ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 30 April 2011

၂၄။ အာဝါသိက၀ဂ် (ကျောင်းထိုင်ရဟန်းနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)


၁။ အာဝါသိကသုတ်

ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ကျောင်းထိုင်ရဟန်းသည် သူတပါးတို့၏ ကြည်ညိုလေးစားမူကို မတိုးပွါးစေနိုင်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ ရဟန်းအသွင်အပြင်နှင့် မပြည့်စုံ၊ ၀တ္တရားနှင့် မပြည့်စုံ။

၂။ ပိဋကတ်ကျမ်းဂန် သင်ကြားလေ့ကျက် မှတ်သားထားမူမရှိသဖြင့် ဗဟုသုတ မရှိ။

၃။ တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ မပျော်မွေ့သည် ဖြစ်၍ ကိလေသာကို မခေါင်းပါးစေတတ်။

၎။ အသံ မကောင်း၊ စကားပြော မကောင်း။

၅။ ပညာမရှိ၊ ညံ့ဖျင်းသည်၊ ဆွံ့အသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ကျောင်းထိုင် ရဟန်းသည် သူတပါးတို့၏ ကြည်ညိုလေးစားမူကို တိုးပွါးစေနိုင်သူ ဖြစ်သည်။

၁။ ရဟန်းအသွင်အပြင်နှင့် ပြည့်စုံသည်၊ ၀တ္တရားနှင့် ပြည့်စုံသည်။

၂။ ပိဋကတ်ကျမ်းဂန် သင်ကြားလေ့ကျက် မှတ်သားထားမူရှိသဖြင့် ဗဟုသုတ ရှိသည်။

၃။ တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ ပျော်မွေ့သည် ဖြစ်၍ ကိလေသာကို ခေါင်းပါးစေနိုင်သည်။

၎။ အသံ ကောင်းသည်၊ စကားပြော ကောင်းသည်။

၅။ ပညာရှိသည်၊ မညံ့ဖျင်း၊ မဆွံ့အ။

ဆောင် - သွင်ပြင် အနေ၊ ကျင့်ဝတ်ကျေ၍၊ ရှိလေ ဗဟုသုတ၊ ရှောင်ထ ပေါင်းသင်း၊ ခေါင်းပါးခြင်း နှင့်၊ ကောင်းခြင်း စကားသံ၊ ဉာဏ်ပညာကြီး၊ ဤငါးသီးပါ၊ ကျောင်းထိုင်ရာ၊ သူငါ ချစ်ခင် မြတ်နိုးကြင်။

ပထမသုတ် ပြီး၏။

၁၀။ ဒုတိယ ကဏှသပ္ပသုတ်


ရဟန်းတို့ !

မြွေဟောက်၌ ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ အမျက်ထွက်တတ်သည်။

၂။ ရန်ငြိုးဖွဲ့တတ်သည်။

၃။ ပြင်းထန်သော အဆိပ်ရှိသည်။

၎။ လျှာနှစ်ခွရှိသည်။

၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်သည်။

ဤအတူသာလျှင် -

အမျိုးသမီး၌ ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ အမျက်ထွက်တတ်သည်။

၂။ ရန်ငြိုးဖွဲ့တတ်သည်။

၃။ ပြင်းထန်သော အဆိပ်ရှိသည်။

၎။ လျှာနှစ်ခွရှိသည်။

၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်သည်။

အမျိုးသမီး၌ ပြင်းထန်သော အဆိပ်ရှိပုံမှာ -
အမျိုးသမီးသည် အများအားဖြင့် ထက်မြက်သော ရာဂရှိသည်။

အမျိုးသမီး၏ လျှာနှစ်ခွရှိပုံမှာ -
အမျိုးသမီးသည် အများအားဖြင့် ကုန်းတိုက်တတ်သည်။

အမျိုးသမီး၏ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်ပုံမှာ -
အမျိုးသမီးသည် အများအားဖြင့် လင်ကို လွန်ကျူး၍ ကျင့်တတ်သည်။

ဆောင် - အမျက်လည်း ပွါး၊ ရန်ငြိုးထား နှင့်၊ စိတ်များ ပြင်းထန်၊ တစ်ဖန် လျှာနှစ်ခွ၊ ဖျက်ထ မိတ်ဆွေ၊ ဤငါးထွေ၊ မြွေဟောက်, မိန်းမ အပြစ်များ။

မြွေအပြစ် ငါး၊ မိန်းမအား ရှိ၊ မှတ်တုံဘိလော၊ ပျင်းသည့် အဆိပ်၊ ရာဂစိတ်တည်း၊ လျှာထိပ် နှစ်ခွ၊ ပိသုဏ မှတ်၊ ဖျက်တတ် မိတ်ဆွေ၊ လင်ငယ်နေ၊ တူလေ အပြစ်များ။


ဒသမသုတ် ပြီး၏။

၃-ခုမြောက်သော ဒီဃစာရိက၀ဂ် ပြီးပြီ။

၈။ ဥဿူရဘတ္တသုတ်


ရဟန်းတို့ ! နေမြင့်မှ ထမင်းချက်သည့် အိမ်၌ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ ခရီးသွား ဧည့်သည်တို့ကို အချိန်မီ မပူဇော်နိုင်။

၂။ ဗလိနတ်စာ ခံယူကြမည့် နတ်တို့ကို အချိန်မီ မပူဇော်နိုင်။

၃။ သမဏ, ဗြာဟ္မဏတို့ကို အချိန်မီ မပူဇော်နိုင်။
သမဏ, ဗြာဟ္မဏ တို့သည် တစ်ထပ်သာ စားကြသည်၊ ညဉ့်စာစားခြင်းမှ ရှောင်ကြဉ်ကြသည်၊ နေလွဲစာ စားခြင်းမှ ရှောင်ကြဉ်ကြသည်။

၎။ ကျွန်, အမှူလုပ် ယောက်ျားတို့သည် မျက်နှာ မသာယာဘဲ အလုပ်ကို လုပ်ကြသည်။

၅။ အခါမဲ့၌ စားသမျှ ထမင်းသည် သြဇာမရှိ။


အချိန်မီ ထမင်းချက်သော အိမ်၌ ရသော အကျိုး ၅-မျိုးဟူသည်မှာ-

၁။ ခရီးသွား ဧည့်သည်တို့ကို အချိန်မီ ပူဇော်နိုင်သည်။

၂။ နတ်တို့ကို အချိန်မီ ပူဇော်နိုင်သည်။

၃။ သမဏ, ဗြာဟ္မဏတို့ကို အချိန်မီ ပူဇော်နိုင်သည်။

၎။ ကျွန်, အမူလုပ် ယောက်ျားတို့သည် မျက်နှာကြည်သာစွာ အလုပ်လုပ်ကြသည်။

၅။ အချိန်မီ စားသမျှ ထမင်းသည် သြဇာရှိသည်။

ဆောင် - နောက်ကျ၍၀ယ်၊ ထမင်းတည်ကြောင့်၊ ဧည့်သည်နှင့် နတ်၊ သူမြတ်ရဟန်း၊ မလှူဒါန်းနိုင်၊ တစ်စိုင် အလုပ်သမား၊ စိတ်ထား ငြိငြင်၊ အလုပ်ဝင်ကြ၊ နောက်ကျ အစာ၊ သြဇာ မဖြစ်၊ ဤငါးဆစ်၊ မှတ်လစ် အပြစ်များ။

အဋ္ဌမသုတ် ပြီး၏။

၉။ ပထမ ကဏှသပ္ပသုတ်


ရဟန်းတို့ ! မြွေဟောက်၌ ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ မစင်ကြယ်။

၂။ မကောင်းသော အနံ့ရှိသည်။

၃။ အအိပ်ကြီးသည် (ဘေးဖြစ်လောက်အောင် အအိပ်ကြီးသည်)။

၎။ ဘေးရန်ရှိသည် (တွေ့မြင်ရသူတို့ကို ကြောက်ရွံ့ထိတ်လန့်စေတတ်သည်)။

၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်သည်။

ဤအတူသာလျှင် -

အမျိုးသမီး၌ ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ မစင်ကြယ်။

၂။ မကောင်းသောအနံ့ရှိသည်။

၃။ အအိပ်ကြီးသည်။

၎။ ဘေးရန်ရှိသည်။

၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်သည်။

ဆောင် - မစင်ကြယ်တောင်း၊ မကောင်းအနံ့၊ တစ်တန့် အိပ်ကြီး၊ တစ်သီး ဘေးရှိ၊ ဖျက်ဘိ မိတ်ဆွေ၊ ၌ငါးထွေ၊ မြွေဟောက်, မိန်းမ အပြစ်များ။

န၀မသုတ် ပြီး၏။

၇။ ဘောဂသုတ်


ရဟန်းတို့ ! စည်းစိမ်ဥစ္စာ အပြစ် ၅-မျိုးဟူသည်မှာ -

စည်းစိမ်ဥစ္စာတို့သည် -

၁။ မီးနှင့်လည်း ဆက်ဆံကြသည်။

၂။ ရေနှင့်လည်း ဆက်ဆံကြသည်။

၃။ မင်းနှင့်လည်း ဆက်ဆံကြသည်။

၎။ ခိုးသူနှင့်လည်း ဆက်ဆံကြသည်။

၅။ မချစ်မနှစ်သက်အပ်သူ အမွေခံဆိုးတို့နှင့်လည်း ဆက်ဆံကြသည်။


စည်းစိမ်ဥစ္စာအကျိုး ၅-မျိုး ဟူသည်မှာ -

စည်းစိမ်ဥစ္စာတို့ကို အမှီပြု၍ -

၁။ မိမိကိုယ်ကို ချမ်းသာစေသည်၊ နှစ်သက်စေသည်၊

ချမ်းသာကို ကောင်းစွာ ဆောင်သည်။


၂။ မိဘတို့ကို ချမ်းသာစေသည်၊ နှစ်သက်စေသည်၊

ချမ်းသာကို ကောင်းစွာ ဆောင်သည်။


၃။ သား, သမီး, မယား, ကျွန်, အလုပ်သမားတို့ ကို ချမ်းသာစေသည်၊ နှစ်သက်စေသည်၊

ချမ်းသာကို ကောင်းစွာ ဆောင်သည်။


၎။ မိတ်ဆွေခင်ပွန်းတို့ ကို ချမ်းသာစေသည်၊ နှစ်သက်စေသည်၊

ချမ်းသာကို ကောင်းစွာ ဆောင်သည်။


၅။ အလှူကို သမဏဗြဟ္မဏတို့၌ လှူဒါန်းသည်။

အလှူဒါနသည် အထက်ဘုံ၌ ဖြစ်စေတတ်သည်၊ ကောင်းမြတ်သည့် အာရုံကိုလည်း ပေးတတ်သည်၊ ချမ်းသာကျိုးလည်း ရှိသည်၊ နတ်ပြည်သို့ ရောက်ကြောင်းလည်း ဖြစ်သည်။

ဆောင် - ရေ, မီး, သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုး အပြား၊ ရန်မျိုး ငါးတန်၊ ရောဆက်ဆံ၊ ဘောဂံ စည်းစိမ် အပြစ်များ။

မိမိကိုယ်ကား၊ မိဘများနှင့်၊ သားမယား ကျေးကျွန်၊ တစ်ဖန် မိတ်ဆွေ၊ ချမ်းသာစေ၏၊ တစ်ထွေ လှူဒါန်း၊ နတ်နန်း တက်နိုင်၊ ဤငါးဆိုင်၊ ပိုင်ဆိုင် စည်းစိမ်ကျိုး။


သတ္တမသုတ် ပြီး၏။

၆။ ဒုတိယ ကုလူပကသုတ်


ရဟန်းတို့ !

အလွန်ကြာမြင့်စွာ ဒါယကာတို့နှင့် ရောနှော၍နေသော အိမ်သို့ ချဉ်းကပ်တတ်သည့် ရဟန်း၏ အပြစ် ၅-မျိုးမှာ -

၁။ အမျိုးသမီးကို မပြတ် တွေ့မြင်ရသည်။

၂။ တွေ့မြင်သည်ရှိသော် နှီးနှော ဆက်ဆံမိသည်။

၃။ နှီးနှောမိသော် အကျွမ်းတ၀င် ရင်းနှီးမိသည်။

၎။ အကျွမ်းတ၀င် ရင်းနှီးမိသော် ရာဂဖြစ်သည်။

၅။ ရာဂစိတ်ရှိသော ရန်းသည် မပျော်မွေ့ဘဲလည်း မြတ်သော အကျင့်ကို ကျင့်ရလိမ့်မည်၊ ညစ်နွမ်းသော အာပတ် တစ်မျိုးမျိုးသို့မူလည်း ရောက်ရလိမ့်မည်၊ သိက္ခာချ၍မူလည်း လူထွက်ရလိမ့်မည်။

ဤအချက်များ ဧကန် ဖြစ်လိမ့်မည်။

ဆောင် - မာတုဂါမတ်၊ မပြတ် တွေ့မြင်၊ ကျွမ်းဝင်, နှီးနှော၊ ဖြစ်သော ရာဂ၊ စိတ်ဓာတ်ကျကာ၊ လူထွက်ရာ၊ ငါးဖြာ အိမ်ကပ် အပြစ်ထပ်။

ဆဋ္ဌသုတ် ပြီး၏။

Wednesday 27 April 2011

၅။ ပထမ ကုလူပကသုတ်


ရဟန်းတို့ ! အိမ်သို့ ချဉ်းကပ်သည့် ရဟန်း၌ ဖြစ်သော အပြစ် ၅-မျိုးမှာ -

၁။ မပန်ကြားဘဲ သွားလာခြင်းကြောင့် ပါစိတ်အာပတ်သင့်သည်။

၂။ ဆိတ်ကွယ်ရာ၌ အမျိုးသမီးနှင့်အတူ ထိုင်နေခြင်းကြောင့် ပါစိတ်အာပတ် သင့်သည်။

၃။ ဖုံးကွယ်ရာ နေရာ၌ အမျိုးသမီးနှင့်အတူ နေခြင်းကြောင့် ပါစိတ်အာပတ် သင့်သည်။

၎။ အမျိုးသမီးကို ငါးခွန်း ခြောက်ခွန်းထက်အလွန် တရားဟောခြင်းကြောင့် ပါစိတ်အာပတ် သင့်သည်။

၅။ ကာမဂုဏ် အကြံအစည်များလျက် နေသည်။

ဆောင် - ပန်ကြား မသွား၊ နားနှင့် မျက်စိ၊ ကွယ်သည့် နေရာ၊ နေထိုင်ကာ နှင့်၊ တစ်ဖြာ မိန်းမ၊ ဟောထ တရား၊ ကြံများ ကာမဂုဏ်၊ ဤငါးဆုံ၊ မှတ်တုံ အိမ်ကပ် ရဟန်းမှာ။

ပဉ္စမသုတ် ပြီး၏။

၎။ မစ္ဆရီသုတ်


ရဟန်းတို့ ! အလွန်ကြာမြင့်စွာ နေခြင်း၌ ဖြစ်သော အပြစ် ၅-မျိုးမှာ -

၁။ နေရာထိုင်ခင်း၌ နှမြောတွန့်တိုမူ မစ္ဆရိယ ပွါးတတ်သည်။

၂။ ဒါယကာတို့၌ နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးတတ်သည်။

၃။ လာဘ် လာဘ၌ နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးတတ်သည်။

၎။ ဂုဏ်, အဆင်း၌ နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးတတ်သည်။

၅။ ပရိယတ်တရား၌ နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးတတ်သည်။


အကန့်အသတ်ထား၍ နေခြင်း၌ဖြစ်သော အကျိုး ၅-မျိုးမှာ -

၁။ နေရာထိုင်ခင်း၌ နှမြောတွန့်တိုမူ မစ္ဆရိယ မဖြစ်ပွါး။

၂။ ဒါယကာတို့၌ နှမြော တွန့်တိုမူ မစ္ဆရိယ မဖြစ်ပွါး။

၃။ လာဘ် လာဘ၌ နှမြော တွန့်တိုမူ မစ္ဆရိယ မဖြစ်ပွါး။

၎။ ဂုဏ်, အဆင်း၌ နှမြော တွန့်တိုမူ မစ္ဆရိယ မဖြစ်ပွါး။

၅။ ပရိယတ်တရား၌ နှမြော တွန့်တိုမူ မစ္ဆရိယ မဖြစ်ပွါး။

ဆောင် - ကန့်သတ်ပိုင်းခြား၊ နေတုံငြားမူ၊ ကျောင်း, လူ, လာဘ၊ ဆင်း, ဓမ္မကို၊ တွန့်တိုမူကင်း၊ ဤငါးသင်း မယွင်း မှတ်ကုန်ကြ။

စတုတ္ထသုတ် ပြီး၏။

၃။ အတိနိဝါသသုတ်


ရဟန်းတို့ ! အလွန်ကြာမြင့်စွာ နေခြင်း၌ ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ ဘဏ္ဍာများစွာ စုဆောင်းမိသဖြင့် ဘဏ္ဍာများစွာရှိသည်။

၂။ ဆေးဝါးများစွာ စုဆောင်းမိသဖြင့် ဆေးဝါးများစွာရှိသည်။

၃။ ပြုဖွယ်များသည် ဖြစ်၍ ကိစ္စများပြားသည်။

၎။ အမူ ကြီးငယ်တို့၌ ငြိကပ် တွယ်တာသဖြင့် သာသနာတော်နှင့် မလျော်သော လူ့သဘော နှီးနှောခြင်းမျိုးဖြင့် နှီးနှော ဆက်ဆံနေတတ်သည်။

၅။ ထိုနေရာကျောင်းမှ ထွက်ခွါသွားလျှင် ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ ထွက်ခွါသွားရသည်။


အကန့်အသတ်ထား၍ နေခြင်း၌ ဖြစ်သော အကျိုး ၅-မျိုး ဟူသည်မှာ -

၁။ ဘဏ္ဍာများစွာ မစုဆောင်းမိသဖြင့် ဘဏ္ဍာများစွာ မရှိသ။

၂။ ဆေးဝါးများစွာ မစုဆောင်းမိသဖြင့် ဆေးဝါးများစွာ မရှိ။

၃။ ပြုဖွယ် မများသည်ဖြစ်၍ ကိစ္စ မများ။

၎။ အမူ ကြီးငယ်တို့၌ မငြိကပ် မတွယ်တာသဖြင့် သာသနာတော်နှင့် မလျော်သော လူ့သဘော နှီးနှောခြင်းမျိုးဖြင့် နှီးနှော ဆက်ဆံ၍ မနေ။

၅။ ထိုနေရာကျောင်းမှ ထွက်ခွါသွားလျှင် မငဲ့ကွက်ဘဲ ထွက်ခွါသွားရသည်။

ဆောင် - ကန့်သတ်ပိုင်းခြား၊ နေတုံငြားမူ၊ မများ ဘဏ္ဍ၊ ဆေးမှာ မများ၊ နည်းငြား ပြုဖွယ်၊ တွယ်တာသဘော၊ မရောနှောဘဲ၊ ဖဲခွါ လွယ်ကူ၊ ဤငါးဆူ၊ မှတ်ယူ အကျိုးများ။

တတိယသုတ် ပြီး၏။

၂။ ဒုတိယ ဒီဃစာရိကသုတ်


ရဟန်းတို့ ! ခရီးရှည်သွားခြင်း, အကန့်အသတ်မဲ့ ခရီးသွားခြင်းကို အဖန်တလဲလဲ အားထုတ်သော တရားထူးကိုး မရ။

၁။ မရဖူးသေးသော တရားထူးကို မရ။

၂။ ရပြီးသော တရားထူးမှ ဆုတ်ယုတ်သည်။

၃။ ရပြီးသော တရားအချို့ဖြင့် မရဲရင့်။

၎။ ပြင်းထန်စွာ ရောဂါ စွဲကပ်တတ်သည်။

၅။ အဆွေခင်ပွန်းလည်း မရှိ။


အကန့်အသတ်ထား၍ ခရီးသွားခြင်း၌ အကျိုး ၅-မျိုးဟူသည်မှာ -

၁။ မရဖူးသေးသော တရားထူးကို ရသည်။

၂။ ရပြီးသော တရားထူးမှ မဆုတ်ယုတ်။

၃။ ရပြီးသော တရားထူးအချို့ဖြင့် ရဲရင့်သည်။

၎။ ပြင်းထန်စွာ ရောဂါ မစွဲကပ်။

၅။ အဆွေခင်ပွန်းလည်း ရှိသည်။

ဆောင် - ကန့်သတ်ပိုင်းခြား၊ ခရီးသွားမူ၊ တရားထူးရ၊ လျောကျ မရှိ၊ မထိ ရောဂါ၊ မိတ်ဆွေပါရှိ၊ ငါးပါးသိ၊ မှတ်ဘိ အကျိုးများ။

ဒုတိယသုတ် ပြီး၏။

၂၃။ ဒီဃစာရိက၀ဂ် (ခရီးသွားခြင်းနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)


၁။ ပထမ ဒီဃစာရိကသုတ်

ရဟန်းတို့ ! ခရီးရှည်သွားခြင်း, အကန့်အသတ်မဲ့ ခရီးသွားခြင်းကို အဖန်တလဲလဲ ပြုလုပ်အားထုတ်သော ရဟန်း၏ အပြစ် ၅-မျိုးဟူသည်မှာ -

၁။ မကြားဖူးသည်ကို ကြားနာခွင့် မရ။

၂။ ကြားဖူသည်ကို သံသယမကင်းစေနိုင်။

၃။ ကြားဖူးသော တရားအချို့ဖြင့် ရဲရင့်ခြင်း မဖြစ်။

၎။ ပြင်းထန်စွာ ရောဂါ စွဲကပ်တတ်သည်။

၅။ အဆွေခင်ပွန်းလည်း မရှိ။


အကန့်အသတ်ထား၍ ခရီးသွားခြင်း၌ အကျိုး ၅-မျိုးတို့ဟူသည်မှာ -

၁။ မကြားဖူးသည်ကို ကြားနာခွင့် ရသည်။

၂။ ကြားဖူးသည်ကို သံသယကင်းစေနိုင်သည်။

၃။ ကြားဖူးသော တရားအချို့ဖြင့် ရဲရင့်သည်။

၎။ ပြင်းထန်သော ရောဂါ မစွဲကပ်။

၅။ အဆွေခင်ပွန်းလည်း ရှိသည်။

ဆောင် - ကန့်သတ် ပိုင်းခြား၊ ခရီးသွားမူ၊ မကြားဖူး ကြား၊ ကြားဖူး ဖြူစင်၊ ထို့ပြင် ရဲတင်း၊ ထန်ပြင်းရောဂါ၊ မကပ်လာဘဲ၊ မိတ်ဆွေလည်း ရှိ၊ ငါးပါးသိ၊ မှတ်ဘိ အကျိုးများ။

ပထမသုတ် ပြီး၏။

Monday 25 April 2011

၁၀။ မဓုရာသုတ်


ရဟန်းတို့ ! မဓုရာပြည်၌ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ မြေပြင် မညီညွတ်။

၂။ မြူမူန်များသည်။

၃။ ကြမ်းတမ်းသော ခွေးရှိသည်။

၎။ အတင့်ရဲသော ရက္ခိုက်ဘီလူးရှိသည်။

၅။ ဆွမ်းခံ၍ ရခဲသည်။

ဒသမသုတ် ပြီး၏။

၂-ခုမြောက်သော အက္ကောသက၀ဂ် ပြီးပြီ။

၉။ အဂ္ဂိသုတ်


ရဟန်းတို့ !

မီးလှုံခြင်း အပြစ် ၅-မျိုးဟူသည်မှာ -

၁။ မျက်စိ မကြည်လင်။

၂။ အဆင်းမလှအောင် ပြုတတ်သည်။

၃။ အားနည်းအောင် ပြုတတ်သည်။

၎။ အပေါင်းအဖော်တို့နှင့် ပေါင်းဆုံမူကို တိုးပွါးစေတတ်သည်။

၅။ နတ်ပြည်, နိဗ္ဗာန် ခရီး၏ အဆီးအတား ဖြစ်သော စကားကို ဖြစ်စေ တတ်သည်။

ဆောင် - မျက်စိ မကြည်၊ ရုပ်ရည် မလှ၊ နီးစွာ, ခွန်အား၊ တဏှာ ပွါးကာ၊ စကား အပို၊ ဆိုမိလေတတ်၊ ဤငါးရပ်၊ မှတ်အပ်၊ မီးလူံအပြစ်များ။

န၀မသုတ် ပြီး၏။

၈။ ဒုတိယ အပါသာဒိကသုတ်


ရဟန်းတို့ ! ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ မကြည်ညိုသေးသူတို့ မကြည်ညိုကြ။

၂။ ကြည်ညိုပြီးသူ အချို့တို့သည်လည်း အကြည်ညိုပျက်ကြသည်။

၃။ မြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာပြုကျင့်မူ မရှိ။

၎။ နောင်လာနောက်သား အတုလိုက်သည်။

၅။ ထိုပုဂ္ဂိုလ်၏ စိတ်သည် မကြည်လင်။


ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော အကျိုး ၅-မျိုးဟူသည်မှာ -

၁။ မကြည်ညိုသေးသူတို့ ကြည်ညိုကြသည်။

၂။ ကြည်ညိုပြီးသူတို့လည်း တိုး၍ ကြည်ညိုကြသည်။

၃။ မြတ်စွာဘုရားအဆုံးအမတော်ကို လိုက်နာပြုကျင့်သည်။

၎။ နောင်လာနောက်သား အတုလိုက်သည်။

၅။ ထိုပုဂ္ဂိုလ်၏ စိတ်သည် ကြည်လင်သည်။

ဆောင် - သူ မကြည်ညို၊ ကြည်ညိုပြီးလျက်၊ ကြည်ညိုကွက်၏၊ တစ်ချက် ဗုဒ္ဓ၊ ဆုံးမ နာယူ၊ နောင်လူ တုလိုက်၊ စိတ်၌ မကြည်၊ ဤငါးလီ၊ ဖြစ်မည်၊ ကြည်ညိုကင်းသူမှာ။

အဋ္ဌမသုတ် ပြီး၏။

ရ။ ပထမ အပါသာဒိကသုတ်


ရဟန်းတို့ !

ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော အပြစ် ၅-မျိုး ဟူသည်မှာ -

၁။ မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲသည်။

၂။ ပညာရှိတို့ စိစစ်၍ ကဲ့ရဲ့ကြသည်။

၃။ မကောင်းသတင်း ထွက်သည်။

၎။ တွေဝေလျက် သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် ဒုဂ္ဂတိဘုံဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။


ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော အကျိုး ၅-မျိုး ဟူသည်မှာ -

၁။ မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ။

၂။ ပညာရှိတို့ စိစစ်၍ ချီးမွမ်းကြသည်။

၃။ ကောင်းသတင်း ထွက်သည်။

၎။ မတွေမဝေ သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်သို့ ရောက်ရသည်။

ဆောင် - ကိုယ့်ကိုယ်ကို စွပ်၊ သူမြတ် ကဲ့ရဲ့၊ ထွက်တဲ့ မကောင်းသတင်း၊ သေလျင် တွေဝေ၊ ငရပြည်လား၊ ဤငါးပါး၊ ပြစ်များ ကြည်ညိုဖွယ် ကင်းသူမှာ။

သတ္တမသုတ် ပြီး၏။

၅။ ပထမ အက္ခန္တိသုတ်


ရဟန်းတို့ ! သည်းမခံခြင်း အပြစ် ၅-မျိုးဟူသည်မှာ -

၁။ လူအများ မချစ် မနှစ်သက်။

၂။ ရန်များသည်။

၃။ အပြစ်များသည်။

၎။ တွေဝေလျက် သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် ဒုဂ္ဂတိဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။


သည်းခံခြင်း အကျိုး ၅-မျိုးဟူသည်မှာ -

၁။ လူအများ ချစ်နှစ်သက်သည်။

၂။ ရန်မများ။

၃။ အပြစ်မများ။

၎။ မတွေမဝေ သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်သို့ ရောက်ရသည်။

ဆောင် - လူများ မချစ်၊ ရန်, ပြစ် များပြား၊ သေငြား တွေဝေ၊ ငရဲပြေလား၊ ဤငါးပါး၊ ပြစ်များ သည်းမခံသူမှာ။

ရန်များ - ဟူရာ၌ ပုဂ္ဂိုလ်ရန်, အကုသိုလ်ရန် ၂-မျိုးလုံး ဆိုင်သည်။

ပဉ္စမသုတ် ပြီး၏။

၆။ ဒုတိယ အက္ခန္တိသုတ်


ရဟန်းတို့ ! သည်းမခံခြင်း အပြစ် ၅-မျိုးဟူသည်မှာ -

၁။ လူအများ မချစ်မနှစ်သက်။

၂။ ကြမ်းကြုတ်သည်။

၃။ နှလုံး မသာယာ။

၎။ တွေဝေလျက် သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် ဒုဂ္ဂတိဘုံဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။


သည်းခံခြင်း အကျိုး ၅-မျိုးဟူသည်မှာ -

၁။ လူအများ ချစ်နှစ်သက်သည်။

၂။ မကြမ်းကြုတ်။

၃။ နှလုံး မသာမယာ မဖြစ်။

၎။ မတွေမဝေ သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်သို့ ရောက်ရသည်။

ဆောင် - လူမုန်း တစ်ဖြာ၊ ကြမ်းကြုတ်ကာ နှင့်၊ မသာ နှလုံး၊ သေဆုံး တွေဝေ၊ ငရဲပြေလား၊ ဤငါးပါး၊ ပြစ်များ သည်းမခံသူမှာ။

ဆဋ္ဌသုတ် ပြီး၏။။

၎။ ဗဟုဘာဏိသုတ်


ရဟန်းတို့ ! စကားများသည့် ပုဂ္ဂိုလ်၌ အပြစ် ၅-မျိုး ဟူသည်မှာ -

၁။ မဟုတ်မမှန်သည်ကို ပြောမိတတ်သည်။

၂။ ကုန်းစကားကို ပြောမိတတ်သည်။

၃။ ကြမ်းတမ်းသော စကားကို ပြောမိတတ်သည်။

၎။ သိမ်ဖျင်းသော စကားကို ပြောမိတတ်သည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် ဒုဂ္ဂတိဘုံဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။


ပညာဖြင့် နိုင်းချိန်၍ စကားပြောဆိုသည့် ပုဂ္ဂိုလ်၌ အကျိုး ၅-မျိုးဟူသည်မှာ -

၁။ မဟုတ်မမှန်သည်ကို မပြောမိတတ်။

၂။ ကုန်းစကားကို မပြောမိတတ်။

၃။ ကြမ်းတမ်းသော စကားကို မပြောမိတတ်။

၎။ သိမ်ဖျင်းသော စကားကို မပြောမိတတ်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်သို့ ရောက်ရသည်။

ဆောင် - လိမ်ညာ, ကုန်းချော၊ ကြမ်းသော, ပြိန်ဖျင်း၊ ရောက်ခြင်း ငရဲပြေ၊ ဤငါးထွေ၊ ပြစ်တွေ စကားများသူမှာ။

စတုတ္ထသုတ် ပြီး၏။

၃။ သီလသုတ်


ရဟန်းတို့ ! သီလမရှိသူ၏ သီလပျက်စီးခြင်း အပြစ် ၅-မျိုးမှာ -

ဤလောက၌ သီလမရှိ သီလပျက်စီးသော ပုဂ္ဂိုလ်သည်

၁။ မေ့လျော့ခြင်းကြောင့် စည်းစိမ်ဥစ္စာများစွာ ဆုံးရူံးသည်။

၂။ မကောင်း သတင်းထွက်သည်။

၃။ မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်းပရိသတ် မည်သည့် ပရိသတ်သို့မဆို ချဉ်းကပ်သောအခါ ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာ ညှိုးငယ်စွာ ချဉ်းကပ်ရသည်။

၎။ တွေဝေလျက် သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် ဒုဂ္ဂတိဘုံဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။


သီလရှိသူ၏ သီလပြည့်စုံခြင်း အကျိုး ၅-မျိုးမှာ -

ဤလောက၌ သီလရှိ သီလပြည့်စုံသော ပုဂ္ဂိုလ်သည် -

၁။ မမေ့လျော့ခြင်းကြောင့် စည်းစိမ်ဥစ္စာများစွာ ရသည်။

၂။ ကောင်း သတင်းထွက်သည်။

၃။ မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်းပရိသတ် မည်သည့် ပရိသတ်သို့မဆို ချဉ်းကပ်သောအခါ ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာ မညှိုးငယ်ရဘဲ ချဉ်းကပ်ရသည်။

၎။ မတွေမဝေ သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်သို့ ရောက်ရသည်။

ဆောင် - စည်းစိမ်ပျက်ယွင်း၊ မကောင်းသတင်း ထွက်၊ ပရိသတ်ဝင်၊ မရွှင်မျက်နှာ၊ တွေဝေကာ သေ၊ ငရဲပြေလား၊ ဤငါးပါး၊ ပျက်ပြားသီလ အပြစ်တွေ။

တတိယသုတ် ပြီး၏။

၂။ ဘဏ္ဍနကာရကသုတ်


ရဟန်းတို့ ! ခိုက်ရန်ဖြစ်ပွားကြောင်း ကြိမ်းမောင်းခြိမ်းခြောက်မူကိုလည်း ပြုလုပ်တတ်, ကိုယ်လက်ထိပါး ခိုက်ရန်ပွားမူကိုလည်း ပြုလုပ်တတ်, ဆန့်ကျင်ဘက် ပြောဆိုမူကိုလည်း ပြုလုပ်တတ်, စည်းပျက်ကမ်းပျက် စကားများကိုလည်း ပြောဆိုတတ်, သံဃာ့အဓိကရုဏ်းကိုလည်း ပြုလုပ်တတ်သည့် ရဟန်းသည် ဆိုလတံ့သော အပြစ် ၅-မျိုးကို ဧကန် ရလိမ့်မည်။

ယင်းး၅-မျိုးမှာ -

၁။ မရသေးသော တရားထူးကို မရ။

၂။ ရပြီးသော တရားထူးမှ ယုတ်လျော့သည်။

၃။ မကောင်းသတင်းထွက်သည်။

၎။ တွေဝေလျက် သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေဆုံးပြီးနောက် ဒုဂ္ဂတိဘုံဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။

ဆောင် - အဓိကရုဏ်းဖန်၊ ဆဲရေးပြန်က၊ မရ တရားထူး၊ တရားထူး လျောဆင်း၊ မကောင်းသတင်း ထွက်၊ တွေဝေလျက် သေ၊ ငရဲပြေလား၊ ဤငါးပါး၊ မှတ်သား ခိုက်ရန် အပြစ်တွေ။

မှတ်ချက် - ၀ိဝါဒါဓိကရုဏ်း၊ အန၀ါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်း။
(၀ိဝါ, န၀ါ၊ အာပတ္တာ၊ ကိစ္စာ ဓိကရုဏ်း)


ဒုတိယသုတ် ပြီး၏။

Sunday 24 April 2011

၂၂။ အက္ကောသက၀ဂ် (ဆဲရေးမူနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)


၁။ အက္ကောသကသုတ်

ရဟန်းတို့ ! သီတင်းသုံးဖော်တို့ကိုလည်း ဆဲရေးတတ် ရေရွတ်ကြိမ်းမောင်းတတ်, အရိယာပုဂ္ဂိုလ်တို့ကိုလည်း စွပ်စွဲတတ်သော ရဟန်းသည် ဆိုလတံ့သော အပြစ် ၅-မျိုးကို ဧကန် ရလိမ့်မည်။

ယင်း ၅-မျိုးမှာ -

၁။ သာသနာတော်မှ ဆုံးရူံးသည်၊ လောကုတ္တရာတရား ကင်းပြတ်သည်။

၂။ ညစ်နွမ်းသော အာပတ် တစ်မျိုးမျိုးသို့မူလည်း ရောက်သည်။

၃။ ပြင်းထန်သော ရောဂါသို့မူလည်း ရောက်သည်။

၎။ တွေဝေလျက် သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် ဒုဂ္ဂတိဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။

ဆောင် - သီတင်းသုံးဖော်၊ ဆဲသော် တစ်ဖြာ၊ အရိယာများ၊ စွပ်စွဲငြားမူ၊ ဆုံးပါး သာသနာ၊ လောကုတ္တရာကင်း၊ သင့်ခြင်း အာပတ်၊ ရောက်လတ် ရောဂါ၊ တွေဝေကာ သေ၊ ငရဲပြေလား၊ ဤ ငါးပါး၊ မှတ်သား ဆဲပြစ်တွေ။

ဆဲရေားကြောင်း ၀တ္ထု ၁၀-မျိုး

ဇာတိ နာမ, ဂေါတ္တ ကမ္မာ၊ သိပ္ပါဗာဓ, လိင်္ဂ ကိလေသာ။
အာပတ္တာ က္ကောသ၊ ဤဆယ်ဝ၊ အက္ကောသ ၀တ္တုတည်း။ (ပါတိမေက် ဘာသာဋီကာ)


ပထမသုတ် ပြီး၏။

Saturday 23 April 2011

၁၀။ မုဋ္ဌဿတိသုတ်


ရဟန်းတို့ ! သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်သော ရဟန်း၏ အပြစ် ၅-မျိုးမှာ -

၁။ ဆင်းရဲစွာ အိပ်ရသည်။

၂။ ဆင်းရဲစွာ နိုးရသည်။

၃။ မကောင်းသော အိပ်မက် မက်သည်။

၎။ နတ်တို့ မစောင့်ရှောက်ကုန်။

၅။ သုက် လွတ်တတ်သည်။


သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်သော ရဟန်း၏ အကျိုး ၅-မျိုးမှာ -

၁။ ဆင်းရဲစွာ မအိပ်ရ။

၂။ ဆင်းရဲစွာ မနိုးရ။

၃။ မကောင်းသော အိပ်မက်ကို မမက်။

၎။ နတ်တို့ စောင့်ရှောက်ကြသည်။

၅။ သုက် မလွတ်။

ဆောင် - သတိထားကာ၊ အိပ်ပျော်ပါမူ၊ ချမ်းသာအိပ်, နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်း နတ်များ၊ သုက်ကား မလွတ်၊ ဤငါးရပ်၊ မှတ်အပ် အင်္ဂါများ။

ဒသမသုတ် ပြီး၏။

ရှေးဦးစွာ ကိမိလ၀ဂ် ပြီးပြီ။

၉။ ဂီတဿရသုတ်


ရဟန်းတို့ ! အသံရှည်စွာ ဆွဲငင်ဆိုသော သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်၏ အပြစ် ၅-မျိုးမှာ -

၁။ မိမိကိုယ်တိုင်လည်း ထိုအသံကို စွဲမက်သည်။

၂။ သူတစ်ပါးတို့လည်း ထိုအသံကို စွဲမက်ကြသည်။

၃။ ငါတို့ သီချင်းဆိုသလို ဤရဟန်းများလည်း သီချင်းဆိုနေကြသည်- ဟု လူဒါယကာတို့၏ အကဲ့ရဲ့ခံသည်။

၎။ သီချင်းသံ ပြုလုပ်လိုသော ရဟန်းမှာ သမာဓိပျက်သည်။

၅။ နောင်လာ နောက်သားများ အတုလိုက်ကြသည်။

ဆောင်- သူရော, ကိုယ်ပါ၊ သံမှာ စွဲမက်၊ တစ်ချက် ကဲ့ရဲ့ခံ၊ တစ်ဖန် သမာဓိ၊ ပျက်စီးဘိငြား၊ နောက်သား တုလိုက်၊ ငါးပြစ်ဆိုက်၊ မှတ်ပိုက် သီချင်းသံဟောပြစ်များ။

န၀မသုတ်ပြီး၏။

၈။ ဒန္တကဋ္ဌသုတ်


ရဟန်းတို့ ! ဒန်ပူ မစားခြင်း(သွား မတိုက်ခြင်း)၏ အပြစ် ၅-မျိုးမှာ -

ဒန်ပူ မစားသူ၌ -

၁။ မျက်စိ မကြည်လင်။

၂။ ခံတွင်း အနံ့မကောင်း။

၃။ အရသာအကြောများ မစင်ကြယ်ကြ။

၎။ သည်းခြေသလိပ်က အစာကို မြှေးယှက်သည်။

၅။ ထမင်း မမြိန်။


ဒန်ပူ စားခြင်း(သွား တိုက်ခြင်း)၏ အကျိုးအာနိသင် ၅-မျိုးမှာ -

ဒန်ပူ စားသူ၌ -

၁။ မျက်စိ ကြည်လင်သည်။

၂။ ခံတွင်း အနံ့ကောင်းသည်။

၃။ အရသာအကြောများ စင်ကြယ်ကြသည်။

၎။ သည်းခြေသလိပ်က အစာကို မမြှေးယှက်။

၅။ ထမင်း မြိန်သည်။ (ဒန်ပူ - သွား သန့်စင်ကြောင်း တမာရိုး, သွားတိုက်တံ စသည်။)

ဆောင် - မျက်စိ ကြည်ရှင်း၊ ခံတွင်း နံ့ကောင်း၊ တစ်ကြောင်း ရသာကြော၊ စင်ကြယ်သောထွေ၊ သည်းချေသလိပ်၊ မနှိပ် အစာ၊ မြိန်စွာ ထမင်း၊ ဤငါးသင်း၊ မယွင်း ဒန်ပူစားရကျိုး။

အဋ္ဌမသုတ် ပြီး၏။

၇။ ယာဂုသုတ်


ရဟန်းတို့ ! ယာဂု(ဆန်ပြုတ်)၏ အကျိုးအာနိသင် ၅-မျိုးမှာ -

၁။ ဆာလောင်ခြင်းကို ပယ်ဖျောက်တတ်သည်။

၂။ မွတ်သိပ်ခြင်းကို ပယ်ဖျောက်တတ်သည်။

၃။ လေကို စုန်စေတတ်သည်။

၎။ ဆီးအိမ်ကို သုတ်သင် စင်ကြယ်စေတတ်သည်။

၅။ အစာသစ် အကြွင်းအကျန်ကို ကျေညက်စေတတ်သည်။

ဆောင် - ဆာ, မွတ် ပယ်တုံ၊ လေ စုန်စေပြီး၊ ဆီးအိမ်သုတ်သင်၊ ထို့ပြင် အစာချေ၊ ဤငါးထွေ၊ မှတ်လေ ယာဂုသောက်ရကျိုး။

မှတ်ချက် - နံပါတ် ၄-အချက်၌ ၀တ္ထိ-ကို ပြွန်ချောင်းနှင့် တူသော အကြော ဟု လည်းကောင်း, ဆီးအိမ် - ဟု လည်းကောင်း ဘာသာပြန်ကြသည်။

သတ္တမသုတ် ပြီး၏။

၆။ ၀ိနိဗန္ဓသုတ်



ရဟန်းတို့ !စိတ်၏ အနှောင်အဖွဲ့တရား ၅-မျိုးဟူသည်မှာ -



ဤသာသနာတော်၌ ရဟန်းသည် -



၁။ ကာမဂုဏ်တို့၌ စွဲမက်မူ, လိုချင်မူ, မွတ်သိပ်မူ, ပူပန်မူ, တပ်မက်မူ မကင်း။



ထိုသို့ဖြစ်နေသော ရဟန်း၏ စိတ်သည် အပူတပြင်း အားထုတ်ရန် အဖန်တလဲလဲ အားထုတ်ရန် အမြဲမပြတ် အားထုတ်ရန် ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။



ထို့အတူ -



၂။ ကိုယ်ခန္ဓာ၌



၃။ ရုပ်၌ တပ်မက်မူ မကင်း။



ထိုသို့ဖြစ်နေသော ရဟန်း၏ စိတ်သည် ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။





၎။ အလိုရှိတိုင်း ၀မ်းပြည့်အောင် စား၍ အိပ်မူ ချမ်းသာ, လျောင်းမူ ချမ်းသာ, ငိုက်မျဉ်းမူ ချမ်းသာဖြင့်သာ အချိန်ဖြုန်းနေသည်။



ထိုသို့ဖြစ်နေသော ရဟန်း၏ စိတ်သည် ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။





၅။ ငါကျင့်နေသော ဤသီလ, အကျင့်, ခြိုးခြံမူ, မြတ်သောအကျင့်ဖြင့် တန်ခိုးကြီးနတ် သို့မဟုတ် နတ်မျိုးမျိုး ဖြစ်လိမ့်မည် - ဟူသော နတ်ဘ၀ တစ်မျိုးမျိုးကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်သည်။



ထိုသို့ဖြစ်နေသော ရဟန်း၏ စိတ်သည် ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။



(ဤ သုတ်ဆိုလိုရင်းမှာ -



၁။ ပစ္စည်းလေးဝ ၀တ္ထုကာလ၊



၂။ ကိုယ်ခန္ဓာ၊



၃။ ရုပ်အဆင်း၊



၎။ အိပ်မူ, စားမူ -



ဤလေးခုတို့၌ တွယ်တာသော တဏှာလေးပါးနှင့်



၅။ ရဟန်းသီလကို ဖြည့်ကျင့်မူသည် နောင်ဘ၀ လူကောင်း နတ်ကောင်းဖြစ်ရန် ရည်ရွယ်ချက်။)




ဆောင် - ၀တ္ထုကာမ၊ ပစ္စယနှင့်၊ ကာယခန္ဓာ၊ ရုပ်ဆင်းဝါ ဟူ၊ ဤသုံးဆူဝယ်၊ တွယ်တာနေငြား၊ အိပ်, စား ချိန်ကုန်၊ လူ့ဘုံနတ်ရပ်၊ မျှော်ကျင့်လတ်၊ ငါးရပ် ၀ိနိဗန္ဓများ။

ဆဋ္ဌသုတ် ပြီး၏။



ပဉ္စမသုတ် ပြီး၏။

၅။ စေတောခိလသုတ်


ရဟန်းတို့!စိတ်၏ ငြောင့်တံသင်း တရား ၅-မျိုးဟူသည်မှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ မြတ်စွာဘုရား၌ ယုံမှားသည်၊ တွေးတောသည်၊ မဆုံးဖြတ်နိုင်၊ မကြည်လင်။

ယင်းသို့ဖြစ်နေသော ရဟန်း၏ စိတ်သည် အပူတပြင်း အားထုတ်ရန် အဖန်တလဲလဲ အားထုတ်ရန် အမြဲမပြတ် အားထုတ်ရန် ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။

ထို့အတူ -

၂။ တရားတော်၌

၃။ သံဃာတော်၌

၎။ သီလသိက္ခာ၌ ယုံမှား သံသယဖြစ်သော ရဟန်း၏ စိတ်သည်လည်း ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။

၅။ သီတင်းသုံးဖော်တို့၌ အမျက်ထွက်သည်၊ မနှစ်သက်သော စိတ်ရှိသည်၊ ထိပါးပုတ်ခတ်လိုစိတ်ရှိသည်၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်သည်။ ထိုသို့ဖြစ်နေသော ရဟန်း၏ စိတ်သည်လည်း ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။

ဆောင် - ဗုဒ္ဓ, ဓမ္မ၊ နောက် သံဃနှင့်၊ သီလသိက္ခာ၊ လေးဖြာ ယုံမှား၊ မှတ်ထား တူနေ၊ ဤငါးထွေ၊ မှတ်လေ စေတောခိလများ။

ဘုရား၌ ယုံမှားပုံ - ခန္ဓာကိုယ်နှင့် ဂုဏ်တော်တို့၌ ယုံမှားသည်။

ခန္ဓာကိုယ်၌ ယုံမှားသည်ဟူသည်မှာ -

လက္ခဏာတော်ကြီး ၃၂-ပါး လက္ခဏာတော်ငယ် ၈၀-တို့နှင့် ပြည့်စုံသည် ဆိုသည်မှာ ဟုတ်မှ ဟုတ်ပါလေစ ဟု ယုံမှားသည်။

ဂုဏ်တော်၌ ယုံမှားသည်ဟူသည်မှာ -

အရဟံ အစရှိသော ဂုဏ်တော်နှင့် ပြည့်စုံသည်ဟူသည်မှာ ဟုတ်မှ ဟုတ်ပါလေစ ဟု ယုံမှားသည်။


တရား၌ ယုံမှားပုံ - ပိဋကတ် ၃ပုံ ဓမ္မက္ခန္ဓာ ၈၄၀၀၀-သည် ဘုရားဟော ဟုတ်မှာ ဟုတ်ပါလေစ ဟု ပရိယတ်တရား၌ လည်းကောင်း၊
“၀ိပဿနာသည် မဂ်သို့ ရောက်စေနိုင်သည်၊ မဂ်သည် ဖိုလ်သို့ ရောက်စေနိုင်သည်၊ သင်္ခါရအားလုံးချုပ်ရာသည် နိဗ္ဗာန်ဖြစ်သည်” ဟုဆိုသည်မှာ ဟုတ်မှ ဟုတ်ပါလေစ ဟု ပဋိဝေဓတရား၌ လည်းကောင်း ယုံမှားသည်။


သံဃာ၌ ယုံမှားပုံ - သုပ္ပဋိပန္န စသော ဂုဏ်နှင့် ပြည့်စုံသော မဂ္ဂဋ္ဌာန်, ဖလဋ္ဌာန်အားဖြင့် ၈-ယောက်သော သံဃာဟူသည်မှာ ဟုတ်မှ ဟုတ်ပါလေစ ဟု ယုံမှားသည်။

သိက္ခာ၌ ယုံမှားပုံ - အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာဟူသည်မှာ ဟုတ်မှ ဟုတ်ပါလေစ ဟု ယုံမှားသည်။

ပဉ္စမသုတ် ပြီး၏။

Wednesday 20 April 2011

၎။ ဗလသုတ်


ရဟန်းတို့ ! အား ၅-မျိုးဟူသည်မှာ -

သဒ္ဓါအား, ဟိရီအား, သြတ္တပ္ပအား, ၀ီရိယအား, ပညာအား တို့ဖြစ်သည်။

စတုတ္ထသုတ် ပြီး၏။

၃။ အဿာဇာနီယသုတ်


မင်းထိုက် ဆင်

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းနှင့် ထိုက်တန်သည်၊ မင်း သုံးဆောင်အပ်သည်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟု ခေါ်ဝေါ်နိုင်သည်။

ယင်း ၅-မျိုးမှာ -

၁။ ဖြောင့်မတ်ခြင်း၊

၂။ လျင်မြန်ခြင်း၊

၃။ နူးညံ့ခြင်း၊

၎။ သည်းခံခြင်း၊

၅။ အကျင့် စင်ကြယ်ခြင်း တို့ဖြစ်သည်။


သံဃာ့ဂုဏ်ထိုက် ရဟန်း

ဤ အတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း ခံထိုက်သည်၊ ဧည့်သည်အလို့ငှါ စီမံထားသော ၀တ္ထုကိုလည်း ခံထိုက်သည်၊ တမလွန်အတွက် ရည်မြှော်သော အလှူကိုလည်း ခံထိုက်သည်၊ လက်အုပ်ချီခြင်းငှါလည်း ခံထိုက်သည်၊ သတ္တ၀ါအပေါင်း၏ ကောင်းမူပြုရန် အမြတ်ဆုံး လယ်မြေလည်း ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ ဖြောင့်မတ်ခြင်း၊

၂။ လျင်မြန်ခြင်း၊

၃။ နူးညံ့ခြင်း၊

၎။ သည်းခံခြင်း၊

၅။ အကျင့် စင်ကြယ်ခြင်း တို့ဖြစ်သည်။

ဆောင် - ဖြောင့်မတ်, လျင်မြန်၊ နူးညံ့ပြန်နှင့်၊ သည်းခံ, ကျင့်ကောင်း၊ ကိန်းအောင်း အာဇာနည်။

တတိယသုတ် ပြီး၏။

Tuesday 19 April 2011

၂။ ဓမ္မဿဝနသုတ်


ရဟန်းတို့ !

တရားနာခြင်း၏ အကျိုးအာနိသင် ၅-မျိုးဟူသည်မှာ -

၁။ မကြားဖူးသည်ကို ကြားနာရသည်။

၂။ ကြားဖူးသည်ကို ဖြူစင်စေသည်။

၃။ ယုံမှားမူကို လွန်မြောက်နိုင်သည်။

၎။ အယူကို ဖြောင့်မတ်စွာ ပြုနိုင်သည်။

၅။ ထိုသူ၏ စိတ်သည် ကြည်လင်သည်။

ဆောင် - မကြားဖူး ကြား၊ ကြားဖူး ဖြူစင်၊ ယုံမှား စင်လတ်၊ ဖြောင့်မတ် အယူ၊ စိတ် ကြည်ဖြူ၊ ငါးဆူ တရားနာရကျိုး။

ဒုတိယသုတ် ပြီး၏။

၅။ ပဉ္စမ သုတ် - ၅၀



၂၁။ ကိမိလ၀ဂ် (ကိမိလမြို့၌ ဟောသည့်သုတ်ပါသော အခန်း)



၁။ ကိမိလသုတ်



မြတ်စွာဘုရား ကိမိလမြို့ ကျည်းပင်တော၌ သီတင်းသုံး နေတော်မူစဉ် အရှင်ကိမိလမထေရ်သည် မြတ်စွာဘုရားထံ ချဉ်းကပ် ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို ဤသို့ လျှောက်သည် -



“အရှင်ဘုရား ! မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သဒ္ဓမ္မသုံးဖြာ သာသနာ ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းများကား အဘယ်ပါနည်း?။”



“ကိမိလ ! ငါဘုရား ပရိနိဗ္ဗာန် စံတော်မူသည်ရှိသော် ဤသာသနာတော်၌ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသကာမတို့သည် -



၁။ မြတ်စွာဘုရား၌ -



၂။ တရားတော်၌ -



၃။ သံဃာတော်၌ -



၎။ သီလ သိက္ခာ၌ -



၅။ အချင်းချင်း၌ - ရိုသေတုပ်ဝပ်မူမရှိဘဲ နေကြသည်။



ဤအချက်များသည် သဒ္ဓမ္မသုံးဖြာ သာသနာ ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းများ ဖြစ်သည်။





“သဒ္ဓမ္မသုံးဖြာ သာသနာ ကြာမြင့်စွာ တည်တံ့နိုင်သော အကြောင်းများကား အဘယ်ပါနည်း?။” ဟု လျှောက်သည်။



“ကိမိလ ! ငါဘုရား ပရိနိဗ္ဗာန် စံတော်မူသည်ရှိသော် ဤသာသနာတော်၌ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသကာမတို့သည် -



၁။ မြတ်စွာဘုရား၌ -



၂။ တရားတော်၌ -



၃။ သံဃာတော်၌ -



၎။ သီလ သိက္ခာ၌ -



၅။ အချင်းချင်း၌ - ရိုသေတုပ်ဝပ်မူရှိလျက် နေကြသည်။



ဤအချက်များသည် သဒ္ဓမ္မသုံးဖြာ သာသနာ ကြာမြင့်စွာ တည်တံ့နိုင်သော အကြောင်းများ ဖြစ်သည်။



ဆောင် - ဗုဒ္ဓ, ဓမ္မ၊ နောက် သံဃနှင့်၊ သီလသိက္ခာ၊ ချင်းချင်းမှာလျှင်၊ ဂါရ၀ကင်း၊ ဖြစ်တုံလျင်းက၊ ဘုရာ့သာသနာ၊ မရှည်ကြာ၊ ပြန်ခါ ရှည်ကြာကြောင်း။



ဘုရား၌ မရိုသေပုံ - စေတီရင်ပြင်စသည်၌ ထီးဆောင်း, ဖိနပ်စီး၍ လှည့်လှည်ခြင်း၊ အကျိုးမရှိ ပေါက်ကရစကားပြောခြင်း စသည်။



တရား၌ မရိုသေပုံ - အိပ်ငိုက်လျက် တရားနာခြင်း, အကျိုးမရှိ စကားပြောကာ တရားနာခြင်း စသည်။



သံဃာ၌ မရိုသေပုံ - သံဃာ့အလယ် ကိုးယိုးကားရား သွားခြင်း, ပေါက်ကရစကားပြောဆိုခြင်း စသည်။



သီလ သိက္ခာ၌ မရိုသေပုံ - သီလသိက္ခာကို မဖြည့်ကျင့်ခြင်း။



အချင်းချင်း၌ မရိုသေပုံ - ငြင်းခုံခြင်း ခိုက်ရန်ပြုခြင်း စသည်။



ပထမသုတ် ပြီး၏။

Monday 18 April 2011

၁၀။ နိဿာရဏီယသုတ်


ထွက်မြောက်ရာ နိဿရဏဓာတ် ၅-မျိုးဟူသည်မှာ -

ဤသာသနာတော်၌ -

၁။ အသုဘဈာန်ရပြီး အသုဘဈာန်၌ အသားကျနေသော ရဟန်းသည် မိမိစိတ်ကို ကာမဂုဏ်သို့ စေလွှတ်ကြည့်သောအခါ ထိုစိတ်သည် ကာမဂုဏ်တို့၌ မပြေးဝင်၊ မကြည်လင်၊ မရပ်တည်၊ မနစ်ဝင်။

ကာမဂုဏ်မှ ထွက်မြောက်ကြောင်း အသုဘဈာန်ကို နှလုံးသွင်းသော အခါ၌ကား ထိုဈာန်စိတ်၌ ပြေးဝင်သည်၊ ကြည်လင်သည်၊ ရပ်တည်သည်၊ နစ်ဝင်သည်။

ထိုရဟန်း၏ စိတ်သည် အသုဘအာရုံသို့ ကောင်းစွာ ရောက်နေသည်၊ အသုဘဈာန်စိတ်ကို ကောင်းစွာ ဖြစ်ပွါးစေသည်။

၎င်းပြင် ကာမဂုဏ်တို့မှလည်း ထမြောက်ကျွတ်လွတ်သည်၊ ကာမဂုဏ်နှင့် ကင်းကွာနေသည်။

ထိုရဟန်းသည် ကာမဂုဏ်ကြောင့် ဖြစ်ရသည့် ဆင်းရဲပူပန်ကြောင်း အာသဝေါတရားတို့မှ လွတ်ကင်းသည်၊ ယင်းကာမဂုဏ်ဆိုင်ရာ ဝေဒနာကိုလည်း မခံစားရ။

အသုဘဈာန်စိတ်ကို ကာမဂုဏ်တို့မှ ထွက်မြောက်ရာ ဟူ၍ ဟောကြားအပ်သည်။


၂။ မေတ္တာဈာန်ရပြီး မေတ္တာဈာန်၌ အသားကျနေသော ရဟန်းသည် မိမိစိတ်ကို ဗျာပါဒ(ပျက်စီးစေလိုမူ) သို့ စေလွှတ်ကြည့်သောအခါ ထိုစိတ်သည် ဗျာပါဒ၌ မပြေးဝင်၊ မကြည်လင်၊ မရပ်တည်၊ အနစ်ဝင်။

ဗျာပါဒမှ ထွက်မြောက်ကြောင်း မေတ္တာဈာန်ကို နှလုံးသွင်းသော အခါ၌ကား ထိုဈာန်စိတ်၌ ပြေးဝင်သည်၊ ကြည်လည်သည်၊ ရပ်တည်သည်၊ နစ်ဝင်သည်။

ထိုရဟန်း၏ စိတ်သည် ချစ်အပ်မြတ်နိုးအပ်သော သတ္တ၀ါအာရုံသို့ ကောင်းစွာ ရောက်နေသည်၊ မေတ္တာဈာန်စိတ်ကို ကောင်းစွာ ဖြစ်ပွါးစေသည်။

၎င်းပြင် ဗျာပါဒမှလည်း ထမြောက်ကျွတ်လွတ်သည်၊ ဗျာပါဒနှင့် ကင်းကွာနေသည်။

ထိုရဟန်းသည် ဗျာပါဒကြောင့် ဖြစ်ရသည့် ဆင်းရဲပူးပန်ကြောင်း အာသဝေါတရားတို့မှ လွတ်ကင်းသည်၊ ယင်းဗျာပါဒဆိုင်ရာ ဝေဒနာကိုလည်း မခံစားရ။

မေတ္တာဈာန်စိတ်ကို ဗျာပါဒမှ ထွက်မြောက်ရာ ဟူ၍ ဟောကြားအပ်သည်။


၃။ ကရုဏာဈာန်ရပြီး ကရုဏာဈာန်၌ အသားကျနေသော ရဟန်းသည် မိမိစိတ်ကို ၀ိဟိံသာ(ညှဉ်းဆဲမူ)သို့ စေလွှတ်ကြည့်သောအခါ ထိုစိတ်သည် ၀ိဟိံသာ၌ မပြေးဝင်၊ ကြည်လင်သည်၊ ရပ်တည်သည်၊ နစ်ဝင်သည်။

ထိုရဟန်း၏ စိတ်သည် ဒုက္ခိတသတ္တ၀ါအာရုံသို့ ကောင်းစွာ ရောက်နေသည်၊ ကရုဏာဈာန်စိတ်ကို ကောင်းစွာ ဖြစ်ပွါးစေသည်။

၎င်းပြင် ၀ိဟိံသာမှလည်း ထမြောက်ကျွတ်လွတ်သည်၊ ၀ိဟိံသာနှင့် ကင်းကွာနေသည်။

ထိုရဟန်းသည် ၀ိဟိံသာကြောင့် ဖြစ်ရသည့် ဆင်းရဲပူပန်ကြောင်း အာသဝေါတရားတို့မှ လွတ်ကင်း သည်၊ ယင်းဝိဟိံသာဆိုင်ရာ ဝေဒနာကိုလည်း မခံစားရ။

ကရုဏာဈာန်စိတ်ကို ၀ိဟိံသာမှ ထွက်မြောက်ရာ ဟူ၍ ဟောကြားအပ်သည်။


၎။ အရူပဈာန်ရပြီး အရူပဈာန်၌ အသားကျနေသော ရဟန်းသည် မိမိစိတ်ကို ကသိုဏ်းရုပ်သို့ စေလွှတ်ကြည့်သောအခါ ထိုစိတ်သည် ကသိုဏ်းရုပ်၌ မပြေးဝင် မကြည်လင်၊ မရပ်တည်၊ မနစ်ဝင်။

ကသိုဏ်းရုပ်မှ ထွက်မြောက်ကြောင်း အရူပဈာန်ကို နှလုံးသွင်းသော အခါ၌ကား ထိုဈာန်စိတ်၌ ပြေးဝင်သည်၊ ကြည်လင်သည်၊ ရပ်တည်သည်၊ နစ်ဝင်သည်။

ထိုရဟန်း၏ စိတ်သည် ကောင်းကင်ပညတ်စသော မိမိအာရုံသို့ ကောင်းစွာ ရောက်နေသည်၊ အရူပဈာန်စိတ်ကို ကောင်းစွာ ဖြစ်ပွါးစေသည်။

၎င်းပြင် ကသိုဏ်းရုပ်မှလည်း ထမြောက်ကျွတ်လွတ်သည်၊ ကသိုဏ်းရုပ်နှင့် ကင်းကွာနေသည်။

ထိုရဟန်းသည် ကသိုဏ်းရုပ်ကြောင့် ဖြစ်ရသည့် ဆင်းရဲပူပန်ကြောင်း အာသဝေါတရားတို့မှ လွတ်ကင်းသည်၊ ယင်းကသိုဏ်းရုပ်ဆိုင်ရာ ဝေဒနာကိုလည်း မခံစားရ။

အရူပဈာန်စိတ်ကို ကသိုဏ်းရုပ်မှ ထွက်မြောက်ရာ ဟူ၍ ဟောကြားအပ်သည်။


၅။ ဈာန်မရ ရဟန္တာရဟန်းသည် မိမိစိတ်ကို သက္ကာယ(ထင်ရှား ရှိသော ခန္ဓာငါးပါး)သို့ နှလုံးသွင်းကြည့်သော အခါ ထိုစိတ်သည် သက္ကာယ၌ မပြေးဝင်၊ မကြည်လင်၊ မရပ်တည်၊ မနစ်ဝင်။

သက္ကာယမှ ထွက်မြောက်ကြောင်း အရဟတ္တဖိုလ်ကို နှလုံးသွင်းသော အခါ၌ကား ထိုအရဟတ္တဖိုလ်၌ ပြေးဝင်သည်၊ ကြည်လင်သည်၊ ရပ်တည်သည်၊ နစ်ဝင်သည်။

ထိုရဟန်း၏ စိတ်သည် နိဗ္ဗာန်အာရုံသို့ ကောင်းစွာ ရောက်နေသည်၊ အရဟတ္တဖိုလ်ကို ကောင်းစွာ ဖြစ်ပွါးစေသည်။

၎င်းပြင် သက္ကာယမှလည်း ထမြောက်ကျွတ်လွတ်သည်၊ သက္ကာယနှင့် ကင်းကွာနေသည်။

ထိုရဟန်းသည် သက္ကာယကြောင့် ဖြစ်ရသည့် ဆင်းရဲပူပန်ကြောင်း အာသဝေါတရားတို့မှ လွတ်ကင်းသည်၊ ယင်းသက္ကာယဆိုင်ရာ ဝေဒနာကိုလည်း မခံစားရ။

အရဟတ္တဖိုလ်ကို သက္ကာယမှ ထွက်မြောက်ရာ ဟူ၍ ဟောကြားအပ်သည်။

ထိုရဟန်းမှာ -

ကာမဂုဏ်, ဗျာပါဒ, ၀ိဟိံသာ, ကသိုဏ်းရုပ်, သက္ကာယတို့၌ နှစ်သက်မူသည် မကိန်းအောင်း၊ ထို့ကြောင့် ဤရဟန်းကို -

အနုသယ မကိန်းသော ရဟန်း, တဏှာပြတ်ပြီးသော ရဟန်, သံယောဇဉ် လွန်ပြီးသော ရဟန်း, မာနကို ကောင်းစွာ နုတ်ပယ်ပြီးသော ကြောင့် ၀ဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသော ရဟန်းဟူ၍ ဆိုရမည်။


ဆောင် - အသုဘမှာ၊ ကာမ ကွာ၏ မေတ္တာဈာန်ကား၊ ပယ်ရှား ဗျာပါ၊ ကရုဏာဈာန်၊ ပယ်ရန် ၀ိဟိံသာ၊ ရုပ် ပယ်ခွါရန်၊ အရူဈာန် ပွါး၊ ပယ်ရှား သက္ကာယ၊ အရဟတ္တဖိုလ်၊ စဉ်တိုင်းကို၊ မိန့်ဆို ထွက်မြောက်ကြောင်း။

ဒသမသုတ် ပြီး၏။

၅-ခုမြောက် ဗြာဟ္မဏ၀ဂ် ပြီးပြီ။

စတုတ္ထသုတ် - ၅၀ ပြီးပြီ။

Sunday 17 April 2011

၉။ ကုလသုတ်


ရဟန်းတို့ ! သီလရှိသော ရဟန်းများ ချဉ်းကပ်သည့် အိမ်နေလူများသည် အကြောင်း ၅-မျိုးဖြင့် ကုသိုလ်များစွာ တိုးပွါးကြသည်။

ယင်း ၅-မျိုးမှာ - အိမ်သို့ ကြွလာသည့် သီလရှိသော ရဟန်းကို -

၁။ ဖူးမြင်ရ၍ ကြည်ညိုသဒ္ဓါစိတ်ဖြစ်ခြင်းသည်

ထိုလူတို့အတွက် နတ်ပြည်ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်သည်။


၂။ ခရီးဦးကြိုဆိုခြင်း, ရှိခိုးခြင်း, နေရာထိုင်ခင်းပေးခြင်း များသည်

ထိုလူတို့အတွက် မြတ်သော အမျိုး၌ ဖြစ်ရကြောင်း အကျင့်ကို ကျင့်ရာ ရောက်သည်။


၃။ နှမြောတွန့်တိုမူ အညစ်အကြေးကို ပယ်ဖျောက်၍ လှူဒါန်းလိုစိတ်ဖြစ်ခြင်းသည်

ထိုလူတို့အတွက် တန်ခိုးကြီးကြောင်း အကျင့်ကို ကျင့်ရာ ရောက်သည်။


၎။ စွမ်းအားရှိသလောက် လှူဒါန်းပေးကမ်းခြင်းသည်

ထိုလူတို့အတွက် ဥစ္စာပေါများကြောင်း အကျင့်ကို ကျင့်ရာရောက်သည်။


၅။ ပုစ္ဆာမေးကြ, ပြဿနာမေးကြ, တရားနာကြခြင်းသည်

ထိုလူတို့အတွက် ပညာကြီးကြောင်း အကျင့်ကို ကျင့်ရာရောက်သည်။

ဆောင် - ကြည်ညိုစိတ်လောက်၊ နတ်ပြည် ရောက်၏၊ တစ်ထောက် ရှိခိုး၊ အမျိုးမြတ်ပေ၊ မစ္ဆေ ပယ်ရှား၊ လှူစိတ်ထားမှန်၊ ဘုန်းကံကြီးမား၊ လှူငြား ချမ်းသာ၊ တရားနာ၊ ပညာကြီးကြောင်းမှတ်။

န၀မသုတ် ပြီး၏။