မြန်မာအမည် - ဆင်တုံးမနွယ်
အင်္ဂလိပ်အမည် - THEART LEAVED MOON SEED
ရုက္ခဗေဒအမည် - TINOSPORA CODIFOLIA MIERS
မျိုးရင်း - MENISPERMA CEAE
ဆင်တုံမနွယ် အပင် ပုံသဏ္ဌာန်မှာ အလေ့ကျပေါက်သော အပင်မျိုးဖြစ်ပြီး နွယ်ပင်ဖြစ်သည်။ အခြားသော အပင်ကြီးများကို မှီ၍ ယှဉ်သန်ကြီးထွားသည်။ ပင်စည်မှာ အရည်ရွှမ်းသည်။ ဖော့သားကဲ့သို့ ရှိသည်။ အကိုင်းအခက်များ လေးထောင့် ပုံသဏ္ဌာန်ရှိ၍ မြောင်းပါသည်။ အရွက်များ ပင်စည်မှ ခပ်ကျဲကျဲ ၇ွက်လွှဲ ထွက်သည်။ နှလုံးပုံ အရွက်ဖြစ်ပြီး ရွက်ညှာ ရှည်သည်။ အရွက်ထိပ်ပိုင်း ချွန်၍ သွယ်သည်။ ရွက်ကြောများ ရွက်ညှာထိပ်မှ ဖြာထွက်သည်။အရွက်များမှာ နုစဉ် စိမ်းဝါရောင်ရှိပြီး ရင့်သောအခါ အစိမ်းရင့်ရောင်ပေါ်တွင် အ၀ါပြောက်များ ဖြစ်ပေါ်နေသည်။ ရွက်ပြားထူသည်။ အပေါ် မျက်နှာပြင်ချော၍ အဖောင်းအကြွ ကလေးများ ရှိသည်။ အရွက်အောက်ဘက် မျက်နှာပြင် ကြမ်းသည်။ နှစ်ပင်ပေါင်း လိင်စုံဖြစ်ပြီး အပွင့်မှာ အ၀ါရောင်ဖြစ်၍ သေးငယ်သည်။ အဆစ်များမှ ပန်းခိုင်များထွက်သည်။
ပေါက်ရောက်သည့် ဒေသမှာ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ရေ၊ မြေ၊ ရာသီဥတုမှာ ဆပ်ပြာပေါက်သော မြေမှ လွဲ၍ အခြားမြေ အမျိုးမျိုးတွင် စိုက်ပျိုး ပေါက်ရောက်နိုင်သည်။ ပူအိုက်၍ မိုးရေချိန် ၄၀-လက်မ မှ ၈၀-လက်မနှင့် အထက် မိုးရွာသော ဒေသကို ပို၍ နှစ်သက်သည်။
ပျိုးထောင်နည်းမှာ ၀ါးဆစ်၊ ပလတ်စတစ် အိတ်များအတွင်း နွယ်ပင်ဖြတ်များကို ထိုး၍ ရေလောင်းပေးခြင်းဖြင့် မျိုးပွား ယူရသည်။ အပင်မှ အတက်ကလေးများ မထွက်မီ အရိပ်အောက်တွင် ထားရှိရသည်။
စိုက်ပျိုးနည်းမှာ ပျိုးပင်ငယ်များကို စိုက်ခင်းတွင်ချ၍ စိုက်ရသည်။ ရက်သတ္တ တစ်ပတ်ခန့် အထိ အရိပ်အမိုး ပြုလုပ်ပေးရသည်။ တစ်ပင်နှင့် တစ်ပင် ၅-ပေ ပတ်လည်ခန့်ခြား၍ စိုက်သင့်သည်။ စိုက်ခင်းတွင် နွယ်တက်စင်များ ပြုလုပ်ပေးရသည်။ အပင်ကြီးများတွင် မှီတွယ်စေ၍လည်း စိုက်ပျိုးနိုင်သည်။ စိုက်ခင်းအတွင်း သဘာဝ မြေသြဇာများ ထည်သွင်းပေးခြင်းဖြင့် လုံလောက်သည်။ အကိုင်းများ ဖြတ်တောက်၍ မျိုးပွားယူရသည်။ မိုးရေဖြင့်ပင် အောင်မြင်စွာ စိုက်ပျိုးနိုင်သည်။ လိုအပ်သည့်အခါ ရေးလောင်ေးပးရမသည်။
ဆွတ်ခူးနည်းမှာ တစ်နှစ်သား၊ သို့မဟုတ် နှစ်နှစ်သားခန့် ရှိသောအခါ ဆင်တုံးမနွယ်များကို ဖြတ်ယူရသည်။ ၎င်းဖြတ်ယူရရှိသော နွယ်များကို ခပ်ပါးပါး စဉ်းဖြတ်၍ နေရောင်ဖြင့် အခြောက်လှန်းပြီး ကောင်းစွာ ခြောက်သွေ့သွားပါက သိုလှောင်ထားနိုင်သည်။
အသုံးပြုနည်းမှာ ဆင်တုံးမနွယ် ပဉ္စငါးပါး၊ (၁) ၎င်းမှာ ပူ၊ စပ်၊ ခါးဖြစ်၍ အဖျားဖြတ်ဆေး၊ အစာကြေဆေး၊ လေနိုင်ဆေး၊ ဆီးဆေးနှင့် အသက်ရှည် ဆေးများတွင် အများအားဖြင့် အသုံးပြုကြသည်။
(၂) ဆင်တုံးမနွယ် တစ်ပိသာကို ဆားငါးဆယ်သားဖြင့် ရေမြုပ်ရုံထည့်ပြီး ရေခန်းသည် အထိပြုတ်၍ အခြောက်လှန်းကာ အမူန့်ထောင်းရသည်။ ယင်းကို ပျားရည်နှင့် တေ၍ နေ့စဉ် စားသုံးပါက အစာကြေပြီး ရုပ်နုပျိုသဖြင့် အသက်ရှည်ဆေး တစ်မျိုးအဖြစ် စားသုံးကြသည်။
(၃) ဆင်တုံးမနွယ်ကို နုပ်နုပ်စဉ်း၍ ရေနှင့် အထပ်ထပ် ကျိုချက်ပြီး ညောင်စေးကျသည် အထိ ချက်ပါက တာရှည်ခံသည်။ ယင်းကို အစာမကြေ ရော၈ါ၊ ဆီးရောဂါ၊ မီးယပ်ထိန်သည့် ရောဂါ၊ လေရောဂါများအတွက် အခြားဆေးဖက်များနှင့် ရော၍ သုံးစွဲရသည်။
(၄) ၎င်းကို သုံးခွက် တစ်ခွက်တင်ကျို၍ သောက်ပါက အဆိပ်များ ပြေပျောက်သည်။
(၅) ၎င်းကို မြင်းခွာရွက်နှင့် ရောပြီးပြုတ်၍ သောက်သော် နှလုံးတုန်ခြင်း၊ စိတ်ချောက်ချားခြင်း ပျောက်သည်။
(၆) ဆင်တုံးမနွယ် လက်လေးသစ်ကို ပါးပါးလှီး၍ မကြာခဏ စားသုံးပေးပါက သွေးမှန်ရောဂါ ပျောက်၏။
(၇) ၎င်းအရွက်ကို လောက်သေရွက်၊ ဥနှဲရွက်၊ သင်္ဘော၊ မဲဇာလီရွက်၊ ကုန်းထိကရုံး ရွက်တို့နှင့် ညီတူမျှတူ စပ်၍ လက်ဖက်ရည်ကြမ်းကဲ့သို့ သောက်ပါက အသက်ရှည်၍ အနာရောဂါ ကင်းစေနိုင်သည်။
(၈) ဆင်တုံမနွယ်ကို အရည်ညှဏ်၍ ကြက်သီးနွေးမျှ ပြုတ်ပြီးနား၌ ဆေးကြောပေးပါက နားကိုက်၊ နားအူ ရောဂါများ ပျောက်၏။
(၉)) ကျွဲ၊ နွား။ ဆင်၊ မြင်းတို့ကို ရောဂါ အမျိုးမျိုးမှ ကင်းဝေးရန်အတွက် ဆင်တုံးမနွယ်ကိုစဉ်း၍ အစာတွင်ထည့်၍ ကျွေးပါက ၀မ်းလေကောင်းပြီး ရောဂါကင်း၍ ၀ဖြိုးစေသည်။
(၁၀) ဆင်တုံးမနွယ်ကို သုံးခွက် တစ်ခွက်တင် ကြို၍ သကြားဖြင့် ရောစပ်သောက်ပါက လေရောဂါ၊ အစာမကြေ ရောဂါများ ပျောက်၏။

Saturday, 30 October 2010
ဆင်တုံးမနွယ်
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment