘုရားရှင်လက်ထက်တွင် ပြိတ္တာဘ၀သို့ ရောက်ရှိသွားကြသည်။ ထိုပြိတ္တာများသည် မိမိ၏ ဆွေမျိုးများက ကုသိုလ်အမျှတန်း ပေးဝေ၍ သာဓုခေါ်ရသဖြင့် ကျွတ်သွားသော ပြိတ္တာများကို ကြည့်ကာ မိမိတို့အားရည်စူး၍ ကုသိုလ်ပြုအမျှဝေမည့်သူကို မသိနိုင်ကြသဖြင့် ကဿပဘုရားရှင်အား လျှောက်ထားကြသည်။

နောက်ပွင့်မည့် ဂေါတမဘုရားရှင် လက်ထက်တွင် ထိုပြိတ္တာတို့၏ ဆွေမျိုးဟောင်းဖြစ်သော အတွင်းဝန်မင်းသည် ဗိမ္ဗိသာရမင်းအမည်ဖြင့် ဖြစ်သောအခါ အမျှဝေသဖြင့် ပြိတ္တာဘ၀မှ ကျွတ်လွတ်ကြမည့်အကြောင်းကို ဟောတော်မူသည်။ ဗိမ္ဗိသာရမင်း၏ ဆွေမျိုးဟောင်း ပြိတ္တာတို့သည် ဘ၀ပေါင်းများစွာ ကြာကြီးကြာမှ ကျွတ်လွတ်ရမည်ကို ယနေ့ နက်ဖြန် ကျွက်လွတ်ရမည့်အလား များစွာ ၀မ်းမြောက် မျှော်လင့်နေခဲ့ကြကုန်၏။

ဗိမ္ဗိသာရမင်းသည် ဘုရားအမူရှိသော သံဃာတော်များအား ဆွမ်းကျွေးပြီးနောက် ကျောင်းအရံလှူပြီးသော်လည်း ကုသိုလ်အမျှဝေမိသဖြင့် ဆွေမျိုးဟောင်း ပြိတ္တာတို့ တစ်ညလုံး ခြောက်လှန့်ကြခြင်းဖြစ်လေသည်။

ထိုပြိတ္တာတို့ကို အကြောင်းပြု၍ မြတ်စွာဘုရားသည် ဘိရောကုဋ္ဋသုတ္တန်ကို ဟောပြောတော်မူလေရာ ကုသိုလ်ဒါနပြုတိုင်း ဆွေမျိုးဟောင်းများအား ကုသိုလ်အမျှဝေရန် ညွှန့်ကြားတော်မူလေသည်။ ဗိမ္ဗိသာရမင်းကြီးလည်း ဘုရားအမှူးရှိသော သံဃာတော်များ နောက်တစ်နေ့နံနက် နန်းတော်သို့ကြွ၍ ဆွမ်းဘုဉ်းပေးပါရန် ပင့်လျှောက်လေရာ ဘုရားရှင်သည် နံရံတံတိုင်းစသည်တို့၌ အ၀တ်အစားဆင်းရဲကာ ကြောက်မက်ဘွယ် အရုပ်အဆင်းများဖြင့် စောင့်မျှော်နေကြသော ပြိတ္တာများကို မင်းကြီးအား တန်ခိုးတော်ဖြင့် ပြတော်မူလေသည်။ ဆွမ်းခဲဘွယ်ဘောဇဉ်များကို ဆပ်ကပ်ပြီး အမျှအတန်း ပေးဝေလိုက်ရာ ပြိတ္တာဘ၀မှ ကျွတ်လွတ်၍ ကိုယ်ရေအဆင်း လှပစွာဖြင့် နတ်တို့၌ဖြစ်သော ခဲဘွယ်ဘောဇဉ်များ စားသုံးနေသည်ကို မြင်ရလျှင် မင်းကြီးသည် လွန်စွာ ၀မ်းမြောက်သွားလေသည်။

ထို့နောက် အ၀တ်သင်္ကန်း အိပ်ရာ နေရာ စသည် လှူဒါန်းပြီး အမျှဝေပြန်ရာ နတ်ဝတ်တန်ဆာများနှင့် အိပ်ရာ နေရာ ဗိမာန်များ ရရှိသွာသည်ကို မြင်သောအခါ မင်းကြီးသည် ပို၍ ၀မ်းသာကြည်နူး ဖြစ်သွားလေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment