ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 7 April 2011

၁၀။ ဂဝေသီသုတ်


မြတ်စွာဘုရား ရဟန်းသံဃာ များစွာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ ကြွချီတော်မူစဉ်အခါ တစ်နေရာ၌ အင်ကြင်းတောကြီးကို မြင်တော်မူသည်၊ ခရီးလမ်းမှ ဖဲခွါခဲ့ပြီး ထိုအင်ကြင်းတောသို့ ချဉ်းကပ်ဝင်ရောက်လျက် တစ်ခုသော အရပ်၌ ပြုံးတော်မူသည်။

ထိုအခါ အရှင်အာနန္ဒာသည် “မြတ်စွာဘုရားတို့သည် အကြောင်းမဲ့ ပြုံးတော်မမူကြ၊ ပြုံးတော်မူအကြောင်းကား အဘယ်နည်း” ဟု အကြံဖြစ်သည်။

ထိုသို့ စဉ်းစားပြီး မြတ်စွာဘုရားကို လျှောက်တော်မူသည်မှာ -

“အရှင်ဘုရား ! အဘယ်ကြောင့် ပြုံးတော်မူပါသနည်း ဘုရား?။”

“အာနန္ဒာ ! ဤအရပ်သည် ရှေးအခါက မြို့ဖြစ်ဖူးသည်၊ ပြည့်စုံလည်း ပြည့်စုံသည်၊ ကြွယ်ဝလည်း ကြွယ်ဝသည်၊ လူမျိုးပေါင်းစုံ ရောပြွမ်းလျက် လူများစွာ နေထိုင်ရာလည်း ဖြစ်သည်။

အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်တော်မူသော ကဿပ မြတ်စွာဘုရားသည် ထိုမြို့ကို အမှီပြု၍ သီတင်းသုံးနေတော်မူသည်။

သီလကို ပြည့်ပြည့်စုံစုံ မဖြည့်ကျင့်သော ဂဝေသီမည်သော ကဿပ မြတ်စွာဘုရား၏ ဥပါသကာ တစ်ယောက် ရှိလေသည်။

ဂဝေသီဥပါသကာမှာ သီလမပြည့်စုံသည့် သရဏဂုံတည်ရုံ ဥပါသကာ အမည်ခံ အခြံအရံ ၅၀၀-လည်း ရှိလေသည်။

၁။ ထိုအခါ ဂဝေသီဥပါသကာသည် -

“ငါသည် ဤဥပါသကာ ၅၀၀-တို့အား ကျေးဇူးများသော ရှေ့သွားခေါင်းဆောင် ဖြစ်သည်၊ ဥပါသကာ အဖြစ် ခံယူစေသူဖြစ်သည်။

သို့သော် ငါသည်လည်း ပြည့်စုံစွာ သီလဖြည့်ကျင့်လေ့ မရှိ၊ သူတို့သည်လည်း ပြည့်စုံစွာ သီလဖြည့်ကျင့်လေ့ မရှိကုန်၊ ထို့ကြောင့် တန်းတူဖြစ်နေသည်၊ တစ်စုံတစ်ရာ သာလွန်ထူးကဲသော အကြောင်းဂုဏ် ငါ့မှာ မရှိသေး၊ ယခု ငါသည် သာလွန်ထူးကဲရန် ကျင့်မည်” ဟု စဉ်းစားမိသည်။


၂။ ထို့နောက် ဂဝေသီ ဥပါသကာသည် ဥပါသကာ ၅၀၀-ထံ ချဉ်းကပ်၍ -

“ဓမ္မမိတ်ဆွေတို့ ! ယနေ့မှစ၍ အကျွန်ုပ်ကို ပြည့်စုံစွာ သီလဖြည့်ကျင့်သူဟု မှတ်ကြပါ” ဟု ပြောဆိုပြီး သီလပြည့်စုံအောင် ဖြည့်ကျင့်သည်။

ဥပါသကာ ၅၀၀-တို့ကလည်း -

“ဆရာဂဝေသီသည် ငါတို့အား ကျေးဇူးများသော ရှေ့သွားခေါင်းဆောင်ဖြစ်သည်၊ ဥပါသကာအဖြစ် ခံယူစေသူဖြစ်သည်၊ ဆရာဂဝေသီပင် ပြည့်စုံစွာ သီလဖြည့်ကျင့်တုံဘိသေးသည်၊ ငါတို့လည်း အဘယ်ကြောင့် မဖြည့်ကျင့်နိုင်ဘဲ ရှိရာအံ့နည်း” ဟု စဉ်းစားမိကြသည်။

သူတို့သည် ဂဝေသီဥပါသကာထံ ချဉ်းကပ်၍ -

“ဆရာသည် ယနေ့မှစ၍ အကျွန်ုပ်တို့ကိုလည်း ပြည့်စုံစွာ သီလဖြည့်ကျင့်သူတို့ဟူ၍ သိမှတ်ပါလော့” ဟု ပြောဆိုပြီး သီလပြည့်စုံအောင် ဖြည့်ကျင့်ကြသည်။


၃။ ထို့နောက် ဂဝေသီဥပါသကာသည် -

“ငါသည်လည်း သီလဖြည့်ကျင့်မူ၌ သူတို့နှင့် အတူတူ ဖြစ်နေသည်၊ ယခု ငါသည် သာလွန် ထူးကဲရန် ကျင့်မည်” ဟု စဉ်းစားမိပြန်သည်။

ဥပါသကာ ၅၀၀-ထံ ချဉ်းကပ်၍ ဤသို့ ပြောဆိုပြန်သည် -

“အမောင်တို့ ! ယနေ့မှစ၍ ငါ့ကို သူမြတ်အကျင့်ကျင့်သူ, အကျင့်ယှတ်မှ ဝေးစွာ ကျင့်သူ, ရွာသူတို့၏ အကျင့်ဖြစ်သည့် မေထုန်ကို ကြဉ်ရှောင်သူဟု မှတ်ကြပါ” ဟု ပြောဆိုပြီး မေထုန်ကို ရှောင်ကြဉ်သည်။

ဥပါသကာ ၅၀၀-တို့ကလည်း -

“ဆရာသော်မှ မေထုတ်အကျင့်မှ ရှောင်ကြဉ်သေးလျှင် ငါတို့လည်း အဘယ်ကြောင့် မရှောင်ကြဉ်နိုင်ဘဲ ရှိရာအံ့နည်း”ဟု စဉ်းစားပြီး ဆရာ့ထံ ချဉ်းကပ်ကြသည်။

“ဆရာ အကျွန်ုပ်တို့ကိုလည်း ဆရာ့နည်းတူ မေထုန်ကို ရှောင်ကြဉ်သူတို့ သိမှတ်ပါလော” ဟု ပြောဆိုပြီး မေထုန်ကို ရှောင်ကြဉ်ကြသည်။


၎။ ယင်းနောက် ဂဝေသီဥပါသကာသည် -

“ငါနှင့် ငါ့တပည့်များသည် မေထုန်မှ ရှောင်ကြဉ်သူချင်း တူနေပြန်သည်၊ တစ်စုံတစ်ရာ သာလွန် ထူးကဲမူမရှိ၊ ယခု ငါသည် သာလွန်ထူးကဲရန် ကျင့်မည်” ဟု စဉ်းစားပြီး သူ့တပည့်များကို ပြောပြန်သည်။

“အမောင်တို့ ! ယနေ့မှစ၍ ငါ့ကို တစ်ထပ်တည်းသာ စားသူ, ညစာ စားခြင်းကို ကြဉ်ရှောင်သူ, နေလွဲသောအခါ စားခြင်းကို ကြဉ်ရှောင်သူဟု မှတ်ကြပါ” ဟု ပြောပြီး နေလွဲ ညစာစားခြင်းကို ရှောင်ကြဉ်သည်။

ထိုဥပါသကာ ၅၀၀-တို့လည်း ဆရာနှင့် တူအောင် လိုက်ကျင့်ကြပြန်သည်။


၅။ တဖန် ဂဝေသီဥပါသကာသည် -

“ငါနှင့် ငါ့တပည့်များ ယခုအခါ ညစာမစားခြင်း အတူတူဖြစ်နေပြန်သည်၊ ယနေ့မှစ၍ သူတို့ထက် သာလွန် ထူးကဲရန် ကျင့်မည်” ဟု စဉ်းစားမိပြန်သည်။

ထိုအခါ ဂဝေသီဥပါသကာသည် ကဿပမြတ်စွာဘုရားထံ ချဉ်းကပ်၍ -

“အရှင်ဘုရား ! တပည့်တော်သည် မြတ်စွာဘုရားထံတော်၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရလိုပါသည်” ဟု လျှောက်ထားပြီး ရှင်အဖြစ်, ရဟန်းအဖြစ် ခံယူလိုက်လေသည်။

ရဟန်းဖြစ်၍ မကြာသေးသည့် အရှင်ဂဝေသီသည် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်လျက် တစ်ယောက်တည်း -

၁။ သတိလည်း မလွတ်စေဘဲ၊

၂။ ကြိုးကြိုးစားစား အားထုတ်သောအခါ စိတ်တည်ငြိမ်လာသည်၊ စိတ်တည်ငြိမ်စွာဖြင့် ဆက်လက် ကြိုးစားအားထုတ်သောအခါ မကြာမီ မှာပင် -

လူ့ဘောင်ခွါရှောင် ရဟန်းဘောင်သို့ ကောင်းစွာဝင်ရောက်ကြသော အမျိုးသားတို့ လိုလားအပ်သည့် အကျင့်မြတ်၏အဆုံး အတုမဲ့ အရဟတ္တဖိုလ်အကျိုးကို ယခုဘ၀၌ပင် ကိုယ်တိုင် ဉာဏ်ထူးဖြင့် မျက်မှောက်ပြု ဆိုက်ရောက်၍ နေရသည်။

၎င်းပြင် “ငါ့မှာ ပဋိသန္ဓေနေမူလည်း ကုန်ပြီ၊ မြတ်သော အကျင့်ကိုလည်း ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကိုလည်း ပြုပြီးပြီ၊ မဂ်အတွက် နောက်ထပ် လုပ်စရာလည်း မရှိတော့ပြီ” ဟု ကိုယ်တိုင် သိသွားသည်၊ ထိုဂဝေသီရန်းသည် ရဟန္တာစာရင်းလည်း ၀င်သွားသည်။

သပါသကာ ၅၀၀-တို့လည်း အရှင်ဂဝေသီကို အားကျကာ ကဿပ မြတ်စွာဘုရားထံ ရှင်, ရဟန်းပြုကြပြီး အရှင်ဂဝေသီကို အားကျကာ ကဿပ မြတ်စွာဘုရားထံ ရှင်, ရဟန်းပြုကြပြီး အရှင်ဂဝေသီနည်းတူ ကျင့်ကြံကြသဖြင့် ရဟန္တာဖြစ်သွားကြသည်။

ဤသို့လျှင် ဂဝေသီအမှူးရှိသော ရဟန်း ၅၀၀-တို့သည် လွန်ကဲသည်ထက် လွန်ကဲ, မြတ်သည်ထက် မြတ်သော တရားကို ရအောင် အားထုတ်လျက် အတုမဲ့ လွတ်မြောက်မူ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသွားကြသည်။

အာနန္ဒာ !

ထို့ကြောင့်သာလျှင် သင်တို့သည်လည်း -

“ ငါသည် ဤသာသနာတော်၌ လွန်ကဲသည်ထက် လွန်ကဲ, မြတ်သည်ထက် မြတ်သော တရားကို ရအောင် အားထုတ်ကုန်လျက် အတုမဲ့ လွတ်မြောက်မူ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရလိမ့်မည်” ဟု နှလုံးထား၍ ကျင့်ကြရမည်။ ဤသို့ မိန့်တော်မူသည်။

(ဤသုတ်ဆိုလိုရင်းကား -

သာမန်အဆင့်မျှဖြင့် ကျေနပ်မနေကြဘဲ သီလ, သမာဓိ, ပညာ အဆင့်ဆင့် မြင့်သည်ထက် မြင့်အောင် ကြိုးစားကြပါလေ-ဟု တိုက်တွန်းလိုရင်း ဖြစ်သည်။)


ဆောင် - သာမန်ဆင့်မျှ၊ မနေကြဘဲ၊ သီလ, သမာ၊ ပညာဆင့်ဆင့်၊ မြင့်ထက်မြင့်ရန်၊ ကျင့်ကြံသမူ၊ ကြိုးစားပြုလော့။

ဒသမသုတ် ပြီး၏။

၃-ခုမြောက် ဥပါသက၀ဂ် ပြီးပြီ။

No comments:

Post a Comment