ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 2 April 2011

၇။ စောဒနာသုတ်


ထိုအခါ အရှင်သာရိပုတြာက ရဟန်းတို့ကို မိန့်တော်မူသည်မှာ-

“ငါ့ရှင်တို့ ! သူတပါးကို စောဒနာလိုသော စောဒကရဟန်းသည် ဤဆိုလတံ့သော တရား ၅-မျိုးတို့ကို မိမိသန္တာန်၌ ဖြစ်စေ၍ သူတပါးကို စောဒနာရမည်။ (စောဒနာ-စွပ်စွဲမူ)

ယင်း ၅-မျိုးမှာ -
၁။ သင့်လျော်သော အခါ၌ ဆိုမည်၊ မသင့်လျော်သော အခါ၌ မဆို။
၂။ ဟုတ်မှန်သော စကားဖြင့် ဆိုမည်၊ မဟုတ်မမှန်သော စကားဖြင့် မဆို။
၃။ နူးညံ့သော စကားဖြင့် ဆိုမည်၊ ကြမ်းတမ်းသော စကားဖြင့် မဆို။
၎။ အကျိုးနှင့်စပ်သော စကားဖြင့် ဆိုမည်၊ အကျိုးနှင့် မစပ်သော စကားဖြင့် မဆို။
၅။ မေတ္တာစိတ်ထားဖြင့် ဆိုမည်၊ ဒေါသစိတ်ထားဖြင့် မဆို။

ငါ့ရှင်တို့ ! ဤသာသနာတော်၌

ဆိုခဲ့ပြီးသော အချက်အလက် ၅-မျိုးဖြင့် တရားသဖြင့် မစောဒနာဘဲ ယင်းတို့၏ ဆန့်ကျင်ဘက် မတရားသော စောဒနာနည်း တမျိုးမျိုးဖြင့် ဖြစ်စေ, ၅-မျိုးလုံးဖြင့် ဖြစ်စေ စောဒနာခံရသော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်သည်၊ ထိုပုဂ္ဂိုလ်မျိုးကို ငါ တွေ့မြင်နေရသည်။

ထို မတရားသဖြင့် စောဒနာခံရသူ စုဒိတကပုဂ္ဂိုလ်ကို -

“အရှင်သည် မသင့်လျော်သော အခါ၌ စောဒနာခံရပါသည်၊ သင့်လျော်သော အခါ၌ စောဒနာခံရသည် မဟုတ်ပါ” စသည်ဖြင့် တမျိုးမျိုးဖြင့် ဖြစ်စေ, ၅-မျိုးလုံးဖြင့် ဖြစ်စေ စိတ်သက်သာရာရအောင် (တောင်းပန်) ပြောဆိုရမည်။

တဖန်

မတရားသဖြင့် စောဒနာတတ်သော စောဒကပုဂ္ဂိုလ်ကိုလည်း -

“ငါ့ရှင် ! သင်သည် မသင့်လျော်သောအခါ၌ စောဒနာပေသည်၊ သင့်လျော်သောအခါ၌ မစောဒနာခဲ့” စသည်ဖြင့် တမျိုးမျိုးဖြင့် ဖြစ်စေ, ၅-မျိုးလုံးဖြင့်ဖြစ်စေ နောင်တရမိအောင် (အသိပေး) ပြောဆိုရမည်။

ထိုသို့ နောင်တရအောင် (အသိပေး) ပြောဆိုရခြင်းမှာ -

“ဤကဲ့သို့ မဟုတ်မမှန် စောဒနာသင့်သည်” ဟု အခြားသူများ မမှတ်ထင်စေလို သောကြောင့်တည်း။ (မဟုတ်မှန် မစောဒနာသင့်-ဟု မှတ်ထင်စေလိုသောကြောင့်တည်း။)

ငါ့ရှင်တို့ ! ဤသာသနာတော်၌ -

ဆိုခဲ့ပြီးသော အချက်အလက် ၅-မျိုးဖြင့် တရားသဖြင့် စောဒနာခံရပါလျက် အမျက်ထွက်တတ်သော ပုဂ္ဂိုလ်မျိုးကိုလည်း ငါ တွေ့မြင်နေရသည်။

ထို တရားသဖြင့် စောဒနာခံရသူ စုဒိတကပုဂ္ဂိုလ်ကို -

“အရှင်သည် သင့်လျော်သောအခါ၌ စောဒနာခံရသည်၊ မသင့်လျော်သော အခါ၌ စောဒနာခံရသည် မဟုတ်” စသည်ဖြင့် တမျိုးမျိုးဖြင့် ဖြစ်စေ, ၅-မျိုးလုံးဖြင့်ဖြစ်စေ နောင်တရမိအောင် (အသိပေး) ပြောဆိုရမည်။

တဖန်

တရားသဖြင့် စောဒနာတတ်သော စောဒကပုဂ္ဂိုလ်ကိုလည်း -

“ငါ့ရှင် ! သင်သည် သင့်လျော်သောအခါ၌ စောဒနာပါပေသည်၊ မသင့်လျော်သောအခါ ဤစောဒနာခဲ့သည် မဟုတ်ပါ” စသည်ဖြင့် တမျိုးမျိုးဖြင့် ဖြစ်စေ, ၅-မျိုးလုံးဖြင့်ဖြစ်စေ စိတ်သက်သာရာရအောင် ပြောဆိုရမည်။

ထိုသို့ စိတ်သက်သာရာရအောင် စောဒကပုဂ္ဂိုလ်ကိုလည်း -

“ဤကဲ့သို့ ဟုတ်မှန်စွာ စောဒနာသင့်သည်” ဟု အခြားသူများ မှတ်ထင်စေလိုသောကြောင့်တည်း။

ငါ့ရှင်တို့ ! စွပ်စွဲခံရသူ စုဒိတက ပုဂ္ဂိုလ်သည် -
၁။ မှန်ကန်ခြင်း၌ လည်းကောင်း၊
၂။ အမျက် မထွက်ခြင်း၌လည်းကောင်း ဤ တရား ၂-ပါး၌ တည်ရမည်။

ဆောင် - သစ္စာတရား၊ မျက်မပွားဟု၊ တရားနှစ်ခု၊ လက်ကိုင်ပြု၊ စုဒိတက ပုဂ္ဂိုလ်မှာ။

ငါ့ရှင်တို့ ! သူတစ်ပါးတို့သည် -
၁။ လျောက်ပတ်သော အခါ၌ ဖြစ်စေ မလျောက်ပတ်သော အခါ၌ဖြစ်စေ၊
၂။ ဟုတ်မှန်သော စကားဖြင့်ဖြစ်စေ မဟုတ်မမှန်သော စကားဖြင့် ဖြစ်စေ၊
၃။ နူးညံ့သောစကားဖြင့်ဖြစ်စေ ကြမ်းတမ်းသော စကားဖြင့်ဖြစ်စေ၊
၎။ အကျိုးနှင့် စပ်သော စကားဖြင့်ဖြစ်စေ မဟုတ်မမှန်သော စကားဖြင့် ဖြစ်စေ၊
၅။ မေတ္တာစိတ်ထားဖြင့် ဖြစ်စေ ဒေါသစိတ်ထားဖြင့် ဖြစ်စေ၊

ငါ့ကို အကယ်၍ စောဒနာကြလျှင် -

ငါသည်လည်း မှန်ကန်ခြင်းနှင့် အမျက်မထွက်ခြင်း ဤတရား ၂-ပါး၌သာ ရပ်တည်မည်။

“သူပြောသော ဤအရာသည် ငါ၌ရှိ၏” ဟု အကယ်၍ ငါ သိပါမူ “ဤအရာသည် ငါ၌ ရှိ၏၊ ငါ၌ ထင်ရှား၏” ဟု ထိုသူကို ပြောဆိုဝန်ခံမည်။

“သူပြောသော ထိုအရာသည် ငါ၌ မရှိ”ဟု အကယ်၍ ငါသိပါမူ “ထိုအရာသည် ငါ၌ မရှိ၊ ငါ၌ မထင်ရှား” ဟု ထိုသူကို ပြောဆိုဖြေရှင်းမည်။

ဤသို့ အရှင်သာရိပုတြာက ရဟန်းတို့ကို မိန့်ကြားတော်မူသည်။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူသည် -

“သာရိပုတြာ! သင် ဤသို့ ဆုံးမနေပါလျက် ဤသာသနာတော်၌ မဂ်, ဖိုလ်မမှီး အချည်းနှီးဖြစ်သော ယောက်ျားအချို့တို့သည် ရိုသေစွာ မနာယူကြဘူး။”

“အရှင်ဘုရား !
၁။ သဒ္ဓါတရားမရှိကြသူ,
၂။ အသက်မွေးကြောင်းအလို့ငှါ သဒ္ဓါတရားမရှိဘဲ လူ့ဘောင်မှ ရဟန်းဘောင်သို့ ၀င်ရောက်ကြသူ,
၃။ စဉ်းလဲကြသူ,
၎။ လှည့်ပတ်ကြသူ,
၅။ ကောက်ကျစ်ကြသူ,
၆။ ပျံ့လွင့်ကြသူ,
၇။ ထောင်လွှားကြသူ,
၈။ လျှပ်ပေါ်လော်လီကြသူ,
၉။ နူတ်ကြမ်းကြသူ,
၁၀။ ဖရိုဖရဲ စကားပြောတတ်ကြသူ,
၁၁။ မျက်စိ စသော ဣနြေ္ဒတံခါးတို့ကို မပိတ်ဆို့ကြသူ,
၁၂။ ဆွမ်း-စသော ပစ္စည်း ၄-ပါး၌ ပမာဏကို မသိကြသူ,
၁၃။ နိုးနိုးကြားကြား မနေကြသူ,
၁၄။ ရဟန်းအဖြစ်ကို မငဲ့ကွက်ကြသူ,
၁၅။ သိက္ခာ၌ ထက်သန် ရိုသေမူ မရှိကြသူ,
၁၆။ ပစ္စည်းလေးပါး ပေါများရန်သာ ကျင့်ကြသူ,
၁၇။ ပေါ့လျော့စွာ ကျင့်ကြသူ,
၁၈။ အောက်သို့ ဆင်းကြောင်း နီဝရဏ တရားငါးပါးကို ရှေ့တန်းတင်ကြသူ,
၁၉။ ၀ိဝေကတရားကို တာဝန်မဲ့ ထားကြသူ,
၂၀။ ပျင်းရိကြသူ,
၂၁။ လုံ့လလျော့ရဲကြသူ,
၂၂။ သတိလက်လွတ်နေကြသူ,
၂၃။ ဆင်ခြင်ဉာဏ် မရှိကြသူ,
၂၄။ မတည်ကြည်ကြသူ,
၂၅။ စိတ်ပျံ့လွင့်ကြသူ,
၂၆။ ပညာ မရှိကြသူ,
၂၇။ ဆွံ့အကြသူ ရဟန်းဆိုးတို့သည် -
တပည့်တော်တို့က ဆိုဆုံးမသော်လည်း ရိုသေစွာ မနာယူကြပါ။

အရှင်ဘုရား ! သဒ္ဓါတရားရှိကြသူ-စသော ဆိုခဲ့ပြီးသည်မှ ဆန့်ကျင်ဘက် တရားရှိသူတို့သည်ကား တပည့်တော်တို့က ဆိုဆုံးမသည်ရှိသော် ရိုသေစွာ နာယူကြပါသည်။”

“သာရိပုတြာ ! သဒ္ဓါတရား မရှိကြသူ စသည့် မဂ်, ဖိုလ်မမှီး အချည်းနှီးသော ရဟန်းဆိုးတို့ကို ဖယ်ထားပြီ - သဒ္ဓါတရားရှိကြသူ စသော ရဟန်းကောင်းတို့ကို သင် ဆိုဆုံးမလော့။

သီတင်းသုံးဖော်တို့ကို “မသူတော်တရားမှ ထစေပြိး သူတော်ကောင်းတရား၌ တည်စေမည်” ဟု နှလုံးသွင်း၍ သွန်သင်ဆုံးမလော့။”

ဆောင် - သင့်လျော်ရာခါ၊ ဟုတ်မှန်ရာနှင့်၊ ချိုသာတုံလတ်၊ ကျိုးနှင့် စပ်ငြား၊ မေတ္တာထား၊ ငါးပါး စောဒနာပုံ။

မှတ်ချက် - ၀တ္ထုသန္ဒဿနာ, အာပတ္တိသန္ဒဿနာ, သံဝါသပ္ပဋိက္ခေပ, သာမီစိပ္ပဋိက္ခေပ ဟူသော စောဒနာ ၄-မျိုးဖြင့် စောဒနာတတ်သူကို စောဒကပုဂ္ဂိုလ် ဟု ခေါ်သည်။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment