ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 11 April 2011

၂။ ဒေါဏဗြာဟ္မဏသုတ်


ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ၀မ်းမြောက်ဖွယ် သတိရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် သင့်တင့်သော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားကို -

“အရှင်ဂေါတမ ! “ရဟန်းဂေါတမသည် အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံး အရွယ်ရောက်လာကြသည့် ပုဏ္ဏားတို့ကို ရှိလည်း မခိုး၊ ခရီးဦးလည်း မကြိုဆို၊ နေရာလည်း မပေး” ဟု အကျွန်ုပ် ကြားဖူးပါသည်။

ထိုစကားသည် ကြားသည့်အတိုင်း မှန်နေပါသည်၊ အရှင်ဂေါတမသည် အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်ရောက်လာကြသည့် ပုဏ္ဏားတို့ကို ရှိလည်း မခိုး၊ ခရီးဦးလည်း မကြိုဆို၊ နေရာလည်း မပေးပါ။

ထိုအခါ မြတ်စွာဘုရားက -

“ဒေါဏ ! သင်သည်လည်း ပုဏ္ဏားဟု ၀န်ခံသလော?” ဟု မေးတော်မူသည်။

“အရှင်ဂေါတမ ! ပုဏ္ဏားသည် မိဘက်ဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိသည်၊ ဘိုးဘေး ခုနှစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိသည်၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊

ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်သည်၊ ဝေဒကျမ်းတို့ကို ဆောင်သည်၊ အဘိဓာန်ကျမ်း, အလင်္ကာကျမ်း, သဒ္ဒါကျမ်း, ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်သည်၊ ပဒကျမ်းကို တတ်သည်၊ ဗျာကရုဏ်းကျမ်းကို တတ်သည်၊ လောကယတကျမ်း, မာပုရိသလက္ခဏာကျမ်းတို့ကို အကြွင်းမဲ့ တတ်မြောက်သည်” - ဟူသော စကားသည် အကျွန်ုပ်ကို ရည်ရွယ်ပြောမှ အမှန်ပြောရာ ရောက်သည်။

အကျွန်ုပ်သည်ကား ဖော်ပြပါ အင်္ဂါရပ်များနှင့် ညီနေသူ ဖြစ်ပါသည်။”

ထိုအခါ မြတ်စွာဘုရားက -

“ဒေါဏ ! ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာလည်းဖြစ်, ဝေဒကျမ်းကိုလည်း စီရင်ပို့ချကြသည့် ရသေ့များရှိကြသည်၊ ယခုခေတ်ပုဏ္ဏားတို့သည် ယင်းရသေ့တို့ သီဆိုပို့ချ ပေါင်းစုထားသော ရှေးဟောင်း ဝေဒကျမ်းကို အတုလိုက်၍ သီဆိုကြ, ရွတ်ဆိုကြသည်၊ ဆရာရသေ့များ ရွတ်ဆို, သရဇ္ဈာယ်, ပို့ချသည့်အတိုင်း အတုလိုက်၍ ရွတ်ဆို, သရဇ္ဈာယ်, ပို့ချကြသည်။

အဆိုပါ လက်ဦးဆရာ ရသေ့များ ဟူသည် -

အဋ္ဌကရသေ့, ၀ါမကရသေ့, ၀ါမဒေ၀ရသေ့, ဝေဿာမိတ္တရသေ့, ယမဒဂ္ဂိရသေ့, အင်္ဂီရသရသေ့, ဘာရဒွါဇရသေ့, ၀ါသေဋ္ဌရသေ့, ကဿပရသေ့, ဘဂုရသေ့တို့ ဖြစ်သည်။

ထိုရသေ့တို့၏ တပည့်ပုဏ္ဏားတို့ကို -

၁။ ဗြဟ္မာနှင့်တူသော ပုဏ္ဏား
၂။ နတ်နှင့်တူသော ပုဏ္ဏား
၃။ စည်းကမ်းရှိသော ပုဏ္ဏား
၎။ စည်းကမ်းပျက်သော ပုဏ္ဏား
၅။ သူတောင်းစားနှင့်တူသော ပုဏ္ဏား
ဟု ၅-မျိုး သတ်မှတ်ထားကြသည်။

သင်သည် ထိုပုဏ္ဏား ၅-မျိုးတွင် အဘယ်အမျိုးအစားနည်း?။”
“အရှင်ဂေါတမ ! အကျွန်ုပ်တို့သည် ပုဏ္ဏား ၅-မျိုးကို မသိကြပါ၊ ပုဏ္ဏားများဟုသာ သိကြပါသည်၊ ဤပုဏ္ဏား ၅-မျိုးကို အကျွန်ုပ်သိနိုင်အောင် တရားဟောတော်မူပါရန် တောင်းပန်ပါသည်။”

“ဒေါဏ ! သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေးအံ့။

၁။ဟ္မာနှင့်တူသော ပုဏ္ဏားဖြစ်ပုံမှာ -

ဤလောက၌ ပုဏ္ဏားသည် မိဘက်ဖဘက် နှစ်ဖက်စလုံးမှ ကောင်းသော ဇာတ်ရှိသည်၊ ဘိုးဘေး ခုနှစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိသည်၊ ဇာတ်နှင့် စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊

ထိုပုဏ္ဏားသည် ၄၈-နှစ်ပတ်လုံး ဝေဒကျမ်းတို့ကို ရွတ်ဖတ်လျက် ကောမာရ ဗြဟ္မစရိယအကျင့်ကို ကျင့်သည်၊ ထို့နောက် ဆရာကို ပူဇော်ရန် ဆရာစား ဥစ္စာကို တရားသဖြင့်သာလျှင် ရှာမှီးသည်၊ မတရားသဖြင့် မရှာမှီး။

(ကောမာရ ဗြဟ္မစရိယ - လူပျိုဘ၀ဖြင့် မေထုန်မှ ရှောင်ကြဉ်သော အကျင့်)

တရားသဖြင့် ဥစ္စာ ရှာမှီးပုံမှာ -

လယ်လုပ်ခြင်း, ကုန်သွယ်ခြင်း, နွားမွေးခြင်း, စစ်မူထမ်းခြင်း, မင်းမူထမ်းခြင်းဖြင့် လည်းကောင်း၊ အတတ်ပညာတစ်မျိုးမျိုးဖြင့် လည်းကောင်း မရှာမှီ။

တောင်းရမ်းသော အကျင့်သက်သက်ဖြင့်သာလျှင် တောင်းစရာ ခွက်ကို မထီမဲ့မြင်မပြုဘဲ ရှာမှီးသည်၊ ထိုသူသည် ဆရာကို ပူဇော်ရန် ဆရာစား ဥစ္စာကို ပေးခဲ့၍ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အ၀တ်တို့ကို ၀တ်ရုံလျက် လူ့ဘောင်ခွါရှောင် ရသေ့ဘောင်သို့ ၀င်ရောက်သည်။

ရသေ့ပြုပြီးနာက် အရပ်မျက်နှာတစ်ခုရှိ သတ္တ၀ါအပေါင်းကို မေတ္တာစိတ်ဖြင့် ဖြန့်ကြက်၍ နေသည်၊ ထို့ပြင် နှစ်ခုမြောက်, သုံးခုမြောက် စသည်ဖြင့် အရပ်မျက်နှာအားလုံးရှိ သတ္တ၀ါအပေါင်းကိုလည်း မေတ္တာစိတ်ဖြင့် ဖြန့်ကြက်၍ နေသည်။

ထိုသူသည် ဤ ဗြဟ္မ၀ိဟာရတရား ၄-ပါးကို ပွါးများပြီးလျှင်ခန္ဓာကိုယ် ပျက်စီး၍ သေပြီးနောက် သုဂတိဗြဟ္မာ့ရတရား ၄-ပါးကို ပွါးများပြီးလျှင် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးနောက် သုဂတိဗြဟ္မာ့ပြည်သို့ ရောက်သွားသည်။

ဤကား ဗြဟ္မာနှင့်တူသော ပုဏ္ဏားတည်း။


၂။ နတ်နှင့်တူသော ပုဏ္ဏား ဖြစ်ပုံမှာ -

အမှတ် ၁-၌ ဆိုခဲ့ပြီးအတိုင်း အပြည့်အစုံ ကျင့်သုံးသည့်အပြင် တရားသဖြင့် ဆရာစားဥစ္စာ ရှာမှီးကာ ဆရာကို ပေးအပ်ပြီး တရားသဖြင့် သာလျှင် မယားကို ရှာမှီးသည်၊ မတရားသဖြင့် မရှာမှီး။

တရားသဖြင့် မယားရှာမှီးပုံမှာ -

ဝယ်ခြင်း ရောင်းခြင်းဖြင့် မရှာမှီး၊ ရေစက်သွန်းချ၍ စွန့်လွှတ်အပ်သော ပုဏ္ဏေးမကိုသာ ရှာမှီးသည်၊ ထိုသူသည် ပုဏ္ဏေးမကိုသာ သွားလာသည်၊ မင်းသမီး, ကုန်သည်အမျိုးသမီး, သူဆင်းရဲအမျိုးသမီး, သူတောင်းစားအမျိုးသမီး, မုဆိုး တံငါအမျိုးသမီး, နှီးသမားအမျိုးသမီး, သာရေနယ် အမျိုးသမီး, ပန်းမိုက်သွန် မစင်ကျုံး အမျိုးသမီး, ကိုယ်ဝန်ဆောင်မိန်းမ, နို့တိုက်သော မိန်းမ, ဥတုမလာသော မိန်းမတို့ကို မသွားလာ။

ပုဏ္ဏားသည် ကိုယ်ဝန်သည်မိန်းမကို အဘယ်ကြောင့် မသွားလာသနည်း?။

အကယ်၍ သွားလာခဲ့ပါမူ ထိုကိုယ်ဝန်၌ရှိသော သူငယ်ဖြစ်စေ သူငယ်မဖြစ်စေ အလွန်ကြီးမားသော အညစ်အကြေးအစု၌ ဖြစ်သည်မည်သည်၊ ထို့ကြောင့် မသွားလာ။

နို့တိုက်သော မိန်းမကို အဘယ်ကြောင့် မသွားလာသနည်း?။

အကယ်၍ သွားလာခဲ့ပါမူ ထိုနို့စို့သော သူငယ်ဖြစ်စေ သူငယ်မဖြစ်စေ မစင်မကြယ် စက်ဆုပ်ဖွယ်ဖြင့် နှိပ်စက်ခံရသည် မည်သည်၊ ထို့ကြောင့် မသွားလာ။

ထိုပုဏ္ဏေးမသည် ထိုပုဏ္ဏားအတွက် ကာမဂုဏ်ခံစားရန် မြူးထူးရန် မွေ့လျော်ရန် မဟုတ်၊ သားသမီး ရရန်သာ ဖြစ်သည်။

ထိုပုဏ္ဏားသည် သားသမီးရပြီးနောက် ဆံမုတ်ဆိတ်ကို ပယ်ပြီး ဖန်ရည်ဆိုးသော အ၀တ်ဝတ်လျက် လူ့ဘောင်ခွါရှောင် ရသေ့ဘောင့်သို့ ၀င်ရောက်သည်။

ရသေ့ပြုပြီး ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်-ဟူသော ၄-ပါးကို ပွါးများပြီး ခန္ဓာကိုယ် ပျက်စီး၍ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်လောကသို့ ရောက်သွားသည်။

ဤကား နတ်နှင့်တူသော ပုဏ္ဏားတည်း။


၃။ စည်းကမ်းရှိသော ပုဏ္ဏားဖြစ်ပုံမှာ -

အမှတ်၁၊ ၂-၌ ဆိုခဲ့ပြီးအတိုင်း အပြည့်အစုံ ကျင့်သုံးသည့်အပြင် တရားသဖြင့် ဆရာစားဥစ္စာ ရှာမှီးကာ ဆရာကို ပေးအပ်ပြီး တရားသဖြင့် ဆရာစားဥစ္စာ ရှာမှီးကာ ဆရာကို ပေးအပ်ပြီး တရားသဖြင့် သားမယားကို ရှာမှီးသည်၊ မတရားသဖြင့် မရှာမှီး။

ယင်းနောက် သား,သမီး ရပြီး သား,သမီး၌ ချစ်ခင်တွယ်တာသော သံယောဇဉ်ရှိသဖြင့် စည်းစိမ်ဥစ္စာ စုဆောင်းကာ အိမ်၌ နေသည်၊ လူ့ဘောင်ခွါရှောင် ရသေ့ဘောင်သို့ မ၀င်ရောက်၊ ရှေးပုဏ္ဏားတို့ စည်းကမ်းရှိသလောက် တည်သည်၊ ထိုစည်းကမ်းကို မကျော်လွန်၊ “ရှေးပုဏ္ဏားတို့ စည်းကမ်းရှိသလောက် တည်၍ ထိုစည်းကမ်းကို မကျော်လွန်သောကြောင့် ထိုပုဏ္ဏားကို စည်းကမ်းရှိသူ” ဟု ဆိုရမည်။

ဤကား စည်းကမ်းရှိသော ပုဏ္ဏားတည်း။


၎။ စည်းကမ်းပျက်သော ပုဏ္ဏားဖြစ်ပုံမှာ -

အမှတ် ၁၊ ၂၊ ၃-၌ ဆိုခဲ့ပြီးအတိုင်း အပြည့်အစုံ ကျင့်သုံးသည့်အပြင် တရားသဖြင့် ဆရာစားဥစ္စာ ရှာမှီးကာ ဆရာကို ပေးအပ်ပြီး မယားကို တရားသဖြင့်လည်း ရှာမှီးသည်၊ မတရားသဖြင့်လည်း ရှာမှီးသည်၊ ရောင်းခြင်း ၀ယ်ခြင်းဖြင့်လည်း ရှာမှီးသည်၊ ရေစက်သွန်းချ ပေးလှူအပ်သော ပုဏ္ဏေးမကိုလည်း ရှာမှီးသည်။

ထိုပုဏ္ဏားသည် ပုဏ္ဏေးမကိုလည်း သွားလာသည်၊ မင်းသမီး, ကုန်သည်အမျိုးသမီး စသော မည်သည့် အမျိုးသမီးမဆို တွေ့မရှောင် သွားလာသည်။

ရှေးပုဏ္ဏားတို့ စည်းကမ်းရှိသလောက် မတည်၊ ထိုစည်းကမ်းကို ကျော်လွန်သည်၊ ချိုးဖောက်သည်၊ “ရှေးပုဏ္ဏားတို့ စည်းကမ်းရှိသလောက် မတည်မူ၍ ထိုစည်းကမ်းကို ကျော်လွန်ချိုးဖောက်သောကြောင့် ထိုပုဏ္ဏားကို စည်းကမ်းပျက်သူ” ဟု ဆိုရမည်။

ဤကား စည်းကမ်းပျက်သော ပုဏ္ဏားတည်း။


၅။ သူတောင်းစားနှင့်တူသော ပုဏ္ဏားဖြစ်ပုံမှာ -

အမှတ် ၁၊ ၂၊ ၃-၌ ဆိုခဲ့ပြီးအတိုင်း အပြည့်အစုံကျင့်သုံးပြီးသည့်အပြင် တရားသဖြင့် ဆရာစားဥစ္စာ ရှာမှီးကာ ဆရာကို ပေးအပ်ပြီး မယားကို တရားသဖြင့်လည်း ရှာမှီးသည်၊ မတရားသဖြင့်လည်း ရှာမှီးသည်၊ ရောင်းခြင်း ၀ယ်ခြင်းဖြင့်လည်း ရှာမှီးသည်၊ ရေစက်သွန်းချ ပေးလှူအပ်သော ပုဏ္ဏေးမကိုလည်း ရှာမှီးသည်။

ထိုပုဏ္ဏားသည် ပုဏ္ဏေမကိုလည်း သွားလာသည်၊ မင်းသမီး, ကုန်သည်အမျိုးသမီးစသော မည်သည့် အမျိုးသမီးကိုမဆို တွေ့မရှောင် သွားလာရုံမက အမူအားလုံးတို့ဖြင့် အသက်မွေးသည်။

ထိုပုဏ္ဏားကို အခြားပုဏ္ဏားတို့က -

“အရှင်သည် ပုဏ္ဏားဟု ၀န်ခံလျက် အမူအားလုံးတို့ဖြင့် အဘယ်ကြောင့် အသက်မွေးဘိသနည်း?” ဟု ဆိုကြသည်။

ထိုပုဏ္ဏားက -

“အရှင်တို့ ! မီးသည် စင်ကြယ်သော ၀တ္ထု, မစင်ကြယ်သော ၀တ္ထုအားလုံးကို လောင်ကျွမ်းသော်လည်း ထိုဝတ္ထုဖြင့် မလိမ်းကျံ မကပ်ငြိသကဲ့သို့ ဤအတူသာ ပုဏ္ဏားသည် အမူအားလုံးတို့ဖြင့် အသက်မွေးခြင်းကို ပြုစေကာမူ ထိုအမူတို့ဖြင့် မလိမ်းကျံ” ဟု ပြန်ပြောသည်။

ဒေါဏ ! “ထိုပုဏ္ဏား ၅-မျိုးတွင် သင်သည် ဘယ်အမျိုးအစားနည်း? ဟု မေးတော်မူသည်။

“အရှင်ဂေါတမ !

ဤသို့ဖြစ်သည်ရှိသော် အကျွန်ုပ်တို့သည် သူတောင်းစားနှင့်တူသော ပုဏ္ဏားမျိုးပင် အပြည့်အစုံ မဖြစ်ကြပါ။

အရှင်ဂေါတမ ! တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေသည်” စသည်ဖြင့် လျှောက်ထားပြီး -

“အကျွန်ုပ်ကို ယနေ့မှစ၍ ရတနာ ၃-ပါးကို အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာအဖြစ် မှတ်တော်မူပါ” ဟု လျှောက်ထားလေသည်။


ဆောင် - ဗြဟ္မာ, နတ်တူ၊ ရှိမူ စည်းကမ်း၊ စည်းကမ်း ပျက်ငြား၊ သူတောင်းစား တူ၊ ဤငါးဆူ၊ မှတ်ယူ ပုဏ္ဏား မျိုးအစား။

ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment