ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 14 September 2011

ကောဋိရွာမှ ဝေသာလီသို့

ထိုမှတစ်ဆင့် မြတ်စွာဘုရားသည် ကောဋိရွာသို့ ကြွတော်မူရာ ရဟန်းများအား သစ္စာလေးပါးကို ဖြည့်ကျင့်ကြရန် ထပ်မံ တိုက်တွန်းတော်မူသည်။

ထိုမှတဆင့် နာတိကရွာသို့ ကြွတော်မူရာ အုတ်တိုက်ကျောင်း၌ သီတင်းသုံးတော်မူစဉ် နာတိကရွာနေ မကြာမီက ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားကြသော ရဟန်း၊ ရှင် လူတို့မှာ ထူးထူးခြားခြား များပြားနေသဖြင့် အရှင်အာနန္ဒာသည် ထိုကွယ်လွန်သူတို့၏ လားရာဂတိကို လျှောက်ထားလေသည်၊ မြတ်စွာဘုရားရှင်က -

“လူတွေ သေတိုင်းသေတိုင်း ထိုသူတို့၏လာရာဂတိကို မေးလျှောက်ကြလျှင် ငါဘုရားပင်ပန်းရုံသာရှိမည်၊ ကိုယ့်ဟာကိုယ်သိအောင် လုပ်ရမည်”ဟု မိမိကိုယ်တိုင် မှန်ရှေ့၌ ရပ်ကြည့်သည့်ပမာ ကိုယ်တိုင်ကြည့်၍ မြင်နိုင်သောနည်း (တရားကြေးမုံ)ကို ဟောပြတော်မူလေသည်။ “သိက္ခာသုံးပါး” ဖြည့်ကျင့်ရန်လည်း ထပ်မံ သတိပေးတော်မူ၏။

ဘုရား တရား သံဃာ ရတနာသုံးပါး၌ မမှိတ်မသုံး ယုံကြည်၍ ငါးပါး သီလ အပြည့်အ၀ လုံခြုံသူသည် အပါယ်လေးပါးမှ ကင်းလွတ်၍ သုဂတိဘ၀ ရောက်နိုင်ကြောင်း ရှင်းပြတော်မူ၏။

ထို့နောက် နာတိကရွာမှ ကြွတော်မူ၍ ရဟန်းတော်များနှင့်အတူ ဝေသာလီပြည် အမ္ဗပါလီပြည့်တန်ဆာမ၏ သရက်ဥယျာဥ၌ သီတင်သုံးတော်မူ၏။ နောက်တစ်ရက် နံနက်ဆွမ်းကို အမ္ဗပါလီကပင် လှူဒါန်းရန် ပင့်လျှောက်လေ၏။

အမ္ဗပါလီသည် အလွန်ချောမော လှပသူဖြစ်ရာ နောက်ပါ ရဟန်းငယ်များအား ကြိုတင် ဆုံးမခြင်းအားဖြင့် သတိပဋ္ဌာန်းတရားလေးပါးကို ဟောကြားတော်မူသည်။

လိစ္ဆ၀ီမင်းသားများသည် ခမ်းနားကြီးကျယ်စွာ လာရောက် ဖူးမြော်ကြရာ (ခမ်းနားကြီးကျယ်သော မင်းစည်းစိမ်သည် မကြာမီအဇာတသတ်ရန်ကြောင့် ပျက်စီးရမည့်အရေးကို မြင်တော်မူ၍ မင်းစည်းစိမ်ကား ရေပွက်ပမာ တစ်သက်လျာမျှသာ ဖြစ်ကြောင်း အနိစ္စလက္ခဏာကို ဆင်ခြင်နိုင်ကြစေရန်) “တာဝတိံသာနတ်ပရိသတ်ကို မမြင်ဖူးလျှင် လိစ္ဆ၀ီမင်းများကို ကြည့်ကြလော့”ဟု မိန့်တော်မူသည်။ “သိက္ခာသုံးပါး” ဖြည့်ကျင့်ရန်လည်း ထပ်မံ သတိပေးတော်မူ၏။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment