ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 30 September 2010

မဂ် ၄-ပါး ဖိုလ် ၄-ပါး၊ နိဗ္ဗာန် ၉-မျိုးကို ဘယ်လိုခေါ်သေးသလဲ?

မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိဗ္ဗာန် ၉-မျိုးကို လောကုတ္တရာတရား ၉-ပါးလို့ ခေါ်ပါတယ်။ ဓမ္မ=တရားတော် လို့လဲခေါ်ပါတယ်။ အဲဒီ ၉-မျိုးထဲကို ပိဋကသုံးပုံ ပရိယတ္တိတစ်ပါး ထပ်ဖြည့်ပြီး ဓမ္မ=တရားတော် ၁၀-ပါးလို့လဲ ခေါ်ပါတယ်။ (ဓမ္မံ သရဏံ ဂစ္ဆာမိမှာ ဓမ္မအရ ဒီတရား ၁၀-ပါးကို ယူရပါတယ်။)

နိဗ္ဗာန်တရားဆိုတာ ဘာလဲ?

နိဗ္ဗာန်ဆိုတာ နိဗ္ဗာန=နိဝါနဆိုတဲ့ ပါဠိက ပြောင်းလာတဲ့ စကားဖြစ်တယ်။ နိ=ကင်းခြင်း မရှိဘူး+၀ါန=လိုချင်တပ်မက်မှု တဏှာ+နိဗ္ဗာန=လိုချင်တပ်မက်မှု တဏှာ မရှိသဖြင့် ဆင်းရဲဒုက္ခလဲ မရှိတော့ဘဲ အေးငြိမ်းချမ်းသာမူကို နိဗ္ဗာန်လို့ ခေါ်တယ်။ နိဗ္ဗာန်ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အမြတ်ထားကာ အလိုလားအပ်ဆုံးဖြစ်တဲ့ နောက်ဆုံး ပန်းတိုင်ဖြစ်ပါတယ်။

မဂ်စိတ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးကို ပေါင်းလိုက်တော့ ဘယ်လိုခေါ်သလဲ?

မဂ်စိတ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးကို ပေါင်းလိုက်တော့ လောကုတ္တရာစိတ် ၈-ပါးလို့ ခေါ်ပါတယ်။

မဂ္ဂဌာန်လေးယောက် ဖလဌာန်လေးယောက်ပေါင်း (၈)ယောက်ကို အရိယာပုဂ္ဂိုလ် ၈-ယောက်လို့လဲ ခေါ်ပါတယ်။

အရိယာသံဃာ ၈-ပါးလို့လဲခေါ်တယ်။

ပရမတ္တ သံဃာ ၈-ပါးလို့လဲခေါ်ပါတယ်။

သံဃာတော် ၈-ပါးလို့လဲခေါ်ပါတယ်။

(သံဃံ သရဏံ ဂစ္ဆာမိမှာ သံဃအရ ဒီပရမတ္တသံဃာ ၈-ပါးကို ယူရတယ်။)

ဖိုလ်တရားဆိုတာ ဘာလဲ?

ဖိုလ်တရားဆိုတာ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် လေးပါးဖြစ်တယ်။

အဲဒီ ဖိုလ်လေးပါးကိုရနေတဲ့ ပုဂ္ဂိုလ်လေးယောက်ကို ဖလဌာန်လေးယောက်လို့ ခေါ်ပါတယ်။

တစ်ယောက်စီကိုတော့ အစဉ်အတိုင်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလို့ ခေါ်ပါတယ်။

မဂ်တရားဆိုတာ ဘာလဲ?

မဂ်တရားဆိုတာ သောတာပတ္တိမဂ်၊ သကဒါဂါမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ၄-ပါးကိုလဲခေါ်တယ်။

အဲဒီလေးပါးကို လောကုတ္တရာကုသိုလ် ၄-ပါးလို့လဲခေါ်တယ်။

မဂ်ကုသိုလ်လေးပါးလို့လဲ ခေါ်တယ်။

အဲဒီ မဂ်ကုသိုလ် ၄-ပါးရတဲ့ ပုဂ္ဂိုလ်ကို မဂ္ဂဌာန်လေးယောက်လို့ ခေါ်ပါတယ်။

ဗျသနတရား ငါးပါးဆိုတာ ဘာလဲ?

ပျက်စီးဆုံးပါးခြင်းကို ဗျသနတရားလို့ ခေါ်ပါတယ်။

(၁) ဥာတိဗျသန = ဆွေမျိုးများ ပျက်စီးခြင်း၊

(၂) ဘောဂဗျသန = စည်းစိမ်ဥစ္စာပျက်စီးခြင်း၊

(၃) ရောဂါဗျသန = အနာရောဂါဖြစ်၍ ကျန်းမာမှု ပျက်စီးခြင်း၊

(၄) ဒိဌိဗျသန = မှားသောအယူကို ယူခြင်း၊

(၅) သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း တို့သည် ဗျသနတရား ငါးပါးဖြစ်ပါသည်။

ဝိပတ္တိတရားလေပါးဆိုတာ ဘာလဲ?

(၁) ကာလ၀ိပတ္တိ = မင်းဆိုးမင်းညစ် အုပ်ဆိုးသောခေတ်နှင့် ကြုံရခြင်း၊

(၂) ဂတိဝိပတ္တိ = အပါယ်လေးဘုံ၌ ဖြစ်နေရခြင်း၊

(၃) ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါ လက္ခဏာဖောက်ပြန် ချွတ်ယွင်းခြင်း၊

(၄) ပယောဂ၀ိပတ္တိ = ကောင်းသော အမူကိစ္စ၌ အားထုတ်လုံ့လ မပြုခြင်းဟု ၀ိပတ္တိခေါ် ဖောက်ပြန် ချွတ်ယွင်းပျက်စီးမူဟာ လေးမျိုးရှိပါတယ်။

ရန်သူမျိုးငါးပါးဆိုတာ ဘာလဲ?

(၁) ရေ၊

(၂) မီး၊

(၃) ခိုးသူ၊

(၄) အမွေခံသားဆိုး၊

(၅) မင်းဆိုး၊

ဤငါးမျိုးကို ရန်သူမျိုး ငါးပါးလို့ ခေါ်ပါတယ်။

Tuesday 28 September 2010

ရပ်ပြစ်ရှစ်ပါးဆိုတာ ဘာလဲ?

ရပ်ပြစ်ရှစ်ပါးဆိုတာက အပြစ်ရှိတဲ့ အရပ်နေလျှင်မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်အောင် တရားအားထုတ်ရန် အခွင့်အခါ မရလို့ အပြစ်ရှိတဲ့အရပ်၊ အပြစ်ရှိတဲ့ဘ၀လို့ ဆိုရတယ်။ ပါဠိတော်မှာ အက္ခဏလို့ ခေါ်ပါတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်တဲ့ကာလ(ဒေသ)လို့ ဆိုလိုပါတယ်။ အပါယ်လေးပါး ရှိတဲ့အနက် အသူရကာယ်ကို ပြိတ္တာအမျိုးအစားထဲ ထည့်ပြီး -

(၁) ငရဲ၊

(၂) တိရစ္ဆာန်

(၃) ဗြိတ္တာ

(၄) အသညသတ်နဲ့ အရူပဗြဟ္မာဘုံ၊

(၅) သာသနာ မရောက်နိုင်တဲ့ နယ်စွန်နယ်ဖျား လူရိုင်းဒေသ၊

(၆) သာသနာကို မယုံကြည်တဲ့ မိစ္ဆာဒိဌိလူမျိုး ဖြစ်ခြင်း၊

(၇) တရားတော်ကို နားလည်နိုင်သောဥာဏ် မရှိသူဖြစ်ခြင်း၊

(၈) ဘုရားမပွင့်တဲ့အခါ လူလာဖြစ်ခြင်း၊

အဲဒီအရပ်ရှစ်မျိုးမှာ ရောက်နေတဲ့ သတ္တ၀ါတွေဟာ တရားတော်ကို နာကြားခွင့် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း တရားကို အားထုတ်ခွင့် မရတဲ့အတွက် ထိုဒေသတွေကို ရောက်မှာကို ဗုဒ္ဓဘာသာဝင်တွေ ကြောက်ကြတယ်။ ဒါကြောင့် ဒီသြကာသ ဆုတောင်းထဲမှာထည့်ပြီး ဆုတောင်းထားခြင်း ဖြစ်ပါတယ်။

ကပ်သုံးပါးဆိုတာ ဘာလဲ?

ကပ်ဆိုတာ ပါဠိလို ကပ္ပကို မြန်မာလို ကပ်လို့ခေါ်ပါတယ်။ အကြီးအကျယ် ပျက်စီးခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီပျက်စီးခြင်း ကပ်သုံးမျိုး ရှိပါတယ်။ စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာ သေနတ်၊ စိန်ပြောင်း၊ အမြောက်၊ ဗုံး၊ ဒုံးကျည်လက်နက်တွေ ထိမှန်ပြီး လူအများ သေကြေနေကြတာကို သတ္ထန္တရကပ် ဆိုက်တယ်လို့ ခေါ်ပါတယ်။ လက်နက်ထိမှန်၍ လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ကျောက်ရောဂါ၊ ၀မ်းရောဂါ၊ ပုလိပ်ရောဂါစတဲ့ ရောဂါဆိုးကြီးတွေဟာ ရပ်ကွက်တစ်ကွက်၊ မြို့ရွာနယ်ပယ်တစ်ခု၊ တိုင်းပြည်တစ်ခုလုံးမှာ ကျရောက်ဖြစ်ပျက်ပြီး လူအများ သေကြေပျက်စီးရတာကို ရောဂန္တရကပ် ဆိုက်ရောက်တယ်လို့ ခေါ်ပါတယ်။ ရောဂါဆိုးတွေ ကျရောက်ပြီး လူအများ သေကြေ ပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

မိုးခေါင်၍ဖြစ်စေ၊ ရေကြီး၍ဖြစ်စေ၊ စစ်မက်ထူပြော၍ မစိုက်ပျိုးနိုင်သောကြောင့်ဖြစ်စေ၊ စိုက်ပျိုးပြီး စပါးသီးနှံများ ကြက်ငှက်ပိုးမွှားဖျက်ဆီး၍ဖြစ်စေ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းကို ဒုဗ္ဘိက္ခန္တရကပ် ဆိုက် တယ်လို့ ခေါ်ပါတယ်။ ငတ်မွတ်ခေါင်းပါးလို့ လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

အပါယ်လေးပါးဆိုတာ ဘာလဲ?

အပါယ်လေးပါးဆိုတာ ကုသိုလ်ကောင်းမှုပြုဖို့ အခွင့်အခါမရ ချမ်းသာသုခမရှိလဲ -

၁။ ငရဲ၊

၂။ တိရစ္ဆာန်

၃။ ဗြိတ္တာ

၎။ အသူရကာယ် လေးမျိုးကိုခေါ်ပါတယ်။


(၁) ငရဲဆိုတာ နိရယပါဠိက နိရဲ၊ နရဲ၊ ငရဲလို့ အဆင့်ဆင့်ပြောင်းလာတဲ့ပုဒ် ဖြစ်ပါတယ်။ အကုသိုလ်ဒုစရိုက် ပြုတဲ့လူတွေ သေတဲ့အခါ ရောက်ရှိရတဲ့ ချမ်းသာသုခ လုံးဝမရှိ။ မီးတောက်မီးလျှံတွေ အမြဲလောင်ကျွမ်းနေတဲ့ ဒီကမ္ဘာမြေကြီးရဲ့အောက် ယူဇနာတစ်သောင်းငါးထောင် အကွာမှာရှိတဲ့ သိဇ္ဇိုဝ်းငရဲ၊ ကာလသုတ်ငရဲ၊ သံဃာတငရဲ၊ ရောရုဝငရဲ၊ မဟာရောရုဝငရဲ၊ တာပနငရဲ၊ မဟာတာပနငရဲ၊ အ၀ီစိငရဲဆိုပြီး ငရဲကြီးရှစ်ထပ်ရှိတယ်။ ငရဲကြီး တစ်ထပ်တစ်ထပ်မှာ ငရဲငယ် ၅-ထပ် ကာရံနေပါတယ်။

(၂) တိရိစ္ဆာန်ဆိုတာကတော့ ယခုမျက်မြင် ဖြစ်နေတဲ့ ငါး၊ လိပ်၊ ခွေး၊ နွား၊ ကြက်၊ ငှက်စတဲ့ တိရစ္ဆာန် အားလုံးကို ခေါ်ပါတယ်။ တိရစ္ဆာန်ဘ၀မှာ ချမ်းသာကင်းပုံကတော့ အများမျက်မြင်ပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်ဖြစ်ရမှုက အင်မတန်ကြောက်ဖို့ကောင်းလှပါတယ်။

(၃) ပြိတ္တာဆိုတာက တစ္ဆေ၊ မှင်စာ၊ သူရဲသဘက်၊ ဖုတ်ကောင်၊ ထျတ်ကောင်တွေကို ပြိတ္တာလို့ ခေါ်ပါတယ်။ သုသာန်၊ အိမ်ကြိုအိမ်ကြား စသည်မှာ ထမင်းဟင်းကျန်၊ တံတွေး၊ အံဖတ်၊ အပုပ်အစပ်တွေကို ရှာစားနေကြရတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။

(၄) အသုရကာယ်ဆိုတာ ပြိတ္တာအကြီးစား တစ်မျိုးပါပဲ။ လူတွေနဲ့ ဝေးကွာတဲ့ သမုဒ္ဒရာမြစ်ကမ်းမှာ နေကြတယ်။ သူတို့ရဲ့ အကုသိုလ်ကြောင့် ရေမသောက် အစာမစားရတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။

ကောင်းတဲ့အလုပ်ကိုလုပ်ရင် ကောင်းတဲ့အကျိုးကိုရမယ်ဆိုပြီး ကုသိုလ်တစ်ခုခုပြုပြီး ဆုတောင်းနေတာ အပိုဖြစ်မနေဘူးလား။ ဆုတောင်းဖို့ လိုပါသလား?

ကုသိုလ်ကောင်းမူ တစ်ခုခုပြုပြီးရင် ဆုတောင်းဖို့ လိုတာလဲ ရှိတယ်။ မလိုတာလဲရှိတယ်။ အဘိဓမ္မာသဘောအရ ကုသိုလ်တရားကို ၂၁-မျိုးခွဲတယ်။ ကာမာဝစရကုသိုလ်က (၈)မျိုး၊ မဟဂ္ဂုတ်ကုသိုလ်က (၉)မျိုး၊ မဂ်ကုသိုလ်က (၄)မျိုး ဖြစ်တယ်။ မဟဂ္ဂုတ်ဈာန်ကုသိုလ် (၉)မျိုးကို ပြုလုပ်ရရှိသူဟာ ဆုတောင်းနေစရာမလိုပါဘူး။ သေရင် ဗြဟ္မာ့ဘုံ ၂၀-မှာ ဈာန်ချမ်းသာကို ခံစားရမယ်။ ပထမဈာန်ကုသိုလ်ရသူက ပထမဈာန်ဗြဟ္မာ့ဘုံ၊ စတုတ္ထဈာန်ရတဲ့သူက စတုတ္ထဈာန်ဗြဟ္မာ့ဘုံမှာ ဈာန်ချမ်းသာကို ခံစားရတယ်။ ၀ိပဿနာကျင့်လို့ မဂ်ကုသိုလ် ၄-ပါးရတဲ့သူဟာလဲ ဖိုလ်ကုသိုလ် ၄-ပါး အကျိုးခံစားရမယ်။ သောတာပတ္တိမဂ်ကုသိုလ်ရတဲ့သူက သောတာပတ္တဖိုလ်၊ အရဟတ္တမဂ်ကုသိုလ်ရတဲ့ သူက အရဟတ္တဖိုလ် အကျိုးခံစားတယ်။ ကာမာဝစရကုသိုလ် ၈-မျိုးကို ပြုလုပ်ထားတဲ့သူကတော့ လူ့ဘုံနဲ့နတ်ပြည် ၆-ထပ်လို့ ခေါ်တဲ့ ကာမသုဂတိ ၇-ဘုံမှာ လူချမ်းသာ နတ်ချမ်းသာကို ခံစားရပါတယ်။ ဒီလိုခံစားနေရတဲ့နေရာမှာ ဘယ်ကုသိုလ်ဟာ ဘယ်ဘုံမှာခံစားရမယ်လို့ ပိုင်းခြားကန့်သတ်မှု မရှိဘူး။ ကာမာဝစရကုသိုလ်တစ်ခုဟာ လူ့ဘုံ စတုမဟာရာဇ်တာဝတိံသာစတဲ့ သုဂတိ ၇-ဘုံလုံးမှာ ဖြစ်နိုင်တယ်။

လူ့ဘ၀တစ်ခုတည်းမှာလဲ လူချမ်းသာတွေက အမျိုးအစားအားဖြင့် မရေမတွက်နိုင်လောက်အောင် များပြားတယ်။ နတ်ပြည်မှာလဲ နတ်ချင်းတူပေမယ့် ချမ်းသာသုခ မတူကြဘူး။ ဘုံဘ၀ ၇-ခုမှာ မရေမတွက်နိုင်တဲ့ သုခတွေရှိတဲ့အနက်ထဲက ယနေ့ ယခုပြုရသော ကုသိုလ်ကောင်းမူကံကြောင့် ဘယ်ဘုံမှာ ဘယ်လို ချမ်းသာသုခတွေ ခံစား စံစားရပါလို၏လို့ တိကျတဲ့ဘုံဌာနနဲ့ တိကျတဲ့ချမ်းသာကို ထုတ်ဖော်ဆုတောင်းဖို့ လိုပါတယ်။ ဇောတိကသူဌေးအလောင်းဟာ ကုသိုလ်ပြုပြီး သူပိုင်တဲ့ပစ္စည်းကို သူမပေးဘဲ မြက်၊ ၀ါးခြမ်းစိပ်မျှ မယူနိုင်ပါစေနှင့်ဟု ဆုတောင်းခဲ့လို့ ယခု ဇောတိက သူဌေးဖြစ်တဲ့အခါ သူ့ပစ္စည်းကို ဘယ်သူမှ ခိုးယူလို့ မရဘူး။ အဂ္ဂသာဝကဆု၊ ဧတဒဂ်ဆုတွေကို အတိတ်ဘ၀ကတောင်းခဲ့ကြတဲ့အတွက် ယခု ဘုရားရှင်လက်ထက်မှာ တောင်းတဲ့ဆုနဲ့ ပြည့်စုံကြတာ ပိဋကတ်တော်မှာ နေရာအများတွေ့နိုင်တယ်။ ဒါကြောင့် ကုသိုလ်ကောင်းမူ တစ်ခုခု ပြုပြီးရင် မိမိလိုတဲ့ ဆုကို တောင်းသင့်တယ်လို့ မှတ်ကြရပါမယ်။

ဒါန၊ သီလစတဲ့ ကာမာစရကုသိုလ်ဟာ နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိုင်ပေမယ့် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်နိုင်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း
ဣဒံမေပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု = ဤကောင်းမူသည် နိဗ္ဗာန်ကို ပေးဆောင် နိုင်ပါစေသတည်း။ ဣဒ မေ ပုညံ နိဗ္ဗာနဿပစ္စယော ဟောတု = ဤကောင်းမူသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်စေသတည်းလို့ ဆုတောင်းလေ့ ရှိကြတာ ဖြစ်ပါတယ်။

ရှေ့မှာ ပြခဲ့သလို နိဗ္ဗာန်ကို ဆုတောင်းခြင်းဖြင့် နိဗ္ဗာန် ချမ်းသာကို ခံစားလိုစိတ်ဖြစ်ကာ ၀ိပဿနာတရားတွေကို လက်တွေ့ကျင့်ကြံဖြစ်ဖို့ အထောက်အပံ့ ဖြစ်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဤကုသိုလ်ကောင်းမူကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ နိဗ္ဗာန်အထောက်အပံ့ ဖြစ်ရပါလို၏လို့တော့ ဆုတောင်းသင့်ပါတယ်။

ကုသိုလ်ကောင်းမူပြုပြီး ဆု မတောင်းရင် ဖြစ်ပါသလား?

ကုသိုလ်ကောင်းမူပြုပြီး ဆုမတောင်းရင် ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်က ကောင်းတဲ့အကျိုးကို ပေးမှာ အမှန်ပဲ။ ဒါပေမယ့် ဆုမတောင်းထားတဲ့အတွက် တစ်ဘုံဘုံမှာ ချမ်းသာတစ်ခုခုကို ပေးပါလိမ့်မယ်။ ကုသိုလ်ကောင်းမူပြုပြီးရင် ဆုတောင်းတာက ပိုကောင်းပါတယ်။

ဥပရိပဏ္ဏာသ အဌကထာမှာ ပြဆိုတာက ကောင်းမူပြုပြီးရင် ဆုတောင်းမှဖြစ်ချင်တဲ့ဘုံမှာ လိုချင်တဲ့ ချမ်းသာကို ရနိုင်တယ်။ ဆုမတောင်းရင် ဒီကုသိုလ်ကြောင့် ဘာဖြစ်မယ်လို့ မသေချာဘူး။ (ကတိမမြဲဘူး) လိုချင်တာတွေ ဆုတောင်းပြီး ကုသိုလ်ကောင်းမူကို လက်တွေ့မလုပ်ပြန်ရင်လဲ ကောင်းတဲ့အတိုင်း မရပါဘူး။

ဒါကြောင့် ကုသိုလ်ကောင်းမူလဲ ပြုကြပါ။ ကုသိုလ်ပြုပြီးရင်လဲ မိမိလိုရာဆုကို တောင်းကြပါလို့ တိုက်တွန်း ထားပါတယ်။ ဒီဥပရိပဏ္ဏာသအဌကထာ တိုက်တွန်းချက်ဟာ ဗုဒ္ဓဘာသာဝင်တိုင်း သတိပြုသင့်တဲ့ အချက်ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမူလဲ ပြုကြပါ။ ဆုလဲတောင်းကြပါလို့။

ဆုတောင်းရုံနဲ့ မရဘူးလို့ ဗုဒ္ဓကိုယ်တိုင် ဟောခဲ့တာ ရှိပါသလား?

ရှိပါတယ်။ တစ်နေ့မှာ ဘုရားရှင်ဟာ နာဠန္ဒမြို့ ပါဝါရိကာသူဌေး၏ ဥယျာဉ်မှာ သီတင်းသုံး နေပါတယ်။ ထိုအခါ အသိဗန္ဓက၏သား ရွာသူကြီးက အချို့သော ဗြဟ္မဏတွေဟာ သေတဲ့အခါ နတ်ပြည်ရောက်အောင် လုပ်ပေးနိုင်တယ်လို့ သတင်းကြီးနေပါတယ်။ သူတို့ပြောတဲ့အတိုင်း သူတို့ လုပ်ပေးနိုင်ပါ့မလားလို့ လျှောက်တော့ ဘုရားက ဥပမာပေးပြီး ဖြေပါတယ်။ ကျောက်တုံးကြီးကို ရေထဲပစ်ချပြီး “ဟဲ့ ကျောက်တုံး၊ ပေါ်စမ်း ပေါ်စမ်း”လို့ အမိန့်ပေးရုံနဲ့ ပေါ်ပါ့မလား၊ မပေါ်ဘူး။ မြုပ်တဲ့သဘောရှိတဲ့ ကျောက်တုံးကတော့ မြုပ်နေမှာပဲ။ ထောပတ်အိုးကို ပင်လယ်ရေအောက်မှာ သွားခွဲပြီး “ထောပတ်တွေရေအောက်မှာပဲ မြုပ်နေရမယ်” လို့ အမိန့်ပေးလို့ကော ရမလား၊ မရဘူး။ ပေါ်တဲ့သဘောရှိတဲ့ ထောပတ်ကတော့ ပေါ်မှာပဲ။

ထိုနည်းတူပဲ ဒုဂ္ဂတိဘုံကို ရောက်စေမယ့် အကုသိုလ်ဒုစရိုက်တွေကို ပြုကျင့်သူဟာ သေရင် အပါယ်လေးပါးဘုံကို ရောက်မှာပါပဲ။ ဘယ်သူကမှ နတ်ပြည်၊ ဗြဟ္မာ့ပြည်ရောက်စေမယ့် ဒါန၊ သီလ၊ ဘာဝနာ တရားတွေကို အားထုတ် ဖြည့်ကျင့်ထားတဲ့ ပုဂ္ဂိုလ်သေရင် နတ်ပြည်၊ ဗြဟ္မာပြည်ရောက်အောင် မတင်နိုင်ဘူး။ နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်စေမယ့် ဒါန၊ သီလ၊ ဘာဝနာ တရားတွေကို အားထုတ် ဖြည့်ကျင့်ထားတဲ့ ပုဂ္ဂိုလ်သေရင် နတ်ပြည်၊ ဗြဟ္မာပြည် ရောက်မှာပဲ။ ဘယ်သူကမှ အပါယ်ရောက်အောင် တွန်းမချနိုင်ဘူလို့ ဟောထားပါတယ်။

Monday 27 September 2010

ဘုရားရှင်ဟာ လူသားတွေအတွက်ဘာတစ်ခုမှ မလုပ်ပေးနိုင်ဘူးဆိုရင် ဘာအတွက်ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ် ရှိခိုးပူဇော်နေကြပါသလဲ၊ ကိုးကွယ်ဆည်းကပ်ဖို့လိုပါသေးလား?

ဘုရားရှင်ဟာ လူသားတွေအတွက် တစ်စုံတစ်ရာ မလုပ်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် ဘုရားရှင် ပွင့်တော်မှုသည်မှာ နှစ်ပေါင်း ၂၅၀၀-ကျော်ခဲ့ပါပြီ၊ ဒီကာလအတွင်း လူသားတွေဟာ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ် ရှိခိုးပူဇော်ခဲ့ကြပါတယ်။ ယနေ့တိုင်လဲ ကမ္ဘာအနှံ့ လူသားတွေဟာ ရှိခိုးပူဇော်နေကြပါတယ်။ ဘုရားရှင်ကို ဘာကြောင့် ရှိခိုးပူဇော်နေကြသလဲလို့ မေးရင်တော့ တိတိကျကျ ဖြေဆိုနိုင်တဲ့ ဗုဒ္ဓဘာသာဦးရေဟာ အတော် နည်းပါတယ်။

ဘုရားရှင်ဟာ လူသားတွေအတွက် ဆင်းရဲတွင်းက လွတ်အောင် မကယ်တင်နိုင်ဘူး။ ချမ်းသာသုခရအောင်လဲ မပို့ဆောင်ပေးဘူး။ လူသားဟာ သူ့အားသူကိုးစနစ်နဲ့ ဆင်းရဲလွတ်အောင် ချမ်းသာတဲ့ သုခဘုံကိုရအောင် ကြိုးစားအားထုတ် ရုန်းကန်ရတယ်။ ဒီလိုကြိုးစားရုန်းကန်နေတဲ့ နေရာမှာ ဆင်ကန်းတောတိုး ကြိုးစားရုန်းကန်လို့ မရဘူး။ ဘုရားပွင့်တော်မမှုမီက လူသားတွေဟာ အစမထင် သံသရာတစ်လျှောက်မှာ မီးနတ်၊ နေနတ်၊ လနတ်၊ မိုးနတ်၊ တောစောင့်နတ်၊ မြစ်စောင့်နတ်၊ တောစိုး သစ်ပင်ကြီးတွေစတဲ့ အကောင်အထည်မရှိတဲ့ သဘာဝနတ်ဘုရားတွေကို အာကိုးရာအဖြစ်နဲ့ ကိုးကွယ်အားထား ရှိခိုးပူဇော်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီ မီးနတ်၊ ရေနတ်စတဲ့ ဘုရားတွေဟာ လူသားတွေအတွက် ဘာတစ်ခုမှ လုပ်မပေးနိုင်ပါဘူး။

ဂေါတမဘုရားရှင် ပွင့်လာတဲ့အခါမှာ သင်တို့ ကိုးကွယ်နေတဲ့ မီးနတ်၊ ရေနတ်တွေရော ငါဘုရားပါ သင်တို့ဆင်းရဲကို ဆောင်မပေးနိုင်ဘူး၊ သင်တို့ ဆင်းရဲက လွတ်အောင် ချမ်းသာသုခရအောင် သင်တို့သာ အားထုတ်ကြိုးစားရမယ်လို့ အမှန်တရားကို ဟောပြောတော်မှုပါတယ်။ ဒီအခါမှာ လူသားဟာ ဆင်းရဲလွတ်အောင် ဘယ်လိုနေထိုင်ပြောဆို ကြံစည်ရမယ်၊ နတ်ရွာနိဗ္ဗာန်ချမ်းသာကိုရအောင် ဘယ်လိုကျင့်ကြံအားထုတ်ရမယ်ဆိုတာကို မသိနိုင်ဘဲ ရောင်လည်လည်ဖြစ်နေတယ်။

ဒီအခါမှာ ဘုရားရှင်က ဒီလိုနေထိုင်လုပ်ကိုင် ပြောဆိုကြံစည်တာဟာ ဆင်းရဲလွတ်ကြောင်း၊ ချမ်းသာသုခရကြောင်း ဖြစ်တယ်လို့ နည်းကောင်းလမ်းမှန်ကို ညွှန်ပြတော်မှုခဲ့တယ်။ ဘုရားရှင် ညွှန်ပြတော်မှုခဲ့တယ်။ ဘုရားရှင် ညွှန်ပြတော်မှုတဲ့အတိုင်း လူသားတွေ ကျင့်ကြံအားထုတ်ကြတဲ့အခါ ဘုရားရှင် ဟောတဲ့အတိုင်း ချမ်းသာသုခကို ရရှိကြတယ်။ ဆင်းရဲဒုက္ခတွေက ကင်းလွတ်ကြတယ်။ ဒီလို ဆင်းရဲက ကင်းလွတ်ကြောင်း၊ ချမ်းသာသုခရကြောင်းတရား လမ်းမှန်ကို ညွှန်ပြနိုင်တဲ့ ဆရာတစ်ဆူအနေနဲ့ ကျေးဇူးတုံ့ပြန်သောအားဖြင့် ကိုးကွယ်ဆည်းကပ်နေကြခြင်း ဖြစ်ပါတယ်။

ကန်တော့ရသောကုသိုလ်ကံစေတနာတို့ကြောင့်ကစပြီးရပါလို၏အရှင်ဘုရားအထိဟာဆုတောင်းဖြစ်တယ်လို့ ဆိုတယ်။ အပါယ်လေးပါးမှလွတ်ဖို့နိဗ္ဗာန်ရောက်ဖို့ဆုတောင်းလို့ရပါသလား?

အပါယ်လေးပါးဆိုတဲ့ မကောင်းတဲ့ဘုံ ဘ၀အဖြစ်ဆိုးတွေမှာ လွတ်မြောက်ဖို့နဲ့ ကောင်းမြတ်တဲ့ နိဗ္ဗာန်ကို ရဖို့ ဆုတောင်းရုံသက်သက်နဲ့ မရပါဘူး အပါယ်လေးပါးစတဲ့ မကောင်းတဲ့ ဘုံဘ၀အဖြစ်ဆိုးတွေကို ရောက်စေဖြစ်စေမယ့် အပြုအမှု အပြောအဆို အကြံအစည်တွေကို မပြု မပြောမကြံစည်မိအောင် ရှောင်ကြဉ်စောင့်ထိန်းခြင်းဖြင့် အပါယ်စတဲ့ မကောင်းတဲ့ ဘုံဘ၀ဌာနတွေက လွတ်မြောက်နိုင်ပါတယ်။

နိဗ္ဗာန်စတဲ့ ကောင်းမြတ်တဲ့ အရာကိုရဖို့ဟာလဲ ဆုတောင်းလို့မရဘူး။ နိဗ္ဗာန်ရောက်စေနိုင်တဲ့ သီလ၊ သမာဓိ၊ ပညာ စခန်းသုံးဆင့်ကို လက်တွေ့ကျင့်ကြံ အားထုတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ရောက်နိုင်ပါတယ်။

ဗုဒ္ဓဘာသာဘုရားဟာ လူသားတွေအတွက် လမ်းမှန်ကိုသာ ညွှန်ပြတယ်။ အပါယ်ဆင်းရဲရောက်မယ့်လူကိုလဲ ကိုယ်တိုင် မကယ်နိုင်ဘဲ လူ့ပြည်၊ ဗြဟ္မာပြည်၊ နတ်ပြည် ရောက်အောင်လဲ မပို့ဆောင်ပေးနိုင်ဘူး။ ဆင်းရဲဒုက္ခတွေက လွတ်ကင်းပြီး ချမ်းသာသုခကို ခံစားနိုင်ဖို့အတွက် လူသားဟာ သူကိုယ်တိုင် ကိုယ့်အားကိုယ်ကိုစနစ်နဲ့ ကြိုးစားအားထုတ်ကျင့်ကြံယူရမှာ ဖြစ်ပါတယ်။

Sunday 26 September 2010

ဒါနပြုတဲ့ လူဟာ ငွေကုန် လူပန်းတာပဲ အဖတ်တင်တယ်ဆိုတာ မှန်ပါသလား?

မမှန်ပါဘူး၊ ဒါနပြုတယ်ဆိုတာက အခုအစိုးရပင်ထောင်စပါး ၀ယ်သလိုပါပဲ။ မိုးဦးကျမှာ စိုက်ပျိုးစရိတ်တွေကို အစိုးရက ထုတ်ပေးထားပြီး စပါးပေါ်တော့ စပါး ပြန်ရပါတယ်။ ပေးလှူတာဟာလဲ ပေတဲ့အခါ ကုန်သွားတာတော့ မှန်ပါတယ်။ အခုဘ၀နဲ့ နောင်ဘ၀အဆက်ဆက်မှာ အကျိုးခံစားစေနိုင်မယ့် ကုသိုလ်ကို ကိုယ်က ပြန်ရလိုက်ပါတယ်။ ကိုယ်ပိုင်တဲ့ ပစ္စည်းကို ယခုဘ၀ တစ်သက်တာ သုံးစွဲခြင်းမဟုတ်ဘဲ နောင်သံသရာ ဘ၀အဆက်ဆက်မှာ ကိုယ်နဲ့သုံးစွဲနိုင်ဖို့ ကိုယ်နဲ့တစ်ပါတည်း ယူသွားခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ဘယ်ဘ၀ရောက်ရောက် ကိုယ်နဲ့ထပ်တူ အမြဲပါနေတဲ့အတွက် အနူဂါမိက=ရွှေအိုး ကိုယ်နဲ့အမြဲပါနေတဲ့ ရွှေအိုးကြီးနဲ့ တူတယ်လို့ ကျမ်းဂန်မှာ ပြထားပါတယ်။

ဒီနေ့ ကျွန်ုပ်တို့ပိုင်နေတဲ့ ငွေတွေဟာ ဒီမြန်မာပြည်မှာသာ သုံးလို့ရပါတယ်။ အမေရိကန်ဒေါ်လာသုံးတဲ့ နိုင်ငံကိုသွားတော့မယ်ဆိုရင် မြန်မာငွေလဲဌာနမှာ ထားခဲ့ပြီး ချက်လက်မှတ်သာ ယူသွားရသလိုပါပဲ။ အလှူဒါနပြုတယ် ဆိုတာက မြန်မာငွေတွေကို ငွေလဲရေးဌာနမှာ သွင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ချက်လက်မှတ် ထုတ်ယူသွားသလို ကုသိုလ်စေတနာဆိုတဲ့ ချက်လက်မှတ်ကို ထုတ်ယူသွားခြင်း ဖြစ်ပါတယ်။

လူတိုင်းဟာ ဘ၀သံသရာခရီးကို သွားကြရမှာ ဖြစ်တော့ သံသရာခရီးမှာ သုံးလို့ရမယ့် စွဲလို့ရမယ့် ဒါန ချက်လက်မှတ်ကိုလဲ လဲလှယ်ထားကြဖို့ အထူး လိုအပ်ပါတယ်။

နိဗ္ဗာန်ရောက်ကြောင်း အကျင့်သီလ၊ သမာဓိ၊ ပညာ သုံးဆင့်သာ ပြပါတယ်။ ဒါနမပါဘူး မဟုတ်လား?

မှန်ပါတယ်။ သီလ၊ သမာဓိ၊ ပညာအဆင့်ဆင့်တက်သွားရင် နိဗ္ဗာန်ရောက်သွားပါမယ်။ ဒါပေမယ့် နိဗ္ဗာန်ခရီးကို တစ်ဘ၀တည်းသွားလို့ရောက်တာ မဟုတ်ပါဘူး၊ တကယ်လို့သာ အခု တစ်ဘ၀တည်းနဲ့ နိဗ္ဗာန်ရောက်မှာ သေချာတယ်ဆိုရင်တော့ ဒါနမပြုလဲ ဖြစ်နိုင်ပါတယ်။

လူသူမရှိတဲ့ တောတောင်ကြီးထဲမှာ ၀ါးသွားခုတ်မယ့် လူဟာ အဓိကလက်နက်ဖြစ်တဲ့ ဓားတွေလွှတွေ ကြိုးတွေ ပါရုံလောက်နဲ့ မလုံလောက်ပါဘူး။ သုံးရက် ငါးရက်ကြာမယ်ဆိုရင် သုံးရက်၊ ငါးရက်စာ ရိက္ခာပါဖို့လိုပါတယ်။ ရိက္ခာမပါရင်တော့ သူ့ရဲ့ အဓိကလုပ်ငန်း သစ်ဝါးတွေကို မခုတ်မသယ်နိုင်တော့ပါဘူး။ အလားတူပါပဲ။ သံသရာခရီးပေါင်း ဘယ်လောက် လျှောက်ကြရဦးမယ်လို့ မသိကြတဲ့လူတွေဟာ ဒီခရီးရှည်အတောအတွင်းမှာ စားသုံးဖို့ ရိက္ခာလိုပါတယ်။


ဒါနဟာ အကောင်းဆုံး ရိက္ခာထုပ် ဖြစ်ပါတယ်။ ဒါနံ ပါထေယျမုတ္တမံ-လို့ ဟောပါတယ်။ ဒါကြောင့် ဒါနဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်မဟုတ်ပေမယ့် နိဗ္ဗာန်လမ်း ခရီးရှည်ကြီးကို လျှောက်တဲ့အခါမှာ မရှိမဖြစ် လိုအပ်တဲ့ ရိက္ခာထုပ်ကြီးဖြစ်လို့ မလွဲမသွေ ပြုလုပ်ရမယ့် ဘာသာရေး လုပ်ငန်းကြီး ဖြစ်တယ်လို့ မှတ်ကြရပါမယ်။

ဥစ္စာပစ္စည်း ရှာဖွေရရင် ဘယ်လို ခွဲခြမ်းဝေဖန်ရမလဲ?

ကောသလ သံယုတ်မှာ သူဌေးကြီး တစ်ဦးဟာ သိန်း၈၀-ကြွယ်ဝပါတယ်။ မစားရက်၊ မလှူရက်ဘူး၊ နေ့စဉ် ပုန်းရည်နဲ့ ဆန်ကွဲထမင်းစားတယ်။ သူသေတော့ သူ့ပစ္စည်း ဘုရင်သိမ်းသွားပါတယ်။ ဒါကို အကြောင်းပြုပြီး ဘုရားရှင်က -

လူသူမရှိရာ တောထဲ၌ ဘယ်သူမျှ သောက်သုံးရခြင်း မရှိဘဲ ခြောက်ခန်းသွားသော ရေကန်ကြီးပမာ လူညံ့များ ဥစ္စာရသော် မိမိလည်း မစားရက်၊ သူတစ်ပါးကိုလည်း မပေးရက်ကြ။ ပညာရှိကား ဥစ္စာရသော် မိမိလည်း သုံးစား။ အများကိစ္စလည်း ဆောင်ရွက်လျက် ဆွေမျိုးအပေါင်းကို ကျွေးမွေးကာ အကဲ့ရဲ့ မခံရ။ အချီးမွမ်းသာခံရ၍ သေသော် နတ်ပြည်သို့သာ ရောက်ရ၏။ လို့ ဟောထားပါတယ်။

ဒီတော့ ကိုယ်ရှာလို့ ရရှိတဲ့ ပစ္စည်း ဥစ္စာကို ပညာရှိသုံး သုံးနိုင်ကြဖို့ အထူးသတိပြုသင့်ပါတယ်။

အကျိုးကြီးအောင် ဘယ်လိုလှူရမလဲ?

မလှူမီ ၀မ်းမြောက်၊ လှူဆဲမှာ စိတ်ကြည်လင်၊ လှူပြီးဝမ်းမြောက် ကြည်နူးခြင်းဆိုတဲ့ ဒကာဘက်က အင်္ဂါ ၃-ပါး၊ အလှူခံဘက်က ရာဂ-ဒေါသ-မောဟ ကင်းပြီးသူ၊ ကင်းအောင်ကျင့်နေသူ ဖြစ်တယ်ဆိုတဲ့ အင်္ဂါ ၃-ပါးနဲ့ ပြည့်စုံရင် အကျိုးကြီးပါတယ်။

မဟာသမုဒ္ဒရာရေကို နိုင်းဆမရသလို ဒီအင်္ဂါ ၆-ပါးနဲ့ညီတဲ့ အလှူရဲ့ အကျိုးကျေးဇူးကိုလဲ နိုင်းယှဉ်ရေတွက်မရဟု အင်္ဂုတ္ထိုရ်ဆက္ကနိပါတ် နန္ဒမာတာ ဥပါသိကာရဲ့ အလှူအကြောင်း ဘုရား ဟောထားပါတယ်။

ဒါနဟာ သံသရာ ရှည်စေတယ်ဆိုတာ မှန်ပါသလား?

မဟုတ်ပါဘူးး။ သံသရာမှ လွတ်မြောက်လိုတဲ့ အလောင်းတော်တွေဟာ ဒါနဟာ သံသရာမှ ထွက်မြောက်ကြောင်းဖြစ်လို့သာ ဒါနပါရမီကို ပြုလုပ်ကြပါတယ်။ ပါရမီ ၁၀-ပါးမှာ ဘုရားလောင်းတွေဟာ ဒါနပါရမီကို ပထမဆုံးဖြည့်ကြပါတယ်။

အလောင်းတော်ဟာ မိမိအတွက် ခုဘ၀ နောက်ဘ၀ သာယာရေးအတွက် ဘာတစ်ခုမျှ မတောင့်တကြ၊ သတ္တ၀ါအများ ကောင်းစားစေလို ချမ်းသာစေလိုသော စေတနာသာထား၍ လှူဒါန်းပေးကမ်းကြတယ်။ ဤဒါနမျိုးကို ပါရမီမြောက်ဒါနလို့ ခေါ်ပါတယ်။

အကယ်၍ တောင့်တလိုလျှင်လည်း သံသရာမှ လွတ်မြောက်ရေးအတွက် နိဗ္ဗာန်ကိုသာ တောင့်တ၏။ ထိုတဏှာမှ လွတ်ရာနိဗ္ဗာန်ကို တောင့်တသော ၀ိဝဋ္ဋနိဿိတဒါနသည် သံသရာကို မရှည်စေသည့်ပြင် သံသရာမှ မြန်စွာ လွတ်မြောက်ကြောင်းပင် ဖြစ်နိုင်ပါတယ်။

ကျမ်းဂန်တွေမှာ ဆင်ဖြူတော်လှူစဉ် ဇေတ၀န် ကျောင်းတော်ကြီး လှူတဲ့အခါ ရေစက်ချလှူတယ်လို့ ပါတယ်။ ဒီနေ့ မြန်မာတွေ ရေစက်ချသလို ချပါသလား?

ကျမ်းဂန်ထဲမှာပါတဲ့ ရေစက်ချနည်းကတော့ အလှူခံပုဂ္ဂိုလ်ရဲ့ လက်ထဲကို အလှူရှင်က ရလောင်းချ လိုက်တယ်လို့ ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ ဆင်ဖြူတော် ကျောင်းတော်ကြီးတွေဟာ မ,ချီပြီး ကိုယ်ထိလက်ရောက် သာဟတ္ထိကဒါန မြောက်ဖို့အတွက် အဲဒီ မ,ချီ မမနိုင်တဲ့ ဆင်ကြီး၊ ကျောင်းကြီးတွေ အစားရေကို ကိုယ်ထိ လက်ရောက် လှူတာဖြစ်ပါတယ်။

မြန်မြာ့ပည် ရေစက်ချည်းကတော့ ကိုယ်ထိလက်ရောက် လှူဒါန်းမူကို ကိုယ်စားမပြုဘဲ အလှူတကာ ကိုယ်စား ဘုန်းတော်ကြီးက ဆုတောင်း အမျှဝေပေးတဲ့အခါ အလှူရှင်ဒကာက စိတ်မပျံ့လွင့်အောင် ရေကို တစ်စက် တစ်စက် ချခိုင်းတယ်လို့ ထင်ရပါတယ်။ ဒီလို တစ်စက် တစ်စက် ချတာကိုကြည့်ပြီး ရေစက်ချတယ်လို့ တွင်နေတာ ဖြစ်ပါတယ်။ ကျမ်းဂန်တွေမှာတော့ ဒက္ခိဏောဒကံ = မြတ်သော အလှူရေကို၊ ပါတေတွာ = ကျစေ၍၊ (၀ါ) ချ၍လို့သာ ဆိုတယ်။ ဥဒကဗီန္ဒုံ = ရေစက်ကို၊ ပါတေတွာ = ကျစေ၍၊ ၀ါ၊ ချ၍လို့တော့ မတွေ့ရပါဘူး။

Saturday 25 September 2010

ရေစက်မချဘဲ အလှူမြောက်ရင် ဘာဖြစ်လို့ ဗုဒ္ဓဘာသာတွေဟာ အလှူလှူပြီးရင် ရေစက်ချနေကြသလဲ?

ရေစက်ချတယ်ဆိုတာက ဆုတောင်း အမျှဝေခြင်းကို လူတွေကိုယ်စား ဘုန်းကြီးတွေက ဆိုပေးတာ ဖြစ်တယ်။ လူတွေ စနစ်တကျ မဆိုတတ်လို့ ဘုန်းကြီးတွေက ဆိုပေးထားခြင်း ဖြစ်ပါတယ်။

စေတီ ရုပ်ပွား တည်ထားတဲ့ အလှူရှင်တွေဟာ အလှူခံမရှိလို့ ဒါန မမြောက်ဘူးလား?

မြောက်ပါတယ်။ လူတွေ သွားလာရာ ခရီးလမ်းဆုံမှာ ရေတွင်းရေကန် တူးထားလိုက်လျှင် ခရီးသွားများ ခပ်ယူသုံးဆောင်နိုင်၏။ ခရီးသွား ခပ်သုံးသူများသည် အလှူခံဖြစ်နိုင်သကဲ့သို့ စေတီရုပ်ပွား တည်ထား ပေးလိုက်ပါက နောင်လာနောက်သားတို့ ဖူးမြော်ရင် အဲဒီဖူးမြော်သူတွေဟာ အလှူခံသဘော သက်ရောက်တဲ့အတွက် ရုပ်ပွားစေတီ တည်ထားမှုဟာ ဒါနမြောက်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါနမြောက်ဖို့ အင်္ဂါဘယ်နှစ်ပါး ရှိပါသလဲ၊ အလှူပေးတဲ့ အခါမှာ ရေစက်ချမှ အလှူမြောက်ပါသလား?

(၁) အလှူပေး ပုဂ္ဂိုလ်၊

(၂) အလှူခံ ပုဂ္ဂိုလ်၊

(၃) လှူဖွယ် ၀တ္ထု၊

(၄) လှူလိုသော စေတနာ၊

ဒီအင်္ဂါ ၄-ချက် ညီညွတ်ပြည့်စုံမှ အလှူမြောက်ပါတယ်။

ဒါနလက္ခဏာ ၄-ပါးမှာ ရေစက်ချခြင်လို့ မပါတဲ့အတွက် အင်္ဂါ ၄-ပါးပြည့်စုံရင် ရေစက်မချလဲ အလှူမြောက်ပါတယ်။

စွန့်လွှတ်ပေးကမ်းမူဟူသမျှကို ဒါနလို့ ခေါ်ရပါသလား?

ကြောက်၍ ပေးခြင်း၊ ပြန်ပေး ဓားပြတွေကို ငွေပေးရခြင်းမျိုး၊ လာဘ်ကို မျှော်ကိုး၍ ပေးခြင်း၊ သူတို့ဆီက လက်ဆောင်လိုချင်၍ ကိုယ်က လက်ဆောင်ယူသွားခြင်းမျိုး၊ ချစ်ကြိုက်၍ ပိုးကြေးပန်းကြေး ပေးခြင်းမျိုးမှာ ဒါနမဖြစ်ပါ။

ဒါနံ နာမ ပရံ ဥဒ္ဒိဿ သုဗုဒ္ဓိ ပုဗ္ဗိကာ အန္နာဒိဒသဒါန၀တ္ထု ပရိစ္စာဂစေတနာ=ဒါနဆိုတာ သူတစ်ပါးကို ရည်ရွယ်၍ ကံ ကံ၏အကျိုးကို ယုံကြည်သော ကမ္မဿကတဥာဏ် ရှေ့သွားရှိတဲ့ စွန့်လှူကြောင်း စေတနာ၊ ထိုစေတနာအရ ပေးလှူမှုကိုသာ ဒါနလို့ ခေါ်ရပါတယ်။

ဒါနံ ဒေတိ=အလှူကို ပေးလှူ၏ ဆိုတဲ့စကားမှာ စေတနာတွေကို ပေးလိုက်တာလား?

ဒါနံဒေတိဆိုတဲ့ စကားမှာတော့ စေတနာကို ဒါနလို့ မခေါ်ပါဘူး။ လှူဒါန်းဖွယ်ရာ ပစ္စည်းဝတ္ထုတွေကို ဒါနလို့ ခေါ်ရတယ်။ ဒါကြောင့် အထက်ပါ ပါဠိဝါကျကို မြန်မာပြန်ရင် ဒါနံ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးစသော လှူဖွယ်ပစ္စည်းကို။ ဒေတိ၊ ပေးလှူ၏လို့ ပြန်ရမယ်။ လှူဖွယ်ပစ္စည်းတွေကို ၀တ္ထုဒါနလို့ ခေါ်ရတယ်။

ဒါန = အလှူပေးတယ်ဆိုတာ ဘာလဲ?

ဒါန = အလှူပေးတယ်ဆိုတာက ပေးလှူလိုတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်တဲ့ စေတနာကို ဒါနလို့ ခေါ်ပါတယ်။ စေတနာရှိမှ ပေးလှူဖြစ်တယ်။ စေတနာမရှိက မပေးလှူဖြစ်။ ဒါန ဖြစ်မြောက်ရေးမှာ စေတနာက အကြောင်းရင်းဖြစ်လို့ စေတနာကို ဒါနလို့ ခေါ်ရတယ်။ စေတနာ ဒါနလို့ ခေါ်ပါတယ်။

အဲဒီ စေတနာနဲ့ အတူတကွဖြစ်တဲ့ လိုချင်တပ်မက်မှုမရှိဘဲ စွန့်လွှတ်ပေးကမ်းမှု အလောဘကိုလဲ ဒါနလို့ ခေါ်နိုင်ပါတယ်။ လောဘစိတ်များနေရင် အလှူမဖြစ်ဘူး။ လောဘနည်းမှသာ အလှူဖြစ်ပါတယ်။

သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်တွေ သေရင် ဘယ်ဘ၀မှာ ဘာသွားဖြစ်သလဲ?

သောတာပန် ပုဂ္ဂိုလ်ဟာ လောကီစည်းစိမ်တွေကို ခံစားမေ့လျော့နေရင် အများဆုံး (၇)ဘ၀ လူပြန်ဖြစ်နိုင်တယ်။ တစ်ဘ၀ နှစ်ဘ၀အတွင်းမှာလဲ အထက်မဂ်ဖိုလ်တွေကို ရသွားနိုင်ပါတယ်။ (၇)ဘာဝထက်တော့ ပိုပြီး ပဋိသေန္ဓမနေနိုင်ပါဘူး၊။ သကဒါဂါမ်ပုဂ္ဂိုလ်ဟာ သေပြီး လူ့ပြည့်မှာ တစ်ကြိမ်ပဲ ပြန်ဖြစ်နိုင်တယ်။ အနာဂါမ်ပုဂ္ဂိုလ်ကတော့ သေပြီးရင် လူ့ပြည်မှာ လူပြန်မဖြစ်ရပါဘူး။ အထက် ဗြဟ္မာ့ဘုံမှာ ဖြစ်ပြီး ရဟန္တာဖြစ်ကာ နိဗ္ဗာန်ကို ရောက်ရတယ်။ ရဟန္တာပုဂ္ဂိုလ် သေရင်တော့ ချုပ်ငြိမ်းပြီး တဏှာ ကုန်ခမ်းရာ အေးငြိမ်းချမ်းသာတဲ့ နိဗ္ဗာန်ရောက်သွားပါတယ်။

ဈာန်အဘိညာဉ်တွေရပြီး ၀ိပဿနာရူပြီး မဂ်ဖိုလ်ရအောင် အားထုတ်လို့ ဖြစ်ပါသလား၊ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေဟာ ဈာန်ပြန်လျှောသလို မဂ်ရတဲ့ပုဂ္ဂိုလ်တွေဟာ မဂ်ပြန်လျှောတ

ဖြစ်ပါတယ်။ ဈာန်အဘိညာဉ်တွေက တစ်ဆင့် မဂ်ဖိုလ်ကို ကူးတာလဲ ရှိပါတယ်။

မဂ်ဖိုလ်ရတဲ ပုဂ္ဂိုလ်တွေဟာ မဂ်ဖိုလ်က ပြန်မလျှော့တော့ပါဘူး။ ရပြီးတဲ့ မဂ်ဖိုလ်ဟာ မြဲပါတယ်။ အထက်ဆင့်၊ အထက်မဂ်ကိုသာ တဆင့်ပြီးတစ်ဆင့် တက်သွားပါတယ်။ အရိယာပုဂ္ဂိုလ်က ရိုးရိုး ပုထုဇဉ်ပြန်ဖြစ်တယ်လို့တော့ မရှိပါဘူး။

ဝိပဿနာကို ဆက်မရူဘဲ သမထကို ဆက်ပွားရင် ဘာဖြစ်မလဲ။ ဈာန်ရပုဂ္ဂိုလ်သေရင် ဘယ်မှာ ဖြစ်မလဲ?

ရပါတယ်။ သမထ အားထုတ်လို့ မမာဓိအားကောင်းတဲ့အခါ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ဆိုတဲ့ ဈာန်လေးဆင့်ကို ရမယ်။ ဈာန်ရအဖြစ်နဲ့ သေရင် ဗြဟ္မာဘုံ ၂၀-မှာ ဗြဟ္မာဖြစ်ပြီး ဈာန်ချမ်းသာကို စံစားနေနိုင်မယ်။ ဗြဟ္မာ့ပြည်ဆိုတာက အသက်မွေးဝမ်းကျောင်းမှု ဘာစီးပွားရေးမှ လုပ်စရာမလိုဘူး။ ဘာအာဟာရမှ စားစရာလဲမလိုဘူး၊ လောကီ အာရုံငါးပါးကိုလဲ မခံစားကြတော့ဘူး။

ပြီးတော့ သမာဓိအား ကောင်းတဲ့အခါ ရှေးဘ၀ကို ပြန်မြင်နိုင်တယ်။ ပုဗ္ဗေနိဝါသာနူဿတိ အဘိညာဉ်၊ အဝေးကို လှမ်းမြင်နိုင်တယ်၊ ဒီဗ္ဗစက္ခု အဘိညာဉ် အဝေးက အသံကို လှမ်းကြားနိုင်တယ်။ ဒီဗ္ဗသောတ အဘိညာဉ် (အကြားအမြင် ပေါက်တယ်)၊ တန်ခိုးဖန်ဆင်းနိုင်တယ်။ ဣဒ္ဓိဝိဓအဘိညာဉ်၊ သူတစ်ပါးစိတ်မှာ ဘာတွေစိတ်ကူးနေတယ်ဆိုတာ သိနိုင်တယ်၊ ပရစိတ္တ၀ိဇာနန အဘိညာဉ်တွေကို ရနိုင်တယ်။ ဒါဟာ သမထရဲ့ စွမ်းအားတွေပဲ။

သမထမပါဘဲ ၀ိပဿနာကို ရူမှတ်အားထုတ်လို့ ရပါသလား?

ပါရမီ ရင့်ပြီး ဥာဏ်အမြင်ရင့်နေသူတွေဟာ စိတ်တည်ငြိမ်မှု သမာဓိရဖို့အတွက် သမထဘာဝနာကို အားထုတ်စရာ မလိုပါဘူး၊ ဘုရားရှင်လက်ထက် တရားဟောတော်မှုပြီး သောတာပန်စသည် ဖြစ်သွားတယ် ဆိုတာ ဒီလို ပုဂ္ဂိုလ်တွေပါပဲ။

ဒါပေမယ့် သာမန်ပုဂ္ဂိုလ်တွေမှာတော့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဆင့်သုံးဆင့်ကို အစဉ်အတိုင်း တက်ရပါတယ်။ ရှေးဦးစွာ အကျင့်သီလ စင်ကြယ်ရမယ်၊ နောက်သမာဓိရအောင် စိတ်တည်ငြိမ်အောင် သမထကို အားထုတ်ရမယ်။ ပြီးမှ ရုပ်နာမ်ဇမ္မတွေကို ရူပြီး ၀ိပဿနာကို ပွားရပါမယ်။

တရားထိုင်တယ်ဆိုတာ ဘာလဲ၊ တရားထိုင်တော့ ဘာဖြစ်မလဲ?

တရားထိုင်တယ်ဆိုတာက ဗုဒ္ဓဘာသာတွေရဲ့ လိုရင်းအကျဆုံး အဆင့်မြင့်ဆုံး ကျင့်ဝတ်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ပန်းတိုင်က ရုပ်နာမ်တို့ချုပ်ရာ တဏှာကုန်ခန်းရာ နိဗ္ဗာန်ကို ရောက်ဖို့ဖြစ်ပါတယ်။ အဲဒီနိဗ္ဗာန်ရောက်ဖို့အတွက် သတိပဌာန်တရားကို အားထုတ်ကြတယ်၊ အားထုတ်တဲ့အခါ၊ ဘုရားရှေ့၊ သို့မဟုတ် ဆိတ်ငြိမ်ရာနေရာမျာ ကိုယ်ကို မတ်မတ်ထားထိုင်ပြီး ထွက်သက် ၀င်သက်ကို မလွတ်တမ်းသိအောင် နှာသီးဖျား နူတ်ခမ်းဖျား တိုးထွက်သွားတာကိုသိအောင် သတိနဲ့ ရူမှတ်ရပါတယ်။

လက်တွေ့ အားထုတ်နည်းအကျယ်ကိုတော့ ၀ိသုဒ္ဓိမဂ်စတဲ့ တရားအားထုတ်နည်း စာအုပ်တွေဖတ်၊ ဆရာကောင်း (သို့မဟုတ်) ရိပ်သာတစ်ခုကို ချဉ်းကပ်ပြီး လေ့လာ အားထုတ်သင့်ပါတယ်။

ဝိပဿနာ ကမ္မဌာန်းဆိုတာဘာလဲ၊ ၀ိပဿနာအားထုတ်ရင် ဘာဖြစ်မလဲ?

ရှိရှိသမျှ ရုပ်နာမ်ဓမ္မ သင်္ခါရတွေဟာ အမြဲမရှိ ဆင်းရဲ၏၊ အစိုးမရဟု အဖန်ဖန် ရူမြင်သုံးသပ်မှုကို ၀ိပဿနာလို့ ခေါ်ပါတယ်။ ဒီလက္ခဏာသုံးပါးကို အထပ်ထပ်ရူမြင် သုံးသပ်ရင် ရုပ်နာမ်တရားတွေကို တပ်မက်စွဲလမ်းမူ မဖြစ်တော့ဘူး၊ မတပ်မက်ရင် ငြီးငွေ့လာမယ်။ ငြီးငွေ့ရင် ဒီရုပ်နာမ်တွေ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာအဆင့်ဆင့် ဖြစ်သွားနိုင်တယ်။

ရဟန္တာဖြစ်ပြီးရင်တော့ ဘာသာရေးကိစ္စလမ်းဆုံးပြီ၊ နောက်မဂ်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှလုပ်စရာ မလိုတော့ဘူး။ လောကီဈာန် အကြားအမြင်တွေလိုလဲ တစ်ခါပြန်ပျောက်သွားရိုး မရှိဘူး၊ ဒါ ၀ိပဿနာ ရူလို့ရတဲ့ အကျိုးဖြစ်ပါတယ်။ အရဟတ္တမဂ်ကိုရမှု ရဟန္တာဖြစ်မှုဟာ ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်ပါပဲ၊ ရဟန္တာ အဖြစ်ထက်ပိုမြင့်တဲ့ ဘာသာရေးရည်မှန်းချက် မရှိတော့ပါဘူး။

သမထ ကမ္မဌာန်းဆိုတာဘာလဲ၊ သမထအားထုတ်ရင် ဘာဖြစ်မလဲ?

သမ္မထ ကမ္မဌာန်းတွေဟာ ကိလေသာ အပူတွေကို ငြိမ်းအေးစေသောကြောင့် သမထလို့ ခေါ်ပါတယ်။ သမထကမ္မဌာန်း လေးဆယ်ထဲက တစ်ပါးပါးကို စွဲစွဲမြဲမြဲ ပွားများနေရင် ကိလေသာ ငြိမ်းပြီး စိတ်ဓာတ် တည်ငြိမ်မှုကိုရမယ်။ ဒီသမထ အားကောင်းလာရင် ဈာန် ၄-ပါး အဆင့်ဆင့်ကိုရမယ်၊ ဒိဗ္ဗစက္ခုခေါ် အမြင်ဓာတ်၊ ဒိဗ္ဗသောတခေါ် အကြားဓာတ်၊ ပရစိတ္တ၀ိဇာနနခေါ် သူတပါးရဲ့ စိတ်ကိုသိမြင်မှု၊ ပုဗ္ဗေနိဝါသာနူဿတိခေါ် ရှေးဘ၀တွေကို ပြန်လည်အောက်မေ့မြင်သိနိုင်မှု၊ ဣဒ္ဓိဝိဓခေါ် တန်ခိုးဖန်ဆင်းနိုင်မှုစတဲ့ လောကီအသိညာဉ် တွေ ရနိုင်တယ်။

သမထ အားကောင်းပြီး စိတ်တည်ငြိမ်နေတဲ့ ပုဂ္ဂိုလ်ဟာ လောကီလိုင်းဖြစ်တဲ့ ဈာန်အဘိညာဉ်တွေကို မသွားဘဲ ရုပ်နာမ်တရားတွေရဲ့ မမြဲမှု၊ ဆင်းရဲမှု အစိုးမရမှုကို သုံးသပ်ဆင်ခြင်ခြင်းဖြင့် ၀ိပဿနာနယ်ကို ကူးလိုက်ရင် ဈာန်အဘိညာဉ်မရဘဲ သောတာပန်၊ သကဒါဂမ်၊ အနာဂါမ်၊ ရဟန္တာအဆင့်ဆင့် ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ သမထရဲ့ အစွမ်းတွေပါပဲ။

အကြားအမြင်ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ နောက်ပိုင်းမှာ ဘာဖြစ်လို့ အကြားအမြင်တွေ မကြည်လင်ဘဲ အမှားမှားတွေ ဖြစ်ကုန်ကြပါသလဲ?

အကြားအမြင်ရတယ်။ တန်ခိုးဖန်ဆင်းနိုင်တယ်ဆိုတာတွေဟာ လောကီတရားတွေ၊ လောကီ အဘိညာဉ်တွေ ဖြစ်ပါတယ်။ လောကီ အဘိညာဉ်တွေဟာ သမာဓိအားကောင်းတဲ့အခါ ဖြစ်ပေါ်လာပြီး သမာဓိအားနည်းတဲ့အခါ ပျောက်ကွယ်နိုင်ပါတယ်။

သမာဓိအားနည်းသွားတော့ လောဘ။ ဒေါသစတဲ့ နီဝရဏတရားတွေ ၀င်လာပါတယ်။ အဲဒီအခါမှာ အကြားအမြင်တွေ ဈာန်တန်ခိုးတွေဟာ ပျောက်ကွယ်သွားပါတယ်။ လောကီဖြစ်တဲ့ ဈာန်အဘိညာဉ်တွေဟာ လောကုတ္တရာဖြစ်တဲ့ မဂ်ဖိုလ်တရားတွေလို မမြဲပါဘူး။ သောတာပန် သကဒါဂါမ်စတဲ့ လောကုတ္တရာ တရားတွေက တစ်ခါရပြီးပြန်ပြီ၊ ပျောက်ကွယ်တယ်လို့ မရှိပါဘူး။ ဈာန်တွေ အကြားအမြင်တွေကတော့ ပြန်ပျောက်ကွယ်သွား နိုင်တယ်လို့ မှတ်ရပါမယ်။

ဒါကြောင့် အချို့အကြားအမြင် ပေါက်သူတွေဟာ လာဘ်လာဘ၊ ဘုန်းကြီးမူ လောဘဘက်ကို လိုက်သွားတဲ့အခါ အကြားအမြင်တွေဟာ မမှန်တော့ဘဲ ဖြစ်ရပါတယ်။

သမထအားထုတ်လို့ အကြားအမြင်ရတယ်ဆိုတာ မှန်ပါသလား။ ကျမ်းဂန်မှာ ဆိုပါသလား?

မှန်ပါတယ်။ တကယ်အားထုတ်လို့ သမာဓိအား တကယ်ကောင်းလာရင် အကြားအမြင် ရနိုင်ပါတယ်။ ဒိဗ္ဗစက္ခုနတ်မျက်စိ၊ ဒိဗ္ဗသောတ နတ်နားရတယ်လို့ ဆိုပါတယ်။ အာဒေသနာ ပါဋိဟာရိယလို့ ခေါ်ပါတယ်။

ဂုဏ်တော်တွေကို ဥာဏ်မှာမထင်မြင်ဘဲ အရဟံ အရဟံ အရဟံ အနိစ္စ ဒုက္ခ အနတ္တ စသည်ကိုဆိုပြီး ပုတီးလုံးတွေ ချသွားတာ မှန်ပါသလား?

မမှန်ပါဘူး၊ ပုတီး ဘယ်နှပတ် စိပ်မယ်ဆိုတဲ့ အဓိဌာန်အရ အနက်အဓိပ္ပာယ်ကို မစဉ်းစားဘဲ အမြန်ဆို အမြန်စိပ်သွားတာက အကျိုးမများလှပါဘူး။ ဒါကြောင့် ပုတီးပတ် မပြည့်ချင်နေပါစေ။ ပုတီးအပတ်ရေ နည်းချင်နည်းပါစေ၊ ဂုဏ်တော်တွေကို တကယ်ဥာဏ်မှာ ပေါ်လာအောင် ရုပ်နာမ်တရားတွေရဲ့ မမြဲပုံ ဆင်းရဲပုံ အစိုးမရပုံ ပေါ်လာအောင် ဆင်ခြင် ရူမှတ်ရပါမယ်။ ပုတီးစိပ်တယ်ဆိုတာ နာမ်လုပ်ငန်း စိတ်လုပ်ငန်း ဖြစ်ပါတယ်။

စိတ်ဟာ မပျံ့လွင့်ဘဲ ကမ္မဌာန်းအာရုံ ဂုဏ်တော်တွေပွားများမှုထဲမှာ တည်ငြိမ်နေယင် လောဘ ဒေါသ မောဟတွေ မဖြစ်ဘူး။ အကုသိုလ်စိတ်တွေ မ၀င်ဘူး၊ ဒီလို စိတ်တည်ငြိမ်ဖို့အတွက် သမထ ဘာဝနာကို ပွားရတယ်။ ဂုဏ်တော်ပုတီး စိပ်ရတယ်၊ ပုတီးစိပ်တဲ့နေရာမှာ အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးပါတယ်။ ဒါကြောင့် ပုတီးကို အပြေးမစိပ်ပါနဲ့။

ပုတီးစိပ်မပါဘဲ ဂုဏ်တော်တွေကို အောက်မေ့ အနိစ္စ ဒုက္ခ အနတ္တကို ရူလို့ ရပါသလား?

ရပါတယ်။ အတူတူပါပဲ၊ ပိဋကထဲမှာလဲ စိတ်မှာ ပွားများဆင်ခြင်ဖို့ ဥာဏ်နဲ့မြင်အောင် ရူဖို့သာ ဆိုပါတယ်။ ဒါကြောင့် ပုတီးမပါဘဲ ရပါတယ်။ ပုတီးမပါဘဲ ဂုဏ်တော်တွေနဲ့ လက္ခဏာသုံးပါးကို ဆင်ခြင်ရူပွားနိုင်ရင်တော့ ပိုပြီး အဆင့်အတန်း မြင့်တာပေါ့။ ဒါကြောင့် အခုခေတ် ကမ္မဌာန်းရိပ်သာတွေမှာ ပုတီးမပါဘဲ သမထ၀ိပဿနာတွေကို ရူဖို့သာ သင်ပြကြပါတယ်။ ပုတီးစိပ်ဖို့ သိပ်မသင်ပြကြပါဘူး။

လက်တွေ့ဂုဏ်တော် ပုတီးစိပ်နည်းက ဘယ်လိုလဲ?

ဘုရားရှေ့မှာ သက်သာသလို ထိုင်ပြီးတော့ ဖြစ်ဖြစ်၊ ပက်လက်ကုလားထိုင်၊ ခုတင်ပေါ်မှာ သက်သာသလိုထိုင်ပြီး၊ လှဲလျောင်းပြီး ဖြစ်ဖြစ်၊ အခြားအာရုံတွေကို စိတ်မရောက်အောင် မျက်စိကိုမှိတ်ထားပြီး (ဘေးပတ်ဝန်းကျင် အသံများ တိတ်ဆိတ်နေချိန်ဆိုလျှင် ပိုကောင်းသည်၊) မိမိ စိတ်အာရုံထဲမှာ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ ပုံပေါ်လာအောင် အာရုံပြုပါ။ ပြီးမှ ဘုရားဂုဏ်တော် ကိုးပါးထဲက အရဟံဂုဏ်တော် တစ်မျိုးတည်းကို အရဟံ တစ်ခါဆို ပုတီးတစ်လုံးချ၊ အရဟံ တစ်ခါဆို ပုတီးတစ်လုံးချပြီး ပါဠိလို စိပ်ချင်လဲ စိပ်နိုင်ပါတယ်။ အရဟံ အရဟံဆိုပြီး ပါဠိလိုစိပ်ရင် ပူဇော်အထူးကို ခံယူတော်မူ ထိုက်သောမြတ်စွာဘုရားဆိုပြီး ပုတီးတစ်လုံးချ၊ ဒီလို မြန်မာလို ပွားများတာက ပိုကောင်းပါတယ်ရှင်။

ဂုဏ်တော်ကိုးပါးထဲက အခြားဂုဏ်တော် တစ်ခုခုကိုလဲ ဒီအတိုင်း စိပ်နိုင်ပါတယ်။ ဘုရားရှင်ကို အာရုံပေါ်မှာ စိတ်တည်ငြိမ်နေဖို့ မိမိစိတ်အစဉ်မှာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေသာ ထင်မြင်နေဖို့လိုပါတယ်။ ဂုဏ်တော် တစ်ပါးတည်းကို မဟုတ်၊ ဂုဏ်တော်ကိုးပါးကို တစ်ပါးပြီး တစ်ပါးဆက်ပွား၊ ဘဂ၀ါပြီး အရဟံ ပြန်ဆက်ပွားရင်လဲ ရပါတယ်။ ကိုယ် တတ်မှတ်ထားတဲ့ ပုတီးပတ်ကို ရတော့ ရပ်လိုက်ရုံပါပဲ။

ဝိပဿနာ ဘာဝနာပွား၍ ပုတီးစိပ်နည်းကတော့ မြင်မြင်သမျှ သင်္ခါရတွေရဲ့ မမြဲပုံ ဆင်းရဲပုံ အစိုးမရပုံတွေကို ဥာဏ်မှာဆင်ခြင်ပြီး နာမရူပံ အနိစ္စ = နာမ်ရုပ်တရားတို့သည် အမြဲမရှိ အနိစ္စဆိုပြီး ပုတီးလေး တစ်လုံးချရမယ်။ နာမ ရူပံ ဒုက္ခံ = နာမ်ရုပ်တရားတို့သည် ဆင်းရဲ၏ ဒုက္ခ၊ နာမ ရူပံ အနတ္တံ = နာမ်ရုပ်တရားတို့သည် အစိုးမရ အနိစ္စဟု စိတ်မှာဆင်ခြင်ပြီး ပုတီးတစ်လုံးစီ ချရပါမယ်။ အဓိဌာန်သတ်မှတ်ထားတဲ့ ပုတီးပတ်ပြီးတော့ ရပ်လိုက်ရုံပါပဲ။

ပုတီးစိပ်တော့ ဘာတွေစိပ်ရသလဲ?

ပုတီးစိပ်တယ်ဆိုတာ ဘာဝနာပွားတာ ဖြစ်တယ်။ ဘာဝနာက သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာဆိုပြီး နှစ်မျိုးရှိပါတယ်။ သမထကမ္မဌာန်း သမထဘာဝနာက ၄၀ ရှိပါတယ်။ အဲဒီ ၄၀ထဲက ယနေ့ မြန်မာအများစု စီးဖြန်းနေတဲ့ ဘာဝနာကတော့ အနူဿတိ ၁၀-ပါးထဲမှာပါတဲ့ ဗုဒ္ဓါနုဿတိ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားများခြင်းကို အပြုလုပ်များပါတယ်။ ဂုဏ်တော်ပုတီးတွေကို စိပ်နေကြပါတယ်။ ၀ိပဿနာ ဘာဝနာကတော့ မြင်မြင်သမျှ သက်ရှိသက်မဲ့ တွေဟာ အမြဲမရှိသောကြောင့် အနိစ္စ၊ ဆင်းရဲခြင်းကြောင့် ဒုက္ခ။ အစိုးမရသောကြောင့် အနတ္တဟု ထပ်ခါတလဲလဲ ရူပွားဆင်ခြင် ဖြစ်ပါတယ်။ ဂုဏ်တော်လက္ခဏာသုံးပါးကို ပွားများမှု အရေအတွက်ကို ပုတီးလုံးရေနဲ့ မှတ်တာကို ပုတီးစိပ်တယ်လို့ ခေါ်တာပါပဲ။