ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 8 April 2011

၂၀။ ဗြာဟ္မဏ၀ဂ် (ပုဏ္ဏားအကြောင်းနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)


၁။ သောဏသုတ်

ရဟန်းတို့ ! ဤဆိုလတံ့သော ရှေးဟောင်း ပုဏ္ဏားသဘော ၅-မျိုးတို့ကို ယခုအခါ ခွေးတို့၌သာ တွေ့မြင်ရပြီး ပုဏ္ဏားတို့၌ မတွေ့မြင်တော့။

ယင်း ၅-မျိုးမှာ -

ရှေးအခါက ပုဏ္ဏားတို့သည် -

၁။ ပုဏ္ဏေးမကိုသာ သွားလာကြသည်၊ ပုဏ္ဏေးမ မဟုတ်သူကို မသွားလာကြ၊ ယခုအခါ၌ကား ပုဏ္ဏားတို့သည် (ရှေးရိုးစဉ်လာ မလိုက်ကြတော့ဘဲ) ပုဏ္ဏေးမကိုလည်း သွားလာကြသည်၊ ပုဏ္ဏေးမ မဟုတ်သူကိုလည်း သွားလာကြသည်။

ခွေးတို့သည်ကား ယခုတိုင်အောင် ရှေးရိုးစဉ်လာမပျက် ခွေးမကိုသာ သွားလာကြသည်၊ ခွေးမမဟုတ်သည်ကို မသွားကြသေး။

ဤကား ယခုအခါ ခွေးတို့၌သာ တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော ပထမ ရှေးဟောင်း ပုဏ္ဏားသဘောပေတည်း။


၂။ ဥတုလာသော ပုဏ္ဏေးမကိုသာ သွားလာကြသည်၊ ဥတု မလာသော ပုဏ္ဏေးမကို မသွားလာကြ၊ ယခုအခါ၌ကား ပုဏ္ဏားတို့သည် (ရှေးရိုးစဉ်လာ မလိုက်ကြတော့ဘဲ) ဥတုလာသော ပုဏ္ဏေးမကိုလည်း သွားလာကြသည်၊ ဥတု မလာသော ပုဏ္ဏေးမကိုလည်း သွားလာကြသည်။

ခွေးတို့သည်ကား ယခုတိုင်အောင် ရှေးရိုးစဉ်လာမပျက် ဥတုလာသော ခွေးမကိုသာလျှင် သွားလာကြသည်၊ ဥတု မလာသော ခွေးမကို မသွားလာကြသေး။

ဤကား ယခုအခါ ခွေးတို့၌သာ တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော ဒုတိယ ရှေးဟောင်း ပုဏ္ဏား သဘောပေတည်း။


၃။ ပုဏ္ဏေးမကို မ၀ယ်ကြ၊ မရောင်းကြ၊ အချင်းချင်း ချစ်မြတ်နိုးသဖြင့်သာ မျိုးနွယ်မပြတ် ဆက်စပ်ရန် ပေါင်း ဖော်ကြသည်။

ယခုအခါ၌ကား ပုဏ္ဏားတို့သည် (ရှေးရိုးစဉ်လာ မလိုက်ကြတော့ဘဲ) ပုဏ္ဏေးမကို ၀ယ်လည်း ၀ယ်ကြသည်၊ ရောင်းလည်း ရောင်းကြသည်၊ အချင်းချင်း ချစ်မြတ်နိုးကြသဖြင့်လည်း မျိုးနွယ်မပြတ် ဆက်စပ်ရန် ပေါင်းဖော်ကြသည်။

ခွေးတို့သည်ကား ယခုတိုင်အောင် ရှေးရိုးစဉ်လာမပျက် ခွေမကို မရောင်း မ၀ယ်ကြ၊ အချင်းချင်း ချစ်မြတ်နိုးသဖြင့်သာလျှင် မျိုးနွယ်မပြတ် ဆက်စပ်ရန် ပေါင်းဖော်ကြသည်။

ဤကား ယခုအခါ ခွေးတို့၌သာ တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော တတိယ ရှေးဟောင်း ပုဏ္ဏားသဘောပေတည်း။


၎။ ရှေးအခါက ပုဏ္ဏားတို့သည် ဥစ္စာ စပါး ငွေ ရွှေကို မသိုမှီး မသိမ်းဆည်းကြ၊ ယခုအခါ၌ကား ပုဏ္ဏားတို့သည် (ရှေးရိုးစဉ်လာ မလိုက်ကြတော့ဘဲ) ဥစ္စာ စပါး ငွေ ရွှေကို သိုမှီး သိမ်းဆည်းကြသည်။

ခွေးတို့သည်ကား ယခုတိုင်အောင် ရှေးရိုးစဉ်လာမပျက် ဥစ္စာ စပါး ငွေ ရွှေကို မသိုမှီး မသိမ်းဆည်းကြသေး။

ဤကား ယခုအခါ ခွေးတို့၌သာ တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော စတုတ္ထ ရှေးဟောင်း ပုဏ္ဏားသဘောပေတည်း။


၅။ ညအခါ ညစာအလို့ငှါ နံနက်အခါ နံနက်စာအလို့ငှါ အစားအစာကို ရှာကြသည်၊ ယခုအခါ၌ကား ပုဏ္ဏားတို့သည် (ရှေးရိုးစဉ်လာ မလိုက်ကြတော့ဘဲ) အလိုရှိတိုင်း ၀မ်းပြည့်အောင် စားပြီးလျှင် အကြွင်းကို ယူ၍ သွားကြသည်။

ခွေးတို့သည်ကား ယခုတိုင်အောင် ရှေးရိုးစဉ်လာမပျက် ညအခါ၌ ညစာအလို့ငှါ နံနက်အခါ၌ နံနက်စာ အလို့ငှါ အစားအစာကို ရှာကြသည်။

ဤကား ယခုအခါ ခွေးတို့၌သာ တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော ပဉ္စမ ရှေးဟောင်း ပုဏ္ဏား သဘောပေတည်း။

ဆောင် - ပုဏ္ဏေးမသာ၊ သွားလာပါနှင့်၊ လာခါ ဥတု၊ သွးလာပြုကြ၊ ပုဏ္ဏေးမအား၊ ရှောင်ရှား ရောင်းဝယ်၊ တသွယ် စပါး၊ ဥစ္စာများကို သိုထား မပြု၊ ညဉ့်မူအစာ၊ ညဉ့်သာ ရှာထွက်၊ နံနက်အစာ၊ နံနက်ရှာတောင်း၊ ရှေးဟောင်း ပုဏ္ဏား၊ သဘောငါးကို၊ ပုဏ္ဏားများတွင်၊ မတွေ့မြင်ဘဲ၊ ခွေးတွင်မှာသာ၊ တွေ့မြင်ရာ၊ လွန်စွာ အံ့သြရ။

ပထမသုတ် ပြီး၏။

No comments:

Post a Comment