ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 23 April 2011

၅။ စေတောခိလသုတ်


ရဟန်းတို့!စိတ်၏ ငြောင့်တံသင်း တရား ၅-မျိုးဟူသည်မှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ မြတ်စွာဘုရား၌ ယုံမှားသည်၊ တွေးတောသည်၊ မဆုံးဖြတ်နိုင်၊ မကြည်လင်။

ယင်းသို့ဖြစ်နေသော ရဟန်း၏ စိတ်သည် အပူတပြင်း အားထုတ်ရန် အဖန်တလဲလဲ အားထုတ်ရန် အမြဲမပြတ် အားထုတ်ရန် ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။

ထို့အတူ -

၂။ တရားတော်၌

၃။ သံဃာတော်၌

၎။ သီလသိက္ခာ၌ ယုံမှား သံသယဖြစ်သော ရဟန်း၏ စိတ်သည်လည်း ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။

၅။ သီတင်းသုံးဖော်တို့၌ အမျက်ထွက်သည်၊ မနှစ်သက်သော စိတ်ရှိသည်၊ ထိပါးပုတ်ခတ်လိုစိတ်ရှိသည်၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်သည်။ ထိုသို့ဖြစ်နေသော ရဟန်း၏ စိတ်သည်လည်း ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။

ဆောင် - ဗုဒ္ဓ, ဓမ္မ၊ နောက် သံဃနှင့်၊ သီလသိက္ခာ၊ လေးဖြာ ယုံမှား၊ မှတ်ထား တူနေ၊ ဤငါးထွေ၊ မှတ်လေ စေတောခိလများ။

ဘုရား၌ ယုံမှားပုံ - ခန္ဓာကိုယ်နှင့် ဂုဏ်တော်တို့၌ ယုံမှားသည်။

ခန္ဓာကိုယ်၌ ယုံမှားသည်ဟူသည်မှာ -

လက္ခဏာတော်ကြီး ၃၂-ပါး လက္ခဏာတော်ငယ် ၈၀-တို့နှင့် ပြည့်စုံသည် ဆိုသည်မှာ ဟုတ်မှ ဟုတ်ပါလေစ ဟု ယုံမှားသည်။

ဂုဏ်တော်၌ ယုံမှားသည်ဟူသည်မှာ -

အရဟံ အစရှိသော ဂုဏ်တော်နှင့် ပြည့်စုံသည်ဟူသည်မှာ ဟုတ်မှ ဟုတ်ပါလေစ ဟု ယုံမှားသည်။


တရား၌ ယုံမှားပုံ - ပိဋကတ် ၃ပုံ ဓမ္မက္ခန္ဓာ ၈၄၀၀၀-သည် ဘုရားဟော ဟုတ်မှာ ဟုတ်ပါလေစ ဟု ပရိယတ်တရား၌ လည်းကောင်း၊
“၀ိပဿနာသည် မဂ်သို့ ရောက်စေနိုင်သည်၊ မဂ်သည် ဖိုလ်သို့ ရောက်စေနိုင်သည်၊ သင်္ခါရအားလုံးချုပ်ရာသည် နိဗ္ဗာန်ဖြစ်သည်” ဟုဆိုသည်မှာ ဟုတ်မှ ဟုတ်ပါလေစ ဟု ပဋိဝေဓတရား၌ လည်းကောင်း ယုံမှားသည်။


သံဃာ၌ ယုံမှားပုံ - သုပ္ပဋိပန္န စသော ဂုဏ်နှင့် ပြည့်စုံသော မဂ္ဂဋ္ဌာန်, ဖလဋ္ဌာန်အားဖြင့် ၈-ယောက်သော သံဃာဟူသည်မှာ ဟုတ်မှ ဟုတ်ပါလေစ ဟု ယုံမှားသည်။

သိက္ခာ၌ ယုံမှားပုံ - အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာဟူသည်မှာ ဟုတ်မှ ဟုတ်ပါလေစ ဟု ယုံမှားသည်။

ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment