ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 29 March 2011

၁၀။ ဒုပ္ပဋိဝိနောဒယသုတ်


ရဟန်းတို့ ! ဖြစ်ပေါ်လာသည့် ဆိုလတံ့သော တရား ၅-မျိုးကို ပယ်ဖျောက်နိုင်ခဲသည်။

ယင်း ၅-မျိုးမှာ - ဖြစ်ပေါ်လာသည့် -

၁။ ရာဂ၊

၂။ ဒေါသ၊

၃။ မောဟ၊

၎။ ထင်မြင် ယူဆချက်ကို ပြောပြလိုသည့် ဆန္ဒ၊

၅။ ခရီးသွားလိုစိတ် - ကို ပယ်ဖျောက်နိုင်ခဲလှသည်။

ဆောင် - ဖြစ်ပေါ်လာကြ၊ ရာဂ ဒေါသာ၊ မောဟာ ဆန္ဒ၊ ခရီးသွားစိတ်၊ ဖိနှိပ်၊ ဖျောက်ဖျက်၊ အလွန် ခက်၏။

ဒသမသုတ် ပြီး၏။

ရှေးဦးစွာသော သဒ္ဓမ္မ၀ဂ် ပြီးပြီ။

၉။ ဥဒါယီသုတ်


ဤသို့ အကျွန်ုပ် ကြားနာခဲ့ရပါသည်။

မြတ်စွာဘုရား ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဥဒါယီသည် လူပရိသတ်များစွာခြံရံ၍ တရားဟောနေသည်၊ အရှင်အာနန္ဒာသည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားသည်။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူပါသည် -

“အာနန္ဒာ !

သူတပါးတို့အား တရားဟောရန် မလွယ်ကူ၊ သူတပါးတို့အား တရားဟောလိုသူသည် တရား ၅-မျိုးတို့ကို မိမိသန္တာန်၌ ဖြစ်စေ၍ ဟောကြားရမည်။

ယင်း ၅-မျိုးမှာ -

၁။ အစဉ်တကျ ဟောမည်ဟု လည်းကောင်း -

၂။ ကျိုးကြောင်းပြလျက် ဟောမည်ဟု လည်းကောင်း -

၃။ သနားကရုဏာစိတ်ဖြင့် ဟောမည်ဟု လည်းကောင်း -

၎။ လာဘ်ကို မငဲ့သော စိတ်ထားဖြင့် ဟောမည်ဟု လည်းကောင်း -

၅။ မိမိ, သူတပါး နှစ်ဦးသားကို မထိပါး မပုတ်ခတ်ဘဲ ဟောမည်ဟု လည်းကောင်း -

ဆောင် - အစဉ်တကျ၊ ကျိုးကြောင်းပြကာ၊ ကရုဏာထား၊ လာဘ်များ မကြိုက်၊ မထိခိုက်ဘဲ၊ စိတ်မှာ စွဲ၊ ဟောမြဲ တရားကို။

အစဉ်တကျ တရားဟူသည်မှာ - ဒါနကထာ, သီလကထာ, မဂ္ဂကထာ, ကာမာနံ အာဒီန၀ကထာ, နေက္ခမ္မေ အာနိသံသကထာ တို့ဖြစ်သည်။


ဆောင် - ဒါ, သီ, သဂ်, မဂ်၊ ကာ, နေက် စွက်၊ ခြောက်ချက် တရားစဉ်။

န၀မသုတ် ပြီး၏။

၈။ သာရဇ္ဇသုတ်


ရဟန်းတို့ !

ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် ကြောက်ရွံ့ရသည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ သဒ္ဓါတရား မရှိ။

၂။ သီလ မရှိ။

၃။ ဗဟုသုတ မရှိ။

၎။ ပျင်းရိသည်။

၅။ ပညာမရှိ။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် ရဲရင့်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ သဒ္ဓါတရား ရှိသည်။

၂။ သီလ ရှိသည်။

၃။ ဗဟုသုတ ရှိသည်။

၎။ ထက်သန်သော ၀ီရိယရှိသည်။

၅။ ပညာရှိသည်။

ဆောင် - သဒ္ဓါ, သီလ၊ သုတ, ၀ီရိ၊ နောက်သိ ပညာ၊ ငါးဖြာချို့က၊ ကြောက်ရွံ့ရ၊ ပြည့်ဝစုံလင့် လွန်ရဲရင့်။

အဋ္ဌမသုတ် ပြီး၏။

Monday 28 March 2011

၇။ ဒုက္ကထာသုတ်


ရဟန်းတို့ ! ပုဂ္ဂိုလ်မျိုးအစားကို လိုက်၍ မကောင်းသော စကားဖြစ်ပုံ ၅-မျိုးမှာ -

၁။ သဒ္ဓါတရားနှင့်စပ်သော စကားသည် သဒ္ဓါမရှိသူအတွက်

မကောင်းသော စကားဖြစ်သည်။


၂။ သီလနှင့်စပ်သော စကားသည် သီလမရှိသူအတွက်

မကောင်းသော စကားဖြစ်သည်။


၃။ ဗဟုသုတနှင့် စပ်သော စကားသည် ဗဟုသုတမရှိသူအတွက်

မကောင်းသော စကားဖြစ်သည်။


၎။ စွန့်ကြဲမူနှင့် စပ်သော စကားသည် နှမြောတွန့်တိုသူအတွက်

မကောင်းသော စကားဖြစ်သည်။


၅။ ပညာနှင့်စပ်သော စကားသည် ပညာမရှိသူအတွက်

မကောင်းသော စကားဖြစ်သည်။


ယင်းသို့ ဖြစ်ရအကြောင်းများ -

၁။ သဒ္ဓါတရားနှင့် စပ်သော စကားကို ပြောဆိုသည်ရှိသော်

သဒ္ဓါတရား မရှိသူသည် -

သူ့မှာ သဒ္ဓါအခံမရှိသဖြင့် သဒ္ဓါနှင့်စပ်သော နှစ်သက်ဝမ်းမြောက်မူကို မရနိုင်။

သို့ဖြစ်၍ ဒေါသဖြင့် ငြိတွယ်သည်၊ အမျက်ထွက်သည်၊ ဖောက်ပြန်သည်၊ ကြမ်းတမ်းခက်ထန်သည်၊ အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း, မနှစ်သက်ခြင်းကို ထင်ရှားပြုသည်၊ ထို့ကြောင့် မကောင်းသော စကားဖြစ်သည်။

ထို့အတူ -

၂။ သီလနှင့် စပ်သော စကားသည် သီလမရှိသူအတွက်

၃။ ဗဟုသုတနှင့်စပ်သော စကားသည် ဗဟုသုတ မရှိသူအတွက်

၎။ စွန့်ကြဲမူနှင့်စပ်သော စကားသည် စွန့်ကြဲမူ မရှိသူအတွက်

၅။ ပညာနှင့်စပ်သော စကားသည် ပညာမရှိသူအတွက်

မကောင်းသော စကား ဖြစ်သည်။

အကြောင်းမှာ -

အဆိုပါ စကားများ ပြောဆိုခံရရာ၌ သူတို့မှာ -

သီလ, ဗဟုသုတ, စွန့်ကြဲမူ, ပညာအခံများ မရှိကြသဖြင့် အဆိုပါ သီလ စသည်နှင့် စပ်သော နှစ်သက်ဝမ်းမြောက်မူကို မရနိုင်။

သို့ဖြစ်၍ ဒေါသဖြင့် ငြိတွယ်သည်၊ အမျက်ထွက်သည်၊ ဖောက်ပြန်သည်၊ ကြမ်းတမ်းခက်ထန်သည်၊ အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း, မနှစ်သက်ခြင်းကို ထင်ရှားပြုသည်၊ ထို့ကြောင့် အဆိုပါစကားမျာသည် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့မှာ မကောင်းသော စကားဖြစ်သည်။


ကောင်းသောစကားဖြစ်ပုံ ၅-မျိုးမှာ -

၁။ သဒ္ဓါတရားနှင့်စပ်သော စကားသည် သဒ္ဓါရှိသူအတွက်

ကောင်းသော စကားဖြစ်သည်။


၂။ သီလနှင့်စပ်သော စကားသည် သီလရှိသူအတွက်

ကောင်းသော စကားဖြစ်သည်။


၃။ ဗဟုသုတနှင့် စပ်သော စကားသည် ဗဟုသုတရှိသူအတွက်

ကောင်းသော စကားဖြစ်သည်။


၎။ စွန့်ကြဲမူနှင့် စပ်သော စကားသည် စွန့်ကြဲမူရှိသူအတွက်

ကောင်းသော စကားဖြစ်သည်။


၅။ ပညာနှင့်စပ်သော စကားသည် ပညာရှိသူအတွက်

ကောင်းသော စကားဖြစ်သည်။


ယင်းသို့ ဖြစ်ရအကြောင်းများ -

၁။ သဒ္ဓါတရားနှင့် စပ်သော စကားကို ပြောဆိုသည်ရှိသော်

သဒ္ဓါတရား ရှိသူသည် -

သူ့မှာ သဒ္ဓါအခံမရှိသဖြင့် သဒ္ဓါနှင့်စပ်သော နှစ်သက်ဝမ်းမြောက်မူကို ရနိုင်သည်။

သို့ဖြစ်၍ ဒေါသဖြင့် မငြိတွယ်၊ အမျက်မထွက်၊ မဖောက်ပြန်၊ မကြမ်းတမ်း မခက်ထန်၊ အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း, မနှစ်သက်ခြင်းကို ထင်ရှားမပြု၊ ထို့ကြောင့် ကောင်းသော စကားဖြစ်သည်။

ထို့အတူ -

၂။ သီလနှင့် စပ်သော စကားသည် သီလရှိသူအတွက်

၃။ ဗဟုသုတနှင့်စပ်သော စကားသည် ဗဟုသုတ ရှိသူအတွက်

၎။ စွန့်ကြဲမူနှင့်စပ်သော စကားသည် စွန့်ကြဲမူ ရှိသူအတွက်

၅။ ပညာနှင့်စပ်သော စကားသည် ပညာရှိသူအတွက်

ကောင်းသော စကား ဖြစ်သည်။

အကြောင်းမှာ -

အဆိုပါ စကားများ ပြောဆိုခံရရာ၌ သူတို့မှာ -

သီလ, ဗဟုသုတ, စွန့်ကြဲမူ, ပညာအခံများ ရှိကြသဖြင့် အဆိုပါ သီလ စသည်နှင့် စပ်သော နှစ်သက်ဝမ်းမြောက်မူကို ရနိုင်သည်။

သို့ဖြစ်၍ ဒေါသဖြင့် ငြိတွယ်သည်၊ အမျက်မထွက်၊ မဖောက်ပြန်၊ မကြမ်းတမ်း မခက်ထန်၊ အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း, မနှစ်သက်ခြင်းကို ထင်ရှားမပြု၊ ထို့ကြောင့် အဆိုပါစကားမျာသည် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့မှာ ကောင်းသော စကားဖြစ်သည်။

ဆောင် - သဒ္ဓါနှင့် စပ်၊ စကားရပ်သည်၊ ကင်းပြတ် သဒ္ဓါ၊ ဖြစ်သူမှာ၊ ပမာ ခါးစပ်သည်။

သီလနှင့် စပ်၊ စကားရပ်သည်၊ ကင်းပြတ် သီလာ၊ ဖြစ်သူမှာ၊ ပမာ ခါးစပ်သည်။

သုတနှင့် စပ်၊ စကားရပ်သည်၊ ကင်းပြတ် သုတာ၊ ဖြစ်သူမှာ၊ ပမာ ခါးစပ်သည်။

စွန့်ကြဲမူနှင့် စပ်၊ စကားရပ်သည်၊ ကင်းပြတ် စာဂါ၊ ဖြစ်သူမှာ၊ ပမာ ခါးစပ်သည်။

ပညာနှင့် စပ်၊ စကားရပ်သည်၊ ကင်းပြတ် ပညာ၊ ဖြစ်သူမှာ၊ ပမာ ခါးစပ်သည်။


သတ္တမသုတ် ပြီး၏။

Sunday 27 March 2011

၆။ တတိယ သဒ္ဓမ္မသမ္မောသသုတ်


ရဟန်းတို့ ! သူတော်ကောင်းတရားဟူသော သာသနာကွယ်ပျောက်ကြောင်း တရား ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းတို့သည် -

၁။ ပါဠိ, ပုဒ်ဗျည်းတို့ကို မမှန်မကန် သင်ယူထားသဖြင့် ယင်း၏ အနက်သဘောကိုလည်း သိဖို့ မလွယ်ကူချေ။

၂။ အပြောအဆို ခက်ကြောင်း တရားများ လက်ကိုင် ထားသဖြင့် အပြောအဆို ခက်ကြသည်၊ သည်းမခံကြ၊ အဆုံးအမကို ရိုသေစွာ မနာယူကြ။

၃။ ဓမ္မ, ၀ိနယ, ပါတိမောက်ကို ဆောင်ထားကြသည့် ဗဟုသုတရှိကြသော ရဟန်းတို့သည် ပါဠိတော်ကို သူတပါးအား လေးလေးစားစားပို့ချ မပေးကြ၊ ထိုရဟန်းတို့ ကွယ်လွန်သွားသောအခါ ဘုရားဟော ပါဠိတော်လည်း အမြစ်ရင်းပြတ်ပြီး ထောက်တည်ရာ မကျန်တော့။

၎။ မထေရ်ကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် ကျင့်ကြသည်။

သိက္ခာသီလကိုတော့ လျော့ပေါ့စွာ ကျင့်ကြသည်၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏ တရား ၅-ပါးကို ရှေ့တန်း တင်ကြသည်၊ ၀ိဝေက(ဆိတ်ငြိမ်ခြင်း) တရားကို တာဝန်မဲ့ ထားကြသည်၊ မရ မရောက်သေးသည့် ဈာန်, မဂ်, ဖိုလ်ကို ရရောက်ရန်နှင့် မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မကြိုးစားကြ။

ထိုမထေရ်ကြီးတို့၏ နောင်လာနောက်သား ဆရာ, တပည့်စဉ်ဆက်တို့သည်လည်း သူတို့ဆရာများ လမ်းစဉ်အတိုင်း လာဘ်ပေါရန် ဘုန်းကြီးရန် စသည်ဖြင့် အတုလိုက်ကာ ကျင့်ကြသည်။

၅။ သံဃာ ကွဲပြားသည်၊ သံဃာ ကွဲပြားသည်ရှိသော် အချင်းချင်း ဆဲရေးလည်း ဆဲရေးကြ, ခြိမ်းခြောက်လည်း ခြိမ်းခြောက်ကြ, ပစ်ပယ်လည်း ပစ်ပယ်ကြ, စွန့်လည်း စွန့်ကြသည်၊ ထိုသံဃာကွဲပြားခြင်းကြောင့် မကြည်ညိုသေးသူတို့လည်း ကြည်ညိုမလာကုန်၊ ကြည်ညိုပြီးသူ အချို့တို့လည်း အကြည်ညိုပျက်ကြသည်။


သာသနာတည်တံ့ကြောင်း တရား ၅-မျိုး ဟူသည်မှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ပါဠိ, ပုဒ်ဗျည်းတို့ကို မမှန်မကန် သင်ယူထားသဖြင့် ယင်း၏ အနက်သဘောကိုလည်း သိဖို့ လွယ်ကူသည်။

၂။ အပြောအဆို ခက်ကြောင်း တရားများ လက်ကိုင် ထားသဖြင့် အပြောအဆို ခက်ကြသည်၊ သည်းမခံကြ၊ အဆုံးအမကို ရိုသေစွာ နာယူကြသည်။

၃။ ဓမ္မ, ၀ိနယ, ပါတိမောက်ကို ဆောင်ထားကြသည့် ဗဟုသုတရှိကြသော ရဟန်းတို့သည် ပါဠိတော်ကို သူတပါးအား လေးလေးစားစားပို့ချ မပေးကြ၊ ထိုရဟန်းတို့ ကွယ်လွန်သွားသောအခါ ဘုရားဟော ပါဠိတော်လည်း အမြစ်ရင်းပြတ်ပြီး ထောက်တည်ရာ ရှိသည်။

၎။ မထေရ်ကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် မကျင့်ကြ။

သိက္ခာသီလကိုတော့ လျော့ပေါ့စွာ ကျင့်ကြသည်၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏ တရား ၅-ပါးကို ရှေ့တန်း တင်ကြသည်၊ ၀ိဝေက(ဆိတ်ငြိမ်ခြင်း) တရားကို တာဝန်မဲ့ ထားကြသည်၊ မရ မရောက်သေးသည့် ဈာန်, မဂ်, ဖိုလ်ကို ရရောက်ရန်နှင့် မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစားကြသည်။

ထိုမထေရ်ကြီးတို့၏ နောင်လာနောက်သား ဆရာ, တပည့်စဉ်ဆက်တို့သည်လည်း သူတို့ဆရာများ လမ်းစဉ်အတိုင် အတုလိုက်ကာ လိုက်နာ ကျင့်ကြံကြသည်။

၅။ သံဃာသည် အညီအညွတ် ၀မ်းမြောက်ဝမ်းသာ ငြင်းခုံခိုက်ရန်မရှိဘဲ ပါတိမောက်အတူပြလျက် ချမ်းသာစွာ နေသည်၊ သံဃာညီညွတ်သည်ရှိသော် အချင်းချင်း ဆဲရေးလည်း မဆဲရေးကြ၊ ခြိမ်းခြောက်လည်း မခြိမ်းခြောက်ကြ၊ ပစ်ပယ်လည်း မပစ်ပယ်ကြ၊ စွန့်လည်း မစွန့်ကြ၊ ထိုသံဃာ ညီညွတ်ခြင်းကြောင့် မကြည်ညိုသေးသူတို့လည်း ကြည်ညိုကြသည်။ ကြည်ညိုပြီးသူတို့လည်း အကြည်ညို တိုးပွါးရန် ဖြစ်သည်။

ဆောင် - ၀ါ တစ်နည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဒုဗ္ဗစ မူ၊ စာချသူ ရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ကွဲပြား၊ ဤ ၅-ပါးသည်၊ ဘုရားသာသနာ ကွယ်ကြောင်းတည်း။ (၀ိသုဒ္ဓါရုံ)

ဆဋ္ဌသုတ် ပြီး၏။

၅။ ဒုတိယ သဒ္ဓမ္မသမ္မောသသုတ်


ရဟန်းတို့ ! သာသနာကွယ်ပျောက်ကြောင်း တရား ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းတို့သည် -

၁။ သုတ်, ဂေယျ, ဝေယျာကရိုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ-ဟု အင်္ဂါ ၉-တန် ရှိသော တရားတော်ကို မသင်ယူကြ။

၂။ နာယူပြီး သင်ပြီးသော တရားကို အကျယ်အားဖြင့် သူတပါးတို့အား မဟောကြားကြ။

၃။ နာယူပြီး သင်ယူပြီးသော တရားကို အကျယ်အားဖြင့် သူတပါးကို မပို့ချကြ။

၎။ နာယူပြီး သင်ယူပြီးသော တရားကို အကျယ်အားဖြင့် မရွတ်အံ မသရဇ္ဈာယ်ကြ။

၅။ နာယူပြီး သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန် မကြံစည်, မသုံးသပ်, မဆင်ခြင်ကြ။


သာသနာတည်တံ့ကြောင်း တရား ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းတို့သည် -

၁။ သုတ်, ဂေယျ, ဝေယျာကရိုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ-ဟု အင်္ဂါ ၉-တန် ရှိသော တရားတော်ကို သင်ယူကြသည်။

၂။ နာယူပြီး သင်ပြီးသော တရားကို အကျယ်အားဖြင့် သူတပါးတို့အား ဟောကြားကြသည်။

၃။ နာယူပြီး သင်ယူပြီးသော တရားကို အကျယ်အားဖြင့် သူတပါးကို ပို့ချကြသည်။

၎။ နာယူပြီး သင်ယူပြီးသော တရားကို အကျယ်အားဖြင့် မရွတ်အံ သရဇ္ဈာယ်ကြသည်။

၅။ နာယူပြီး သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည်, သုံးသပ်, ဆင်ခြင်ကြသည်။

ဆောင် - ထ၀ါ ထို့ပြင်၊ စာသင် ပယ်လျော၊ ကျယ် မဟောကြ၊ ကျယ် မချနှင့် ကျယ်စွာ့ မအံ၊ မကြံမစည်၊ ဤ ၅-မည်တည်း။ (၀ိသုဒ္ဓါရုံ)

ပဉ္စမသုတ် ပြီး၏။

၎။ ပထမ သဒ္ဓမ္မသမ္မောသသုတ်


ရဟန်းတို့ ! သူတော်ကောင်းတရားဟူသော သာသနာကွယ်ပျောက်ကြောင်း တရား ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းတို့သည် -

၁။ တရားကို ရိုသေစွာ မနာကြ။

၂။ တရားကို ရိုသေစွာ မသင်ကြ။

၃။ တရားကို ရိုသေစွာ မဆောင်ကြ။

၎။ ဆောင်ထားသော တရားတို့၏ အနက်အဓိပ္ပါယ်များကို ရိုသေစွာ ဉာဏ်ဖြင့် မစူးစမ်း မဆင်ခြင်ကြ။

၅။ အနက်သဘော, တရားသဘောကို သိ၍ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ရိုသေစွာ မကျင့်ကြ။


သာသနာတည်တံ့ကြောင်း တရား ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းတို့သည် -

၁။ တရားကို ရိုသေစွာ နာကြသည်။

၂။ တရားကို ရိုသေစွာ သင်ကြသည်။

၃။ တရားကို ရိုသေစွာ ဆောင်ကြသည်။

၎။ ဆောင်ထားသော တရားတို့၏ အနက်အဓိပ္ပါယ်များကို ရိုသေစွာ ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်ကြသည်။

၅။ အနက်သဘော, တရားသဘောကို သိ၍ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ရိုသေစွာ ကျင့်ကြသည်။

ဆောင် - အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊ ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နူတ်တွင် မဆောင်၊ သိအောင် မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊ ဤ ၅-ဖြာတည်း။ (၀ိသုဒ္ဓါရုံ)

စတုတ္ထသုတ် ပြီး၏။

၃။ တတိယ သမ္မတ္တနိယာမသုတ်



ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာရသော်လည်း အရိယာမဂ်သို့ သက်ဝင်ရန် မထိုက်တန်။

ယင်း ၅-မျိုးမှာ -

၁။ သူ့ဂုဏ်ကို ချေဖျက်လိုစိတ်ဖြင့် တရားနာသည်။

၂။ အပြစ်တင်လိုသော စိတ်ဖြင့် တရားဟောသူ၌ အပြစ်ရှာလျက် တရားနာသည်။

၃။ တရားဟောသူအပေါ် ထိပါး ပုတ်ခတ်ခိုစိတ်ရှိသည်၊ ဆူးငြောင့်သဘောရှိသည်။

၎။ ပညာ မရှိ၊ မိုက်မဲသည်၊ ဆွံ့အသည်။

၅။ မိမိ မသိသော အရာ၌ သိသည်ဟု မှတ်ထင်လေ့ရှိသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို နာရသည်ရှိသော် အရိယာမဂ်သို့ သက်ဝင်ရန် ထိုက်တန်သည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့ဂုဏ်ကို ချေဖျက်လိုစိတ်မရှိဘဲ တရားနာသည်။

၂။ အပြစ်တင်လိုစ်တ် မရှိသည်ဖြစ်၍ တရားဟောသူ၌ အပြစ်မရှာဘဲ တရားနာသည်။

၃။ တရားဟောသူအပေါ် ထိပါး ပုတ်ခတ်လိုစိတ် မရှိ၊ ဆူးငြောင့် သဘော မရှိ။

၎။ ပညာရှိသည်၊ မမိုက်မဲ၊ မဆွံ့အ။

၅။ မိမိ မသိသော အရာ၌ သိသည်ဟု မှတ်ထင်လေ့ မရှိ။

ဆောင် - သူ့ဂုဏ် ဖျက်လို၊ ပြစ်တင်လိုနှင့်၊ သူ့ကို ပုတ်ခတ်၊ ကင်းပြန် ပညာ၊ မသိရာတွင်၊ သိသည်ထင်၊ မှန်ပင် မဂ်ဖိုလ် မရောက်နိုင်။

တတိယသုတ် ပြီး၏။

၂။ ဒုတိယ သမ္မတ္တနိယာမသုတ်



ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာရသော်လည်း အရိယာမဂ်သို့ သက်ဝင်ရန် မထိုက်တန်။



ယင်း ၅-မျိုးမှာ -



၁။ ဟောကြားသောတရားကို မထိလေးစား ပြုသည်။



၂။ တရားဟော ပုဂ္ဂိုလ်ကို မထီလေးစား ပြုသည်။



၃။ မိမိကိုယ်ကို မထီလေးစား ပြုသည်။



၎။ ပညာ မရှိ၊ မိုက်မဲသည်၊ ဆွံ့အသည်။



၅။ မိမိ မသိသော အရာ၌ သိသည်ဟု မှတ်ထင်လေ့ရှိသည်။





ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာရသည်ရှိသော် အရိယာမဂ်သို့ သက်ဝင်ရန် ထိုက်တန်သည်။



ယင်း ၅-မျိုးမှာ -



၁။ ဟောကြားသောတရားကို မထိလေးစား မပြု။



၂။ တရားဟော ပုဂ္ဂိုလ်ကို မထီလေးစား မပြု။



၃။ မိမိကိုယ်ကို မထီလေးစား မပြု။



၎။ ပညာ မရှိ၊ မမိုက်မဲ၊ မဆွံ့အ။



၅။ မိမိ မသိသော အရာ၌ သိသည်ဟု မှတ်ထင်လေ့ မရှိ။



ဆောင်

- ဟောသော တရား၊ ဟောကြား ပုဂ္ဂိုလ်၊ မိမိကိုယ်လျှင်၊ အထင်သေးကာ၊ ပညာမရှိ၊ မသိဘဲလျှင်၊ သိသည်ထင်၊ မှန်ပင် မဂ်ဖိုလ်မရောက်နိုင်။



ဒုတိယသုတ် ပြီး၏။

၎။ စတုတ္ထ သုတ် -၅၀


၁၆။ သဒ္ဓမ္မ၀ဂ် (သူတော်ကောင်းတရားနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)

၁။ ပထမ သမ္မတ္တနိယာမသုတ်

ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာရသော်လည်း အရိယာမဂ်သို့ သက်ဝင်ရန် မထိုက်တန်။

ယင်း ၅-မျိုးမှာ -

၁။ ဟောကြားသောတရားကို မထီလေးစား ပြုသည်။

၂။ တရားဟော ပုဂ္ဂိုလ်ကို မထီလေးစား ပြုသည်။

၃။ မိမိကိုယ်ကို မထီလေးစား ပြုသည်။

၎။ စိတ်ပျံ့လွင့်သည်ဖြစ်၍ စိတ်မတည်ငြိမ်ဘဲ တရားနာသည်။

၅။ မသင့်မတင့်လည်း နှလုံးသွင်းသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကိုနာရသည် ရှိသော် အရိယာမဂ်သို့ သက်ဝင်ရန် ထိုက်တန်သည်။

ယင်း ၅-မျိုးမှာ -

၁။ ဟောကြားသောတရားကို မထီလေးစား မပြု။

၂။ တရားဟော ပုဂ္ဂိုလ်ကို မထီလေးစား မပြု။

၃။ မိမိကိုယ်ကို မထီလေးစား မပြု။

၎။ စိတ်ပျံ့လွင့်သည်ဖြစ်၍ စိတ်တည်ငြိမ်စွာ တရားနာသည်။

၅။ သင့်သောအားဖြင့်လည်း နှလုံးသွင်းသည်။


ဆောင် - ဟောသော တရား၊ ဟောကြား ပုဂ္ဂိုလ်၊ မိမိကိုယ်လျှင်၊ အထင်သေးငြား၊ စိတ်ထား ပျံ့လွင့်၊ မသင့် နှလုံးသွင်း၊ နာယူလျှင်၊ မယွင်းမဂ်သို့ မရောက်နိုင်။

မှတ်ချက် - အရိယာမဂ်သည် ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောလည်းရှိသည်, အကျိုးရဖို့လည်း သေချာသည်။

ပထမသုတ် ပြီး၏။

Thursday 24 March 2011

၁၀။ ဒုတိယ သမယ၀ိမုတ္တသုတ်


ရဟန်းတို့ ! ၀င်စားချိန်လောက်သာ ကိလေသာမှ လွတ်မြောက်စေနိုင်သည့် လာကီသမာပတ်ရ ရဟန်းအတွက် ဆုတ်ယုတ်ကြောင်း တရား ၅-မျိုးမှာ -



၁။ လုပ်ငန်းသစ်၌ ပျော်ပိုက်ခြင်း၊ (လုပ်ငန်းသစ်များဖြင့် အချိန်ဖြုန်းနေခြင်း)။



၂။ စကားပြောခြင်း၌ အချိန်ဖြုန်းနေခြင်း၊ (စကားပြောခြင်းဖြင့် အချိန်ဖြုန်းနေခြင်း)။



၃။ အိပ်ခြင်း၌ ပျော်ပိုက်ခြင်း၊ (အိပ်ခြင်းဖြင့် အချိန်ဖြုန်းနေခြင်း)။



၎။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် ဟူသော ဣနြေ္ဒတံခါးပေါက်တို့၌ လုံခြုံအောင် မစောင့်ထိန်းခြင်း။



၅။ ဘောဇဉ်စသော ပစ္စည်း ၄-ပါး၌ မမာဏကို သိအောင် မကျင့်ခြင်း တို့ဖြစ်သည်။





အဆိုပါ ရဟန်းအတွက် မဆုတ်ယုတ်ကြောင်း တရား ၅-မျိုးမှာ -



၁။ လုပ်ငန်းသစ်၌ မပျော်ပိုက်ခြင်း၊ (လုပ်ငန်းသစ်များဖြင့် အချိန်ဖြုန်း မနေခြင်း)။



၂။ စကားပြောခြင်း၌ အချိန်မဖြုန်းနေခြင်း၊ (စကားပြောခြင်းဖြင့် အချိန်ဖြုန်း မနေခြင်း)။



၃။ အိပ်ခြင်း၌ မပျော်ပိုက်ခြင်း၊ (အိပ်ခြင်းဖြင့် အချိန်ဖြုန်း မနေခြင်း)။



၎။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် ဟူသော ဣနြေ္ဒတံခါးပေါက်တို့၌ လုံခြုံအောင် စောင့်ထိန်းခြင်း။



၅။ ဘောဇဉ်စသော ပစ္စည်း ၄-ပါး၌ မမာဏကို သိအောင် ကျင့်ခြင်း တို့ဖြစ်သည်။



ဆောင် - အလုပ်, စကား၊ အိပ်ခြင်းများ တွင်၊ ပျော်မွေ့ခင်၊ သူ့တွင် ဆုတ်ယုတ်ကြောင်း။



မစောင့် ဣနြေ္ဒ၊ ဘောဇနေ၊ တိုင်းရှည် မသိ ဆုတ်ယုတ်ကြောင်း။




ဒသမသုတ် ပြီး၏။



၅-ခုမြောက်သော တိကဏ္ဍကီဝဂ် ပြီးပြီ။



တတိယ သုတ် ၅၀- ပြီးပြီ။

၉။ ပထမ သမယ၀ိမုတ္တသုတ်


ရဟန်းတို့ ! ၀င်စားချိန်လောက်သာ ကိလေသာမှ လွတ်မြောက်စေနိုင်သည့် လောကီသမာပတ်ရ ရဟန်းအတွက် ဆုတ်ယုတ်ကြောင်း တရား ၅-မျိုးမှာ -



၁။ လုပ်ငန်းသစ်၌ ပျော်ပိုက်ခြင်း (လုပ်ငန်းသစ်များဖြင့် အချိန်ဖြုန်း နေခြင်း)



၂။ စကားပြောခြင်း၌ ပျော်ပိုက်ခြင်း (စကားပြောခြင်းဖြင့် အချိန် ဖြုန်းနေခြင်း)



၃။ အိပ်ခြင်း၌ ပျော်ပိုက်ခြင်း (အိပ်ခြင်းဖြင့် အချိန်ဖြုန်းနေခြင်း)



၎။ အပေါင်းအဖော်၌ ပျော်ပိုက်ခြင်း (အပေါင်းအသင်းဖြင့် အချိန် ဖြုန်းနေခြင်း)



၅။ ကိလေသာမှ လွတ်မြောက်ခဲ့ဖူးသော စိတ်ကို မဆင်ခြင်ခြင်း (ဆင်ခြင်ပြီး အထက်တက်ဖို့ မကြိုးစားခြင်း) တို့ဖြစ်သည်။





မဆုတ်ယုတ်ကြောင်း



အဆိုပါ ရဟန်းအတွက် မဆုတ်ယုတ်ကြောင်း တရား ၅-မျိုးမှာ -



၁။ လုပ်ငန်းသစ်၌ မပျော်ပိုက်ခြင်း (လုပ်ငန်းသစ်များဖြင့် အချိန်ဖြုန်း မနေခြင်း)



၂။ စကားပြောခြင်း၌ မပျော်ပိုက်ခြင်း (စကားပြောခြင်းဖြင့် အချိန်ဖြုန်း မနေခြင်း)



၃။ အိပ်ခြင်း၌ မပျော်ပိုက်ခြင်း (အိပ်ခြင်းဖြင့် အချိန်ဖြုန်း မနေခြင်း)



၎။ အပေါင်းအဖော်၌ မပျော်ပိုက်ခြင်း (အပေါင်းအသင်းဖြင့် အချိန်ဖြုန်း မနေခြင်း)



၅။ ကိလသာမှ လွတ်မြောက်ခဲ့ဖူးသော စိတ်ကို ဆင်ခြင်ခြင်း (ဆင်ခြင်ပြီး အထက်တက်ဖို့ ကြိုးစားခြင်း) တို့ဖြစ်သည်။



ဆောင် - ကံ, ဘသ်, နိဒ်, သင်၊ ပျော်မွေ့ခင်၊ ဆင်ခြင်မပြု၊ ဤငါးခု၊ မှတ်ရူ ဆုတ်ယုတ်ကြောင်း။



(ကမ္မာရာမတာ၊ ဘဿာရာမတာ၊ နိဒ္ဒါရာမတာ၊ သင်္ဂဏိကာရာမတာ- တာ ၄ခု)



အလုပ်, စကား၊ အိပ်, ပေါင်းများတွင်၊ ပျော်မွေ့ခင်မင်၊ ဆင်ခြင်မပြု၊ ဤငါးခု၊ မှတ်ရူ ဆုတ်ယုတ်ကြောင်း။




န၀မသုတ် ပြီး၏။

၈။ သပ္ပုရိသဒါနသုတ်


ရဟန်းတို့ ! သူတော်ကောင်းတို့၏ ပေးလှူပုံ ၅-မျိုးမှာ -



အလှူကို ပေးလှူရာ၌ -



၁။ သဒ္ဓါ(ယုံကြည်သ)ဖြင့် ပေးလှူသည်။



၂။ ရိုသေစွာ ပေးလှူသည်။



၃။ အခွင့်သင့်သောအခါ၌ ပေးလှူသည်။



၎။ လှူဖွယ်ဝတ္ထု၌ မကပ်ငြိမတွယ်တာသောစိတ်ဖြင့် ပေးလှူသည်။



၅။ မိမိကိုယ်ကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း မထိပါးမူ၍ ပေးလှူသည်။



ပေးလှူခြင်းကြောင့် အလှူ၏ အကျိုးဖြစ်ထွန်းရာ ထိုထိုဘုံဘ၀၌ ကြွယ်ဝသည်၊ ချမ်းသာသည်၊ ဥစ္စာများစွာရှိသည်၊ အသုံးအဆောင်များပြားသည်။



ဤအကျိုးများအပြင် -



၁။ နံပါတ်(၁)နှင့် အညီ ပေးလှူသောကြောင့် -



အတော့်ကို လှသည်၊ ကြည့်လို့ ကောင်းသည်၊ စိတ်ကြည်နူးဖွယ် ကောင်းသည်၊ လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံသည်။





၂။ နံပါတ်(၂)နှင့် အညီ ပေးလှူသောကြောင့် -



သူများအပေါ်မှာ သြဇာအာဏာညောင်းသည်၊ ထိုအလှူရှင်၏ သား, သမီး, မယား, ကျွန်အစေခံ, အမူလုပ်တို့သည်လည်း စကားကို နာခံကြသည်၊ နားထောင်ကြသည်၊ သိလိုစိတ် ထားကြသည်။





၃။ နံပါတ်(၃)နှင့် အညီ ပေးလှူသောကြောင့် -



အလှူရှင် အလိုရှိသောအခါ လိုတိုင်း ရ တတိုင်း ပြည့် အကျိုးများရသည်၊ ပေါပေါ များများလည်း ရသည်။





၎။ နံပါတ်(၄)နှင့် အညီ ပေးလှူသောကြောင့် -



မွန်မြတ်ကုန်သော ကာမဂုဏ် ၅-ပါးတို့၌ သုံးဆောင်ခံစားရန် စိတ်ညွတ်သည်၊ သုံးဆောင်လိုစိတ် ရှိသည်။





၅။ နံပါတ်(၅)နှင့် အညီ ပေးလှူသောကြောင့် -



ရေ, မီး, မင်း, ခိုးသူ, မချစ် မနှစ်သက်ဖွယ် အမွေခံဆိုး - တို့တွင် မည်သည့်အကြောင်းကြောင့်မျှ စည်းစိမ်ဥစ္စာများ မပျက်စီး မဆုံးရူံး။



ဆောင် - ရိုသေ, သဒ္ဓါ, အခါကို သိ၊ မကပ်ငြိမဘဲ၊ မထိမပါး၊ လှူတုံငြား၊ ငါးပါး သပ္ပုရိသဒါန။



အဋ္ဌမသုတ် ပြီး၏။

၇။ အသပ္ပုရိသဒါနသုတ်


ရဟန်းတို့ ! သူတော်မဟုတ်သူတို့၏ ပေးလှူပုံ ၅-မျိုးမှာ -



၁။ မရိုမသေ ပေးလှူသည်။

(လှူဖွယ် ၀တ္ထုကို ကောင်းမွန်သန့်ရှင်း အပြစ်ကင်းအောင် မပြုလုပ်ဘဲ ၀ါ-အလှူခံကို ရိုသေသမူ ကောင်းစွာ မပြုဘဲ ပေးလှူသည်။)



၂။ မလေးမစား ပေးလှူသည်။

(လှူဖွယ်ဝတ္ထုနှင့် အလှူခံတို့၌ လေးစားသမူ စိတ်၌ မပြုဘဲ ၀ါ-ချီးမွမ်း အံ့သြဖွယ်ဖြစ်အောင် မပြုလုပ်ဘဲ ပေးလှူသည်။)



၃။ မိမိလက်ဖြင့် ကိုယ်တိုင် မပေးလှူ။



၎။ စွန့်ပစ်သကဲ့သို့ ပေးလှူသည်။



၅။ ဒါန၏ အကျိုးသက်ရောက်လိမ့်မည်ဟု အယူမရှိဘဲ ပေးလှူသည်။ (အကျိုးကို မယုံကြည်ဘဲ ပေးလှူသည်။)





သူတော်ကောင်းတို့၏ ပေးလှူပုံ ၅-မျိုးမှာ -



၁။ ရိုသေစွာ ပေးလှူသည်။



၂။ လေးလေးစားစား ပေးလှူသည်။



၃။ မိမိလက်ဖြင့် ကိုယ်တိုင် ပေးလှူသည်။



၎။ စွန့်ပစ်သကဲ့သို့ မပေးလှူ။



၅။ အကျိုးသက်ရောက်လိမ့်မည်ဟု အယူရှိလျက် ပေးလှူသည်။ (အကျိုးကို ယုံကြည်၍ ပေးလှူသည်)



ဆောင် - မရိုသေငြား၊ မလေးစား လှူ၊ မလှူ ကိုယ်တိုင်၊ တစ်စိုင် စွန့်ပစ်၊ ကျိုးဖြစ် မယုံ၊ ဤငါးစုံ၊ မှတ်တုံ အသပ္ပုရိသ ဒါန။



သတ္တမသုတ် ပြီး၏။

၆။ မိတ္တသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းကို အဆွေခင်ပွန်းအဖြစ် မမှီဝဲ မဆည်းကပ်သင့်။

ယင်း ၅-မျိုးမှာ -

၁။ လယ်ယာလုပ်ခြင်းစသော လုပ်ငန်းကိစ္စကို ပြုလုပ်ခိုင်းသူ။

၂။ အဓိကရုဏ်း ၄-ပါးကို ဖန်တီးသူ။

၃။ အကြီးအမှူး ရဟန်းတော်တို့ကို ဆန့်ကျင်သူ။

၎။ ရှည်မြင့်စွာ သွားလာခြင်း, အချိန်အကန့်အသတ်မရှိ သွားလာခြင်းကို အားထုတ် နေထိုင်သူ။

၅။ အခါအခွင့် သင့်တိုင်း တရား စကားဖြင့် အကျိုးစီးပွါးကို သိမြင်စေရန်, တရားကို ဆောက်တည်ကျင့်သုံးစေရန်, ထက်သန်ရွှင်လန်းစေရန် မစွမ်းဆောင်နိုင်သူ။

မှတ်ချက် - နံပါတ် ၁-အင်္ဂါအတွ် ရဟန်းအချင်းချင်း ပြုလုပ်ခိုင်းမူကို ဟောလိုရင်းဖြစ်သည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းကို အဆွေခင်ပွန်းအဖြစ် မှီဝဲသင့် ဆည်းကပ်သင့်သည်။

ယင်း ၅-မျိုးမှာ -

၁။ လယ်ယာလုပ်ခြင်းစသော လုပ်ငန်းကိစ္စကို မပြုလုပ်ခိုင်းသူ။

၂။ အဓိကရုဏ်း ၄-ပါးကို မဖန်တီးသူ။

၃။ အကြီးအမှူး ရဟန်းတော်တို့ကို မဆန့်ကျင်သူ။

၎။ ရှည်မြင့်စွာ သွားလာခြင်း, အချိန်အကန့်အသတ်မရှိ သွားလာခြင်းကို အားထုတ် မနေထိုင်သူ။

၅။ အခါအခွင့် သင့်တိုင်း တရား စကားဖြင့် အကျိုးစီးပွါးကို သိမြင်စေရန်, တရားကို ဆောက်တည်ကျင့်သုံးစေရန်, ထက်သန်ရွှင်လန်းစေရန် စွမ်းဆောင်နိုင်သူ။

ဆောင် - အလုပ်ခိုင်းတတ်၊ ယူတတ် အဓိကရုဏ်း၊ ထေရ်ဘုန်း ဆန့်ကျင်၊ လွန်ပင် ခရီးသွား၊ တရားမညွှန်၊ ငါးတန် ပြည့်လျှမ်း၊ ထိုရန်း၊ ခင်ပွန်းသတ်မှ မပြုအပ်။

ဆဋ္ဌသုတ် ပြီး၏။

၎။ တိကဏ္ဍကီသုတ်


မြတ်စွာဘုရား သာကေတမြို့ ဆူးလေတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားက “ရဟန်းတို့” ဟု ခေါ်တော်မူလျှင် “အရှင်ဘုရား” ဟု ရဟန်းတို့က ပြန်လျှောက်ကြသည်။

မြတ်စွာဘုရားက ဤသို့ ဆက်လက် မိန့်ကြားတော်မူသည် -

ရဟန်းတို့ ငါတိုက်တွန်းသည်။

ရဟန်းသည် အခါအခွင့်သင့်တိုင်း -

၁။ စက်ဆုပ်ရွံရှာဖွယ် မရှိသော အာရုံ၌ စက်ဆုပ် ရွံရှာဖွယ်ဟု အမှတ်ထား၍ နေရမည်။ (ဣဋ္ဌာရုံ၌ အသုတအားဖြင့်လည်းကောင်း, အနိစ္စအားဖြင့် လည်းကောင်း ရူမှတ်ရမည်)

အကြောင်းမှာ -

တပ်မက်ဖွယ်ရာတို့၌ ရာဂ မဖြစ်စေလိုသောကြောင့်တည်း။


၂။ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌ စက်ဆုပ်ရွံရှာဖွယ်မရှိဟု အမှတ်ထား၍ နေရမည်။ (အနိဋ္ဌာရုံ၌ မေတ္တာပွါးခြင်းဖြင့် လည်းကောင်း, ဓာတ်ကမ္မဋ္ဌာန်းဖြင့်လည်းကောင်း ရူမှတ်ရမည်)

အကြောင်းမှာ -

ပြစ်မှားဖွယ်ရာတို့၌ ဒေါသ မဖြစ်စေလိုသောကြောင့်တည်း။


၃။ စက်ဆုပ်ရွံရှာဖွယ် မရှိသော အာရုံ၌ဖြစ်စေ, စက်ဆုပ် ရွံရှာဖွယ်ရှိသော အာရုံ၌ဖြစ်စေ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ထား၍ နေရမည်။

အကြောင်းမှာ -

တပ်မက်ဖွယ်ရာတို့၌ ရာဂ မဖြစ်စေလို, ပြစ်မှားဖွယ်ရာတို့၌ ဒေါသမဖြစ်စေလိုသောကြောင့်တည်း။


၎။ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌ဖြစ်စေ, စက်ဆုပ်ရွံရှာဖွယ် မရှိသော အာရုံ၌ဖြစ်စေ စက်ဆုပ် ရွံရှာဖွယ် မရှိဟု အမှတ်ထား၍ နေရမည်။

အကြောင်းမှာ -

ပြစ်မှားဖွယ်ရာတို့၌ ဒေါသ မဖြစ်စေလို, တပ်မက်ဖွယ်ရာတို့၌ ရာဂ မဖြစ်စေလိုသောကြောင့်တည်း။


၅။ စက်ဆုပ် ရွံရှာဖွယ်ရှိသော အာရုံ၌ဖြစ်စေ, စက်ဆုပ်ရွံရှာဖွယ် မရှိသော အာရုံ၌ဖြစ်စေ ထိုအမှတ်သညာ နှစ်ပါးစုံကို ကြဉ်၍ လျစ်လျူရူကာ သတိ, ပညာ မလွတ်စေဘဲ နေရမည်။

အကြောင်းမှာ -

မည်သည့်အာရုံ မည်သည့်အရပ်၌ မဆို အနည်းငယ်မျှပင် ရာဂ, ဒေါသ, မော မဖြစ်စေလိုသောကြောင့်တည်း။

ဆောင် - ရွံဖွယ် မရှိရာ၊ ရွံဖွယ်သာ ဟု၊ ရူမှတ်မူ၊ မှတ်ရူ ရာဂ မဖြစ်စေရန်တည်း။

ရွံဖွယ်ရှိရာ၊ မရွံရှာ ဟု၊ ရူမှတ်မူ၊ မူတ်ရူ ဒေါသ မဖြစ်စေရန်တည်း။

ရွံဖွယ် မရှိ, ရှိရာ၊ ရွံဖွယ်သာ ဟု၊ ရူမှတ်မူ၊ မှတ်ရူ ရာဂ, ဒေါသ မဖြစ်စေရန်တည်း။

ရွံဖွယ် ရှိ, မရှိရာ၊ မရွံရှာ ဟု၊ ရူမှတ်မူ၊ မှတ်ရူ ဒေါသ, ရာဂ မဖြစ်စေရန်တည်း။

ရွံဖွယ် ရှိ, မရှိရာ၊ ဥပေက္ခာ ဟု၊ ရူမှတ်ပြု၊ မှတ်ရူ ရာဂ, ဒေါသ, မောဟ မဖြစ်စေရန်တည်း။


မှတ်ချက် - ဤသုတ်၌ ၅-ဋ္ဌာနလုံး ၀ိပဿနာကို ဟောသည်။

စတုတ္ထသုတ် ပြီး၏။

၅။ နိရယသုတ်


ရဟန်းတို့ !

ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် ဆောင်ယူချထားသည်နှင့်မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -
၁။ သူ့အသက်ကို သတ်တတ်သည်။

၂။ ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ယူတတ်သည်။

၃။ ကိုယ်ပိုင် မဟုတ်သည့် သူတပါး သားမယားတို့၌ ကာမဆက်ဆံ တတ်သည်။

၎။ မဟုတ်မမှန် ပြောဆိုတတ်သည်။

၅။ ယစ်မူး မေ့လျော့ကြောင်းဖြစ်သည့် သေရည်, အရက်ကို သောက်စားတတ်သည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် ဆောင်ယူ ချထားသည်နှင့်မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သည်။

၂။ ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်သည်။

၃။ ကိုယ်ပိုင် မဟုတ်သည့် သူတပါး သားမယားတို့၌ ကာမဆက်ဆံခြင်းမှ ရှောင်ကြဉ်သည်။

၎။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်သည်။

၅။ ယစ်မူး မေ့လျော့ကြောင်းဖြစ်သည့် သေရည်, အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်သည်။

ဆောင် - ငါးပါးသီလ၊ မလုံက၊ မုချ ငရဲရောက်။
ငါးပါးသီလ၊ လုံခြုံက၊ မုချ နတ်ပြည်ရောက်။


ပဉ္စမသုတ် ပြီး၏။

၃။ သာရန္ဒဒသုတ်


မြတ်စွာဘုရား ဝေသာလိပြည် မဟာဝုန်တော အထွတ်တပ်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူစဉ် မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်, သင်္ကန်းကို ယူတော်မူပြီးလျှင် ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူသည်။

ထိုအချိန် သာရန္ဒစေတီ၌ စုဝေး နေထိုင်ကြသည့် လိစ္ဆ၀ီမင်း ၅၀၀-တို့မှာ စပ်မိစပ်ရာ စကား ဖြစ်ပေါ်လာသည်။ ယင်း စကားမှာ -

“လော၌ ၁။ ဆင်ရတနာ, ၂။ မြင်းရတနာ, ၃။ ကျောက်မျက်ရတနာ, ၄။ မိန်းမရတနာ, ၅။ သူဌေးရတနာ ဤ ၅-မျိုးဖြစ်ပေါ်ဖို့ အလွန်ခဲယဉ်းသည်။”

ထိုအချိန်မှာပင် လိစ္ဆ၀ီမင်းတို့က “မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်၍ လိစ္ဆ၀ီမင်းတို့ထံ ချဉ်းကပ်ပြီး -

“အရှင်တို့ ! အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသည် ကြွလာတော်မူပါသည် အရှင်တို့ ဆန္ဒအတိုင်း ဆောင်ရွက်တော်မူပါဘုရား” ဟု လျှောက်တင်သည်။

ထို့နောက် ထိုလိစ္ဆ၀ီမင်းတို့သည် မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးပြီး သင့်တင့်သော နေရာ၌ ရပ်နေကြလျက် မြတ်စွာဘုရားအား -

“အရှင်ဘုရား ! တောင်းပန်ပါသည်၊ တပည့်တော်တို့ကို သနားစောင့်ရှောက်သောအားဖြင့် သာရန္ဒဒစေတီသို့ ကြွရောက် သီတင်းသုံးတော်မူပါ” ဟု လျှောက်ကြသည်၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူခြင်းဖြင့် လက်ခံတော်မူသည်။

ထို့နောက် မြတ်စွာဘုရားသည် သာရန္ဒစေတီသို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးလျှင် ထို လိစ္ဆ၀ီမင်းတို့အား -

“လိစ္ဆ၀ီမင်းတို့ ! ယခုအခါ သင်တို့သည် အဘယ်စကားမျိုးဖြင့် စုဝေးထိုင်နေကြသနည်း၊ သင်တို့ ပြောလက်စ စကားကား အဘယ်နည်း?”

“အရှင်ဘုရား ! တပည့်တော်တို့ ပြောလက်စ စကားကား ဆင်ရတနာစသော ရတနာ ၅-မျိုးနှင့် စပ်သော စကားဖြစ်ပါသည်” ဟု မိမိတို့ ပြောခဲ့သော စကားအားလုံးကို ပြန်လျှောက်ကြသည်။

ထိုအခါ မြတ်စွာဘုရားက -

“လိစ္ဆ၀ီမင်းတို့ ! ကာမဂုဏ်၌ နှလုံးသွင်းကြသည့် သင်တို့စကားသည် ကာမဂုဏ်နှင့် စပ်သော စကားသာ ဖြစ်ပေသည်။

လောက၌ ကာမဂုဏ်နှင့် မစပ်သည့် အမှန်တကယ် ရခဲသော ရတနာ ၅-မျိုးဟူသည်မှာ -

၁။ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရား။

၂။ မြတ်စွာဘုရား ဟောကြားထားတော်မူသည့် ဓမ္မ, ၀ိနယကို ဟောပြောတတ်သော ပုဂ္ဂိုလ်။

၃။ ဓမ္မ္မ, ၀ိနယကို ဟောကြားသည်ရှိသော် သိရှိနားလည်သော ပုဂ္ဂိုလ်။

၎။ ဓမ္မ္မ, ၀ိနယကို ဟောကြားသည်ရှိသော် သိသည့်အတိုင်း တရားနှင့် အညီ ကျင့်သော ပုဂ္ဂိုလ်။

၅။ သူပြုဖူးသော ကျေးဇူးကို သိ၍ ထင်ရှားအောင် ပြုလေ့ရှိသော ပုဂ္ဂိုလ်-တို့ ဖြစ်သည်။

ဤ ၅-မျိုးကို လောက၌ ရခဲ့သည်။

ဆောင် - ဗုဒ္ဓဘုရား၊ ဟောကြားတတ်သူ၊ ကျင့်သူ တစ်ထူး၊ ကျေးဇူး သိငြား၊ ထင်ရှားအောင်ပြု၊ ဤငါးခု၊ မှတ်ရူ လောကတွင်မှတ် ရခဲလတ်။

တတိယသုတ် ပြီး၏။

Wednesday 23 March 2011

၂။ အာရဘတိ သုတ်


ရဟန်းတို့ ! လောက၌ ဤဆိုလတံ့သော ပုဂ္ဂိုလ် ၅-မျိုးတို့ ထင်ရှားရှိကြသည်။
ယင်း ၅-မျိုးမှာ -

အချို့ပုဂ္ဂိုလ်သည် -

၁။ အာပတ်ကိုလည်း လွန်ကျူးသည်၊ နှလုံးမသာခြင်းလည်း ဖြစ်သည်၊

အရဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ။ (အာပတ်-အပြစ်)


၂။ အာပတ်ကို လွန်ကျူးသည်၊ နှလုံးမသာခြင်းကား မဖြစ်၊

အရဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ။


၃။ အာပတ်ကိုလည်း မလွန်ကျူး၊ နှလုံးမသာခြင်းကာ ဖြစ်သည်၊

အရဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ။


၎။ အာပတ်ကိုလည်း မလွန်ကျူး၊ နှလုံးမသာခြင်းလည်း မဖြစ်။

အရဟဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ။


၅။ အာပတ်ကိုလည်း မလွန်ကျူး၊ နှလုံးမသာခြင်းလည်း မဖြစ်၊

အရတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ သိသည်။ (ရဟန္တာဖြစ်သွားသည်)


အဆိုပါ ပုဂ္ဂိုလ် ၅-မျိုးတွင် -


၁။ နံပါတ် ၁-ပုဂ္ဂိုလ်ကို -

“အရှင်မှာ အာပတ်လွန်ကျူးမူနှင့် နှလုံးမသာမူကြောင့် အာသဝေါတရားတို့ ဖြစ်ပွားနေပါသည်။

တိုက်တွန်းပါသည်၊ အရှင်သည် အဆိုပါ အာသဝေါတရားတို့ကို ပယ်ဖျောက်ပြီးလျှင် ၀ိပဿနာစိတ်နှင့် ၀ိပဿနာပညာကို ပွားများပါလော့၊ ဤသို့ ပွားများလျှင် ဖော်ပြခဲ့သည့် ၅-ယောက်မြောက် ရဟန္တာပုဂ္ဂိုလ်နှင့် ဂုဏ်ရည်တူသွားပါလိမ့်မည်” ဟု ပြောဆိုရာသည်။


၂။ နံပါတ် ၂-ပုဂ္ဂိုလ်ကို -

“အရှင်မှာ အာပတ်လွန်ကျူးမူကြောင့်သာဖြစ်သည့် အာသဝေါတရားတို ရှိပါသည်၊ နှလုံး မသာယာမူကြောင့်ကား အာသဝေါတရားတို့ တိုးပွါးပါကုန်။

တိုက်တွန်းပါသည်၊ အရှင်သည် အဆိုပါ အာသဝေါတရားတို့ကို ပယ်ဖျောက်ပြီးလျှင် ၀ိပဿနာစိတ်နှင့် ၀ိပဿနာပညာကို ပွားများပါလော့၊ ဤသို့ ပွားများလျှင် ဖော်ပြခဲ့သည့် ၅-ယောက်မြောက် ရဟန္တာပုဂ္ဂိုလ်နှင့် ဂုဏ်ရည်တူသွားပါလိမ့်မည်” ဟု ပြောဆိုရာသည်။


၃။ နံပါတ် ၃-ပုဂ္ဂိုလ်ကို -

“အရှင်မှာ အာပတ်ကို လွန်ကျူးမူကြောင့်ကား အာသဝေါတရားတို့ မရှိပါကုန်၊ နှလုံးမသာမူကြောင့်သာ အာသဝေါတရားတို့ တိုးပွါးပါကုန်သည်။

တိုက်တွန်းပါသည်၊ အရှင်သည် အဆိုပါ အာသဝေါတရားတို့ကို ပယ်ဖျောက်ပြီးလျှင် ၀ိပဿနာစိတ်နှင့် ၀ိပဿနာပညာကို ပွားများပါလော့၊ ဤသို့ ပွားများလျှင် ဖော်ပြခဲ့သည့် ၅-ယောက်မြောက် ရဟန္တာပုဂ္ဂိုလ်နှင့် ဂုဏ်ရည်တူသွားပါလိမ့်မည်” ဟု ပြောဆိုရာသည်။


၎။ နံပါတ် ၄-ပုဂ္ဂိုလ်ကို -

“အရှင်မှာ အာပတ်ကို လွန်ကျူးမူနှင့် နှလုံးမသာမူကြောင့်တော့ အာသဝေါတရားတို့ မဖြစ်ပွါးပါကုန်၊ (၀ိပဿနာစိတ်နှင့် ၀ိပဿနာပညာကို မပွါးများခြင်းကြောင့်သာ ရဟန္တာ မဖြစ်ရခြင်းဖြစ်ပါသည်၊ ထို့ကြောင့်)

တိုက်တွန်းပါသည်၊ အရှင်သည် အဆိုပါ အာသဝေါတရားတို့ကို ပယ်ဖျောက်ပြီးလျှင် ၀ိပဿနာစိတ်နှင့် ၀ိပဿနာပညာကို ပွားများပါလော့၊ ဤသို့ ပွားများလျှင် ဖော်ပြခဲ့သည့် ၅-ယောက်မြောက် ရဟန္တာပုဂ္ဂိုလ်နှင့် ဂုဏ်ရည်တူသွားပါလိမ့်မည်” ဟု ပြောဆိုရာသည်။

ရဟန်းတို့ !

ဤသို့လျှင် ရှေ့ပုဂ္ဂိုလ် ၄-မျိုးတို့ကို နံပါတ် ၅-ပုဂ္ဂိုလ်နှင့် နိုင်းယှဉ်၍ ဆုံးမအပ် ကံမြစ်အပ်သည်ရှိသော် အဆိုပါ ရှေးပုဂ္ဂိုလ် ၄-မျိုးလုံး အာဝေ၀ါကင်းကွာ ရဟဟန္တာအဖြစ်သို့ ရောက်ကြလေသည်။


ဆောင် - အာပတ်ရောက်ကာ၊ မသာနှလုံး၊ လုံးလုံး ဖြစ်ဘိ၊ မသိ အရဟတ္တဖိုလ်၊ ထိုပုဂ္ဂိုလ်၊ မှန်စွာ တစ်မျိုးတည်း။

အာပတ်ရောက်ကာ၊ မသာနှလုံး၊ လုံးလုံး ဖြစ်ဘိ၊ မသိ အရဟတ္တဖိုလ်၊ ထိုပုဂ္ဂိုလ်၊ မှန်စွာ တစ်မျိုးတည်း။

အာပတ်မရောက်ပါ၊ မသာနှလုံး၊ လုံးလုံး မဖြစ်ဘိ၊ မသိ အရဟတ္တဖိုလ်၊ ထိုပုဂ္ဂိုလ်၊ မှန်စွာ တစ်မျိုးတည်း။

အာပတ်မရောက်ပါ၊ မသာနှလုံး၊ လုံးလုံး မဖြစ်ဘိ၊ သိရှိ အရဟတ္တဖိုလ်၊ ထိုပုဂ္ဂိုလ်၊ မှန်စွာ တစ်မျိုးတည်း။

ပုဂ္ဂိုလ်ငါးပါး၊ ရှေ့လေးပါးကို၊ ပွါးများ ၀ိပဿနာ၊ ပြုလုပ်ပါလျှင်၊ သင်လည်း ရဟန္တာ၊ ဖြစ်နိုင်ပါဟု၊ တိုက်တွန်းပြုရာ၊ အားလုံးမှာ၊ ကင်းကွာ အာသဝေါ။


ဒုတိယသုတ် ပြီး၏။

၁၅။ တိကဏ္ဍကီဝဂ် (ဆူးလေတော၌ ဟောသည့် သုတ်ပါသော အခန်း)


၁။ အ၀ဇာနာတိ သုတ်

ရဟန်းတို့ ! လောက၌ ဤဆိုလတံ့သော ပုဂ္ဂိုလ် ၅-မျိုးတို့ ထင်ရှား ရှိကြသည်။

ယင်း ၅-မျိုးမှာ -

၁။ ပေးပြီး၍ မထီမဲ့မြင် မလေးမစားပြုသူ။

၂။ အတူပေါင်းသင်းခြင်းဖြင့် မထီမဲ့မြင် ပြုသူ။

၃။ ပထမ ပြောစကားကိုသာ ယုံကြည်လက်ခံသူ။

၎။ လျှပ်ပေါ်လော်လည်သူ။

၅။ ဉာဏ်လေးသူ အသိဉာဏ်မရှိသူ။


၁။ ပေးပြီး၍ မထီမဲ့မြင် မလေးမစားပြုသူ -

တစ်ဦးက အခြားတစ်ဦးကို သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်း ပေးပြီး “ငါကား ပေးရသူဖြစ်သည်၊ သူက ယူသူဖြစ်သည်” ဟု သဘောပိုက်ကာ ယူသူအပေါ် မထီမဲ့မြင် မလေးမစားပြုသော ပေးသူ။


၂။ အတူပေါင်းသင်းခြင်းဖြင့် မထီမဲ့မြင် ပြုသူ -

တစ်ဦးနှင့် တစ်ဦး ၂-နှစ် ၃-နှစ် အတူပေါင်းသင်းနေထိုင်ပြီး အတူနေဖက်ပုဂ္ဂိုလ်ကို မထီမဲ့မြင် မလေးမစားပြုသော သူ။


၃။ ပထမ ပြောစကားကိုသာ ယုံကြည်လက်ခံသူ -

တစ်ဦးဦးက ချီးမွမ်းမူ ကဲ့ရဲ့မူ တစ်ခုခုကို ပြောဆိုလာရာ၌ ထိုပထမ ပြောသူ စကားကိုသာ လျင်မြန်စွာ လက်ခံယုံကြည်တတ်သူ။


၎။ လျှပ်ပေါ်လော်လည်သူ -

သဒ္ဓါအရာ, ဆည်းကပ်မူ အရာ, ချစ်ခင်မူ အရာ, ကြည်ညိုဖွယ်အမူအရာတို့၌ လေးနက်မူ ခိုင်မြဲမူ မရှိသူ၊ ဟန်ဆောင်မူလောက်သာ ရှိသူ။


၅။ ဉာဏ်လေးသူ အသိဉာဏ်မရှိသူ -

ကုသိုလ်, အကုသိုလ် တရားတို့ကိုလည်း မသိသူ၊ အပြစ် ရှိ, မရှိသော တရားတို့ကိုလည်း မသိသူ၊ အယုတ်, အမြတ်တရားတို့ကိုလည်း မသိသူ၊ မည်း ညစ်, ဖြူစင်သော တရားတို့ကိုလည်း မသိသူ။

ဆောင် - ပေး၍ တစ်ဖြာ၊ ပေါင်းသင်းကာဖြင့်၊ ပြုကာ မလေးစား၊ အရင်စကား ယုံ၊ လျှပ်ပေါ်တုံ နှင့်၊ ကင်းတုံ အသိ၊ ငါးမျိုးရှိ၊ မှတ်သိ ရှောင်သင့် ပုဂ္ဂိုလ်များ။

ပထမသုတ် ပြီး၏။

Tuesday 22 March 2011

၉။ အက္ခမသုတ်


မင်းနှင့် မထိုက်တန်သော ဆင်

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်း၏ ဆင်သည် မင်းနှင့် မထိုက်တန်၊ မင်း မသုံးဆောင်အပ်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟု မခေါ်ဝေါ်နိုင်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ မင်း၏ ဆင်သည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းမခံနိုင်။

၂။ သဒ္ဓါ(အသံ) များကို သည်းမခံနိုင်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းမခံနိုင်။

၎။ ရသာရုံ(အရသာ) များကို သည်းမခံနိုင်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းမခံနိုင်။


အဆိုပါ ဆင်၏ အာရုံများကို သည်းမခံနိုင်ပုံမှာ -

စစ်မြေပြင်သို့ သွားသည်ရှိသော်

၁။ ဆင်အပေါင်း, မြင်းအပေါင်း, ရထားအပေါင်း, ခြေလျင်သူရဲတို့တွင် တစ်မျိုးမျိုးကို မြင်၍ တွန့်ဆုတ်သွားသည်၊ ပို၍လည်း တွန့်ဆုတ်သွားသည်၊ ကြံ့ကြံ့မခံနိုင်တော့၊ ရင်ဆိုင်မတိုက်ဝံ့တော့။

၂။ ဆင်သံ, မြင်းသံ, ရထားသံ, ခြေလျင် သူရဲသံများနှင့် စည်ကြီးသံ, ထက်စည်သံ, ခရုသင်းသံ, စည်ပုတ်သံ, ပဲ့တင်သံတို့တွင် တစ်မျိုးမျိုးကို ကြား၍ တွန့်ဆုတ်သွားသည်၊ ပို၍လည်း တွန့်ဆုတ်သွား၊ ကြံ့ကြံ့မခံနိုင်တော့၊ ရင်ဆိုင်မတိုက်ဝံ့တော့။

၃။ ဆင်မျိုးကောင်းလည်း ဖြစ်, စစ်မြေပြင်၌လည်း ကျက်စားကြသည့် မင်းစီးဆင်တော်တို့၏ ကျင်ကြီး ကျင်ငယ်နံ့ကို နမ်းရူမိ၍ တွန့်ဆုတ်သွားသည်၊ ပို၍လည် တွန့်ဆုတ်သွားသည်၊ ကြံ့ကြံ့ မခံနိုင်တော့၊ ရင်ဆိုင် မတိုက်ဝံ့တော့။

၎။ တစ်ရက်မျှ အစောရေစာ မရ၍ဖြစ်စေ နှစ်ရက် သုံးရက် လေးရက် ငါးရက်မျှ အစာရေစာ မရ၍ဖြစ်စေ တွန့်ဆုတ်သွားသည်၊ ပို၍လည်း တွန့်ဆုတ်သွားသည်၊ ကြံ့ကြံ့မခံနိုင်တော့၊ ရင်ဆိုင်မတိုက်ဝံ့တော့။

၅။ မြားတစ်ချောင်း စူးဝင်ခံရသည်ဖြစ်စေ မြား နှစ်, သုံး, လေး, ငါး ချောင်း စူးဝင်ခံရသည်ဖြစ်စေ တွန့်ဆုတ်သွားသည်၊ ပို၍လည်း တွန့်ဆုတ်သွားသည်၊ ကြံ့ကြံ့မခံနိုင်တော့၊ ရင်ဆိုင်မတိုက်ဝံ့တော့။


သံဃာ့ဂုဏ်မထိုက်သော ရဟန်း

ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း မခံထိုက်, ဧည့်သည်အလို့ငှါ စီမံထားသော ၀တ္ထုကိုလည်း မခံထိုက်, တမလွန်အတွက် ရည်မျှော်သော အလှူကိုလည်း မခံထိုက်, လက်အုပ်ချီခြင်းကိုလည်း မခံထိုက်, သတ္တ၀ါအပေါင်း၏ ကောင်းမူပြုရန် အမြတ်ဆုံး လယ်မြေလည်း မဟုတ်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းမခံနိုင်။

၂။ သဒ္ဓါ(အသံ) များကို သည်းမခံနိုင်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းမခံနိုင်။

၎။ ရသာရုံ(အရသာ) များကို သည်းမခံနိုင်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းမခံနိုင်။


ရဟန်း၏ အာရုံများကို သည်းမခံနိုင်ပုံမှာ -

၁။ မျက်စိဖြင့် ရူပါရုံကို မြင်၍ တပ်မက်ဖွယ်ဖြစ်သော ရူပါရုံ၌ အလွန် တပ်မက်သည်၊ စိတ်ကို ထိန်းမထားနိုင်။

၂။ နားဖြင့် သဒ္ဒါရုံကို ကြား၍ တက်မက်ဖွယ်ဖြစ်သော သဒ္ဒါရုံ၌ အလွန် တပ်မက်သည်၊ စိတ်ကို ထိန်းမထားနိုင်။

၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းရူ၍ တပ်မက်ဖွယ်ဖြစ်သာ ဂန္ဓာရုံ၌ အလွန်တပ်မက်သည်၊ စိတ်ကို ထိန်းမထားနိုင်။

၎။ လျှာဖြင့် ရသာရုံကို လျက်၍ တပ်မက်ဖွယ် ဖြစ်သော ရသာရုံ၌ အလွန်တပ်မက်သည်၊ စိတ်ကို ထိန်းမထားနိုင်။

၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခံစား၍ တပ်မက်ဖွယ် ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ၌ အလွန်တပ်မက်သည်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟု ခေါ်ဝေါ်နိုင်သည်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ မင်း၏ ဆင်သည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းခံနိုင်သည်။

၂။ သဒ္ဓါ(အသံ) များကို သည်းခံနိုင်သည်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းခံနိုင်သည်။

၎။ ရသာရုံ(အရသာ) များကို သည်းခံနိုင်သည်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းခံနိုင်သည်။


အဆိုပါ ဆင်၏ အာရုံများကို သည်းခံနိုင်ပုံမှာ -

စစ်မြေပြင်သို့ သွားသည်ရှိသော်

၁။ ဆင်အပေါင်း, မြင်းအပေါင်း, ရထားအပေါင်း, ခြေလျင်သူရဲတို့တွင် တစ်မျိုးမျိုးကို မြင်၍ မတွန့်ဆုတ်၊ ပို၍လည်းမတွန့်ဆုတ်၊ ကြံကြံ့ခံနိုင်သည်၊ ရင်ဆိုင်တိုက်ဝံ့သည်။

၂။ ဆင်သံ, မြင်းသံ, ရထားသံ, ခြေလျင် သူရဲသံများနှင့် စည်ကြီးသံ, တက်စည်သံ, ခရုသင်းသံ, စည်ပုတ်သံ, ပဲ့တင်သံတို့တွင် တစ်မျိုးမျိုးကို ကြား၍ မတွန့ဆုတ်၊ ပို၍လည်း မတွန့်ဆုတ်၊ ကြံ့ကြံ့ခံနိုင်သည်၊ ရင်ဆိုင်တိုက်ဝံ့သည်။

၃။ ဆင်မျိုးကောင်းလည်း ဖြစ်, စစ်မြေပြင်၌လည်း ကျက်စားကြသည့် မင်းစီးဆင်တော်တို့၏ ကျင်ကြီး ကျင်ငယ်နံ့ကို နမ်းရူမိ၍ မတွန့်ဆုတ်၊ ပို၍လည်း မတွန့်ဆုတ်၊ ကြံ့ကြံ့ခံနိုင်သည်၊ ရင်ဆိုင်တိုက်ဝံ့သည်။

၎။ တစ်ရက်မျှ အစာရေစာ မရ၍ဖြစ်စေ နှစ်ရက် သုံးရက် လေးရက် ငါးရက်မျှ အစာရေစာ မရ၍ဖြစ်စေ မတွန့်ဆုတ်၊ ပို၍လည်း မတွန့်ဆုတ် ကြံ့ကြံ့ခံနိုင်သည်၊ ရင်ဆိုင်တိုက်ဝံ့သည်။

၅။ မြားတစ်ချောင်း စူးဝင်ခံရသည်ဖြစ်စေ မြား နှစ်, သုံး, လေး, ငါးချောင်း စူးဝင်ခံရသည် ဖြစ်စေ မတွန့်ဆုတ်၊ ပို၍လည်း မတွန့်ဆုတ်၊ ကြံ့ကြံ့ခံနိုင်သည်၊ ရင်ဆိုင်တိုက်ဝံ့သည်။


သံဃာ့ဂုဏ်ထိုက်သော ရဟန်း

ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း ခံထိုက်သည်, ဧည့်သည်အလို့ငှါ စီမံထားသော ၀တ္ထုကိုလည်း ခံထိုက်သည်, တမလွန်အတွက် ရည်မျှော်သော အလှူကိုလည်း ခံထိုက်သည်, အမြတ်ဆုံး လယ်မြေလည်း ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းခံနိုင်သည်။

၂။ သဒ္ဓါ(အသံ) များကို သည်းခံနိုင်သည်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းခံနိုင်သည်။

၎။ ရသာရုံ(အရသာ) များကို သည်းခံနိုင်သည်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းခံနိုင်သည်။


အဆိုပါ ရဟန်း၏ အာရုံများကို သည်းခံနိုင်ပုံမှာ -

၁။ မျက်စိဖြင့် ရူပါရုံကို မြင်၍ တပ်မက်ဖွယ်ဖြစ်သော ရူပါရုံ၌ အလွန် မတပ်မက်၊ စိတ်ကို ထိန်းထားနိုင်သည်။

၂။ နားဖြင့် သဒ္ဒါရုံကို ကြား၍ တက်မက်ဖါယ်ဖြစ်သော သဒ္ဒါရုံ၌ အလွန် မတပ်မက်၊ စိတ်ကို ထိန်းထားနိုင်သည်။

၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းရူ၍ တပ်မက်ဖွယ်ဖြစ်သာ ဂန္ဓာရုံ၌ အလွန် မတပ်မက်၊ စိတ်ကို ထိန်းထားနိုင်သည်။

၎။ လျှာဖြင့် ရသာရုံကို လျက်၍ တပ်မက်ဖွယ် ဖြစ်သော ရသာရုံ၌ အလွန် မတပ်မက်၊ စိတ်ကို ထိန်းထားနိုင်သည်။

၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခံစား၍ တပ်မက်ဖွယ် ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ၌ အလွန် မတပ်မက်၊ စိတ်ကို ထိန်းထားနိုင်သည်။

ဆောင် - အာရုံငါးတန်၊ သည်းမခံနိုင်၊ နှစ်တန် ပေါ့သွမ်း၊ ဆင်, ရဟန်းကား၊ မင်းအား မထိုက်၊ ဂုဏ်မထိုက်၊ အမိုက်ဖြစ်ရုံသာ။

န၀မသုတ် ပြီး၏။

၁၀။ သောတသုတ်


မင်းနှင့် ထိုက်တန်သော ဆင်

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်း၏ ဆင်သည် မင်းနှင့်ထိုက်တန်သည်၊ မင်းသုံးဆောင်အပ်သည်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟု ခေါ်ဝေါ်နိုင်သည်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ မင်း၏ ဆင်သည်

၁။ နာယူတတ်သည်။

၂။ သတ်ဖြတ်တတ်သည်။

၃။ စောင့်ရှောက်တတ်သည်။

၎။ သည်းခံတတ်သည်။

၅။ သွားတတ်သည်။


၁။ ဆင်၏ နာယူတတ်ပုံမှာ -

ပြုလုပ်ဖူးသည်ဖြစ်စေ မပြုလုပ်ဖူးသေးသည်ဖြစ်စေ ဆင်ထိန်း စေခိုင်းသော အမူကိစ္စကို ရိုသေလေးစား နှလုံးထား၍ စိတ်အားထက်သန်စွာ နားစိုက်လျက် နာယူသည်။


၂။ ဆင်၏ သတ်ဖြတ်တတ်ပုံမှာ -

စစ်မြေပြင်သို့ ရောက်သည်ရှိသော် တစ်ဖက်ရန်သူ၏ ဆင်, ဆင်စီးသူရဲ, မြင်း, မြင်းစီးသူရဲ, ရထား, ရထားစီးသူရဲ, ခြေလျင်သူရဲတို့ကို သတ်ဖြတ်တတ်သည်။


၃။ ဆင်၏ စောင့်ရှောက်တတ်ပုံမှာ -

စစ်မြေပြင်သို့ ရောက်သည်ရှိသော် ရှေ့ပိုင်းကိုယ်, နောက်ပိုင်းကိုယ်, ရှေ့ခြေ, နောက်ခြေ, ဦးခေါင်း, နား, အစွယ်, နှာမောင်း, အမြီးများနှင့် ဆင်စီးသူရဲကို စောင့်ရှောက်တတ်သည်။


၎။ ဆင်၏ သည်းခံတတ်ပုံမှာ -

စစ်မြေပြင်သို့ ရောက်သည်ရှိသော် လှံဖြင့် ထိုးခြင်း, သန်လျက်ဖြင့် ခုတ်ခြင်း, မြှားဖြင့် ပစ်ခြင်း, ပုဆိန်ဖြင့် ပေါက်ခြင်းတို့ကို သည်းခံနိုင်သည်၊ စည်ကြီးသံ, ထက်စည်သံ, ခရုသင်းသံ, စည်ပုတ်သံ, ပဲ့တင်သံတို့ကို သည်းခံနိုင်သည်။


၅။ ဆင်၏ သွားတတ်ပုံမှာ -

သွားရောက်ဖူးသည် ဖြစ်စေ မသွားရောက်ဖူးသည် ဖြစ်စေ ဆင်ထိန်းစေလွှတ်ရာ အရပ်သို့ လျင်မြန်စွာ သွားတတ်သည်။


သံဃာ့ဂုဏ်ထိုက်သော ရဟန်း

ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း ခံထိုက်သည်, ဧည့်သည်အလို့ငှါ စီမံထားသော ၀တ္ထုကိုလည်း ခံထိုက်သည်, တမလွန်အတွက် ရည်မျှော်သော အလှူကိုလည်း ခံထိုက်သည်, အမြတ်ဆုံး လယ်မြေလည်း ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည်

၁။ နာယူတတ်သည်။

၂။ သတ်ဖြတ်တတ်သည်။

၃။ စောင့်ရှောက်တတ်သည်။

၎။ သည်းခံတတ်သည်။

၅။ သွားတတ်သည်။


၁။ ရဟန်း၏ နာယူတတ်ပုံမှာ -

မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မ, ၀ိနယကို ဟောကြားသည် ရှိသော် ရိုသေလေးစား နှလုံးထား၍ စိတ်အားထက်သန်စွာ နားစိုက်လျက် နာယူတတ်သည်။


၂။ ရဟန်း၏ သတ်ဖြတ်တတ်ပုံမှာ -

ဖြစ်ပေါ်လာသော ကာမ၀ိတက်ကို သည်းမခံ ပယ်စွန့်သည်၊ ပယ်ဖျောက်သည်၊ ဖျက်ဆီးသည်၊ ကင်းအောင် ပြုသည်၊ နောက်ထပ် မဖြစ်ပေါ်အောင် ပြုသည်။

ထို့အတူ -

ဖြစ်ပေါ်လာသော ဗျာပါဒ ၀ိတက်, ၀ိဟိံသာ ၀ိတက်များနှင့် ဖြစ်ဆဲ, ဖြစ်လတံ့သော အကုသိုလ်အယုတ် တရားတို့ကို သည်းမခံ ပယ်စွန့်သည်၊ ပယ်ပျောက်သည်၊ ဖျက်ဆီးသည်၊ ကင်းအောင် ပြုသည်၊ောနက်ထပ် မဖြစ်ပေါ်အောင်ပြုသည်။


၃။ ရဟန်း၏ စောင့်ရှောက်တတ်ပုံမှာ -

မျက်စိဖြင့် ရူပါရုံ (အဆင်း)ကို မြင်သော် မိန်းမ, ယောက်ျားစသော သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ လက်ခြေ စသော အင်္ဂါ, ပြုံးဟန်ရယ်ဟန် စသော အမူအရာ အမှတ်လက္ခဏာကို စွဲယူလေ့မရှိ။

ယင်းစက္ခုနြေ္ဒကို မစောင့်စည်းလျှင် ဖြစ်ပေါ်တတ်သည့် အဘိဇ္ဈာ(မက်မောခြင်း), ဒေါမနဿ(နှလုံးမသာခြင်း) ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့က မစောင့်စည်းသူကို အဖန်ဖန် နှိပ်စက်ကုန်ရာသည်၊ ထို့ကြောင့် ရဟန်းသည် ထိုစက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်သည်၊ စက္ခုနြေ္ဒကို စောင့်စည်းသည်။

ထို့အတူ -

နားဖြင့် သဒ္ဒါရုံ(အသံ)ကို ကြားရာ -

နှာခေါင်းဖြင့် ဂန္ဓာရုံ(အနံ့)ကို နံရာ -

လျှာဖြင့် ရသာရုံ(အရသာ)ကို လျက်ရာ -

ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ)ကို တွေ့ထိရာ-

စိတ်ဖြင့် ဓမ္မာရုံ(သဘောတရား)ကို သိရာအခါတို့၌လည်း ဆိုခဲ့ပြီးအတိုင်း သောတိနြေ္ဒ, ဃာနိနြေ္ဒ, ဇိဝှိနြေ္ဒ, ကာယိနြေ္ဒ, မနိနြေ္ဒတို့ကို စောင့်စည်းခြင်းငှါ ကျင့်သည်၊ စောင့်စည်းသည်။


၎။ ရဟန်း၏ သည်းခံတတ်ပုံမှာ -

အချမ်း, အပူ, ဆာလောင်မွတ်သိပ်ခြင်း, မှတ်, ခြင်, လေ, နေပူ, မြွေ, ကင်း, သန်းတို့၏ အတွေ့တို့နှင့် မကောင်းသဖြင့် ဆိုအပ်, ရောက်လာတတ်သည့် စကားတို့ကို သည်းခံနိုင်သည်။

ကိုယ်၌ဖြစ်သော ပြင်းထန်ကြမ်းတမ်း စူးရှနာကျင် မသာယာဖွယ် မနှစ်သက်ဖွယ် သေလောက်သည့် ဆင်းရဲဝေဒနာတို့ကိုလည်း သည်းခံနိုင်သည်။


၅။ ရဟန်း၏ သွားတတ်ပုံမှာ -

ဤရှည်စွာသော သံသရာခရီးဖြင့် တစ်ခါမျှ မရောက်ဖူးသေးသော အရပ်ဖြစ်သည့်, သင်္ခါရအားလုံး၏ ချုပ်ငြိမ်းရာ, ဥပဓိအားလုံးကို စွန့်ရာ, တဏှာ ကုန်ရာ, တပ်ခြင်းကင်းရာ, ချုပ်ရာ, ငြိမ်းရာ ဖြစ်သည့် နိဗ္ဗာန်သို့ လျင်မြန်စွာသာ သွားတတ်သည်။


နာယူ - ဓမ္မ, ၀ိနယ၊ ဟောညွန်ပြငြား၊ လွန်လေးစား၊ မှတ်သား နာယူပေ။

သတ်ဖြတ် - ဖြစ်ပေါ်လာကြ၊ ကာမ, ဗျာပါ၊ ပိဟိံသာ ၀ိတက်၊ တစ်ချက် အယုတ်၊ အကုစုတ်၊ ပယ်ထုတ် သတ်ဖြတ်ပေ။

စောင့်ရှောက် - မျက်စိ, နား, နှာ၊ လျှာပါ, ကိုယ်, စိတ်၊ စောင့်စည်း ပိတ်ထား၊ အကု တား၊ မှတ်သား စောင့်ရှောက်ပေ။

သည်းခံ - ချမ်း, ပူ, မွတ်, ဆာ၊ မှက်, ခြင်ပါ, လေ၊ နေ, မြွေ, ကင်း, သန်း၊ အတွေ့ဆန်းနှင့်၊ တစ်ခန်း ဆိုးဝါး၊ စကားပြောသံ၊ ပြင်းထန် ဝေဒနာ၊ သည်းခံတာ၊ မှန်စွာ သည်းခံပေ။

သွားတတ် - သံသရာတစ်လျှောက်၊ မရောက်ဖူးမှန်၊ မြတ်နိဗ္ဗာန်သို့၊ ဧကန်ရောက်ငြား၊ အရောက်သွား၊ မှတ်သား သွားတတ်ပေ။

ဆောင် - နာယူ, သတ်ဖြတ်၊ စောင့်ရှောက်တတ် နှင့်၊ တစ်ရပ် သည်းခံ၊ တစ်ဖန် သွားတတ်၊ ဤငါးရပ်၊ ဆင်မြတ် ရဟန်းမြတ်။

ဒသမသုတ် ပြီး၏။

၎-မြောက် ရာဇ၀ဂ် ပြီးပြီ။

၈။ ဘတ္တာဒကသုတ်


စာရင်းဝင်ရုံမျှ ဆင်

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်း၏ ဆင်သည် အစာအစားတတ်ရုံမျှ, နေရာဖြုန်းတီးရုံမျှ, ကျင်ကြီးကျင်ငယ်စွန့်တတ်ရုံမျှ, မင်း၏ ဆင် ဟုခေါ်ဝေါ်ခံရရုံမျှ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ မင်း၏ ဆင်သည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းမခံနိုင်။

၂။ သဒ္ဓါ(အသံ) များကို သည်းမခံနိုင်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းမခံနိုင်။

၎။ ရသာရုံ(အရသာ) များကို သည်းမခံနိုင်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းမခံနိုင်။


စာရင်းဝင်ရုံမျှ ရဟန်း

ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် ဆွမ်းစားတတ်ရုံမျှ,
နေရာဖြုန်းတီးရုံမျှ, ညောင်စောင်း အင်းပျဉ်ကို ဖျက်ဆီးရုံမျှ, ရန်ုး ခေါ်ဝေါ်ခံရရုံမျှ ဖြစ်သည်။

ယင်း ၅-မျိုးမှာ

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းမခံနိုင်။

၂။ သဒ္ဓါ(အသံ) များကို သည်းမခံနိုင်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းမခံနိုင်။

၎။ ရသာရုံ(အရသာ) များကို သည်းမခံနိုင်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းမခံနိုင်။

ဆောင် - အာရုံငါးတန်၊ သည်းမခံနိုင်၊ နှစ်တန် ပေါ့သွမ်း ဆင်, ရဟန်းကား၊ စားရုံတတ်မျှ၊ ကျိုးမ၊ ခေါ်ရ သက်သက်သာ။

အဋ္ဌမသုတ် ပြီး၏။

Monday 21 March 2011

၇။ အပ္ပံသုပတိ သုတ်


နည်းနည်းအိပ် များများ နိုးကြားသူ

ရဟန်းတို့ ! ဆိုလတံ့သော ပုဂ္ဂိုလ် ၅-မျိုးတို့သည် ညဉ့်၌ အအိပ်နည်းကြသည်၊ နိုးကြားခြင်း များကြသည်။

ယင်း ၅-မျိုးမှာ -

၁။ မိန်းမသည် ယောက်ျားကို အလိုရှိသည်ဖြစ်၍ -

ညဉ့်၌ အအိပ် နည်းသည်၊ နိုးကြားခြင်း များသည်။


၂။ ယောက်ျားသည် မိန်းမကို အလိုရှိသည်ဖြစ်၍ -

ညဉ့်၌ အအိပ် နည်းသည်၊ နိုးကြားခြင်း များသည်။


၃။ သူခိုးသည် ခိုးယူခြင်း၌ အလိုရှိသည်ဖြစ်၍ -

ညဉ့်၌ အအိပ် အနည်းသည်၊ နိုးကြားခြင်း များသည်။


၎။ မင်းသည် မင်းရေးကိစ္စ(တိုင်းရေးပြည်ရာ) ၌ အားထုတ်သည်ဖြစ်၍ -

ညဉ့် အအိပ် နည်းသည်၊ နိုးကြားခြင်း များသည်။


၅။ ရဟန်းသည် ကိလေသာနှင့် မစပ်ယှဉ်ရာ နိဗ္ဗာန်၌ အလိုရှိသည်ဖြစ်၍ -

ညဉ့်၌ အအိပ်နည်းသည်၊ နိုးကြားခြင်း များသည်။


ဆောင် - ယောက်ျားလိုသူ၊ မိန်းမမူ၊ မှတ်ယူ အအိပ်နည်း။
မိန်းမ လိုသူ၊ ယောက်ျားမူ၊ မှတ်ယူ အအိပ်နည်း။
ခိုးရန် လိုသူ၊ သူခိုးမူ၊ မှတ်ယူ အအိပ်နည်း။
ကိစ္စ များသူ၊ ဘုရင်မူ၊ မှတ်ယူ အအိပ်နည်း။
နိဗ္ဗာန် လိုသူ၊ ရဟန်းမူ၊ မှတ်ယူ အအိပ်နည်း။


သတ္တမသုတ် ပြီး၏။

၆။ ဒုတိယ ပတ္ထနာသုတ်


အိမ်ရှေ့မင်းအဖြစ် မျှော်လင့်နိုင်သူ

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်းမျိုး မင်းနွယ်လည်းဖြစ်, ဦးထိပ်၌ အဘိသိက်လည်း သွန်းအပ်ပြီးသော မင်း၏ သားကြီးသည် အိမ်ရှေ့မင်းအဖြစ်ကို တောင့်တသည်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ အဆိုပါ မင်း၏ သားကြီးသည် -

၁။ မိဖက်, ဖဖက် နှစ်ဖက်စလုံးမှ ကောင်းသော ဇာတ်ရှိသည်၊ ဘိုးဘေး ခုနှစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိသည်။ ဇာတ်နှင့် စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။

၂။ အတော့်ကို လှသည်၊ ကြည့်လို့ ကောင်းသည်၊ စိတ်ကို ဆွဲဆောင် နိုင်သည်၊ အဆင်းသဏ္ဌာန် အလွန့်အလွန် ပြည့်စုံသည်။

၃။ မိဘတို့ ချစ်ခင်မြတ်နိုးခံရသည်။

၎။ ဗိုလ်ပါအပေါင်းတို့ ချစ်ခင်မြတ်နိုးခံရသည်။

၅။ ပညာရှိသည်၊ ရဲရင့်သည်။

ဆင်ခြင်တိုင်းထွာတတ်သော ပညာနှင့် ပြည့်စုံသည်၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အကျိုးစီးပွားတို့ကို ကြံစည်ခြင်းငှါ စွမ်းနိုင်သည်။

ထိုမင်းသားအား ဤသို့ အကြံဖြစ်သည် -

“ငါသည် ဖော်ပြပါ အင်္ဂါများနှင့် ပြည့်စုံသူဖြစ်သည်။ အဘယ်ကြောင့် အိမ်ရှေ့မင်းအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း” ဟု အကြံဖြစ်သည်။


ရဟန္တာအဖြစ် မျှော်လင့်နိုင်သူ

ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည် ရဟန်းသည် ရဟန္တာအဖြစ်ကို တောင့်တသည်။

ယင်း ၅-မျိုးမှာ -

၁။ သီလရှိသည်။

၂။ ဗဟုသုတရှိသည်။ (၁၊၂- အင်္ဂါများ၏ အကျယ်ကို ထေရ၀ဂ်၊ သီလ၀န္တသုတ် အတိုင်းသိလေ)

၃။ သတိပဋ္ဌာန်းတရား ၄-ပါးတို့၌ ကောင်းစွာ တည်တံ့သော စိတ်ရှိသည်။

၎။ အကုသိုလ်ပယ်ရန် ကုသိုလ်ဖြစ်စေရန် ကြိုးစား အားထုတ်တတ်သည်။

၅။ ပညာရှိသည်။ (၄၊ ၅-အင်္ဂါများ၏ အကျယ်ကို နီဝရဏ၀ဂ်၊ ပဓာနိယင်္ဂသုတ်အတိုင်း သိလေ)

ထိုရဟန်းသည် ဤသို့ အကြံဖြစ်သည် -

“ငါသည် ဖော်ပြပါ တရာများနှင့် ပြည့်စုံသူဖြစ်သည်။ အဘယ်ကြောင့် ရဟန္တာအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း” ဟု အကြံဖြစ်သည်။

ဆောင် - မျိုးနွယ် သန့်ရှင်း၊ အဆင်းလည်း လှ၊ မိဘ ဗိုလ်ပါ၊ လွန်စွာ ချစ်ဘိ၊ ပညာရှိလတ်၊ ငါးရပ် ပိုင်းငြား၊ မင်း၏ သား၊ စောင့်စား အိမ်ရှေ့မင်းတိုင် မျှော်မှန်းတိုင်။ (မင်းသားအတွက်)

သီလလည်းရှိ၊ သုတရှိ၍၊ သတိပဋ္ဌာန်း၊ စိတ်သန္တာန်တည်၊ တစ်လီ ကြိုးစား၊ ပညာပွါးကာ၊ ထိုသူမှာ၊ ရဟန္တာတိုင် တောင့်တနိုင်။ (ရဟန်းအတွက်)


ဆဋ္ဌသုတ် ပြီး၏။

၅။ ပထမ ပတ္ထနာသုတ်


မင်းအဖြစ် မျှော်လင့်နိုင်သူ

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်းမျိုးမင်းနွယ်လည်းဖြစ်, ဦးထိပ်၌ အဘိသိက်လည်း သွန်းအပ်ပြီးသော မင်း၏သားကြီးသည် မင်းအဖြစ်ကို တောင့်တသည်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ အဆိုပါ မင်း၏ သားကြီးသည် -

၁။ မိဖက်, ဖဖက် နှစ်ဖက်စလုံးမှ ကောင်းသော ဇာတ်ရှိသည်၊ ဘိုးဘေး ခုနှစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိသည်။ ဇာတ်နှင့် စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။

၂။ အတော့်ကို လှသည်၊ ကြည့်လို့ ကောင်းသည်၊ စိတ်ကို ဆွဲဆောင် နိုင်သည်၊ အဆင်းသဏ္ဌာန် အလွန့်အလွန် ပြည့်စုံသည်။

၃။ မိဘတို့ ချစ်ခင်မြတ်နိုးခံရသည်။

၎။ နိဂုံး ဇနပုဒ်နေသူတို့ ချစ်ခင်မြတ်နိုးခံရသည်။

၅။ မင်းတို့ တတ်သင့် တတ်ထိုက်သော ဆင်စီး, မြင်းစီး, ရထားစီး အတတ်, လေးအတတ်, ဓားခုတ်, လှံထိုး အတတ် မျိုးစုံကို အပြည့်အစုံ သင်ယူပြီးဖြစ်သည်။

ထိုမင်းသားအား ဤသို့ အကြံဖြစ်သည် -

“ငါသည် ဖော်ပြပါ အင်္ဂါများနှင့် ပြည့်စုံသူ ဖြစ်သည်။ အဘယ်ကြောင့် မင်းအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း” ဟု အကြံဖြစ်သည်။


ရဟန္တာအဖြစ် မျှော်လင့်နိုင်သူ

ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် ရဟန္တာအဖြစ်ကို တောင့်တသည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်သည်။

၂။ အနာရောဂါ ကင်းသည်။

၃။ စဉ်းလဲမူ လှည့်ပတ်မူ မရှိ။

၎။ အကုသိုလယ်ပယ်ရှားရန် ကုသိုလ်ဖြစ်ပွါးစေရန် ကြိုးစား အားထုတ်တတ်သည်။

၅။ ပညာရှိသည်။

(ဤအင်္ဂါများ၏ အကျယ်ကို နီဝရဏ၀ဂ်၊ ပဓာနိယင်္ဂ သုတ်အတိုင်း သိလေ)

ထိုရဟန်းသည် ဤသို့ အကြံဖြစ်သည် -

“ငါသည် ဖော်ပြပါတရားများနှင့် ပြည့်စုံသူဖြစ်သည်။ အဘယ်ကြောင့် ရဟန္တာအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း” ဟု အကြံဖြစ်သည်။

ဆောင် - မျိုးနွယ်သန့်ရှင်း၊ အဆင်းလည်း လှ၊ မိဘ တိုင်းသူ၊ ကြည်ဖြူချစ်ခင်၊ စုံလင် အတတ်၊ ငါးရပ် ပိုင်ငြား၊ မင်း၏ သား၊ စောင့်စား မင်းအဖြစ်တိုင် မျှော်မှန်းနိုင်။ (မင်းသားအတွက်

ယုံကြည်, ကျန်းမာ၊ ရိုးဖြောင့်စွာ နှင့်၊ လွန်စွာ ကြိုးစား၊ ဖြစ်, ပျက်များ မြင်၊ ထိုအရှင်၊ မှန်ပင် ရဟန္တာအဖြစ်တိုင် တောင့်တနိုင်။ (ရဟန်းအတွက်)


ပဉ္စမသုတ် ပြီး၏။