ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 24 October 2010

အချစ်ဆိုတာ မှားတတ်သဗျာ (အပိုင်း-၁)





လောဂျစ်ကျောင်းသားဖြစ်သော ကျွန်တော်သည် ခေါင်းအေး၏။ ဉာဏ်ထက်၏။ တွက်တတ်ချက်တတ်၏။ အမှားအမှန် ပိုင်းခြားတတ်၏။ ဖျတ်လတ်၏။ ပါးနပ်၏။ ချက်ဆို နားခွက်က မီးတောက်၏။ ကျွန်တော့်မှာ ဒါတွေအားလုံးပြည့်စုံ၏။ ကျွန်တော့်ဦးနှောက်ကို ဥပမာအမျိုးမျိုးပေးရလျှင် ဒိုင်နမိုနှင့်တူ၏။ အလွန်အားကောင်း၏။ သိပ္ပံချိန်ခွင်နှင့်တူ၏။ အလွန်တိကျ၏။ ဆရာဝန်၏ ဓားနှင့်တူ၏။ အလွတ်ပြတ်သား ထက်မြက်၏။ သို့သော်…စာဖတ်သူများကို ကွတ်တော် ကြွားဝါလိုခြင်းမရှိပါ။ ကျွတ်တော်သည် ယခုမှ အသက်ဆယ့်ရှစ်နှစ်သာ ရှိပါသေး၏။


အသက်ကလေးငယ်ငယ်နှင့် ဤကဲ့သို့ အသိဉာဏ် ဧရာမ ကျယ်ဝန်းကြီးမားခြင်းမှာ လူတိုင်းပြည့်စုံနိုင် သည်တော့မဟုတ်ပါ။ ဥပမာပြရလျှင် တက္ကသိုလ်တွင် ကျွန်တော်နှင့် တစ်ခန်းတည်းအတူနေသူ စိုးသိမ်းပိုင်ကို လက်ညိုးညွှန်ရပါလိမ့်မည်။ စိုးသိမ်းပိုင်သည် ကျွန်တော်နှင့် အသက်ချင်းအတူတူ၊ မိဘအခြေအနေချင်း အတူတူ၊ သို့မဟုတ် အသိဉာဏ်အရာတွင် သူသည် နွားနှင့်အတူ အလွန်တုံးလေသည်။ ပေါင်းလို့သင်းလို့တော့ ကောင်းပါ၏။ ဖော်ရွှေပါ၏။ သို့သော် သူ့ခေါင်းထဲတွင် ဘာမှမရှိ။ မနုဿဗေဒနည်းအရ လူမျိုးအစားခွဲလျှင် စိုးသိမ်းပိုင်သည် စိတ္တဇဆန်သော လူစားဖြစ်သည်။ တည်ငြိမ်မူမရှိ။ ဆွဲဆောင်မူကို မခံနိုင်။ အဆိုးဆုံးမှာ သူသည် ပေါ်ပင်ရူးတစ်ယောက် ဖြစ်ပါသည်။ အသစ်အဆန်းပေါ်လျှင် အရူးအမူး လိုက်တတ်သည်။ ပေါ်ပင်သမားဟူသည် ကျွန်တော်တို့လို လောဂျစ်သမားနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည်။ အရူးအမူး ပေါ်ပင်လိုက်တတ်ခြင်းသည် ကိုယ်ပိုင်စဉ်းစားဉာဏ် လံးဝမရှိခြင်းကို ညွှန်ပြသည်။ သူများတကာတွေလုပ်တိုင်း ကိုယ်ကလိုက်၍ ရူးပေါပေါလုပ်ခြင်း၊ အဓိပ္ပာယ်မရှိ အသစ်အဆန်းပေါ်တိုင်း ကိုယ်ကပါ အကောင်းထင်ပြီး မနေနိုင်အထိုင်နိုင် ၀င်ရောခြင်း စသည်များမှာ ကိုယ်ပိုင်အတွေးအခေါ ခေါင်းပါးခြင်း၏ အမှတ်အသားဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။ သို့သော် စိုးသိမ်းပိုင် တစ်ယောက်ကတော့ ယင်းသို့ မယူဆပါချေ။


တစ်နေ့ နေ့လယ် ကျွန်တော် အခန်းသို့ပြန်ရောက်စဉ် စိုးသိမ်းပိုင်ကို သူ့အိပ်ရာပေါ်၌ တွေ့၏။ သူ ခြေပစ်လက်ပစ် လဲနေသည်။ သူ့မျက်နှာမှာ ပိုးဟတ်ခြောက်လို ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ဧကန္တ ဒီကောင်တော့ အစာအိမ်အူပေါက်ရောဂါ ဖြစ်ပြီဟု ကျွတ်တော်က ကောက်ချက်ချလိုက်၏။


“ငြိမ်ငြိမ်နေ၊ မလူပ်နဲ့၊ ၀မ်းနူတ်ဆေးလည်း မစားနဲ့၊ ကိုယ် ဆရာဝန်ပြေးခေါ်ချေမယ်”


ကျွတ်တော်က စိတ်မြန်ကိုယ်မြန် ပြေးရန်ဟန်ပြင်၏။


“၀က်ဝံ…၀က်ဝံ…”ဟု စိုးသိမ်းပိုင်က ညည်းတွားနေ၏။


“၀က်ဝံ…ဘာဝက်ဝံလဲကွ…” ကျွန်တော်က ပြေးမည့်ခြေလှမ်းကို တုံ့ပြီး မေးမိ၏။


“၀က်ဝံမွေးဂျာကင်တစ်ထည် ကိုယ်လိုချင်တယ်”


စိုးသိမ်းပိုင်က ဆက်၍ညည်းနေ၏။


ဤတွင် သူ့ရောဂါမျာ ကာယိကဝေဒနာမဟုတ်ဘဲ စေတသိက စိတ္တဇဝေဒနာဖြစ်မှန်း ကျွန်တော်သဘောပေါက်သွား၏။


“နေပါဦး စိုးသိမ်းပိုင်ရ၊ သက်ဝံမွေးဂျာကင်ကြီး မင်း ဘာလုပ်ဖို့ လိုချင်ရတာလဲ”


ထိုအခါ သူက နဖူးကိုလက်နှင့်ထုရင်း ယူကြုံးမရ အော်နေပြန်သည်။


“တောက်…ကိုယ်အထင်သားပဲ သူငယ်ချင်း၊ အစက ကိုယ်အထင်သားပဲ။ ရုပ်ရှင်မင်းသား ဇော်ဗလ မြုပ်နေရာက ပြန်ပေါ်လာတယ်မဟုတ်လား။ သူပြန်ပေါ်လာတာနဲ့အတူ ဒီအင်္ကျီဖက်ရှင်လည်း ပြန်ပေါ် လာရမယ်ဆိုတာ ကိုယ်သိဖို့ကောင်းတာပေါ့ကွာ၊ ခုတော့ ကိုယ့်မှာရှိသမျှပိုက်ဆံတွေ ကျောင်းမှာ စာအုပ် ၀ယ်လိုက်တာနဲ့ ကုန်ပြီ။ အဲဒါ ဘယ့်နှယ်လုပ်ပြီး ၀က်ဝံဂျာကင်ဝယ်နိုင်တော့မလဲ”


ကျွန်တော်က မယုံနိုင်အောင်ဖြစ်ပြီး ပြန်မေးမိ၏။


“နေပါဦး သူငယ်ချင်း၊ မင်းပြောတဲ့အတိုင်းဆိုရင် ၀က်ဝံဂျာကင်ဝတ်တဲ့ဖက်ရှင် တကယ်ပဲပြန်ပေါ်လာနေသလား။ ဒါကြီးတွေကို လူတွေတကယ်ပဲ ၀တ်နေကြပြီလား”


“ဒီမယ် သူငယ်ချင်း၊ တက္ကသိုလ်အကုန်လုံးမှာ တကယ် စမတ်ကျကျကျောင်းသားတွေ ဆရာတွေမှန်သမျှ ၀က်ဝံဂျာကင်နဲကချည်းပဲ။ ဒါ မင်းမသိရအောင် ဘယ်သွားနေလို့လဲ”


“ကိုယ်က စာကြည့်တိုက်ထဲမှာ”


တကယ်စမတ်ကျကျ ကျောင်းသားနှင့် ဆရာများမှာ ကျွတ်တော် ကျက်စားရာ စာကြည့်တိုက်သို့ ရောက်ကြဟန်မတူပါချေ။


စိုးသိမ်းပိုင်သည် လူမမာလုပ်နေရာမှ ခုန်ထရင်း အခန်းထဲတွင် လူးလာခေါက်တုံ့ လျှောက်နေပြန်၏။


“၀က်ဝံဂျာကင်တစ်ထည်တော့ ကိုယ်ဝတ်ရမှာပဲ သူငယ်ချင်း၊ မ၀တ်လို့မဖြစ်ဘူး…မဖြစ်ဘူး”


“ဒီမှာစိုးသိမ်းပိုင်၊ ကိုယ်ပြောပါရစေ။ ဒီကိစ္စကို မင်းသိပ္ပံနည်းကျကျ စဉ်းစားစမ်း။ ၀က်ဝံဂျာကင်ဆိုတာ အင်မတန်နံစော်ပါတယ်ကွာ။ ထူလည်းထူတယ်။ လေးလည်းလေးတယ်။ အိုက်လည်းအိုက်တယ်။ ကြည့်ရတာကိုးရိုးကားရား။ ဘာတစ်ချက်ကောင်းတာရှိသလဲ။ ဘာတစ်ခု…”


စိုးသိမ်းပိုင်က စိတ်မရှည်သလို ၀င်ပြော၏။


“မင်းနားမလည်ပါဘူး သူငယ်ချင်း။ သူများတွေ ၀တ်နေကြပြီကွ။ ကျောင်းမှာ ဖက်ရှင်ဖြစ်နေပြီ။ မင်း သူများနဲ့တန်းတူ မ၀တ်ချင် မစားချင်ဘူးလား”


“ကိုယ်တော့ မ၀တ်ချင်ဘူး” ကျွန်တော်က အမှန်အတိုင်း ပြတ်ပြတ်ပြောလိုက်၏။


“အေး…ကိုယ်ကတော့ ၀တ်ချင်တယ်။ ဒါပဲ။ ၀က်ဝံဂျာကင် တစ်ထည်လောက်ရမယ်ဆိုရင် ဘာပဲပေးရပေးရကွာ၊ တကယ်ဟေ့ သူငယ်ချင်း၊ ဘာပဲပေးရ…ပေးရ…”


အလွန်လျင်မြန်ဖျတ်လတ်သော ကျွန်တော်၏ ဦးနှောက်သည် ချက်ခြင်းပင် ပြန်းထန်စွာ အလုပ်လုပ်နေ လေပြီ။ သို့နှင့် ကျွတ်တော်က သူ့ကိုစောင်းကြည့်ရင်း…


“ဘာပဲဖြစ်ဖြစ် တကယ်ပေးမှာလား စိုးသိမ်းပိုင်”


စိုးသိမ်းပိုင်က ပိုင်ပိုင်ပင်ပြောနေလေပြီ။


ကျွန်တော် စဉ်းစားရင်း မေးကို ပွတ်နေမိ၏။ အကွက်တစ်ခုတော့ ပေါ်နေပြီ။ ၀က်ဝံမွေးဂျာကင်ကြီးတစ်ထည် ရနိုင်သည့်နေရာကို ကျွတ်တော်ကောင်းစွာသိထားသည်။ အခြားမဟုတ်။ ကျွန်တော့်အဖေထံတွင် ဖြစ်သည်။ အဖေတို့ခေတ်က အနောက်တိုင်း နွားကျောင်းသား ရုပ်ရှင်များပေါ်စတွင် ဤ၀က်ဝံဂျာကင်ကြီးများ ခေတ်စားခဲ့ဖူးသေးသည်။ အဖေ့တွင်လည်း ဂျာကင်ကြီး တစ်ထည် ရှိခဲ့ဖူးရာ ယခုအိမ်တွင် အပေါ်ထပ်ကျွန်းသေတ္တာကြီးထဲ၌ သိမ်းထားသည်။ တစ်ဖက် သို့ကြည့် လျှင် စိုးသိမ်းပိုင်ထံတွင် ကျွန်တော်အလွန်လိုချင်နေသော ပစ္စည်းတစ်ခုရှိနေသည်။ သူပိုင်ပစ္စည်းတော့ မဟုတ်ပါ။ သို့သော် မပိုင်စေကာမူ ဆိုင်တော့ဆိုင်နေသည်။ ကျွန်တော်ဆိုလိုသည်မျာ အခြားမဟုတ်။ စိုးသိမ်းပိုင်၏ ရည်းစား မိမိမော်ဖြစ်ပါသည်။


ကျွန်တော် မိမိမော်ကို ကျွန်တော့်ဘက်မှ ကြိုက်နေသည်မှာ အတော်ကြာပါပြီ။ နည်းနည်းတော့ရှင်း ပြောပါရစေ။ ဒီကောင်မလေး မိမိမော်ကို ကျွန်တော်ကြိုက်ရခြင်း အကြောင်းရင်းမှာ အသည်းနှလုံး သဘော မသက်ဝင်ပါ။ မော်ဆိုသော ကလေးမသည် တကယ်တော့ ကျွန်တော့်အသည်းအဆုတ်ကို ကောင်းကောင်းဆွဲလူပ်နိုင်သူ ဖြစ်ပါသည်။ သို့သော် ကျွန်တော်က လောဂျစ်သမားဖြစ်၍ အသည်းနှလုံး ကိုဦးစားမပေး။ ဦးနှောက်ကိုသာ ဦးစားပေးရပါမည်။ ထို့ကြောင့် မိမိမော်ကို ကျွန်တော်၏ ချစ်သူရည်းစား အဖြစ် ကျွန်တော် ရွေးခြယ်လိုခြင်းမှာ ကျွန်တော့်ဦးနှောက်ထဲမှ စာရင်းဇယား တိကျပြတ်သားစွာ တွက်ချက်ထားသော ဘ၀စီမံကိန်းတစ်ရပ်ကြောင့် ဖြစ်ပါသည်။


ယခု ကျွန်တော်သည် ပြင်ပတွင် ၀တ်လုံလိုက်၍ အသက်မွေးရတော့မည်။ ဤတွင် ၀တ်လုံးတစ်ဦး၏ ဘ၀ရှေ့ရေး တိုးတက်မူအတွက် အထောက်အကူပြုနိုင်သော ဇနီးကောင်းတစ်ယောက် ရရှိရန် အထူးအရေးကြီးကြောင်းကို ကျွန်တော် သိမြင်ထားပါသည်။ အဆိုပါ ဇနီးသည် ရုပ်ရည်ချောမောရမည်။ ယနေ့ လူ့လောကတွင် အောင်မြင်နေသော ၀တ်လုံတိုင်းလိုလိုပင် ဤသို့အရည်အချင်း ပြည့်ဝသော ဇနီးမျိုးကိုသာ ရှာဖွေရွေးချယ် အိမ်ထောင်ပြုခဲ့ကြကြောင်းကို ကျွန်တော် သတိပြုမိပါသည်။ ယခု ကျွန်တော်ရည်မှန်းထားသူ မိမိမော်မှာ တစ်ခုသော အရည်အချင်းမှလွဲ၍ ကျန်အရည်အချင်းများ အားလုံးတွင် ကျွန်တော့စိတ်ကြိုက် အံဝင်ခွင်ကျ ပြည့်စုံလှပါသည်။


တစ်အချက်အနေဖြင့် မိမိမော်သည် ရုပ်ရည်ချောမောသည်။ ရုပ်ရှင်မင်းသမီး ဖြစ်နိုင်သော ရင် ခါး တင် ၃၆ x ၂၄ x ၃၆ အချိုးအစား ကိန်းဂဏန်းများ မရှိသေးသည်မှာ မှန်သည်။ သို့သော် မော်က နုနယ် ငယ်ရွယ်သေးသည်။ အချိန်အနည်းငယ် စောင့်လိုက်လျှင် အရိုက်အဖို အမို့အမောက် လိုသလောက် ပြည့်တင်းလာနိုင်သော သဘာဝ သယံဇာတပစ္စည်းများ ရှိနေလေသည်။


နှစ်အချက်အနေဖြင့် မိမိမော်သည် တင့်တယ်ကျော့ရှင်းသည်။ ကျော့ရှင်းသည်ဆိုရာဝယ် သွားပုံလာပုံ ထိုင်ပုံစားသောက်ပုံ လူပ်ရျားမူမျိုးစုံ အားလုံး ပြေပြစ်ကျစ်လစ်မူရှိခြင်းဟူ၍ ကျွန်တော်က အဓိပ္ပာယ် ကောက်ပါသည်။ မောလမ်းသွားလျှင် ခါးမတ်၍ ခေါင်းမေ့ပါသည်။ မော်၏ ကိုယ်ဟန်မှာ ဆင်မယဉ်သာလို ယဉ်ကျေးဖွယ်ရာပါသည်။ မော်၏ အနေအထိုင်မှာ မျိုးကောင်းဆွေကောင်း ပတ်ဝန်းကျင်ကောင်းတွင် ကြီးပြင်းသူဖြစ်ကြောင်း သရုပ်ဖော်ပါသည်။ မော်စားပုံသောက်ပုံမှာ လွန်စွာ သိမ်မွေ့ပါသည်။ တစ်ခါက ကျွန်တော်တို့တက္ကသိုလ် အင်းယားကန်ဘေး “ရွှေညာသား” အကြော်ဆိုင် ကလေးတွင် မိမိမော်တို့ မိန်းကလေးတစ်သိုက် အကြော်စားနေသည်ကို ကျွန်တော် တစေ့တစောင်း လေ့လာဖူးပါသည်။ ဘူးသီးကြော်၊ ရေမုန့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီးချဉ်ရည်၊ ရေနွေးကြမ်းပူပူ စသော အစားအစာများဖြစ်ပါသည်။ ဆီရွှဲရွှဲ၊ စပ်ရှားရှား၊ ပူရှိမ်းရှိမ်း၊ ချဉ်စူးစူး၊ တရူးရူး၊ တရှဲရှ မျက်ရည် နှာရည်တရွှဲရွှဲ ဣနြေ္ဒပျက်စရာအစာများကို မိမိမော်က တစ်ချက်ကလေးမှ အလှမပျက်ဘဲ ကျော့ကျော့ကလေး စားပြသွားပါသည်။


သို့သော်…သို့သော သုံးအချက်အနေဖြင့် မိမိမော်သည် စဉ်းစားဉာဏ်တော့ မရှိပါချေ။ စဉ်းစားဉာဏ်က မြောက်ကိုသွားလျှင် မော်က တောင်ကိုသွားပါသည်။ သို့သော် လောဂျစ်ပညာ ငါဆရာဖြစ်သော ကျွန်တော်၏ လမ်းပြမူကိုသာ ခံယူရပါလျှင် မော်သည် အမှန်တိုးတက်လာရမည်ဟု ကျွန်တော်ယုံကြည် ပါသည်။ လောဂျစ်အတွေ့အကြုံအရ တင်ပြရပါလျှင် ဉာဏ်ထိုင်းသော မိန်းမချောကလေး တစ်ယောက်ကို ဉာဏ်ကောင်းလာအောင် သင်ပြပေးဖို့ လွယ်ပါသည်။ ဉာဏ်ကောင်းသော အရုပ်ဆိုးမ ကလေးတစ်ယောက်ကို ရုပ်ချောလာအောင် သင်ပြပေးဖို့ မလွယ်ကူပါ။


ဤစီမံကိန်းအရ ကျွန်တော်က စိုးသိမ်းပိုင်ကို စကားခေါ်လိုက်သည်။


“ဒီမယ် ဖိုးပိုင်၊ မောင်ရင်ဟာ မိမိမော်နဲ့ တကယ်ချစ်နေကြသလား”



“မော်က တော်တော်တော့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပဲကွ။ ဒါပေမဲ့ ကိုယ်နဲ့ မော်နဲ့က ချစ်တယ်ဆိုတဲ့ အဆင့်ရောက်အောင် မတွေးကြသေးဘူးဆိုပါစို့ကွာ။ မင်း ဘာပြုလို့ မေးတာလဲဟေ့…”


ကျွန်တော်က ဆက်၍ ထောက်လှမ်းလိုက်ပြန်သည်။


“မင်းနဲ့ မော်နဲ့ အဲဒီလိုမတွေးသေးပေမယ့် မှန်မှန်တော့ တွဲနေကြတာပဲ မဟုတ်လား။ ကိုယ်ဆိုလိုတာ က တစ်ယောက်နဲ့တစ်ယောက်တော့ စိတ်ထဲမှာ ရည်မှန်းထားကြတယ်မဟုတ်လား”


“ဒီလိုလည်း မဟုတ်သေးပါဘူး။ ကိုယ်နဲ့ မော်နဲ့ ခဏခဏတွေ့ကြတာတော့ မှန်တယ်။ တွဲပြီး သွားလာကြတာလည်း မှန်တယ်။ ဒါပေမဲ့ မော်ကလည်း တခြားလူတွေနဲ့ တွဲတာပဲ။ ကိုယ်ကလည်း တခြားမိန်းကလေးတွေနဲ့ တွဲနေတာပဲ။ အဲဒါ ဘာဖြစ်လဲ”


“မော့်အနေနဲ့ သူနဲ့တွဲနေတဲ့လူတွေထဲမှာ မင်းထက် ထူးထူးခြားခြား သူဂရုစိုက်တဲ့လူများကော ရှိသလား”


“ကိုယ်သိသလောက်တော့ မရှိဘူး။ မင်း ဘာကြောင့် သိချင်တာလဲ”


ကျွန်တော်က ကျေနပ်စွာပြုံးလိုက်မိ၏။ ထို့နောက် …


“တခြားတစ်နည်း မေးရမယ်ဆိုရင် မော့်ရဲ့ အချစ်ခရီးမှာ မင်းတစ်ယောက်တည်းပဲ လမ်းပေါ်မှာရှိတယ် တကယ်လို့ မင်းသာ မရှိဘူးဆိုရင် လမ်းဟာ ရှင်းနေပြီပေါ့ ဟုတ်လား”


“အဲဒီလို ဆိုချင်လည်း ဆိုပေါ့။ ဒါပေမဲ့ မင်း ဘာအဓိပ္ပာယ်နဲက ဒါတွေ မေးနေရတာလဲ။ ပြောစမ်းပါဦး”

“အလကားပါကွာ ဘာမှမဟုတ်ပါဘူး”


ကျွန်တော်က အရေးမကြီးသလို လျှောချလိုက်၏။ ထို့နောက် သေတ္တာထဲမှ လက်ဆွဲအိတ်ကို ထုတ်ယူလိုက်၏။


“ဟေး…မင်း ဘယ်ကိုသွားဦးမလို့လဲ သူငယ်ချင်း”


စိုးသိမ်းပိုင်က မေးနေပြန်၏။



“စနေ၊ တနင်္ဂနွေ ရက်အားတုန်း ပေါင်းတည်းကို ပြန်မယ်လေကွာ”


ကျွန်တော်က အိတ်ထဲသို့ ပစ္စည်းအချို့ ပစ်ထည့်လိုက်၏။ ထိုအခါ စိုးသိမ်းပိုင်က ကျွန်တော်၏ လက်မောင်းကို အရေးတကြီးဆွဲကိုင်ထားရင်း…


“ဒီမယ်သူငယ်ချင်း၊ ကိုယ့်ကို ကူညီစမ်းပါကွာ၊ မင်း အိမ်ကို ပြန်ရင်း မင့်အဘိုးကြီးဆီက ငွေနည်းနည်းပါးပါး ဆွဲမလာနိုင်ဘူးလား။ ပြီးတော့ ကိုယ့်ကို ခဏချေးထားပါ။ ကိုယ် ၀က်ဝံမွေးဂျာကင် မ၀ယ်ရင် မဖြစ်လို့ပါ သူငယ်ချင်းရာ…နော်”


“အေးပါကွာ၊ မင်းမျှော်လင့်တာထက်တောင် ကိုယ်က ကူညီချင် ကူညီနိုင်မှာပါ”


ကျွန်တော်က သူ့ကို ပျက်ချော်ချော် မျက်စတစ်ဖက်မှိတ်ပြရင်း ပြောလိုက်၏။ ထို့နောက် လက်ဆွဲအိတ်ကို ပိတ်၍ အခန်းထဲမှ ထွက်လာခဲ့၏။


တနင်္လာနေ့ မနက်စောစော ကျောင်းသို့ပြန်ရောက်လျှင် ရောက်ချင်း ကျွန်တော်က စိုးသိမ်းပိုင်ကို အိမ်ရာမှ နိုးလျက်…


“ဟေ့ကောင်…ဒီမှာကြည့်စမ်း”


ကျွန်တော်က ဖောင်းနေသော လက်ဆွဲအိတ်ကြီးကို ဖွင့်ကာ အတွင်းမှ ဂျာကင်ကြီးကို ထုတ်ပြလိုက်၏။ ဖားဖားလျားလျား အမွေးဖွားဖွား အနံ့အသက် စူးစူးဝါးဝါးနှင့် ဤ၀က်ဝံမွေးဂျာကင်ကြီးမှာ ကျွန်တော့အဖေ တက္ကသိုလ်ကျောင်းသားဘ၀တွင် တစ်ကြိမ်ခေတ်စားခဲ့သည်ဆိုခြင်းမှာ နားရှိ၍သာ ကြားရ ယုံရတော့သည်။


“ဟိုက်….အားပါး….အားပါး…”


စိုးသိမ်းပိုင်က အံ့သြခြင်းကြီးစွာဖြင့် အော်၏။ သူသည် မွေးများအထဲသို့ လက်များကိုထိုးကြည့်လိုက်၊ သူ့မျက်နှာ သူ့မျက်လုံးများကို မယုံသလိုပွတ်လိုက်နှင့် အလုပ်ရူပ်နေသည်။ တစ်ဖန်….


“အားပါး…အားပါး…”


ပဲခူးသား စိုးသိမ်းပိုင်က မော်လမြိုင် အာမေဋိတ်စကားကို ဆယ့်ငါးကြိမ် အကြိမ်နှစ်ဆယ်မက ထပ်ခါတလဲလဲအော်နေပြန်သည်။


“ဘယ့်နှယ်လဲဖိုးပိုင်…သဘောကျသလားဟေ့”


“ကျတယ်ဟေ့…ကျတယ်ဟေ့”


သူက စေးကပ်ကပ် ချဉ်စုတ်စုတ် ၀က်ဝံမွေးကြီးကို သူ့ကိုယ်နှင့် ကပ်ထား၏။ ထို့နောက် ရုတ်တရက် သူသည် တစ်စုံတစ်ခု သတိရသလို မျက်လုံးပြူးကြောင်ကြောင် ဖြစ်သွားပြီးမှ…


“ဟေ့…မင်း ဒီဂျာကင်အတွက် ကိုယ်က ဘာပေးရမှာလဲ”


ကျွန်တော်က ပြန်ပြန်ပဲပြောတတ်ပါသည်။


“ဟေ့…မောင့်ကိုပေးရမယ်…”


သူသည် ကြီးစွာတုန်လူပ်သွားဟန်ဖြင့် အသံတိုးသွား၏။


“ဟေ…မော့်ကိုလိုချင်တယ် ဟုတ်လား”


“အေး”


သူသည် ၀က်ဝံမွေးကြီးကို ကြမ်းပေါ်သို့ လွှင့်ပစ်လိုက်၏။


“မပေးဘူးကွ၊ ဘယ်တော့မှ မပေးဘူး”


တင်းတင်းမာမာ သူအော်နေချပြီ။


ကျွန်တော်က ပခုံးကို ရုပ်ရှင်မင်းသားဆန်ဆန် တွန့်ပြလိုက်၏။


“အိုကေ၊ မပေးချင်လည်း နေလေ။ မင်းက သူများနည်းတူ စမတ်ကျကျ ၀တ်ချင်စားချင်ပါတယ်ဆိုပြီး ခုမှ မ၀တ်ချင်တော့ဘူးဆိုရင်လည်း မင့်သဘောပဲ”

စောရွှေဗိုလ် ခေတ်စမ်း ဘာသာပြန်ဆိုသည်။

No comments:

Post a Comment