ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 30 September 2012

အနောတ္တပအကြောင်း

မကြောက်လန့်ခြင်း သဘောသည် အနောတ္တပ္ပတည်း။ ထို့ကြောင့် “အနောတ္တပ္ပမူ=မလန့်ဟူ၏” ဆိုခဲ့ရပေသည်။ အကုသိုလ် ဒုစရိုက်တွေသည် မီးတောက်မီးလျှံတွေနှင့် တူ၏။ အနောတ္တပကား ပိုးပရန်နှင့် တူလေသည်။ ချဲ့ဦးအံ့ - မီးတောက်မီးလျှံသည် ကြောက်မက်ဖွယ် အလွန်ကောင်း၏။ သို့သော် “ပိုးပရန်”ဟုခေါ်သော ပိုးကောင်ကလေးကား ထိုမီးလျှံကို ကြောက်ရွံ့ဖွယ်ဟုမထင်ဘဲ ရဲရဲကြီး တိုးကြလေသည်။ ထို့အတူ အကုသိုလ်ဒုစရိုက်များသည် ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့်အတွက် ကြောက်မက်ဖွယ်ကောင်းလှပါသည်။

သို့သော် ထိုဘေးဒုက္ခတွေကို မောဟက ဖုံးကွယ်ထားသည့်အတွက် အနောတ္တပ္ပက ကြောက်လန့်ဖွယ်ကို မမြင်တော့ဘဲ ရဲရဲကြီး ပြုဝံ့လေသည်။ အကုသိုလ် ဒုစရိုက်များနှင့် စပ်၍တွေ့ရတတ်သော ဘေးတို့ကား -

၁။ အတ္တာနုဝါဒဘေး။ သူတစ်ပါးက “ငါ့ကို လူကြီးလူကောင်း၊ သူတော်ကောင်း” ဟု အထင်ကြီးကြသော်လည်း ငါ့အကြောင်းငါသာသိ၏။ ငါသည် သူတို့ထင်သလို ကောင်းသော သူတော်ကောင်းမဟုတ်ချေ။ မကောင်းမူ ဒုစရိုက်များကို ခိုးကြောင်ခိုးဝှက် ပြုလုပ်လေ့ရှိသော လူယုတ်မာ တစ်ယောက်ဖြစ်သည်”ဟု မိမိကိုယ်ကို မိမိပြန်၍ စွပ်စွဲကဲ့ရဲ့ခြင်း မိမိကိုယ်တိုင် မကြည်ညိုနိုင်ခြင်း ဘေးတည်း။ (အတ္တ=မိမိကိုယ်ကို + အနုဝါဒ=စွပ်စွဲခြင်း)

၂။ ပရာနုဝါဒဘေး။ “အကုသိုလ် ဒုစရိုက်များကို ပြုနေသော လူယုတ်မာပဲ”ဟု သူတစ်ပါးတို့က စွပ်စွဲကဲ့ရဲ့ခြင်း၊ အထင်သေး မြင်သေး ခံရခြင်း ဘေးတည်း။ (ပရ=သူတစ်ပါးတို့က + အနုဝါဒ=စွပ်စွဲခြင်း)

၃။ ဒဏ္ဍဘေး။ အကုသိုလ်ကိုပြုလျှင် ယခုဘ၀မှာပင် “သူ့ကိုသတ်မိ၍ ကိုယ့်ကိုလည်း အသတ်ခံရခြင်း။ သူ့ဥစ္စာခိုးမိ၍ ဥစ္စာရှင်၏ ရိုက်နှက် သတ်ပုတ်ခံရခြင်း။ သူ့အိမ်ရာကို ပြစ်မှားမိ၍ အသတ်ခံရခြင်း။ မူပြစ်ထင်ရှားသဖြင့် ထောင်ကျရခြင်း”စသော ဒုက္ခဘေးရန် အပြစ်ဒဏ် အမျိုးမျိုး ခံကြရခြင်း ဘေးတည်း။

၎။ ဒုဂ္ဂတိဘေး။ အကုသိုလ် ဒုစရိုက်ကို ပြုထားမိသည့် အတွက် သေခါနီးမှ အကြီးအကျယ် နောင်တရ၍ နောက်ဘ၀၌ အပါယ်လေးပါးတည်းဟူသော မကောင်းသော ဂတိသို့ ရောက်ရမည့်ဘေးတည်း။

အကုသိုလ်ကို ပြုမိထားလျှင် လူပါး လူနပ် လူလည်ဖြစ်၍ ရှေ့ဘေးကြီး ၃-ပါးမှ လွတ်အောင် တိမ်းရှောင်နိုင်စေကာမူ နောက်သံသရာအရေး ဒုဂ္ဂတိဘေးမှ လွတ်အောင်ကား ရှောင်နိုင်ရန် ခဲယူဉ်းလှသောကြောင့် အကုသိုလ်ဒုစရိုက်မှန်က အလွန်ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလှ၏။ သို့သော် အနောတ္တပ္ပ ၀င်လာသောအခါ နဂိုက ဒုစရိုက်ကို ကြောက်ရွံ့တတ်သော သူတော်ကောင်းများပင် ဤမျှလောက် ကြောက်ဖွယ်ကောင်းသော ဒုစရိုက်အမူကို မကြောက်မရွံ့ ရဲဝံ့စွာ ပြုမိကြလေတော့သည်။

ဟရိတစ၀တ္ထုမှတ်ချက်
ဤနေရာ၌လည်း အလောင်းတော်ကြီး ဟရိတစ ရှင်ရသေ့၏ အမူသွားကိုပင် ထပ်မံ၍ စဉ်းစားသင့်ပေသည်။ ရှင်ရသေ့၏ အမူဝယ် ကြောက်ရွံ့ဖွယ် များလှ၏။ မိမိကိုယ်ကို မိမိမကြည်ညိုနိုင်သော အတ္တာနုဝါဒ ဘေးမှာ ပြောဖွယ်ရာ မရှိပြီ။ “ဘုရင်၏ ဆရာတော် အရှင်ရသေ့က မိဖုရားကို ပြစ်မှားသတဲ့”ဟူသော သတင်းဆိုးကြီးကား ဘုရင်မရှိတုန်းဝယ် တစ်မြို့လုံးပျံ့နှံ့နှင့် လေသောကြောင့် သူတစ်ပါးတို့၏ အစွပ်စွဲ အကဲ့ရဲ့ ခံရခြင်း ဟူသော ပရာနုဝါဒဘေးလည်း လက်ငင်းဒိဋ္ဌိ တွေ့ကြုံလျက် ရှိပေပြီ။

ထိုရှင်ဘုရင်သာ အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် သူတော်ကောင်း မဟုတ်ပါမူ မိမိကြင်ယာတော်ကို စော်ကားသည့်အတွက် ရသေ့အသက်ကို မြက်တစ်ပင်လောက်မျှ ပမာဏပြုမည်မဟုတ်။ ရှင်ဘုရင်က သူတော်ကောင်းဖြစ်၍သာ ဒဏ္ဍဘေးမှ သီသီကလေး လွတ်ခဲ့ရသည်။ ထိုမျှလောက် အသက်ဘေးနှင့် အရေးတကြီး နီးကပ်နေသော ကာမမူကိုပင် အနောတ္တပ ၀င်လာသည့်အတွက် မည်သူ့ကိုမျှ ထီမထင်တော့ဘဲ ပြုရဲလေတော့သည်။ ဤ အနောတ္တပနှင့်အတူ ဖြစ်သောစိတ်ကို “အနောတ္တပ္ပစိတ်”ဟု ခေါ်သည်။

ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက်မရှိသော သူသည် မကောင်းမူကို မရွံ။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ သြတ္တပ မရှိသူသည်လည်း မကောင်းမူမှ မကြောက်။ (ဋီကာကျော်)

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Saturday 29 September 2012

လှပတဲ့ အသီးအရွက် ပုံဖော်မှုဒီဇိုင်းဆန်းလေးများ

အသီးအရွက်လေးတွေနဲ့ ပုံဖော်ဖန်တီးထားတဲ့ လှပတဲ့ ဒီဇိုင်းအမျိုးမျိုးနဲ့ ပစ္စည်းလေးတွေ တွေ့လို့ တင်ပေးလိုက်ပါတယ် ။
ဂေါ်ဖီပန်းပွင့်လေးတွေနဲ့ ပြုလုပ်ထားတဲ့ လက်ရာဆန်းလေးပါ....




ဆန်စေ့လေးတွေနဲ့ ပြုလုပ်ထားတဲ့ လက်ရာဆန်းလေးပါ..ကြိုးလေးမှာ ကြက်သွန်ဖြူလေးတွေနဲ့ အလှဆင်ထားပါတယ်...

ငါးသေးသေးလေးတွေနဲ့ ပြုလုပ်ထားတဲ့ အနုပညာလက်ရာဆန်းလေးပါ..

ခရမ်းသီးနဲ့ ပြုလုပ်ထားတဲ့ အနုပညာလက်ရာဆန်းလေးပါ...

ခေါက်ဆွဲပြားလေးတွေနဲ့ ဖန်တီးထားတဲ့ လက်ရာဆန်းလေးပါ...

သီဟိုလ်စေ့လေးတွေနဲ့ ဖန်တီးထားတဲ့ လက်ရာဆန်းလေးပါ...



ရေဘဝဲ လက်တန်လေးတွေနဲ့ ဖန်တီးထားတဲ့ လက်ရာဆန်းလေးတွေပါ...

ဘော်ဘော်တွေ ပျော်ရွှင်ပါစေနော်....8)

စိတ်ကူးပျော်ရာမှပြန်လည်မျှဝေပါသည်




မူရင်းလင့်ခ် monicalover ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

Thursday 27 September 2012

မောဟအကြောင်း

မောဟ ၂-မျိုး
မသိတတ်ခြင်းသဘောသည် မောဟတည်း။ ထို့ကြောင့် “မသိတတ်ဘိ-မောဟသိလော့”ဟု ဆိုခဲ့သည်။ ထိုမောဟသည် အနုသယမောဟ၊ ပရိယုဋ္ဌာမောဟ ဟု ၂-မျိုးရှိ၏။ အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းနေခြင်းဟု အဓိပ္ပာယ်ရှိ၏။ ပရိယုဋ္ဌာန-ဟူသော ပါဠိကား ထကြွခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် သတ္တ၀ါတို့၏ သန္တာန်တွင် အစဉ်တစိုက် လိုက်ပါနေသော မောဟသည် အနုသယမောဟမည်၏။ တစ်ခါတစ်ရံ စိတ်နှင့် တွဲဖွက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟ မည်၏။




အနုသယမောဟ

အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိပါရှိသကဲ့သို့ ထို့အတူသတ္တ၀ါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိတစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟ ဟုခေါ်၏။ ဤအနုသယမောဟ၏ ဖုံးကွယ်ထားမူကြောင့် ပုထုဇဉ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ၊ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်း တပ်တပ်ထင်ထင် မသိမြင်ကြချေ။


ဤအနုသယမောဟဓာတ်ကို ပုထုဇဉ်တို့ ဉာဏ်ဖြင့် မသိနိုင်။ ယခုကာလ စာပေသင်ဖူး၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်ကို သိသည်ဟုဆိုသော်လည်း သင့်တော်ရုံ ခန့်မှန်းနိုင်သော အသိမျိုးသာ ဖြစ်၏။ ထိုးထိုးထွင်းထွင်း ရှင်းလင်းအောင်သိသော အသိမျိုး မဟုတ်ချေ။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်သည့်တိုင်အောင် ထိုအနုသယမောဟဓာတ်မှာ အဆင့်ဆင့်ပါးလှပ်ရုံသာ ရှိသေး၏။ ရဟန္တာအဖြစ် ရောက်ပါမှ အနုသယမောဟဓာတ် အကုန်အစင်ပြတ်သည်။ ထို့ကြောင့် “ရဟန္တာမဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်း ခဏ၌လည်း အနုသယမောဟဓာတ်မှာ ငြိမ်သက် ကိန်းဝပ်လျက် ရှိနေသည်သာ”ဟု မှတ်ပါ။

ပရိယုဋ္ဌာနမောဟ

စိတ်နှင့်တွဲဖက်၍ မောဟ ထကြွလာသောအခါ အကုသိုလ်စိတ် မကောင်းစိတ်ဖြစ်နေပြီဟု ဆိုရပေသည်။ ဤ ပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မူကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ။ ယခု လောလောဆယ် ယုတ်မာညစ်ညမ်း ဆိုးသွယ်းမူအပြစ်ကိုလည်း မသိကြရ။ ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ နဂိုက ပညာရှိ သူတော်စင်တို့သည်ပင် အပြစ်ကို မမြင်နိုင်ဘဲ ဒုစရိုက်အမူကိုပြုမိကြလေတော့သည်။ ဤ မောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသောတရားမျိုးပင်တည်း။ ဤလောက၌ မိုက်မဲမူဟူသမျှဝယ် ဤမောဟသာလျှင် အခြေတည်လျက် ရှိလေသည်။
ပညာရှင်ကြီး မောဟဖိစီးပုံ
ဟရိတစမည်သော ငါတို့ ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော စည်းစိမ်ကြီးကို စွန့်လွှတ်လျက် တောထွက်၍ ရသေ့လုပ်ပြီးလျှင် ဈာန်အဘိညာဉ်ကို ရလေသည်။ ထို့နောက် မိုးကာလအခါဝယ် ဟိမ၀န္တာ၌ မိုးများသောကြောင့် ဗာရာဏသီပြည်သို့ ကြွလာ၍ ဘုရင့်ဥယျာဉ်တော်မှာ သီတင်းသုံးတော်မူလေသည်။ ထိုဗာရာဏသီပြည့်ရှင်ကား ရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းပေတည်း။ ထို့ကြောင့် မြင်လျှင်မြင်ချင်း လွန်မင်းစွာကြည်ညိုရကား ဥယျာဉ်တော်အတွင်းမှာ သီတင်းသုံးရန် တောင်းပန်လျှောက်ထား၍ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လျက် နံနက်တိုင်း နန်းတော်မှာ မိမိကိုယ်တိုင် ဆွမ်းကပ်လေသည်။
အခါတစ်ပါး၌ကား တိုင်းပြည်ဝယ် သူပုန်ထသောကြောင့် ဘုရင်ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခါနီးမှာ ဆရာရသေ့ကို မမေ့ရစ်ဖို့ရန် မိဖုရားအား အတန်တန်မှာပြီးမှ ထွက်သွားလေသည်။ မိဖုရားလည်း အချိန်မှန်မှန် ဆွမ်းပြုစု၍ တစ်နေ့သော နံနက်မှာမူ ဆရာရသေ့ မလာသေးသည့်အတွက် ကိုယ်လက်သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာချိုး၍ ချောမွေ့နုနယ်သော အ၀တ်ကို ၀တ်ဆင်ကာ ဆရာရသေ့အလာကို စောင့်မျှော်ရင်း သလွန်ပေါ်မှာ ခေတ္တလျောင်းနေလေသည်။


အလောင်းတော် ရှင်ရသေ့သည် အဘိညာဉ်သမာပတ် အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွ၍ လာခဲ့ရာ လေသာနန် တံခါးပေါက်သို့ ရောက်သောအခါ “လျှော်တေ“ ခေါ်သော ရသေ့အ၀တ်သံကို ကြား၍ ဗြုန်းခနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တစ်ပိုင်းမှ ခါးဝတ်လျှောကျသွားသည်ကို မြင်လေသော် သန့်ရှင်းသော စိတ်ဓာတ်ထကြွ၍ ပရိယုဋ္ဌာနမောဟအဖြစ်သို့ ရောက်ကာ လောဘတဏှာ ဖက်တွဲလျက် မိဖုရားလက်ကို ဆွဲပြီးလျှင် သဘက်သရဲပမာ မှားခြင်းကြီးမှားရှာလေသတဲ့။

ဝတ္ထုမှတ်ချက်

ဤ၀တ္ထု၌ မောဟ၏ မိုက်မဲရမ်းကားမူကို လေးလေးနက်နက် သတိပြုသင့်ကြပေသည်။ ဤမောဟမျိုးသာ မ၀င်လာလျှင် အလောင်းတော် ရှင်ရသေ့သည် ထိုကဲ့သို့ မတရားမူကို ဘုရင်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပေးသော်လည်း ပြုနိုင်မည် မဟုတ်ပါ။ ယခုသော် မောဟမှောင်ကြီး ဖိစီးကျရောက်ရကား ယခုဘ၀အပြစ် နောင်သံသရာအပြစ်တို့ကို မမြင်နိုင်တော့သဖြင့် မသင့်သော အမူကို ပြုမိလေသည်။ တစ်သက်လုံး အားထုတ်လာခဲ့သော ဈာန်အဘိညာဉ်ပညာများလည်း ယခုလိုအချက်ထဲ၌ မောဟအမှောင်ကို မဖျက်ခွဲနိုင်ရုံသာမက မောဟ၏ ဖိစီးမူကြောင့် ဈာန်အဘိညာဉ်တို့သာ ကွယ်ပျောက်ရလေသည်။


သို့သော် အလောင်းတော် အရှင်ရသေ့ကား မူလက ပါရမီဓာတ်ခံ ရင့်သန်ပြီးဖြစ်သောကြောင့် ဘုရင်ပြန်ရောက်လာသောအခါ လွန်စွာ သံဝေဂဖြစ်၍ လျှောကျသောဈာန်ကို ပြန်ရအောင် အားထုတ်ကာ လူ့အနားနေလို့ ဤအမူမျိုး ဖြစ်ရသည်ဟု နောင်တရလျက် လူသူကင်းကွာသော ဟိမ၀န္တာသို့ ပြန်ကြွလေသည်။
မသိတိုင်း မောဟဟု မမှတ်ရ
မသိခြင်းသဘောကို မောဟဟုဆိုသောကြောင့် မသင်ဖူးသော အတတ်၊ မရောက်ဖူးသော အရပ်နှင့် မမှတ်ဖူးသော နာမည် စသည်တို့ကို မသိခြင်းများလည်း မောဟအစစ် အကုသိုလ်ဖြစ်သည်ဟု မှတ်ထင်တတ်ကြ၏။ ထိုမသိမျိုးမှာ မသိရုံသက်သက်သာ ဖြစ်၍ မောဟအစစ် အကုသိုလ် မဖြစ်ပါ။ မိမိ၌ မှတ်သားဖူးသော သညာမရှိမူသာတည်း။ ထိုမသိမျိုးမှာ သာမန်လူတွေကို မဆိုထားဘိ ရဟန္တာများမှာပင် ရှိပါသေးသည်။
ဘုရားရှင်ကလွဲလျှင် ပထမတန်း ဉာဏ်တော်ရှင်ဖြစ်သော အရှင်သာရိပုတ္တရာသည်ပင် တပည့်ရဟန်းကလေး တစ်ပါး၌ ကမ္မဋ္ဌာန်း အပေးမှားတော်မူခဲ့သေး၏။ ရဟန်းကလေးက ငယ်ရွယ်သူ ဖြစ်၍ ကာမရာဂ ထကြွချိန်ဟု သဘောပိုက်ကာ အသုဘကမ္မဋ္ဌာန်းကို ပေးတော်မူလေရာ ရဟန်းကလေး၏ စရိုက်အလိုနှင့် မတည့်သောကြောင့် ၄-လ လုံးလုံး အားထုတ်ပါသော်လည်း အရိပ်နိမိတ်မျှ မထင်ဘဲ ရှိလေသတဲ့။


ထို့နောက် ဘုရားရှင်ထံ ခေါ်သွားမှ ဘုရားရှင်က စရိုက်နှင့် သင့်မြတ်အောင် ပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ ပေးတော်မူလေရာ လွန်စွာ နှစ်သက်နေစဉ် မကြာခင် ညိုးနွမ်းအောင် ဖန်ဆင်းပြ၍ သံဝေဂအရမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ထင်မြင်အောင် ဆင်ပြ၍ ဟောပြသောအခါ ရဟန္တာဖြစ်သွားလေသည်။ ဤနေရာတွင် ဘုရားရှင်၏ ဉာဏ်တော်ကြီးမားပုံနှင့် မောဟကင်းပြီးသော အရှင်သာရိပုတ္တရာ၏ အချို့အရာ၌ မသိပုံကို သတိပြုခဲ့ပါ။


ဤသို့လျှင် အရှင်သာရိပုတ္တရာသော်မှ မိမိအရာ မဟုတ်သော အချက်များကို မသိနိုင်သောကြောင့် ယခုကာလ မသင်ဖူးသော အတတ်စသည်နှင့် ဉာဏ်ကြီးရှင်တို့ အရာကို မသိခြင်းမှာ မောဟ၏ ကွယ်ကာမူမဟုတ်၊ မိမိဉာဏ်ပညာ၏ အစွမ်းသတ္တိနုံ့မူသာဟု မှတ်ပါ။


ဥပမာ - နေ့လယ်ကြောင်တောင် နေရောင်ရှိတုန်းအခါ၌ အကွယ်အကာမရှိသော အဝေးအရပ်ကို လှမ်း၍ မမြင်ရခြင်းမှာ တစ်စုံတစ်ရာ ကွယ်ကာမူကြောင့် မဟုတ်။ မိမိမျက်စိ၏ အစွမ်းသတ္တိမရှိခြင်းကြောင့်သာ ဖြစ်သကဲ့သို့တည်း။
မောဟအကြမ်းအနု
ထိုပြခဲ့ပြီးသော မောဟအစစ်တွင် အကုသိုလ်မှန်း၊ ကုသိုလ်မှန်းကိုမျှ ခွဲခြား၍ မသိအောင် ဖုံးလွှမ်းထားသော မောဟသည် အတော်ကြမ်းတမ်း ထူထဲ၏။ ရုပ်နာမ် တရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို မသိ။ သစ္စာလးပါးကိုလည်း အတော်အတန်မျှ မသိ။ ပဋိစ္စသမုပ္ပါဒ် အကြောင်းကို မရိပ်မိသော မောဟမျိုးကား (မောဟအကြမ်းနှင့် စာလျှင်) အတော်အတန် ပါးလှပ်သော မောဟပေတည်း။
ဤမောဟနှင့် တွဲဖက်၍ ဖြစ်သောစိတ်ကို “မောဟစိတ်-အမိုက်စိတ်”ဟုခေါ်၍ ထိုမောဟဓာတ်အားကြီးသူကိုလည်း “လူမိုက်၊ လူမည်း၊ လူမှောင်၊ လူပြိန်း၊ လူအ၊ လူန၊ လူထိုင်း၊ လူရိုင်း၊ လူဖျင်း”ဟု ယခုကာလ ခေါ်ဝေါ်ရလေသည်။

ဤလောကကြီးသည် အမှောင်အတိဖြစ်၍နေ၏။ ဤလောကကြီးတွင် သတ္တ၀ါအနည်းငယ်သာ ထူးထူးခြားခြား ရူမြင်နိုင်၏။ ပိုက်ကွန်မိပြီးမှ လွတ်ထွက်နိုင်သော ငှက်သည် နည်းသကဲ့သို့ ထို့အတူ သေပြီးနောက် နတ်ပြည်သို့ ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။

(ဓမ္မပဒပါဠိတော်) 

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်

ရုရှားအရှေ့ဖျားတွင် ငါးမိုးရွာကျမှုကြောင့် ဒေသခံပြည်သူများ အံ့အားသင့်


မော်စကို စက်တင်ဘာ ၂၅

ရုရှားနိုင်ငံအရှေ့ဖျား ဒေသရှိ လာဇာနာရာမြို့ကမ်းခြေတွင် ကောင်းကင်ယံမှ ငါးများ၊ ကမာကောင်များနှင့် ကဏန်းများ မိုးရွာသကဲ့သို့ ရွာကျလာခြင်း ကြောင့်ဒေသခံ ပြည်သူများမှာ အလွန်အံ့အားသင့် ဝမ်းသာခဲ့ရသည်ဟု သိရသည်။

ယင်းကဲ့သို့ ငါးမိုးရွာကျခြင်းသည် ဘိုလာဗန်မုန်တိုင်း တိုက်ခတ်မှုကြောင့် ပင်လယ်အတွင်းမှ ရေသတ္တဝါ များသည် မုန်တိုင်းနှင့်အတူ ရောနှော လိုက်ပါလာပြီး ကုန်းမြေပေါ်သို့ ပြန်ကျလာခြင်းဖြစ် ကြောင်း သိရသည်။

ငါးမိုးရွာကျ ခြင်းကြောင့် အဆိုပါဒေသမှ ပြည်သူများ ပျော်ရွှင်နေချိန်တွင် အိမ်နီးချင်း မြောက်ကိုရီးယား နိုင်ငံ၌ ဘိုလာဗန် မုန်တိုင်းကြောင့် အိမ်များ၊ လမ်းများ၊ ရေလွှမ်းမိုးခဲ့ရကြောင်း၊ မြေပြိုကျမှုများဖြစ်ပွားပြီး ရထားလမ်းများ မြေကြီးအတွင်းသို့ မြုပ်သွားခဲ့ရကြောင်းနှင့် ကောက်ပဲသီးနှံ ဧကပေါင်း များစွာမှာလည်း ပျက်စီးခဲ့ သည်ဟု သိရသည်။

http://www.theaustralian.com.au

မူရင်းလင့်ခ် monicalover ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

စေတသိက်အကြောင်း

စေတသိက်က စိတ်ကိုခြယ်လှယ်ပုံ
စိတ်အကြောင်းကို ပြရာဝယ် “စိတ်ကောင်း, စိတ်ဆိုး”ဟု ပြခဲ့ပါပြီ။ သို့သော် စိတ်သည် အာရုံကို သိဖို့ရန်ကိစ္စ တစ်ခုသာ ရှိသောကြောင့် သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြားနိုင်ချေ။ စေတသိက်အမျိုးမျိုးနှင့် အတူဖြစ်ရသောကြောင့် ထိုစေတသိက်အများ၏ အကောင်းအဆိုး လိုက်၍ စိတ်သည်လည်း စိတ်ကောင်း စိတ်ဆိုး ဖြစ်ရပေသည်။ “စိတ်ကောင်းစိတ်ဆိုး ၂-မျိုးကွဲဖို့ရန် ယှဉ်ဖက် စေတသိက်များက ခြယ်လှယ်၍ ထားကြသည်”ဟု ဆိုလိုသည်။

ဥပမာ-ရေသည် ပင်ကိုအနေအားဖြင့် အရောင်တစ်မျိုးတည်းသာ ရှိသော်လည်း ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ၊ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ၊ ရေ၀ါ၊ ရေပြာ၊ ရေနက် ဖြစ်ရတော့သကဲ့သို့တည်း။ ထို့ကြောင့် စိတ်ကောင်းစိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက်တို့၏ အကြောင်းကိုလည်း ဆက်လက်၍ လေ့လာသင့်ကြပေသည်။

(ဆောင်) စိတ်၏တံတွာ၊ ဓမ္မတာကား၊ ကြုံရာအာရုံ၊ ရမိရုံသာ၊ ဖုံဖုံကောင်၊ ဆိုး၊ မကွဲရိုးတည်း၊ တစ်မျိုးတွဲဖက်၊ စေတသိက်တွက်ကြောင့်၊ သက်သက်ဆိုး၊ ကောင်း၊ အရောင်ပြောင်း၍၊ မကောင်းလည်းစိတ်၊ ကောင်းလည်းစိတ်ဟု၊ ခွဲစိတ်စမြဲ၊ ဥဒါန်းကဲသည်။ စိတ်လည်းစေတသိက်ကြောင့် သာကိုး။

စိတ်ကိုမကောင်းအောင် ခြယ်လှယ်သော အကုသိုလ် စေတသိက် ၁၄-ပါး
၁။ မောဟ
၂။ အဟိရိက
၃။ အနောတ္တပ္ပ
၎။ ဥဒ္ဓစ္စ
၅။ လောဘ
၆။ ဒိဋ္ဌိ
၇။ မာန
၈။ ဒေါသ
၉။ ဣဿာ
၁၀။ မစ္ဆရိယ
၁၁။ ကုက္ကုစ္စ
၁၂။ ထိန
၁၃။ မိဒ္ဓ
၁၄။ ၀ိစိကိစ္ဆာ

(ဆောင်) မသိတတ်ဘိ-မောဟသိလော့၊ အဟိရိက-မရှက်စွတည့်၊ နောတ္တပ္ပမူ-မလန့်ဟူ၏။ မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်၊ လောဘသဘော-လိုချင်ဟော၍၊ မှားသောအမြင်-ဒိဋ္ဌိတွင်သား၊ မာနကားမူ-ထောင်လွှားကြွတက်၊ ဒေါသတွက်ကြောင့်-ခက်ခက် ထန်ထန်၊ ဣသာလျှံမူ-လွန်ငြူစူ၏၊ ပြောထူမစ္ဆေ-၀န်တိုလေသတဲ့၊ တစ်ထွေမှတ်ကြ-ကုက္ကုစ္စကား၊ နောင်တ တစ်ဖန်-ပူထန်ပြင်း၊ ထိုင်းခြင်းထိန၊ မိုင်း မိဒ္ဓနှင့်၊ ဗုဒ္ဓစသည့်၊ ယုံမှားဘိမူ-၀ိစိကိစ္ဆာ၊ ဆယ့်လေးဖြာသည်၊ မှန်စွာ အကုသိုလ်ချည်းတည်း။

(ကုသလ-ကုသိုလ်၏ + အ-ဆန့်ကျင်ဘက်။ အကုသလ-ကုသိုလ်၏ + ဆန့်ကျင်ဘက်)

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။


Tuesday 25 September 2012

စိတ်အကြောင်း

အာရုံကို သိတတ်သော သဘောသည် စိတ်
ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။ ထိုသို့ အာရုံတွေကို သိတတ်သော သဘောကို “စိတ်” ဟုခေါ်သည်။ “သိ” ဆိုသော်လည်း ဉာဏ်ဖြင့်သိသော အသိမဟုတ်၊ အာရုံကို ရအောင် ယူနိုင်ခြင်းကိုပင် “အသိ” ဟုခေါ်သည်။

အာရုံ ၆-ပါး၊ အသိ ၆-မျိုး ၁။ အဆင်း အရောင်ဟူသမျှ = ရူပါရုံ ၂။ အသံ ဟူသမျှ = သဒ္ဒါုရုံ ၃။ အနံ့ ဟူသမျှ = ဂန္ဓာရုံ ၄။ အရသာ ဟူသမျှ = ရသာရုံ ၅။ အတွေ့ ဟူသမျှ = ဖောာဋ္ဌဗ္ဗာရုံ ၆။ ကြွင်းသော သိဖွယ်ဟူသမျှ = ဓမ္မာရုံ




ရူပါရုံကို မြင်သောအခါ၊ မြင်သိ - သိသောစိတ် ဖြစ်၏။ သဒ္ဒရုံကို ကြားသောအခါ၊ ကြားသိ - ကြားသောစိတ်၊ ဂန္ဓာရုံကို နံသော၊ မွှေးသောအခါ နံသိ၊ မွှေးသိ - သိသောစိတ်၊ ရသာရုံကို အရသာခံသောအခါ၊ အရသာသိ - သိသောစိတ်၊ တစ်စုံတစ်ခုကို တွေ့ထိရသောအခါ၊ အတွေ့အထိ သိ - သိသောစိတ်၊ တစ်စုံတစ်ခုကို တွေ့ထိရသောအခါ၊ အတွေ့အထိ သိ - သိသောစိတ်၊ ထိုအာရုံငါးပါးနှင့်တကွ ကြွင်းသော အကြောင်းအရာတွေကို သိသောအခါ ဆိုင်ရာကို သိသောစိတ်များ ဖြစ်ကြလေသည်။ ဤသို့ ဆိုင်ရာအာရုံကို ရအောင်ယူနိုင်ခြင်းသည် စိတ်၏ သိခြင်းပင်တည်း။

စိတ်၏အခြင်းအရာ
စိတ်သည် အဝေးသို့လည်း သွားနိုင်၏။ တစ်ပါးတည်းသာ လှည့်လည်လေ့ရှိ၏။ ခန္ဓာကိုယ် အထည်ဒြပ်လည်းမရှိ။ ခန္ဓာကိုယ်ဝယ် ဟဒယ လိုဏ်ဂူ၌ အများအားဖြင့် ဖြစ်လေ့ရှိ၏ဟု ဓမ္မပဒပါဠိတော်၌ ဟောတော်မူသည်။ ထိုသို့ ဟောတော်မူသည့်အတိုင်း စိတ်၏အခြင်းအရာကို ထင်ရှားအောင် ပြပါဦးမည်။

အဝေးလည်းသွား
စိတ်သည် ခြေဖြင့် လျှောက်သွားနိုင်သကဲ့သို့ အဝေးအရပ်ရောက်အောင် သွားနိုင်သည် မဟုတ်။ သို့သော် အလွန်ဝေးသောအရပ်ကို လှမ်း၍ အာရုံပြုနိုင်ရကား အဝေးရောက်အောင် သွားသကဲ့သို့ ထင်ရပေသည်။ ဥပမာ - မန္တလေးမှနေ၍ ရန်ကုန်ရှိ အာရုံများကို အာရုံပြုရာ၌ စိတ်သည် ရန်ကုန်သို့ ရောက်သွားသည်မဟုတ် မန္တလေးမှာ ဖြစ်လျက်ပင် ရန်ကုန်သို့ လှမ်း၍ အာရုံပြုနိုင်သည်။ ထိုသို့ အဝေးအာရုံကို ယူနိုင်သည့်အတွက် “အဝေးလည်းသွား”ဟု ဆိုရပေသည်။

တစ်ပါးတည်းလည်း
စိတ်သည် အလွန်အဖြစ်အပျက် မြန်၏။ လက်ဖျစ် တစ်ချက် တီးခန့် အချိန်မှာပင် စိတ်ပေါင်း ကုဋေတစ်သိန်းမက ရှေ့နောက် ဆက်၍ ဖြစ်ပျက်နိုင်၏။ ထိုမျှလောက် အဖြစ်အပျက် မြန်သည့်အတွက် စိတ် ၂-မျိုး ၃-မျိုး တစ်ပြိုင်နက်ဖြစ်၍ အာရုံ ၂-ခု ၃-ခုကို တစ်ခါတည်း ယူနိုင်သည်ဟု ထင်ရလေသည်။ စင်စစ်မှာ ၂-စိတ် ၃-စိတ် ပြိုင်၍ ဖြစ်ရိုးမရှိ၊ တစ်စိတ်ပြီးမှ တစ်စိတ် ဖြစ်၍ အာရုံတစ်ခုကို ယူပြီးမှ တခြားအာရုံတစ်ခုကို ဆက်၍ ယူရသည်။

မွှေးကြိုင်စွာ ပန်းနံ့သာ ခြယ်လှယ်ထားသော ဖဲမွေ့ရာပေါ်မှာထိုင်လျက် ချိုချဉ်စားရင်း က၍ သီဆိုနေသူကို ကြည့်ရူနားထောင်ရာ၌ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ အာရုံ ၅-မျိုးလုံးပင် အနီးအပါးတွင်ရှိ၏။ ထိုအခါ စိတ်သည် ထိုအာရုံ ၅-မျိုးလုံးပင် အနီးအပါးတွင်ရှိ၏။ ထိုအခါ စိတ်သည် ထိုအာရုံ ၅-မျိုးလုံးကို တစ်ပြိုင်နက်မသိ၊ မိမိအနှစ်သက်ဆုံး အာရုံတစ်ခုခုကို စိတ်တစ်မျိုးဖြင့် ရှေ့ဦးစွာ သိပြီးမှ အခြားအခြားသော အာရုံများကို တစ်ခုပြီးတစ်ခု ဆက်၍ဆက်၍ သိသည်။

ဤသို့လျှင် စိတ်သည် ၂-ပါး၊ ၃-ပါး (အများအပြား) ပြိုင်၍ ဖြစ်ရိုးမရှိ၊ တစ်ခုတည်းသာ ဖြစ်ရိုးရှိသောကြောင့် “တစ်ပါးတည်းလည်”ဟု ဆိုရပေသည်။

ဆက်ဦးအံ့ - “လည်” ဆိုသော်လည်း အဝေးသို့ လှည့်လည်သည်မဟုတ်။ အဝေးအာရုံကို ယူနိုင်သောကြောင့် “လည်=လှည့်လည်”ဟု ဆိုရပေသည်။ အာရုံတစ်ခုကို စိတ်က ယူရာ၌လည်း ထိုအာရုံကို စိတ်တစ်စိတ်တည်းက အပြီးအစီးသိအောင် မယူနိုင်။ အာရုံတစ်ခုကို သိထိုက်သမျှ သိအောင် စိတ်ပေါင်း အတော်များစွာ ဆက်ကာဆက်ကာ ဖြစ်ရသည်။ ထိုသို့ ဆက်၍ဆက်၍ အတော်များစွာဖြစ်ရသော်လည်း လက်ဖျစ်တစ်ချက်တီး အချိန်မှာ ကုဋေသိန်းပေါင်းများစွာ ဖြစ်ပျက်နိုင်သောကြောင့် လူအပေါင်းတို့က မြင်-မြင်ချင်း၊ ကြား-ကြားချင်း၊ မွှေး-မွှေးချင်း၊ ထိ-ထိချင်း သိသည်ဟု မှတ်ထင်ကြသည်။

ကိုယ်ထည်မရှိ
စိတ်မှာ အထည်ကိုယ်ဒြပ် အထင်အရှားမရှိ။ ထို့ကြောင့် စိတ်ကို ဖြူသည်၊ မည်းသည်၊ ပိန်သည်၊ ၀သည်ဟု မမဆိုနိုင်၊ အာရုံကို သိနိုင်သော သဘော သတ္တိမျှသာ ထင်ရှားရှိသည်။

ဂူအောင်းဘိ
မြင်သိ - သိသောစိတ်သည် မျက်လုံးအတွင်းမှာ ဖြစ်၏။ ကြားသိ - သိသောစိတ်သည် နားအတွင်းမှာ ဖြစ်၏။ နံသိ - သိသော စိတ်သည် နှာခေါင်းအတွင်းမှာ ဖြစ်၏။ အရသာသိ - သိသော စိတ်သည် လျှင်အတွင်းမှာ ဖြစ်၏။ ဤသို့လျှင် အချို့အချို့သောစိတ်များ မျက်လုံး စသောအရပ်၌ ဖြစ်သော်လည်း များစွာသော စိတ်တို့ကား ရင်ချိုင့်အတွင်းရှိ ဟဒယနှလုံးအိမ်မှာ ဖြစ်ကြသည်။ ဤသို့ လိုဏ်ဂူနှင့်တူသော နှလုံးအိမ်မှာ အဖြစ်များသောကြောင့် စိတ်ကို “ဂူအောင်းသည်”ဟု ဆိုရပေသည်။

အချုပ်မှာ - စိတ်ဟူသည် ပုံသဏ္ဌာန်မရှိ၊ အာရုံကို ရအောင်ယူခြင်း၊ အာရုံကိုသိခြင်း သဘောသတ္တိသာတည်း။ ထိုကဲ့သို့ အာရုံယူရာ၌ မိမိဖြစ်ရင်းစွဲ ဟဒယလိုဏ်ဂူအတွင်းမှ တစ်ဆံခြည်မျှ အပြင်မထွက်ကြဘဲ အလွန်ဝေးသော အာရုံကို လှမ်း၍ယူနိုင်ကြသည်။ ထိုသို့ ယူရာ၌ ၂-စိတ် ၃-စိတ် အပြိုင်တူပူးပေါင်း၍မဖြစ်၊ တစ်စိတ်ပြီးတစ်စိတ် စီကာစဉ်ကာ ဖြစ်သည်ဟု မှတ်ပါ။

ဆောင်
၁။ အာရုံ တစ်ခုခု၊ ရအောင်ပြု၊ မှတ်ရူစိတ်သိပုံ။
၂။ အဝေးလည်းသွား၊ တစ်ပါးတည်းလည်၊ ကိုယ်ထည်မရှိ၊ ဂူအောင်းဘိ၊ စိတ်၏ခြင်းရာစုံ။
စိတ်ကောင်းစိတ်ဆိုး ရောနေပုံ
စိတ်တို့သည် အလွန်အဖြစ်အပျက် မြန်သောကြောင့် ၅-မိနစ် လောက်အတွင်းမှာပင် စိတ်ကောင်းစိတ်ဆိုး (ကုသိုလ် အကုသိုလ် စိတ်) ရောနှောလျက် ဖြစ်တတ်သည်။ နံနက်စောစော အိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ်ဖြစ်နေစဉ် အိမ်အောက်ထပ်မှ ရောင်းဝယ်မူကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ်ဖြစ်ရ၏။ ဘုရားအာရုံပြုနေစဉ် မခံချင်စဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။
ရောင်းမူ၊ ၀ယ်မူ၊ လောဘကိစ္စ ပြုတုန်းမှာပင် လှူချင်တန်းချင်သည့်အခါ (လှူမည်တန်းမည်ဟု ကြံမိသည့်အခါ) သဒ္ဓါစိတ် “ကုသိုလ်စိတ်” ဖြစ်၏။ တစ်စုံတစ်ခု အလိုမကျ ဒေါသဖြစ်နေတုန်းမှာ ဆရာသမားတို့၏ အဆုံးအမကို သတိရ၍ သတိစိတ် “ကုသိုလ်စိတ်” ဖြစ်ပြန်၏။ တဏှာပေမ လောဘစိတ်ဖြင့် သမီးခင်ပွန်း စကားပြောနေစဉ် စကားပြောမတည့်၍ ဒေါသစိတ်ဖြစ်လေရာ တစ်ယောက်ယောက်က ကျေနပ်အောင် ချော့သဖြင့် စိတ်ပျော့၍ လာသောအခါ လောဘစိတ် ဖြစ်ပြန်၏။ ဤသို့ စသည်ဖြင့် စိတ်တို့၏ ပြောင်းလဲပုံ လျင်မြန်သောကြောင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း မိမိစိတ်ကို “စိတ်ကောင်းလား၊ စိတ်ဆိုးလား”ဟု ခွဲခြား၍ သိအောင် သတိထားပြီးလျှင် မိမိစိတ်ကို စိတ်ကောင်းများများဖြစ်အောင် ပြုပြင်ကြပါကုန်။

ရုပ်ချင်းကွဲသလို စိတ်ချင်းကွဲပုံ
လူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ရုပ်ချင်းမတူကြသကဲ့သို့ ထို့အတူ စိတ်ချင်းလည်း မတူကြချေ။ ထုံထိုင်းသောရုပ် သွက်လက်သောရုပ် ကွဲပြားသကဲ့သို့ ထုံထိုင်းရိုးအသောစိတ် သွက်လက် ထက်မြက်သောစိတ်ဟုလည်း ကွဲပြားလျက်ရှိ၏။ ထိုကဲ့သို့ ကွဲပြားရာ၌ အလှဘက် အသွက်ဘက်မှာ အဆင့်ဆင့်သာ၍ ပြိုင်ဘက်ကင်းလောက်အောင် လှသူ၊ သွက်သူများလည်းရှိ၏။ အဆိုးဘက်၊ အထိုင်းဘက်မှာလည်း အဆက်ဆက် အောက်ကျလျက် တစ္ဆေပြိတ္တာတမျှ ဆိုးဝါးသူများလည်း ရှိကြလေသည်။

ထို့အတူ စိတ်ချင်းကွဲပြားရာ၌လည်း စိတ်ကောင်း စိတ်ထက်ဘက်၌ အဆက်ဆက်တန်းတက်ကာ ပြိုင်ဘက်ကင်းလောက်အောင် စိတ်ကောင်းသူ၊ ထက်မြက်သူများရှိကြ၍ စိတ်ယုတ်မာဘက်၊ စိတ်ထိုင်းဘက်၌လည်း ဆက်ဆက်ဆိုးကာ ကြောက်မက် စက်ဆုပ်ဖွယ်ကောင်းအောင် ယုတ်မာသူ၊ သုံးမဖြစ်အောင် ထိုင်းမိုင်းသူများလည်း ရှိကြလေသည်။

စိတ်ကိုပြင်၍ရနိုင်ပုံ
တော၌မွေး၍ တောသွေးပါသော တောသူတောသားသည် မြို့ကြီးပြကြီးသူတို့၏ ၀တ်ပုံ၊ စားပုံ၊ နေပုံကို အလုံးစုံ အတုယူ၍ ကိုယ်ကျန်းမာရေး စိတ်ချမ်းသာရေးကိုယ်ပါ လိုက်စားပြီး ပြုပြင်လိုက်က မကြာခင် ရုပ်တစ်မျိုး ပြောင်းကာ ၁-နှစ် ၂-နှစ်လောက်ကြာလျှင် ရှေးကတွေ့နေကျ လူအများပင် အထင်မှားလောက်အောင် ရုပ်အဆင်းပြောင်းလာနိုင်၏။ ဤသို့ အပြောင်းအလဲ နှေးသဖြင့် အပြင်ခက်သော ရုပ်အဆင်းသည်ပင် ပြင်တတ်သူ ပြင်ချင်၍ ပြင်ဆင်နေလိုက်က တစ်မျိုးတစ်ဖုံ ပြောင်းနိုင်သေး၏။
အပြောင်းအလဲ အလွန်မြန်၍ အင်မတန် ပြုပြင်လွယ်သော စိတ်ကို တကယ်ပြင်လိုလျှင် အဘယ်မှာ ပြင်မရဘဲ ရှိမည်နည်း။ နေ့စဉ်နှင့်အမျှ မိမိစိတ်ဖြစ်ပုံကို သတိထား၍ မတော်တရာစိတ်တို့ကို နှိမ်နင်းသွားပါလျှင် မကြာခင် စိတ်ကောင်းရှိသူ ဖြစ်ကာ ၂-နှစ် ၃-နှစ်လောက်ကြာသောအခါ ကိုယ့်စိတ်ကိုပင် ကြည်ညိုချင်လာအောင် စိတ်ကောင်း ဖြစ်လာပါလိမ့်မယ်။
စိတ်ကိုပြင်သင့်သော အကြောင်းများ
မိမိ၏စိတ်နေစိတ်ထားကို ကောင်းအောင်ပြုပြင်ဖို့ရာ အကြောင်းများစွာ ရှိပေသည်။ မိမိစိတ်ထား မကောင်းသေးသော အချက်၊ ယုတ်မာနေသော အချက်များကို မိမိသာအသိဆုံး ဖြစ်၏။ ထိုကဲ့သို့ စိတ်ယုတ်မာရှိနေသော သူသည် လောကီဂုဏ်အတွက် အထက်တန်း၌ ရောက်နေသော်လည်း စိတ်အနေအထားအားဖြင့် အောက်တန်းအစားပင်ဖြစ်သေး၏။ စိတ်နေစိတ်ထား အောက်တန်းစားဖြစ်နေသော ဂုဏ်ကြီးရှင်သော်လည်း နောက်နောင်ဘ၀တို့၌ အောက်ကျနောက်ကျ ဖြစ်ရလတ္တံ့။
ထိုကဲ့သို့ တန်းလျှောရမည့် အရေးကို တွေးမိခြင်းကြောင့်လည်း စိတ်နေစိတ်ထား ကြီးမားမြင့်မြတ်အောင် ပြုပြင်ထိုက်ပေသည်။ စိတ်ဆိုးစိတ်ယုတ်ရှိသူသည် ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိုင်၊ မိတ်ဆွေချင်း ညီအစ်ကို မောင်နှမသားချင်း သမီးခင်ပွန်းချင်း၊ ဆရာဒကာချင်း၊ အပေါင်းအသင်း ရင်းနှီးသူချင်းကလည်း သူ၏ ယုတ်မာကြောင်းကို သိလျှင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်ကြမည်မဟုတ်။ ဤသို့ ရင်းနှီးသူများ အထင်သေးမည်ကို စိုးသောကြောင့်လည်း မိမိစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်ထိုက်ကြပေသည်။


ထို့ပြင် စိတ်ဆိုးစိတ်ယုတ်မာ ရှိနေသူသည် ဒါနပြုပြု၊ သီလဆောက်တည် ဆောက်တည်၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်း စီးဖြန်း မည်သည့်ကုသိုလ် လုပ်ငန်း၌မဆို ရိုးသားဖြူစင်လိမ့်မည်ဟူ၍ မမှတ်ထင်ထိုက်။ ထိုစိတ်ရင်းမကောင်းသူ၏ ကုသိုလ်ကံများကား အကျိုးပေး စင်စင်ကြယ်ကြယ် မရှိတတ်ချေ။ ဤသို့နောက်နောင် ဘ၀ အရေးဝယ် ပြုသမျှ ကုသိုလ်၏ အကျိုးပေး မစင်ကြယ်မည်စိုးသောကြောင့်လည်း မိမိစိတ်ကို ဖြူစင်ကောင်းမြတ်အောင် ပြုပြင်ထိုက်ကြပေသည်။


ထို့ပြင် စိတ်ဆိုးစိတ်ယုတ်မာ ရှိနေသူသည် ယခုတစ်ဘ၀တာ ယုတ်မာမည်မဟုတ်၊ ဖြစ်တိုင်းဖြစ်တိုင်းသော စိတ်ယုတ်မာများက တစ်သန္တာန်လုံး (တစ်ကိုယ်လုံး) ထုံမွမ်နေရကား နောက်နောက်ဘ၀ပေါင်းများစွာသို့လည်း စိတ်ယုတ်မာ အဆက်ဆက် ဓာတ်သတ္တိ ကူးစက်နေသောကြောင့် ထိုသူကို ရင့်မာသော ပါရမီရှင်ဟု ဆိုဖို့ရန် ခဲယဉ်းလေသည်။ ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်များစာရင်း မပါဝင်မည်စိုး၍လည်း ယုတ်မာဆိုးရွားသော စိတ်များကို အမြန်ဆုံး ပြင်ထိုက်ကြသည်။ ဤသို့လျှင် မိမိ၏ စိတ်နေစိတ်ထားကို မကောင်းကောင်းအောင် ပြုပြင်သင့်သောအကြောင်းအရာတွေ များစွာရှိပေသည်။
မိလိန္ဒမင်း စိတ်ကိုပြုပြင်ပုံ
မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ်လွန်စွာ အရေးကြီးသော ပြဿနာတို့ကို မေးဖို့ရန် အကြံဖြစ်လာသောအခါ ထိုပြဿနာများကို မမေးသေးဘဲ ၇-ရက်ပတ်လုံး မိမိစိတ်ကို သမာဓိရအောင် ထိန်းသိမ်းစောင့်စည်းနေပုံမှာ သူတော်ကောင်းတို့ အတုယူစရာ ကောင်းလှပါသည်။
စောင့်စည်းပုံကား = နံနက်စောစော အိပ်ရာထပြီးလျှင် ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ၀တ်ရိုးဝတ်စဉ် အ၀တ်တန်ဆာများကို မ၀တ်တော့ဘဲ ဖန်ရည်ဆိုးသော အ၀တ်ဝါကို ၀တ်ဆင်ကာ ဦးခေါင်းလည်း ခေါင်းတုံးအသွင် မှတ်ထင်လောက်အောင် ခေါင်းစွပ်လျက်(ရဟန်းမဟုတ်သော်လည်း) ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင်ဝတ်ဆင်ပြီးနောက် ၈-ပါးသော အချက်များကို ၇-ရက်လုံးလုံး မပျက်ပြားအောင် စိတ်၌ စွဲမြဲစွာ ဆောက်တည်လေသည်။ ထို ၈-ပါးကား -


၁။ ၇-ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
၂။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၎။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။

၅။ ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမူတော်ထမ်း များအပေါ်၌ သော်လည်းကောင်း စိတ်ကို နှိမ့်ချ၍ မာန်မာနမဖြစ်အောင် စောင့်စည်းမည်။
၆။ ကိုယ်မူ၊ နူတ်မူများ ထူးခြားစွာ စောင့်စည်းမည်။

၇။ မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ်မဖြစ်အောင် မျက်စိ၊ နားစသော ဣနြေ္ဒများကို စောင့်စည်းမည်။


ဤရှစ်ပါးသော အချက်ကို ၇-ရက်လုံး စောင့်သုံးလျက် ၈-ရက်မြောက်နေ့၏ နံနက်အခါဝယ် နံနက်စာ စောစောစား၍ ဣနြေ္ဒကြီးမားလှသော ရဟန်းတော်ကဲ့သို့ စက္ခုနြေ္ဒချပြီးလျှင် စကားပြော ဆင်ခြင်ကာ အရှင်နာဂသိန်အထံသို့ ကြည်လင်ရွှင်ပျ အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်လျက် လေးနက်စွာသော ပြဿနာများကို မေးလျှောက်လေသည်။

အတုယူဖွယ်


ဤမိလိန္ဒမင်းကြီး၏ ၇-ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတုယူလျက် သူတော်ကောင်းဘက်က အထက်တန်း ရောက်သော အမျိုးသား အမျိုးသမီးများသည် မိမိနေအိမ်မှာပင် တစ်နေ့ တစ်ရက် တစ်နံနက် စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ အထူးစောင့်စည်းသင့်ပေသည်။ ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ် အထူးနည်းပါးသော သူတော်စင်အဖြစ်သို့ တက်ရောက်၍ သဒ္ဓါထူး ပညာထူး ပေါ်ပေါက်လာလိမ့်မည်။ ရက်ပေါင်း အတော်ကြာအောင် နဂိုဖြစ်တတ်သော အကုသိုလ်စိတ်များလည်း မဖြစ်ဘဲ ရှိပါလိမ့်မည်။

“ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏။
ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏။
သတ္တ၀ါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏ အလိုသို့ လိုက်နေရသည်။” (တရားတော်)



“ဓာတ်မရိုက်ခင်၊ ကောင်းစွာပြင်မှ၊ ပုံတွင်ကျန၊ ရုပ်သွင်လှသို့၊ မုချမှန်စွာ၊ သံသရာ၏၊ ကမ္ဘာရပ်ခွင်၊ ဓာတ်အပြင်၌၊ စိတ်စဉ်ကျန၊ ရုပ်သွင်လှ၍၊ ခေမမြို့နန်း၊ အရောက်လှမ်းဖို့၊ ပြင်စမ်းစေချင်၊ စိတ်အစဉ်ကို၊ ပြင်ဆင်လေကွဲ့၊ နေ့စဉ်တဲ့။”

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Monday 24 September 2012

ပရမတ္ထဟူသည်

ပရမတ္ထတရား ၄-ပါး 
ပရမတ္ထဆိုသည်မှာ ပါဠိစကားတည်း။ မြန်မာလို “မြတ်သောအနက်သဘော” ဟုဆိုလိုသည်။ “မြတ်”ဆိုသည်မှာလည်း “မွန်မြတ် - မြင့်မြတ် - ကောင်းမြတ်” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုသဘောအတိုင်း မဖောက်ပြန် မပြောင်းလဲဘဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။ (ပရမ = မြတ်သော + အတ္ထ= အနက်သဘော၊ ပရမတ္ထ = မြတ်သော အနက်သဘော။ ဤပရမတ္ထသဘောကို “ပရမတ်” ဟုလည်း ခေါ်၏) ထိုပရမတ္ထတရားကား - စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် အားဖြင့် ၄-ပါးရှိသည်။


မဖောက်ပြန်ပုံ
စေတသိက်တရားတို့၌ လောဘ ဒေါသများ ပါရှိ၏၊ လောဘသည် လိုချင်ခြင်းသဘော၊ ဒေါသကား ခက်ထန်ခြင်း သဘောပင်တည်း။ လောဘသည် ပညာရှိသူတော်ကောင်း၏ သန္တာန်မှာ ဖြစ်ဖြစ်၊ သူယုတ်မာ သန္တာန်မှာ ဖြစ်ဖြစ်၊ ခွေးသန္တာန်မှာ ဖြစ်ဖြစ် လိုချင်သော သဘောမှ ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်း မရှိချေ။ ထို့အတူ ဒေါသ၏ ခက်ထန်ခြင်း သဘောလည်း မည်သူ့ သန္တာန်မှာ ဖြစ်ဖြစ် မဖောက်ပြန် မပြောင်းလဲချေ။ အခြားသော ပရမတ္ထတရားတို့ မပြောင်းလဲကြပုံကိုလည်း ဤနည်းအတိုင်းသိပါ။

ဤသို့လျှင် ပရမတ်သဘောတို့သည် မျက်နှာကြီးငယ် ရွေးချယ်လိုက်စားခြင်း မရှိဘဲ မူရင်းအတိုင်း ထင်ရှားမြဲဖြစ်သောကြောင့် မိမိ သူတစ်ပါးတို့၏ စိတ်နေစိတ်ထားကို အမှန်အတိုင်း သိနိုင်ဖို့ရာ ယခုလမ်းညွှန်ပြမည့် ပရမတ်သဘောများကို ကြိုကြိုးစားစား လေ့လာသင့်ကြပါသည်။

(ဆောင်)
၁။ သဘောအမှန်၊ မဖောက်ပြန်သဖြင့်၊ မှန်ကန်တည့်မတ်၊ ဂုဏ်အမြတ်၊ ပရမတ္ထခေါ်။ ၂။ စိတ်စေတသိက်၊ ရုပ်နိဗ္ဗာန်အား၊ ခွဲ၍ထား၊ လေးပါးပြားဘိသော်။ 

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။


Wednesday 12 September 2012

လူ့မစင်နဲ့ လုပ်ထားတဲ့ အသားတု(ထူးဆန်းထွေလာ)


ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးမှုဟာ အရေး တစ်ကြီး ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ သို့ပေမယ့်လည်း ပါမောက္ခ အီကီဒါကတော့ သူ့ရဲ့ နောက်ဆုံးပေါ် တီထွင်ကြံ ဆမှုဖြစ်တဲ့ လူ...့မစင်ကနေ ပရိုတိန်းဓါတ်ပါတဲ့ အသားတုတစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်း ဟာ ဒီအခက်အခဲပြဿနာကြီးကို အရေးပါတဲ့ နေရာကနေ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆ နေခဲ့ပါတယ်။ 



ဂျပန်နိုင်ငံရဲ့ မိလ္လာပြဿနာများ မနိုင် မနင်း ဖြစ်နေခဲ့ခြင်းအပေါ် တိုကျိုမိလ္လာဌာနအနေ နဲ့ အဆိုပါအခက်အခဲကို အကျိုးရှိစွာ ဖြေရှင်း နိုင်ရန် နည်းလမ်းရှာဖို့ အိုကာယာမ ဓါတ်ခွဲစမ်း သပ်ခန်းက ဂျပန်နိုင်ငံသား သုတေသနပညာရှင် ကို ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ သုတေသနပြုစဉ် ကာလအတွင်း ပညာ ရှင် အီကီဒါဟာ မိလ္လာအညစ်အကြေး အဖတ်များ မှာ ပရိုတိန်းဓါတ်များ အမြောက်အများ ပါဝင်နေ တာကို တွေ့ရှိခဲ့ပြီး ယခုလို တန်ဖိုးရှိတဲ့ ပရိုတိန်း တွေကို စစ်ယူပြီး အသားတုတစ်မျိုးအဖြစ် ပြောင်း လဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါ တယ်။ လူ့မစင်များ အဓိကပါဝင်တဲ့ မိလ္လာအညစ် အကြေးတွေမှာ ဘက်တီးရီးယားတွေ အပြည့်ရှိနေ တာကြောင့် ပရိုတိန်းဓါတ်တွေ ရာနှုန်းမြင့် ပါဝင် နေတာဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဟာ ပြုပြင်ထုတ် လုပ်မှုဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံး သွားမှာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့လည်း ဆိုပါတယ်။ ကနဦး စမ်းသပ်လေ့လာချက်တွေအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်တဲ့ ပဲပိစပ် ပရိုတိန်းကြောင့် အမဲသားကဲ့သို့ အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစား အစာစပ်ဆေးကို ထပ်မံထည့်သွင်းလိုက်ပါတယ်။ ထိုလူ့မစင် တစ်ဖြစ်လည်း အသားတုမှာ ပါဝင်တဲ့ အဟာရဓါတ်တွေကတော့ ပရိုတိန်းဓါတ် ၆၃%၊ ကာဘိုဟိုက်ဒရိတ် ၂၅ %၊ လီပဒ် ၃% နဲ့ သဘာဝဓါတ် ၉ % တို့ ပါဝင်ပြီး အသားအစားထိုး လူ့မစင်အသားတုဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ် ပါတယ်။ သို့သော်လည်း ဒီအသားတုဟာ မိလ္လာ အညစ်အကြေးက သန့်စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့မစင် ပရိုတိန်းဓါတ်များ ပါဝင်တယ်ဆိုတာ သိရင်တော့ စားသုံးသူ အနည်းငယ်သာ ရှိလိမ့် မယ်လို့ ပါမောက္ခ အီကီဒါက ၀န်ခံပြောဆိုခဲ့ပါ တယ်။ ဒါပေမယ့် အစားအစား ရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ရင်တော့ လူတွေဟာ ဒီအသားတုကို အလုအယက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။ ယခု လောလောဆယ်မှာတော့ အီကီဒါ ဟာ သူ့ရဲ့တီထွင်မှုကို လူအများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လက်ရှိအနေအထားမှာ "မစင်အသား" ဟာ သာမန်အသားထက် ၁၀ ဆ မျှ ပိုမိုဈေးကြီးနေပြီး သုတေသနပြုလုပ်မှုအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထဲက ဖယ်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အသားတု ဈေး နှုန်းဟာ သဘာဝအသားဈေးနှုန်းနဲ့ ဈေးလျော့ နည်းနိုင်လိမ့်မယ်လို့ ဂျပန်သိပ္ပံပညာရှင်က မျှော် လင့်ထားပါတယ်။

မူရင်းလင့်ခ် မော်နီကာ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

စိတ်ဖောက်ပြန်ရောဂါကို မြွေဟောက်၏အဆိပ်ဖြင့် ကုသနိုင်


ဆင်တစ်ကောင်ကိုပင် တုံးလုံး လဲကျသွားနိုင်အောင် ပေါက်သတ်နိုင်သော တောကြီးမြွေဟောက်၏ အဆိပ်သည် ဦးနှောက် ဒဏ်ရာရမှုကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု ရောဂါဖြစ်စတွင် ကုသနိုင်ကြောင်း စင်ကာပူအမျိုးသား တက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ကြသည်။ အဆိပ်အတောက် ကျွမ်းကျင်သူ မန်ဂျူနာသာကီနီက ဗက်တီးရီးယား ပိုးကြောင့်ဖြစ်သော အဆိပ်အတောက်သည် ကြွက်သား အာရုံကြောနှိုးဆွမှုကို ကာကွယ်ပေးခြင်းဖြင့် ကြွက်သားများ ကျဉ်းမြောင်းသွားမှုကို သက်သာစေကြောင်း ပြောသည်။



ထိုဆေးကို ခြောက်လမှ ရှစ်လ အတွင်းတစ်ကြိမ် ထိုးပေးခြင်းဖြင့် နို့တိုက် သတ္တဝါများတွင် ရှိသော NA-CHR (ပတ်ဝန်းကျင် ပြောင်းလဲမှုများကိုမှတ်သား၍ မိမိအာရုံကြောစနစ်တွင် လှုံ့ဆော်စေသောဆဲလ်)တွင် အကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရသည်။ သို့သော် ယခုအချိန်ထိ ထိုဆေးကို ကြွက်များနှင့်သာစမ်းသပ် သောအဆင့်တွင်သာရှိကြောင်း သိရသည်။

လူသားများတွင်ဖြစ်ပေါ်တတ်သော ဦးနှောက်ဒဏ်ရာကြောင့် စိတ်ဖောက် ပြန်မှုရောဂါကို ကုသနိုင်ဖွယ်ရှိကြောင်း ပါမောက္ခကီနီက ပြောပြသည်။

စင်ကာပူအမျိုးသားတက္ကသိုလ်မှ ၁၀ဦးပါအဖွဲ့သည် သြစတြေးလျ၊ ဆွစ်ဇာလန် အစရှိသောနိုင်ငံများမှ သုတေသီများဖြင့် ပူးပေါင်းဆောင်ရွက်နေကြပြီး ၎င်းတို့၏ တွေ့ရှိချက် များကို ဆေးပညာ ဂျာနယ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

တောကြီးမြွေဟောက်၏အဆိပ် မှထုတ်လုပ်သော Haditoxin ဓာတ် ပေါင်းသည် သုတေသီများအတွက် တတိယ ဆေးအမျိုးအစားသာဖြစ်ပြီး စိတ်ပူပန်မှု ရောဂါကိုကုသော Ohanin နှင့် သွေးတိုးရောဂါကုသနိုင်သော B-Ca- rdiotoxin ဓာတ်ပေါင်းများလည်း ပါဝင်သည်။ ၎င်းဆေးများကို သုတေသန ပြုဆဲဖြစ်ပြီး ဆေးဝါးအဖြစ် ထုတ်လုပ်မည် ဖြစ်သည်။
မူရင်းလင့်ခ် monicakyaw ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

ဖုန်းပြောရင်းအရေးပေါ်လှေကားမှပြုတ်ကျသေဆုံး


မူရင်းလင့်ခ် moe oo mann ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

ဖုန်းအလကားပြောချင်သူများအတွက် ဆော့ဝဲကောင်းလေးတစ်ခု Viber(နည်းပညာ)

ဒီဆော့ဝဲလေးကတော့ အသုံးတည့်လို့  သုံးနေကြသူတွေ အများကြီးရှိပါတယ်

မသိသေးသူတွေ သုံးရအောင် ထပ်ဆင့်မျှဝေလိုက်ပါတယ် ။ ဖုန်းထဲမှာ Viber

ဆော့ဝဲထည့်ထားရင်  ဆော့ဝဲရှိတဲ့ ဖုန်းအချင်းချင်း Gtalk ပြောသလိုပြောလို့ 

အဆင်ပြေတယ် ။အင်တာနက်တော့ ချိတ်ထားရမယ် ။  အဲ့ဆိုရင်  ဖုန်းထဲက

ပိုက်ဆံ  စားမသွားဘူး ။ 




 မြန်မာပြည်ကလူတွေ  ပြည်ပကို  ခေါ်ချင်ရင်လည်း

အဆင်ပြေနိုင်သလို ၊  ပြည်ပကလူတွေ  မြန်မာပြည်ကဖုန်းကို   ခေါ်ဖို့ လည်း

ပိုက်ဆံကုန်သက်သာပါတယ် ။အဓိက  အရေးကြီးတာက  ဖုန်း၂လုံး စလုံးမှာ

အင်တာနက်ချိတ်ဖို့ နဲ့   ဆော့ဝဲရှိဖို့ ပဲလိုတယ် ။ ချက်တင်တွေလည်း ရသလို

ပုံတွေပို့ ရင်လည်း  မြန်တယ် ။ ဖုန်းတိုင်းတော့မရပါဘူး ။ နောက်ပေါ်တဲ့ ဖုန်း

တွေမှာ ပိုအဆင်ပြေပါတယ်  ။ Android နဲ့  IOS တွေ မှာ ပိုအဆင်ပြေတယ်

Samsung နဲ့   Iphone တွေမှာတော့ အဆင်ပြေနေကြတာ  ။ကျန်တာတွေကို

ဆက်လက့်လေ့လာကြည့်ပေါ့ အဆင်ပြေနေတဲ့ ချစ်သူ ခင်သူတွေကတော့

ပိုပြီးကိုင်သင့်ပါတယ်။ ဖုန်းခလည်းသက်သာတယ် ။Viber ထည့်တဲ့ဖုန်းတွေ

အကုန်  အလကားခေါ်.. .. အင်တာနက်ကလည်း DiGiလိုင်းသုံးရင်  တစ်ရက်မှ

တစ်ကျပ် ၊ တစ်လ ဆို 30 RM ။ လိုင်းအား  သိပ်မကောင်းပေမယ့်   Facebook

Gtalk ၀က်ဆိုဒ်လျှောက်လည်  စာဖတ်လို့ အေးဆေးပဲ ဗီဒီယိုတွေကြည့်ချင်ရင်

လိုင်းပိုကောင်းတာသုံးလိုက် ကဲ အဆင်ပြေချင်သူတွေ စမ်းကြည့်စေဖို့ .........။



ဒီမှာ Download ယူ - http://www.viber.com/

Download For - Samsung Model

Download For - Iphone ( IOS)

Download For  - Balckberry

နားမလည်သည်ရှိသော နှိပ်ပါ - http://www.viber.com/faq


မူရင်းလင့်ခ် D-writer ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

မွေးကင်းစ ကလေးငယ်တစ်ဦးအား တူးမြောင်းအတွင်း စွန့်ပစ်ထားမှုဖြစ်ပွား




မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၄၂ လမ်းကြားနှင့် ၇၈ လမ်း နှင့် ၇၉ လမ်းကြားရှိ မင်္ဂလာတူးမြောင်း အတွင်း စွန့်ပစ်ထား ခဲ့သည့် ကလေးငယ် တစ်ဦးကို ယခုလ ၄ ရက်နေ့က တွေ့ရှိခဲ့ ကြောင်း သိရသည်။

 

စွန့်ပစ်ထားသော ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး လေးပေါင် ရှိကြောင်း သိရသည်။ "ကလေးကို တူးမြောင်းထဲမှာ အရင် တွေ့တာ။ တူးမြောင်းဆိုပေမယ့် ရေက ခြောက်လက်မလောက်ရှိတယ်။ အဲဒီက မှ ချောင်းကြီးထဲကို စီးဝင်တာ။ နည်းနည်းပဲလိုတော့တယ်။

ပထမအရုပ်လေး ပဲထင်ကြတာ။ ကလေးအသံကြားမှ သိရတယ်။ ကလေးက မျက်နှာတွေ ပြာနေပြီ။ ကလေးကိုဆယ်ပြီး မြို့နယ် ဒေသန္တရ ဆေးခန်းကိုသွားတော့ နေ့လယ်ပိုင်း ရောက်နေပြီ။

ဆရာဝန်က တစ်ယောက် မှ မရှိဘူး။ ဒါနဲ့ ဆေးရုံကြီးမွေးကင်းစ ဆောင်ကိုသွားပြီး အောက်ဆီဂျင် ပေးတော့မှ ကလေးက အသံတွေထွက် လာတယ်" ဟု ကလေးငယ်အား ဆေးရုံ သို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ဦးအောင်အောင်နိုင် (ခ) ဘကြီးအောင် က မြန်မာတိုင်း(မ်)ကို ပြောသည်။ အဆိုပါကလေးငယ် ဆေးကုသရန် အတွက် နီးစပ်ရာမှ အလှူငွေများ ထည့် ၀င်ပေးခဲ့ကြသည်။
မူရင်းလင့်ခ် monicakyaw ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ(ဗဟုသုတ)


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-


skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား  ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin  (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။





ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။


မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။


မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ  static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက်  လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။


မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။


ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်  မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
---

အောင်ခမ်း ( TechSpaceဂျာနယ် )


Sunday 9 September 2012

ဒေါင်းအုပ်ကြီးက မြို့ထဲသို့ ၀င်သောင်းကျန်း

 

ကြောင်နှင့်ခွေးများ အကာအကွယ်များရှိရာသို့ပြေးကြရသည်။ တွားသွားနေသလား ထင်ရလောက်အောင် ကားများ အရှိန်လျှော့ချကုန်သည်။ နေအိမ်များအတွင်း နေထိုင်သူများ ပင်လျှင် ပြတင်းတံခါးများကိုပိတ်ကာ တံခါးကိုပင်ချက်ချထားရသည်။ လယ်တဲများနှင့် ဂရင်းဟောက်စ်များကို လုံခြုံရေးယူထားရသည်။ အချို့က ရေဖြင့်ပစ်ခတ်ရသော ပစ္စတိုသေနတ်များကို ကိုင်စွဲကြသည်။ ဗြိတိန်နိုင်ငံ ဆောက်သ်ပို့မြို့အနီး ဘန့်ခ်ရွာမှ ရွာသားတို့၏ နေထိုင်မှုမှာ ဒေါင်းအကြမ်းဖက်ဂိုဏ်း၏ နှောင့်ယှက်မှုအန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အသက်၇၁နှစ်အရွယ်ရှိ ယန်းအိုဟန်လွန်အမည်ရှိ အဖွားကြီးသည် မိမိကိုယ်မိမိ ဒေါင်းရန်မှ ကာကွယ်ရန် နီးရာလက်နက်ဖြစ်သည့် ဘောဖျက်ကို ကောက်ကိုင်ရသည်။ ဒေါင်းများ မြိုကလေးထဲသို့ ၀င်လာသည်။ နောက်ထပ်နာရီပေါင်းများစွာကြာ တစ်ညလုံးနေထိုင်ပြီး နံနက်လင်းအားကြီး အချိန်ထိ ဒေါင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ရွာတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးသည် သူ၏ ဂိုဒေါင်ထဲ၌ ဒေါင်းတစ်ကောင် အိပ်ပျော်နေသည်ကို တွေ့ရှိရသည်။ ဒေါင်းများသည်အရသာရှိသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ကိုက်ဖြတ်စားသောက်ကြသည်။ အဖိုးတန်အပင်များကို ဖျက်ဆီးကာ ကိုက်ချီလျက် လသာဆောင်များ သို့မဟုတ် ခေါင်းတိုင်များထဲသို့ ပစ်ချခဲ့ကြသည်။

ကားလမ်းပေါ်၊ ပလက်ဖောင်းပေါ်၊ ကားစက်ဖုံးပေါ်၊ မြက်ခင်းပေါ် နေရာအနှံ့အမှိုက်သရိုက်များ စွန့်ပစ်ခဲ့ကြသည်။ ဗြိတိန်နိုင်ငံ လန်ကက်ရှိုင်းယား တောပိုင်း၌ ယင်းကဲ့သို့ ထူးခြားလှသော အဖြစ်အပျက်ဖြစ်ပွားခဲ့သည်။ ၎င်းတို့၏ မိတ်လိုက်ရာသီ ကျော်လွန်သွားပြီးနောက် ၁၅ကောင်ခန့်ရှိသော ဒေါင်းအုပ်ကြီးက ရွာသို့ဝင်ရောက် နှောင့်ယှက်ခဲ့ခြင်းဖြစ်သည်
 

မူရင်းလင့်ခ် စွန်ရဲ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။
 

တရုတ်နိုင်ငံတွင်ထူးဆန်းတဲ့ သတ္တဝါတွေ့ရှိ

 

တရုတ်၌ ဗီဇဆိုင်ရာ စမ်းသပ်မှုကြောင့် ထွက်ပေါ်လာသည်ဟု ယူဆရသော ထူးဆန်းသည့်သတ္တ၀ါတွေ့ရှိ


ပန်းရောင် အသားအရေ၊ ကျားသစ်ကွက်များဖြင့် ဦးခေါင်းထိပ်၌ အမွေးထောင်ထောင်များရှိသော ထူးခြားသည့် သတ္တ၀ါတစ်ကောင်ကြောင့် တရုတ်နိုင်ငံ ဟေနန်ပြည်နယ် စင်ကျန်းမြို့၌ နေထိုင်သူများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။ စင်ကျန်းမြို့သည် သိပ္ပံသုတေသနဌာန ပေါင်းများစွာနှင့် နီးကပ်စွာတည်ရှိသောကြောင့် ယင်းအကောင်သည် ဗီဇဆိုင်ရာစမ်းသပ်မှုကြောင့် ထွ
က်ပေါ်လာခြင်းဖြစ်မည်ဟု ယူဆကြသည်။

မူရင်းလင့်ခ် စွန်ရဲ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

Tuesday 4 September 2012

ကျောက်ခေတ်မဟုတ်ပေမဲ့ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ မြို့ကလေး

 ပေါ်တူဂီနိုင်ငံက စိတ်ဝင်စားဖွယ်ရာ Monsanto မြို့ကလေးဟာ ထူးထူးဆန်းဆန်း နှစ်သက်စဖွယ်ကောင်းလှတဲ့ တောင်စောင်းပေါ်က မြို့ငယ်ကလေးဖြစ်ပါတယ်။ ဘယ်လိုများလဲဆိုရင်ဖြင့် အဲဒီမြို့ကလေးကို ရောက်သွားသူတိုင်းဟာ မြို့ကလေးရဲ့ ထူးခြားမှုကို သတိမပြုမိဘဲ မနေနိုင်အောင် ရင်သပ်ရှုမော ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ မြို့ကလေးမှာရှိတဲ့ အိမ်တွေဟာ သစ်တွေ၊ ဝါးတွေနဲ့ ဆောက်လုပ်ထားတာ မဟုတ်ဘဲ ကြီးမားလှတဲ့ ဂရင်းနိုက် ကျောက်တုံး ကျောက်ဆောင်ကြီးတွေ ကြားထဲမှာ ဆောက်လုပ်ထားတာဖြစ်ပြီး အချို့အိမ်တွေကတော့ ကျောက်တုံးကို ထွင်းဖောက်ပြီး ဆောက်လုပ်ထားတာဖြစ်ပြီး တစ်ချို့ကတော့ ကျောက်တုံးအရွယ်တော်များနဲ့ တည်ဆောက်ထားကြပါတယ်။မြို့ကလေးရဲ့ လမ်းတွေဟာဆိုရင်ဖြင့် ကျောက်တုံးတွေကြားထဲမှာ ကွေ့ပတ်ဖောက်လုပ်ထားပြီး အချို့လမ်းတွေဆိုရင် ကျောက်တုံးကိုထွင်းပြီးမှ ဖောက်လုပ်ထားတာဖြစ်ပါတယ်။





မူရင်းလင့်ခ် Thi Thi Cho ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

ကနေဒါနိုင်ငံကပန်းချီဆရာ Rob Gonsalves ရဲ့ထူးခြားတဲ့ပန်းချီလက်ရာများ


 

မူရင်းလင့်ခ် Thi Thi Cho ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။