ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 31 October 2010

ရယ်စရာ မောစရာ

“စည်းကမ်း”



လက်ထပ်ပြီး နောက်တစ်ရက်မှာပင် ခက်ထန်သောအမျိုးသားက ၎င်းမိန်းမလိုက်နာရန် စည်းကမ်းများကို ပြောပါတော့သည်။



“ငါအိမ်ပြန်ချင်တဲ့ နေ့ပြန်လာမယ်၊ ပြန်လာချင်တဲ့အချိန် ပြန်လာမယ်၊ မင်းဆီက ဘာအသံမှ မကြားချင်ဘူး။ ငါရောက်လာတဲ့အချိန်မှာ ထမင်းပွဲပူပူနွေးနွေးပြင်ထားရမယ်။ ငါနဲ့ငါ့သူငယ်ချင်းတွေ ငါးမျှားသွားမယ်၊ အရက်သောက်မယ်၊ ဖဲ ကစားမယ်ဆိုရင် မင်းဘက်က နားလည်ပေးရမယ်။ ဆူဆူပုပူ မကြားချင်ဘူး။ ဒါ ငါ့ရဲ့ စည်းကမ်းတွေပဲ။ မင်းဘာပြောချင်လဲ”



ပူပူနွေးနွေးဇနီးသည်က ပြန်ပြောလိုက်သည်မှာ ဤသို့ဖြစ်သည်။



“ကျွန်မဘက်က အဆင်ပြေပါတယ်။ ပြောစရာတစ်ခုတော့ရှိတယ်၊ ဒီအိမ်မှာ ညတိုင်း ၉နာရီတိတိမှာ နှစ်ပါးသွား အချစ်ပွဲကြီး ကျင်းပမယ်။

ရှင်ရှိတာ၊ မရှိတာတော့ ကျွန်မမသိဘူး”





“တူပဲ တူနိုင်လွန်းလိုက်တာ”



ဘားခန်းတစ်ခုထဲတွင် လူနှစ်ယောက်၏အသံက သိသိသာသာကျယ်လောင်နေသည်။



“ခင်ဗျား ကယ်လီဖိုးနိးယားပြည်နယ်မှာ မွေးတာဆို”



“ဟုတ်တယ်လေ။ ခင်ဗျားကရော”



“ကျုပ်လည်း ကယ်လီဖိုးနိးယားကပဲ၊ ဟာ တိုက်ဆိုင်လိုက်တာဗျာ၊ ကျုပ်က စိန့်ဂျွန်(၁)မှာ ကျောင်းတက်လာတာ၊ ၈၇ အသုတ်လေ”



“ဟာ…ကျုပ်လည်း စိန့်ဂျွန်(၁)မှာ တက်ခဲ့တာပဲ။ ၈၇ အသုတ်ပဲပဲဗျ။ မယုံနိုင်စရာပဲဗျာ။ အံ့သြစရာတော့ တော်တော်ကောင်းနေပြီဗျို့”



ထိုအချိန်တွင် ဆိုင်၌ ပုံမှန်လာသောက်နေသော လူတစ်ယောက်က ၎င်း၏မိတ်ဆွေသစ်အား “လင်ဒန်တို့ အမြွှာညီအစ်ကိုမူးနေပြန်ပြီဗျ”ဟု ပြောလိုက်၏။

Saturday 30 October 2010

ကဒတ်

မြန်မာအမည် - ကဒတ်

မွန်အမည် - KHAR GROPE

ဒေသန္တရအမည် - တောသင်္ဘော

ကဒတ်ပင်သည် ဥတက်ရှိသော နွယ်မျိုး ဖြစ်သည်။ ဥတက် အရောင်ကို လိုက်၍ အဖြူမျိုး၊ အနီမျိုး ဟူ၍ နှစ်မျိုးရှိသည်။ အရွက် ၀ိုင်းသည်။ ရွက်ထိပ် ချွန်၍ သွယ်သည်။ ရွက်ရင်းပိုင်း နှလုံး ပုံသဏ္ဌာန်ုရှိသည်။ ဥတက်မှာ ရှည်၏ အမွေးများ ရှိသည်။ ချွဲဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ကဒတ်ဥမှာ ချို၍ချွဲသည်။ ကဒတ်ဥကို ဟင်းချို ချက်၍ လည်းကောင်း။ ကြော်၍ လည်းကောင်း စားသုံး နိုင်သည်။ မိုးရာသီတွင် ပေါများစွာ ထွက်ရှိသည်။

ကတွတ်

မြန်မာအမည် - ကတွက်(ကဒွတ်)

ရှမ်းအမည် - MAILU SANG

ကတွက်ပင်သည် ညောင်ပင်မျိုးတွင် ပါဝင်၍ အမြဲစိမ်းလန်းကာ ချုံပုတ် အကြီးစားကဲ့သို့ ပေါက်ရောက် တည်ရှိသည့် ပင်လတ်မျိုး ဖြစ်သည့်အပြင် အမြဲစိမ်းလန်းသော အပင်မျိုး ဖြစ်သည်။ အခေါက်သည် အပြာရင့်ရောင် ဖြစ်၍ ရွက်ဆိုင် ထွက်သည်။ အရွက်၏ အရင်းမှာ မတူညီဘဲ တစ်ဘက်နိမ့် တစ်ဘက်မြင့် ဖြစ်သည်။ အရွက်အောက် မျက်နှာပြင်တွင် အမွှေးနုများ ရှိ၍ အပေါ် မျက်နှာပြင်မှာ ကြမ်းသည်။ ပင်စည်ဒဒ အရင်းဘက် အကိုင်းတွင် ပွင့်သီးသည်။ သဖန်းသီးကဲ့သို့ ဖြစ်သည်။ မိုးကုတ်၊ ရှမ်း၊ ကချင်၊ မွန်ပြည်နယ်တို့တွင် အများအပြား တွေ့နိုင်ပါသည်။ ယိုထိုး၍ စားသုံးနိုင်သည်။ အညွန့်ကို ဟင်းချိုချက်၍ လည်းကောင်း၊ ပြုတ်၍ အတို့အမြှုပ်အဖြစ် လည်းကောင်း၊ ကြော်၍ ချက်၍ လည်းကောင်း စားသုံးနိုင်သည်။ အသီးမှည့်ကို မိုးရာသီနှင့် ဆောင်းရာသီတွင် စားသုံးနိုင်သည်။ အညွန့်ကို ရာသီမရွေး စားသုံးနိုင်သည်။ အမြစ်သတ္တုရည်ကို သောက် သော် ဆီးချုပ်၊ ဆီးအောင့် ရောဂါ ပျောက်ကင်းပါသည်။

ကညွတ်

မြန်မာအမည် - ကညွတ်

မွန်အမည် - SANI KAMAT

တစ်နှစ်လျှင် တစ်ကြိမ်သာ ရာသီအလိုက် ပေါ်သည့်အပြင် အရသာထူးသော ဟင်းသီးဟင်းရွက်ပင် ဖြစ်သည့် ကညွတ်ပင်ကို လူအများ အမြတ်တနိုး ၀ယ်ယူ စားသုံးကြသည်။

ပင်ပျော့ ပင်ငယ်မျိုး ဖြစ်သည့် ရွက်မြွာ ကလေးများ အလွန်သေးငယ်၍ အပ်ချောင်းပုံသဏ္ဌာန် ရှိပြီး အနည်းငယ် ကောက်ကွေ့၍ နေသည်။ အပွင့်မှာ ငယ်၍ အဖြူရောင်ရှိပြီး မွှေးကြိုင်သော အနံ့ရှိပြီး အသီးများ မှည့်သည့်အခါ အနီရောင် ရှိ၏။ မြန်မာနိုင်ငံ စွတ်စို ထိုင်းမိုင်းသော အရပ်၊ တောင်ပေါ် ဒေသနှင့် အေးသော အရပ်ဒေသတို့တွင် စိုက်ပျိုး ဖြစ်ထွန်းပါသည်။

ချိုစိမ့်သော အရသာ ရှိပြီး အပင်စို့ပေါက်ကို ပြုတ်၍ လည်းကောင်း၊ ဓားပြား ရိုက်၍ လည်းကောင်း ကြော်ချက်၍ စားသုံးနိုင်သည်။ အဖူးကို ရေနွေးဖျော၍ ချဉ်ရည် ချက်စားနိုင်သည်။ မိုးဦးကျ ရာသီတွင် အစို့ပေါက်ကို စားသုံးနိုင်သည်။ ယင်းကညွတ်ကို စားသုံးခြင်းဖြင့် အင်အားကို ဖြည့်ဆည်းပေးစေပါသည်။

ဟင်းနုနယ် (ဆူးပေါက်)

မြန်မာအမည် - ဟင်းနုနယ် ဆူးပေါက်

မွန်အမည် - KHAR GROPE

ပင်စည် အရည်ရွှမ်း၍ ပင်စည်ပေါ်တွင် အမွေးနုများ ပါရှိသည်။ ထောင်မတ်၍ ပေါက်သည်။ ရွက်ထွက်ပြီး ရွက်ညှာရှည်သည်။ အရွက်မျက်နှာပြင်၌ အမွေးနု များရှိသည်။ အရွက်အလျား ၄-လက်မခန့် ရှည်ပြီး ၂-လက်မခန့်ကျယ်သည်။ အရွက်မှာ လှံသွားပုံဖြစ်သည်။ အပွင့်ကလေးများ စုပေါင်းနေသော ပွင်ညှာပန်းခိုင်ဖြစ်သည်။ ပွင့်လိုင်းသည် ထိပ်ဖျားနှင့် ကြားကိုင်းမှ ထွက်သည်။ တစ်စေ့ သီးခြောက်ဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ပြီး အရသာမှာ ခါးချိုဖြစ်သည်။ အရွက်၊ အရိုး။ အညွှန့်တို့ကို ကြော်၍ ချက်၍ စားသုံးနိုင်သည်။ မိုးရာသီတွင် စားသုံးနိုင်သည်။ အရွက်ကို ဟင်းချက်၍ စားပါက ဆီးအောင့်ရောဂါပျောက်၍ ဆီးကျောက်တည်သော ရောဂါ ပျောက်ကင်းသည်။

အသည်းရောင် အသားဝါရောဂါကို ပျောက်ကင်းစေသော မြန်မာ့သဘာဝ ဆေးဖက်ဝင် အပင်များ

အသည်းရောင် အသားဝါ ရောဂါကို ပျောက်ကင်းစေသော မြန်မာ့သဘာဝ ဆေးဖက်ဝင် အပင်များအကြောင်းကို စုဆောင်း ရေးသား တင်ပြသွားမည်ဖြစ်ပါသည်။


ကျားမုတ်ဆိတ်ပင်

ကျားမုတ်ဆိတ်ပင်ကို မြေမှ နုတ်ယူ၍ ရေဆေးပြီး သန့်စင်သော ရေဖြင့် သုံးခွက် တစ်ခွက်တင် ကျို၍ သောက်ပါက အသည်းရောင် အသားဝါ ရောဂါ ပျောက်ကင်းသည်။ ကျားမုတ်ဆိတ်ပင်၏ ပုသဏ္ဌာန်မှာ အရွက်မှာ ရှည်မျောမျောပုံရှိပြီး နှစ်လက်မမှ လေးလက်မခန့်အထိ ရှည်သည်။ အရွက်မှာ အစိမ်းရင့်ရောင်ရှိပြီး မြောများတွင် ပေါက်ရောက်လေ့ရှိသည်။ အလေ့ကျပေါက်သော အပင်မျိုး ဖြစ်ပြီး သဘာဝ သစ်တောများ အတွင်း အတွေ့များသည်။ အညာဒေသ ကျေးလက် တောရွာ များတွင်လည်း တွေ့ရှိရသည်။

ခရုမင်းပင်ကို သုံးခွက် တစ်ခွက်တင်ကျို၍ သောက်ပါက အသည်းရောင် အသားဝါ ရောဂါ ပျောက်ကင်းစေသည်။ ခရုမင်းအပင်၏ ပုံသဏ္ဌာန်ကို ဖော်ပြရသော် အရွက်မှာ ပုဝိုင်းဝိုင်း သဏ္ဌာန်ရှိပြီး တစ်လက်မ ပတ်လည်ခန့် ရှိသည်။ အရွက်၏ အရောင်မှာ အစိမ်းရောင် ဖျော့ဖျော့ အရောင်ရှိပြီး မြေစေး (သို့) နုန်းခြောက်မြေများးတွင် ပေါက်ရောက်သည်။ အလေ့ကျပေါက်သော အပင်ဖြစ်ပြီး တောစပ် ချုံစပ်တို့တွင် ရောနှောပေါက်ရောက်သည်။


မြေဆီဖြူပင်

မြေဆီဖြူပင်ကို သုံးခွက် တစ်ခွက်တင်အောင်ကျို၍ သောက်ပါကလည်း အသည်းရောင် အသားဝါ ရောဂါ ပျောက်ကင်းသည် မြေဆီဖြူပင်၏ ပုံသဏ္ဌာန်မှာ မြေမှာကပ်၍ ပေါက်ရောက်သော အပင်မျိုး ဖြစ်သည်။ အရွက်သေးငယ်၍ ၇ွက်တံ၏ တစ်ဘက်တစ်ချက်တွင် အရွက်ငယ်များ တန်းစီ၍ ထွက်သည်။ အရွက်အောက်ခြေတွင် အသီးငယ် ကလေးများတန်း၍ ပြွတ်သိပ်စွာ သီးကြသည်။ အရွက်၏ အရောင်မှာ ဖျော့တော့သော အစိမ်းနုရောင်ဖြစ်သည်။ တောင်ခြေ၊ တောစပ် နေရာများသာမက ရွာနီး ၀န်းကျင်တို့တွင်လည်း အလေ့ကျ ပေါက်ကြသည်။


ဝက်ချီးပနဲပင်

ဝက်ချီးပနဲပင်ကို ပြုတ်၍ သောက်ပါက အသားဝါ အသည်းရောင် ရောဂါ ပျောက်ကင်းသည်။ ၎င်းအပင်၏ ပုံသဏ္ဌာန်မှာ အရက်သေးငယ်သော အပင်မျိုးဖြစ်ပြီး အ၀ါရင့်ရောင် အပွင့်သေးလေးများပွင့်သည်ကို တွေ့ရသည်။ အရွက်၏ အရောင်မှာ အစိမ်းရင့်ရောင် ရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုကို နှစ်သက်ပြီး ၎င်းရာသီ ရရှိသော ဒေသများတွင် ပေါက်ရောက်သည်။ မြေမာများတွင် ပေါက်ရောက်ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရှိရသည်။


မက်လင်သီး

မက်လင်သီး အခြောက်ကို ဘယဆေးဆိုင်များတွင် ၀ယ်ယူရရှိနိုင်သည်။ ၎င်းအသီးခြောက်ကို ထန်းလျက်နှင့် ရောကျိုပြုတ်၍ သောက်ပါက အသည်းရောင် အသားဝါ ရောဂါ ပျောက်ကင်းစေသည်။ မက်လင်သီးခြောက် နှစ်ကျပ်ခွဲသားခန့်ကို ထန်းလျက်ကြမ်း ငါးလုံးထည့်၍ ရေကိုသင့်လျော်ရုံထည့်၊ ကျက်ကျက်ပြုတ်၍ သောက်ပါက အသည်းရောင် အသားဝါ ရောဂါ ပျောက်ကင်းကြောင်း တွေ့ရှိရသည်။ မက်လင်သီး၏ ပုံသဏ္ဌာန်မှာ ပန်းသီး၊ သစ်တော့သီး ကဲ့သို့ ရှိသည်။


ငုပင်

ငုပင်မှာ အပင်လတ်ပင်မျိုးဖြစ်၍ ပန်း၏ ပသာဒကြောင့် အလှအပအဖြစ် ဥယျာဉ်ခြံများ။ လူနေအိမ်များတွင် အလှစိုက်ကြသည်။ ငုပင်၏ ပင်စည်မှ အခေါက်ကို ခွာယူ၍ လည်းကောင်း မြေတွင်းရှိ အမြစ်ကို တူးယူ၍ လည်းကောင်း သုံးခွက်တစ်ခွက် တင်ကျို၍ သောက်ပါက အသည်းရောင် အသားဝါ ပျောက်ကင်းသည်။ ငုပင်သည် အခက်အလက် ဝေဆာစွာ ထွက်ရှိပြီး ပန်း အ၀ါရောင်များ ပွင့်သည်။ အပင်အကိုင်း အခက်များမှ ပွင့်ညှာတံများ ထွက်ရှိကာ ယင်း ပွင့်ညှာာတံများတွင် အပွင့်များ တွဲလဲခို၍ အစီအရိ ပွင့်ကြသည်။ မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် ပေါက်ရောက် ဖြစ်ထွန်းသည်။ ငု အခေါက်၊ သို့မဟုတ် အမြစ်ကို ပြုတ်၍ သောက်ပါက ၀မ်းအနည်းငယ်သက်မည် ဖြစ်ပါသည်။ တစ်နေ့လျှင် သုံးကြိမ် ရက်သတ္တတစ်ပတ် ဆက်၍ သောက်ပါက အသည်းရောင် အသားဝါ ရော၈ါသည် ယူပြစ်သကဲ့သို့ ပျောက်ကင်းကြောင်း တွေ့ရသည်။


ကျောက်ဖရုံသီး

ကျောက်ဖရုံသီးကို အရည်ညစ်ကာ သကြားနှင့် ရော၍ သောက်ပါက အသည်းရောင် အသားဝါ ရောဂါ ပျောက်ကင်းသည်။ ကျောက်ဖ၇ုံသီးကို သင်္ဘောခြစ်ဖြင့် ခြစ်၍ ပိတ်ပါးစနှင့် ထုတ်ပြီး အရည် ညှစ်ယူရပါမည်။ အရည်သည် ၀ါကျင့်ကျင့် အရောင်ရှိပြီး စိမ်းရွှေရွှေ အနံ့ ရရှိသည်။ ထိုအရည်ကို သာကား သင့်လျှော်ရုံ ထည့်၍ သောက်ရပါမည်။ တစ်ရက်လျှင် ငါးကြိမ်ကို သောက်ပါက အသည်းရောင် အသားဝါရောဂါ ပျောက်ကင်းစေပါသည်။

အောင်မဲဖြူ၊ အောင်မဲညို

မြန်မာအမည် - အောင်မဲဖြူ၊ အောင်မဲညို

နွယ်ပင်ဖြစ်သည်။ မွဲခြောက်ခြောက် အရောင်ရှိသည်။ အရွက်မှာ အနည်းငယ်သွယ်၍ ၀ိုင်းသည်။ အပွင့်များကြီး၍ အဖြူရောင်နှင့် အပြာရောင်ဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရှိရပြီး မြန်မာနိုင်ငံ အထက်ပိုင်း ချင်းတောင်၊ မေမြို့၊ ဗန်းမော်၊ ရွှေဘို၊ မိတ္ထီလာနှင့် ရန်ကုန်တွင် တွေ့ရှိနိုင်သည်။ အရွက်သည် ဖန်၍ ခါးသက်သော အရသာရှိသည်။ မိုးဥတုတွင် အပင်ပွားများထွက်သည်။ အရွက်ကို ချက်ပြုတ်စားနိုင်သည်။ မိုးရာသီတွင် အများအပြား စားနိုင်သည်။

အောင်မဲဖြူရွက်ကို ကြိတ်၍ ခူနာများ၌ စည်းပေးပြီး စည်းထားသော နေရာ၌ ရေမကြာမကြာ ဆွတ်ပေးပါက ခူနာပျောက်သည်။

သက်ရင်းကြီး

မြန်မာအမည် - သက်ရင်းကြီး၊ သစ်ရင်

ပင်စည်ဖြောင့်၍ အခေါက် အညိုရောင်ရှိသော ပင်လတ်မျိုး ဖြစ်သည်။ အရွက် ၈-လက်မ မှ ၁၂-လက် အထိ ရှည်ပြီး ရွက်နားတွင် ခွေးသွားစိတ်များပါရျီသည်။ အကိုင်းထိပ်တွင် စိမ်းဖျော့ရောင် ပန်းခိုင်ပွင့်သည်။ အသီးမှာ သုံးမြှောင့်ပုံရှိ၍ သီတင်းကျွတ်လတွင်သီးသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ အရွက်၏ အရသာမှာ ဆိမ့်ဖန်၏။ ရနံ့မွှေး၏။ အရွက်ကို အတို့အမြှုပ်အဖြစ် လည်းကောင်း၊ ပြုတ်၍ သုပ်၍ လည်းကောင်း စးနိုင်သည်။ ၎င်း၏ အခေါက်သည် အဖော အရောင် ရောဂါများ ပျောက်သည်။ အရွက်ကို ကြိတ်၍ အုံသော် အနာကိုက်ရောဂါ ပျောက်ကင်းသည်။

ထာဝယ်မိုင်း

မြန်မာအမည် - ထာဝယ်မိုင်း

ဒေသန္တရအမည် - သမန်းကျား

နွယ်ပင် ဖြစ်သည်။ ပန်းများ အ၀ါရောင် ပွင့်သညနွယ်ပင်ကြီးမျိုး ဖြစ်သည်။ ရွက်တိုင်း နီးပါးထွက်သည်။ အပွင့်သည် ပြောက်ကျားရောင် ထွက်သည်။ ပွင့်စတွင် အဖြူရောင် ရှိသော်လည်း တဖြည်းဖြည်း နီရဲသော အရောင်သို့ ပြောင်းသါားသည်။ အသီးမှာ သေးငယ်သည်။ မြန်မာနိုင်ငံ ပူအိုက် စွတ်စိုသော ဒေသများတွင် အများအပြား ပေါက်ရောက်သည်၊ အနံ့မှာ မွှေး၍ အရသာမှာ ခါးသက်သက် ရှိသည်။ အရွက်နုကို ပြုတ်၍ လက်သုပ် လုပ်စားနိုင်သည်။ သနပ် ပြုလုပ်၍ စားနိုင်သည်။ နှစ်လံးပေါက် စားနိုင်သည်။ လေထိုး၊ လေအောင့်၊ အစာမကြေ ရောဂါများ အတွက် အရွက်ကို ပြုတ်၍ သောက်ပါက ရောဂါ ပျောက်ကင်းသည်။

နွားလျှာကြီး

မြန်မာအမည် - နွားလျှာကြီး

နွယ်ပင် ဖြစ်သည်။ ပန်းများ အ၀ါရောင် ပွင့်သည်။ အရွက်ကို ပြုတ်၍ သုပ်စားနိုင်သည်။ အရသာမှာ ပူ၍ခါးသက်သက် ရှိသည်။ မိုးဦးကျတွင် စာသုံးနိုင်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ အထူးသဖြင့် မြန်မာပြည် အလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်း ဒေသတွင် အများအပြား တွေ့ရှိနိုင်သည်။ ကလေးမိခင်များ နို့မထွက်ပါက နွားလျှာကြီး အရွက်ကို ဟင်းချက်၍ စားသုံးခြင်းဖြင့် မိခင်မှာ နို့များစွာ ထွက်လာစေသည်။

ထနောင်း

မြန်မာအမည် - ထနောင်း

အပင်လတ်မျိုး ဖြစ်သည်။ အမြင့်ပေ ၄၀အ ထိ မြင့်သည်။ ပင်စည် လုံးပတ် ၄-ပေခန့် အထိ ရှိသည်။ နှစ်ခါငှက်မွေး ရွက်ပေါင်း ဖြစ်သည်။ ၁-ပေ မှ ၁-ပေခွဲခန့် အထိရှိသည်။ အပွင့်တံများ ရှိ၍ ၀င်းဝါ မွှေးကြိုင်သော ဖြူဝါ၀ါ အပွင့်များ ပွင့်သည်။ မြန်မာပြည်အလယ်ပိုင်း မိုးခေါင် ရေရှားရပ်ဝန်း ဒေသနှင့် ရှမ်းပြည်နယ်တို့တွင် ပေါက်ရောက်သည်။ အရွက်သည် ဖန်၍ ဆိမ့်သော အရသာ ရှိသည်။

အရွက်နုကို ပြုတ်၍ စားနိုင်သည်။ ထနောင်းရွက်ကို အခြောက်ပြုလုပ်၍ လက်ဖက်ခြောက် အဖြစ် သောက်ပါက ဆီးပူ၊ ဆီးနည်းရောဂါ ပျောက်ကင်းသည်။ နွေရာသီတွင် အရွက်နုများ စားသုံးနိုင်သည်။

သီဟိုဠ်သရက်

မြန်မာအမည် - သီဟိုဠ်သရက်

ပင်စည်သည်ပြန့်ဖြာလျက်ရှိပြီး ပင်စည်မှ နို့အရောင် အစေးများထွက်သည်။ အရွက်ဘဲဥပုံရှိသည်။ ရွက်ထိပ်ပိုင်း ချိုင့်သည်။ အလက်နုသော အကိုင်းတို့၏ ထိပ်မှ ပန်းပွင့်သည်။ အပွင့်သည် မွှေးကြိုင်သည်။ အသီးမှာ နှစ်ပိုင်းဖြစ်သည်။ မှည့်သောအခါ နီဝါရောင် ရှိသည်။ အသီးမှည့်ကို စားနိုင်ပြီး အရသာမှာ ချို၍ အနည်းငယ် ဖန်သည်။ ဒုတိယပိုင်းဖြစ်သည့် အစေ့သည် ၁-လက်မ မှ ၁ ဒသမ ၅-လက်မ အထိရှည်၍ အသီး၏ အပြင်ဘက်တွင် နေသည်။ အစေ့ကို လှော်စားနိုင်သည်။ အစေ့ခွန်သည်ခါး၍ အဆိပ်ပါရှိသည်။ အရွက်နုကိုလည်း တို့မြှုပ်စားနိုင်သည်။ အသီးမှည့်ကို မိုးဦးကျတွင် စားသုံးနိုင်သည်။ အရွက်နုကို ရာသီမရွေး စားနိုင်သည်။ အသီး၏ သတ္တုရည်ဖြင့် အနာပေါက်ကို ထည့်လိမ်းပေးပါက အနာပျောက်ကင်းသည်။

သပြုပင်

မြန်မာအမည် - သပြုပင်

ရုက္ခဗေဒ အမည် - ဒီလင်နီးယား အင်ဒီးကား

သပြုပင်သည် အမြင့် ပေ-၃၀ မှ ပေ-၈၀အထိ မြင့်၍ အပင်ကြီးမျိုးဝင် ဖြစ်သည်။ အရွက် မပြတ်ဘဲ အမြဲစိမ်းလန်း နေသည်။ ပူအိုက် စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ မြန်မာနိုင်ငံတွင် မိုးများသော ဒေသသစ်တောများ၌ ပေါက်ရောက်သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် မြစ်ချာင်းကမ်းပါး အနီးဒေသတွင် အထူးပေါက်ရောက်သည်။ သပြုပင်၏ ရွက်အုပ်သည် ၀ိုင်းနေ၍ အရွက်များသည် အကိုင်းများတွင် စုရုံးထွက်ကြသည်။ အရင်းကား၍ လှံသွား ပုံသဏ္ဌာန်ရှိသော အရွက်များသည် ၈-လက်မ မှ ၁၄-လက်မအထိ ရှည်လျား၍ ၂-လက်မ မှ ၄-လက်မအထိ ဗြက်ကျယ်သည်။

တစ်ပွင့်ချင်း ပွင့်သော အဖြူရောင် ပန်းပွင့်များသည် ၅-လက်မ မှ ၈-လက်မအထိ ကြီးမား၍ ပွင့်ချပ်များလည်း ကြီး၍ ထူထဲသည်။ အနံ့မှာ သင်းပျံ့ပျံ့မွှေးသည်။ အသီးများမှာ အချင်း ၃-လက်မ မှ ၅-လက်မအထိ ရှိသည်။ အပွင့်၏ ထူးကဲသော ပွင့်ဖတ်များသည် ကြီးရင့်လာသောအခါ စိမ်းလာ၍ အသားထူသော အဖတ်များ ဖြစ်လာပြီး ထိုအဖတ်များသည် အစေ့များပါသော အိမ်ကို အုံဖွဲ့ကာ ကြီးထွားပြီးလျှင် အသီးဖြစ်လာသည်။ အစေ့များသည် ကျောက်ကပ်သဏ္ဌာန် ရှိ၍ သေးငယ်သည်။ ရင့်သော အသီးများမှ အဖတ်များကို ခွာယူ၍ အချဉ်ဟင်း ချက်စားနိုင်သည်။ အချိုသုပ်၍လည်း စားကြသည်။ လေသလိပ်ကို နိုင်သည်။ သွေးသည်းခြေကို ပျက်စေတတ်သည်။ သုက်ကို ခန်းခြောက် စေတတ်သည်ဟု ဆိုသည်။

အိန္ဒယ ဆေးကျမ်းများ အလိုအရ ဖျားနာသူ ချောင်းဆိုသူများကို သပြုသိးမှည့် အခွံ၏ အရည်ကို သကြားနှင့် ဖျော်ပြီးလျှင် အဖျော်ရည် တစ်မျိုး အဖြစ် တိုက်ကျွေး နိုသသည်ဟု ဆိုသည်။ များများသောက်လျှင် ၀မ်းသွားတတ်သည်။ အသီးမှည့်၏ အခွံရည်ကို ကျောက်ကျောယိုစသည်ဖြင့် ပြုလုပ်စားးသုံးနိုင်သည်။ အခေါက်နှင့် အရွက်များကို ချုပ်ဆေး အဖြစ် သုံးနိုင်သည်။

သပွတ်ပင်

မြန်မာအမည် - သပွတ်ပင်

ရုက္ခဗေဒ အမည် - လွတ်ဖား ဘီဂျစ်တီးကား

သပွတ်သည် ခ၀ဲ၊ သခွား၊ ပဲလင်းမြွေ၊ ဗူး၊ ဖရုံတို့၏ မျိုးရင်းဝင်ဖြစ်သည်။ မြန်မာနိုင်ငံ အပူပိုင်း ဒေသများတွင် ဖြစ်ထွန်းသည်။ အခြား ဒေသများတွင်လည်း စနစ်တကျ စိုက်ပျိုးဖြစ်ထွန်းကြသည်။ သပွတ်သည် နှစ်တိုပင် ဖြစ်သည်။ အရွက်သည် ရွက်လွှဲထွက်သည်။ အရင်းကား၍ အဖျား ရူးကာ ငါးထောင့်ချွန်ပုံသဏ္ဌာန်ရှိသော ထိုအရွက်များသည် အတန်ငယ် စိုက်၍ နူတ်ခမ်းသားတွင် ခွေးသားစိတ်ကလေးများ ပေါ်နေသည်။

သပွတ်သီးသည် အလျား ၅-လက်မ မှ ၁၂-လက်မခန့်အထိ ရှည်၍ တင်းပုတ်သဏ္ဌာန်ရှိသည်။ ခ၀ဲသီိးနှင့် ဆင်ဆင်တူသော်လည်း ခ၀ဲသီးကဲ့သို့ စောင်းများ မရှိပေ၊ အသီး၏ အတွင်းသားများမှ ဖြူဖွေးနေ၍ အသားပွပြီး အရည်ရွှမ်းသည်။ အစ့များသည် လက်မ၀က်ခန့် ရှည်၍ အတန်ငယ် ပြားပြီးလျှင် သေးငယ်သော ဘေးသားရှိသည်။

သပွတ်သီးကို ကြောက်ချက်ဖြစ်စေ၊ ကြော်၍ဖြစ်စေ၊ ဟင်းချိုနှင့် အတို့ အမြှုပ်အဖြစ် စားသုံးနိုင်သည်။ သပွတ်အညွှန့်များကို ဟင်းချိုနှင့် အတို့ အမြှုပ်အဖြစ် စားသုံးနိုင်သည်။

မြန်မာဆေးကျမ်းများအလိုအရ သပွတ်သိးသည် ချိုသည်။ အေးသည်။ လေသလိပ်ကို ပျက်စေသည်။ သည်းခြေကို နိုင်သည်။ ၀မ်းမိးကို တောက်စေသည်။ ချောင်းဆိုး၊ ပန်းနာ၊ ဖျားနာ၊ ပိုးနာတို့ကို နိုင်သည်ဟု ဆိုသည်။

ပိတ်စွယ်

မြန်မာအမည် - ပိတ်စွယ်၊ ရှင်မွေးလွန်း၊ ဆီမီးတိုင်

ရွှံ့နွံထူထပ်သော ချောင်း၊ မြောင်း၊ အင်း၊ အိုင်တို့တွင် အုပ်စုဖွဲ့၍ ပေါက်တတ်သော အပင်မျိုးဖြစ်သည်။ ပင်ပျော့မျိုး ဖြစ်သည်။ ပန်းခိုင်မှာ နှူးညံ့သော အမွေးမျှင် ကလေးများ စုပြုံထွက်သည်။ အသီးတောင့်မှ ၀ါဂွမ်းကဲ့သို့ မိုတစ်မျိုးကိုရသည်။ မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ပေါက်ရောက်သည်။ အစို့ပေါက်နှင့် အူတိုင်သားကို ကြော်၊ ချက်၊ ပြုတ်၍ လည်းကောင်း၊ လက်သုပ်လုပ်စား၍ လည်းကောင်း စားသုံးနိုင်သည်။ အရသာမှာ အနည်းငယ် ဖန်၍ ချို၏။ မိုးဥတုတွင် စားသုံးနိုင်သည်။ အပွင့်၊ အခိုင်၊ အနာမီး၊ အနာစက် များ မကျက်နိုင်သော အနာများ လိမ်းပေးပါ၊ ပျောက်ကင်းပါသည်။

ပုံလုံ

မြန်မာအမည် - ပုံလုံ

ဒေသန္တ၇အမည် - ပဲလင်းမြွေ၊ တောပုံလုံ

ပင်ပျော့၊ ရစ်ပတ်နွယ်ပင်မျိုး ဖြစ်သည်။ ရွက်စွယ်ပင်ဖြစ်သည်။ ရွက်ရင်းပိုင်း နှစ်လုံးပုံဖြစ်သည်။ ရွက်စွယ်နှာမောင်းတို့ဖြင့် ရစ်ပတ်၍ နွယ်တက် တတ်သည်။ အပွင့် အဖြူရောင် ပွင့်သည်။ အဖို၊ အမ နှစ်မျိုး ပွင့်သည်။ ဇူလိုင်လတွင် ပွင့်သည်။ အသီးရှည်သည်၊ အသီးနုစဉ် စိမ်းသည်၊ ရင့်လျှင် အဖြူရောင် သန်းလာသည်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် ပေါက်သည်။ အသိးကို ပြုတ်၍ ကြော်၍ ချက်၍ စားနိုင်သည်။ အသီးသည် စိမ်းရွှေရွှေအနံ့ရှိပြီး၊ အရသာ ချို၏။ မေလ၊ ဇွန်လ၊ မိုးဦးများတွင် စားသုံးနိုင်သည်။ ၎င်းကို စားသုံးခြင်းဖြင့် ဆီး၊ ၀မ်းကို ရွှင်စေသည်။

သခွတ်ပင်

မြန်မာအမည် - သခွတ်ပင်

ရုက္ခဗေဒအမည် - ဒိုလီချူ ကရစ္စပါ

သခွတ်ပင်သည် အရွယ်လတ် ပင်မျိုးဖြစ်သည်။ နွေရာသီ၌ အရွက်ကြွေသည်။ သခွတ်ပင်သည် ပေ-၄၀ မှ ပေ-၆၀ အထိ မြင့်သည်။ သခွတ်ပင်တွင် နှစ်မျိုးနှစ်စား ရှိသည်။ သခွတ်ဖိုပင်၊ သခွတ်မပင် ဟူ၍ ဖြစ်သည်။

သခွတ်ဖိုပင်ကို မြန်မာနိုင်ငံအထက်ပိုင်း၌ တွေ့ရှိရ၍ သခွတ်မ ပင်ကို မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တွေ့နိုင်သည်။

သခွတ်ပင်၏ အရွက်သည် အလျား-၃လက်မခန့်ရှိ၍ အဖျားချွန်သည်။ တစ်ခါတစ်ရံ အရွက်နူတ်ခမ်းသားများသည် ခွေးသွားစိတ်ကဲ့သို့ ဖြစ်နေတတ်သည်။ အရောင်မှာ အစိမ်းရင့်ဖြစ်၍ ပြောင်လက်နေသည်။ ဇူလိုင်လမှ အောက်တိုဘာလ အတွင်း အပွင့်များ ပွင့်သည်။ သခွတ်ပွင့်သည် မလွှပွင့်ကဲ့သို့ အ၀ကား၍ နံနက်စောစော အချိန် အပင်မှ ကြွေကျလေ့ ရှိသည်။ အနီရောင် အပွင့်ပွင့်သော သခွပ်ပင်မျိုးလည်း ရှိသည်ဟု ဆေးကျမ်းများအလိုအရ သိရှိရသည်။

မြန်မာဆေးကျမ်း အရသခွတ်ပွင့် အနီ အဖြူ နှစ်မျိုးစလုံးပင်ချို ဖန် ခါး အရသာရှိသည်။ ဆေး၏ အစာကို ပွစေတတ်၏ သွေးသလိပ်ကို နိုင်၏ဟု ဆိုပါသည်။ သခွတ်ပွင့်ကို ပြုတ်၍ သုပ်စးလျှင် (သို့) ချက်စားလျှင် အသံဝင် အသံပျက်သူတို့ အသံထွက်သည်ဟု အဆိုရှိသည်။

ပျဉ်းတော်သိမ်

မြန်မာအမည် - ပျဉ်းတော်သိမ်

အပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၁၀-ပေခန့်အထိ မြင့်သည်။ ပင်စည်မှာ အညိုရောင်ရှိသည်။ အရွက်သည် အဖျားသွယ်၍ အနားများတွင် ခွေးသွားစိပ် သို့မဟုတ် အထစ်ကလေးများ ရှိသည်။ အပွင့်မှာ အဖြူရောင်ဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရှိနိုင်သည်။ မွှေးသော အနံ့ရှိ၍ အနည်းငယ်သက်သည်။ အရွက်ကိုဟင်းခတ် အမွှေးအကြိုင်အဖြစ် လည်းကောင်း၊ အတို့အမြူပ်အဖြစ် လည်းကောင်း စးသုံးနိုင်သည်။ ပျဉ်းတော်သိမ်ရွက်ကို နွားနို့ထဲတွင် ထည့်၍ ကြိုသောက်ပါက အဆိပ်အတောက်များပြေစေသည်။

ပြည်ပန်းညို

မြန်မာအမည် - ပြည်ပန်းညို

အပင်ငယ်မျိုး၊ ရွက်ပေါင်းပင် ဖြစ်သည်။ ရွက်လွှဲ ထွက်သည် အပွင့်သည် တောက်ပသော အ၀ါရောင် ပွင့်သည်။ အသီးမှာ သိးတောင့်ရှည်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ဖန်၍ အနည်းငယ် သက်သည်။ အရွက်နုကို ဟင်းချို ချက်၍လည်းကောင်း၊ ကြော်ချက်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးနိုင်သည်။

တစ်နှစ်ပတ်လုံး စားသုံးနိုင်သည်။ အရွက်ကို ဟင်းချိုချက်၍ သောက်ပါက လေရော၈ါ၊ အစာမကြေရောဂါ များကို ပျောက်ကင်းစေပါသည်။

ဖန်ခါး

မြန်မာအမည် -ဖန်ခါး

ဒေသန္တရအမည် - ကြစုသီး

အပင်ကြီးမျိုး ဖြစ်သည်။ ပေ -၇၀ - ၈၀ အထိ မြင့်မားသည်။ ပင်စည် ဖြောင့်မတ်၍ အခေါက်ထူသည်။ အပွေးနက်သည်။ အရွက်ဆိုင် ထွက်သည်။ အရွက်သည် ဘဲဥပုံ ရှည်မျောမျာ ဖြစ်သည်။ ရွက်ပြား သုံးလက်မမှ လေးလက်မသို့ ကျယ်ပြန့်သည်။ ပန်းပွင့်အဖြူ သို့မဟုတ် အ၀ါရောင်ဖြစ်သည်။ ကဆုန်လမှ ၀ါခေါင်လအထိ ပွင့်သည်။ အသီးသည် တစ်စေ့သီးဖြစ်သည်။ အတို့အမြူပ်အဖြစ် စားသုံးနိုင်သည်။ အရသာမှာ ချဉ်၊ ဖန်၊ ခါး အရသာများ ရှိသည်။ အသီးကို ထုထောင်း၍ တစ်ညရေစိမ်ပြီး ထိုရေကြည်ဖြင့် မျက်စိကို ဆေးကြောပေးပါက မျက်စိနာကျင်ကိုက်ခဲခြင်းများ ပျောက်သည်။

နွယ်ချဉ်

မြန်မာအမည် -နွယ်ချဉ်

နွယ်ပင်မျိုး ဖြစ်သည်။ အရွက်သည် အစိမ်း ရင့်ရောင် ရှိ၍ ရွက်ထိပ်တုံးသည်။ အရွက်၏ အပေါ်မျက်နှာပြင်မှာ လက်နေသည်။ အရွက်အောက် မျက်နှာပြင် အလယ်တွင် အမွေးများ ရှိသည်။ အဖြူရောင် အပွင့်များ ပွင့်သည်။ မွှေးကြိုင်သော အနံ့ရှိသည်။ အသီးများမှာ ဆွဲကြိုး ပုံသဏ္ဌာန် သီးကြသည်။ အသီးတောင့်သည် ရှည်သွယ်၍ အစေ့များဖြင့် ပြွတ်သိပ်လျက်ရှိသည်။ ရှည်လျှားသော အမွေးနုများ ရှိသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့နိုင်သည်။ အရသာမှာ ချဉ်သောအရသာ ရှိသည် အညွှန့်နှင့် အသိးကို ပြုတ်၍ စားနိုင်သည်၊ မိုးဦးကျ ရာသီတွင် စားသုံးနိုင်သည်။

ပတဲကော

မြန်မာအမည် - ပတဲကောကြီး၊ ပတဲကောလတ်၊ ပတဲကောလေး

အပင်ငယ်မျိုး ဖြစ်၍ အမြဲ စိမ်းလန်းနေသည်။ ၅-ပေမှ ၈-ပေအထိ မြင့်သည်။ ရွက်ဟောင်း ပင်စည် ဖြစ်သည်။ မတ်မတ် ထောင်လျက် ပေါက်ပြီး ပင်စည်လုံး မာကျောသည်။ အရွက်သည် ပင်စည်ကို ပတ်၍ ရွက်လွဲ ထွက်သည်။ ရွက်ညှ တိုသည်။ ရွက်လယ်ကြော ထင်ရှား၍ မြှောင်းပါသည်။ မျက်နှာပြင် နှစ်ဘက်လုံး ချောမွေ့ပြီး ရွက်နား ညီသည်။ ရွက်ပြားကျဉ်း၍ ရွက်ထိပ် ခွှန်သည်။ ရွက်ရင်း သွယ်သည်။ အပွင့်ကလေးများမှာ သေးငယ်ပြီး အဖြူရောင်တွင် နီညိုစင်းကလေးများ ပါရှိသည်။

ပတဲကောလေးမှာမူ ပင်ပျော့ ပင်ငယ်မျိုး ဖြစ်ပြီး အမြင့်၃-ပေ မှ ၄-ပေအထိ ရှိ၏။ ရွက်ရောင်းပင်စည် ဖြစ်၏။ အရွက်မှာ လှံစွပ်ပုံ ဖြစ်၏။ ရွက်ပြားသည်။ သားရေကဲ့သို့ ပျဉ်းတွဲသည်။ ရွက်လယ်ကြော ထင်ရှားသည်။ အပွင့်မှာ စိမ်းဝါရောင် ဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရှိနိုင်သည်။ ပူအိုက်စွတ်စိုသော ရာသီရှိသည့် ဒေသတို့တွင် အများအပြားတွေ့ရှိ နိုင်သည်။ ဥတက်ကို အတို့အမြှုပ်အဖြစ် လည်းကောင်း၊ ဟင်းချို ချက်၍ လည်းကောင်း စားသုံးနိုင်သည်။ ပတဲကောမြစ်၊ ဥကို ပြုတ်၍ သောက်ပါက ဆီးရောဂါများ ပျောက်ကင်းသည်။

ပိန်းပင်

မြန်မာအမည် - ပိန်းပင်

ပင်ငယ်၊ ပင်ပျော့ မျိုးဖြစ်၍ ထောင်မတ်၍ ပေါက်သည်။ အရွက်မှာ အစိမ်းရောင်ရှိပြီး အရင်းပိုင်းတါင် အ၀ိုက်နှစ်ခုပါသည်။ ရွက်ထိပ်ချွန်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်သည်။ ရန်ကုန်တိုင်းနှင့် ပဲခူးရိုးမတို့တွင် အများအပြား တွေ့ရှိနိုင်သည်။ အရသာမျာ ချိုဆိမ့်သည်။ အနည်းငယ် ခွှဲသည်။ ပိန်းဥ၊ ပိန်းရိုးတို့ကို ပြုတ်စားနိုင်သည်။ ဟင်းအမျိုးမျိုး ချက်စားနိုင်သည်။ ပိန်းဥကို စာသုံးခြင်းဖြင့် ခွန်အားကို ဖြစ်ပေါ်စေသည်။

သကြားပင်

မြန်မာအမည် - သကြားပင်





ရုက္ခဗေ၏အမည် - အားစရပ်ဆာပိုတာ



သကြားပင်သည် သရက်ပင်၊ မရမ်းပင်ကဲ့သို့ ပင်စောကမျိုးဖြစ်သည်။ အသီး၏ အရသာမှာ သကြားကဲ့သို့ ချိုသောကြောင့် သကြားသီး၊ သကြားပင်ဟု ခေါ်ကြသည်။ သကြားပင်သည် အပူပိုင် ဒေသတွင် ပေါက်ရောက်သော အပင်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံ၌ ယခုအခါ အများအပြား စိုက်ပျိုးကြသည်။



သကြားပင်သည် အမြဲ စိမ်းလန်းသော အပင်မျိုးဖြစ်သည်။ အမြင့် ပေ ၃၀ မှ ၆၀ အထိ မြင့်တတ်သည်။ အရွက်သည် အစိမ်းရင့်ရောင် ပြောင်ချောချောနေ၍ အရင်း ရူးကာ ထိပ်ဝိုင်းကားသည်။ အသီးသည် အချင်း ၃-လက်မခန့် လုံးဝိုင်းသော သဏ္ဌာန်ရှိ၍ အာလူး အနွမ်းရောင်နှင့် ခပ်ဆင်ဆင်တူ၏။ အပေါ်ခွံပါး၍ အတွင်း၌ ပြောင်ချောမည်းနက်သော အစေ့ နှစ်စေ့ သုံးစေ့ ပါရှိသည်။ မှည့်သောအခါ အသားသည် ညိုဖျော့ဖျော့ အရောင်ရှိ၍ နူးညံ့ပြီး ချိုမြိန်သော အရသာရှိသည်။ အနံ့ချိုမွှေးသည်။ အနံ့အရသာ ထူးသောကြောင့် မြန်မာမင်းများ လက်ထက်က ဘုရင်များ စားသုံးရန် သီးသန့်စိုက်ပျိုး၍ တိုင်းသူပြည်သားများ စားသုံးက ကြီးလေးသော ပြစ်ဒဏ် ခံရကြောင်း အဆိုရှိခဲ့သည်။



သကြားပင်မှ အစေးကို လူတို့ စးသုံးသည့် “ချူအင်ဂမ်း”ခေါ်သော ကပ်စေးနှဲ ပြုလုပ်ရာ၌ အသုံးပြုကြသည်။



မြန်မာဆေးကျမ်း အလိုအရ သကြားသီးသည် အသားအရေခန်းခြောက်သော ရောဂါ၊ သုတ်ဓာတ်ပျက်သော ရောဂါ၊ သည်းချေ နောက်ကျိသော ရောဂါ၊ နှလုံးကို လေ၀င်၍ ဆာလောင်သော နောက်ကျိသော ရောဂါ၊ စိတ်မတည်ငြိမ်ခြင်း၊ ရူးသွပ်ခြင်းရောဂါများကို ချမ်းသာစေတတ်သည်ဟု ပါရှိသည်။



လင်းလေပင်

မြန်မာအမည် - လင်းလေပင်

ရုက္ခဗေဒအမည် - အက်ကိုးရပ်ကာလာပင်

လင်းလေပင်မျာ ရွှံ့ညွှန်ထူထပ်ရာတွင် ပေါက်သော ပင်ပျော့မျိုးဖြစ်သည်။ အရွက်မှာ ဓားလွယ်ပံသဏ္ဌာန် နှစ်ပေမှ သံးပေအထိရှည်၍ ဗြက် တစ်လက်မခန့်အထိ ရှိသည်။ အရွက်၏ အလယ်ဗဟိုတွင် အရင်းမှ အဖျားအထိ ရွက်ပြောင်း တစ်ခု ဖြစ်သွားနေသည်ကို မြင်တွေ့ နိုင်သည်။ လင်းလေပင် ဥမှ အရွက်နှင့်တူသည့် ပင်စည် ထွက်လာပြီးလျှင် ယင်းအပွင့်များ ပွင့်သည်။ အရွက်များသည် စပါးလင်ကဲ့သို့ အစုလိုက် ထွက်သည်။ လင်းလေးပင် ဥသည် ရွှဲ့ညွှန်ထဲတွင် လျှောက်၍ သွားတတ်ပြီး အဆစ်များရှိသည်။ ဥနှင့်တကွ အရွက်ပါမကျန် တစ်ပတ်လုံး မွှေးကြိုင်သော ရနံ့ရှိသည်။ လင်းလေးဥ အခြောက်သည် ဆေးဖက်ဝင်သည်။ မြန်မာဆေးကျမ်း အလိုအားဖြင့် လင်းလေမြစ်သည် လေကိုနိုင်သည်။ အာဟာရ အပုပ်ကို ကြေစေတတ်၏။ တေဇောဓာတ်ကို အားပေးနိုင်သည်။

လေးညှင်းပင်

မြန်မာအမည် - လေးညှင်းပင်

ရုက္ခဗေဒအမည် - ယူဂျီးနိးယားကယ်ရီယို မီလေး

လေးညှင်းပင်၏ အဖူးလေးများသည် ထွက်စ အချိန်တွင် ဖြူရော်ရော် အရောင်ရှိ၍ တဖြည်းဖြည်း အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ အနည်းငယ် ရင့်လာသောအခါ အနီရောင်သို့ ပြောင်းလဲသွားသည်။ ထိုအခါ အဖူးများကို ခူးဆွတ်၍ နေလှမ်းရသည်။ ခြောက်သွေ့သောအခါ အညိုရင့်ရောင် ဖြစ်လာသည်။

လေးညှင်းပွင့်သည် အမွှေးအကြိုင်တွင် တစ်ခု အပါအ၀င်ဖြစ်သည်။ လေးညှင်းဆီကို လေးညှင်း ဖူးများ။ အရွက်များနှင့် အကိုင်း အခက်များကို ရေဖြင့် အထပ်ထပ် ပေါင်းတင်ခြင်းဖြင့် ရရှိနိုင်သည်။ လေးညှင်းဆီ၏ အရသာမှာ လေးညှင်းပွင့်ကဲ့သို့ပင် အနံ့သင်း၍ ပူစပ်စပ် ဖြစ်သည်။ လေးညှင်းဆီကို သွားကိုက် သွားနာရောဂါ ကုသရာတွင် အသုံးပြုကြသည်။ အခြားသော ဆေးများဖော်စပ်ရာတွင်လည်း ထည့်သွင်း အသုံးပြုသည်။

သင်္ဘောသီးပင်

မြန်မာအမည် - သဘောင်္သီး

ရုက္ခဗေဒအမည် - ကာရီကာဖာပယာ

သင်္ဘောသီးသည် မြန်မာ့ဆေးကျမ်းများ အလိုအရ အေး၏။ ချို၏၊ အတန်ငယ် ငန်၏။ ဓာတ်ဆုံး၌ အတန်ငယ်ခါး၏။ အာပေါရသာ အစာမျိုးတည်း၊ သလိပ်ခြောက်နာ၊ ချောင်းဆိုး သွေးပါနာတို့နှင့် သင့်၏။ ဆီးဝမ်းကို မှန်စေသည်ဟု ဆိုပါသည်။ ထို့အပြင် ဥတုဘောဇနကျမ်း၌ သင်္ဘောသီး မှည့်သည် လေ၊ သည်းခြေကို နိုင်၏။ ချို၏။ ၀မ်းကို ရွှင်စေတတ်၏ဟု ဆိုထားပါသည်။ သင်္ဘောသီး အပင်တစ်ပင်လုံးသည် ဆေးဘက်ဝင်ကြသည်။ အသီးခွန်မှ ထွက်သော အစေးသည် ဆေးဖက်တွင် အထူးအသုံးဝင်ကြသည်။ ထိုအစေးသည် အစာကို ကြေချက်ရာ၌ အလွန်အာနိသင် ကြီးမားသည်။

အိန္ဒိယ ဆေးကျမ်းများ အလိုအရမူ အစေး လတ်လတ် ဆတ်ဆတ်ကို ပွေးနာများ၌ သုတ်လိမ်းပေးလျှင် ပျောက်ကင်းနိုင်သည်။ ကင်းကိုက်၍လည်း သင်္ဘောစေးကို သုတ်လိမ်းနိုင်သည်။ အစေ့နှင့် အစေးကို ကလေး သန်ချဆေးအဖြစ် အသုံးပြုနိုင်သည်။ အသီးမှည့်မှ ညှစ်ယူရရှိသော အရည်သည် တင်းတိပ်များကို ပျောက်ကင်းစေနိုင်သည်ဟု ဆိုပါသည်။ အသီး ရင့်ရင့်ကို ဆားနယ်၍ နေလှန်းထားသော သင်္ဘောသီးခြောက်သည် သရက်ရွက်နှင့် သည်းခြေကြီးသော ရောဂါများအတွက် ဆေးတစ်ပါးဖြစ်သည်။

သားသည် အမေများအတွက် အသီးအရင့်များကို ဟင်းချက်၍ စားသုံးပေးပါက အလွန် သင့်လျော်ကြောင်း၊ သို့သော် ကိုယ်ဝန်ဆောင်များ သင်္ဘောသီးစိမ်းကို မစားသင့်ချေ။ မြန်မာ လူမျိုးတို့သည် သင်္ဘောသီးစိမ်းကို သား၊ ငါးနှင့် ရော၍ ဟင်းလျာအဖြစ် ချက်ပြုတ် စားသုံးကြသည်။ လက်သုပ် သုတ်၍လည်း စားကြသည်။ သင်္ဘောသီးစိမ်းကိုထည့်၍ ချက်ပြုတ်ပါက အမဲသားကဲ့သို့ မာကျောသော အသားများ ပိုမို နူးလွယ် ကျက်လွယ်၍ အရသာလည်း ပိုမို ကောင်းမွန်သည်။


သင်္ဘောရွက်ဖြင့် သားငါးကိုထုတ်၍ ချက်ပြုတ်က ပိုမိုနူးနပ်လွယ်စေသည်။ အရွက်တွင် ဗီတာမင်စီနှင့် အခြားသော အဟာရဓာတ် ခြောက်မျိုးပါဝင်သည်။

ဝမ်းချုပ်သူများ သင်္ဘောရွက်ကို စားပေးသင့်သည်။ အကြောအခြင် နာကျင်သော ဝေဒနာနှင့် ဆင်ခြေထောက် ရောဂါများအတွက် သင်္ဘောရွက်မှာ ဆေးဖက်ဝင်သည်။ သင်္ဘောမြစ်သည် ဖက်ဖုနာနှင့် လိပ်ခေါင်းရောဂါများအတွက် ဆေးဖက်ဝင်သည်။

မြန်မာနိုင်ငံ အရပ်ရပ်ရှိ အိမ်ဝင်း၊ ခြံဝင်းနှင့် ဥယျာဉ်များတွင် စိုက်ပျိုး တွေ့ရှိရသည်။ မိသားစု စားသုံးသီးနှံ
အပြင် စီးပွားဖြစ် သီးနှံအဖြစ်ပင် စိုက်ပျိုး ထုတ်လုပ်လျက် ရှိကြသည်။

သင်္ဘောသီးမှာ အလွန် အာဟာရဓာတ် ကြွယ်ဝသော အသီးဖြစ်သည်။ သင်္ဘောသီးမှည့်ကို မှန်မှန် မှီဝဲစားသုံးသူသည နုပျို စိုပြည်ပြီးလျှင် ကျန်းမာရွှင်လန်းနိုင်သည်။ ရောဂါများကိုလည်း ခုခံနိုင်စွမ်းရှိ၍ ရောဂါကျရောက်ခဲ့သည့် တိုင်အောင် လျင်မြန်စွာ ပျောက်ကင်းနိုင်သည်ဟု ဆိုကြသည်။

သီးပင်

မြန်မာအမည် - သီးပင်

ရုက္ခဗေဒအမည် - ၀ဖားရိုးနီးယား အဲလီဖန်တမ်

သနပ်ခါးခေါက်နှင့် ဆင်တူရိုးမှား တူသော သီးခေါက်ရရှိသည့် သီးပင်သည် သနပ်ခါး၊ ရှောက်၊ သံပရာ၊ ဥသျှစ်တို့နှင့် မျိုးရင်းတူ အပင်ဖြစ်သည်။

မြန်မာနိုင်ငံ မိုးပါးရေရှားဒေသများတွင် စားသုံးသီးနှံပင်အဖြစ် စိုက်ပျိုးကြသည်။ သီးပင်သည် သနပ်ခါးပင်နှင့် ဆင်တူသော်လည်း ပို၍ အပင်ကြီးသည်။ လှပ၍ စိန်းလန်း စိုပြည်သည်။ ရွက်ကြွေပင်မျိုး ဖြစ်ပြီး ပင်စည်ဖြောင့်မတ်သည်။ သို့သော် ပင်စည်တို၍ လုံးပတ် ၂-ပေ မှ ၄-ပေအထိရှိပြီး အမြင့်ပေ-၃၀ မှ ၄၀-အထိ မြင့်တတ်သည်။ သီးပင်၏ အကိုင်းအလက်များတွင် ဆူးများရှိသည်။ သီးရွက်သည် ရွက်လက်တစ်ခုတွင် ဆိုင်၍ ထွက်ကြသော ရွက်မြွှာ တစ်စုံမှ လေးစုံအထိ ပါရှိတတ်သည်။ ရွက်လတ်ရိုးတံ၏ ဘေးတစ်ဘက်တစ်ချက်တွင် သေးငယ်သော အရွက်ကလေးများနှင့် တူသည့် လည်တောင်များ ပါရှိသည်။ ရွက်လက်များသည် တစ်ချက်ကျော် တစ်ရွက်ကျ လွှဲ၍ ထွက်သည်။

သီးပင်၏ ပွင့်ချပ်သည် သေးငယ်၍ အသွား ၅-ခု ပါရှိသည်။ ပွင့်ထတ်သည်များသောအားဖြင့် ငါးခုရှိပြီးလျှင် ပြည့်နေသည့် ၀တ်ဆံတံ ၁၁-ခု မှ ၁၂-ခုထိ ရှိသည်။ အပွင့်များသည် အကိုင်းများမှ ဖြစ်စေ၊ အရွက်ရင်းမှဖြစ်စေ ပွင့်သော ပန်းခိုင်များ ဖြစ်သည်။

သီးသီးသည် ဥသျှစ်သီးအငယ်စား သို့မဟုတ် ပန်းသီး အရွယ်ခန့် ရှိသည်။ ဥသျှစ်သီးကဲ့သို့ပင် အခွံမာ၍ ထူသည်။ အသီး၏ အတွင်းသာသည် ပျော့၍ အစေ့များသည်။ အစေ့သည် ရှည်လျှားလျား ပုံသဏ္ဌာန် ရှိသည်။ အသီး၏ အတွင်းသားကို စားသုံးကြသည်။

အသီးသီးကို အသီးသေ၍ ချဉ်သော အမျိုးဟူ၍ နှစ်မျိုးခွဲနိုင်သည်။ အသီးမှည့် အတွင်းမှအသား အနှစ်ကို ထန်းလျက်၊ သကြားတို့နှင့် ရော၍ စားသုံးကြသည်။ ဥသျှစ်ဖျော်ရည်ကဲ့သို့ အဖျော်ရည် ပြုလုပ်လည်း သုံးဆောင်နိုင်သည်။ ကောင်းစွာ မမှည့်သေးသော အသီးရင့်များကို ဆားရည်စိမ်၍ လည်းကောင်း ချပ်တနီးပြုလုပ်၍ လည်းကောင်း စားသုံးနိုင်သည်။ သီးသီးသည် လန်းဆန်းသော သတ္တိရှိသဖြင့် အားဆေးအဖြစ်လည်း စားသုံးကြသည်။ မမှည့်သေးသော အသီးကို ချုပ်ဆေးအဖြစ်လည်းကောင်း၊ နှလုံးဆေးအဖြစ်လည်းကောင်း အသုံးဝင်သည်ဟု ယူဆကြသည်။ ၀မ်းကိုက်ရောဂါများအတွက် ဥသျှစ်သီးအစား သီးသီးကို အသုံးပြုနိုင်သည်ဟု ဆိုသည်။ သွားဖုံး ရောဂါ၊ လည်ချောင်းရောဂါများ အတွက်လည်း ဆေးဖက်ဝင်သည်ဟု ဆိုကြသည်။

သီးသီး၏ အတွင်းသားများ အစေ့များ၏ အာဟာရဓာတ်ကြွယ်ဝမူမှာ မီလီဂရမ်အားဖြင့် ရေ-၆၉ ဒသမ ၅၊ ပရိုတင်း ၇ ဒသမ ၉၊ ဖော့ဖရပ်စ် ၀ ဒသမ ၁၁၊ သံ ၀ ဒသမ ၆၊ ဗီတာမင်စီ ၂ ဒသမ ၀ ပါရှိသည်ကို တွေ့ရသည်။ အချဉ်ဓာတ်နုန်းသည် မမှည့်သေးသော အသီးများတွင် ရ ဒသမ ၆ ရာခိုင်နူန်းမှ အသီးမှည့်များတွင် ၂ ဒသမ ၃ ရာခိုင်နူန်းအထိ လျော့နည်းသွားသည်။

သီးသီး အတွင်းသားကို ကျောက်ကျော(ဂျယ်လီ) လည်း ပြုလုပ်ကြရာ ပန်းသီးဂျယ်လီ အနံ့မျိုးနှင့် တူသည်။

ဟင်းဂလာ

မြန်မာအမည် - ဟင်းဂလာ

ဟင်းဂလာသည် ပင်ငယ် ပင်ပျော့မျိုး ဖြစ်သည်။ အကြမ်းအားဖြင့် အယဉ်နှင့် အရိုင်းဟူ၍ ခွဲခြားနိုင်သည် အယဉ်မှာ စိုက်ပျိုးယူရပြီး အရိုင်းမျိုးမှာ အလေ့ကျပေါက်လေ့ ရှိသည်။

ရုက္ခဗေဒ အလိုအားဖြင့် ကွမ်ပိုရိုတီမျိုးရင်းတွင် ပါဝင်ပြီး စပီလန်သီးအက်မဲလားဟု ခေါ်သော ဟင်းဂလားအယဉ် တစ်မျိုးရှိသည်။ ယင်းကို ဟင်းချက်ပြုတ်၍ စားသုံးလေ့ရှိသည်။ ချည်ဖတ်ထည့်၍လည်း စားသောက်ကြသည် အရွက်များကို အရည်ညှစ်ယူ၍ နားကိုက်ပျောက်ဆေး အဖြစ်လည်း သုံးကြသည်။ ဟင်းဂလာသီး၏ အစေ့များကို ထုတ်ယူ၍ ငါးအဆိပ် ခတ်ရာ၌ လည်းကောင်း သံချဆေးအဖြစ်လည်းသုံးစွဲကြသည်။ ဟင်းချက်ပြုတ်စားနိုင်သည်။ အတို့အမြှုတ် အဖြစ်လည်း စားနိုင်သည်။ ၎င်းကို သံချဆေးအဖြစ်လည်း သုံးစွဲနိုင်သည်။

ဟင်းဂလာများ၌ အပင်ရိုးနှင့် အရွက်များရှိရာ အရွက်များတွင် အနီရောင်ရှိသည်။ အရွက်ကလေးများမှာ သေးငယ်၍ ရှည်မြောမြော ပုံသဏ္ဌာန်ရှိသည်။

ဟင်းနုနယ်ပင်

မြန်မာအမည် - ဟင်းနုနယ်

ဆေးဖက်လည်းဝင်၊ ပေါပေါများများလည်း ရရှိနိုင်ပြီး ချိုမြိန်သောဟင်းလျှာတစ်မည်အဖြစ် စားသုံးနိုင်သည်။ မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ပေါက်ရောက် စိုက်ပျိုး ဖြစ်ထွန်းသည်။ အထူးသဖြင့် အပူပိုင်းဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။ ဟင်းနုနယ်မှာ မျိုးစိတ်အများအပြားရှိ၍ အကြမ်းအားဖြင့် ဟင်းနုနယ်အယဉ်နှင့် ဟင်းနုနယ် ဆူးပေါက်ဟူ၍ ခွဲခြားကြသည်။

ယင်းဟင်းနုနယ်ပင်မှာ တစ်နည်းအားဖြင့် အပင်ပျော့မျိုးသာဖြစ်သည်။ အမြင့် တစ်ပေမှ ငါးပေအထိ ရှိသည်။ အရွက်များသည် ရွက်လွှဲထွက်၍ အနားညီသည်လည်း ရှိသည်။ အကိုက်ပါသည်လည်း ရှိသည်။ ထိပ်အနည်းငယ်ချွန်၍ ရွက်ညှာဘက်သို့ ကျဉ်းသွားသည်။ အပွင့်များမှာ သေး၍ အဖိုအမ နှစ်မျိုးလုံး ပါဝင်သည် ။ပင်တံနှင့် ရွက်ညှာရင်းမှ အစု အခဲလိုက် ထွက်၍ ပွင့်သည်။ ဟင်းနုနယ် အနီမျိုးလည်း ရှိသည်။ ၎င်းမှာ ပင်စည်တုတ်ခိုင်၍ သံးပေအထိ မြင့်သည်။ အရွက်များမှာ အစိမ်းရောင်၊ အနီရောင် ရှိကြ၍ ရွက်လှကဲ့သို့မြင့်သည်။ ယင်းအပင်မှာ ဇူလိုင်လမှ ဧပြီလအတွင်း အပွင့်များ ပွင့်၍ လယ်မြေနှင့် လူနေအိမ်ခြေ အနီးအနားများ၌ အလေ့ကျပေါက်သည်။ ဟင်းနုနယ်အရွက်နှင့် အရိုးတံတို့တွင် အရသာတစ်မျိုး ထူးသော အချိုဓာတ်တစ်မျိုး ပါရှိသဖြင့် ကြော်ချက် ချက်၍ စားသည့်အခါ ချိုဆိမ့်ဆိမ့်နှင့် ခံတွင်းတွေ့စေပါသည်။

ဟင်းနုနယ်တွင် ဗီတာမင်အေ၊ ဗီတာမင်ဘီ(၁)၊ ဗီတာမင်စီနှင့် ထုံးဓာတ်၊ သံဓာတ်တို့ ပါရှိသဖြင့် လူ၏ခန္ဓာကိုယ် တည်ဆောက်မူ ဖွံ့ဖြိုးမူကိုအားပေး၍ ပြင်ပရောဂါများ တားဆီးကာကွယ်မူနှင့် ကျန်းမာကြံ့ခိုင်မူကို အားပေးသော အပင်မျိုးဖြစ်သည်။

မြန်မာ့ဆေးကျမ်းများ၏ အလိုအရမှာ ဟင်းနုနွယ်သည် ချို၏၊ အနည်းငယ် ငံ၏၊ သွေး၊ သည်းခြေကို နိုင်၏၊ ဆီးဝမ်းကို ရွှင်စေတတ်၏၊ အဆပ်သင့်နာတို့ကို ပျောက်ကင်းစေသည်ဟု ဖော်ပြပါရှိသည်။ ၀မ်းမီးတောက်ခြင်း၊ အသားမာပေါက်ခြင်းကို လည်းကောင်း၊ တေဇောကြောင့် ဖြစ်ပေါ်သော အပူကို လည်းကောင်း၊ အောက်သို့ သက်သော လေကို လည်းကောင်း၊ အထက်သို့ ဆတ်တက်သော လေကို လည်းကောင်း၊ မီးယပ်၌ မြွေဆိပ်နှင့် တူသော သွေးကို လည်းကောင်း ကြေစေတတ်သည်ဟု ဆိုထားပါသည်။ အိန္ဒိယ ဆေးကျမ်းများ အလိုအရ ဟင်းနုနယ်သည် သွေးသားကို သန့်ရှင်းစင်ကြယ် စေသည်။ လိပ်ခေါင်းရော၈ါ၊ ဆီးရောဂါတို့အတွက် သင့်သည်ဟု ဖော်ပြထားပါသည်။

သစ်တိုပင်

မြန်မာအမည် - သစ်တိုပင်

ရုက္ခဗေဒအမည် - ဆန်ဒေါရီကမ် အင်ဒီကမ်

ကြီးမားခန့်ညား၍ မြင့်မားပြီးလျှင် အရိပ်အာဝါသ ကောင်းမွန်သော အပင်ကြီးမျိုး ဖြစ်သည်။ စွတ်စိုထိုင်းမိုင်းသော အရိပ်ဒေသတွင် ပိုမိုဖြစ်ထွန်းသည်။

သစ်တိုပင်သည် ၁၂-ရာသီ စိမ်းလန်းစိုပြည်သော အပင်ကြီးမျိုး ဖြစ်သည်။ အမြင့်ပေ ၈၀-ပေ မှ ၉၀-ပေ အထိ မြင့်မားပြီး လုံးပတ် ရ-ပေ မှ ၈-ပေ အထိ ရှိသည်။ အရွက်များဖြစ်၍ ဘေးနှစ်ဘက်သည် ညှာတံတိုပြီးလျှင် ထိပ်ရွှက်မြွှာသည် ညှာတံရှည်သည်။ အရွက်များသည် ထိပ်ချွှန်သော ဘဲဥ၀ိုင်း ပုံသဏ္ဌာန်ဖြစ်ပေသည်။ နွေရာသီ ကုန်လုလုတွင် အသီးများ မှည့်ဝင်းကြကာ အလုံးအနေအထားနှင့် အရောင်အသွေးသည် အဝေးမှကြည့်ပါက လိမ္မော်သီးနှင့် တူသည်။ အသီး၏ အတွင်းသား အနေအထားမှာ မင်းဂွတ်သီးနှင့် ဆင်ဆင်တူသည်။ အသားနှစ်သည် ဖြူဖွေးပြီးလျှင် ချိုချည်သော အရသာရှိသည်။

မြန်မာနိုင်ငံတွင် ၀ါဝင်း၍ အတန်ငယ်ပျော့သော အသီးခွံကို အသုံးများကြသည်။ ထိုအသီးခွံသည် ချဉ်ဖန်ဖန် အရသာရှိပြီး အသီးခွံကို ၀က်သားနှင့် ဆီပြန်ချက်စားလျှင်သော် လည်းကောင်း၊ ငပိချက်အဖြစ် ချက်စားလျှင်သော် လည်းကောင်း အလွန်နူတ်မြိန်သော ဟင်းမည်များ ဖြစ်ပါသည်။ သစ်တိုသီးကို အလုံးလိုက် ချဉ်ဖတ်ထည့်၍လည်း စားသုံးနိုင်သည်။ သစ်သီးအခွံနှင့် အပင်၏ အခေါက်သည် အဖန်ဓာတ်ပါရှိ၍ ချုပ်တတ်သဖြင့် ၀မ်းသက်သော ရောဂါနှင့် ၀မ်းကိုက်ရောဂါများ အတွက် အသုံးဝင်သည်။ အမြစ်သည်လည်း ၀မ်းသက်ခြင်းအတွက် ဆေးဖက်ဝင်သည်ဟု ဆိုကြသည်။

သစ်ဆိမ့်ပင်

မြန်မာအမည် - သစ်ဆိမ့်ပင်

မြန်မာနိုင်ငံရှိ မြေညီသစ်တောနှင့် တောင်ကုန်း သစ်တောများ၌ ပေါက်ရောက်သည်။ ဗာဒံရိုင်းပင်နှင့် တူသည်။ နွေရာသီတွင် အရွက်ဖြူသော အပင်မျိုး ဖြစ်သည်။ အမြင့်ပေ ၆၀ မှ ၇၀ အထိ မြင့်သည်။ ပင်စည်လုံးပတ် ခြောက်ပေ မှ ခုနှစ်ပေ အထိ ရှိသည်။ ပင်စည်သည် ဖြောင့်မတ် မြင့်မားပြီး အကိုင်းအခတ်များသည် ဘေးသို့ ပြန့်ကားလျက် ခန့်ညားလှပေသည်။

အသီးခြောက်များသည် ဆေးဖက်ဝင်သည်။ အသီးအတွင်းမှ အစေ့အဆံကို စားကြရသော်လည်း များများစားပါက မူးစေတတ်သည်။ မြန်မာနိုင်ငံတွင် သစ်ဆိမ့်သီးကို လှော်၍ လည်းကောင်း၊ ပြုတ်၍ လည်းကောင်း၊ သစ်ဆိမ့်ဆီ အဖြစ်လည်းကောင်း။ အသီးမှည့်များကို အစိမ်းစားသုံးနိုင်သည်။ သစ်ဆိမ့်သီးကို အလွန်အကျွံ စားသုံးပါက မူးဝေအော့အန်တတ်သည်။ အသီးရင့်သည် ၀မ်းလျှော၍ အမှည့်ခြောက်သည် ၀မ်းကိုချုပ်စေသည်။ ဆောင်းရာသီတွင် အသီးမှည့်ကိုစားသုံးနိုင်သည်။

မြန်မာဆေးကျမ်းများ အလိုမှာ သစ်ဆိမ့်သီးသည် အသံကို ပျက်စေတတ်သည်။ ပူသဖြင့် လူကို ခြောက်သွေ့စေတတ်သည်။ ဖန်၏။ သုက်နာ၊ ပိုးနာတို့ကိုလည်း နိုင်၏။ မျက်စိနှင့်လည်း သင့်၏။ သလိပ်နာ၊ သည်းခြေနာ တို့ကိုလည်း ပယ်နိုင်သည်ဟုဆိုသည်။

အိန္ဒိယ ဆေးကျမ်းများအရ သစ်ဆိမ့်သီးသည် ချောင်းဆိုရောဂါ၊ အသံဝင်ရောဂါ၊ မျက်စိရောဂါ၊ ကင်းကိုက်ခြင်းအတွက် ဆေးဖက်ဝင်သည်။ ချောင်းဆိုးခြင်း။ အသံဝင်ခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရူကျပ်ခြင်း ဖြစ်ပါက သစ်ဆိမ့်ဆီ အတွင်းသားကို ဆား၊ ငရုတ်ကောင်းတို့နှင့် ရော၍တေပြီး စားသုံးနိုင်သည်။ သိုပမဟုတ် နို့ရည်နှင့် ရော၍ လျက်ပေးရသည်ဟု ဆိုပါသည်။ သစ်ဆိမ့်သီးကို သွေး၍ မျက်စိကို ကွင်းပေးပါက မျက်စိနာ ပျောက်သည်။ အသီးမှ မှည့်ခြောက်ကို ချုပ်ဆေး။ ၀မ်းနူတ်ဆေး၊ အားတိုးဆေးတို့၌ အသုံးပြုကြသည်။

သီဟိုဠ်သရက်

မြန်မာအမည် - သီဟိုဠ်သရက်

ရုက္ခဗေဒအမည် - ဆန္ဒကာဒီယမ် ဟေ့ဆီဒင်တယ်

အလွန်ဆိမ့်သော အရသာရှိသည်။ သီဟိုဠ် သရက်စေ့ အဆံကို အကြောင်းပြု၍ သီဟိုဠ်သရက်ကို လူသိများလာခြင်းဖြစ်သည်။

သီဟိုဠ်ပင်ကို မြန်မာနိုင်ငံ အောက်ပိုင်း ဂ၀ံကျောက်မြေ အညံစားများ၌ပင် ကောင်းစွာ ဖြစ်ထွန်းသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် တနင်္သာရီတိုင်းနှင့် ရခိုင်ကမ်းရိုးတန်း ဒေသတို့တွင် ပိုမို ဖြစ်ထွန်းသည်။ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်တွင် အလေ့ကျပေါက်၍ တောပင်ဖြစ်နေသည်ကို တွေ့ရှိရသည်။ ထားဝယ်ဘက်တွင် ရှစ်ကလစ်ပင်ဟု ခေါ်ကြသည်။ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်လည်း သီဟိုဠ်ပင်များ ပေါက်ရောက်သည်ကို တွေ့ရှိရသည်။ ကမ်းရိုးတန်းဒေသတွင် ပေါက်ရောက် ဖြစ်ထွန်းသည်ဟု ဆိုသော်လည်း ထိုအပင်များသည် အမြင့်ပေ ၃၀၀၀အထိရှိသော အရပ်ဒေသများတွင်လည်း ပေါက်ရောက်နိုင်သည်။ သို့သော် ထိုအပင်တို့သည် နှင်းပေါက်၊ နှင်းခဲ ဒဏ်ကို မခံနိုင်ကြချေ။

သီဟိုဠ် သရက်ပင်သည် သရက်မျိုးတွင် ပါဝင်၍ ဆန္ဒကာဒီယမ်အော့ ဆီဒင်တယ်ဟု ခေါ်သည်။ အနောက်တိုင်း သရက်ဟု ခေါ်ဆိုရပေမည်။ ထိုအပင်သည် အမြဲစိမ်းလန်း၍ အကိုင်းအခက် ဝေဆာသော အပင်မျိုး ဖြစ်ပြီှးလျှင် ပေ-၃၀ မှ ပေ-၄၀အထိမြင့် ပေသည်။ သီဟိုဠ်သရက်ပင်တို့သည် ရွက်လွှဲထွက်သည်။ အရှည် ၄-လက်မ မှ ၈-လက်မအထိရှိပြီးလျှင် ဗြက်အကျယ် ၃-လက်မ မှ ၅-လက်မ အထိ ရှိတတ်သည်။ အသီး အရောင်မှ အ၀ါဖျော့အရောင်နှင့် လိမ္မောရင့်ရောင် နှစ်မျိုးရှိသည်။ လိမ္မော်ရင့်ရောင်မှာ ပို၍ အရည်ရွှမ်းသည်။

သီဟိုဠ်သီးမှည့်မှ ညှစ်ယူရရှိသည့် အရည်ကို ၀ိုင်အရက်ချက်ရာ၌ သုံးစွဲကြသည်။ ထိုအရက်ကို အမေရိကတိုက် မိုရုံတစ် နိုင်ငံတွင် ဒူလာရောဂါ၊ မီးယပ်ရောဂါများအတွက် ကောင်းသည်ဟုဆို၍ ဖော်စပ် သုံးစွဲကြသည်။

မြန်မာဆေးကျမ်းများအရ သီဟိုဠ် သရက်သည် ချို၏။ ဖန်၏၊ ခံတွင်းရှင်စေ၏။ ကြေခဲ၏။ အေး၏။ အဆီမရှိ ချုပ်စေ၏။ ၀မ်းရောင်ခြင်း၊ လေနာခြင်းကို ဖြစ်စေကို ဖြစ်စေနိုင်၏။ သလိပ်။ သည်းခြေကို နိုင်သည်ဟု ဆိုပါသည်။ သို့သော်လည်း သီဟိုဠ်သရက် အသီးထက် အစေ့၊ အဆံကို ပို၍ တန်ဘိုးထား သုံးစွဲကြသည်။

သဖန်းပင်

မြန်မာအမည် - သဖန်း

သဖန်းပင်သည် ညောင်ပင်၊ ခအောင်းပင်တို့နှင့် မျိုးရင်းတူအပင်မျိုး ဖြစ်သည်။ သဖန်းပင်သည် ပင်ငယ်မျိုးမှ ပေ ၄၀-ခန့်အထိ မြင့်သော အပင်ကြီးမျိုးအထိ မျိုးကွဲများစွာ ရှိသည်။ အထင်ရှားဆုံး သဖန်းပင်မှာ ညောင်သဖန်းမျိုးနှင့် ရေသဖန်းမျိုးတို့ ဖြစ်ကြသည်။

သဖန်းပင်ကို မြန်မာနိုင်ငံတွင် ရေနီးစပ်ရာ ဒေသများ၌ တွေ့ရှိရတတ်သည်။ ထို့ကြောင့် သဖန်းပင်ရိုးရိုးကို ရေသဖန်းဟုလည်း ခေါ်ကြသည်။

ရေသဖန်းသည် အမြဲစိမ်းလန်းသော အပင်ငယ်မျိုးဖြစ်သည်။ ၅-ပေ မှ ၈-ပေအထိ မြင့်တတ်သည်။ ရေနိးကမ်းစပ်တွင် ပေါက်ရောက်သည်။

သင်္ဘောသဖန်းသည် ပင်ပျပ်သစ်ပင်ငယ်မှ အပင်ကြီးမျိုးအထိ ရှိသည်။ ၁၅-ပေ မှ ပေ-၃၀ခန့်အထိ မြင့်တတ်သည်။ ၎င်းမှာ ရွက်ကြွေပင်မျိုး ဖြစ်သည်။ သင်္ဘောသဖန်းသည် မိုးအနည်းငယ်သာ၍ ရေမ၀ပ်သည့် နှုန်းဆန်မြေပွမျိုးတွင် ကောင်းစွာဖြစ်ထွန်း၍ မြန်မာနိုင်ငံ အထက်ပိုင်းရှိ မိုးပါးသော အရပ်ဒေသတို့တွင်သာ စိုက်ပျို ဖြစ်ထွန်းသည်။

ဆင်သဖန်းပင်သည် ပင်ငယ်မျိုးဖြစ်၍ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းမှအပ နေရာအနှံ့အပြားတွင် တွေ့ရှိနိုင်သည်။

သဖန်းသီးများမှာ မျိုးကိုလိုက်၍ အရွယ်အစား အမျိုးမျိုးရှိသည်။ ဇီးဖြူသီး အရွယ်မှ သစ်တော်သီး အရွယ်အထိ ရှိသည်။ အရောင်အသွေးမှာလည်း နက်ပြာ၊ အနီ၊ အစိမ်း၊ အ၀ါရောင်များ အဖြစ်တွေ့ရသည်။ သဖန်းသီး၏ ထူးခြားချက် တစ်ရပ်မှာ ယင်းသည် သစ်သီးဟု အမည်တွင်စေကာမူ စင်စစ်အားဖြင့် သစ်သီးမဟုတ်ပေ။ အပွင့်ကလေးများကို ဖုံးအုပ် ကာကွယ်ထားသည့် အပွင့်အိမ်မ မျှသာ ဖြစ်ချေသည်။ အသီးအစစ်သည် ထိုအပွင့် အိမ်အတွင်းရှိ အစေ့များခေါ်သော အရာ ဖြစ်သည်။

သဖန်းပင်များကို အကိုင်းဖြတ် စိုက်နည်းဖြင့် အလွယ်တကူ မျိုးပွားယူနိုင်သည်။ သဖန်းသီးမှ ညှစ်ယူရရှိသော အရည်ကို လူတို့စားသုံးရန် ဖြစ်စေ၊ အ၀တ်အထည် ဆိုးဆေးအဖြစ် ဖြစ်စေ အသုံးပြုကြသည်။

သဖန်းရွက်ကို ဆင်စွယ်များ အရောင်ထွက်စေရန် ပွတ်တိုက်ရာ၌ အသုံးဝင်သည်။ သဖန်းခေါက် ကိုလည်း ကြိုးအဖြစ် ကျစ်၍ သုံးနိုင်သည်။

မြန်မာ ဆေးကျမ်းများ အလိုအရ သဖန်းသည် ဖန်၏။ အေး၏။ နူတ်ကို မြိန်စေ၏။ ၀မ်းမီးကို တောက်စေတတ်၏။ သွေးကို ပျက်စေတတ်၏။ ၀စေတတ်၏။ ပိုးကို ဖြစ်စေတတ်၏။ ရတ္တပိန်နာ၊ မူးဝေသော ရောဂါ၊ ကိုယ်ပူနာတို့ကို နိုင်။ ရေငန်ခြင်းကို ပျောက်စေ၏။

သဖန်းသီး၏ အာဟာရတန်ဖိုးသည် သဖန်းသီး တစ်ပေါင်လျှင် ကယ်လိုရီ-၁၅၀၀ ပါရှိသဖြင့် အာဟာရဓာတ် ကြွယ်ဝသော အသီးဖြစ်သည်။ သဖန်းသီးတွင် ကာဗိုဟိုက်ဒရိတ် ၇၄ ဒသမ ၂၊ရေ-၁၈ ဒသမ ၈၊ ပရိုတင်း ၄ ဒသမ ၃၊ အဆီ ၀ ဒသမ ၃၊ ပြာဓာတ် ၂ ဒသမ ၄ ရာနူန်းအသီးသီး ပါရှိသည်။

သဖန်းသီး စိမ်းကို ဆားရည်စိမ် အမှည့်ကို နဂိုအတိုင်း သို့မဟုတ် ယိုထိုး၍ ဖြစ်စေ အခြောက်လှန်း၍ ဖြစ်စေ စားသုံးနိုင်သည်။ သဖန်းရွက်ကိုလည်း ပြုတ်၍ သုပ်စားခြင်း၊ ဟင်းချက်၍ စားခြင်းများ ပြုလုပ်စားသောက်နိုင်ကြောင်း သိရှိရပါသည်။

သင်းဝင်

မြန်မာအမည် - သင်းဝင်

မြန်မာနိုင်ငံတွင် သင်းဝင်အမည်ဖြင့် ခေါ်တွင်သော အပင် နှစ်မျိုး၊ သုံးမျိုး ရှိပေသည်။ ယင်းတို့ အားလုံးသည် ရုက္ခဗေဒအလိုအားဖြင့် မျိုးရင်း မျိုးခွဲ အတူတူပင် ဖြစ်၍ မျိုးစိတ်အားဖြင့်သာ ခြားနားကြသည်။ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ပဲခူးရိုးမနှင့် တနင်္သာရီတိုင်း သစ်တောများတွင် အများအပြား ပေါက်ရောက်သော သင်းဝင်မျိုးသည် ပါပီလိုယိုနေ စီအီးမျိုးရင်းဝင် ဖြစ်၍ ရုက္ခဗေဒအမည်အားဖြင့် မီလက်ရှား ပင်နျူကာဟု ခေါ်သည်။

ကသစ်ပေါက်၊ ပေါက်ပန်းဖြုနီ တို့နှင့်လည်း မျိုးရင်းတူ ဖြစ်သည်။ အပင် အလတ်စားမျိုး ၇၅-ပေမှ ၈၀ထိ မြင့်ပြီးလျှင် ပင်စည်လုံးပတ် ၆-ပေမှ ၇-ပေအထိ ရှိသည်။ သင်းဝင် ပင်စည်သည် အသွေးချော၍ အဖြူကွက်များ ပေါ်နေသည်။ အညွှန့်များတွင် ပိုးမျှင်နှင့်တူသော အမွေးများ ရှိသည်။ အရွက်သည် စိမ်းစိုပြောင်ချော၍ အရွက်သုံးစုံ ငှက်မွေးပုံ ထွက်သည့် ရွက်ပေါင်း ဖြစ်သည်။ အရွက်ညှာတုတ်သည်။ အပွင့်များသည် အဖြူရောင် ဖြစ်၍ ပဲပန်းပွင့်များကဲ့သို့ လိပ်ပြာ ပုံသဏ္ဌာန်ရှိသည်။ အသီးတောင့်သည် ပြားပြီးလျှင် သားရေကဲ့သို့ မာသည်။ အရင်းအဖျားချွန်သည်။ အတောင်မပါချေ။ အသီးတောင့် အညိုရောင်ဖြစ်၍ အသီးတောင့်သည် တစ်တောင့်လျှင် အစေ့တစ်စေ့မှ သုံးစေ့အထိပါရှိသည်။

အစေ့ကို ပျိုး၍ ဖြစ်စေ၊ ကိုင်းဖြတ်၍ ဖြစ်စေ အပင် ပွားစေနိုင်သည်။ အတော်အသင့် ကြီးထွားမြန်၍ အကိုင်းအခတ်တို့ ဝေေ၀ဆာဆာ ရှိသဖြင့် လမ်းနံဘေးတွင် အရိပ်ရရှိစေရန် စိုက်ပျိုးနိုင်သည်။ ထိုသင်းဝင်မျိုး၏ အနှစ်သားသည် ခရမ်းရင့်ရောင် သို့မဟုတ် အညိုရောင်ရှိ၍ အစင်းကြောင်းများ ထင်ရှားစွာ ပေါ်လျက်ရှိသည်။ သို့သော်လည်း အိမ်ထောင် ပရိဘောဂ ပစ္စည်းပြုလုပ်ရန်အတွက် အနှစ်သား ကြီးကြီးမားမား မရနိုင်ချေ။ သင်းဝင်သားသည် အခြားသစ်များထက် ထူးကဲစွာ မာကျောသည် ။ အထက်ဖော်ပြပါ သင်းဝင်မျိုးနှင့် မျိုးရင်းမျိုးခွဲ ဖြစ်၍ သင်းဝင်ဖိုဟု ခေါ်သော သစ်ပင်တစ်မျိုး ရှိသေးသည်။ ရုက္ခဗေဒ အမည်အားဖြင့် မီလက်ရှား ပူဗီနာဗစ်ပုံ ခေါ်သည့် သစ်ပင်ငယ်မျိုးဖြစ်၍ မြန်မာနိုင်ငံ သစ်တောများတွင် တွေ့ရှိရသည်။ အထူးသဖြင့် မေမြို့၊ မြစ်ကြီးနားတို့တွင် ပေါက်ရောက် ကြသည်။

သင်းဝင်စပ် ဟုခေါ်သော အပင်တစ်မျိုးလည်း ရှိသေးသည်။ ရုက္ခဗေဒအမည်မှာ မီလက်ရှား ပါလက်စရာ ဟုခေါ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်း သစ်တောများ၌ တွေ့ရသည်။ ၎င်းသစ်ဝင်စပ်ကို ဆွဲသီးပင်ဟုလည်းခေါ်သည်။ ထို့အပြင် သင်းဝင်စပ်ကို သင်းဝင်ဖြူဟုခေါ်သော အပင်တစ်မျိုးလည်း ရှိသေးသည်။ ၎င်း၏ရုက္ခဗေဒ အမည်မှာ ပွန်ဂါးမီယား ပင်နေတာ ဟုခေါ်သည်။ ပဲခူး၊ စစ်တွေ ဒေသတို့နှင့် ပင်လယ်ကမ်းရိုးတန်း ဒေသတို့တွင် ပေါက်ရောက်သည်။

ဒဗ္ဗဂုဏပကာနီသည် မြန်မာဆေးကျမ်း အဆိုအရ သင်းဝင်သီးသည် ၀မ်းကို ခိုင်စေသည်။ သလိတ်နှင့် တကွ သည်းခြေကို နိုင်သည်ဟု ဆိုသည်။

အိန္ဒိယ ဆေးကျမ်းများကမူ အသီးစိမ်း လတ်လတ် ဆပ်ဆပ်သည် ခံတွင်းကို ကောင်းစေ၏။ ချုပ်စေတတ်သော သတ္တိရှိ၏။ ရေငန်ပြေစေ၏။ သလိပ်ကို ပွားများစေ၏။ အသီးမှည့်သည် ခံတွင်းကို လိုက်စေသည်။ အပူများကျစေသည် သည်းခြေကိုနိုင်၍ ရေငတ်ပြေစေသည်။ အပူကျစေသည်။

သင်းဝင်ဖြူ၏ အပွင့်သည် ဆီးချိုရောဂါအတွက် ကောင်းသည်။ ကြက်ညှာ ချောင်းဆိုးသူများကို လည်ပင်း၌ အသီးတောင့်များ ဆွဲပေးရသည်။ အစေ့ကိုပြုတ်၍ အနံ့ပြုပြီးလျှင် ကြက်ညှာချောင်းဆိုး ရောဂါအတွက် အသုံးပြုနိုင်၏ဟု အိန္ဒိယဆေးကျမ်းများ၌ ဆိုသည်။

အိန္ဒိယ ဆေးကျမ်းတစ်စောင်၏ အဆိုမှာ သင်းဝင်ဖြူ အစေ့သည် အရေပြားရောဂါအတွက် ကောင်း၏။ အခေါက်သည် လိပ်ခေါင်းရောဂါအတွက် ကောင်း၏။ အမြစ်သည် အနာစိမ်းများအတွက် ကောင်း၏ ဟုဆိုပါသည်။