ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 4 April 2011

၁၀။ ဘဒ္ဒဇိသုတ်


အရှင်အာနန္ဒာ ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဘဒ္ဒဇိသည် အရှင်အာနန္ဒာထံ ချဉ်းကပ်၍ ၀မ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး သင့်တင့်သော နေရာ၌ ထိုင်နေသည်။

ထိုအခါ အရှင်အာနန္ဒာက ဤသို့ မေးတော်မူသည် -

“ငါ့ရှင် ဘဒ္ဒဇိ !

၁။ မြင်ခြင်းအမျိုးမျိုးတွင် အဘယ် မြင်ခြင်းသည် အမြတ်ဆုံးဖြစ်သနည်း?။

၂။ ကြားခြင်းအမျိုးမျိုးတွင် အဘယ်ကြားခြင်းသည် အမြတ်ဆုံးဖြစ်သနည်း?။

၃။ ချမ်းသာ အမျိုးမျိုးတွင် အဘယ်ချမ်းသာခြင်းသည် အမြတ်ဆုံးဖြစ်သနည်း?။

၎။ သညာ အမျိုးမျိုးတွင် အဘယ်သညာသည် အမြတ်ဆုံးဖြစ်သနည်း?။

၅။ ဘုံဘ၀ အမျိုးမျိုးတွင် အဘယ်ဘုံဘ၀သည် အမြတ်ဆုံးဖြစ်သနည်း?။

“ငါ့ရှင် အာနန္ဒာ!

၁။ လောကသားတို့ အားကိုး ယုံကြည်နေသော ဗြဟ္မာကြီး တစ်မျိုးရှိသည်၊ သူ့ကို လောကသားတို့က “သတ္တ၀ါအားလုံးကို လွှမ်းမိုးနိုင်သည်၊ မည်သူကမျှ သူ့ကို မလွှမ်းမိုးနိုင်၊ အားလုံးကိုလည်း သူ သိမြင်သည်၊ သူတပါးကို မိမိအလိုသို့လည်း လိုက်ပါစေနိုင်သည်” ဟု ယုံကြည်နေသည်၊ ထိုဗြဟ္မာကို မြင်ရခြင်းသည် မြင်ခြင်းတကားတို့တွင် အမြတ်ဆုံး ဖြစ်သည်။

၂။ ချမ်းသာသုခ အလွန်ပြည့်ဝကြသော အာဘဿရာ ဗြဟ္မာတို့သည် တရံတခါ “သြော် ချမ်းသာပါပေစွ၊ သြော် ချမ်းသာပါပေစွ” ဟု ဥဒါန်းစကား မြွက်ဆိုကြသည်၊ ထိုဥဒါန်းစကားကို ကြားရခြင်းသည် ကြားခြင်းတကာတို့တွင် အမြတ်ဆုံးဖြစ်သည်။

၃။ သူဘကိဏှာ ဗြဟ္မာတို့သည် အထွတ်ထိပ်ရောက်သည့် တတိယ ဈာန်ချမ်းသာကို ကြည်နူးနှစ်သက်စွာ ခံစားကြသည်၊ ထိုချမ်းသာ ခံစားခြင်းသည် ချမ်းသာတကာတို့တွင် အမြတ်ဆုံး ဖြစ်သည်။

၎။ အာကိဉ္စညာယတနဗြဟ္မာတို့၏ သညာသည် သညာတကာတို့တွင် အမြတ်ဆုံးဖြစ်သည်။

၅။ နေ၀သညာ နာသညာယတနဗြဟ္မာတို့၏ ဘ၀သည် ဘ၀တကာတို့တွင် အမြတ်ဆုံးဖြစ်သည်။”

ထို့နောက် အရှင်အာနန္ဒာက ဤသို့ ပြောဆိုသည်။ -

“အရှင်ဘဒ္ဒဇိ၏ အဖြေစကားသည် သတ္တ၀ါများ၏ အလိုနှင့်တော့ ညီညွတ်ပါသည်။”

ထိုအခါ အရှင်ဘဒ္ဒဇိက -

“အရှင်အာနန္ဒာသည် အကြားအမြင်များသူ ဖြစ်ပါသည်၊ အရှင်သည်ပင် ဟောကြားပါလော့” ဟု မိန့်ဆို တိုက်တွန်းသည်။

“ငါ့ရှင် ဘဒ္ဒဇိ! သို့ဖြစ်လျှင် နားထောင်ပါလော့၊ ကောင်းစွာ နှလုံးသွင်းပါလော့ ဟောကြားပါမည်” ဟု ပြောပြီး -

၁။ မြင်ခြင်း၏ အခြားမဲ့၌ မြင်သူကို အာသဝေါ ကုန်ခန်းစေနိုင်သော
မြင်ခြင်းသည် မြင်ခြင်းတကာတို့တွင် အမြတ်ဆုံးဖြစ်သည်။

၂။ ကြားခြင်း၏ အခြားမဲ့၌ ကြားသူကို အာသဝေါ ကုန်ခန်းစေနိုင်သော
ကြားခြင်းသည် ကြားခြင်းတကာတို့တွင် အမြတ်ဆုံးဖြစ်သည်။

၃။ ချမ်းသာခြင်း၏ အခြားမဲ့၌ ချမ်းသာခံစားသူကို အာသဝေါ ကုန်ခန်းစေနိုင်သော
ချမ်းသာခြင်းသည် ချမ်းသာခြင်းတကာတို့တွင် အမြတ်ဆုံးဖြစ်သည်။

၎။ သညာ၏ အခြားမဲ့၌ သညာရှိသူကို အာသဝေါ ကုန်ခန်းစေနိုင်သော
သညာသည် သညာတကာတို့တွင် အမြတ်ဆုံးဖြစ်သည်။

၅။ ဘ၀၏ အခြားမဲ့၌ ဘ၀ရှိသူကို အာဝေ၀ါ ကုန်ခန်းစေနိုင်သော
ဘ၀သည် ဘ၀တကာတို့တွင် အမြတ်ဆုံး ဖြစ်သည်” ဟု ဟောကြားတော်မူသည်။

ဆောင် - ခဏချင်းသာ၊ အာသဝေါကွာ၍၊ ရဟန္တာမြတ်၊ ဖြစ်စေတတ်လျှင်၊ အမြင်, အကြား၊ ချမ်းသာများနှင့်၊ မှတ်သား သညာ၊ ဘ၀မှာ၊ မှန်စာ အမြတ်ဆုံး။

ဒသမသုတ် ပြီး၏။

၂-ခုမြောက် အာဃာတ၀ဂ် ပြီးပြီ။

No comments:

Post a Comment