ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 31 December 2011

ကာမေသုမိစ္ဆာစာရ အကုသိုလ်အပြစ်

ဤသို့လျှင် အဒိန္နဒါန အကုသိုလ်၏ အပြစ်ကို ပြတော်မူပြီး၍ ကာမေသုမိစ္ဆာစာရ အကုသိုလ်၏ အပြစ်များကို ပြတော်မူလိုသော မြတ်စွာဘုရားသည်။



ကာမေသုမိစ္ဆစာရော ဘိက္ခဝေ အာသေ၀ိတော ဘာဝိတော၊ ဗဟုလိကတော။ နိရယသံဝတ္တနိကော။ တိရစ္ဆာနယောနိ သံဝတ္တနိကော။ ပေတ္တိဝိသယသံ ၀တ္တနိကော။ ယော သဗ္ဗလဟု၊ သော ကာမေသု မိစ္ဆာစာရဿ ၀ိပါကော မနုဿဘူတဿ၊ သပတ္တဝေရ သံဝတ္တနိကော ဟောတိ။
ဟူ၍ ဟောတော်မူ၏။

ဘိက္ခဝေ၊ သံသရာဝန် တဏှာညွန်ကို အလွန် စက်ဆုပ်ကြကုန်သော သူတော်ကောင်း အပေါင်းတို့။ ကာမေသုမိစ္ဆာစာရော၊ ကာမဂုဏ်တို့၌ မှားသောအကျင့်ဟု ဆိုအပ်သော ကာမေသုမိစ္ဆာရ အကုသိုလ်သည်။ အာသေ၀ိတော၊ အဖန်ဖန် အထပ်ထပ် အားထုတ်အပ်သည်ရှိသော်။ ဘာတိတော၊ လေ့လာ အားထုတ်အပ်သည်ရှိသော်၊ ဗဟုလိကတော၊ အကြိမ်များစွာ ပြုအပ်သည်ရှိသော်။ နိရသသံဝတ္တနိကော၊ ငရဲဘုံ၌လည်း ဖြစ်စေတတ်၏။ တိရစ္ဆာန ယောနိသံဝတ္တ နိကော၊ တိရစ္ဆာန်မျိုး၌လည်း ဖြစ်စေတတ်၏။ ပေတ္တိဝိသယ သံဝတ္တ နိကော၊ ပြိတ္တာဘုံ၌လည်း ဖြစ်စေတတ်၏။ ကာမေသုမိစ္ဆာစာရဿ၊ ကာမဂုဏ်တို့၌ မှားသောအကျင့်ဟု ဆိုအပ်သော ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံ၏။ ယောဝိပါကော၊ အကြင်အကျိုးသည်။ သဗ္ဗလဟု၊ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ ဟူကုန်သော အလုံးစုံသော အကျိုးတို့အောက် အယုတ်ညံ့ဆုံး၊ အပေါ့ဆုံး ဖြစ်၏။ သောဝိပါကော၊ ထိုအကျိုးသည်။ မနုဿဘူတဿ၊ လူဖြစ်သောသူအား။ သပတ္တဝေရ သံဝတ္တနိကော၊ များသောရန်သူရှိခြင်း။ မြင်တိုင်း မြင်တိုင်းသော သူတို့၌ ခိုက်ရန်၏ ပွားစီးခြင်းကိုလည်း ဖြစ်စေတတ်၏။

အဓိပ္ပာယ်ကား - အကြင် ပရိသတ်အပေါင်း သူတော်ကောင်းတို့ မသွား မလာထိုက်သော ဌာန၌ လွန်ကျူးခြင်းသည် ကာမေသုမိစ္ဆာစာရ မည်၏၊

အစောင့်အရှောက် မကင်းသော မိန်းမတစ်ကျိပ်
မသွားမလာထိုက်သော ဌာန ဟူသည်ကား -

၁။ အမိစောင့်သော မိန်းမ။

၂။ အဖစောင့်သော မိန်းမ။

၃။ မိဘနှစ်ပါးစုံစောင့်သော မိန်းမ။

၎။ မောင်စောင့်သော မိန်းမ။

၅။ အစ်မ, ညီမ စောင့်သော မိန်းမ။

၆။ ဆွေမျိုးစောင့်သော မိန်းမ။

၇။ အနွယ်တူသောလူ စောင့်သော မိန်းမ။

၈။ သီတင်းသုံးဖော် စောင့်သော မိန်းမ။

၉။ တစ်စုံတစ်ယောက်သောသူ အစောင့်အရှောက် ရှိသောမိန်းမ။

၁၀။ အစိုးရမင်းတို့က ဒဏ်ဖြင့် ပညတ်၍ စောင့်ရှောက်အပ်သော မိန်းမ။

ဟူ၍ တစ်ကျိပ်သော မိန်းမတို့သည် လည်းကောင်း။

မယားတစ်ကျိပ်
၁။ ဥစ္စာဖြင့် ၀ယ်၍ ယူအပ်သော မယား။

၂။ အလိုတူ၍ လင်မယား ဖြစ်သော မယား။

၃။ ဥစ္စာ တစိုးတစိပေး၍ ပေါင်းသင်းအပ်သော မယား။

၎။ ထမီ တဘက်ပေး၍ ပေါင်းသင်းအပ်သော မယား။

၅။ ရေခွက်ကို လက်ဖြင့်နိုက်၍ “စီရံ ဇီဝတု” ဟသည်ဖြင့် ဆို၍ ပေါင်းသင်းအပ်သော မယား။

၆။ အထီးကျန် ဆင်းရဲလှသောကြောင့် မယား၏ အဖြစ်သို့ ရောက်စေသဖြင့် ဆင်းရဲခြင်း ဒုက္ခမှ ထုတ်နုတ်၍ ယူအပ်သော မယား။

၇။ ကျွန်မလည်းဖြစ် မယားလည်းဖြစ်သော မယား။

၈။ စစ်မြေအရပ်မှ ဆောင်ယူအပ်သော မယား။

၉။ တစ်ခဏမျှ ပေါင်းသင်းရသော ခဏမယား။

၁၀။ အမူလုပ်မယား (မယားအပြုခံရသော အလုပ်သမ)

ဟူ၍ တစ်ကျိပ်သောမယားတို့သည် လည်းကောင်း၊ ဤနှစ်ကျိပ်သော မိန်းမတို့သည် ယောက်ျားတစ်ပါးတို့သည် မသွားမလာထိုက်သော ဌာနမည်ကုန်၏။

မိန်းမတို့မှာကား အစိုးပိုင်လင်ရှိသော မိန်းမဖြစ်အံ့၊ မိမိလင်မှတစ်ပါးသော ယောက်ျားတို့သည် မသွားမလာထိုက်သော ဌာနတို့ မည်ကုန်။

ဤသို့ ပြဆိုအပ်ခဲ့ပြီးသော မသွားမလာထိုက်သော ဌာနတို့၌ လွန်ကျူးသွားလာကုန်သော ယောက်ျား မိန်းမတို့သည် ကာမေသုမိစ္ဆာစာရကံ ထိုက်ကုန်၏။

ထိုကာမေသုမိစ္ဆာစာရကံသည် အဖန်ဖန် မှီဝဲအပ် ထုံးအပ် အားထုတ်၍ ပြုအပ်သည်ရှိသော် ငရဲ၌ဖြစ်၍ ဆင်းရဲကိုခံရခြင်း၊ တိရစ္ဆာန်မျိုး၌ဖြစ်၍ ဆင်းရဲကို ခံရခြင်း၊ ပြိတ္တာဘုံ၌ ဖြစ်၍ ဆင်းရဲကိုခံရခြင်းကိုလည်း ဖြစ်စေတတ်၏၊ အကြင် ကာမေသုမိစ္ဆာစာရကံ၏ အကျိုးသည် အလုံးစုံသော ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဟူသော အကျိုးတို့အောက် အယုတ်ဆုံး အပေါ့ဆုံး ဖြစ်၏၊ ထိုအကျိုးသည် အပါယ်ဘုံ၌ ဖြစ်စေတတ်သော ဇနကကံကုန်၍ လူ့ဘုံ၌ပင် ဖြစ်လာငြားသော်လည်းများသော ရန်သူရှိသောသူ၏ အဖြစ်၊ မြင်တိုင်း မြင်တိုင်းသော သူတို့၌ ခိုက်ရန်များသော သူ၏အဖြစ်၊ မြင်မြင်ရာရာ လူတကာတို့သည် လွန်စွာ မုန်းအပ်သောသူ၏ အဖြစ်ကိုလည်း ဖြစ်စေတတ်၏ ဟုဆိုသည်။

ဤသို့ ဟော်တော်မူအပ်သော ပါဠိတော်နှင့် အညီ ကာမေသုမိစ္ဆာစာရကံကို လွန်ကျူးသော သူတို့ အပြစ်ခံရကြောင်း ၀တ္ထုကို အနည်းငယ်မျှ ပြဦးအံ့။

အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

Wednesday 28 December 2011

အဒိန္နာဒါန အကုသိုလ်ကံကြောင့် အပါယ်လေးပါး၌ ဖြစ်စေတတ်သောကံ ကုန်၍ လူဖြစ်ခဲ့သော် အကျိုးပေးပုံ လူ့ဘဝ

ဤသို့ ပြဆိုအပ်ခဲ့ပြီးသော ငရဲ - တိရစ္ဆာန် - ပြိတ္တာ - အသူရကာယ် ဟူသော အပါယ်လေးဘုံတို့၌ ဖြစ်စေတတ်သော ဇနကကံ ကုန်၍ လူ့ဘုံ၌ပင် ဖြစ်ရငြားသော်လည်း ရွှေ ငွေ ဥစ္စာ ဘဏ္ဍာမရှိ၊ စားရာမဲ့ သောက်ရာမဲ့ စုတ်ပဲ့သော အထီးကျန် ဆင်းရဲလှသော လူဖြစ်ရခြင်း။



ပစ္စည်းဥစ္စာ ရှိပြန်ပါလျှင်လည်း ရေမျောခြင်း၊ မီးလောင်ခြင်း၊ မင်းပြစ်မင်းဒဏ်သင့်၍ ကုန်ဆုံးခြင်း၊ ခိုသားဓားပြတို့ နှိပ်စက်ခြင်းတည်းဟူသော ဘေးရန်များသောသူ၏ အဖြစ်ကိုလည်း ရခြင်း။

သူတောင်းစားအမျိုး၊ ဘင်ကြုံးအမျိုး စသော ယုတ်နိမ့်သော လူမျိုး၌ ဖြစ်ရခြင်း စသော အပြစ်များကိုလည်း အဒိန္နာဒါန အကုသိုလ်ကြောင့် ခံရတတ်၏။

ထို့ကြောင့် ရှေးဆရာတို့ စီကုံးအပ်သော ဂါထာတို့၌ -

ဒဒ္ဓလိဒ္ဓေါ ကပဏော ဧကော၊
ဝိရူပေါ ဗဟုပ္ပဒ္ဒဝေါ။
နိစကုလေသု ဇာယန္တိ၊
အဒိန္နာ ဒါနဿ ဒေါသကာ။

ဟူ၍ မိန့်ဆိုအပ်၏။

ယေ၊ အကြင်သူတို့ဥည်။ ပရသန္တကံ၊ သူတစ်ပါးတို့ ဥစ္စာကို။ အာဒိယန္တိ၊ ခိုးယူကုန်၏၊ တေ၊ ထိုသူတို့သည်။ အပါယမုတ္ထာနိ၊ အပါယ်လေးဘုံမှ လွတ်ကုန်သည်ဖြစ်၍။ မနုေဿသု၊ လူ့ဘုံတို့၌။ ဇာတေသုပိ၊ ဖြစ်ကုန်သော်လည်း။ သတက္ခက္တုံ၊ အရာမက အကြိမ်များလှစွာ။ ဒလိဒ္ဒေါ၊ သူဆင်းရဲ၏ အဖြစ်လည်းကောင်း။ ဧကော၊ တစ်ယောက်အထည်းထည်းသော။ ကဂဏောစ၊ အထီးကျန်သူ၏ အဖြစ်လည်းကောင်း။ ၀ိရူပေါစ၊ အဆင်းမလှသောသူ၏ အဖြစ်လည်းကောင်း။ ဗဟုပ္ပဒ္ဒဝေါ စ၊ များသော ဘေးရန်ရှိသောသူ၏ အဖြစ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဇာယန္တိ၊ ဖြစ်ရကုန်၏၊ ဣတိ ဣမေ၊ ဤသည်တို့ကား။ အဒိန္နာဒါနဿ၊ အဒိန္နာဒါန အကုသိုလ်၏။ ဒေါသကာ၊ အပြစ်တို့ပေတည်း။

ဤသို့လျှင် ရေးသား၍ ပြအပ်သော အဒိန္နာဒါနအကုသိုလ်၏ အပြစ်များကို စဉ်းစဉ်းစားစား နှလုံးထားကြကုန်လျက် ထိတ်လန့်ခြင်း သံဝေဂတရားဖြင့် သူတစ်ပါးတို့၏ ဥစ္စာကို ခိုးခြင်း အဒိန္နာဒါန အမူမှ ဝေးလှအောင် ရှောင်ရှားကြပါလေကုန်။

အဒိန္နာဒါန အကုသိုလ်၏ အပြစ်တို့ကို ဆိုရာအမြွက်ကား ပြီး၏။

အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

အဒိန္နာဒါန အကုသိုလ်ကံကြောင့် ပြိတ္တာဖြစ်ရသော ၀တ္ထု

သာဝတ္ထိပြည်၏အနီး ရွာငယ်တစ်ခု၌ ကောက်ကျစ်စဉ်းလဲသော ကုန်သည်တစ်ယောက် သည် ချိန်စင်းလဲ၊ တောင်းစင်းလဲ၊ အသပြာစင်းလဲတို့ဖြင့် အသက်မွေး၏၊ ထိုကုန်သည်လည်း သလေးစပါးပြင်းတို့ကို မြေနီဖြင့်ဆိုးလျက် သလေးနီပြု၍ နီသော စပါးတို့နှင့် ရော၍ ရောင်းစား၏။




ထိုကုန်သည်၏သားသည် အိမ်သို့ လာလတ်သော် ငါ၏ အဆွေခင်ပွန်းတို့အား ကောင်းသော စပါးကို ပေး၍ မြတ်နိုးခြင်းကို မပြုဟု အမျက်ထွက်ရကား သားရေးထမ်းပိုးကို ကိုင်ပြီးလျှင် အမိ၏ထိပ်၌ ရိုက်ခတ်၏။ သား၏ မယားဖြစ်သော ချွေးမသည် ခပ်သိမ်းသောသူတို့၏ အကျိုးငှာ ထားအပ်သော အမဲသားကို စားသောက်သောကြောင့်၊ တစ်ဖန် ထိုသူက မေးသောအခါ အကယ်၍ ငါသည် ထိုအမဲသားကို စားမိငြားအံ့၊ ဘ၀တိုင်း ဘ၀တိုင်း၌ ငါ၏ ကျောသားကို ခွါနူတ်၍ စားရစေသားဟု မုသားဝှက်ကွယ် ကြိမ်တွယ်ဆို၏၊ ကုန်သည်၏ မယားသည်လည်း သူတစ်ပါးတို့က စိုးစဉ်းသော ပစ္စည်းတစ်ခုခုကို တောင်းသည်ရှိသော် မရှိပါဟု ဆိုလေလျှင် ထိုသူတို့က အနိုင့်အထက်၊ တောင်းပြန်ရကား အကယ်၍ ထင်ရှားရှိလျက်နှင့် မရှိပါဟု ၀ှက်ကွယ်လေသော် ဘ၀တိုင်း ဘ၀တိုင်း၌ မစင်ကို စားရသည် ဖြစ်ပါစေသားဟု မုသားဝှက်ကွယ် ကျန်တွယ်ဆို၏။

ထိုလေးယောက်ကုန်သော အိမ်သူအိမ်သားတို့သည် အခါတစ်ပါး၌ သေကုန်သည်ရှိသော် ဂိဇ္ဈကုဋ် တောအုပ်၌ ပြိတ္တာဖြစ်ကြကုန်၏။

လေးယောက်သောသူတို့ အကျိုးပေးပုံ

ထိုလေးယောက်ကုန်သော သူတို့တွင် -

၁။ ကုန်သည်ယောက်ျားသည် ကံ၏ အကျိုးကြောင့် အလျှံတပြောင်ပြောင် တောက်သော ဖွဲကို လက်နှစ်ဖက်ဖြင့် ကျုံးယူလျှက် မိမိ၏ ဦးခေါင်းထက်၌ လောင်းကြဲသဖြင့် ထိုဖွဲမီး၏ ပြင်းစွာလောင်ခြင်းကြောင့် ဆင်းရဲပြင်းစွာ ခံရ၏။

၂။ သားသည် အမိကို ရိုက်သော အကုသိုလ်ကံကြောင့် ဆောက်ပုတ်လက်ရိုက်ဖြင့် မိမိအလိုလို မိမိဦးခေါင်းကို ရိုက်ခွဲ၍ ဖြန့်ကြဲသော ဦးနှောက်သွေးရည်ပေါက်တို့ဖြင့် ယိုစီးလျက် ဆင်းရဲပြင်းစွာ ခံရ၏။

ချွေးမ၏ အကျိုးပေးပုံ

၃။ ချွေးမလည်း ကံ၏အကျိုးကြောင့် ထက်လှသော၊ အလွန်ကြီးကျယ် ရှည်လျားသော လက်သည်းတို့ဖြင့် မိမိ၏ ကျောသားကို ခွာလျက် နူတ်စားသည် ဖြစ်၍ သွေးတို့ဖြင့် နီရဲလျက် ဆင်းရဲပြင်းစွာ ခံရ၏။

ကုန်သည်၏မယား အကျိုးပေးပုံ
၎။ ကုန်သည်၏ မယားမှာကား စင်ကြယ်သော အနံ့ရှိသော သလေးထမင်းသည် ဆောင်ယူကာမျှဖြင့် အထူးထူးသော ပိုးလောက်တို့ဖြင့် နောက်နယ်သော မကောင်းသော အနံ့ရှိသော မစင်ဖြစ်လေ၏။ ထိုပြိတ္တာ မိန်းမကြီးသည် ထိုမစင်ကို လက်တို့ဖြင့် ယူလျက် စားလေ၏။ ထိုမစင်ထဲက ပိုးလောက်တို့သည် အာခံတွင်းကို ကိုက်ခဲလျက် စားကြလေ ကုန်သောကြောင့် အတိုင်းထက် အလွန်သော ဆင်းရဲကို ခံရလေ၏။

ဤသို့ ပြိတ္တာလေးယောက်တို့ ဆင်းရဲခံရကုန်သည် ရှိသော် အရှင်မဟာ မောဂ္ဂလ္လာန်သည် ဒေသစာရီ လှည့်လည်ရာတွင် တစ်နေ့သ၌ ထိုအရပ်သို့ ရောက်၍ ထိုပြိတ္တာတို့ကို မြင်လျှင် သင်တို့တွင် -

၁။ တစ်ယောက်ကား - အလျှံပြောင်ပြောင် တောက်သော ဖွဲကို မိမိဦးခေါင်းထက် ကြဲလျက်။

၂။ တစ်ယောက်ကား - သံဆောက်ပုတ်ဖြင့် မိမိ ဦးခေါင်းကို မိမိရိုက်ခွဲလျက်။

၃။ တစ်ယောက်ကား - မိမိကျောသားကို မိမိခွာစားလျက်။

၎။ တစ်ယောက်ကား - မစင်ကို စားလျက် နေရ၏။

အဘယ်ကံ၏ အကျိုးနည်းဟု မေးတော်မူ၏။

၁။ အရှင်ဘုရား၊ အကျွန်ုပ်ကား စဉ်းလဲသောကုန်သည် လုပ်ခဲ့ဖူးပါသည်။

၂။ ဤသူကား - မိခင်၏ဦးခေါင်းကို ရိုက်နှက် ခဲ့ဖူးပါသည်။

၃။ ဤသူကား - အမဲသားကို စားလျက် မစားဟု မုသားဝှက်ကွယ် ကျန်တွယ်ခဲ့ဖူးပါသည်။

၎။ ဤသူကား - ထင်ရှားရှိလျက် မရှိဟု မုသားဆို၍ ကျိန်တွယ်ခဲ့ဖူးပါသည် ဘုရား

ဟု နားတော်လျှောက်လေ၏။

မထေရ်လည်း သင်တို့၏ အမူကား ၀န်လေးစွာဟု မိန့်တော်မူ၏။

ဤကား အဒိန္နာဒါန အကုသိုလ်ကြောင့် ပြိတ္တာဘုံ၌ ဖြစ်၍ ခံရကြောင်း ၀တ္ထု အမြွက်တည်း။


အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

Sunday 25 December 2011

အဒိန္နာဒါန အကုသိုလ်ကံ၏ အပြစ်

ပါဏာတိပါတကံ၏ အပြစ်ကို ပြတော်မူပြီး၍ သူတစ်ပါးတို့၏ ဥစ္စာကို ခိုးယူခြင်းဟု ဆိုအပ်သော အဒိန္နာဒါန အကုသိုလ်၏ အပြစ်ကိုလည်း ပြတော်မူခြင်းငှာ -



အဒိန္နာဒါနံ ဘိက္ခဝေ အာသေ၀ိတံ ဘာဝိတံ ဗဟုလိကတံ နိရယသံဝတ္တနိကံ တိရစ္ဆာနယောနိသံဝတ္တနိကံ ပေတ္တိဝိသယသံဝတ္တနိကံ ယော သဗ္ဗလဟု၊ သော အဒိန္နာဒါနဿ ၀ိပါကော၊ မနုဿဘူတဿ ဘောဂ။

ဗျာသနံ သံဝတ္တနိကော ဟောတိ။


ဟူ၍ ဟောတော်မူ၏။

ဘိက္ခဝေ၊ သံသရာညွန် လေးသောာဝန်ကို အလွန်ကြောက်တတ်သော သူတော်ကောင်း အပေါင်းတို့။ အဒိန္နာဒါနံ၊ ဥစ္စာရှင်တို့သည် မပေးအပ်သော သူတစ်ပါးတို့၏ ဥစ္စာကို ခိုးယူခြင်းဟုဆိုအပ်သော အဒိန္နာဒါန အကုသိုလ်သည်။ အာသေ၀ိတံ၊ အဖန်ဖန် အထပ်ထပ် မှီဝဲအပ်သည်ရှိသော်။ ဘာဝိတံ၊ ပွားများအောင် အားထုတ်၍ ပြုအပ်သည်ရှိသော်။ ဗဟုလိကတံ၊ အကြိမ်များစွာ ပြုအပ်သည်ရှိသော်။ နိရယသံဝတ္တနိကံ၊ ငရဲ၌ခံရခြင်းကိုလည်း ဖြစ်စေတတ်၏။ တိရစ္ဆာနယောနိသံဝတ္တနိကံ၊ တိရစ္ဆာန်မျိုး၌ လည်း ဖြစ်စေတတ်၏။ ပေတ္တိဝိသယသံဝတ္တနိကံ၊ ပြိတ္တာဘုံ၌လည်း ဖြစ်စေတတ်၏။ အဒိန္နာဒါနဿ၊ အဒိန္နာဒါန အကုသိုလ်ကံ၏။ ယောဝိပါကော၊ အကြင်အကျိုးသည်၊ သဗ္ဗလဟု၊ အလုံးစုံသော ငရဲ, တိရစ္ဆာန်, ပြိတ္တာဟူကုန်သော အကျိုးတို့အောက် အယုတ်ဆုံး အပေါ့ဆုံး ဖြစ်၏။ သောဝိပါကော၊ ထိုအကျိုးသည်။ မနုဿဘူတဿ၊ လူဖြစ်၍ ဖြစ်သောသူအား။ ဘောဂဗျသနသံဝတ္တနိကော၊ စည်းစိမ်ဥစ္စာ၏ ပျက်စီးခြင်းကို ဖြစ်စေတတ်သည်။ ဟောတိ၊ ဖြစ်၏။

အဓိပ္ပာယ်ကား - အရှင်သည် မပေးအပ်သော သူတစ်ပါးတို့၏ ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ခိုးယူခြင်းသည် အဒိန္နာဒါနမည်၏၊ ယုတ်သော အပိုင်းအခြားအားဖြင့် သစ်သီး တစ်လုံး ပန်း တစ်ပွင့်၊ ဟင်းရွက် တစ်ညွှန့်၊ ၀ါးချမ်း တစ်စိတ်မျှကို သော်လည်း ခိုးယူခြင်းသည် အဒိန္နာဒါန အကုသိုလ်မည်၏။

ချိန်ခွင်မမှန်၊ တောင်းမမှန်၊ အလေးမမှန်၊ ငွေမမှန် သုံးစွဲခြင်းသည်လည်း အဒိန္နာဒါန အကုသိုလ်မည်၏။

ငါးပိကို ဖွဲနု စသည်ရော၍ ရောင်းခြင်း၊ ဆားကို ရေပက်၍ ရောင်းခြင်း၊ စပါးကို အဖျင်း အမှော်ရော၍ ရောင်းခြင်းစသည်လည်း အဒိန္နာဒါန အကုသိုလ်မည်၏။

ထိုအဒိန္နာဒါနအမူကို အကြိမ်ကြီမ် အဖန်ဖန် အတန်တန် အားထုတ်၍ ပြုအပ်သည် ရှိသော အောက်၌ ပြဆိုအပ်ခဲ့ပြီးသော ငရဲကြီးရှစ်ထပ်၊ ငရဲငယ် တစ်ရာ့နှစ်ဆယ့်ရှစ် စသော ငရဲဘုံတို့တွင် အမှတ်မရှိသော ငရဲဘုံ၌ ခံရခြင်း၊ တိရစ္ဆာန်မျိုး၌ဖြစ်၍ ဆင်းရဲစွာ ခံရခြင်း၊ ပြိတ္တာဘုံ၌ဖြစ်၍ ဆင်းရဲစွာ ခံရခြင်းကိုလည်း ဖြစ်စေတတ်၏။

အကြင်အဒိန္နာဒါန၏ အကျိုးသည် အပေါ့ဆုံး အယုတ်ဆုံးဖြစ်၏၊ ထိုအဒိန္နာဒါန အကုသိုလ်၏ အကျိုးသည် လူပင် ဖြစ်ငြားသော်လည်း ရွှေငွေ ဥစ္စာဘဏ္ဍာမရှိ၊ ကိုယ်တည်းဗလာ လွန်စွာဆင်းရဲခြင်း၊ ရှားပါး ငတ်မွတ်ခြင်း၊ ပစ္စည်းဥစ္စာရှိပြန်ပါ လျှင်လည်း မီးလောင်ခြင်း၊ ရေမျောခြင်း၊ မင်းဘေးသင့်၍ ကုန်ဆုံးခြင်း၊ သူခိုးခိုး၍ ကုန်ဆုံးခြင်း၊ မချစ်မနှစ် လိုအပ်သော အမွေခံသားသမီးတို့ ဖြုန်းတီး ဖျက်ဆီးခြင်းကြောင့် ပျက်ဆီးဆုံးရူံးခြင်း စသည်ကိုလည်း ဖြစ်စေတတ်၏ ဟုဆိုသည်။

ဤသို့ ဟောတော်မူသော ပါဠိတော်နှင့်အညီ သူတစ်ပါးတို့ ဥစ္စာကို ခိုးယူခြင်းဟု ဆိုအပ်သော အဒိန္နာဒါန အကိုသိုလ်ကြောင့် -

ငရဲ၌ခံရသောဝတ္ထု အမြွက်
နေမိဇော်တော်၌ နေမိ မင်းကြီးကို မာတလိ နတ်သားသည် သိန္ဓောမြင်း တစ်ထောင်ကသော နတ်ရထားဖြင့် တင်ယူ၍ ငရဲပြည်သို့ လှည့်လည်၍ ပြသောအခါ ငရဲထိန်းတို့သည် ငရဲသူ သတ္တ၀ါတို့ကို မြားဖြင့် ပစ်ခြင်း၊ လှံမ, လှံသေ စသော အထူးထူးသော လက်နက်တို့ဖြင့်တော၌ သမင်ကို ထိုးပြစ် ရိုက်နှက်ကုန်သကဲ့သို့ ထို့အတူ နံပါးနှစ်ဖက်တို့၌ ထိုးပြစ်ရိုက်နှက်ကုန်သည် ဖြစ်၍ ပြင်းပျစွာ ဆင်းရဲသော ငရဲသူ သတ္တ၀ါတို့ကို မြင်လေလျှင် ကြင်နာသော စိတ်နှလုံးရှိသည်ဖြစ်၍ ထိုငရဲသူ သတ္တ၀ါတို့၏ ငရဲ၌ ခံရခြင်း၏ အကြောင်း ဖြစ်သော မကောင်းမူ အကုသိုလ်ကံကို မေးရာတွင် -

ယော ဇီဝလောကသ္မိံ၊ အသာဓုကမ္မိနော၊ အဒိန္နမာဒါယ ကရောန္တိ ဇီဝိတံ၊ ဓညံ ဓနံ ဇာတရူပဉ္စ အဇေဠကဉ္စာပိ ပသုံး မဟိံသံ၊ တေ လုဒ္ဓကမ္မာ ပသဝေတွာန ပါပံ၊ တေ မေ ဇနာ သတ္တိဟတာ သယန္တိ။
ဟူ၍ မာတလိနတ်သားက ဖြေကြားလေ၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။ အသာဓုကမ္မိနော၊ မကောင်းမူကိုပြုတတ်ကိုသော။ ယေ၊ အကြင်လူတို့သည်။ ဇီဝလောကသ္မိံ၊ အသက်ရှည်သောလူ၏ရွာ၌။ အဒိန္နာ၊ အရှင်သည် မပေးအပ် သော။ ဓညံ၊ စပါးကိုလည်းကောင်း။ ဓနံ၊ စပါးမှ တစ်ပါးသောဥစ္စာကိုလည်းကောင်း။ ရဇတံ၊ ငွေကိုလည်းကောင်း။ ဇာတရူပံ၊ ရွှေကိုလည်းကောင်း။ အဇံ၊ ဆိတ်မြန်မာကိုလည်းကောင်း။ ဧဠကံ၊ ဆိတ်ကုလားကိုလည်းကောင်း။ ပသုံ၊ နွားကိုလည်းကောင်း။ မဟိံသံ၊ ကျွဲကိုလည်းကောင်း။ ပသုံ၊ နွားကိုလည်းကောင်း။ မဟိံသံ၊ ကျွဲကိုလည်းကောင်း။ အာဒါယ၊ ခိုးယူ၍။ ဇီဝိတံ၊ အသက်မွေးခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ လုဒ္ဓကမ္မာ၊ ကြမ်းကြုတ်သောအမူကို ပြုကုန်သော။ တေဣမေဇနာ၊ ထိုလူတို့သည်။ ပါပံ၊ မကောင်းမူ အကုသိုလ်ကံကို။ ပသဝေတွာန၊ ပွားစေကုန်သောကြောင့်။ ဆတ္ထိဟတာ၊ လှံစူးကုန်သည်ဖြစ်၍။ သယန္တိ၊ အိပ်ရကုန်၏။

ဤကား အနက် -

အချို့သော ငရဲသူတို့သည်ကား မီးလျှံပြောင်ပြောင်တောက်သော သံမြေအရပ်၌ ရေစာငတ်ခြင်း ပူလောင်ခြင်းတို့ဖြင့် နှိပ်စက် အပ်ကုန်သည် ဖြစ်၍ ဆင်း ရဲလှသောကြောင့် တောင်မြောက် လေးပါး ပြေးသွားကြကုန်ရာ အနီးအပါး၌ ကောင်းသော ဆိပ်ကမ်းရှိသော မနက်လွန်း မတိတ်လွန်းသောရေဖြင့် ပြည့်သော မြစ်သို့ ရောက်ကြလေကုန်၍ ၀မ်းမြောက်ဝမ်းသာ ဆင်းသက်ကြကုန်လျက် ရေကို သောက်ချိုးကြကုန်သောအခါ အလုံးစုံသောရေတို့သည် ဖွဲဖြစ်၍ မီးလျှံပြောင်ပြောင်တောက်ကုန်၏၊ ထိုငရဲသူတို့သည်လည်း မွတ်သိပ် ဆာလောင်ခြင်းကို သည်းမခံနိုင်ကုန်သောကြောင့် ထိုမီးလျှံ ပြောင်ပြောင်တောက်သော ဖွဲတို့ကိုပင် သောက်စားကြရကုန်၏၊ ထိုအခါ စားသောက်အပ်သော ဖွဲအစုသည် ထိုငရဲသူ သတ္တ၀ါတို့၏ ကိုယ့်အလုံးကို လောင်ကျွမ်းစေလျက် အောက်ဒွါရမှ ထွက်လာ၏၊ ထိုငရဲသူ သတ္တ၀ါတို့သည်လည်း ဆင်းရဲခြင်းကို သည်းခံခြင်းငှာ မတတ်နိုင်ကုန်သောကြောင့် လက်ကိုမြှောက်လျက် ငိုကြွေး မြည်တမ်းကြကုန်၏၊ ထိုငရဲသူတို့ကို မြင်သောကြောင့် နေမိမင်းဖျားက မာတလိနတ်သားကို မေးလေလျှင် -

ယေ သုဒ္ဓဓညံ ပလာသေနမိဿံ၊ အသုဒ္ဓကမ္ဘာ၊ ကယိနော ဒဒန္တိ၊ ဃမ္မာဘိတတ္တာနံ၊ ပိပါသိတာနံ၊ ပိတဉ္စ တေသံ ဘူသံ ဟောတိ ပါနိ။
ဟူ၍ ဖြေကြားပြန်၏။

မဟာရာဇ၊ မြတ်သော နေမိမင်းကြီး။ ယေဣမေဇနာ၊ အကြင်လူတို့သည်။ ဇီဝလောကသ္မိံ၊ အသက် ရှည်သောလူ၏ ရွာ၌။ သုဒ္ဓံ၊ စင်ကြယ်သော။ ဓညံ၊ စပါးကို။ ပလာသေန၊ အဖျင်းအမှော်ဖြင့်၊ ၀ါ၊ မြေညက်သဲတို့ဖြင့်။ မိဿံ၊ ရောနှောသည်ကို။ ကတွာ၊ ပြုကုန်၍ အသုဒ္ဓကမ္ဘာ၊ မစင်ကြယ်သော ကိုယ်နူတ် နှလုံး ရှိကုန်သည်ဖြစ်၍။ ကယိနော၊ ၀ယ်သောသူအား။ ဒဒန္တိ၊ စင်ကြယ်သောစပါးကို ပေးပါအံ့ဟုဆို၍ တန်ဖိုးကို ယူပြီးလျှင် မစင်ကြယ်သော စပါးကိုပေးကုန်၏။ တေဣမေဇနာ၊ ထိုလူတို့သည်။ တံပါပကမ္မံ၊ ထိုမစင်ကြယ်သော စပါးကို ရောင်းသော မကောင်းမူကံကို။ ပသဝေတွာန၊ ပွားစေကုန်သောကြောင့်။ ဃမ္မာဘိတတ္တာနံ၊ မီးပူသည် ပြင်းစွာ နှိပ်စက်အပ်ကုန်သော။ တေသံ၊ ထိုငရဲသူတို့၏။ ပါနိ၊ သောက်ရေသည်။ ဘူသံ၊ ဖွဲမီးသည်။ ဟောတိ၊ ဖြစ်၏။ ဤကားအနက်။

ဤကား အဒိန္နာဒါန အကုသိုလ်ကံကြောင့် ငရဲ၌ ခံရကြောင်း ပြဆိုအပ်သော ၀တ္ထု အမြွက်တည်း။


အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

Wednesday 21 December 2011

ဆိတ်သတ်သမား ဓမ္မဒိန္န၀တ္ထု

ဤ၀တ္တု၌ ဆိတ်ကို လည်ဖြတ်၍ သတ်ခြင်းကြောင့် ငရဲ၌ ခံပြီးလျှင် ဆိတ်ဖြစ်၍ လည်ပြတ်၍ သေရကြောင်းသာ တိုက်ရိုက်အားဖြင့် လာသည်။



စင်စစ်အားဖြင့်ကား ဘုရား ရဟန္တာဖြစ်၍ နိဗ္ဗာန်ရသည် ဘ၀တိုင်အောင် လိုက်သောဝဋ်များကို ထောက်လျှင် သတ္တ၀ါတစ်ပါးကို သတ်သော ပုဂ္ဂိုလ်သည် မိမိသတ်သောကံနှင့် တူစွာ ဘ၀များစွာတို့၌ ခွေးဖြစ်သော်လည်းကောင်း၊ ၀က်ဖြစ်သော်လည်းကောင်း၊ ကျွဲနွားစသော သတ္တ၀ါဖြစ်သော်လည်းကောင်း။ ကုသိုလ်ကံ အကျိုးပေး၍ လူပင်ဖြစ်ငြားသော်လည်း သူတစ်ပါးတို့၏ အသတ်ကို ခံရ၍ သေရမည်မချွတ်သာဟု မှတ်ရာ၏။

ထို့ကြောင့် ရှေးဆရာတို့သည် စီကုံးအပ်သော ဂါထာတို့၌ -

ပဉ္စဇာတိသတံ ပေတံ၊ မစ္ဆ’ နာဂါ’ မိဂါ’ ရူစ။
မဟိံသာ သောဏာ သိင်္ဂါလာ၊ ပါဏ ဃာတဿ ဒေါ သကာ။

ဟူ၍ မိန့်အပ်၏။

ငိုရခြင်းအကြောင်း

ငိုသော ငါသည် တမူကား ရှေးဦးစွာ တစ်ခုသော ဆိတ်ကုလားကို သတ်၍ ဘ၀ငါးရာပတ်လုံး ဦးခေါင်းပြတ်ခြင်း ဆင်းရဲသို့ ရောက်ရ၏၊ ယနေ့ ထိုဆင်းရဲမှ လွတ်ရအံ့။





ပုဏ္ဏား သင်သည်တမူကား ငါ့ကိုသတ်၍ ငါကဲ့သို့ ဘ၀ငါးရာပတ်လုံး ဦးခါင်းပြတ်ခြင်း ဆင်းရဲကို ရလတ္တံ့ဟု သင်၌ သနားခြင်းကြောင့် ငို၏ဟု ဆိတ်က ဆို၏၊ အချင်းဆိတ် ထိုသို့ ထပြီးကား မကြောက်လင့်၊ သင့်ကို ငါမသတ်တော့အံ့ ဟု ပုဏ္ဏားဆို၏၊ ပုဏ္ဏား သင် အသို့ဆိုသနည်း၊ သင် သတ်သော်လည်းကောင်း၊ မသတ်သော် လည်းကောင်း ယနေ့ ငါသည် သေခြင်း မလွတ်နိုင်ဟု ဆိတ်က တစ်ဖန်ဆိုပြန်၏၊ အချင်းဆိတ် သင်သည် မကြောက်လင့်၊ သင့်ကို အစောင့်အရှောက်ကိုယူ၍ သင်နှင့်တကွ ငါလိုက်အံ့ဟု ပုဏ္ဏားဆို၏။

ပုဏ္ဏား သင့်အစောင့်အရှောက်သည်ကား အနည်းငယ်သာလျှင် ဖြစ်၏၊ ငါပြုသော မကောင်းမူသည်ကား ကြီး၏၊ အားရှိ၏ဟု ဆိတ်ကဆို၏၊ ပုဏ္ဏားသည် ဆိတ်ကိုလွှတ်၍ ဤဆိတ်ကို တစ်စုံတစ်ယောက်သော သူအား သတ်စိမ့်သောငှာ မပေးအံ့ဟု တပည့်တို့ကိုခေါ်၍ ဆိတ်နှင့်တကွသာလျှင် သွား၏၊ ဆိတ်သည် လွတ်လျှင်ပင် တစ်ခုသော ကျောက်ဖျာကြီးကိုမှီ၍ ရောက်သောခြုံ၌ လည်ကိုမော်၍ သစ်ရွက်ကို စားအံ့သောငှာ အားထုတ်၏၊ ထိုခဏ၌လျှင် ထိုကျောက်ဖျာ၌ မိုးကြိုးကျ၏၊ တစ်ခုသော ကျောက်လွှာသည် ပြတ်၍ ဆိတ်၏လည်ပင်း၌ကျ၍ ဦးခေါင်းပြတ်၏။

လူများသည်လည်း စည်းဝေးလာ၏၊ ထိုအခါ ဘုရားလောင်းသည် ထိုအရပ်၌ ရုက္ခစိုးနတ် ဖြစ်၏၊ ထိုဘုရားလောင်းသည် ထိုသူများမြင်စဉ်လျှင် ကောင်းကင်ပြင်ဝယ် ထက်ဝယ်ဖွဲ့လျက်နေ၍ သတ္တ၀ါတို့သည် ဤသို့သော မကောင်းမူ၏ အကျိုးကို အကယ်၍ သိကုန်ငြားအံ့၊ ပါဏာတိပါတကို မပြုလေကုန်ရာဟု သာယာစွာသော အသံဖြင့် တရား ဟောလိုရကား -

ဧ၀ံ စေ သတ္တာ ဇာနေယျုံ၊ ဒုက္ခာယံ’ ဇာတိ သမ္ဘဝေါ။
န’ပါဏော ပါဏိနံ’ ဟညေ၊ ပါဏ ဃာတီဟိ’ သောစတိ။
ဟူသော ဂါထာကိုဆို၏။

ဘောန္တော၊ အို အချင်းတို့။ ပါဏဃာတီ၊ သတ္တ၀ါကို သတ်သောသူသည်။ စတူသုအပါယေသု၊ အပါယ်လေးဘုံတို့၌။ မဟာဒုက္ခံ၊ ကြီးစွာသောဆင်းရဲကို။ အနုဘ၀မာနော၊ ခံစားရလျက်။ ဒီဃရတ္တံ။ အခါလေးမြင့်။ ဟိယဟ္မာ၊ အကြင်ကြောင့်၊ သောစတိ၊ စိုးရိပ်ရ၏၊ အယံဇာတိ၊ ထိုထိုဘ၀၌ ဤသို့ သဘောရှိသော ပဋိသန္ဓေ နေရခြင်းသည်လည်းကောင်း။ အယံသမ္ဘဝေါစ၊ ဤမသိသည်ဖြစ်၍ အစဉ်သဖြင့် ကြီးရင့်ရခြင်းသည် လည်းကောင်း။ ဒုက္ခော၊ အိုခြင်း နာခြင်း သေခြင်း မုန်းသောသူတို့နှင့် ပေါင်းဖော်ရခြင်း ချစ်သောသူတို့နှင့် ကွေကွင်းရခြင်း လက်ခြေ ဦးခေါင်းပြတ်ခြင်း အစရှိကုန်သော ဆင်းရဲတို့၏ တည်ရာဖြစ်၏။ ဧ၀ံ၊ ဤသို့။ သတ္တာ၊ သတ္တ၀ါတို့သည်။ စေဇာနေယျံ၊ အကယ်၍ သိကုန်ငြားအံ့။ ပါဏော၊ သတ္တ၀ါတည်း။ ပါဏိနံ၊ သတ္တ၀ါတို့ကို။ နဟညေ၊ မသတ်ရာ။

ဤသို့ ဘုရားလောင်းသည် တရားဟောတော်မူ၏၊ လူတို့သည် ထိုဘုရားကို နာရကုန်၍ ပါဏာတိပါတမှ ကြဉ်ကြကုန်၍ ဒါန သီလ အစရှိသော ကောင်းမူတို့ကို ပြုကြကုန်၍ ကံအားလျော်စွာ နတ်ပြည်သို့ လားရကြကုန်၏၊ သဗ္ဗညုတ မြတ်စွာဘုရားသည် ဤသို့သော ဓမ္မဒေသနာကို ဟောတော်မူ၏။

ဤကား ပါဏာတိပါတကံကြောင့် တိရစ္ဆာန်ဖြစ်၍ ဆင်းရဲကိုခံရကြောင်း ၀တ္ထုအမြွက်တည်း။

အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

Tuesday 20 December 2011

ပါဏာတိပါတကံကြောင့် တိရစ္ဆာန်ဖြစ်သော ၀တ္ထု

နတ်နှင့် တကွသော လူကို ဆုံးမတော် မူတတ်သော မြတ်စွာဘုရားသည်။

ဧ၀ံစစေသတ္တာ ဇာနေကျုံ၊ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမတကဘတ္တဇာတ်ကို ဇေတ၀န်ကျောင်းတော်၌ နေတော်မူစဉ် မတကဘတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။




ထိုကာလ လူတို့သည် များစွာကုန်သော ဆိတ်မြန်မာ၊ ဆိတ်ကုလားတို့ကို သတ်ကုန်၍ သေလေကုန်သော ဆွေမျိုး မိဘတို့ကို ရည်၍ မတကဘတ် မည်သည်ကို ပြုကုန်၏၊ ဘုန်းတော်ကြီးလှသော အရှင်ဘုရား၊ ဤသို့ မဟကဘတ်ကို လှူအံ့ဟု ပါဏာတိပါတ အသက်ကို သတ်ရာ၌ အကျိုးစီးပွား ရှိပါမည်လောဟု မြတ်စွာဘုရားကို မေးလျှောက်ကြကုန်၏။

သဗ္ဗညုမြတ်စွာဘုရားသည် ရဟန်းတို့ မာတကဘတ်ကို လှူအံ့ဟု ပြုအပ်သော ပါဏာတိပါတ အမူ၌ တစ်စုံတစ်ခုသော အစီးအပွားမည်သည် မရှိ၊ ရှေး၌လည်း ပညာရှိတို့သည် ကောင်းကင်ပြင်ဝယ် နေကုန်လျက် တရားဟောကုန်၍ ဤမတကဘတ်ကို လှူအံ့ဟု ပါဏာတိပါတကို ပြုသောအရာ၌ အဖြစ်ကို ဟောကုန်၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်းသူတို့ကို ထိုပါဏာတိပါတ အမူကို စွန့်စေကုန်ပြီ။

ယခုအခါ၌ ဘ၀ဖုံးလွှမ်းသည် ဖြစ်သောကြောင့် တစ်ဖန် မထင်ရှားသည်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဗေဒင်သုံးပုံဝယ် ကမ်းတစ်ဖက်ရောက် တတ်မြောက်သော ဆရာပုဏ္ဏားသည် မာတကဘတ်ကို လှူအံ့ဟု တစ်ခုသော ဆိတ်ကုလားကို ယူခဲ့စေ၍ တပည့်တို့ကို အမောင်တို့၊ ဤဆိတ်ကို မြစ်သို့ဆောင်၍ ရေချိုး၍၊ လည်ပင်း၌ ပန်းကုံးစွတ်၍၊ နံ့သာလက်ငါးချောင်းရာကိုပေး၍ ဆောင်ယူခဲ့ကြကုန်ဟု ဆို၏၊ ထိုတပည့်တို့သည်လည်း ကောင်းပြီဟု ၀န်ခံကြကုန်၏၊ ထိုဆိတ်ကုလားကို ယူခဲ့ကုန်လျက် မြစ်သို့သွားကုန်၍ ရေချိုးကုန်ပြီးသော် လည်၌ ပန်းကုံးကို စွပ်ကုန်၍ မြစ်နား၌ နားကုန်၏၊ ဖိုဆိတ်ကုလားသည် မိမိ ရှေးဘ၀ကို မြင်၍ နားကုန်၏၊ ထိုဆိတ်ကုလားသည် မိမိရှေးဘ၀ကို မြင်၍ ငါသည် ယနေ့ ဤသို့သဘောရှိသော ဆင်းရဲမှ လွတ်ပေတော့အံ့ဟု ၀မ်းမြောက်သည်ဖြစ်၍ မြေအိုးကို ခွဲဘိသကဲ့သို့ သည်းစွာသော ရယ်ခြင်းဖြင့် ရယ်၏၊ တစ်ဖန် ပုဏ္ဏားသည် ငါ့ကိုသတ်၍ ဆင်းရဲကို ခံရလတ္တံ့ဟု ပုဏ္ဏား၌လည်း သနားခြင်းကို ဖြစ်စေ၍ သည်းစွာသော အသံဖြင့် ငို၏။

ထိုအခါ ထိုဆိတ်ကို ထိုလုလင်တို့သည် အချင်းဆိတ် ----- သင်သည် သည်းစာသော အသံဖြင့် ရယ်လည်းရယ်၏၊ ငိုလည်းငို၏၊ အဘယ်ကြောင့်လျှင် ရယ်ဘိသနည်း၊ အဘယ်ကြောင့်လျှင် ငိုဘိသနည်းဟု မေးကုန်၏၊ ထိုအခါ သင်တို့သည် မိမိ၏ ဆရာအထံ၌ မေးကြကုန်လောဟု ဆိတ်က ဆို၏၊ ထိုလုလင်တို့သည်၊ ထိုဆိတ်ကို ယူကုန်လျက် သွားကုန်၍ ဤအကြောင်းကို ဆရာအား ကြားကုန်၏၊ ဆရာသည် ထိုလုလင်တို့၏ စကားကို ကြား၍ ဆိတ်ကို အချင်းဆိတ်၊ သင်သည် အဘယ်ကြောင့် ရယ်သနည်း၊ အဘယ်ကြောင့် ငိုသနည်းဟု မေး၏၊ ထိုဆိတ်သည် မိမိပြုသော အမူကို ဇာတိဿရဉာဏ်ဖြင့် အောင့်မေ့၏ဟု ပုဏ္ဏားအား ပြောဆို၏။

ပုဏ္ဏား၊ ငါသည် ရှေး၌ သင်ကဲ့သို့ ဗေဒင်တို့ကို ရွတ်ဖတ် သရဇ္ဈာယ်တတ်သော ပုဏ္ဏားဖြစ်၍ မတကဘတ်ကို လှူအံ့ဟု တစ်ခုသောဆိတ်ကုလားကို သတ်၍ မတကဘတ်ကို လှူဖူး၏၊ ထို ငါသည် တစ်ခုသောဆိတ်ကုလားကို သတ်ဖူးသည်၏ အဖြစ်ကြောင့် လေးရာကိုးဆယ့်ကိုး ဘ၀တို့၌ ခေါင်းပြတ်ခြင်းသို့ ရောက်ခဲ့လေပြီ။

ဤဘ၀သည်ကား အဆုံး၌တည်သော ငါးရာတို့၏ ပြည့်ကြောင်းဖြစ်သော ဘ၀တည်း၊ ထိုငါသည် ယနေ့ ဤသို့သဘောရှိသော ဆင်းရဲမှ လွတ်ရတော့အံ့ဟု ၀မ်းမြောက်၏၊ ထို့ကြောင့် ရယ်သတည်း။

အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

၂။ ပါဏာတိပါတကံကြောင့် ပြိတ္တာဖြစ်ရသော ၀တ္ထု

ငါတို့ မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူသောအခါ အရှင်မဟာမောဂ္ဂလ္လာန်နှင့် အရှင်လက္ခဏထေရ် အရှင်မြတ်တို့သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်ကြွတော်မူကြရာတွင် အရှင်မဟာ မောဂ္ဂလ္လာန်ထေရ်သည် အထူးထူး အပြားပြား များစွာသော ပြိတ္တာတို့ကို မြင်သောကြောင့် ပြုံးတော်မူလေ၏။





ထိုအခါ အရှင်လက္ခဏထေရ်မြတ်က ပြုံးတော်မူခြင်း၏ အကြောင်းကို မေးလျှောက်လေလျှင် အရှင်လက္ခဏ ဤအကြောင်းကို မြတ်စွာဘုရား၏ ရှေ့တော်သို့ ရောက်မှ မေးရမည်။ ယခု အခွင့်မဟုတ်သေးဟု အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်က မိန့်တော်မူသောကြောင့် ထိုအရှင် နှစ်ပါးတို့သည် မြတ်စွာဘုရား ထံတော်သို့ ရောက်ကြသောအခါ အရှင်လက္ခဏထေရ်မြတ်က အရှင်မောဂ္ဂလ္လာန် ဂိဇ္ဈကုဋ်တောင်ရံ၌ ပြုံးခြင်း၏ အကြောင်းကား အသို့နည်းဟု မေးလျှောက်လေ၏။ ထိုအခါ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်မြတ်က ငါ့ရှင် လက္ခဏ၊ ဂိဇ္ဈကုဋ်တောင်ရံမှ ဆင်းသက်လာသောအခါက ကောင်းကင်သို့ ပျံသွားသော အရိုးစုပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို ကျီး, လင်းတ တို့သည် သံဖြင့်ပြီးသော နူတ်သီးတို့ဖြင့် နံရိုးကြား၌ လိုက်၍လိုက်၍ ထိုးဆိတ်ကြကုန်၏၊ ထိုပြိတ္တာလည်း နာကျင်သော အသံဖြင့် မြည်ကျွေး ဟစ်အော်လျက် ကောင်းကင်ဖြင့် ပျံသွား၏ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသခင်သည် ဤသို့ မိန့်တော်မူ၏။

ချစ်သား ရဟန်းတို့၊ ငါ၏ ချစ်သား မောဂ္ဂလာန်သည် မျက်စိအမြင် ရှိပေ၏၊ ငါဘုရားသည်လည်း ရှေးကပင်လျှင် ထိုသတ္တ၀ါကို မြတ်တော်မူ၏၊ ချစ်သား ရဟန်းတို့ ထိုသတ္တ၀ါသည် ရှေးသောအခါက ရာဇဂြိုဟ်ပြည်၌ နွားသတ်ယောက်ျားတည်း၊ ထိုနွားသတ်ယောက်ျားသည် နွားကို သတ်ပြီးလျှင် အရိုးစုတို့ကို တစ်ခု၊ အသားစုတို့ကို တစ်စု ပြု၍ ရောင်းချလျက် အသက်မွေး၏၊ ထိုနွားသတ်ကံ၏ အစွမ်းဖြင့် များစွာသော နှစ်တို့ပတ်လုံး၊ ငရဲ၌ကျပြီးမှ ထိုနွားသတ်ကံ၏ အကျိုးကြွင်း၏ အစွမ်းဖြင့် ယခု အရိုးစုပြိတ္တာ ဖြစ်ရ၏ဟု မိန့်တော်မူ၏။

ထိုမှတစ်ပါးလည်း နွှားသက်ကံ၏ အကြောင်းကြောင့်ပင် ငရဲ၌ နှစ်ပေါင်းများစွာ ခံပြီးမှ အသားစုပြိတ္တာဖြစ်၍ ကျီး, လင်းတ တို့ ထိုးဆိတ်လျက် ဆင်းရဲစွာခံရသော ပြိတ္တာ၊ ၀က်ကို သတ်၍ အသက်မွေးခြင်းကြောင့် ရှည်မြင့်စွာသော ကာလပတ်လုံး ငရဲ၌ခံပြီးမှ ကိုယ်၌ သံလျက်အမွေးပေါက်သော ပြိတ္တာဖြစ်၍ ထိုသံလျက်တို့သည် ပြန်၍ပြန်၍ ထိုးဆွသောကြောင့် ပြင်းပြစွာသော ဆင်းရဲကိုခံရသော ပြိတ္တာ စသော အားဖြင့် များစွာသော ပြိတ္တာတို့ကိုလည်း အရှင်မဟာမောဂ္ဂလ္လာန်မထေရ် မြင်ခဲ့ကြောင်း လျှောက်ထားသောကြောင့် မြတ်စွာဘုရားသည် ထိုသတ္တ၀ါတို့၏ အကြောင်းကို မိန့်တော်မူ၏။

ဤကား ပါဏာတိပါတ ကံကြောင့် ပြိတ္တာဖြစ်ကြောင်း ၀တ္ထု အမြက်တည်း။

အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

ထိုမကောင်းမူ ပြုကုန်သော သူတို့၏ ခံစားရာဖြစ်သော ငရဲများ

ထိုမကောင်းမူပြုကုန်သော သူတို့၏ ခံစားရာဖြစ်သော ငရဲတို့သည် -

၁။ သိဉ္စိုး ငရဲ။

၂။ ကာလသုတ် ငရဲ။




၃။ သံဃာတ ငရဲ။

၎။ ရောရုဝ ငရဲ။

၅။ မဟာရောရုဝ ငရဲ။

၆။ တာပန္န ငရဲ။

၇။ မဟာတာပန္န ငရဲ။

၈။ အ၀ီစိ ငရဲ။

ဟူ၍ ငရဲကြီးတို့သည် ရှစ်ထပ်ရှိကုန်၏။ ထိုငရဲကြီး ရှစ်ထပ်တို့တွင် တစ်ထပ်တစ်ထပ်သော ငရဲကြီးလေးမျက်နှာ အရပ်တို့တွင် တစ်မျက်နှာ တစ်မျက်နှာအရပ်၌ စပ်လျက်တည်သော ဥဿဒငရဲငယ် တို့သည် လေးလုံး၊ လေးလုံးစီ ရှိကုန်၏။

လေးလုံးဟူသည်ကား -

၁။ မစင်တို့ဖြင့် ပြည့်သော ဂူထငရဲ။

၂။ ပြာပူတို့ဖြင့် ပြည့်သော ပြာပူငရဲ။

၃။ သံလျက်သွားရှိသော အရွက်၊ ဆူးညှောင့်တို့ဖြင့် ထူထပ်သော အရွက်၊ ထူထပ်သော ဆူးရှိသော သစ်ပင်တို့ ပေါက်ရောက်ရာဖြစ်သော အသိပတ္ထငရဲ။

၎။ ထက်လှစွာသော ဆူးရှိသော ကြိမ်နွယ်တို့ ပေါက်ရောက်ရာဖြစ်သော ၀တ္ထရဏီ ကြိမ်ပိုက်တောငရဲ။

ဤလေးလုံးတို့တည်း။

ငရဲကြီး တစ်ထပ်တစ်ထပ်ဝယ် တစ်မျက်နှာ တစ်မျက်နှာ၌ လေးလုံး လေးလုံးစီ ရှိသောကြောင့် ငရဲကြီးတစ်ထပ်တစ်ထပ်၌ လေးမျက်နှာရေသော် ဥဿဒငရဲငယ်ပေါင်း တစ်ဆယ့်ခြောက်လုံးစီ ရှိ၏၊ ငရဲကြီးရှစ်ထပ်လုံးတို့၌ ရှိသော ဥဿဒငရဲငယ်တို့ကို ပေါင်းသော် တစ်ရာ့နှစ်ဆယ့်ရှစ်လုံး ရှိ၏၊ ငရဲကြီးရှစ်ထပ်နှင့် ပေါင်းပြန်သော် တစ်ရာ့သုံးဆယ့်ခြောက်လုံး ရှိ၏။

ဤသို့ ငရဲကြီးရှစ်ထပ်၊ ငရဲငယ် တစ်ရာနှစ်ဆယ့်ရှစ်လုံး ရ၏ ဟူ၍ ရေတွက်ခြင်းသည် ထင်ရှားကြီးကျယ်သော ငရဲတို့ကိုသာ ရေတွက်ခြင်း ဖြစ်သည်၊ မထင်ရှားသော မိမိတို့၏ ကံအားလျော်စွာ ခံစားသော ငရဲတို့ကား ရေတွက်၍ မဆုံးနိုင်လောက်အောင်ရှိကြောင်း နေမိဇာတ်တော်၌ လာသည်။

ဤငရဲတွင် အ၀ီစီငရဲသည် ဥဒဿငရဲငယ်တို့နှင့် တကွ ယူဇနာတစ်သောင်း ကျယ်၏၊ ထိုအ၀ီစီ ငရဲကြီးထောင်မသည် အတွင်း၌ ယူဇနာတစ်ရာ ကျယ်၏၊ မီးလျှံပြောင်ပြောင်တောက်သော အထု ကိုးယူဇနာထူသော တံတိုင်းလေးဘက် ရှိ၏၊ လေးမျက်နှာတို့၌လည်း တံခါးလေးပေါက် ရှိ၏၊ အထူ ကိုးယူဇနာရှိသော တံခါးရွက်တို့ဖြင့် ပိတ်အပ်၏၊ အောက်၌လည်း မီးလျှံပြောင်ပြောင်တောက်သော အထူ ကိုးယူဇနာ ရှိသော သံမြေအခင်း ရှိ၏၊ အထက်ကလည်း မီးလျှံပြောင်ပြောင် အထူ ကိုးယူဇနာရှိသော သံအမိုးလည်း ရှိ၏၊ အရှေ့တံတိုင်းမှ ထွက်သော မီးလျှံသည် အနောက်တံတိုင်းကို ဖောက်ပြီးလျှင် အပသို့ ယူဇနာတစ်ရာတိုင်တိုင် ထွက်သွား၏။

ဤအတူ အနောက်တံတိုင်း၊ တောင်တတိုင်း၊ မြောက်တံတိုင်း၊ အောက်သံမြေ၊ အထက်သံအမိုးမှ ထွက်သော မီးလျှံတို့သည်လည်း အပသို့ ယူဇနာ တစ်ရာတိုင်တိုင် ထွက်သွားကြကုန်၏။

မီးလျှံတည်ရာနှင့်တကွ ဖြစ်သော အ၀ီစီငရဲကြီးထောင်မသည် ယူဇနာ သုံးရာ့တစ်ဆယ့်ရှစ်ယူဇနာ ကျယ်၏၊ ကြွင်းသော ငရဲကြီးတို့၏ အကျယ်ကို ကျမ်းကြီးကျမ်းခိုင်တို့၌ အသေအချာ မလာ၊ ဆဂတိဒီပနီကျမ်း၌ကား အ၀ီစိငရဲနှင့် အတူတူ ကျယ်ကြောင်းလာ၏၊ ငါတို့ကျေးဇူးရှင် မိုးနံကုန်းဆရာတော်ကား ငရဲသက် အတိုအရှည်ထောက်၍ အ၀ီစိငရဲမှ အထက်သို့ တစ်ဝက်စီယုတ်၍ ယုတ်၍ ကျယ်ကြောင်းမိန့်တော်မူ၏။

တိရစ္ဆာန်ဘုံ, ပြိတ္တာဘုံ, အသူရကာယ်ဘုံ ဤသုံးဘုံတို့မှာ မိမိတို့၏ ဘုံဟူ၍ အသီးတည်ရာ ဘုံမရှိ၊ မိမိတို့၏ နေရာ တောတောင်စသော အရပ်သည်ပင် ဘုံဖြစ်ကြောင်း ကျမ်းဂန်တို့၌ လာ၏။


ဤဆိုပြအပ်ခဲ့ပြီးသော ငရဲကြီးငရဲငယ် တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် တည်းဟူသော အပါယ်လေးဘုံ တို့တွင် ပါဏာတိပါတစသော အကုသိုလ်ကံကိုပြုလျှင် မည်သည့်ဘုံ၌သာ ခံရ၏ ဟူ၍ အမြဲမရှိ၊ မိမိတို့၏ အကုသိုလ်ကံ အလေးအပေါ့ အားလျော်စွာသာ ခံရကြကုန်၏၊ ပါဏာတိပါတကံတစ်ပါးကိုပင် ပြုမိသော်လည်း အချို့ကား သိဉ္စိုးငရဲ၊ အချို့ကား ကာလသုတ်ငရဲစသည်တို့၌ ခံရကြကုန်၏ဟု မှတ်ရာ၏၊ ပြဆိုအပ်ခဲ့ပြီးသော ပါဠိတော်နှင့်အညီ သူတစ်ပါးတို့၏ အသက်ကို သတ်ခြင်းကြောင့် ငရဲကိုရောက်ကြောင်း ၀တ္ထုကို အနည်းငယ် ဆက်လက်ဖော်ပြဦးအံ့။

၁။ ငါတို့ မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူသောအခါ ရာဇဂြိုဟ်ပြည်သား စုန္ဒသူကရိက အမည်ရှိသော ၀က်သတ်သမား ယောက်ျား တစ်ယောက်သည် အနှစ် ငါးဆယ်ပတ်လုံး ၀က်ကိုသတ်ပြီး ထိုဝက်သားတို့ကို မိမိလည်းစား၊ သူတစ်ပါးတို့ကိုလည်း ရောင်းချလျက် အသက်မွေးသတဲ့။

ထိုသူ ၀က်သတ်ဟန်ကား ၀က်ရှိရာသို့သွား၍ ၀က်ငယ် ၀က်ကြီးတို့ကို ဆန်စပါး စသည်တို့ကိုပေး၍ ၀ယ်ယူပြီးလျှင် လှည်းဖြင့် မိမိအိမ်သို့ ဆောင်ယူ၍ ၀က်ခြံတွင်းသို့ သွင်းထားပြီးမှ ဖွဲနု၊ ဆန်ကွဲ၊ ဟင်းရွက်နု မစင်-ဘင်ချောက် စသော အစာကိုကျွေးသဖြင့် မွေးလေ၏၊ ယင်းသို့ ကျွေးမွေး၍ အသား အသွေး ပွားလက်သော် ထိုဝက်တို့တွင် အကြင် အကြင်ဝက်ကို သတ်လို၏၊ ထိုထိုဝက်ကို မြဲစွာသောတိုင်၌ မလူပ်မရှားနိုင်အောင် ချည်ထားပြီးလျှင် အသား အသွေး၏ ပွားစေခြင်းငှာ လည်းကောင်း၊ အရေအခေါက်၏ ထူထဲစေခြင်းငှာလည်းကောင်း၊ လေးထောင့်ဆောက်ပုတ်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် မသေရုံမျှ ရိုက်နှက်၍ ကိုယ်သား ကိုယ်ရေ ထကြွ ယောင်ယမ်း၍ လာသည်ရှိသော် ခံတွင်းကို ဖွင့်၍ ထားပြီးမှ သွားကြား၌ တုတ်ထောက်၍ ပါးစပ်ကို ဖွင့်ပြီးလျှင် သံအိုးဖြင့် ချက်ပြီး၍ ကျိုက်ကျိုက်ဆူသော ရေနွေးပူ ပွက်ပွက်ကို ၀က်၏ ခံတွင်းသို့လောင်း၏၊ ထိုရေနွေးပူပွက်ပွက်သည် ၀က်၏ ခံတွင်းသို့ ၀င်ပြီးလျှင် ကျင်ကြီးကို ယူဆောင်လျက် အောက်ဒွါရသို့ ထွက်လာ၏၊ အကြင်မျှလောက် ကျင်ကြီးသည် ၀မ်းတွင်း၌ ရှိသေး၏၊ ထိုမျှလောက် ရေသည် နောက်ကျိလျက် ထွက်လာ၏၊ ၀မ်းခေါင်း ၀မ်းတွင်း စင်ကြယ်သည်ရှိသော် ရေသည် ကြင်လင်လျက် ထွက်လာ၏။

ထိုအခါ ရေနွေးပူကိုလောင်းပြီးမှ အရေနက်၊ အရေညစ်တို့ကို ခွာပြီး၍ အမွေးအမျှင်တို့ကို ကုန်စင်အောင် မြက်မီးရှူးဖြင့် မြိုက်၏၊ ရင်ဝသို့ မြိုက်ပြီး၍ ကုန်စင်သော အမွေးရှိသောဝက်ကို ထက်လှသော သံလျက်ဖြင့် ဦးဆက်၌ ဖြတ်တောက်၍ ပေါက်ပေါက်ကျသော သွေးရည်သွေးစက်ကို ခံယူပြီးသော် အသားပေါ်မှာ လောင်းပြီးမှ ပေါင်းစုနယ်ပြီးလျှင် ရွှင်လန်းစွာ သားမယားနှင့် ချက်ပြုတ်၍ စားလေ၏။

ထိုစုန္ဒသုကရိက အမည်ရှိသော ၀က်ထိုးသမားယောက်ျားသည် ဤကဲ့သို့သော အမှတ်ဖြင့် အနှစ် ငါးဆယ်ကျော်ကာလပတ်လုံး ၀က်ကိုသတ်လျက် အသက်မွေးသတည်း၊ လာခြင်းကောင်းသော မြတ်စွာဘုရားသခင်သည် မြို့ဦး မြို့ထိပ်၌ဖြစ်သော ဝေဠုဝန်ကျောင်းတော်၌ သတင်းသုံး နေတော်မူသည်ကို ပန်းတစ်ပွင့် ဆီမီးတစ်တိုင်မျှ မပူဇော်ဘူး၊ တစ်ယောင်းမမျှလောက်သော ဆွမ်းကိုမျှ မလှူဘူးလေ၊ သည်မှတစ်ပါး အခြားကုသိုလ်ကိုလည်း စိုးစဉ်မျှ မပြုဘူးလေ၊ ထိုသူ၏ မေ့လျှော့ခြင်း ပမာဒကို ကြားရသူတို့ နှလုံးမသာ ကြောက်လန့်ဖွယ်ရာ အလွန် ကောင်းသတည်း။

ယင်းသို့ ၀က်ကိုသတ်လျက် အသက်မွေးသော ထိုသူငယ် မဖယ်မလွဲနိုင်သော သေခြင်း၏ အနီးဖြစ်သော ပြင်းပျစွာသော ဝေဒနာ ကပ်ရောက်လာလျှင် အသက် ၀ိညာဏ်ထင်ရှားရှိစဉ်ပင်လျှင် အ၀ီစီငရဲမီးပူသည် လူကို ထ၍ လောင်လေ၏။ ထိုငရဲမီးပူသည် လူကိုလောင်သောအခါ ထိုဝက်သတ်သမား ယောက်ျားသည် ၀က်၏ အသံကဲ့သို့သော အသံကိုမြည်လျက် ၀က်ကဲ့သို့ တောင်ပြေးမြောက်သွား ထွက်ပြေး၍ သွားသောကြောင့် အိမ်တွင်းမှာသွင်းလျက် အတင်းပိတ်၍ ထားပြီးလျှင် ခံတွင်း ပါးစပ်ကို အတင်းအကြပ် ပိတ်ဆို့၍ ထားငြားသော်လည်း ကံ၏အကျိုးကို မည်သူမျှ တားမြစ်ခြင်းငှာ မတတ်နိုင်ရကား လေးဘက်တွားလျက် ၀က်သံကဲ့သို့ အော်ပြီးလျှင် ပြေးမြဲပင် ပြေးပြန်၏၊ အရှေ့ အနောက် တောင် မြောက် ၀န်းကျင် ခုနှစ်အိမ်သားတို့သည် မျက်စိတစ်မှိတ်မျှ မအိပ်ရအောင် ရှိလေ၏။

ထိုဝက်သတ်သမား ယောက်ျားသည် အိမ်ပေါ်မှ အိမ်အောက် ၀က်ခြံတွင်းသို့ ရောက်လေ၍ ၀က်ကဲ့သို့ မြည်လျက် ထွက်၍ပြေးသောကြောင့် အကြင် အချင်းဖြင့် ထွက်၍မပြေးနိုင်၊ ထိုအချင်းဖြင့် ၀က်ခြံကို ပိတ်ဆို့လျက် စောင့်ရှောက်ကြရကုန်၏၊ ထိုဝက်သတ်သမား ယောက်ျားကား ငရဲမီးပူလောင်သောကြောင့် ယောင်ယောင်ကြဉ်ကြဉ် မြည်တမ်းလျက် မထွက်နိုင်ရကား တောင်သွား မြောက်ပြန် လှည့်လည်လျက် ခုနှစ်ရက်မြောက်မှ သေလေ၏၊ ၀က်ကိုသတ်သောကာလ ရေနွေးပူလောင်း၍ သတ်သောကြောင့် ထိုနှင့်တူစွာ အကျိုးမှာလည်း ရောက်လာတတ်၏။

ထို့ကြောင့် မြတ်စွာဘုရားသည် -

ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။
ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပတံ။
ယာဒိသံ ၀ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ဟူ၍ ပဉ္စကနိပါတ် ဝေနသာခ ဇာတ်၌ ဟောတော်မူ၏။

ပုရိသော၊ ယောက်ျားသည်။ ယာန၊ အကြင်ကောင်းမူကံ မကောင်းမူကံတို့ကို။ ကရောတိ၊ ပြု၏။ တာနိ၊ ထိုကောင်းမူကံ, မကောင်းမူကံ အကျိုးတို့လို။ အတ္တနိ၊ မိမိ၌။ ပဿတိ၊ မြင်ရ၏။ ယာဒိသံ၊ အကြင်သို့သဘောရှိသော။ ဗီဇံ၊ မျိုးစေ့ကို။ ၀ပတေ၊ စိုက်ပျိုး၏။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဖလံ၊ အသီးကို။ ဟရတေယထာ၊ ဆောင်သကဲ့သို့။ တထာ၊ ထို့အတူ၊ ကလျာဏကာရီ၊ ကောင်းမူကို ပြုလေ့ရှိသော သူသည်။ ကလျာဏံ၊ ကောင်းကျိုးကို။ လဘတေ၊ ခံစားရ၏၊ ပါပကာရီ၊ မကောင်းမူကို ပြုလေ့ရှိသောသူသည်။ ပါပကံ၊ မကောင်းကျိုးကို၊ လဘတေ၊ ခံစားရ၏။

ထိုဝက်သတ်သမား ယောက်ျား၏ အိမ်တံခါးဖြင့် သွားလာကုန်သော ရဟန်းတို့သည် ၀က်သံဟု မှတ်ထင်ကြကုန်သည်ဖြစ်၍ သဗ္ဗညုမြတ်စွာဘုရားအား ဤသို့ နားတော်လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးလှသော အရှင်ဘုရား စုန္ဒ ၀က်ထိုးသမား ယောက်ျားသည် အိမ်ကို ပိတ်လျက် ၀က်ကို နေ့တိုင်းမပြတ် သတ်သည်ကား ယနေ့ ခုနှစ်ရက် ရှိပါပြီ၊ သင့်အိမ်တွင် မင်္ဂလာမူ တစ်စုံတစ်ခု ရှိယောင်တကား ဤမျှ အတိုင်းအရှည်ရှိသော ၀က်တို့ကို သတ်သော ထိုသူအား သနားကြင်နာသော စိတ်သည် တစ်ဆတ်မျှ မရှိယောင်ကား၊ အကျွန်ုပ်တို့သည် ဤကဲ့သို့သော အမူများကို ပြုဝံ့မည်ဝေးစွ၊ ကြားရုံမျှနှင့်ပင် စက်ဆုပ် ၀န်လေးလှပါ၏ ဘုရားဟု လျှောက်ကြလေကုန်၏။

ထိုအခါဘုန်းတော်ကြီးသော မြတ်စွာဘုရားက စုန္ဒ၀က်ထိုးသမား ယောက်ျားသည် ဤခုနှစ်ရက်အတွင်း၌ ၀က်ကို သတ်နေသည် မဟုတ်၊ စင်စစ်မူကား ၀က်သတ်သောကံနှင့် တူစွာ အ၀ီစိငရဲမီးပူသည် လူကို လောင်သောကြောင့် ပြင်းထန်စွာ ဟစ်အော်သော စုန္ဒ၏ အသံတည်း။

ထိုစုန္ဒသည် သေလေ၏၊ ယနေ့ အ၀ီစိငရဲသို့ ကျလေပြိဟူ၍ မိန့်တော်မူ၏။

ဤကား သူတစ်ပါးတို့၏ အသက်ကို သတ်ခြင်းကြောင့် ငရဲသို့ ရောက်ရကြောင်း ၀တ္ထု ပင်တည်း။

အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

ငါးပါးသီလလွန်ကျူးပြစ်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဒုဿီလျ ဆေဒနံ ဗုဒ္ဓံ၊ ဓမ္မဉ္စ သံဃမုတ္တမံ။
ဝန္ဒိတွာဟံ ကရိဿာမိ၊ ဒုဿီလ၀ဇ္ဇဒီပနီ။
ညောင်လွန့်ဂါမ၀သန္တေဟိ၊ ဥပါသကေဟိ ယာစိတော။




အဟံ၊ ရုပ်, နာမ်, ခန္ဓာ, သညာ ပေါင်းချုပ် သမုတ် အပ်ပါ အကျွနု ငါသည်။ ဒုဿီလျဆေဒနံ၊ သူတစ်ပါးတို့၏ အသက်ကို သတ်ကြောင်းဖြစ်သော ဒုဿီလျ စေတနာကို ပယ်ခွာ သတ်ဖြတ်တော်မူတတ်ထသော။ ဥတ္တမံ၊ လူ, နတ်, ဗြဟ္မာ, သတ္တ၀ါတို့ထက် ဆတက်လွန်ကျူး အထူးသဖြင့် မြတ်တော်မူထသော။ ဗုဒ္ဓဉ္စ၊ မြတ်စွာဘုရားကို လည်းကောင်း။


ဒုဿီလျဆေဒနံ၊ ဒုဿီလျစေတနာကို ပယ်ခွာရိတ်ဖြတ်ကြောင်းလည်း ဖြစ်တော်မူထသော။ ဥတ္တမံ၊ အာသဝေါတရား လေးပါးတို့၏ အာရုံမဟုတ်သည်၏ အဖြစ်ကြောင့် လောကီဘုရား အပေါင်းတို့ထက် မြတ်တော်မူထသော။ ဓမ္မဉ္စ၊ မဂ်လေးဝ, ဖိုလ်လေးတန်, နိဗ္ဗာန်, ပရိယတ္တိ ဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ်ကို လည်းကောင်း။

ဒုဿီလျဆေးဒနံ၊ သီလမရှိသောသူ၏အဖြစ်ကို ပယ်လှစ်ရိတ်ဖြတ်တော်မူတတ်ထသော။ ဥတ္တမံ၊ နူတ်အပ်ပြီးသော အ၀ိဇ္ဇာမောဟ ရှိတော်မူထသော။ သံဃဉ္စ၊ မဂ္ဂဋ္ဌာန် လေးယောက် ဖလဋ္ဌာန်လေးယောက်ဟု ဆိုအပ်သော ရှစ်ယောက်သော ဖရမတ္ထ သံဃာတော်မြတ် အပေါင်းကိုလည်းကောင်း။

ဝန္ဒိတွာ - ၀န္ဒာမိ၊ ရှိခိုးပါ၏၊ ပန္ဒိတွာ၊ ရှိခိုးပြီး၍။ ညောင်လွန့်ဂါမ၀သန္တေဟိ၊ ညောင်လွန့်ရွာ၌ နေလေ့ရှိကုန်သော။ ဥပါသကေဟိ၊ ဒါယကာတို့သည်။ ယာစိတော၊ ရိုသေခညောင်း တောင်းပန်အပ်သည်ဖြစ်၍။ ဒုဿီလ၀ဇ္ဇဒီပနိံ၊ သီလမရှိသောသူတို့၏ အပြစ်ကို ပြရာ ပြကြောင်း ဖြစ်၍ “ဒုဿီလ၀ဇ္ဇဒီပနီ” အမည်ရှိသော ကျမ်းကို။ ကရိဿာမိ၊ ရေးသားပြုပြင် စီရင်ပေအံ့။

ပဉ္စဟိ ဘိက္ခဝေ ဓမ္မေဟိ သမ္ပန္နာဂတော ဥပါသကော ယထာဘတံ နိက္ခိတ္တော ဧ၀ံ နိရယေ -


ကတမေဟိ ပဉ္စဟိ -

၁။ ပါဏာပါတီ ဟောတိ၊

၂။ အဒိန္နဒါယီ ဟောတိ၊

၃။ ကာမေသုမိစ္ဆာစာရီ ဟောတိ။

၎။ မုသာဝါဒီ ဟောတိ၊

၅။ သူရာမေရယ မဇ္ဇပမာဒဋ္ဌာယီ ဟောတိ၊

ဣမေ ဟိ ခေါ ဘိက္ခဝေ ပဉ္စဟိ ဓမ္မေဟိ သမ္ပန္နာဂတော ဥပါသကော ယထာဘတံ နိက္ခိတ္တော ဧ၀ံ နိရယေ။


ဘိက္ခာဝေ၊ ရဟန်းတို့။ ပဉ္စဟိ၊ ငါးပါး ကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ သမ္ပန္နာဂတော၊ ပြည့်စုံသော။ ဥပါသကော၊ ဒါယကာသည်။ အာဘတံ၊ ဆောင်ခဲအပ်သော ၀န်ကို။ နိက္ခိတ္တောယထာ၊ ချလိုက်ဘိသကဲ့သို့။ ဧ၀ံ တထာ၊ ထို့အတူ။ ကာလံကတော၊ သေရသည်ရှိသော်။ နိရယေ၊ သိဉ္ဇိုးငရဲ, ကာလသုတ်ငရဲ, သံဃဋငရဲ, အ၀ီစိငရဲဟု ဆိုအပ်သော ရှစ်ထပ်သော ငရဲ၌။ ပတတိ၊ ကျလေ၏။

ကတမေဟိ ပဉ္စဟိ၊ အဘယ် ငါးပါးတို့နှင့်။ သမ္ပန္နာဂတော၊ ပြည့်စုံသောသူသည်။ အာဘတံ၊ ဆောင်ခဲ့အပ်သောဝန်ကို။ နိက္ခိတ္တော ယထာ၊ ချလိုက်ဘိသကဲ့သို့။ ဧ၀ံ တထာ၊ ထို့အတူ။ နိရယေ၊ ငရဲဘုံ၌။ ပတတိ၊ ကျလေသနည်းဟုမူကား -

၁။ ပါဏာတိပါတီ၊ သေစေလိုသော စေတနာနှင့်တကွ။ ဇီဝိတိနြေ္ဒတည်းဟူသော အသက်ကို လျင်စွာချလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။

၂။ အဒိန္နာဒါယီ၊ ခိုးလိုသောစိတ်ဖြင့် အရှင်မပေးအပ်သော သူတစ်ပါးတို့၏ ဥစ္စာကို ခိုးယူလေ့ ရှိသည်။ ဟောတိ၊ ဖြစ်၏။

၃။ ကာမေသု မိစ္ဆာစာရီ၊ ကာမဂုဏ်တို့၌ မှားသောအကျင့်ကို ကျင့်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။

၎။ မုသာဝါဒီ၊ သိလျက် မဟုတ်မမှန် ဖောက်ပြန် ချွတ်ယွင်းသော စကားကို ပြောဆိုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။

၅။ သူရာမေရာယမဇ္ဇပမာဒဋ္ဌာယီ၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် ကို သောက်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမေဟိ ပဉ္စဟိ၊ ဤငါးပါးတို့နှင့် သမ္ပန္နာဂတော၊ ပြည့်စုံသော။ ဥပါသကာ၊ ဒါယကာသည်။ အာဘတံ၊ ဆောင်ခဲ့အပ်သော ၀န်ကို။ နိက္ခိတ္တောယထာ၊ ချလိုက်ဘိသကဲ့သို့။ ဧ၀ံ တထာ၊ ထို့အတူ။ ကာလံကတော သေသည်ရှိသော်။ နိရယေ၊ ငရဲ၌။ ပကတိ၊ ကျရောက်လေ၏။

အဓိပ္ပာယ်ကား - အကြင် ဥပါသကာသည် သူတစ်ပါးတို့၏ အသက်ကို မိမိကိုယ်တိုင် ဖြစ်စေ။ သူတစ်ပါးကိုစေခိုင်း၍ဖြစ်စေ သတ်ခြင်းတည်းဟူသော ပါဏာတိပါတကို လည်းကောင်း၊ သူတစ်ပါးတို့၏ ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် မိမိကိုယ်တိုင်ဖြစ်စေ၊ သူတစ်ပါးကို စေခိုင်း၍ဖြစ်စေ ခိုးယူခြင်း အဒိန္နဒါန်ကို လည်းကောင်း၊ မသွား မလာထိုက်သော ဌာန၌ လွန်ကျူးခြင်းတည်း ဟူသော ကာမေသုမိစ္ဆာစာရကို လည်းကောင်း၊ သူတစ်ပါးအကျိုးစီးပွား ပျက်စီးအောင် လိမ်ညာသော မုသာဝါဒကို လည်းကောင်း သေရည်သေရက် ကို သောက်ခြင်းတည်းဟူသော သူရာမေရယကံကို လည်းကောင်း၊ ဤငါးပါးသော တရားတို့ကို လွန်ကျူး၍ ပြုကျင့်မိ၏၊ ထိုဥပါသကာသည် ဆောင်ခဲ့သောဝန်ကို မြေ၌ချ၍ ထားလိုက် သကဲ့သို့ ထို့အတူ သေသည်၏ အခြားမဲ့၌ ငရဲသို့ ရောက်ရ၏ ဟုဆိုသည်။

ဤသုတ်၌ ဥပါသကာကို ဟောတော်မူခြင်းသည် နိဒဿန နည်းအားဖြင့် ဟောတော်မူခြင်း ဖြစ်သည်၊ သို့ဖြစ်၍ မည်သူမဆို ဤငါးပါးသော တရားတို့ကို မှောက်မှား၍ ပြုကျင့်လျှင် သေသည်၏ အခြားမဲ့၌ ငရဲသို့လားရ၏ ဟုဆိုသည်။

ဤသုတ်၌ငါးပါးသော သိက္ခာပုဒ်ကို လွန်ကျူးခြင်းကြောင့် သေသည်၏အခြားမဲ့၌ ငရဲသို့ ကျကြောင်း ဟောတော်မူသည်။

ဤသုတ်၏ အခြားမဲ့၌ ထိုငါးပါးသော သိက္ခာပုဒ်တို့ကို မကျိုးမပေါက်ရအောင် စောင့်ရှောက်သော သူတို့သည် သေသည်၏ အခြားမဲ့၌ နတ်ပြည်၌ ဖြစ်ရကြောင်းကိုလည်း ဟောတော်မူသည်။

ယော စ ၀ဿသတံ ဇီဝေ၊
ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊
သီလ၀န္တဿ ဈာယိနော။


ယော စ၊ အကြင်သူသည်လည်း။ ဒုဿီလော၊ သီလ မရှိသည်ဖြစ်၍။ အသမာဟိတော၊ ကုသိုလ်ကောင်းမူတို့၌ မတည်သောစိတ် ရှိသည်ဖြစ်၍။ ၀ဿသတံ၊ အနှစ်တစ်ရာပတ်လုံး၊ ဇီဝ၊ အသက်ရှည်ငြားအံ့။ ၀သာ၊ ထိုသူသည်။ သေယျော၊ မြတ်သည်။ နဟောတိ၊ မဖြစ်။ သီလ၀န္ထဿ၊ သီလရှိသော ဈာယိနော၊ ကသိုဏ်းအစရှိသော အာရုံ, အနိစ္စ အစရှိသော အာရုံကို ရူတတ်သော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဇီဝိတံ၊ အသက်ရှည်ရခြင်းသည်။ သေယျော၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။

အဓိပ္ပာယ်ကား - အကြင်ပုဂ္ဂိုလ်သည် ငါးပါးသော သီလကိုမျှ မစောင့်သောကြောင့် ဒုဿီလ ပုဂ္ဂိုလ်ဖြစ်လျက် အသက်တစ်ရာ ရှည်အောင် နေရငြားသော်လည်း မမြတ်၊ ငါးပါးသီလစသော သီလကို မကျိုးမပေါက်ရအောင် စောင့်ထိန်းပြီးလျှင် ကမ္မဋ္ဌာန်း ဘာဝနာတရားကို အားထုတ်လျက် တစ်ရက်တစ်နေ့ နေရခြင်းသည် မြတ်၏ ဟူလိုသည်။

ထို့ကြောင့် ရှစ်ပါး ဆယ်ပါး စသော သီလတို့ကို မစောင့်ရှောက်နိုင်လျှင် အကျဉ်းဆုံးဖြစ်သော ငါးပါးသီလကို အမြဲ စောင့်ရှောက်ခြင်ငှာ သင့်လျော်ချေတော့သည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်း၌ ကိန်းအောင် မွေ့လျော် နေတော်မူ၏၊ ထိုသို့ ကိန်းအောင်း မွေ့လျော်နေတော်မူသောအခါ၌ အနာထပိဏ်သူဌေးကြီးသည် မြတ် စွာဘုရား အထံတော်သို့ ကပ်ပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ ရိုသေစွာရှိခိုးလျက် နေလေ၏၊ ထိုသို့ နေသောအခါ မြတ်စွာဘုရားသခင်သည် အနာထပိဏ်သူဌေးကြီးအား ငါးပါးသော အကြောင်းတရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ဒုဿီလ ပုဂ္ဂိုလ်မည်ကြောင်း ထိုဒုဿီလပုဂ္ဂိုလ်သည် ထိုဒုဿီလ တရားတို့ကို မစွန့်မူ၍ သေလျှင် သေသည်၏ အခြားမဲ့၌ မချွတ်မလွဲ ငရဲသို့သာ လားရတတ်ကြောင်းကို ဟောတော်မူခြင်းငှာ -

ပဉ္စဟိ ဂဟပတိ ဘယာနိ ဝေရာနိ အပ္ပဟာယ
ဒုဿီလောတိ၊ ၀ုစ္စတိ နိရယဉ္စ ဥပပဇ္ဇတိ၊ ကတမာနိပဉ္စ
ပါဏာတိပါတံ အဒိန္နာဒါနံ ကာမေသုမိစ္ဆာစာရံ
မုသာဝါဒံ သူရာမေရယ မဇ္ဇပမာဒဋ္ဌာနံ။

ဟူ၍ ဟောတော်မူသည်။

ဂဟပတိ၊ အနာထပိဏ်သူဌေးကြီး။ ပဉ္စ၊ ငါးပါးကုန်သော။ ဘယာနိ၊ ဘေးတို့ကို။ ဝေရာနိ၊ ရန်တို့ကို။ အပ္ပဟာယ၊ မပယ်စွန့်မူ၍။ နိသိန္နော၊ နေသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်ကို။ ဒုသီလော ဣတိ၊ သီလမရှိသောကြောင့် ဒုဿီလပုဂ္ဂိုလ်ဟူ၍။ ၀ုစ္စတိ၊ ဆိုအပ်၏။ သော ပုဂ္ဂလော၊ ထိုဒုဿီလ ပုဂ္ဂိုလ်သည်။ ကာလံကတော၊ သေသည်ရှိသော်။ နိရိယဉ္စ၊ ငရဲသို့လည်း။ ဥ့ပပဇ္ဇတိ၊ မချွတ် မလွဲ အမြဲ လားရတတ်၏။

ကတမာနိပဉ္စ၊ အဘယ်ငါးပါးတို့ကို။ အပ္ပဟာယ၊ မပယ်စွန့်မူ၍။ နိသိန္နော၊ နေသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်ကို။ ဒုဿီလော ဣတိ၊ ဒုဿီလပုဂ္ဂိုဟ်ဟူ၍။ ၀ုစ္စတိ၊ ဆိုအပ်သနည်း။ နိရယဉ္စ၊ ငရဲသို့လည်း။ ဥပပဇ္ဇတိ၊ လားရတတ်သနည်း ဟုမူကား -

၁။ ပါဏာတိပါတဉ္စ၊ သေစေလိုသော စေတနာနှင့် တကွ သူတစ်ပါးတို့၏ အသက်ကို သတ်ခြင်းဟု ဆိုအပ်သော ပါဏာတိပါတ အကုသိုလ်ကံကို လည်းကောင်း။

၂။ အဒိန္နာဒါနဉ္စ၊ သူတစ်ပါးတို့၏ဥစ္စာကို ခိုးယူခြင်းဟု ဆိုအပ်သော အဒိန္နဒါန အကုသိုလ်ကံကို လည်းကောင်း။

၃။ ကာမေသုမိစ္ဆာစာဉ္စ၊ ကာမဂုဏ်တို့၌ မှားသော အကျင့်ဟု ဆိုအပ်သော ကာမေသု မိစ္ဆာစာရ အကုသိုလ် ကံကို လည်းကောင်း။

၎။ မုသာဝါဒဉ္စ၊ မဟုတ်မမှန် ဖောက်ပြန်သော စကားကို ပြောဆိုခြင်းဟု ဆိုအပ်သော မုသာဝါဒ အကုသိုလ်ကံကို လည်းကောင်း။

၅။ သူရာမေရယ မဇ္ဇပမာဒဋ္ဌာနဉ္စ၊ ယစ်မူး မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းဟု ဆိုအပ်သော သူရာပါနအကုသိုလ်ကံကို လည်းကောင်း။

ဂဟပတိ၊ အနာထပိဏ် သူဌေးကြီး။ ခေါ စင်စစ်။ ပဉ္စ၊ ငါးပါးကုန်သော။ ဣမာနိ ဘယာနိ၊ ဤဘေးတို့ကို။ ဣ မာနိ ဝေရာနိ၊ ဤရန်တို့ကို။ အပ္ပဟာယ၊ မပယ်စွန့်မူ၍။ နိသိန္နော၊ နေသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်ကို။ ဒုဿီလော ဣတိ၊ သီလမရှိသောကြောင့် ဒုဿီလ ပုဂ္ဂိုဟ်ဟူ၍။ ၀ုစ္စတိ၊ ဆိုအပ်၏။

သော ဒုဿီလပုဂ္ဂလော၊ ထိုဒုဿီလပုဂ္ဂိုလ်သည်။ ကာလံ ကတေ၊ သေသည်ရှိသော်။ နိရယဉ္စ၊ ငရဲသို့လည်း။ ဥပပဇ္ဇတိ၊ မချွတ် မလွဲ အမြဲ လားရတတ်၏။

အဓိပ္ပာယ်ကား - အနာထပိဏ် သူဌေးကြီး၊ ငါးပါးသော အကြောင်းတရားတို့ကို မစွန့်မူ၍ ပြုကျင့် လျက် နေသောသူကို သီလမရှိသောကြောင့် ဒုဿီလ ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏၊ ထို ဒုဿီလပုဂ္ဂိုလ်သည် သေလွန်သည်၏ အခြားမဲ့၌ မချွတ် မလွဲ ငရဲသို့ လားရတတ်၏၊ အဘယ်ငါးပါးတရားတို့ကို မရှောင်ကြဉ်မူ၍ ပြုကျင့် လွန်ကျူးသောသူကို ဒုဿီလ ပုဂ္ဂိုဟ်ဟူ၍ ဆိုအပ်လေသနည်း ဟုမူကား -

၁။ သေစေလိုသော စေတနာနှင့်တကွ သူတစ်ပါးတို့၏ အသက်ကို သတ်ခြင်းဟု ဆိုအပ်သော ပါဏာတိပါတအကုသိုလ်ကံကို လည်းကောင်း။

၂။ အရှင်မပေးသော သူတစ်ပါး၏ ဥစ္စာကို ခိုးယူခြင်းဟု ဆိုအပ်သော အဒိန္နဒါန် အကုသိုလ်ကံကို လည်းကောင်း

၃။ ကာမဂုဏ်တို့၌ မှားသော အကျင့်ဟု ဆိုအပ်သော ကာမေသုမိစ္ဆာစာရအကုသိုလ်ကံကို လည်းကောင်း။

၎။ မဟုတ်မမှန် ဖောက်ပြန်သော စကားကိုပြောဆိုခြင်းဟု ဆိုအပ်သော မုသာဝါဒ အကုသိုလ်ကံကို လည်းကောင်း။

၅။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သူရာပါန အကုသိုလ်ကံကို လည်းကောင်း။

အနာထပိဏ် သူဌေးကြီး ဤငါးပါးသော ဘေးရန်တရားတို့ကို မစွန့်မူ၍ ပြုကျင့် ကျူးလွန်သောသူကို သီလမရှိသောကြောင့် ဒုဿီလ ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ထိုပုဂ္ဂိုလ်သည် သေလွန်သည်၏ အခြားမဲ့၌ ငရဲသို့သာလျှင် လားရတတ်၏ ဟူ၍ အမြဲမရှိ၊ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် ဟူသော အပါယ်လေးဘုံတို့တွင် တစ်ဘုံဘုံသို့ လားရတတ်၏ ဟုဆို။

ထိုဒုဿီလ ပုဂ္ဂိုလ်သည် ထိုငါးပါးသော တရားတို့ကို မစွန့်မူ၍ အသက်တစ်ရာရှည်အောင် နေရငြားသော်လည်း အကျိုးမရှိ၊ ထိုငါးပါးသော တရားတို့ကို စွန့်သဖြင့် သီလကိုစောင့်လျက် တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် -

ယော စ ၀ဿသတံ ဇီဝေ၊
ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ ဆေယျော၊
သီလ၀န္တဿ ဈာယိနော။
(အနက်ပေးခဲ့ပြီ။)

ဟူ၍ ဟောတော်မူချေသည်။

အဓိပ္ပာယ်ကား - ယခုလောက၌ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ အကြင်သူသည် အယုတ်ဆုံးဖြစ်သော ငါးပါးသီလ မရှိဘဲလျက် အသက်တစ်ရာ တာရှည်အောင်ပင် မသေမပျောက် နေရငြားသော်လည်း ထိုဒုဿီလပုဂ္ဂိုလ်၏ အသက်ရှည်ရခြင်းသည် မမြတ်။ အဘယ်ကြောင့် မမြတ်လေသနည်း ဟူမူ ထို ငါးပါးသီလမျှ မရှိသော ဒုဿီလပုဂ္ဂိုလ်သည် အသက်ရှည်စွာ နေရသမျှ ကာလပတ်လုံး သူတစ်ပါး၏ အသက်ကို သတ်ခြင်း၊ သူတစ်ပါး၏ ဥစ္စာကို ခိုးယူခြင်း၊ ကာမဂုဏ်တရားတို့၌ လွန်ကျူးခြင်း၊ မဟုတ်မမှန် ဖောက်ပြန်သော စကားကို ပြောဆိုခြင်း၊ သေရည်သေရက် သောက်စားခြင်း စသော ဒုစရိုက်တရားတို့ကို ပြုခြင်းကြောင့် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်တည်းဟူသော အပါယ်လေးဘုံတို့၌ ရှည်မြင့်စွာသော ကာလပတ်လုံး ခံစားရခြင်း၏ အကြောင်းဖြစ်သော မကောင်းမူ ဒုစရိုက်တရားတို့၏ ပွားများခြင်းကြောင့် မမြတ်သည်ဟုဆို။

အကြင်သူသည် အယုတ်အားဖြင့် မကောင်းမူ ဒုစရိုက်တရားကို ဖျက်ဆီးတတ်သော ငါးပါးသီလမျှကို စောင့်ရှောက်လျက် တစ်ရက်မျှ အသက်ရှည်ရ၏၊ ထိုသီလစောင့်သောသူ၏ တစ်ရက်မျှ အသက်ရှည်၍ တည်နေရခြင်းသည် မြတ်၏၊ အဘယ်ကြောင့် မြတ်လေသနည်းဟုမူ။

ထိုသီလရှိသောသူသည် အသက်ရှည်သမျှ ကာလပတ်လုံး သူတစ်ပါးတို့၏ အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်းစသော သုစရိုက်တရားတို့ကို ပြုခြင်းကြောင့် လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ တည်းဟူသော ချမ်းသာသုံးပါးကို ခံစားရခြင်း၏ အကြောင်းဖြစ်သော ကောင်းမူ သုစရိုက်တရားတို့၏ ပွားများခြင်းကြောင့် မြတ်သည်ဟုဆို။

ဤသို့ ပြဆိုအပ်ခဲ့ပြီးသော အကြောင်းများကို ထောက်ထား၍ ဆင်ခြင်၍ ငါးပါးသီလကိုမျှ မစောင့်ရှောက်သောကြောင့် ဒုဿီလ ဖြစ်သောသူသည် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် တည်းဟူသော အပါယ်လေးဘုံသို့ လားရလတ္တံ့ စသည်များကို ကြောက်ကြသဖြင့် ရှစ်ပါးသီလ ဆယ်ပါးသီလစသော သီလများကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ပါလျှင် မစောင့်ရှောက်ဘဲနေရ၏၊ အမြဲ စောင့်ရှောက်ရမည့် သီလ ဖြစ်သော ငါးပါးသီလကို လူတို့သည် အမြဲစောင့်ရှောက်ခြင်းငှာ သင့်လျော်လှလေတော့သည်၊ ထို ငါးပါး ရှစ်ပါး စသော သီလတို့တွင် ရှစ်ပါးသီလ စသောသီလများကို လူတို့သည် မတတ်နိုင်၍ မစောင့်ရှောက်ရသော်လည်း အပြစ်မရှိ၊ တတ်နိုင်၍ စောင့်ရှောက်လျှင် များစွာအကျိုးရှိ၏။

ငါးပါးသီလကိုမူကား လူတို့သည် မတတ်နိုင်၍ပင် မစောင့်ရှောက်သော်လည်း အပြစ်မလွတ်၊ အပြစ်ရှိ၏၊ တတ်နိုင်၍ စောင့်ရှောက်ပါလျှင် အကျိုးများစွာရှိ၏၊ ထိုစကားသည် မှန်၏။

ငါးပါးလုံးဖြစ်သော သီလကို မစောင့်မထိန်းဘဲ နေခြင်း၊ လွန်ကျူးခြင်း၌ များစွာ အပြစ်ရှိသည်ကို မဆိုထားဘိဦး၊ ထိုငါးပါးသီလတို့တွင် တစ်ပါးပါးသော သီလကို မစောင့်ရှောက်ခြင်း၊ ကျူးလွန်ခြင်း၌လည်း များစွာအပြစ်ရှိ၏။

ထို့ကြောင့် မြတ်စွာဘုရားသခင်သည် အင်္ဂုတ္တရနိကာယ်ကျမ်း၌ ငါးပါးသော သိက္ခာပုဒ်တို့တွင် ပါဏာတိပါတသိက္ခာပုဒ်ကို လွန်ကျူးခြင်း၌ အပြစ်ကို ပြတော်မူခြင်းငှာ။

ပါဏာတိပါတော ဘိက္ခဝေ အာသေ၀ိတော
ဘာဝိတော ဗဟုလိကတော နိုရယသံဝတ္တနိကော
တိရစ္ဆာနယောနိသံဝတ္တနိကော ပေတ္တိဝိသယသံဝတ္တ
နိကော ယော သဗ္ဗလဟု၊ သော ပါဏာတိပါတဿ
ဝိပါကော မနုဿဘူတဿ၊ အပ္ပါယုကသံဝတ္တနိကော ဟောတိ။

ဟူ၍ ဟောတော်မူသည်။

ဘိက္ခဝေ၊ သံသရာဘေး လားလတ္တံ့သောအရေးကို မြှော်တွေး၍ ကြောက်တတ်ကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့၊ အာသေ၀ိတော၊ အဖန်ဖန်အထပ်ထပ် အားထုတ်အပ်သော။ ဘာဝိတော၊ အကြိမ်များစွာ လေ့လာအားထုတ်အပ်သော။ ဗဟုလီကတော၊ အကြိမ်များ ပြုအပ်သော။ ပါဏာတိပါတော၊ သူတစ်ပါးတို့၏ အသက်ကို သတ်ခြင်းဟု ဆိုအပ်သော ပါဏာတိပါတ အကုသိုလ်ကံသည်။ နိရယသံဝတ္တနိကော၊ ငရဲဘုံ၌လည်း ဖြစ်စေတတ်၏။ တိရစ္ဆာနယောနိသံဝတ္တနိကော၊ တိရစ္ဆာန်မျိုး၌လည်း ဖြစ်စေ တတ်၏။ ပေတ္တိဝိသယသံဝတ္တနိကော၊ ပြိတ္တာဘုံ၌လည်း ဖြစ်စေတတ်၏။ ပါဏာတိပါတဿ၊ ပါဏာတိပါတ အကုသိုလ်ကံ၏။ ယောဝိပါကော၊ အကြင်အကျိုးသည်။ သဗ္ဗလဟု၊ အလုံးစုံသော ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် ဟူကုန်သော အကျိုးတို့အောက် အပေါ့ဆုံး အယုတ်ဆုံး ဖြစ်၏။ သောဝိပါကော၊ ထိုအကျိုးသည်။ မနုဿဘူတဿ၊ လူဖြစ်သောသူအား၊ အပ္ပါယုကသံဝတ္တနိကော၊ တိုသော အသက်ရှိသည်။ ဟောတိ၊ ဖြစ်၏။

အဓိပ္ပာယ်ကား - သေစေလိုသော စေတနာဖြင့် သူတစ်ပါးတို့၏ အသက်ကို သတ်ခြင်းသည် ပါဏာတိပါတမည်၏၊ အယုတ်အားဖြင့် သန်းဥကိုတုပ်ခြင်း၊ သန်းကိုသတ်ခြင်း၊ ကြမ်းပိုး, ခြ, ပုရွတ်ဆိပ် စသော သတ္တ၀ါတို့ကိုသတ်ခြင်း၊ ကြက်ဥ, ငှက်ဥတို့ကို ဖျက်ဆီးခြင်းသည်လည်း ပါဏာတိပါတမည်၏၊ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ထုံအပ်သော ထိုပါဏာတိပါတ အကုသိုလ်ကံသည် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် တည်းဟူသော အပါယ်လေးဘုံတို့၌လည်း ဖြစ်စေတတ်၏။

အကြင် ပါဏာတိပါတ အကုသိုလ်ကံ၏ အကျိုးသည် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် တည်းဟူသော အကျိုးတို့အောက် အပေါ့ဆုံး အယုတ်ဆုံးဖြစ်၏၊ ထိုပါဏာတိပါတကံ၏ အကျိုးသည် လူပင်ဖြစ်ငြားသော်လည်း အမိဝမ်းတွင်းကပင် သေရခြင်း၊ ဖွားပြီးသော ပျိုပြစ်နုနယ် ငယ်သော ကာလက သေရခြင်းတည်းဟူသော အသက်တိုခြင်းကိုလည်း ဖြစ်စေတတ်၏။

သည်မျှမကသေး၊ ခေါင်းကိုက်ခြင်း၊ ခါးတောင့်ခြင်း၊ ဖျားနာခြင်း စသော ရောဂါတို့များခြင်း၊ တုတ်, လှံတံတို့၏ ထိပါးစူးရှခြင်း စသော ဘေးရန်များခြင်းကိုလည်း ဖြစ်စေတတ်၏ ဟုဆိုသည်။

ဤ၌ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ပြုအပ်သော ပါဏာတိပါတ အကုသိုလ်ကံကို ဟောခြင်းသည် သေသည်၏ အခြားမဲ့၌ မြဲသောအကျိုးရှိသော ပါဏာတိပါတကံကို ရည်၍ ဟောတော်မူသည်၊ အနည်းငယ်မျှ ပြုအပ်သော ပါဏာတိပါတ အကုသိုလ်ကံသည် အကျိုးမပေး၍ ဟောတော်မူအပ်သည်မဟုတ်၊ စင်စစ်အားဖြင့် တစ်ကြိမ်တစ်ခါမျှ ပြုလုပ်သော ပါဏာတိပါတ အကုသိုလ်ကံသည်လည်း အကျိုးကို ဖြစ်စေ တတ်သည်သာလျှင် ဖြစ်၏ဟု မှတ်ရာ၏၊ အထက်ဆိုလတ္တံ့သော သိက္ခာပုဒ်တို့၌လည်း ဤနည်းတူပင် မှတ်ရာ၏။

အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

Sunday 18 December 2011

အနတ္တလက္ခဏာတရားတော်

ရဟန်းတို့ ----- ရုပ်သည် အတ္တမဟုတ်၊ ရုပ်မှာ အတ္တမရှိ၊ ရုပ်သည် အတ္တဖြစ်ခဲ့လျှင် ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ရုပ်သည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ရုပ်တို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ရုပ်သည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏ရုပ်သည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ရုပ်တို့၌ တောင့်တ၍လည်း မရနိုင်ပေ။




ရဟန်းတို့ ----- ဝေဒနာသည် အတ္တမဟုတ်၊ ဝေဒနာမှာ အတ္တမရှိ၊ ဝေဒနာသည် အတ္တဖြစ်ခဲ့လျှင် ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ဝေဒနာသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ဝေဒနာတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ဝေဒနာသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏ဝေဒနာသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ဝေဒနာတို့၌ တောင့်တ၍လည်း မရနိုင်ပေ။

ရဟန်းတို့ ----- သညာသည် အတ္တမဟုတ်၊ သညာမှာ အတ္တမရှိ၊ သညာသည် အတ္တဖြစ်ခဲ့လျှင် ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏သညာသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် သညာတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - သညာသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏သညာသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု သညာတို့၌ တောင့်တ၍လည်း မရနိုင်ပေ။

ရဟန်းတို့ ----- သင်္ခါရသည် အတ္တမဟုတ်၊ သင်္ခါရမှာ အတ္တမရှိ၊ သင်္ခါရသည် အတ္တဖြစ်ခဲ့လျှင် ဤသင်္ခါရသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏သင်္ခါရသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် သင်္ခါရတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - သင်္ခါရသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏သင်္ခါရသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု သင်္ခါရတို့၌ တောင့်တ၍လည်း မရနိုင်ပေ။

ရဟန်းတို့ ----- ၀ိညာဉ်သည် အတ္တမဟုတ်၊ ၀ိညာဉ်ရမှာ အတ္တမရှိ၊ ၀ိညာဉ်သည် အတ္တဖြစ်ခဲ့လျှင် ဤ၀ိညာဉ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏၀ိညာဉ်သည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ၀ိညာဉ်တို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ၀ိညာဉ်သည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏၀ိညာဉ်သည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ၀ိညာဉ်တို့၌ တောင့်တ၍လည်း မရနိုင်ပေ။

ရဟန်းတို့ ----- ရုပ်သည် မြဲသလော၊ မမြဲသလောဟု မေးတော်မူရာ “မမြဲပါ အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏။ မမြဲသောရုပ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု မေးတော်မူရာ “ဆင်းရဲဖြစ်ပါသည် အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏၊ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ဤရုပ်သည် ငါ၏ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏အတ္တတည်း”ဟု စွဲယူခြင်းငှါ သင့်လျော်ပါမည်လောဟု မေးတော်မူပြန်ရာ “မသင့်လျော်ပါ အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏။

ထို့အတူပင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် တို့ကိုလည်း အမေးအဖြေ ပြုလုပ်တော်မူသည်။

ရဟန်းတို့ ----- ထို့ကြောင့် အတိတ်ရုပ်၊ အနာဂတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊ မိမိသန္တာန်၌ ဖြစ်သောရုပ်၊ သူတပါးသန္တာန်၌ ဖြစ်သောရုပ်၊ ကြမ်းတမ်းသောရုပ်၊ နူးညံ့သောရုပ်၊ ယုတ်ညံ့သောရုပ်၊ ကောင်းမြတ်သောရုပ်၊ အနီး၌ဖြစ်သောရုပ်၊ အဝေး၌ဖြစ်သောရုပ် တည်းဟူသော ဤရုပ်အလုံးစုံကို “ငါ၏ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရူမြင်ရမည်။

ထို့အတူပင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ မိမိသန္တာန်၊ သူတပါးသန္တာန်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အနီး၊ အဝေးဖြစ်သော ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်တို့ကိုလည်း “ငါ၏ ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရူမြင်ရမည်။

ရဟန်းတို့ ----- ဤသို့ ရူမြင်သည်ရှိသော် အကြားအမြင် ဗဟုသုတရှိသော အရိယာသာဝကသည် ရုပ်၌လည်းငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ၀ိညာဉ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့ခြင်းကြောင့် ခန္ဓာငါးပါးတို့၌ တပ်မက်ခြင်း ကင်း၏၊ မတပ်မက်ခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်၏။ ကိလေသာမှ လွတ်မြောက်ပြီးသည်ရှိသော် “ကိလေသာမှ လွတ်မြောက်ပြီ”ဟု ပစ္စဝေက္ခဏာဉာဏ် ဖြစ်ပေါ်လာ၏။ နောက်ထပ် တဖန် ပဋိသန္ဓေနေမူကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးအပ်ပြီးပြီ၊ မဂ်ကိစ္စကို ပြုအပ်ပြီးပြီ၊ ဤမဂ်ဉာဏ် ရရှိရေးအတွက် အခြားတပါး အားထုတ်ပြုလုပ်ဖွယ် ကိစ္စ မရှိတော့ပြီဟု သိ၏။ ဤသို့ မြတ်စွာဘုရားသည် ဟောကြားတော်မူသည်။

မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ်တော်ကို ဟောကြားတော်မူပြီးသည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် လွန်စွာနှစ်သက်ကြကုန်၏၊ ၀မ်းမြောက်ဝမ်းသာဖြစ်ကြကုန်၏၊ ဤဒေသနာတော်ကို ဟောကြားပြီးဆုံးသည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် စွဲလမ်းမူမရှိဘဲ အာသဝေါတရားတို့မှ လွတ်မြောက်ကြလေကုန်၏။ ထိုအခါဝယ် ဤလောက၌ ဘုရားအပါအ၀င် ရဟန္တာခြောက်ဆူ ဖြစ်ထွန်းပေါ်ပေါက်၍ လာကုန်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

အနတ္တလက္ခဏသုတ်တော်

လောဘစသော ကိလေသာတို့သည် အာရုံ (၆)ပါးတို့ကို စွဲလမ်းတတ်ကြ၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ကိလေသာတရားတို့ ထူပြောများပြားလျက် ရှိကြသည်။ အစွဲတရားပြင်းထန်ကြသည်၊ မိမိကိုယ်ခန္ဓာကို အသက်၊ လိပ်ပြာ၊ ၀ိညာဉ်ကောင်ဟု စွဲလမ်းသော အတ္တစွဲသည် အခွာရ အခက်ခဲဆုံး အပြင်းထန်ဆုံးသော အစွဲဖြစ်သည်။



သတ္တ၀ါတို့ကို ဒုက္ခအပေးဆုံးလည်း ဖြစ်သည်။ ဘုရားမပွင့်မီက ဘုရားဟု အမည်ခံနေသူများလည်း အတ္တ၀ါဒ ရှိသူချည်းသာ ဖြစ်ကြ၏။ အတ္တစွဲကို ခွာပစ်နိုင်ဖို့မှာ သစ္စာလေးပါးတရားကို ကိုယ်တိုင် သိရှိမှသာ ဖြစ်နိုင်သည်။

သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားသည် သစ္စာလေးပါး တရားကို ကိုယ်တော်တိုင်လည်းထိုးထွင်း၍ သိတော်မူခဲ့ပြီး သူတပါးကိုလည်း သိအောင် ဟောပြောနိုင်လေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၂)လအကြာ ၀ါဆိုလပြည့်နေ့တွင် သစ္စာလေးပါး တရားကို ဟောကြား ဖော်ပြရာဖြစ်သော ဓမ္မစကြာသုတ်တော်ကို ထုတ်ဖော် ဟောကြားတော်မူခဲ့ရာ အရှင်ကောဏ္ဍညမထေရ်နှင့် ဗြဟ္မာ (၁၈)ကုဋေ၊ နတ်ပေါင်းများစွာတို့ သောတာပန်ဖြစ်ခဲ့ကြသည်။ ၀ိစိကိစ္ဆာနှင့် သက္ကာယဒိဋ္ဌိအတ္တစွဲတို့ ပြုတ်သွားခဲ့ကြသည်။

ဝါဆိုလပြည့်နေ့ည မဇ္ဈိမယာမ်တွင် သာတာဂိရနှင့် ဟေမ၀တနတ်မင်းတို့သည် အခြံအရံ နတ်ဘီလူးတစ်ထောင်နှင့်အတူ ရောက်လာကြကာ ပုစ္ဆာ(၁၀)ချက်ကို မေးလျှောက်ကြသည်။ မြတ်စွာဘုရား ဖြေကြားတော်မူပြီးသောအခါ သောတာပန်ဘ၀သို့ ရောက်ကြပြန်သည်။

မြတ်စွာဘုရားသည် ကျန် ပဉ္စ၀ဂ္ဂီတို့အား ကမ္မဋ္ဌာန်းတရားအားထုတ်စေပြီး ကိုယ်တော်တိုင် တရားပြတော်မူရာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂-ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃-ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄-ရက်နေ့တွင် အရှင်အဿဇိ မထေရ်တို့ သောတာပန် အသီးသီး ဖြစ်ကြပြန်သည်။

သာသနာပကာလတွင် ဉာဏ်အားကြီးသော သူတို့သည် သာမာန်အားဖြင့် အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာကို သိမြင်နိုင်ကြသော်လည်း အနတ္တလက္ခဏာကိုကား ထိုးထွင်း၍ မသိနိုင်ကြပေ။ အနတ္တတရားသည် လွန်စွာ သိမြင်ရန် ခက်ခဲ နက်နဲ နူးညံ့လှသော တရားဖြစ်သည်။ ဘုရားဖြစ်ရာ ကာလနှင့် ဘုရားသာသနာတော်အတွင်း၌သာ မြင်နိုင်ထင်နိုင်သော တရားဖြစ်သည်။ အနတ္တအမြင် ကြည်လင်စွာထင်မှ အတ္တပြုတ်မည်။ အတ္တကင်းကွာမှ ဘင်္ဂဉာဏ် ဘယဉာဏ် အာဒီန၀ဉာဏ် အဆင့်ဆင့် ရင့်သန်၍ အရဟတ္တမဂ်ဉာဏ်ကို ရနိုင်သည်၊ နိဗ္ဗာန်ကို မြင်နိုင်သည်။

အနတ္တလက္ခဏာသုတ်တော်ကို မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၅-ရက်၊ ကြာသပတေးနေ့တွင် ဗာရာဏသီပြည် အနီး မိဂဒါဝုန်တော၌ သီတင်းသုံးတော်မူစဉ် သောတာပန်အရိယာ သာဝကများ ဖြစ်ကြသော ပဉ္စ၀ဂ္ဂီငါးဦး တို့အား ဟောကြားတော်မူခဲ့သည်။

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် အတ္တမဟုတ်၊ အတ္တမဟုတ်ခြင်းကြောင့် ကိုယ့်အလိုသို့မပါ၊ လိုရာမဖြစ်၊ အနိစ္စအစစ်အမှန် ဒုက္ခအစစ်အမှန်တို့သာဖြစ်ကုန်၏။ အနိစ္စအစစ် ဒုက္ခအစစ် ဖြစ်သောကြောင့်လည်း အနှစ်သာရ ရှာမရနိုင်၊ လုံးဝအစိုးမရသည့် သဘောတရားစုတို့သာတည်းဟု အနတ္တလက္ခဏသုတ္တန်ဖြင့် ခန္ဓာငါးပါးကို လက္ခဏာရေး ၃-ပါးတင်၍ ဟောညွှန်ပြသတော်မူခဲ့သည်။

ဤသုတ်တော်ပြီးဆုံးသောအခါ ပဉ္စ၀ဂ္ဂီငါးဦးလုံးပင် တဏှာ၊ မာန၊ ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားများကို အကြွင်းမဲ့ ပယ်သတ်၍ ရဟန္တာမြတ်ကြီးများအဖြစ်သို့ ရောက်တော်မူခဲ့ကြသည်။ ဤသုတ်တော်ကြောင့် ဤလောက၀ယ် ဘုရားရှင်အပါအ၀င် ရဟန္တာခြောက်ပါး ပေါ်ထွက်ခဲ့သည်။ “ရဟန္တာ အစ အနတ္တလက္ခဏသုတ်တော်က”ဟု မှတ်တမ်းတင် ကမ္ပည်းထိုးရသည့် သုတ်တော်မြတ်ပင် ဖြစ်ပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Saturday 17 December 2011

ဟေမ၀တသုတ်

ဘုရားစစ် ဘုရားမှန် ဟုတ်၊ မဟုတ် နတ်မင်းတို့ ဆွေးနွေးခြင်း

မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့ ညသန်းခေါင်ယံအချိန်၌ ဓမ္မစကြာ တရားဒေသနာတော်ကို ဟောပြောမူပြီးဆုံးခဲ့သည်။ ထိုတရားပွဲကြီး၌ နတ် ဗြဟ္မာပရိသတ်ထဲတွင် သာတာဂိရ နတ်မင်းကြီးလည်းပါဝင်သည်။


သာတာဂိရနတ်မင်းကြီးသည် မိမိ၏ အခြံအရံ နတ်ဘီလူး ပရိသတ်ငါးရာနှင့်အတူ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မစကြာဒေသနာတော်ကို နာကြားရပါသော်လည်း တစုံတခု မဂ်ဖိုလ် တရားထူးကို မရခဲ့ချေ။ ထိုသို့ မရနိုင်ခြင်းမှာ တရားတော်ကို ဖြောင့်ဖြောင့် မနာယူနိုင်ဘဲ နောက်ဆန်တင်းနသောကြောင့် ဖြစ်သည်။ ဓမ္မစကြာဒေသနာတော်မှာ လွန်စွာနက်နဲဆန်းကြယ်လှသဖြင့် မိမိ၏သူငယ်ချင်း ဟေမ၀တနတ်မင်းအား တရားနာစေချင်လှသည်၊ ယခုအခါ သူငယ်ချင်း မပါလာသဖြင့် တရားနာရန် စိတ်မဖြောင့်ဘဲ ရှိနေသောကြောင့် တရားထူး မရနိုင်ခဲ့ပေ။

သာတာဂိရနတ်မင်းနှင့် ဟေမ၀တနတ်မင်း အလျောင်းလျာ အမျိုးသားနှစ်ဦးတို့သည် ကသပဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် သာသနာတော်သို့ ၀င်ရောက်လာခဲ့ကြသည်။ ဂန္ထဓုရတာဝန်ကို ထမ်းဆောင်ကြရာ စာပေပရိယတ် လွန်စွာတတ်ကျွမ်းကြသည်၊ ၀ိနည်းအရာ လွန်စွာကျွမ်းကျင်ကြသည်၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်ပြီး စာပေအရာ ကျော်ကြားကြသည်။

တောရွာ ကျောင်းတိုက်တခု၌ ဓမ္မ၀ါဒီရဟန်းနှင့် အဓမ္မ၀ါဒီရဟန်း နှစ်ပါးတို့ရှိကြသည်။ အဓမ္မ၀ါဒီရဟန်းသည် သိက္ခာပုဒ်ကို လွန်ကျူးသည်၊ ဓမ္မ၀ါဒီရဟန်းက မလျောက်ပတ်ကြောင်း ပြောဆိုသောအခါ အဓမ္မ၀ါဒီရဟန်းက လက်မခံဘဲ ငြင်းပယ်သဖြင့် မထေရ်ကြီးနှစ်ပါးထံ အဆုံးအဖြတ်ခံရန် ရောက်လာကြသည်၊ အဓမ္မ၀ါဒီရဟန်းသည် မိမိရူံးနိမ့်မှာ သေချာကြောင်း သိသဖြင့် မထေရ်တို့ထံ ကပ်ရောက်ပြုစုလုပ်ကျွေးကာ မိမိကို အနိုင်ပေးရန် လျှောက်ထားတောင်းပန်၏၊ မထေရ်နှစ်ပါးတို့ကလည်း အကြိမ်ကြိမ်တောင်းပန်ခြင်းကြောင့် လိုက်လျောခဲ့ကြ၏၊ မထေရ်ကြီးတို့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း အဓမ္မ၀ါဒီရဟန်းကို အနိုင်ပေးခဲ့လေသည်။

ဓမ္မ၀ါဒီရဟန်းလည်း မထေရ်နှစ်ပါးတို့၏ အဆုံးအဖြတ်ကို ကြားရသောအခါ သာသနာ့မျက်နှာကို မကြည့်ဘဲ ပုဂ္ဂိုလ်မျက်နှာကိုသာကြည့်ကာ ဆုံးဖြတ်ခဲ့ကြသဖြင့် ကဿပမြတ်စွာဘုရား သာသနာတော်ကား ပျက်စီးခြင်းမလှ ပျက်စီးရချေပြီတကားဟု ငိုကြွေးပြောဆိုလျက် ထိုဝိနည်းဓိုရ်တို့ထံမှ ထွက်ခွာသွားလေသည်။

မထေရ်ကြီးနှစ်ပါးတို့သည်လည်း “ငါတို့သည် အလဇ္ဇီဒုဿီလပုဂ္ဂိုလ်ကို ငဲ့ညှာစောင့်ရှောက်လျက် သာသနာတော်တည်းဟူသော ရတနာမြတ်ကြီးကို ထုံးအိုင် ချောက်ကမ်းပါး၌ ပစ်ချမိခဲ့လေပြီတကား”ဟု နောင်တ တဖန် ပူပန်စိတ်ဖြင့် သေဆုံးခဲ့ကြရာ မထေရ်တစ်ပါးက ဟိမ၀န္တာတောအတွင်း ဟေမ၀တတောင်၌ ဟေမ၀တမည်သော နတ်ဘီလူးမင်းဖြစ်လေသည်၊ အခြားတပါးမှာ မဇ္ဈိမဒေသအတွင်း သာတမည်သောတောင်၌ သာတာဂိရအမည်ရှိသော နတ်ဘီလူးမင်း ဖြစ်လေ၏၊ နတ်ဘီလူးပရိသတ် (၅၀၀)စီ အခြံအရံရှိ၏။

ထိုနတ်ဘီလူးမင်းကြီး နှစ်ဦးမှာ (၂၈)ဦးသော နတ်စစ်သူကြီးတို့တွင် ပါဝင်သဖြင့် တန်ခိုးလွန်စွာကြီးကြ၏၊ တလလျှင် ရှစ်ကြိမ် ဟိမ၀န္တာတောအတွင်း ဆေးဒန်းမြင်းသိလာကျောက်အပြင်ဝယ် နာဂ၀တီအမည်ရှိသာ မဏ္ဍပ်၌ နတ်အစည်းအဝေး ကျင်းပမြဲဖြစ်၏၊ ထိုအစည်းအဝေးပွဲသို့ နတ်ဘီလူးမင်းနှစ်ဦး တက်ရောက်လာရာ အချင်းချင်း တွေ့ဆုံကြပြီး ရှေးဖြစ်ဟောင်း ပြန်ပြောင်း သတိရသဖြင့် လွန်စွာရင်းနှီးချစ်ခင်ကြကုန်၏၊ တဦးနှင့်တဦး အကြောင်းကိစ္စထူးပါကလည်း အသိပေးကြရန် ကတိက၀တ်ပြုထားကြကုန်၏။

မြတ်စွာဘုရားအလောင်းတော်သည် လူ့ပြည်၌ ပဋိသန္ဓေယူတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါ၊ တောထွက်တော်မူသောအခါ၊ ဘုရားဖြစ်တော်မူသောအခါတို့၌ ထူးခြားအံ့သြဖွယ် နိမိတ်ကြီး (၃၂)ပါးတို့ ထင်ရှားစွာ ပေါ်ပေါက်ခဲ့သော်လည်း နတ်ဘီလူးမင်းတို့သည် မသိလိုက်ကြကုန်၊ ဓမ္မစကြာတရားတော် ဟောတော်မူသောအခါ၌လည်း လွန်စွာအံ့သြဖွယ် နိမိတ်ကြီး (၃၂)ပါးတို့ ပေါ်ပေါက်လာသည်၊ ထိုအခါမှ သာတာဂိရနတ်မင်း မြင်တွေ့လတ်၍ တရားပွဲသို့ ရောက်လာခြင်းဖြစ်လေသည်။ မိမိသူငယ်ချင်းကို စောင့်မျှော်နေသဖြင့် တရားထူးမရလိုက်ပေ။ ဤတရားပွဲအကြောင်းကို ဟေမ၀တနတ်မင်းအား ပြောပြရန် အခြွေအရံများနှင့် ထွက်ခွာလာခဲ့၏။

ဟေမ၀တနတ်မင်းအဖို့မှာလည်း ဤယနေ့သည် ထူးထူးခြားခြား အံ့ဖွယ်သရဲ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်၊ ဟိမ၀န္တာတောလုံး ပင်လုံးကျွတ် ပွင့်သော ပန်းမျိုးစုံတို့ဖြင့် လှပနေသည်။ သူငယ်ချင်း သာတာဂိရကို ခေါ်၍ နှစ်ဦးသား ပျော်မြူးကြမည်ဟူသော ရည်ရွယ်ချက်ဖြင့် ထွက်လာခဲ့သည်။

နတ်မင်းကြီး နှစ်ဦးတို့သည် ရာဇဂြိုဟ်မြို့ ကောင်းကင်ပြင်ဝယ် ရင်ဆိုင်တွေ့ကြသည်။ မိမိတို့ တွေ့ကြုံရသော အံ့သြဖွယ်ရာများကို ပြောကြားကြရာ သာတာဂိရနတ်မင်းက လောကသုံးပါးတွင် မြတ်စွာဘုရား ပွင့်တော်မူလာ၍ ဓမ္မစကြာသုတ်တော်ကို ယနေ့စတင် ဟောကြားတော်မူပြီ ဖြစ်ကြောင်း၊ လောကဓာတ် တစ်သောင်းသို့ “သဗ္ဗညုဘုရားရှင်ဖြစ်ပြီ”ဟု ရဲဝန့်စွာ ၀န်ခံတော်မူကြောင်း ပြောပြ၏။

ဘုရားဆိုတိုင်း လွယ်လွယ်နှင့် ယုံကြည်လေ့မရှိသော ဟေမ၀နတ်မင်းနှင့် သာတာဂိရနတ်မင်းတို့သည် ဘုရားစစ် ဘုရားမှန်ဆိုသည်မှာ မည်သည့် ဂုဏ်ထူးဝိသေသ အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်ရမည်နည်းဟူသော စကားရပ်ကို အပြန်အလှန် ဆွေးနွေးကြကုန်၏။

အဆွေတော် ဟေမ၀တ - ယနေ့ကား လပြည့်ဥပုသ်နေ့တည်း၊ စကြ၀ဠာတစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ် ဗြဟ္မာတို့၏ ကိုယ်ရောင်၊ ကြယ် လ နက္ခတ်တို့၏အရောင်၊ မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့ဖြင့် ဇမ္ဗူဒိပ်ကျွန်းလုံးကို အလှဆုံးတန်ဆာဆင်ထားသည့်ပမာ အလွန်သာယာသော ညအခါဖြစ်၏၊ ဘုရားဟုတ်သလော၊ မဟုတ်သလောဟု တွေးတောယုံမှား စိတ်များမနေပါလင့်၊ လာ - သွားကြပါစို့၊ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို သွားရောက်ဖူးမြော်ကြပါစို့။

အဆွေတော် သာတာဂိရ - သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရား၏ စိတ်တော်သည် သတ္တ၀ါအားလုံးတို့၌ ချစ်ခြင်း၊ မုန်းခြင်း အလျှင်းမရှိ၊ ပကတိသော တာဒိဂုဏ်နှင့် ပြည့်စုံပါ၏လော၊ သင် ဖူးတွေ့ခဲ့ရသော ဘုရားဂေါတမသည် ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ ချစ်ခြင်း၊ မုန်းခြင်းဖြစ်ပါသေးသလော၊ ကာမ၀ိတက် ဗျာပါဒ၀ိတက် ၀ိဟိံသာ ၀ိတက်တို့ကို ပယ်ရှားနိုင်သူ ဖြစ်ပါသလော၊ အခြားသော မည်သည့် ဂုဏ်ထူး များနှင့်လည်း ပြည့်စုံပါသေးသနည်း။

အဆွေတော် ဟေမ၀တ - ဂေါတမမြတ်စွာဘုရားသည် တာဒိဂုဏ်နှင့် ပြည့်စုံသူဖြစ်ပါ၏၊ မြတ်စွာဘုရားသည် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့၌ ချစ်ခြင်း၊ မုန်းခြင်း ကင်းတော်မူပါ၏၊ ၀ိတက်တရားတို့ကို ပယ်ရှားကင်းရှင်း နိုင်နင်းအောင် ပြုအပ်ပြီးသူ ဖြစ်ပါ၏၊ အခြားသူတို့ ကိုယ်နူတ်ဖြင့်မပေးသော ပစ္စည်းဥစ္စာကိုလည်း ယူတော်မမူ၊ သတ္တ၀ါတို့၌ သတ်ဖြတ်ညှဉ်းဆဲခြင်း ဒုစရိုက်မူမှ ကင်းဝေးတော်မူ၏၊ ငါးဖြာသောအာရုံ ကာမဂုဏ်တို့၌ ခုံမင်ငြိကပ်တွယ်တာတတ်သော စိတ်လည်း မရှိ၊ နီဝရဏငါးပါး စွန့်ပယ်ရှားလျက် ဈာန် သမာပတ်ကို အမြဲဝင်စားတော်မူ၏၊ မဟုတ်မမှန်သောစကား၊ ကြမ်းတမ်း ယုတ်မာသောစကား၊ ကုန်းတိုက်စကားများကိုလည်း မပြောကြားပေ၊ အကျိုးရှိ မှန်ကန်သော စကားကိုသာ ပြောကြားတော်မူလေ့ရှိ၏၊ ၀တ္ထုအာရုံ ကာမဂုဏ်တို့၌ ခုံမင် တပ်မက်ခြင်းတည်းဟူသော အဘိဇ္ဈာတရားများမှလည်း လွန်မြောက်ပြီးသူဖြစ်၏၊ ခပ်သိမ်းသော တရားတို့ကို ကိုယ်တိုင်ထိုးထွင်း သိမြင်တော်မူသောကြောင့် စက္ခုငါးပါးနှင့် ပြည့်စုံတော်မူ၏၊ ရှေးရှေးက ပွင့်တော်မူပြီးသော ဘုရားတကာ ပြည့်စုံရာသော ၀ိဇ္ဇာမျက်စိနှင့်လည်း ပြည့်စုံတော်မူ၏၊ နိဗ္ဗာန်သွားကြောင်း ခြေကောင်းသဖွယ် စင်ကြယ်သော စရဏတရား တဆယ့်ငါးပါးနှင့်လည်း ပြည့်စုံတော်မူပါ၏၊ မြတ်စွာဘုရား၏ သန္တာန်တော်ဝယ် ကိလေသာ အာသဝေါတရား အလုံးစုံ ကုန်ခန်းပြီး ဖြစ်တော်မူပါ၏၊ သံသရာဝယ် နောက်ထပ် တဖန် ပဋိသန္ဓေနေရခြင်း ဘ၀သစ်၌ ဖြစ်ရခြင်း မရှိတော့ပါ။

အဆွေတော် သာတာဂိရနတ်မင်း - သင် ယနေ့ည ဖူးတွေ့ရသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားသည်ကား သင်ပြောခဲ့သော ဂုဏ်တို့နှင့် ပြည့်စုံပါမူ ဘုရားစင်စစ် ဧကန်ဖြစ်ပေပြီ၊ ဘုရားစစ် ဘုရားမှန်ဟူသည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူမြဲဖြစ်၏၊ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးလုံး သန့်ရှင်းစင်ကြယ်တော်မူမြဲ ဖြစ်၏၊ ၀ိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူမြဲ ဖြစ်၏။

အဆွေတော် သာတာဂိရနတ်မင်း - လာ သွားကြစို့၊ မြတ်စွာဘုရားသည် လက္ခဏာတော်ကြီးငယ်တို့နှင့် ပြည့်စုံတော်မူပြီး ကိုယ်တွင်းကိုယ်ပ ရန်ဟူသမျှ တိုက်ဖျက်ခြင်းငှါ စွမ်းနိုင်သော လုံ့လ ၀ီရိယ ရှိတော်မူ၏၊ ခန္ဓာကိုယ် မျှတရုံအတွက် ဆွမ်းတထပ်တည်းကိုသာ ဘုဉ်းပေးတော်မူ၏၊ အစာအာဟာရ၌ လောလုပ္ပတဏှာကို ပယ်သတ်ပြီးဖြစ်၏၊ မဂ်ဉာဏ်လေးပါးနှင့် ပြည့်စုံတော်မူကာ ဆိတ်ငြိမ်ရာတောအရပ်၌ ဈာန်ဝင်စား၍ နေလေ့ရှိတော်မူ၏၊ လောကဓံတရားတို့ကိုလည်း ခံနိုင်တော်မူပြီး တစ်သောင်းသော လောကဓာတ်၌ တစ်ဆူတည်းသာ ပွင့်ပေါ်တော်မူလာသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားထံမှောက်သို့ သွားရောက်ချဉ်းကပ်ခါ သေမင်း၏ကျော့ကွင်းနှင့်တူသော တေဘူမက ၀ဋ်ဒုက္ခမှ လွတ်မြောက်ရာအမှန် နိဗ္ဗာန်တရားတော်မြတ်ကို လျှောက်ထားမေးမြန်းကြပါကုန်စို့။

အထက်ပါအတိုင်း နတ်မင်းကြီးနှစ်ဦးတို့သည် ဘုရားစစ်ဘုရားမှန်တို့၏ ဂုဏ် အင်္ဂါ လက္ခဏာတို့ကို ဖော်ပြဆန်းစစ်ကာ ကျေနပ်အားရလှသဖြင့် မြတ်စွာဘုရားရှင်ရှိရာ ဣသိပတန မိဂဒါဝုန်တောသို့ နတ်ဘီလူးတစ်ထောင် ခြံရံလျက် ဘုရားဖူး တရားနာရန် သန်းခေါင်ယံအချိန်တွင် ရောက်ရှိလာကြ လေသည်။ ထိုနတ်ဘီလူးတို့ ရောက်ရှိလာချိန်တွင် ဘုရားရှင်မှာ ဓမ္မစကြာတရား ဟောကြားတော်မူစဉ်က သီတင်းသုံးတော်မူသည့် တင်ပလ္လင်ကိုပင် မဖျက်ရသေးချေ၊ နတ်မင်းနှစ်ဦး တို့သည် ဘုရားရှင်အား ရှိခိုးခွင့်ပန်၍ ဟေမ၀တနတ်မင်းက အမေးပုစ္ဆာပြဿနာရပ်များကို လျှောက်ထားသဖြင့် မြတ်စွာဘုရားက ဟေမ၀တသုတ္တန်ကို ဟောကြားတော်မူရာ အခြွေအရံနတ်သား တစ်ထောင်နှင့်တကွ နတ်ဘီလူးနှစ်ဦးလုံး သောတာပန် တည်သွားကြလေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Friday 16 December 2011

သစ္စာ ၄-ပါး နှင့် ဉာဏ် ၁၂-ပါး

သစ္စာ ၄-ပါး
သိ၊ ပယ်၊ ဆိုက်၊ ပွား သစ္စာလေးပါးဟူသော အတိုချုပ်လင်္ကာအရ သိရမည့်တရားများမှာ ဒုက္ခသစ္စာဖြစ်သည်။ ပယ်သတ်ရမည်တရားများမှာ သမုဒယသစ္စာဖြစ်သည်။ ဆိုက်ရောက်ရရှိအောင် ကြိုးစားရမည့် နိဗ္ဗာန်သည် နိရောဓသစ္စာဖြစ်သည်။ နိဗ္ဗာန်ရောက်ကြောင်း ပွားများအားထုတ်ရမည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားများသည် မဂ္ဂသစ္စာဖြစ်သည်။




ဉာဏ် ၁၂-ပါး
သစ္စာလေးပါးအနက် သစ္စာတစ်ပါးလျှင် သစ္စဉာဏ်(အမှန်သိမြင်မူ) ကိစ္စဉာဏ်(ပြုရမည့်ကိစ္စတာဝန်ကို သိမြင်မူ) ကတဉာဏ်(ပြုလုပ်ပြီးဖြစ်ကြောင်း သိမြင်မူ) ဟူ၍ ဉာဏ် ၃-ပါးဖြစ်ပေါ်လာသည်။ ထိုဉာဏ် ၃-ပါးသည် သစ္စာတိုင်းတွင် ဖြစ်ပေါ်လာသဖြင့် သစ္စာ ၄-ပါးကို ဉာဏ် ၃-ပါးနှင့်မြှောက်လျှင် ဉာဏ် ၁၂-ပါး ဖြစ်ပေါ်လာသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

မဇ္ဈိမပဋိပဒါခေါ် မဂ္ဂင် (၈) ပါး

ကာမဂုဏ်လိုက်စားသော ကာမသုခလ္လိကအကျင့်သည် ကိလေသာ တဏှာဦးစီးသော စိတ်အလိုသို့လိုက်ကာ ခံစားပျော်ပါးသည့်အကျင့် ဖြစ်သောကြောင့် အောက်တန်းကျ ပျော့ညံ့သော လက်ယာလမ်းကျင့်စဉ်ဖြစ်သည်။


လျော့နေသော စောင်းကြိုးသည် အသံကောင်းကောင်း မမြည်သကဲ့သို့ ထိုအကျင့်အကြံကို လိုက်စားနေပါက မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ပေ။ ခန္ဓာကိုယ်ကို ဒုက္ခပေးသော အတ္တကိလမထအကျင့်ကား လက်ဝဲလမ်းဖြစ်သည်၊ တင်းလွန်း၏၊ ပြင်းထန်လွန်း၏၊ တင်းလွန်းသော စောင်းကြိုးသည် အသံကောင်း အသံမှန် မမြည်နိုင်သကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရန် လမ်းမှန်မဟုတ်သေးချေ။ မလျော့ မတင်း စောင်းကြိုးညှင်းသကဲ့သို့ လျော့လည်းမလျော့၊ တင်းလည်းမတင်းဘဲ ဉာဏ်စက္ခုအလင်းရအောင် ပြုနိုင်၍ နိဗ္ဗာန်ကို ထိုးထွင်းသိမြင်စေနိုင်သော မဇ္ဈိမပဋိပဒါအကျင့်သည်သာလျှင် လက်ဝဲ၊ လက်ယာမှလွတ်၍ မှန်ကန်သော အလယ်လမ်းဖြစ်သည်။

ထိုမဇ္ဈိမပဋိပဒါခေါ် အလယ်လမ်းမှန်ကား အရိယာသူတော်စင်တို့ ကျင့်ကြံအားထုတ် ကြသော မဂ်လမ်းအကျင့်ဖြစ်၏၊ မဂ္ဂင်ရှစ်ပါးဟု ခေါ်ကြ၏၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်မှန်ဖြစ်၏၊ ထိုမဂ္ဂင်ရှစ်ပါးကား -

သမ္မာဒိဋ္ဌိ = ဒုက္ခသစ္စာကိုသိမြင်ခြင်း၊ ဒုက္ခသစ္စာဖြစ်ကြောင်း သမုဒယသစ္စာကို သိမြင်ခြင်း၊ ဒုက္ခချုပ်ငြိမ်းရာ နိရောဓသစ္စာကို သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့် မဂ္ဂသစ္စာကိုသိမြင်ခြင်း။

သမ္မသင်္ကပ္ပ = ကာမဂုဏ်မှ ထွက်မြောက်ရာကို ကြံစည်ခြင်း၊ သူတပါးတို့ ကောင်းစားရေး ချမ်းသာရေးကို ကြံစည်ခြင်း၊ သနားမူရှေးရူ၍ သတ္တ၀ါတို့၏ ချမ်းသာရေးကို ကြံစည်ခြင်း။

သမ္မာဝါစာ = မဟုတ်မမှန်ပြောခြင်း၊ ကုန်းတိုက်စကားပြောခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားပြောဆိုခြင်း၊ အကျိုးမရ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း။

သမ္မာကမ္မန္တ = သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ ၀တ္ထုကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းတို့ မှ ရှောင်ကြဉ်ခြင်း။

သမ္မာအာဇီဝ = အသက်မွေးမူနှင့် ပတ်သက်၍ ၀စီဒုစရိုက် ၄-ပါး ကာယဒုစရိုက် ၃-ပါးတို့မှ ရှောင်ကြဉ်ခြင်း။

သမ္မ၀ါယာမ = မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ဆက်လက်မဖြစ်ပေါ်စေရန် ပယ်ဖျောက်ရန် အားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲပြန့်ပွားစေရန် အားထုတ်ခြင်း။

သမ္မာသတိ = ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဟူသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ အကြိမ်ကြိမ် ရူမှတ်ခြင်း အောက်မေ့ခြင်း။

သမ္မာသမာဓိ = သမထဘာဝနာပွားများမူ၊ ၀ိပဿနာရူမှတ်မူ၊ သမာပတ် ၈-ပါး ၀င်စားမူနှင့် မဂ်တရားတို့၌ ဖြစ်ပေါ်သော စိတ်တည်ငြိမ်မူကို သမ္မာသမာဓိဟု ခေါ်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဓမ္မစကြာသုတ်တော် အနှစ်ချုပ်

ဤဓမ္မစက္ကပ၀တ္တနခေါ် ဓမ္မစကြာသုတ်တော်၌ အနှစ်ချုပ်တရားများမှာ အစွန်း ၂-ပါး၊ မဇ္ဈမပဋိပဒါ(မဂ္ဂင်ရှစ်ပါး)၊ သစ္စာ ၄-ပါး၊ ဉာဏ် ၁၂-ပါး တို့ပင် ဖြစ်ကြပါသည်။




အစွန်းနှစ်ပါးမှာ ကာမသုခလ္လိကာနုယောဂ၊ အတ္တကိလမထာနုယောဂ် တို့ဖြစ်ကြသည်။

ကာမသုခလ္လိကာနုယောဂ
အဆင်း၊ အသံ၊ အရသာ၊ အနံ့အမျိုးမျိုး၊ ထိတွေ့မူ အမျိုးမျိုးဟူသော အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ကာမဂုဏ် စည်းစိမ်ချမ်းသာ အရသာအဖြစ် ခံစားသောအကျင့်၊ ကာမစိတ်အကြိုက် အလိုလိုက်သော အကျင့်ဖြစ်သည်။

အတ္တကိလမထာနုယောဂ
ခန္ဓာကိုယ် ၀ဖြိုးစည်ပင်နေပါက ကိုယ်ခန္ဓာတွင်းရှိ ကာမတဏှာကိလေသာ အစိုအစေးဓာတ်များ မပြတ်တိုးပွား စိုစွတ်နေ၏၊ ဤခန္ဓာကိုယ် မစိုမလန်း ခြောက်ခန်း နေလျှင် ထန်းနို့အခြောက်မှ ထန်းရည် မထွက်နိုင်သကဲ့သို့ ကိလေသာအစိုဓာတ် ခြောက်ကပ် ပျောက်ကွယ်သွားဖွယ်ရှိ၏ဟု ကြံဆပြီးလျှင် မိမိခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်အောင် ကျင့်ကြံကြကုန်၏၊ အစာကို ခြိုးခြံကာ ပဲပြုတ်ရည် အနည်းငယ်မျှ လောက်ကိုသာ စားသောက်၍ ကျင့်ကြ၏။ နွေခေါင်ခေါင် နေပူ ကျဲကျဲ၌ လေးမျက်နှာတွင် မီးဖိုကြီး လေးဖို ဖိုပြီး အလယ်ခေါင် ၀င်နေ၍ နေပူနှင့်တကွ အပူ (၅)မျိုးခံကာ ပဉ္စာတပ အကျင့်ဖြင့် ကိလေသာ အစိုဓာတ် ပျောက်အောင် ခန္ဓာကိုယ်ကို အပူတိုက်ကြကုန်၏၊ မိမိအိပ်ရာ ခုတင် စသည်၌ သံဆူးများ စိုက်ပြီး ဆူးများအပေါ်၌ အနာခံ၍ အိပ်ကြကုန်၏၊ သံဆူးတို့ကြောင့် ခန္ဓာကိုယ နာကျင်ကိုက်ခဲနေပါက ကိလေသာစိတ်တွေ မဖြစ်ပွားနိုင်တော့ဟု ယူဆကာ ကျင့်ကြံကြကုန်၏၊ အလွန်ချမ်းအေးသော ဆောင်းကာလ၀ယ် ရေစိမ်ကာ ကိလေသာတွေကို ရေမျှောကြကုန်၏၊ ဤအကျင့်များသည် အတ္တကိလေမထ အကျင့်များ ဖြစ်ကြသည်၊ အပင်ပန်းခံနေခိုက်မှာ ကာမကိလေသာအဖြစ် နည်းကောင်းနည်းမည် ဖြစ်သော်လည်း အမြစ်ပြတ် ခြောက်ကပ် ချုပ်ပျောက်သွားမည် မဟုတ်ပေ၊ ဤအကျင့် ကျင့်ကြံသူတစ်ဦး သေဆုံးသွားပါက နောင်ဘ၀၌ ကိလေသာအစိုဓာတ်များ ပေါ်လာမြဲ ပေါ်လာပေဦးမည်၊ ဒုက္ခရောက်သလောက် အကျိုးမရနိုင် သဖြင့် အရိယာသူတော်စင်တို့၏ ကျင့်စဉ် မဟုတ်ပေ၊ ကိလေသာဟူသည် ကာမစိတ် တစ်မျိုးသာ မကပေ၊ စိတ်ဓာတ်ကို ညစ်နွမ်းစေသော ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ စသည်တို့လည်း ကိလေသာပင် ဖြစ်၏၊ ထိုကိလေသာစိတ်တို့ကား အတ္တကိလမထ အကျင့်ကြောင့် ခေတ္တခဏမျှပင် ပျောက်ကွယ်လိမ့်မည် မဟုတ်ချေ၊ သို့ဖြစ်၍ ဤအကျင့်သည် သံသရာမှ ထွက်မြောက်ရာ လမ်းမှန် မဟုတ်ပေ။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

မကြုံစဖူး နိမိတ်ထူး

ဓမ္မစကြာ ဒေသနာတော်ကြီး ပြီးဆုံးသည်ရှိသော် ဤလောကဓာတ်နှင့် ယှဉ်စပ်နေသော လောကဓာတ်ပေါင်း တိုက်တစ်သောင်း တို့သည် (ကောင်းချီးပေးကာ ၀မ်းသာသည့်အနေဖြင့်) တုန်လူပ်ကုန်၏၊ ပြင်းပြင်းထန်ထန် တုန်လူပ်ကုန်၏၊ သိမ့်သိမ့်ခါမျှ တုန်လူပ်ကုန်၏။




နတ်ဗြဟ္မာတို့၏ ကိုယ်ရောင်ကိုယ်ဝါ အလင်းရောင်ထက် အဆရာထောင်မက တောက်ပလှသည့် အေးမြကြည်လင် အရောင်စဉ်တို့ ထွန်းထိန်ပ၀င်း ထင်လင်းစွာ ဖြစ်ပေါ်လာကုန်၏။

“စကြ၀ဠာတိုက်တစ်သောင်းမှ ရောက်လာကြကုန်သော အို ပရိသတ်အပေါင်းတို့ ----- ကောဏ္ဍညသည် ငါဘုရား ဟောကြားအပ်သော သစ္စာလေးပါး မြတ်တရားကို ထိုးထွင်း၍ သိသွားပေပြီ တကား” –
ဟု မြတ်စွာဘုရားသည် ၀မ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်တော်မူလေသည်။

ထို့နောက် အရှင်ကောဏ္ဍညမထေရ်သည် တရားမှန်ကို မြင်ပြီးသည်ဖြစ်၍ တရားမှန်သို့ ဆိုက်ရောက်ပြီးသည်ဖြစ်၍ ယုံမှားသံသယများကို လွန်မြောက်ပြီးသည် ဖြစ်၍၊ သို့လော သို့လော တွေးတောကြံစည်ခြင်း ကင်းသွားပြီသည်ဖြစ်၍၊ မြတ်စွာဘုရားသာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည်ဖြစ်၍၊ ဘုရားမှတပါး အခြား ကိုးကွယ်ထိုက် ကိုးစားထိုက်သူ မရှိသည်ဖြစ်၍၊ မြတ်စွာဘုရားထံ ရဟန်းပြုပေးပါရန် တောင်းပန်သဖြင့် ဧဟိ ဘိက္ခု ခေါ်တော်မူကာ ရဟန်းပြုပေးတော်မူသည်။

ဤသို့လျှင် ၀ါဆိုလပြည့်နေ့ ညသန်ခေါင်ယံ အချိန်ဝယ် ဓမ္မစက္ကပ၀တ္တနခေါ် ဓမ္မစကြာတရားဦးဒေသနာတော် ဟောပြောပွဲကြိးသည် နတ် ဗြဟ္မာ များစွာတို့၏ ကောင်းချီးပေးသံ ဘ၀ဂ်လျှံလျက် နဘံပြည့်မျှ လာရောက်ကြသည့် နတ် ဗြဟ္မာရောင် တရားရောင်တို့ ထွန်းပြောင်ထိန်လင်း အောင်ပွဲခင်း၍ ပြီးဆုံးခြင်းသို့ ရောက်လေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

နတ်ဗြဟ္မာတို့ ကောင်းချီးသံ ဘ၀ဂ်သို့လျှံ

ဓမ္မစကြာ တရားစက် ရတနာကြီး စတင်ဟောလတ် လည်ပတ်ပြီးဆုံး လေသောအခါ ဘုမ္မစိုးနတ်တို့သည် -

“လောက၌ရှိကုန်သော ရဟန်း ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာ တစ်စုံတယောက်သောသူမျှ မဟောနိုင်သော အတုမရှိ ကောင်းမြတ် မှန်ကန်လှသည့် ဤဓမ္မစကြာတရားတော်ကြီးကို သဗ္ဗညုမြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣတိပတန မိဂဒါဝုန်တော၌ ဟောကြားတော်မူခဲ့လေပြီတကား” –




ဟု ကောင်းချီးပေးကာ ကြွေးကြော်ကြကုန်၏၊ ဘုမ္မစိုးနတ်တို့၏ ကြွေးကြော်သံကို စတုမဟာရာဇ်နတ်တို့က ကြားကြသဖြင့် ထပ်ဆင့်ကြွေးကြော်ပြန်ကုန်၏၊ ဤသို့လျှင် တာဝတိံသာ၊ မာယာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မတ၀သ၀တ္တီ ထိုမှတဆင့် ဗြဟ္မာ လောကရှိ ဗြဟ္မာကြီးများအထိ အဆင့်ဆင့် ကြွေးကြော်ကြသဖြင့် ဓမ္မစကြာတရားတော် ကောင်းချီးပေးသံသည် အမြင့်ဆုံး အကနိဋ္ဌဘုံတိုင်အောင် တခဏအတွင်း နှံ့သွားလေ၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဘုရားဖြစ်ကြောင်း ၀န်ခံမိန့်ကြားတော်မူခြင်း

ရဟန်းတို့ ----- အရိယာပုဂ္ဂိုလ်တို့ သိအပ်သော အမှန်တရားများဖြစ်သည့် အရိယသစ္စာလေးပါး၌ (သစ္စာတစ်ပါးလျှင် သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်) ၃-ပါးသောအပြန်၊ (သစ္စာလေးပါးကို ဉာဏ်သုံးပါးဖြင့် မြှောက်ပွားလျှင်) ၁၂-ပါးသော အခြင်းအရာတို့ဖြင့် မှန်ကန်တိကျ ပြည့်စုံစွာသိသော ဉာဏ်အမြင် မစင်ကြယ်သေးသမျှ၊ ဖြစ်ပေါ်မလာသေးသမျှ ကာလပတ်လုံး ငါဘုရားသည် နတ် မာရ်နတ် ဗြဟ္မာအပါအ၀င် နတ်လောကနှင့် သမဏ ဗြဟ္မဏ မင်း ပုဏ္ဏား လူမျိုးအားလုံးအပါအ၀င် လူ့လောကတို့၌ “တရားအားလုံးကို ကိုယ်တိုင်ကိုယ်ကျ မှန်ကန်စွာ ထိုးထွင်း၍သိသည့် အမြင့်မြတ်ဆုံး အရဟတ္တမဂ်ဉာဏ်ကို သိပြီ (သဗ္ဗညုဘုရားဖြစ်ပြီ)ဟု ၀န်မခံခဲ့ချေ။

ရဟန်းတို့ ----- အရိယသစ္စာ လေးပါးတို့၌ (သစ္စာတစ်ပါးလျှင် သစ္စာဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်) ၃-ပါးသောအပြန်၊ (သစ္စာလေးပါးကို ဉာဏ် ၃-ပါးဖြင့် မြှောက်ပွားလျှင်) ၁၂-ပါးသောအခြင်းအရာတို့ဖြင့် မှန်ကန်တိကျ ပြည့်စုံစွာသိသော ဉာဏ်အမြင် စင်ကြယ်ကာ ဖြစ်ထွန်းပေါ်ပေါက်လာသည့် ယခုအခါမှသာလျှင် ငါဘုရားသည် နတ် မာရ်နတ် ဗြဟ္မာအပါအ၀င် နတ်လောကနှင့်သမဏ ဗြဟ္မဏ မင်း ပုဏ္ဏား လူမျိုးအားလုံး အပါအ၀င် လူ့လောကတို့၌ တရားအားလုံးကို ကိုယ်တိုင်ကိုယ်ကျ မှန်ကန်စွာ ထိုးထွင်း၍ သိတော်မူသည့် အမြင့်မြတ်ဆုံး အရဟတ္တမဂ်ဉာဏ်ကို သိပြီး(သဗ္ဗညုဘုရားဖြစ်ပြီ) ဟု ၀န်ခံခဲ့၏။

ငါဘုရား၏ ကိလေသာတို့မှ ကင်းကွာလွတ်မြောက်မူ (အရဟတ္တဖိုလ်)သည် မပျက်စီးနိုင်တော့ပြီ၊ ယခုဘ၀ ယခုခန္ဓာကား သံသရာဝယ် နောက်ဆုံးဘ၀ နောက်ဆုံးခန္ဓာတည်း၊ နောက်ထပ်ဘ၀သစ် ခန္ဓာသစ် ထပ်မဖြစ်တော့ပြီဟု ဆင်ခြင်အောက်မေ့နိုင်သော ပစ္စဝေက္ခဏာဉာဏ်အမြင် ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ပြီဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူသည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် နှစ်သက်ကျေနပ်ကြကုန်၏၊ မြတ်စွာဘုရား၏ တရားတော်ကို ၀မ်းမြောက်ဝမ်းသာ လက်ခံကြကုန်၏။

ဓမ္မစကြာ ဒေသနာတော် ပြီးဆုံးသည်ရှိသော် အရှင်ကောဏ္ဍညအား သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်၏၊ “ဖြစ်လာသမျှတရားအားလုံးတို့သည် ပျက်ပြုန်းရမည်သာတည်း”ဟု၍ ကိလေသာမြူ အညစ်အကြေးကင်းလျက် သန့်ရှင်းစင်ကြယ်သော တရားမှန်ကို မြင်သိသည့် သောတာပတ္တဉာဏ် မျက်စိအမြင် ဖြစ်ပေါ်လာ၏။ အရှင်ကောဏ္ဍညနှင့်အတူ ဗြဟ္မာ(၁၈)ကုဋေနှင့် နတ်ပေါင်များစွာတို့ သောတာပန် အရိယာဘ၀သို့ ရောက်ကြကုန်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

မဂ္ဂအရိယာသစ္စာနှင့် မဂ္ဂသစ္စာ၌ဥာဏ်သုံးပါး

ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ (မဂ္ဂအရိယာသစ္စာ)
ရဟန်းတို့ ----- ယခုဟောပြမည့်တရားသည်ကာ ဒုက္ခချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဖြစ်သော အမှန်တရား မဂ္ဂအရိယသစ္စာပေတည်း၊ ဤအရိယာမဂ်ဟူသည် သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မ၀ါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာ သမာဓိအားဖြင့် ရှစ်ပါးတို့ပင်တည်း။

မဂ္ဂသစ္စာ၌ဉာဏ်သုံးပါ
ရဟန်းတို့ ----- ဤတရားသည် ဆင်းရဲချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဖြစ်သော အမှန်တရား၊ မဂ္ဂအရိယာသစ္စာမည်၏ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော မဂ္ဂတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဥာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဥာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (သစ္စဉာဏ်)

ရဟန်းတို့ ----- ငါဘုရားသည် ထိုမဂ္ဂသစ္စာကို ပွားများအပ်၏ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော မဂ္ဂသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်၏၊ အသိဥာဏ်ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏။ ထိုးထွင်းသိသော ၀ိဇ္ဇာဥာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (ကိစ္စဉာဏ်)

ရဟန်းတို့ ----- ငါဘုရားသည် မဂ္ဂသစ္စာကို ပွားများပြီးပြီဟု ဘုရားမဖြစ်မီရှေးက မကြားဖူးကုန်သော မဂ္ဂသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဥာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဥာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (ကတဉာဏ်)

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

နိရောဓအရိယသစ္စာနှင့် နိရောဓသစ္စာ၌ဥာဏ်သုံးပါး

နိရောဓအရိယသစ္စာ
ရဟန်းတို့ ----- ယခုဟောပြမည့် တရားမှာ ဆင်းရဲဒုက္ခချုပ်ရာ အမှန်တရား ဒုက္ခနိရောဓ အရိယသစ္စာပေတည်း၊ သမုဒယသစ္စာ တဏှာသုံးမျိုးတို့၏ ပျက်ပြယ်ရာ၊ ကင်းချုပ်ရာ၊ စွန့်လွှတ်ရာ၊ စွန့်ပယ်ရာ၊ လွတ်မြောက်ရာ၊ တွယ်တာမှုကင်းရာ နိဗ္ဗာန်သည် ဒုက္ခနိရောဓ အရိယသစ္စာမည်၏။

နိရောဓသစ္စာ၌ဉာဏ်သုံးပါး
ရဟန်းတို့ ----- ဤနိဗ္ဗာန်သည် ဆင်းရဲချုပ်ရာ နိရောဓအရိယသစ္စာမည်၏ဟု ဘုရားမဖြစ်မီရှေးက မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏။ (သစ္စဉာဏ်)။

ရဟန်းတို့ ----- ငါဘုရားသည် ထိုနိရောဓသစ္စာကို မျက်မှောက်ပြုအပ်၏ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော နိရောဓသစ္စာ တရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏။ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (ကိစ္စဉာဏ်)။

ရဟန်းတို့ ----- ငါဘုရားသည် ဤနိရောဓသစ္စာကို မျက်မှောက်ပြုပြီးပြီဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော နိရောဓသစ္စာတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (ကတဉာဏ်)။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

သမုဒယအရိယသစ္စာနှင့် သမုဒယသစ္စာ၌ဥာဏ်သုံးပါး

သမုဒယအရိယသစ္စာ
ရဟန်းတို့ ----- ယခုဟောပြမည့်တရားမှာ ဆင်းရဲဒုက္ခ၏ အကြောင်းရင်း အမှန်တရား သမုဒယအရိယသစ္စာ ပေတည်း၊ တဏှာ ကိလေသာတရားသည် ဘ၀သစ်ကို ပြုလုပ်ပေး၏၊ နှစ်သက်မှု တပ်မက်မှု သဘောရှိ၏၊ ထိုထို ရောက်ရာဘ၀ တွေ့ကြုံရာအာရုံမှန်သမျှတို့၌ စုံမက်နှစ်သက်တတ်၏၊ ဤတဏှာဟူသည် အဘယ်နည်း -

- လောကီအာရုံ ကာမဂုဏ်တို့၌ တပ်မက်မှု = ကာမတဏှာ၊

- ကာမဂုဏ်အာရုံများကို မြဲ၏ဟု ယူဆလျက် ဘ၀ကိုတွယ်တာတပ်မက်မှု = ဘ၀တဏှာ၊

- ကာမဂုဏ်အာရုံများသည် မမြဲ၊ သေလျှင် ပြတ်စဲ၏ဟု ယူဆလျက် ဘ၀ပြတ်ခြင်း၌ တွယ်တာတပ်မက်မှု = ၀ိဘ၀တဏှာ
ဤသုံးပါးတို့တည်း။

သမုဒယသစ္စာ၌ ဉာဏ်သုံးပါး
ရဟန်းတို့ ----- ဤတရားသည် ဆင်းရဲဒုက္ခ၏ အကြောင်းရင်း အမှန်တရား သမုဒယသစ္စာမည်၏ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စတရားတို့၌ ငါဘုရား၏ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏။ အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (သစ္စဉာဏ်)

ရဟန်းတို့ ----- ထိုသမုဒယအရိယသစ္စာကို ပယ်သင့်၏၊ ပယ်အပ်၏ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဥာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏။ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှား ဖြစ်ပေါ်လာ၏ (ကိစ္စဉာဏ်)

ရဟန်းတို့ ----- ငါဘုရားသည် ထိုသမုဒယအရိယသစ္စာကို ပယ်ပြီးပြီဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဥာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏။ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (ကတဥာဏ်)

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဒုက္ခအရိယသစ္စာနှင့် ဒုက္ခသစ္စာ၌ဥာဏ်သုံးပါး

ဒုက္ခအရိယာသစ္စာ
ရဟန်းတို့ ----- ယခုဟောပြမည့်တရားမှာ ဆင်းရဲအမှတ်တရား ဒုက္ခအရိယသစ္စာပေတည်း၊ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်းသည် ဆင်းရဲ၏၊ မချစ်သောသူတို့နှင့် အတူနေရခြင်း၊ ချစ်ခင်သူတို့နှင့် ကွေကွင်းခွဲခွာရခြင်းသည် ဆင်းရဲ၏၊ မိမိလိုချင်သည်ကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အချုပ်အားဖြင့်ဆိုရလျှင် သတ္တ၀ါတို့၏ တွယ်တာမက်မော စွဲလမ်းဖွယ်ရာဖြစ်သော ဤခန္ဓာငါးပါး ရုပ်နာမ်တရားအားလုံးသည် ဒုက္ခတုံးကြီးဖြစ်ပေ၏၊ ဆင်းရဲကုန်၏။

ဒုက္ခသစ္စာ၌ဉာဏ်သုံးပါး
ရဟန်းတို့ ----- ဤတရားသည် ဒုက္ခအရိယသစ္စာမည်၏ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သော ပညာထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဥာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (သစ္စ
ဉာဏ်)

ရဟန်းတို့ ----- ငါဘုရားသည် ထိုဒုက္ခအရိယသစ္စာကို ပိုင်းခြားဝေဖန်၍ သိသင့်၏၊ သိထိုက်၏ဟု ဘုရားမဖြစ်မီ ရှေးကမကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌ ငါဘုရား၏ မျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (ကိစ္စဉာဏ်)

ရဟန်းတို ----- ငါဘုရားသည် ထိုဒုက္ခအရိယသစ္စာကို ပိုင်းခြားဝေဖန်၍ သိခဲ့ပြီးပြီဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ဖြစ်ပေါ်လာ၏၊ အလင်းရောင်ထင်ရှား ဖြစ်ပေါ်လာ၏ (ကတဉာဏ်)။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဓမ္မစကြာတရားတော်

ရဟန်းတို့ ---- ရသေ့ရဟန်းဟူသမျှသည် ကာမဂုဏ်စည်းစိမ်ကို ခံစားသောအကျင့် (ကာမသုခလ္လိကာနုယောဂ)နှင့် ခန္ဓာကိုယ် ပင်ပန်းဆင်းရဲအောင် ပြုကျင့်ရသောအကျင့် (အတ္တကိလမထာနုယောဂ) ဟူသော အစွန်းရောက် တရားနှစ်ပါးကို ရှောင်ကြဉ်ရမည်၊ မပြုလုပ် မမှီဝဲရပေ၊ ထိုအစွန်းရောက် တရားနှစ်ပါးတို့တွင် -

ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိတွယ်တာသောအားဖြင့် အဖန်ဖန် အထပ်ထပ် လိုက်စားအားထုတ်ခြင်းဟု ဆိုအပ်သော ကာမဂုဏ်စည်းစိမ်ခံစားသောအကျင့် (ကာမသုခလ္လိကာနုယောဂ)သည် ယုတ်ညံ့အောက်တန်းကျလှ၏၊ မြို့ရွာနေသူ လူဝတ်ကြောင်တို့၏ အကျင့် အလေ့အထ ဖြစ်၏၊ ပုထုဇဉ်လူသားတို့၏ အကျင့်စရိုက်သာ ဖြစ်၏၊ မြင့်မြတ်ဖြူစင်သော အရိယာတို့၏ အကျင့်မဟုတ်၊ ထိုအကျင့်သည် သတ္တ၀ါများ အကျိုးစီးပွားများအောင် မဆောင်ရွက်နိုင်သည့်အပြင် အကျိုးမဲ့ကိုသာ ပေးဆောင်တတ်၏။

ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေမှသာ ကိလေသာခန်းခြောက်နေမည်ဟူသော ရည်ရွယ်ချက်ဖြင့် အစာမစားဘဲ ကျင့်ကြံမူ၊ နေပူအောက်တွင် မီးဖိုကြီး လေးဖိုအလယ် ၀င်ထိုင်၍ ပဉ္စာတပဟူသော အပူငါးမျိုးတိုက်၍ ကျင့်ကြံမူ၊ အိပ်ရာနေရာအောက်တွင် သံဆူးများထား၍ အနာခံအိပ်ကာ ကိလေသာ မဖြစ်ပ်ါလာအောင် ကျင့်ကြံမူ၊ ရေထဲစိမ်ကာ ကိလေသာတွေကို ရေမျှော ကျင့်ကြံမူစသော ခန္ဓာကိုယ် အပင်ပန်း အဆင်းရဲခံ၍ ကျင့်ကြံမူ (အတ္တကိလမထာနုယောဂ) သည်လည်း ဆင်းရဲဒုက္ခကြီးမား များပြားလှ၏၊ အရိယာသူတော်စင်တို့၏ အကျင့်မဟုတ်ပေ၊ မများသည့်အပြင် အကျိုးမဲ့ကိုသာ ဖြစ်ပေါ်စေတတ်၏။

ရဟန်းတို့ ---- ထိုအစွန်းရောက် တရားကျင့်စဉ် လမ်းမှား နှစ်ပါးတို့ကို ရှောင်ရှား၍ ငါဘုရားသည် ကာမချမ်းသာခံစားသောလမ်းနှင့် ခန္ဓာကိုယ် ဒုက္ခခံ၍ ကျင့်ရသောလမ်း နှစ်သွယ်၏ အလယ်ဖြစ်သော မဇ္ဈိမပဋိပဒါခေါ် ကျင့်စဉ် လမ်းမှန်တရားမြတ်ကို ထိုးထွင်းသိမြင်တော်မူခဲ့ပြီး၊ ထိုအလယ်လမ်း မဇ္ဈိမပဋိပဒါ အကျင့်မြတ်သည်ကား အမြင်မှန်အောင် ပြုလုပ်နိုင်၏၊ ဉာဏ်အလင်းရအောင် ပြုနိုင်၏၊ လောဘ ဒေါသ မောဟ မာန်မာနစသော ကိလသာအပူများကို အေးငြိမ်းစေနိုင်၏၊ သစ္စာလေးပါးကို ထိုးထွင်းသိမြင် မျက်မှောက်ပြုနိုင်၏။ သစ္စာလေးပါးကို ပိုင်ခြား ဆုံးဖြတ် သိမြင်နိုင်၏၊ သံသရာမှ လွတ်မြောက်ရာ အမှန် သန္တိသုခ မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် ရရှိခံစားနိုင်၏။

ရဟန်းတို့ ---- ငါဘုရားကိုယ်တော်တိုင် သိတော်မူအပ်ပြီးသော မဇ္ဈိမပဋိပဒါ ထိုအကျင့်မြတ်မှာ အရိယာမဂ်တရား ဤရှစ်ပါးတို့ပင်တည်း။ ထိုအရိယမဂ်တရား ရှစ်ပါးတို့ ဟူသည်မှာ အဘယ်တို့နည်း -

(၁) အယူအမြင် မှန်ကန်ခြင်း (သမ္မာဒိဋ္ဌိ)

(၂) အပြစ်မရှိသော အကြံကောင်းများကို ကြံစီခြင်း (သမ္မာသင်္ကပ္ပ)

(၃) မမှန်သောစကားကို ရှောင်၍ မှန်သောစကားကိုသာ ပြောဆိုခြင်း (သမ္မာဝါစာ)

(၄) မမှန်ကန်အပြစ်ရှိသော အလုပ်ကို ရှောင်၍ မှန်ကန်၍ အပြစ်ကင်းသော အလုပ်ကိုသာ ပြုလုပ်ခြင်း (သမ္မာကမ္မန္တ)

(၅) တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဖြင့်သာ ကောင်းမွန်မှန်ကန်စွာ အသက်မွေးခြင်း (သမ္မာအာဇီဝ)

(၆) မှန်ကန်စွာကြိုးစားအားထုတ်ခြင်း (သမာဝါယာမ)

(၇) မှန်ကန်သော အောက်မေ့မူသတိ အမြဲရှိနေခြင်း (သမ္မာသတိ)

(၈) မှန်ကန်စွာတည်ကြည်သော သမာဓိရှိနေခြင်း (သမ္မာသမာဓိ)
ဤတရားရှစ်ပါးတို့ပင်တည်း။

ရဟန်းတို့ ---- ငါဘုရားသည် အထူးသဖြင့် သိမြင်တော်မူအပ် ရရှိတော်မူအပ်ပြီးသော ဤမဇ္ဈိမပဋိပဒါအကျင့်မြတ်သည်ကား သစ္စာလေးပါးကို ထိုးထွင်းသိမြင်ရန် နိဗ္ဗာန်ကို ရရှိနိုင်ရန် အမှန်ဖြစ်ပေ၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဓမ္မစကြာသုတ် ဖြစ်ပေါ်လာပုံ

ဤဓမ္မစက္ကပ၀တ္တနခေါ် ဓမ္မစကြာသုတ်တော် ဖြစ်ပေါ်လာခြင်း၏ အကြောင်းအရာ အကျဉ်းမျှကို ဖော်ပြပါမည်။

မြတ်စွာဘုရားသည် မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဥရုဝေလတောအနီး နေရဉ္စရာ မြစ်ကမ်းနားရှိ မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါး တရားသိမြင် ဘုရားရှင်အဖြစ်သို့ ရောက်တော်မူသည်၊ သတ္တသတ္တာဟ ရက်ပေါင်း လေးဆယ်ကိုးရက်တိုင်တိုင် နေရာ ခုနှစ်နေရာတို့၌ ခုနှစ်ရက်စီ စံနေတော်မူပြီး နောက်ထပ်တဖန် ဆိတ်ကျောင်းညောင်ပင်သို့ ချည်းကပ်၍ စံနေတော်မူစဉ် ဤသို့ စိတ်အကြံဖြစ်တော်မူ၏ -

“ငါသိအပ်ပြီးသော တရားကား ခက်ခဲ၏၊ နက်နဲ၏၊ သိမြင်နိုင်ခဲ၏၊ သတ္တ၀ါတို့ကား ကာမဂုဏ်တို့၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေကြကုန်၏၊ ငါသည် ပင်ပန်းခဲယဉ်းစွာ ကျင့်ကြံအားထုတ်သဖြင့် ရရှိအပ်ပြီးသော ဤတရားတော်မြတ်ကို သတ္တ၀ါတို့အား ဟောကြားပါက ပင်ပန်းရုံသာဖြစ်မည်၊ ရာဂ ဒေါသထူပြောလှသော သတ္တ၀ါတို့သည် ငါ၏တရားကိုလွယ်ကူစွာ သိနိုင်ကြမည်မဟုတ်”
ဟု စိတ်အကြံဖြစ်ကာ တရားမဟောဘဲ ကြောင့်ကြမဲ့နေရန် စိတ်ညွတ်တော်မူ၏။

မြတ်စွာဘုရား၏ တရားမဟောလိုသော စိတ်အကြံကို သိသဖြင့် သဟမ္ပတိဗြဟ္မာကြီးသည် မြတ်စွာဘုရားထံ ရောက်ရှိလာကာ လက်အုပ်ချီ ရှိခိုးလျက် -

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ကိလသာမြူနည်းပါး၍ ပညာမျက်စိအမြင် ကြည်လင်သော သတ္တ၀ါတို့ ရှိပါသေးသည်၊ ထိုသူတို့သည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရလျှင် သစ္စာလေးပါးကို သိမြင်နိုင်ကြပါလိမ့်မည်။ မဂဓတိုင်းတွင် ဂိုဏ်းဆရာအမျိုးမျိုး ပေါ်ပေါက်နေပြီး မှန်ကန်မူမရှိ မိမိတို့စိတ်ကူးဖြင့် ကြံဆတီထွင်ထားသော အယူဝါးများ လှည်လည် ဟောပြော နေကြပါသည်၊ မြတ်စွာဘုရားသည် သစ္စာလေးပါး အမှန်တရားကို ဟောပြတော်မူပြီး နိဗ္ဗာန်တံခါးကို ဖွင့်ပေးတော်မူပါဘုရား” –
ဟု သုံးကြိမ်တိုင်တိုင် လျှောက်ထားတောင်းပန်၏။

ထိုအခါ မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာကြီး၏ တောင်းပန်ခြင်းကို အသိအမှန်ပြုပြီးလျှင် သတ္တ၀ါတို့၌ သနားခြင်းကိုအကြောင်းပြု၍ ဗုဒ္ဒစက္ခုဖြင့် လောကကို ကြည့်ရူတော်မူကာ တရားဟောရန် လက္ခံတော်မူ၏။

ထိုသို့ ဗြဟ္မာမင်းတောင်းပန်မှ တရားဟောတော်မူခြင်းသည် ဘုရားရှင်တိုင်း၏ ဓမ္မာတာကြီးဖြစ်၏၊ အကြောင်းမှာ ဘုရားမပွင့်မီ သာသနာပြင်ပ ကာလတွင် လူဝတ်ကြောင်များ၊ ရေသေ့ပရိဗိုဇ်များနှင့် ရဟန်းပုဏ္ဏားတို့သည် ဗြဟ္မာကိုသာ အလေးပြု၍ ကိုးကွယ်နေကြ၏၊ ဤသို့ တလောကလုံး၏ လေးစားကိုးကွယ်ခြင်းကို ခံရသော ဗြဟ္မာကြီးက မြတ်စွာဘုရားကို ညွတ်တွားအလေးပြုလာလျှင် တလောကလုံးကပင် မြတ်စွာဘုရားကို ညွတ်တွားအလေးပြုကြလိမ့်မည်၊ သက်ဝင်ယုံကြည်ကြလိမ့်မည် ဖြစ်၏၊ ထို့ကြောင့် မြတ်စွာဘုရားတို့သည် ဗြဟ္မာမင်း တောင်းပန်မှ တရားဟောတော်မူကြမြဲ ဓမ္မတာဖြစ်သည်။

ထို့နောက် မြတ်စွာဘုရားသည် “ငါသည် အဘယ်သူကို ရှေးဦးစွာ တရားဟောရအံ့နည်း၊ အဘယ်သူသည် ဤတရားကို လျင်မြန်စွာ သိမြင်နိုင်လတ္တံ့နည်း”ဟု အကြံ ဖြစ်တော်မူ၏၊ အကြံဖြစ်သည့်အတိုင်း သဗ္ဗညုတဉာဏ်တော်ဖြင့် ကြည့်ရူတော်မူရာ လျင်မြန်စွာ သိမြင်နိုင်မည့်သူများ ဖြစ်သော အာဠာရ ရသေ့၊ ဥဒက ရသေ့တို့ ကွယ်လွန်သွားသည်ကို သိမြင်တော်မူပါသည်။ ထို့ကြောင့် မိမိအပေါ် ကျေးဇူးများကုန်သော ပဉ္စ၀ဂ္ဂီရဟန်းတို့အား တရားကို ရှေးဦးစွာ ဟောရန် ကြံစည်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလတောမှ (၁၈)ယူဇနာဝေးသော ပဉ္စ၀ဂ္ဂီတို့နေထိုင်ရာ ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တောသို့ ကြွတော်မူသည်။

ပဉ္စ၀ဂ္ဂီတို့သည် အဝေးမှ ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်ရလျှင်ပင် ကမ္မဋ္ဌာန်းအလုပ်မှ ထွက်ခွာကာ လာဘ်လာဘပေါများရန် လှည့်လည်နေသော ဤရဟန်းကြီးဂေါတမကို ခရီးဦးမကြိုဆိုရန်၊ ရှိမခိုးကြရန် တိုင်ပင်ထားကြကုန်၏၊ သို့သော် မြတ်စွာဘုရား ရောက်လာတော်မူသောအခါ ဗုဒ္ဓ၏ တန်ခိုးတေဇော် မေတ္တာအာနုဘော်တို့ကြောင့် ကတိက၀တ်အတိုင်း မလိုက်နာနိုင်ကြဘဲ အသီးသီး ခရီးဦးကြိုဆိုမူ စသည်ကို ပြုလုပ်ကြကုန်၏။

မြတ်စွာဘုရားက “ရဟန်းတို့ ----- ငါသည် သမ္မာသမ္ဗုဒ္ဓ-ဘုရားဖြစ်ပြီ၊ အမြိုက်နိဗ္ဗာန်ကို ငါရပြီ၊ သင်တို့အား တရားဟောအံ့”ဟု မိန့်တော်မူ၏။ ပဉ္စ၀ဂ္ဂီတို့က “ငါ့ရှင်ဂေါတမ ---- သင်သည် အလွန်ပြူကျင့်နိုင်ခဲသော ဒုက္ခရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် ပြုကျင့်သဖြင့်လည်း လူတို့၏ ကိုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော အရိယာသစ္စာဉာဏ်ထူးကို မရခဲ့ပေ၊ ကမ္မဋ္ဌာန်းအလုပ်မှ ထွက်ခွာကာ လာဘ်လာဘပေါများရန် လှည့်လည်နေသော ယခုလိုအခါမျိုး၌ကား အဘယ်မှာလျှင် သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဖြစ်နိုင်ပါမည်နည်း၊ အရိယာသစ္စာဉာဏ်အထူးကို အဘယ်မှာရနိုင်ပါအံ့နည်း”ဟု ဆိုကြကုန်၏။

မြတ်စွာဘုရားက ပဉ္စ၀ဂ္ဂီရဟန်းတို့အား “ငါဘုရားသည် လာဘ်လာဘ ပေါများရန် ကျင့်သည်မဟုတ်၊ ကမ္မဋ္ဌာန်းအလုပ်မှ ထွက်ခွါခဲ့သည် မဟုတ်၊ ငါဘုရားသည် အလုံးစုံသောတရားတို့ကို ကိုယ်တိုင် မှန်ကန်စွာ ထိုးထွင်း သိမြင်သော သမ္မာသမ္ဗုဒ္ဓ-ဘုရားရှင် ဖြစ်ခဲ့ပြီး၊ နားထောင်ကြကုန်လော့၊ သင်တို့အား တရားဟောအံ့”ဟု ထပ်မံ ရှင်းပြတော်မူ၏၊ ပဉ္စ၀ဂ္ဂီတို့ကလည်း သုံးကြိမ်တိုင်တိုင် ငြင်းပယ်ကြသဖြင့် မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂတို့အား ဤသို့ မိန့်တော်မူ၏ -

“ရဟန်းတို့ ---- သင်တို့သည် ငါဘုရားကို ဘုရားဖြစ်လိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် ပြုစုလုပ်ကျွေးနေစဉ် ရှေးအခါတုန်းက သင်တို့ အားတက်ပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် “အရောင် အလင်းတွေ၊ ကမ္မဋ္ဌာန်းနိမိတ်တွေ ဖြစ်ပေါ်လာပြီး၊ ဘုရား ဖြစ်တော့မည်၊ နိဗ္ဗာန်ရတော့မည်” စသည်ဖြင့် ပြောဖူးသလော” ဟု မိန့်တော်မူ၏။

ထိုသို့ မပြောဖူးပါဟု လျှောက်ထားကြပြီး ပဉ္စ၀ဂ္ဂီတို့သည် ဤသို့ စဉ်းစားကြကုန်၏၊ “အကယ်၍များ ဤရဟန်းကြီး ဂေါတမသည် ဒုက္ကရစရိယာ ကျင့်တော်မူစဉ်က “ငါဘုရားဖြစ်ပြီ”ဟု ပြောဆိုလျှင်လည်း ငါတို့ယုံကြည်ကြမည်သာဖြစ်သည်၊ သို့သော်လည်း ထိုစဉ်တုန်းကပင် ၀ါကြွား၍ မပြောကြားခဲ့ချေ၊ ယခုပြောဆိုသည်မှာ အမှန်တကယ် ဘုရားဖြစ်၍သာ ပြောဆိုခြင်းဖြစ်မှာ သေချာသည်”ဟု စဉ်းစားမိကြပြီး မြတ်စွာဘုရားအပေါ်၌ ယုံကြည်သွားကြသည်။

အချိန်ကား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့ ညနေချမ်း၊ နေမင်းကလည်း အနောက်အရပ်၌ ၀င်လုဆဲဆဲ၊ လမင်းကလည်း ဥတ္တရာဠ် နက္ခတန်နှင့်ယှဉ်ကာ အရှေ့လောကဓာတ်မှ ထွက်ပေါ်လာဆဲ၊ လွန်စွာ သာယာကြည်နူးဖွယ်ကောင်းလှသော အချိန်ဖြစ်သည်၊ ထိုအချိန်တွင် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဟူသော ပဉ္စ၀ဂ္ဂီတို့နှင့်အတူ တစ်သောင်းသော စကြ၀ဠာလောကဓာတ်မှ နတ်ဗြဟ္မာအပေါင်းတို့သည် ဤလူ့ပြည်၌ မြတ်စွာဘုရားသည် ပထမဆုံး ဟောကြားတော်မူသော ဓမ္မစက္ကပ၀တ္တနသုတ်ခေါ် ဓမ္မစကြာသုတ်တော်မြတ်ကို ရိုသေစွာ နာယူကြလေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဓမ္မစက္ကပ၀တ္တနသုတ်

ဓမ္မစက္ကပ၀တ္တနသုတ်တော်သည် မြတ်စွာဘုရား ပထမဆုံးဟောတော်မူသော တရားတော်ဖြစ်သည်၊ ဤသုတ်တော်ကို ဟောကြားတော်မူပြီး သဗ္ဗညုဘုရားဖြစ်ကြောင်း လောကဓာတ်တခုလုံးသို့ ရဲဝံ့စွာ ကြေငြာခဲ့သည်၊ သံသရာမှထွက်မြောက်ရာ ကျင့်စဉ်ဖြစ်သော မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ဟောပြတော်မူခဲ့သည်။

ဓမ္မစကြာဒေသနာကို ဟောကြားတော်မူရန် သဟမ္ပတိဗြဟ္မာကြီး ကိုယ်တိုင် လူ့ပြည်ဆင်း၍ ၀ပ်စင်းခယ လျှောက်ထားတောင်းပန်ရသည်။ မြတ်ဗုဒ္ဓ၏ အထူးခြားဆုံး ဦးဦးဖျားဖျား မြတ်တရားလည်း ဖြစ်သည်။ ပွင့်ပြီး ပွင့်လတ္တံ့သော ဘုရားအဆူဆူတို့သည်လည်း ဤအတိုင်းပင် ဟောတော်မူကြသည်။ ဗုဒ္ဓသာသနာကို ဤဓမ္မစကြာဖြင့် စတင်ဖွင့်လှစ်ခြင်းကြောင့် “သာသနာဖွင့် တရားတော်ကြီး”ဟုလည်း ဂုဏ်ထူးတင်နိုင်သည်။

ပဉ္စ၀ဂ္ဂီ ( ၅)ဦးနှင့် နတ် ဗြဟ္မာ (၁၈) ကုဋေတို့ကို ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆကင်းကွာ၍ သောတာပန်အဖြစ်သို့ ရောက်စေနိုင်သဖြင့် “အရိယာလမ်း မဂ်စခန်းဖွင့်သည့် တရားတော်ကြီး”ဟုလည်း ခေါ်ဝေါ်နိုင်၏။ ဘုမ္မစိုးနတ်တို့က အစ အကနိဋ္ဌ ဗြဟ္မဘုံတိုင်အောင် ကောင်းချီးပေးကြသည့် တရားတော်ကြီးလည်း ဖြစ်၏။ ဓမ္မစကြာတရားပွဲအပြီးတွင် (၃၂)ပါးသော နိမိတ်ကြီးတို့သည် ထင်ပေါ်လာသည်၊ တစ်သောင်းသော လောကဓာတ်တိုင်အောင်ပင် နတ်ဗြဟ္မာတို့၏ အရောင်ထက် အထောင်မကထွန်းပြောင်သည့် အရောင်အလင်းကြီး ပေါ်ထွန်းခဲ့သဖြင့် “နိမိတ်ထူးပြ မြတ်ဓမ္မ”ဟုလည်း ဂုဏ်ပြုခေါ်ဆိုနိုင်ပါသည်။

ဓမစကြာတရား မဟောကြားမီက လောကတွင် သံဃာရတနာမပေါ်သေးပေ၊ တရားပွဲအပြီးတွင် အရှင်ကောဏ္ဍညသည် သောတာပန် အရိယာ ဖြစ်လာပြီး ပဌမဆုံး ဧဟိဘိက္ခုအရိယာသာဝကကြီး ဖြစ်လာသည်။ ထို့ကြောင့် ဤသုတ်တော်ကြီးကို “သံဃာရတနာအစ ဓမ္မစကြာက”ဟူ၍လည်း ဆိုနိုင်၏။ ထို့နောက် ပဉ္စ၀ဂ္ဂီတို့ ဧဟိဘိက္ခုရဟန်းများဖြစ်ပေါ်လာကြသဖြင့် ဤလောက၀ယ် ရတနာသုံးပါးပြည့်စုံအောင် ဖြည့်စွမ်းပေးသော သုတ်တော်မြတ်လည်း ဖြစ်ပေသည်။

မြတ်စွာဘုရားသည် အလောင်းတော် သိဒ္ဓတ္ထမင်းသားဘ၀၌ လောကီစည်းစိမ်၊ ကာမဂုဏ်သုခမျိုးစုံတို့ကို ပြည့်စုံစွာ ခံစားခဲ့သည်။ နောင်သောအခါ ကာမဂုဏ်တို့၌ အပြစ်မြင်ငြီးငွေ့လျက် တောထွက်တော်မူခဲ့သည်။ သံသရာမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှာဖွေရင်း ခန္ဓာကိုယ်ကို ညဉ်းဆဲကာ ပြင်းပြင်းထန်ထန် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်ပြန်သည်။ ထိုအကျင့်မှာလည်း အေးငြိမ်းခြင်းကို ရရှိနိုင်သော အကျင့်မဟုတ်၊ ဒုက္ခဖြစ်ရုံသာ ရှိသည်ဟု သိရသောအခါ အစွန်းတရား ထိုနှစ်ပါးတို့ကို စွန့်ပယ်ခွာလျက် မဇ္ဈိမပဋိပဒါ သာယာအေးမြကြောင်း လမ်းကောင်းလမ်းမှန်ကို ကျင့်ကြံတော်မူသည်။

ထို့ကြောင့် ပဉ္စ၀ဂ္ဂီတို့အား တရားဟော်တော်မူသောအခါ မိမိကြုံတွေ့ခဲ့ရသည့် အစွန်းတရား ထိုနှစ်ပါးသောအမှားမျိုး မလိုက်မှားမိကြရန်နှင့် မိမိကိုယ်တွေ့ ရှိပြီးဖြစ်သော နိဗ္ဗာန်ရကြောင်း လမ်းကောင်းလမ်းမှန်ကို လိုက်နာကြရန်အတွက် ဓမ္မစကြာတရားဦးရတနာကို ဟောပြတော်မူခဲ့ လေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Thursday 15 December 2011

တရုတ်နိုင်ငံမှ စွယ်တော်ပွား

ဘိုးတော်ဘုရားလက်ထက် အေဒီ ၁၇၈၂-၁၇၈၇နှင့် ၁၇၉၂ ခုနှစ်များအတွင်းက မြန်မာသံအဖွဲ့များကို စိနတရုတ်ပြည်သို့ စေလွှတ်ခဲ့သလို တရုတ်ပြည် ပဲ့ကျင်းမြို့မှ ဥဒည်ဘွားမင်းကလည်း ၁၇၈၇-၁၇၈၉-၁၇၉၀ ခုနှစ်များက သံအဖွဲ့များကို မြန်မာနိုင်ငံ အမရပူရရွှေမြို့တော် ဘိုးတော်ဘုရားထံ လေးကြိမ်စေလွှတ်ခဲ့ကြောင်း သိရသည်။ အေဒီ ၁၇၈၉-၁၇၉၀ ခုနှစ်ကရောက်လာသော တရုတ်သံ အဖွဲ့သည် သကျမုနိရုပ်ထုတော်တစ်ဆူနှင့် စွယ်တော်ပွားတစ်ဆူကို ယူဆောင်လာကြသည်။ မင်းတရားကြီးက ရေကြောင်းမှကြိုဆိုခဲ့သည်ဟု ကုန်ေးဘာင်ဆက်မဟာရာဇ၀င်ကြီး ဒုတိယတွဲ စာမျက်နှာ- ၆၁တွင် ဖော်ပြထားသည်။

ဘကြီးတော်ဘုရားလက်ထက်တွင် ရွှေနန်းတော်ဦး စွယ်တော်စင်ကျောင်းက ရောင်ခြည်တော် ကွန့်မြူးသည်ကိုအကြောင်းပြု၍ ဂီတပညာရှင်ကြီး မြ၀တီဦးစက “ထူမခြားနား” အစချီသော မြတ်စွယ်တော်ရောင်ခြည်တော်ဖွဲ့ ဗုဒ္ဓပူဇော်သီချင်းခန့်ကြီးကို ရေးစပ်ခဲ့ကြောင်းသိရသည်။

ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

မြန်မာနိုင်ငံရောက်တရုတ်ပြည်မှ ဗုဒ္ဓအံတော်ပွားများ

စာဖတ်သူတို့ ကြားသိပြီးဖြစ်သည့်အတိုင်း ယနေ့ကမ္ဘာတွင် ဗုဒ္ဓမြတ်စွယ်တော်အစစ်နှစ်ဆူ ကျန်ရစ်ပါသည်။ တစ်ဆူက သီရိလင်္ကာနိုင်ငံ နောက်တစ်ဆူက တရုတ်နိုင်ငံတွင် ရှိနေကြပါသည်။

မြန်မာနိုင်ငံတွင် သီရိလင်္ကာနိုင်ငံမှ စွယ်တော်ပွားတို့ဖြင့် တည်ထားသော စေတီအများအပြား ရှိနေပါပြီ။ ဥပမာ - အနော်ရထာမင်းစောလက်ထက်က ရလာသောစွယ်တော်ပွား တို့ကို ပုဂံမြို့ရွှေစည်းခုံ စေတီတော်၊ လောကနန္ဒာ စေတီတော်၊ တန့်ကြည့်တောင် စေတီတော်၊ တုရင်းတောင် စေတီတော် စသည်တို့၌ ဌာပနာခဲ့ပါသည်။ နောက်ပိုင်းကာလ၌ရရှိသော စွယ်တော်ပွါးတို့ကို သက်ဆိုင်ရာမင်းများက ပဲခူးမဟာစေတီ၊ စစ်ကိုင်းကောင်းမူတော်စေတီ စသည်တို့၌ ဌာပနာခဲ့ကြပါသည်။

ဗြိတိသျှလက်ထက်၌ သီရိလင်္ကာနိုင်ငံမှ ရရှိလာသော စွယ်တော်ပွား တို့ကို ပြည့်မြို့ရွှေဆံတော်စေတီ၊ ပေါင်းတည်မြို့၊ မင်းလှမြို့ စသည်တို့၌ အများပြည်သူတို့ မြတ်မြတ်နိုးနိုးကိုးကွယ်လျက်ရှိကြပါသည်။

တရုတ်နိုင်ငံမှ စွယ်တော်ပွားကိုတော့ရခဲ့၏။ အနော်ရထာမင်းလက်ထက် ဦးတည်ပွါးထံမှ စွယ်တော်ကိုတောင်းခံခဲ့ရာ ၁၉၉၄-ခုနှစ် တရုတ်စွယ်တော်စစ် မြန်မာပြည်သို့ ကြွလာစဉ် ဖူးတွေ့ရသော ကျောက်စိမ်းဆင်းတုတော်ကိုသာ မေတ္တာလက်ဆောင်အဖြစ်ရရှိခဲ့သည်။ စွယ်တော်ကိုတော့ မရခဲ့ချေ။ ဘိုးတော်မင်းတရားကြီးလက်ထက်ကျမှ တရုတ်နိုင်ငံမှ စွယ်တော်ပွား တစ်ဆူကို မြန်မာတို့ လက်ခံရရှိခဲ့သည်။

ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။