ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ကပိလ၀တ်ပြည်သို့ ကြွတော်မူခန်း (ကပိလ၀တ်ပြည်၌ ဆွမ်းခံကြွတော်မူခြင်း)

ဆွေတော်မျိုးတော်များအားလုံး တရားနာပြီး ကျောင်းတော်မှ ပြန်သွားကြသော်လည်း တစ်ဦးတစ်ယောက်မျှ နောက်တစ်ရက် နံနက်ဆွမ်းအတွက်ပင့်ဖိတ် လျှောက်ထားခြင်း မရှိခဲ့ချေ၊ ခမည်းတော် မင်းတရားကြီးကား မိမိသဘောနှင့်မိမိ နန်းတော်တွင်း၌ ဆွမ်းကပ်ရန် စီမံထားလေသည်။ ဘုရားရှင်ကား ရှေးဘုရားရှင်တို့၏ အစဉ်အလာအရ အိမ်စဉ်ဆွမ်းခံ၍ ဘုဉ်းပေးရသောဝတ်ကို မချွတ်ယွင်းစေရအောင် နောက်တစ်ရက်နံနက်တွင် သံဃာတော်ပေါင်း နှစ်သောင်းခြံရံလျက် ကပိလ၀တ်နေပြည်တော်အတွင်း ဆွမ်းခံ လှည့်တော်မူသည်။

ရောင်ခြည်တော်ခြောက်ဖြာ ကွန့်မြူးလျက် အထူးတင့်တယ်ကြည်ညိုစဖွယ် ဆွမ်းခံကြွတော်မူသည်ကို ပြည်သူပြည်သားတို့သည် တအံ့တသြ ကြည့်ရူကြည်ညိုနေကြလေသည်၊ ရာဟုလာမယ်တော် ယသောဓရာသည် အဆောင်တော်မှ လှမ်းမျှော်ကြည့်ကာ တစ်လမ်းပြီးတစ်လမ်း၊ တစ်အိမ်ပြီးတစ်အိမ် လှည့်လည်တောင်းခံသည်ကို မြင်ရသောအခါ ရင်ထုမနာဖြစ်ရလေ၏၊ သားတော်ရာဟုလာကိုလည်း ပွေ့ချီကာ “အဲဒါ သားရဲ့ခမည်းတော်ပဲ”ဟု ပြောဆို ညွှန်ပြလေသည်။

ယသောဓရာသည် ချက်ချင်းပင် ခမည်းတော်မင်းကြီးထံ သွား၍ လျှောက်တင်လေရာ မင်းကြီးလည်း ဘုရားရှင်ထံ အဆောတလျင် သွားရောက်၍ ထိုသို့ပြုလုပ်ရန် မသင့်လျော်ကြောင်း လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်က အိမ်စဉ်လှည့်၍ ဆွမ်းခံစားသော အကျင့်သည် ဘုရားရှင် အဆူဆူတို့၏ မြတ်သောအကျင့်ဖြစ်ကြောင်း ဟောတော်မူရာ မင်းကြီး သောတာပန် တည်လေသည်၊ မင်းကြီးသည် ဘုရားရှင်သပိတ်တော်ကို လှမ်းယူ၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား နန်းတော်သို့ ဆွမ်းကပ်ရန် ပင့်ဆောင်လာသည်။

ယသောဓရာမှတပါး သာကီဝင် ဆွေမျိုးတော်များအားလုံးလည်း စုရုံးရောက်ရှိလာကြ၏၊ နေရာတော်၌ ထိုင်ပြီးလျှင် အိမ်စဉ် လှည့်လည်၍ တရားသဖြင့် ဆွမ်းခံစားရသော ကျင့်ဝတ်သည် အသက်မွေးမူ စင်ကြယ်၍ ပစ္စုပ္ပန်သံသရာ ချမ်းသာကြီးပွားကြောင်း ဖြစ်သည်ဟု ဆွမ်းခံဝတ်အကြောင်းကို ဆက်လက် ဟောပြတော်မူရာ မိထွေးတော် မဟာပဇာပတိဂေါတမီ သောတာပန်တည်၍ ခမည်းတော်မင်းကြီး သကဒါဂါမ်တည်သွားသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment