ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 18 April 2011

၁၀။ နိဿာရဏီယသုတ်


ထွက်မြောက်ရာ နိဿရဏဓာတ် ၅-မျိုးဟူသည်မှာ -

ဤသာသနာတော်၌ -

၁။ အသုဘဈာန်ရပြီး အသုဘဈာန်၌ အသားကျနေသော ရဟန်းသည် မိမိစိတ်ကို ကာမဂုဏ်သို့ စေလွှတ်ကြည့်သောအခါ ထိုစိတ်သည် ကာမဂုဏ်တို့၌ မပြေးဝင်၊ မကြည်လင်၊ မရပ်တည်၊ မနစ်ဝင်။

ကာမဂုဏ်မှ ထွက်မြောက်ကြောင်း အသုဘဈာန်ကို နှလုံးသွင်းသော အခါ၌ကား ထိုဈာန်စိတ်၌ ပြေးဝင်သည်၊ ကြည်လင်သည်၊ ရပ်တည်သည်၊ နစ်ဝင်သည်။

ထိုရဟန်း၏ စိတ်သည် အသုဘအာရုံသို့ ကောင်းစွာ ရောက်နေသည်၊ အသုဘဈာန်စိတ်ကို ကောင်းစွာ ဖြစ်ပွါးစေသည်။

၎င်းပြင် ကာမဂုဏ်တို့မှလည်း ထမြောက်ကျွတ်လွတ်သည်၊ ကာမဂုဏ်နှင့် ကင်းကွာနေသည်။

ထိုရဟန်းသည် ကာမဂုဏ်ကြောင့် ဖြစ်ရသည့် ဆင်းရဲပူပန်ကြောင်း အာသဝေါတရားတို့မှ လွတ်ကင်းသည်၊ ယင်းကာမဂုဏ်ဆိုင်ရာ ဝေဒနာကိုလည်း မခံစားရ။

အသုဘဈာန်စိတ်ကို ကာမဂုဏ်တို့မှ ထွက်မြောက်ရာ ဟူ၍ ဟောကြားအပ်သည်။


၂။ မေတ္တာဈာန်ရပြီး မေတ္တာဈာန်၌ အသားကျနေသော ရဟန်းသည် မိမိစိတ်ကို ဗျာပါဒ(ပျက်စီးစေလိုမူ) သို့ စေလွှတ်ကြည့်သောအခါ ထိုစိတ်သည် ဗျာပါဒ၌ မပြေးဝင်၊ မကြည်လင်၊ မရပ်တည်၊ အနစ်ဝင်။

ဗျာပါဒမှ ထွက်မြောက်ကြောင်း မေတ္တာဈာန်ကို နှလုံးသွင်းသော အခါ၌ကား ထိုဈာန်စိတ်၌ ပြေးဝင်သည်၊ ကြည်လည်သည်၊ ရပ်တည်သည်၊ နစ်ဝင်သည်။

ထိုရဟန်း၏ စိတ်သည် ချစ်အပ်မြတ်နိုးအပ်သော သတ္တ၀ါအာရုံသို့ ကောင်းစွာ ရောက်နေသည်၊ မေတ္တာဈာန်စိတ်ကို ကောင်းစွာ ဖြစ်ပွါးစေသည်။

၎င်းပြင် ဗျာပါဒမှလည်း ထမြောက်ကျွတ်လွတ်သည်၊ ဗျာပါဒနှင့် ကင်းကွာနေသည်။

ထိုရဟန်းသည် ဗျာပါဒကြောင့် ဖြစ်ရသည့် ဆင်းရဲပူးပန်ကြောင်း အာသဝေါတရားတို့မှ လွတ်ကင်းသည်၊ ယင်းဗျာပါဒဆိုင်ရာ ဝေဒနာကိုလည်း မခံစားရ။

မေတ္တာဈာန်စိတ်ကို ဗျာပါဒမှ ထွက်မြောက်ရာ ဟူ၍ ဟောကြားအပ်သည်။


၃။ ကရုဏာဈာန်ရပြီး ကရုဏာဈာန်၌ အသားကျနေသော ရဟန်းသည် မိမိစိတ်ကို ၀ိဟိံသာ(ညှဉ်းဆဲမူ)သို့ စေလွှတ်ကြည့်သောအခါ ထိုစိတ်သည် ၀ိဟိံသာ၌ မပြေးဝင်၊ ကြည်လင်သည်၊ ရပ်တည်သည်၊ နစ်ဝင်သည်။

ထိုရဟန်း၏ စိတ်သည် ဒုက္ခိတသတ္တ၀ါအာရုံသို့ ကောင်းစွာ ရောက်နေသည်၊ ကရုဏာဈာန်စိတ်ကို ကောင်းစွာ ဖြစ်ပွါးစေသည်။

၎င်းပြင် ၀ိဟိံသာမှလည်း ထမြောက်ကျွတ်လွတ်သည်၊ ၀ိဟိံသာနှင့် ကင်းကွာနေသည်။

ထိုရဟန်းသည် ၀ိဟိံသာကြောင့် ဖြစ်ရသည့် ဆင်းရဲပူပန်ကြောင်း အာသဝေါတရားတို့မှ လွတ်ကင်း သည်၊ ယင်းဝိဟိံသာဆိုင်ရာ ဝေဒနာကိုလည်း မခံစားရ။

ကရုဏာဈာန်စိတ်ကို ၀ိဟိံသာမှ ထွက်မြောက်ရာ ဟူ၍ ဟောကြားအပ်သည်။


၎။ အရူပဈာန်ရပြီး အရူပဈာန်၌ အသားကျနေသော ရဟန်းသည် မိမိစိတ်ကို ကသိုဏ်းရုပ်သို့ စေလွှတ်ကြည့်သောအခါ ထိုစိတ်သည် ကသိုဏ်းရုပ်၌ မပြေးဝင် မကြည်လင်၊ မရပ်တည်၊ မနစ်ဝင်။

ကသိုဏ်းရုပ်မှ ထွက်မြောက်ကြောင်း အရူပဈာန်ကို နှလုံးသွင်းသော အခါ၌ကား ထိုဈာန်စိတ်၌ ပြေးဝင်သည်၊ ကြည်လင်သည်၊ ရပ်တည်သည်၊ နစ်ဝင်သည်။

ထိုရဟန်း၏ စိတ်သည် ကောင်းကင်ပညတ်စသော မိမိအာရုံသို့ ကောင်းစွာ ရောက်နေသည်၊ အရူပဈာန်စိတ်ကို ကောင်းစွာ ဖြစ်ပွါးစေသည်။

၎င်းပြင် ကသိုဏ်းရုပ်မှလည်း ထမြောက်ကျွတ်လွတ်သည်၊ ကသိုဏ်းရုပ်နှင့် ကင်းကွာနေသည်။

ထိုရဟန်းသည် ကသိုဏ်းရုပ်ကြောင့် ဖြစ်ရသည့် ဆင်းရဲပူပန်ကြောင်း အာသဝေါတရားတို့မှ လွတ်ကင်းသည်၊ ယင်းကသိုဏ်းရုပ်ဆိုင်ရာ ဝေဒနာကိုလည်း မခံစားရ။

အရူပဈာန်စိတ်ကို ကသိုဏ်းရုပ်မှ ထွက်မြောက်ရာ ဟူ၍ ဟောကြားအပ်သည်။


၅။ ဈာန်မရ ရဟန္တာရဟန်းသည် မိမိစိတ်ကို သက္ကာယ(ထင်ရှား ရှိသော ခန္ဓာငါးပါး)သို့ နှလုံးသွင်းကြည့်သော အခါ ထိုစိတ်သည် သက္ကာယ၌ မပြေးဝင်၊ မကြည်လင်၊ မရပ်တည်၊ မနစ်ဝင်။

သက္ကာယမှ ထွက်မြောက်ကြောင်း အရဟတ္တဖိုလ်ကို နှလုံးသွင်းသော အခါ၌ကား ထိုအရဟတ္တဖိုလ်၌ ပြေးဝင်သည်၊ ကြည်လင်သည်၊ ရပ်တည်သည်၊ နစ်ဝင်သည်။

ထိုရဟန်း၏ စိတ်သည် နိဗ္ဗာန်အာရုံသို့ ကောင်းစွာ ရောက်နေသည်၊ အရဟတ္တဖိုလ်ကို ကောင်းစွာ ဖြစ်ပွါးစေသည်။

၎င်းပြင် သက္ကာယမှလည်း ထမြောက်ကျွတ်လွတ်သည်၊ သက္ကာယနှင့် ကင်းကွာနေသည်။

ထိုရဟန်းသည် သက္ကာယကြောင့် ဖြစ်ရသည့် ဆင်းရဲပူပန်ကြောင်း အာသဝေါတရားတို့မှ လွတ်ကင်းသည်၊ ယင်းသက္ကာယဆိုင်ရာ ဝေဒနာကိုလည်း မခံစားရ။

အရဟတ္တဖိုလ်ကို သက္ကာယမှ ထွက်မြောက်ရာ ဟူ၍ ဟောကြားအပ်သည်။

ထိုရဟန်းမှာ -

ကာမဂုဏ်, ဗျာပါဒ, ၀ိဟိံသာ, ကသိုဏ်းရုပ်, သက္ကာယတို့၌ နှစ်သက်မူသည် မကိန်းအောင်း၊ ထို့ကြောင့် ဤရဟန်းကို -

အနုသယ မကိန်းသော ရဟန်း, တဏှာပြတ်ပြီးသော ရဟန်, သံယောဇဉ် လွန်ပြီးသော ရဟန်း, မာနကို ကောင်းစွာ နုတ်ပယ်ပြီးသော ကြောင့် ၀ဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသော ရဟန်းဟူ၍ ဆိုရမည်။


ဆောင် - အသုဘမှာ၊ ကာမ ကွာ၏ မေတ္တာဈာန်ကား၊ ပယ်ရှား ဗျာပါ၊ ကရုဏာဈာန်၊ ပယ်ရန် ၀ိဟိံသာ၊ ရုပ် ပယ်ခွါရန်၊ အရူဈာန် ပွါး၊ ပယ်ရှား သက္ကာယ၊ အရဟတ္တဖိုလ်၊ စဉ်တိုင်းကို၊ မိန့်ဆို ထွက်မြောက်ကြောင်း။

ဒသမသုတ် ပြီး၏။

၅-ခုမြောက် ဗြာဟ္မဏ၀ဂ် ပြီးပြီ။

စတုတ္ထသုတ် - ၅၀ ပြီးပြီ။

No comments:

Post a Comment