ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 17 April 2011

၎။ ကာရဏ၀ါလီသုတ်


မြတ်စွာဘုရား ဝေသာလီပြည် မဟာဝုန်တော အထွတ်တပ်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူစဉ် ကာရဏပါလီပုဏ္ဏားက လိစ္ဆ၀ီမင်းတို့၏ အလုပ်ကို ဦးဆောင် ပြုလုပ်ခိုင်းနေသည်၊ သူသည် ပိင်္ဂိယာနီပုဏ္ဏားအဝေးမှ လာသည်ကို မြင်သောအခါ ဤသို့ မေးမြန်းလိုက်သည် -

“အရှင်ပိင်္ဂိယာနီသည် ယခု မွန်းတည့်ချိန်၌ အဘယ်အရပ်မှ လာပါသနည်း?။”

“အကျွန်ုပ် အရှင်ဂေါတမထံမှ လာခဲ့ပါသည်။”

“အရှင်ပိင်္ဂိယာနီသည် အဘယ်သို့ သဘောရပါသနည်း၊ ပညာဆိုင်ရာ၌ ရဟန်းဂေါတမကို ပညာရှိဟု မှတ်ထင်ပါသလော?။”

“အကျွန်ုပ်က ဘယ်လိုပုဂ္ဂိုလ်ဖြစ်လို့ ရဟန်းဂေါတမ၏ ပညာထက်မြက်မူကို သိနိုင်မှာလဲ၊ ရန်းဂေါတမကဲ့သို့ ထက်မြက်သူသာ ရဟန်းဂေါတမ၏ ပညာထက်မြက်မူကို သိနိုင်ပါလိမ့်မည်။”

“လာလှချည်လား၊ ရဟန်းဂေါတမကို တယ်ချီးမွမ်းနေပါလား?။”

“အကျွန်ုပ်က ဘယ်လိုပုဂ္ဂိုလ်ဖြစ်လို့ ရဟန်းဂေါတမကို ထိုက်ထိုက်တန်တန် ချီးမွမ်းနိုင်မှာလဲ။

ထိုအရှင်ဂေါတမသည် အားလုံးထက် ချီးမွမ်းထိုက် မြတ်သူဖြစ်၍ နတ်လူတို့ထက် မြတ်သောသူ ဖြစ်ပါသည်။”

“အဘယ်အကျိုးထူးကို ကောင်းစွာမြင်၍ အရှင်ပိင်္ဂိယာနီက ရဟန်းဂေါတမ အပေါ်မှာ ဤမျှလောက် အလွန့်အလွန် ကြည်ညိုနေပါသနည်း?”

ထိုအခါ ပိင်္ဂိယာနီက ဤသို့ ပြောဆိုသည် -

“၁။ အကောင်းဆုံးအရသာဖြင့် ကျေနပ်ပြီးသူသည် အညံ့စား အခြားအရသာများကို မတောင့်တတော့သကဲ့သို့၊

ဤအတူသာ အရှင်ဂေါတမ၏ သုတ်, ဂေယျ, သေယျာကရဏ, အဗ္ဘုတဓမ္မဖြစ်သည့်မွန်မြတ်သော တရားများကို နာရပြီးသောအခါ အခြားသော သမဏ ဗြဟ္မဏတို့၏ အယူဝါဒများကို မတောင့်တတော့ချေ။


၂။ ဆာလောင်ပြီး အားနည်းနေသူသည် ပျားမုန့်ဆုပ်ကို ရ၍ အရသာခံယူ မြည်းစားကြည့်သောအခါ နောက်ထပ် အခြားအရသာတစ်မျိုး ရှာစရာမလိုလောက်အောင် ကောင်းမြတ်သည့်အရသာကို ရရှိထားသကဲ့သို့၊

ဤအတူသာ အရှင်ဂေါတမ၏ မွန်မြတ်သော တရားများကို နာရပြီးသောအခါ ၀မ်းမြောက်ရွှင်လန်း စိတ်ချမ်းသာမူကို အပြည့်အ၀ ရသည်သာတည်း။


၃။ စန္ဒကူးရွှေတုံး, စန္ဒကူးနီတုံး တစ်မျိုးမျိုးကို ရသူသည် အရင်း, အလယ်, အဖျား တစ်နေရာရာကို နမ်းသည့်အခါတိုင်း နောက်ထပ် အခြားနံ့သာတစ်မျိုး ရှာဖွယ်မလိုလောက်အောင် အလွန်ကောင်းမြတ်သည့် နံ့သာကို ရထားသကဲ့သို့၊

ဤအတူသာ အရှင်ဂေါတမ၏ မွန်မြတ်သော တရားများကို နာရပြီးသောအခါ နှစ်သက် ၀မ်းမြောက်မူကို အပြည့်အ၀ ရသည်သာတည်း။


၎။ အနာရောဂါနှိပ်စက်ခံရသည်ဖြစ်၍ ဆင်းရဲဒုက္ခရောက်လျက် ပြင်းထန်စွာလည်း မကျန်းမာသူ၏ အနာရောဂါကို တတ်ကျွမ်းနားလည်သော ဆေးဆရာက ချက်ချင်းပျောက်ကင်းအောင် ကုသပေးသကဲ့သို့၊

ဤအတူသာ အရှင်ဂေါတမ၏ မွန်မြတ်သော တရားများကို နာရပြီးသောအခါ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း, နှလုံးမသာယာခြင်း, ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချုပ်ပျောက်သွားကြသည်။


၅။ ကြည်လင်ချိုမြိန် အေးမြသည့် ရေလည်းရှိ, ဆိပ်ကမ်းကောင်းလည်းရှိ, ပျော်မွေ့ဖွယ်ရာလည်း ကောင်းပြီး သစ်ပင်မျိုးစုံ အုပ်ဆိုင်းနေသော ရေကန်ရှိရာသည်၊ ထိုရေကန်၌ နွေ နေပူဒဏ် နှိပ်စက်ခံရကာ ခရီးပန်းနေသူသည် လိုအပ်သလို သောက်, ချိုးလိုက်သောအခါ ပူလောင်ခြင်း ပင်ပန်းခြင်း ပူအိုက်ခြင်း အားလုံး ငြိမ်းအေးသွားသကဲ့သို့၊

ဤအတူသာ အရှင်ဂေါတမ၏ မွန်မြတ်သော တရားများကို နာရပြီးသောအခါ ပူလောင်မူ ပင်ပန်းမူ ပူအိုက်မူ အားလုံးငြိမ်းအေးသွားသည်။”

ပိင်္ဂိယာနီက ဤသို့ ဆိုလိုက်သောအခါ -

ကာရဏပါလီပုဏ္ဏားသည် နေရာမှ ထ, ၀ဲဖက်ပခုံးပေါ် ကိုယ်ရုံကို တင်ကာ, ယာဖက်ဒူးကို မြေပေါ် ထောက်လျက်, မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီပြီး -

“နမော တဿ ဘဂ၀တော အရတော သမ္မာသမ္ဗုဒ္ဓဿ။

(အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓုဂုဏ်ရှင်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ် ရှိခိုးပါသည်)

ဟု ၃-ကြိမ် ဥဒါန်းကျူးရင့်လိုက်လေသည်။

ထို့နောက် ကာရဏပါလီပုဏ္ဏားက ဤသို့ ပြောဆိုလိုက်လေသည် -

“အရှင်ပိင်္ဂိယာနီ !

အလွန်နှစ်သက်ဖွယ် ရှိပါပေသည်၊

အလွန်နှစ်သက်ဖွယ် ရှိပါပေသည်၊

မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့ လည်းကောင်း

ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြောပြဘိသကဲ့သို့ လည်းကောင်း

မျက်စိလည်သူကို လမ်းမှန်ပြောပြဘိသကဲ့သို့ လည်းကောင်း

မျက်စိအမြင်ရှိသူများ မြင်စရာများကို မြင်ကြလိမ့်မည်” ဟူသော စိတ်ထားဖြင့် အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ညှိထွန်း ဆောင်ပြသကဲ့သို့လည်းကောင်း

အရှင်သည် အကြောင်းအမျိုးမျိုးဖြင့် တရားကို ပြသပေးပါပေသည်။

အကျွန်ုပ်သည် -

ထိုအရှင်ဂေါတမကို ကိုးကွယ်ဆည်းကပ်ပါသည်၊ တရားတော်ကိုလည်း ကိုးကွယ် ဆည်းကပ်ပါသည်၊ သံဃာတော်ကိုလည်း ကိုးကွယ်ဆည်းကပ်ပါသည်၊ အရှင်ပိင်္ဂိယာနီသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာ ၃-ပါးကို ကိုးကွယ်ဆည်းကပ်တတ်သူ ဥပါသကာအဖြစ် မှတ်ယူပါလော့။”

စတုတ္ထသုတ် ပြီး၏။

No comments:

Post a Comment