ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 12 April 2011

တန်ခူးလနှင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲဟူသည်



လတန်ခူးပေမို့၊ အလှထူးပါဘိ၊ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်းသာဖြင့် ဘယ်ပန်းသော် စံမတူဘူ့၊ နန္ဒမူ ဖန်ဂူထိပ်မှာလ၊ ပစ္စေကာ ချွေးတော်သိပ်ရတယ်၊ ဧရိပ်ဆာယာ။

တစ်နှစ်တွင် သည်တစ်လ ပေပ တစ်လတွင် တစ်ရက်ထဲ၊ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြ စုံမြိုင်တွင်း။

မြူမင်းလွင်ထန်၊ ကြူသင်းတာချိန်ယံမတော့၊ ရွှေဝတ်ဆံငုံတံ ညှောက်ကယ်နှင့် သင်္ကြန်ဂိံမှန် ရောက်ပြန်တော့ သိန်သရေ ထိန်ဝေလို့ တောက်တဲ့ပြင် လမ်းတစ်လျှောက် သင်းပါဘိ၊ ဆန်းသလောက် မလင်းနိုင်ဘူ့၊ ပန်းပိတောက်မင်း။

တန်ခူးလသည် မြန်မာ့ ဆယ့်နှစ်လတွင် ပထမဦးဆုံးလဖြစ်၏။ ဤလ၏ လပြည့်ညတွင် စိတြနက္ခတ်သည် လပြည့်ဝန်းနှင့် ယှဉ်ပြိုင်၍ ထွန်းလင်း တောက်ပကွန့်မြူးသည်။ ဤလ၏ ရာသီမှာ မိဿရာသီ၊ ယှဉ်တာရာမှာ တံငါတာရာ၊ ရာသီရုပ် ပုံသဏ္ဌာန်မှာ ဆိတ်ရုပ် ပုံသဏ္ဌာန်၊ ရာသီပန်းမှာ ကံ့ကော်ပန်း၊ ရင်ခတ်ပန်း၊ ပိတောက်ပန်း ဖြစ်၍ ရာသီပွဲတော်မှာ သင်္ကြန်ပွဲတော် ဖြစ်လေသည်။

ဤတန်ခူးလကို ပုဂံခေတ် ထိုးကျောက်စာတို့၌ “တန်ခူ” ဟု ရှေ့နောက် အက္ခရာ နှစ်ခုစလုံး၌ ရှေ့ပေါက်မပါဘဲ ရေးသည်ကို တွေ့ရ၏။ ၀ိသဇ္ဇနီ အရေးအသား ပေါ်လာပြီဖြစ်သော အင်းဝခေတ်သို့ ရောက်သောအခါတွင်မူ “တန်ခူး” ဟု ရေးသားလာသည်ကို တွေ့ရသည်။

ဒုတိယ အင်းဝခေတ် အနောက်ဘက်လွန်မင်း လက်ထက်တွင် မင်းဇေယရန္တမိတ်က “ပုရစ်ဖြာစီ” ချီရတုတွင် -

“တန်ခူးရာသီ တိုင်ခဲ့ပြီ၊ ဆန်းထူးဝါနီ လိုင်ခဲ့ပြီ၊ သွန်းမြူး ဖြာစီ အိုင်ခဲ့ပြီ” ဟု ကာရန် သုံးချက်အညီအချ ရေးဖွဲ့ထားသည်ကို လည်းကောင်း၊ တောင်ငူခေတ် တောင်ငူဘုရင် နတ်ရှင်နောင်က ၎င်း၏ ရတုတွင် -

“ဘယ်ဝေ့ညာကူး၊ ပုံမထူးသည်၊ တန်ခူးလေလျော်တော့၏။” ဟု သီကုံး ဖွဲ့နွဲ့ထားသည်ကို လည်းကောင်း တွေ့ရှိရပေသည်။

ဦးဖိုးလတ်ရေး မြန်မာအမည်များကျမ်း၌ -

“တန်ခူးလတွင် တန်းပုဒ်သည် ပါဠိဘာသာ တာလပုဒ်မှ ဆင်းသက်လာ၍ ထန်းဟော ဖြစ်ကြောင်း၊ တပို့တွဲအကြောင်း၌ အကျယ်ဖော်ပြပြီးဖြစ်ရာ ခူး၏ အနက်ကိုသာ ကောက်ယူရန် လိုပေတော့သည်။ ခူး၏ အနက်ကိုလည်း ကတ်သတ်နိုက်ချွတ်၍ တွေးတောနေရန် မလို။ “ပန်းခူး၊ ဟင်းရွက်ခူး၊ ဟင်းသီးခူး၊ ဆွတ်ခူး” ဆိုသည်တို့၌ ကဲ့သို့ ဆွတ်၊ ခြွေဟုသာ အလွယ်တကူ ကောက်ယူရာ၏။ တန်ခူးဆိုရာ၌ “ထန်းသီး ကိုခူး၊ ထန်းသီးကို ဆွတ်၊ ခြွေ” ဟု အသွယ်မ၀ိုက် တိုက်ရိုက်အနက် ပေါ်ထွက်ချေ၏။ တပို့တွဲလ၌ ထန်းမပင်များမှ ထွက်သည့် ထန်းပို့ (၀ါ) ထန်းဖူး၊ ထန်းခိုင်တို့သည် တန်ခူးလသို့ ရောက်သောအခါ အဆန်းတည်စပြုသော အသီးများကို ဆောင်လျက် ရှိကြတော့သဖြင့် လူတို့သည် ယင်းအသီးများကို စားရန် ခူးနိုင် ဆွတ်ခြေနိုင် ကြတော့လေ၏” ဟု ဖော်ပြထားလေသည်။

သို့ဖြစ်၍ “ထန်းခူးလ” (၀ါ) “တန်ခူးလ” ဟူသည်မှာ “ထန်းဆွတ် လ၊ ထန်းသီးဆွတ် လ” ဟူ၍ အဓိပ္ပာယ် ရလေသည်။

ဤတန်ခူးလကို “တာကူးလ” ဟူ၍လည်း ရေးသားခေါ်ဝေါ်ကြ ပေသေးသည်။

ဦးဖိုးလတ်ရေး မြန်မာလ အမည်များ ကျမ်း၌ပင် -

“မြန်မာဘာသာ တာ၊ အတာတို့၏ အသုံးပရိယာယ်များနှင့် မြန်မာနှင့် အနွယ်တူ ဘာသာတို့တွင် မိတ်တူပုဒ်များ၏ အနက်များကို ထောက်သဖြင့် တာ၊ အတာတို့သည် အချိန်အခါ၊ ရာသီဥတု၊ ရတု၊ နှစ်ဟော ဖြစ်ကြောင်း ယုံမှား သံသယ မရှိရာ။ တာကူး၊ အတာကူး ဆိုရာ၌ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အခြားကာလ၏ အပိုင်းအခြားဖြစ်သော လ၊ ရာသီဥတု၊ ရတု တို့ကို မယူနိုင်။ နှစ်ကိုသာ ယူနိုင်ကြောင်း အထူး သတိပြုအပ်လေသည်။

“ထို့ကြောင့် တာကူး၊ အတာကူးတို့၏ အနက် နှစ်ကူးဖြစ်၍ တာကူးလ၊ အတာကူးလတို့၏ အနက် နှစ်ကူးလ ဖြစ်လေသည်” ဟု ဖော်ပြထားလေသည်။

သို့ဖြစ်၍ “တာကူးလ ဟူသည်မှာ နှစ်ကူးလ” (၀ါ) နှစ်ပြောင်းလ” ဟူ၍ အဓိပ္ပာယ် ရလေသည်။

ဤတန်ခူးလနှင့် ပတ်သက်၍ ရှေး စာ ဆို တော် အသီးသီးက ရူထောင့် အစုံစုံမှ ရူမြင်ကာ အမျိုးမျိုး အဖုံဖုံ ရေးဖွဲ့ သီကုံး၍ မှတ်တမ်းတင်ခဲ့ကြပေသည်။

စာဆိုတော် ဦးပုညက ၎င်း၏ ဆယ့်နှစ်ရာသီဘွဲ့ တေးထပ်များတွင် ဤတန်ခူးလဘွဲ့ တေးထပ်၌-

“ဆယ့်နှစ်လီ ဒွါဒရမှာ၊ ခါမိဿရာသီ၊ ရင်းအစ ဦးချီသည်၊ လတွင်မည် တန်ခူး၊ စိတြကြယ် ပြောင်ငယ်၊ ညဉ့်သန်ခေါင်ကျခါမှ မြူး။ နေ့နှင့်ည နာရီမှာ သုံးဆယ်စီ မကြူး၊ နှစ်လုံးညီ တစ်ပါဒ်ကူးလို့၊ နှစ်သစ်ဦးတစ်ခါ၊ ပန်းကံ့ကော် ရွှေရင်ခတ်ကယ်တို့၊ ဖူးပွင့်ချပ်စီလို့သာဖြာ။ တည့်သုံးဖ၀ါး ရိပ်ဆာယာမှာ တူမကွာ မောင်မယ်နွှဲလို၊ မြတ်သည့်ပွဲ သင်္ကြန်တော်၊ တီးခြိမ့်ခြိမ့်ကြော်၊ ထီးကမ္ဗုရိပ်ပျော်ငယ်၊ ခေါင်းလျှော်တော် မူမြဲထင့်လေ” ဟူ၍ ဖွဲ့နွဲ့သီကုံး စာပန်ချီ ခြယ်မူန်း၍ မှတ်တမ်းတင်ခဲ့ပေသည်။

စာဆိုတော် မဟာ အတုလ မင်းကြိးကလည်း ၎င်း၏ ဆယ့်နှစ်ရာသီဘွဲ့ လွမ်းချင်းများတွင် ဤတန်ခူးလဘွဲ့ လွမ်းချင်း၌ -

“ထပ်ထပ်သာ စောတော့တယ်၊ မြကြောငယ်ရစ်သီ၊ ကိုက်ဖူး ငယ်စီသည်။ ပွင့်သိင်္ဂီ ရွှေရင်ခတ်ကယ်တို့၊ ရှစ်ရပ်ကယ် နယ်တစ်ခိုက စိုလှတယ်လေး။

နွေခါမှီငယ်၊ ရာသီမိဿ၊ ဂိမှာနမို့၊ စိတြကြယ် တိမ်မိုးလယ်မှာ၊ စံပယ်ကွန့်ကာ၊ တိမ်ဗွေချာဝယ်၊ ဒေသစာလှမ်း၊ လှည့်လည်ငယ်မြန်းလို့၊ နှစ်ဆန်းငယ် သင်္ကြန်၊ သစ်သစ်သာ ဖန်တော့တယ်၊ နိုင်ငံကြော့ ပြည်သူမှာ ပန်ဆုယူ တာရေသွန်းချိန်မို့၊ လွမ်းလှတယ်လေး” ဟူ၍ ရေးသီဖွဲ့နွဲ့ စာပန်းချီချဲ့၍ မှတ်တမ်းတင်ခဲ့ပေသည်။

ဤတန်ခူးလသည် နွေဥတုတွင် ပါဝင်၏။ နွေရာသီသို့ ၀င်ရောက်လာသည်မှာ လ၀က်မျှသာ ရှိသေးသော်လည်း အလွန် ပူပြင်းနေပေပြီ။ “တန်ခူး ရေကုန်၊ ကဆုန် ရေခန်း” ဟူသော စာဆိုနှင့်အညီ အချို့သော ချောင်း၊ မြောင်း၊ ရေတွင်း၊ ရေကန်များတွင် ရေခန်းစ ပြုနေပြီ။

စာဆိုတော် ရှင်ဥတ္တမကျော်၏ “သဘင်ဂိမှန်၊ တာသင်္ကြန်ဟု၊ လေပြန်လွှင့်ကူ၊ ဘုံသစ်ထူ၍” ဟူသော တာလား အဖွဲ့အနွဲ့ အတိုင်းပင် ရောင်ခြည်တစ်ထောင် အလင်းဆောင် ဒေါင်း ဖန် ၀ါ နေမင်းကြီး၏ အပူရှိန်ကြောင့် မြစိမ်းရောင် သစ်ရွက်တို့သည် ရွှေဝါရောင်သို့ ကူးပြောင်း ခြောက်သွေ့ကာ တောင်ပြန်လေနှင့် မြောက်ပြန်လေတို့ ဆန့်ကျင်အတွေ့ တိုးအဝှေ့တွင် ကြွေကျ မြေခသဖြင့် တစ်တောလုံး ရှင်းလင်းနေ ပေတော့သည်။ သို့ဖြစ်ရာ သစ်ပင်တို့မှာမူ ရိုးတံကျဲကျဲ နေပူထဲတွင် ရှိနေကြပြီ။

ဤတန်ခူးလတွင် အပူရှိန် ပြင်းလာပြီ ဖြစ်သော်လည်း မိုးနှင့်ကား မကင်းပါချေ။ “တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး”ဟူသော မိုးလင်္ကာ အတိုင်းပင် ဤနှစ်သစ်ကူး တန်ခူးလ ခါသမယတွင် မိုး တစ်ကြိမ် နှစ်ကြိမ် ရွာသွန်းလေ့ရှိသည်။ ထိုမိုးကို ဖက်ဆွတ်မိုး၊ သင်္ကြန်မိုးဟု ခေါ်သည်။ မြေသို့ သက်လျှော ကြွေကျနေသည့် ဖက်ရွက်ခြောက်၊ သစ်ရွက်ခြောက်များကို မိုးရေဖြင့် တိုက်စား ခြွေဆွတ် ယူဆောင်သွားသောကြောင့် ထိုမိုးကို ဖက်ဆွတ်မိုးဟု ခေါ်ခြင်းဖြစ်သည်။ သင်္ကြန်ကာလတွင် ရွာသွန်းသော မိုးဖြစ်သဖြင့် ထိုမိုးကို သင်္ကြန်မိုးဟုလည်း ခေါ်ခြင်းဖြစ်သည်။

ထို ဖက်ဆွတ်မိုး (၀ါ) သင်္ကြန်မိုး ရွာသွန်းဖြိုးလိုက်သည့် အခါတွင် အရိုးပြိုင်းပြိုင်း ထနေသော သစ်ပင်၊ သစ်ကိုင်းတို့တွင်ရွက်သစ်၊ ရွက်နု ကလေးများ ပေါ်ထွက်လာလေသည်။ တန်ခူး၏ နေပူရှိန်ကြောင့် ကျက်နေသည့် မဟာပထ၀ီ မြေကြီးတွင်လည်း မြေသင်းရနံ့များ သင်းပျံ့လာလေသည်။ ယင်းသို့ မြေသင်း ရနံ့များ သင်းပျံ့ပုံကို စာဆိုတော် ရှင်အဂ္ဂသမာဓိက ဘုံခန်းပျို့တွင် -

“ခါလည်လှလှ၊ ရတုသစ်သစ်၊ သရစ်ပေါ်ပေါ်၊ သာပျော်ရွှန်းရွှန်း၊ ကိန်းခန်းသင့်မော၊ ရွက်ရင့်လျှော့၍ ရွက်ကျောနုလှန်၊ ရွက်သစ်ပြန်တည့်၊ ပန်းမန်ငုံကင်း၊ သုတ်လေညင်းနှင့်၊ မြေသင်းနံ့နံ့၊ တပျံ့ပျူးပျူး၊ မင်းလွင်မြူးလျက်၊ တန်ခူးလည်းကုန်၊ လကဆုန်သည် ပဇ္ဇုန်ရိုက်မြည်း ချုန်းချုန်းတည်း။” ဟု ရေးဖွဲ့ မှတ်တမ်း တင်ခဲ့လေသည်။

ဤတန်ခူးလတွင် နေ့တာ၊ ညတာ ညီမျှသည်။ ရှေးမြန်မာမင်းများ အသုံးပြုသော ရေနာရီအရ နေ့ ၃၀-နာရီရှိ၍ ည ၃၀-နာရီ ရှိသည်။ စက်နာရီအရ နံနက် ၆-နာရီတွင် နေထွက်၍ ညနေ ၆-နာရတွင် နေ၀င်သည်။ မွန်းတည့်ဖ၀ါးမှာ ၃-ဖ၀ါး ဖြစ်သည်။ ဤလသည် ရက် မစုံလ ဖြစ်၏။

ဤ တန်ခူးလ၏ ရာသီပွဲတော်သည် သင်္ကြန်ပွဲတော် ဖြစ်၏ ယင်းသင်္ကြန် ပွဲတော်သည် မြန်မာတို့၏ နှစ်သစ်ကူးပွဲတော်ပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးတိုင်းသည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် ခါသမယကို အလေးအမြတ် ထားကြသည်။ မိမိတို့၏ ရိုးရာ ယဉ်ကျေးမူ ဓလေ့ထုံးစံအလိုက် နှစ်သစ်ကူး ပွဲတော်များ ကျင်းပကာ နှစ်သစ်ကို ကြိုဆိုကြသည်။ မြန်မာတို့သည်လည်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် ချိန်သမယတွင် နှစ်သစ်ကူး ပွဲတော်ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကာ နှစ်သစ်ကို ကြိုဆိုမြဲ ဖြစ်ပေသည်။

“သင်္ကြန်” ဟူသော စကားသည် “သင်္ကြာန္တ” ဟူသော သက္ကပုတပုဒ်နှင့် “သင်္ကန္တ” ဟူသော ပါဠိပုဒ်တို့မှ ပြောင်းလဲ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်ဟု ယူဆကြသည်။ သက္ကတ ဘာသာ သင်္ကြာန္တပုဒ်နှင့် ပါဠိဘာသာ သင်္ကန္တပုဒ်တို့၏ အဓိပ္ပာယ်မှာ အတူတူ ဖြစ်သည်။ “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” ဟု ချည်းသာ အဓိပ္ပာယ် ရလေသည်။

ထိုသို့ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း အဓိပ္ပာယ်ဆောင်သည့် သင်္ကြန် ဟူသော ဝေါဟာရ၏ ပြောင်းရွှေ့ပုံ၊ ကူးပြောင်းပုံသဘောတို့ကို ပညာရှင်တို့ အမျိုးမျိုး ဖွင့်ဆိုကြသည်။ ဝေဒ၀ါဒီ ဗေဒင် ပညာရှင်တို့က တနင်္ဂနွေ ဂြိုဟ်မင်း မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းချိန် ကျရောက်သည်ကို သင်္ကြန်ကျသည်ဟု ယူဆကြသည်။ ဗြဟ္မဏ ၀ါဒီ ပညာရှင်တို့ကမူ “က၀ါလမိုင်း ပုံပြင်” ကို ကိုးကား၍ ဗြဟ္မာမင်း၏ ဦးခေါင်းကို အလှည့်ကျပွေ့ချီထားရသည့် နတ်သမီး တစ်ဦးမှ တစ်ဦး လက်သို့ ပြောင်းရွှေ့ပေးချိန် ကျရောက်သည်ကို သင်္ကြန်ကျသည်ဟု ယူဆကြလေသည်။

ယင်းသို့ တနင်္ဂနွေဂြိုလ်မင်း ရာသီပြောင်းခြင်းကို စွဲ၍လည်းကောင်း၊ သင်္ကြန်ပွဲတော် ဖြစ်လာသည်ဟု ယူဆကြသော်လည်း သင်္ကြန်ဟူသော ဝေါဟာရတွင် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း အဓိပ္ပာယ်လည်း သက်ဝင်လျက် ရှိနေပေသည်။

ကမ္ဘာပေါ်တွင် လူမျိုး အသီးသီး ရှိသည်။ ထိုလူမျိုး အသီးသီးတို့တွင် ကိုယ့်စရိုက် ကိုယ့်ဘာသာ အလိုက် နှစ်များကို ရေတွက်သည့် အစဉ်အလာများ ရှိခဲ့သည်။ ထို အစဉ်အလာများသည် လူ့ယဉ်ကျေးမူ စတင် ထွန်းကားလာသည့် အချိန်မှစ၍ နှစ်သစ်ကူးခြင်းဟူသော ဝေါဟာရလည်း ပေါ်ထွန်းလာပေသည်။ သို့သော်လည်း မည်သည့် အချိန်၊ မည်သည့် ခုနှစ် သက္ကရာဇ်မှ စ၍ နှစ်သစ်ကူးပွဲ ကျင်းပလာခဲ့သည်ကိုမူ အတိအကျဆိုရန် ခဲယဉ်း လှပေသည်။

မြန်မာနိုင်ငံတွင်လည်း ယဉ်ကျေးမူ အဆင့်အတန်း မြင့်မားနေပြီ ဖြစ်သော ပဒေသရာဇ် ခေတ်ဦး တကောင်းခေတ်ကပင် နှစ်သစ်ကူး ပွဲတော်များ ကျင်းပလာခဲ့သည်ဟု ယူဆရပေသည်။ သို့သော်လည်း အထောက်အထား တစ်စုံ တစ်ရာ မတွေ့ရသေးပေ။

သို့ရာတွင် သက္ကရာဇ် ၆၅၃-ခုနှစ်စွဲ၊ ပုဂံမြို့ စောလှဝင်း ဘုရား ကျောက်စာ(ကျော ၂၂၊ ၂၃) တွင် “မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်” ရိယ်သွန်၊ မပြတ်စိယ်လျှင်တည်၏” ဟု ရေးထိုးထားသည်ကို ထောက်ရူလျှင်မူ ပုဂံခေတ်၌ သင်္ကြန်ဟု ခေါ်သည့် နှစ်သစ်ကူးပွဲတော် ကျင်းပနေပြီဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။

ရှေးမြန်မာဘုရင်များ လက်ထက်က သင်္ကြန်အခါတော်ကို နန်းတော်ရှိပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့က ဗေဒင်ကျမ်းများနှင့် အညီ တွက်ချက်ပေးရသည်။ နန်းတော်တွင် ဗေဒင်ကျမ်း၊ ဆန်းကျမ်း၊ နက္ခတ်ကျမ်း စသည်တို့၌ တဖက်ကမ်းခတ် တတ်မြောက်သည့် မြန်မာလူမျိုး၊ ပုဏ္ဏားလူမျိုး ပညာရှိတို့သည် နှစ်စဉ်ပင် မည်သည့်နှစ်တွင် ၀ါထပ်မည်၊ မထပ်မည်၊ ၀ါကြီးထပ်မည်၊ ၀ါငယ်ထပ်မည်၊ ရက်ငင်မည်၊ မည်သည့်ဂြိုလ် အကောက်သွားမည်၊ မည်သည့်ဂြိုဟ် အဖြောင့်သွားမည်၊ နေကြတ်မည်၊ လကြတ်မည်၊ ငလျင်လူပ်မည်၊ တော်လည်းမည်၊ စစ်ဖြစ်မည်၊ မိုးသုံးပါးလုံး ဖြောင့်မည်၊ မဖြောင့်မည်၊ စပါးသီးနှံများ ကောင်းမည်၊ မကောင်းမည်၊ စီးပွားရေး ကောင်းမည်၊ မကောင်းမည်၊ တိုင်းပြည်၏ အရေးအခင်းများ မည်သို့ ရှိမည်။ မရှိမည် စသည်တို့ကို တွက်ချက်၍ ဗေဒင်ဟောစာတမ်း ရေးပြီး ဘုရင့်ထံ ဆက်သွင်းကြသည်။

တိုင်းပြည်အတွက် တစ်နှစ်တာ ဟောစာတမ်းကို ဘုရင်က သာသနာပိုင် ဆရာတော်အား ပြသရသည်။ သာသနာတော်ပိုင် ဆရာတော်သည် ပညာရှိများ တွက်ချက်ယူဆပုံနှင့် ကိုက်ညီမညီကို ညှိနိုင်း စိစစ်၍ သင့်မြတ်ပါက ယင်းဟောစာတမ်းကို ဘုရင်အား ထုတ်ဝေရန် အကြံပေးရသည်။ ဘုရင်သည် ထိုဟောစာတမ်းကို ထုတ်ဝေ ဖြန့်ချိ၍ တိုင်းပြည်သို့ တစ်နှစ် တစ်ကြိမ် အသိပေးရသည်။ ထိုဟောစာတမ်းကို “သင်္ကြန်စာ” ဟု ခေါ်ကြသည်။ တိုင်းသူ ပြည်သားတို့သည် ထိုသင်္ကြန်စာကို စိတ်ဝင်စားကြသည်။ လေ့လာ မှတ်သားကြသည်။

သင်္ကြန်စာသည် ဘုရားဟော ဒေသနာတော် မဟုတ်ပါပေ။ ဗေဒင်ကျမ်းများအရ ဗေဒင်ပညာရှင်များက အတတ်ပညာ စွမ်းပကားဖြင့် တွက်ချက် ဖော်ထုတ်ထားသည့် နိုင်ငံတော်အတွက် တစ်နှစ်တာ ဟောစာတမ်းသာ ဖြစ်ပေသည်။ သို့ဖြစ်ခြင်းကြောင့် သင်္ကြန်စာပါ ဟောဆိုချက်များတွင် မှန်သည့်အရာများလည်းပါရှိပေသည်။ သို့သော်လည်း ရှေး မြန်မာဘုရင်များ လက်ထက်တွင် သတင်းစာပင် မပေါ်သေးသဖြင့် တိုင်းသူပြည်သားများသည် တိုင်းပြည်ရေးရာ ကိစ္စများ အတွက် သက်ြန်စာကိုသာ အားကိုး အားထား ပြုကြရသည်။ ယောက်ျား၊ မိန်းမ၊ ကလး၊ လူကြီး၊ လူငယ်၊ လူရွယ် မကျန် သင်္ကြန်စာကို စိတ်ဝင်စားကြသည်။ အထူးသဖြင့် တောင်သူ လယ်သမားကြီးတို့သည် စိုက်ရေး ပျိုးရေး လုပ်ငန်းများအတွက် သင်္ကြန်စာကို ယုံကြည် ကြသည်။ အားကိုးကြသည်။

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းသည် နှစ်လိုဖွယ်ရာ ကောင်းသော အရာ ဖြစ်သည်။ သို့ဖြစ်၍ လူမျိုးတိုင်းက နှစ်သစ်ကူး ပြောင်းခြင်းကို မင်္ဂလာရှိသော အရာဟု ခံယူကြသည်။ သို့ရာတွင် ထိုမင်္ဂလာရှိသော နှစ်သစ်ကူးပြောင်းခြင်းကို ကြိုဆိုကြပုံချင်းကား လူမျိုးတစ်မျိုးနှင့် တစ်မျိုး မတူကြပေ။ လူမျိုး၊ ဘာသာ၊ ရိုးရာဓလေ့ ထုံးစံ အလိုက် ကွဲပြား ခြားနားကြသည်။

အချို့ လူမျိုးတို့က နှစ်သစ်ကူးပွဲတွင် ပန်းဆီရောင် ရေတို့ဖြင့် ဆွတ်ကြ၊ ဖျန်းကြ၍ အချို့လူမျိုးတို့က မီးထွန်းကြ၊ မီးရှူး မီးပန်းများ ပစ်ဖောက်ကြသည်။ အချို့ လူမျိုးတို့က ကခုန်ကြ၍ အချို့ လူမျိုးတို့က ဘုရားရှိခိုး ဆုတောင်းပွဲများ ပြုလုပ်ကြသည်။ မြန်မာ လူမျိုးတို့ကမူ နှစ်သစ်ကူးပွဲတော်တွင် တစ်ဦးနှင့် တစ်ဦး ရေပက်ဖျန်း ကစားကြသည်။

မြန်မာတို့၏ ရေပက်ဖန်းကစားခြင်း ဓလေ့သည် တကောင်းခေတ်ကပင် စတင်ပေါ်ထွန်းခဲ့သည်ဟု ယူဆရပေသည်။ သို့သော် အထောက်အထား အတိအကျ မတွေ့ရသေးပေ။ သို့ရာတွင် ပုဂံခေတ်၌မူ ရေပက်ဖျန်း ကစားခြင်း ဓလေ့ရှိနေပြီ ဖြစ်ကြောင်း ရာဇ၀င်တွင် တွေ့ရသည်။

နရသီဟပတေ့ခေါ် ပုဂံမင်းသည် နွေလအခါ၌ မြစ်ဆိပ်တွင် မင်းတဲ လုံခြုံစွာ ဆောက်လျက် နန်းတော်မှ မြစ်ဆိပ်အရောက် လူသူ မမြင်ရသော တဲနန်း ဥမင်ဖြင့် ကြွတော်မူ၍ မိဖုရား မောင်းမ မိဿတို့နှင့် အတူ ရေဖျန်းသဘင် ဆင်ယင် ကျင်းပလေ့ရှိကြောင်း မှန်နန်း မဟာရာဇ၀င်တော်ကြီး၌ ပြဆိုထားလေသည်။

နရသီဟပတေ့မင်း ယင်းသို့ ရေဖျန်းသဘင် ဆင်ယင် ကျင်းပရာမှ မိဖုရား စောလုံ အသတ်ခံရကြောင်းကို ဆရာကြီး သခင်ကိုယ်တော်မိုင်းက ၎င်း၏ သင်္ကြန်ဘွဲ့ လေးချိုးကြီးတွင် -

“သြော် - ပြန် လှန် ဆ ပြန်တော့၊ သင်္ကြန်ကျချိန်ပေါ့၊ ယမန်သမယဆီက၊ ပုဂံ သမ္မတ ရှင်ဘုရင် သားမြွှာဘပါဘဲ၊ ဆောင်းမှ နွေအလည် ဘုန်းရောင်တော်ပြနေကြ၊ မောင်းမ ရွှေညီ၊ မဟေသီ သုံးထောင်ကျော်မျှရယ်နှင့် သည်လ နွေရာသီမဖြင့်၊ ဆွေကလျာ မဒီတွေကို ချစ်စိတ်စမ်းလိုတဲ့ အားရယ်နဲ့။ ဧရာဝတီ မြစ်ဆိပ်ကမ်း တစ်ခုသို့ သွားပါလို့၊ ရွှေနန်း အစဉ်အလာ ရေဖျန်း မင်္ဂလာ ကစားစဉ်က ချစ်အားတော် ဘလောင်ဆန်လို့ တစ်ဆောင်စံ “စောလုံ” ပက်စဉ်က၊ သွက်သွက်လည် ကြမ္မာငင်ဖို့ ရက်စက်တယ် ခမျာထင်လို့မို့ အစာတွင် အဆိပ်သေမယ့် ဆေးရယ်နဲ့ မဟာဘုရင်ကို တိတ်တိတ်သေဟဲ့လို့ ကျွေးလေတော့ ဖြစ်ရေးတော် ရာဇ၀တ်ကယ်နှင့် ကွပ်ညှပ်ပုံ တစ်အာဏာကြောင့် ခမျာမှာ ခန္ဓာတောင် ဆုံးရရှာတဲ့” ဟု ရေးဖွဲ့ မှတ်တမ်းတင်ထားခဲ့ပေသည်။

မြန်မာတို့၏ နှစ်သစ်ကူး မင်္ဂလာ အခါတော်တွင် တစ်ဦးနှင့်တစ်ဦး ကြည်နူးစွာ ရေပက်ဖျန်းကစားခြင်း ဓလေ့တွင် ပြည်သူတို့၏ စိတ်ဓာတ်များ နှစ်သစ်ကူး သီတာရေစင်ကဲ့သို့ အေးမြ လန်းဆန်း ကြည်လင်စေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ရန် ပြည်သူတို့ အချင်းချင်းရေကိုသား၍ မကြားမထင် သကဲ့သို့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေထိုင် ဆက်ဆံကြရန် ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်များ ပါရှိပေသည်။

ရှေးအခါက သင်္ကြန်ပွဲတော်တွင် မြန်မာတို့ ရေပက်ဖျန်းကစားကြရာ၌ အလွန်ပင် ယဉ်ကျေး သိမ်မွေ့လှပေသည်။ စမ္ပာ ကရမက်စသော သင်းပျံ့ မွှေးကြိုင်သည့် နံ့သာရည်၊ အမွှေးရည်၊ ထုံးရည်တို့ဖြင့် ယဉ်ကျေးစွာ ပက်ဖန်း ကစားကြသည်။ လူပျိုတော် ကာလသားများသည် အမျိုးသမီး အပျိုရွယ်များကို ရေပက်ဖျန်းလိုသော် မိဘများထံ ခွင့်ပန်ပြီးမှ အမွှေးနံ့သာ ထုံးရည်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပက်ဖျန်းကြသည်။ ယခု ကာလကဲ့သို့ ကိုယ်အမူအရာ နူတ်အမူအရာ ရိုင်းပျခြင်း အလျဉ်းမရှိပေ။

ရှေးမြန်မာမင်းများ လက်ထက်က မြန်မာတို့ ရေပက်ဖျန်းကစားကြပုံကို စာဆိုတော် ဆီသည်ရွာစား ဦးအောင်ကြီးက -

“တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လွရရွတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့်၊ ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်ကာ၊ လည်လှည့်ဆူလှယ်၊ တင့်စံပယ်လျက်၊ မြူးရယ်ရွှင်အား၊ လွန်ပျော်ပါးသည်၊ ကစားထုံရည် ဖျန်းတည့်လေ” ဟူ၍ ရေးဖွဲ့ မှတ်တမ်း တင်ထားသည်ကို တွေ့ရသည်။

မြန်မာတို့သည် နှစ်သစ်ကူး ပွဲတော် ခါသမယကို မင်္ဂလာအခါဟူ၍ သတ်မှတ်ကြသည်။ ဤ ချိန်သမယတွင် မင်္ဂလာ ယူကြသည်။ မင်္ဂလာရှိအောင်လည်း ပြုမူ၊ ပြောဆို၊ နေထိုင်၊ ဆက်ဆံ လုပ်ကိုင်ကြသည်။

မြန်မာတို့သည် နှစ်သစ်ကူး သင်္ကြန် အခါတော်တွင် အလှူဒါန ပြုလုပ်ခြင်း၊ ရဟန်း သံဃာတော်များအား ဆွမ်းဘောဇဉ်များ ကပ်လှူ ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ဥပုသ် သီလ ဆောက်တည်ခြင်း၊ တရား ဘာဝနာများ ပွားများ အားထုတ်ခြင်း၊ ဗုဒ္ဓ ရုပ်ပွားတ်ာများအား ရေသပ္ပာယ်ခြင်း၊ ကျောင်းကန် ဇရပ်တန်ဆောင်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ သက်ကြီးရွယ်အိုများအား တရော်ကင်ပွန်းတို့ဖြင့် ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာ ရေစင် ရေကောင်းတို့ဖြင့် ရေချိုး သန့်စင်ပေးခြင်း၊ ဘိုးဘွား၊ မိဘ၊ ဆရာ သမားတို့အား ပူဇော် ကန်တော့ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်း၊ ငါးလွှတ်ပွဲများ ပြုလုပ်ခြင်း ကျွဲ၊ နွား၊ ယုန်စသည့် တိရစ္ဆာန်များအား ဘေးမဲ့ လွှတ်ခြင်း စသည့် မွန်မြတ်သန့်စင်သည့် ကုသိုလ်ကောင်းမူများကို ပြုလုပ်ကြသည်။

မြန်မာတို့သည် နှစ်သစ်ကူးသည့် ဤတန်ခူးလ ခါသမယတွင် ကောင်းမူ ကုသိုလ်များကိုသာ ပြုလုပ်၍ မင်္ဂလာ ယူကြသည် မဟုတ်။ ရှောင် ကြည် ဖွယ် ရာ မကောင်းမူ ဆယ်ဖြာကိုလည်း ရှောင်ကြဉ်၍ မင်္ဂလာ ယူကြပေသေးသည်။

ယင်း ရှောင်ကြဉ်ဖွယ်ရာ ဆယ်ဖြာကို အောက်ပါအတိုင်း လင်္ကာအသွင်ဖြင့် ရေးဖွဲ့ မှတ်တမ်းတင်ထားသည်ကို တွေ့ရ၏။ ထိုလင်္ကာကား -

“မင်္ဂလာကား၊ လင်္ကာကြားအံ့၊ ကြောင်းလျားစုံစေ့၊ သင်္ကြန်နေ့တွင်၊ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာ နှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရာ၊ မေထုနာနှင့် ပါဏာ သတ်ပုတ်၊ သောက်ထုတ် သေရက်၊ မျက်ထွက် မာန၊ ပဋိဃနှင့် ဒေါသ မလွတ်၊ ဆီပွတ် လိမ်းဆင် သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်ကုန်ရောင်း၊ အရောင်းအ၀ယ်၊ ဤ တစ်ဆယ်ကို လူ့နယ်လူ့ခွင်၊ လူကိုဝင်တား၊ မြင်းမိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ရှောင်ကြဉ်ရာဟု ကျမ်းလာသောအား လင်္ကာကြားသည် ဤကား သင်္ကြန်အလိုတည်း” ဟူ၍ ဖြစ်လေသည်။

မြန်မာတို့၏ ဆယ့်နှစ်ရာသီ ပွဲတော်များတွင် ဤနှစ်သစ်ရာသီ ပွဲတော်များတွင် သင်္ကြန်ပွဲတော်သည် အထူးခြားဆုံးနှင့် အစည်ကားဆုံး ပွဲတော်တစ်ခု ဖြစ်ပေသည်။ မြန်မာ နိုင်ငံတော် တစ်ဝန်းလုံးရှိ လူကြီး၊ လူငယ်၊ လူရွယ်၊ ကလေးပါမကျန် ပြည်သူ ပြည်သားအားလုံးတို့သည် သင်္ကြန်ပွဲတော်တွင် အခြားရာသီပွဲတော်များထက် ပို၍ ပျော်ကြ၊ ပါးကြသည်။

မြန်မာတို့သည် ပျော်ရင်း ပါးရင်း ကုသိုလ်ကောင်းမူ ပြုကြသလို ကုသိုလ်ကောင်းမူ ပြုရင်းလည်း ပျော်ကြ ပါးကြသည်။ ဤသည်မှာ နှစ်သက် မြတ်နိုးဖွယ်ရာ ကောင်းသော မြန်မာ့ရိုးရာ ယဉ်ကျေးမူ အစဉ်အလာ ဓလေ့ထုံးစံ တစ်ရပ်ပင်။ ဤဓလေ့ ထုံးစံကို နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ရာနူန်းပြည့် တွေ့ရှိနိုင်ပေသည်။

ထို့ကြောင့် လမ်းတစ်လျှောက်တွင် ပိတောက်တို့ သင်းသော ဤနှစ်သစ်ကူး တန်ခူးလ မိဿရာသီ အချိန်သမယတွင် သင်္ကြန်ပွဲတော် ကို ပျော်ရွှင်စွာ နွှဲပျော်ကာ ကုသိုလ်ကောင်းမူများ ပြုလုပ်ရင်း ကောင်းမြတ်သော မြန်မာ့ရိုးရာ ယဉ်ကျေးမူ အစဉ်အလာ ဓလေ့ထုံးစံများကို မြတ်နိုးစွာ ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

ကိုးကား -
၁။ လတန်ခူးပေမို့ (တက္ကသိုလ် ဘုန်းမြင့်ဆွေ)
၂။ ဆယ့်နှစ်ရာသီဘွဲ့ ပေါင်းချုပ် (လှသမိန်)
၃။ မြန်မာလ အမည်များ (ဦးဖိုးလတ်)
၎။ မြန်မာ့ရိုးရာ ရာသီပွဲတော်များ (ဦးအေးနိုင်)


1 comment:

  1. ဗဟုသုတတွေ များစွာတိုးရပါတယ်၊ တောသူမလေးရေ၊ အေးချမ်းအောင်မြင်တဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ၊

    ReplyDelete