ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ကပိလ၀တ်ပြည်သို့ ကြွတော်မူခန်း (ညီတော်နှင့် သားတော်တို့အား ရှင် ရဟန်းပြုပေးခြင်း)

မြတ်စွာဘုရားရှင် ကပိလ၀တ်သို့ ရောက်တော်မူပြီးနောက် သုံးရက်မြောက်နေ့ နန်းတော်သို့ ဆွမ်းစားကြွရာတွင် ခမည်းတော်မင်းကြီးသည် မဟာပဇာပတိဂေါတမီ၏ သားဖြစ်သူ နန္ဒမင်းသားအား ဇနပဒကလျာဏီနှင့် ထိမ်းမြားလက်ထပ်၍ အိမ်ရှေ့မင်းအရာ အပ်နှင်းသည်၊ နန်းတက်မင်္ဂလာ ဆွမ်းကျွေးပွဲအပြီး ညီတော်နန္ဒမင်းသားအား သပိတ်ထမ်း ခေါ်ဆောင်၍ ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။

“မြန်မြန် ပြန်လာခဲ့ပါ မောင်တော်” ဟူသော ဇနပဒကလျာဏီ၏ စကားသည် နန္ဒမင်းသား၏ နှလုံးသားဝယ် တံကျင်လျှိုသကဲ့သို့ ဖြစ်သွားကာ နောက်ဆံတင်းတင်းနှင့် မငြင်း မဆန်သာ လိုက်ပါသွားရသည်၊ ကျောင်းတော်သို့ ရောက်လျှင် ရဟန်းပြုပေး၍ တရားသဖြင့် မမွေ့လျော်နိုင်ဘဲရှိရာ ဇနပဒကလျာဏီအလှကို မျောက်မနှင့်လည်းကောင်း၊ နတ်သမီးများနှင့်လည်းကောင်း လက်တွေ့ နိုင်းယှဉ်ပြတော်မူလေသည်။ နန္ဒမထေရ်သည် နတ်သမီးကို အကြောင်းပြု၍ ရဟန်းတရားကို ဆက်လက် အားထုတ်ရာ ရဟန္တာဖြစ်တော်မူလေသည်။

ခုနှစ်ရက်မြောက်သောနေ့ နန်းတော်သို့ ဆွမ်းစားကြွရာ ယသောဓရာသည် ခုနှစ်နှစ်အရွယ်သို့ ရောက်လာသော သားတော်ရာဟုလာအား ကောင်းစွာ ၀တ်စားဆင်ယင်စေ၍ ဘုရားရှင်ထံ စေလွှတ်ကာ အမွေတောင်းခိုင်းလေသည်။

ဘုရားအလောင်းတော်သည် ဖွားတော်မူသည့်နေ့တွင် တစ်နေ့တည်းဖွားမြင်ဖြစ်ပေါ်လာသော “ယသောဓရာမင်းသမီး၊ အာနန္ဒာမင်းသား၊ ကာဠုယီအမတ်၊ ဆန္နအမတ်၊ ကဏ္ဍကမြင်းတော်၊ ဗောဓိပင်နှင့် ရွှေအိုးကြီးလေးလုံး” ဟူသော ဖွားဘက်တော် ၇-မျိုးရှိရာတွင် တောထွက်သည့် အချိန်မှစ၍ ပျောက်ကွယ်သွားသော ရွေအိုးကြီးလေးလုံးကို ရည်ညွှန်း၍ အမွေတောင်းခိုင်းခြင်းဖြစ်သည်။

ဘုရားရှင်ဆွမ်းစားပြီး၍ နိဂြောဓာရုံကျောင်းတော်သို့ ပြန်သောအခါ သားတော်ရာဟုလာလည်း ခမည်းတော်ဘုရား၏ သင်္ကန်းကိုဆွဲကာ တစာစာ အမွေတောင်းရင်း ကျောင်းတော်သို့ ပါသွားလေသည်။ ကျောင်းတော်သို့ ရောက်သောအခါ ချစ်လှစွာသော သားတော်အား လောကီ အမွေထက် တန်ဖိုးရှိသော လောကုတ္တရာအမွေကိုသာ ပေးတော်မူလိုသဖြင့် အရှင်သာရိပုတ္တရာအား ရှင်သာမဏေပြုပေးစေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment